အခန်း ၁၁၁၇
Vol. 112 Ch. 1117
အခန်း (၁၁၁၇) နတ်ဆိုးများ၏အစီအစဉ်
...
နတ်ဘုရားမင်းဆက်၏အပြင်ဘက်တွင် လှဲလျောင်းနေသောဗုဒ္ဓရုပ်ပွားတော်နှင့် ဆင်တူသည့်မြင့်မားသော တောင်တန်းကြီးများ ရှိနေ၏။
ဗုဒ္ဓတောင်၏အဝေးသို့ ဆန့်တန်းနေသော လက်မောင်းများပေါ်တွင်၊ ညှို့ယူဖမ်းစားနိုင်သော အနီရောင်တိမ်တိုက်တစ်ခုက ကောင်းကင်ကန့်လန့်ကာကြားတွင် စုဝေးကာ အစိုင်အခဲနီးပါး ဖြစ်တည်နေသည်။
ဤမျှကြောက်မက်ဖွယ်ကောင်းပြီး တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော နတ်ဆိုးတိမ်တိုက်များထွက်ပေါ်လာခြင်းက ပုံမှန်အားဖြင့် တောင်ပေါ်တွင် ထောင်ပေါင်းများစွာသော မဟာနတ်ဆိုးများ နေထိုင်နေကြောင်း ညွှန်ပြနေခြင်းပင်။
သို့သော် တစ်ချက်ကြည့်လိုက်ရုံဖြင့် ပုံရိပ်ငါးဆယ်ထက်မပိုကြောင်း တွေ့ရ၏။
၎င်းတို့အနက်ဦးဆောင်နေသော ခြောက်ဦးက ဤနတ်ဆိုးတိမ်တိုက်၏ကြီးမားသော အစိတ်အပိုင်းအများစုကို နေရာယူထားကြသည်။
ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော ထိုတောင့်တင်းခိုင်မာသည့် ကျားနတ်ဆိုးက သူ၏ထူထဲသော ညာဘက်လက်ဖဝါးကို ဆန့်ထုတ်ကာလေထဲမှ တစ်ဆုပ်စာခန့်ကိုညင်သာစွာ ခပ်ယူလိုက်ပြီးနှာခေါင်းနားသို့တေ့ကာ နမ်းရှူလိုက်၏။ ထို့နောက်ကျေနပ်အားရစွာ သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်သည်။
"ဒီသေမျိုးလောကရဲ့အနံ့က ငါ နှစ်ပေါင်းများစွာ တောင့်တခဲ့ရတဲ့ အရာပဲ"
ကုန်းမြေနှင့် ရေပြင်ကြားတွင် သီးသန့်ခွဲထွက်နေထိုင်ရသည်မှာ သက်တောင့်သက်သာ ရှိသော်လည်း၊ တစ်စုံတစ်ခုသောအရသာ လိုအပ်နေသည်ဟု အမြဲတမ်း ခံစားနေရသည်။
သေးငယ်သော သတ္တဝါလေးဘဝမှ ယခုအခါ လေနှင့် မိုးကို အမိန့်ပေးနိုင်သည့် ပုံစံအထိ ကြီးထွားလာရန် တစ်သက်တာလုံး ပင်ပန်းကြီးစွာ ကျင့်ကြံခဲ့ရသော်လည်း၊ ဤစွမ်းအားများကို အသုံးပြုရန် နေရာမရှိခဲ့ချေ။
တစ်ချိန်က ကြီးမားလှသော ကြောက်မက်ဖွယ် ဂုဏ်သတင်းကလည်း နှစ်ကာလများကြာမြင့်လာသည်နှင့်အမျှ သေမျိုးလောကမှတဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားခဲ့ရ၏။
ယခုတော့ နောက်ဆုံးတွင်ပြန်လည်ရောက်ရှိရန် အခွင့်အရေးရလာပြီဖြစ်ရာ အားလုံးက ဤကျင့်ကြံသူများ၏ကျေးဇူးကြောင့်ပင်။
လူသားမသေမျိုးများ၏ပူးပေါင်းအုပ်ချုပ်မှုနှင့် ညီညွတ်သောကြိုးပမ်းအားထုတ်မှုများအောက်တွင်၊ လောကကြီး၌နတ်ဆိုးများ နေထိုင်ရန် နေရာ ဘယ်မှာ ရှာတွေ့နိုင်ပါမည်နည်း။
အတွင်းအချင်းချင်းတိုက်ခိုက်နေကြတာ ကောင်းတယ်။ တကယ် ကောင်းတယ်။
စတုတ္ထအဆင့် နတ်ဆိုးခြောက်ကောင်က အုပ်စုနှစ်စုခွဲ၍ရပ်နေကြပြီး တူညီသော မဟာနတ်ဆိုး၏အမိန့်အောက်တွင် ရှိမနေကြောင်း ရှင်းလင်းလှသည်။ သူတို့ တစ်ဦးစီသည် သက်ဆိုင်ရာ ဘုရင်များ၏ ရှေ့ပြေးစစ်သူကြီး ကိုယ်စားလှယ်များဖြစ်ကြ၏။
"ဟိုဘုန်းကြီး ဘယ်တော့လာမှာတုန်း။ ငါတို့ ဘယ်လောက်ကြာကြာ စောင့်ရဦးမှာတုန်း" ကျားနတ်ဆိုးက စိတ်မရှည်ဖြစ်လာပြီးလှဲလျောင်းတော်မူဗုဒ္ဓတောင်၏ထိပ်ဖျားဆီသို့ လှမ်းကြည့်လိုက်သည်။
သူတို့၏ဘုရင်က လောကီရေးရာများနှင့် ကင်းကွာနေခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်ရာ နတ်ဘုရားမင်းဆက်အကြောင်းကို အလွန်နည်းပါးစွာသာ သိရှိထား၏။ စစ်သားများစွာ၏အသက်များကို စတေးပြီးနောက်မှသာ နောက်ဆုံးတွင် အခြေအနေအချို့ကို နားလည်လာခဲ့ခြင်းပင်။
ယခုအခါအင်အားစု သုံးခု ပူးပေါင်းလိုက်ပြီဖြစ်ရာ နတ်ဘုရားမင်းဆက်တွင် ဟာကွက်တစ်ခုကို ဦးစွာ ဖန်တီးရန် ရည်ရွယ်ထားကြ၏။
နတ်ဆိုးမျိုးနွယ်၏ကိစ္စရပ်များတွင် ဗောဓိဂိုဏ်းမှ လူများ အဘယ်ကြောင့် ပါဝင်ပတ်သက်ရန် လိုအပ်ကြောင်းကိုမူ မသိရချေ။ ဘုရင်၏အမိန့်သာ မရှိခဲ့လျှင် သူတို့က ဤဘုန်းကြီးကို ဦးစွာ အပိုင်းပိုင်းဆုတ်ဖြဲပစ်ပြီး သူတို့၏ရွှေရောင်ခန္ဓာကိုယ်ကို သူတို့၏ဝမ်းဗိုက်ထဲသို့ ယဇ်ပူဇော်သည့်အနေဖြင့် ထည့်သွင်းလိုက်ပြီးပြီဖြစ်၏။
"လူကြီးမင်းတို့ သိပ်မလောကြပါနဲ့" ရိုးရှင်းသော သင်္ကန်းကို ရုံထားသည့် ငယ်ရွယ်သောအသားဖြုဖြူ ဘုန်းကြီးတစ်ပါးက ဗုဒ္ဓတောင်၏ ထိပ်ဖျားတွင် တင်ပျဉ်ခွေ ထိုင်နေသည်။
"တစ်ဖွဲ့က မရောက်လာသေးဘူး။ သူတို့ရောက်လာမှပဲ ငါတို့ဖြည်းဖြည်းချင်း ဆွေးနွေးကြတာပေါ့"
"ချီးကိုဆွေးနွေး"
ကျားနတ်ဆိုးက မြေပုံတစ်ခုကို ဆွဲဖွင့်လိုက်၏။ "ငါ့ကိုမေးရင်တော့တစ်နေရာကိုရွေးပြီး သူတို့ မထင်မှတ်ထားတဲ့ အချိန်မှာဝင်တိုက်လိုက်ရုံပဲ။ ဘာတွေရွေးချယ်စရာ ရှိနေလို့တုန်း"
သူ၏စကားများနှင့်အတူ၊ မိုးကုပ်စက်ဝိုင်းမှ အခြား မဟာနတ်ဆိုး နှစ်ကောင် ပျံသန်းလာကြ၏။ သို့သော် သူတို့ ခေါ်ဆောင်လာသော အင်အားစုများက အခြား အုပ်စုနှစ်ခုထက် သိသိသာသာနည်းပါးနေပြီး ကြီးမားသော ဆုံးရှုံးမှုများကို ခံစားထားရသည့် အသွင်အပြင်ရှိနေသည်။
"အိုး၊ တောင်ပိုင်းဧကရာဇ်ရဲ့လက်အောက်က အစွမ်းထက်တဲ့စစ်သည်တော်တွေ ဘယ်လို အခြေအနေတောင် ရောက်နေကြတာတုန်း"
ကျားနတ်ဆိုးက လှောင်ပြောင်လိုက်သော်လည်း အသစ်ရောက်လာသော နတ်ဆိုးနှစ်ကောင်က ၎င်းကို ဖြတ်ခနဲသာကြည့်လိုက်သဖြင့် ၎င်း၏အကြည့်ကို မလိုလားအပ်စွာဖြင့် ရုပ်သိမ်းသွားစေ၏။ "နောက်ကျနေတာတောင်မှ ငါက မပြောရဘူးလား။ တော်ပြီ၊ တော်ပြီ၊နေရာကို မြန်မြန်ရွေးကြ၊ ငါ့အချိန်ကိုထပ်ပြီးမဆွဲနဲ့တော့"
ထိုသို့ပြောရင်း မြေပုံပေါ်သို့ ပေါ့ပေါ့ပါးပါး လက်ညှိုးထိုးပြလိုက်၏။ "ငါထင်တာတော့ ဒီနေရာကို ဝင်တိုက်လိုက်တာ ကောင်းမယ်၊ အနီးအနားမှာလည်း ရှိတယ်လေ"
အခြား မဟာနတ်ဆိုးများက ကန့်ကွက်ခြင်း မရှိကြချေ။ တောင်ပိုင်းဧကရာဇ်၏အင်အားစုထဲမှ တစ်ကောင် လျော့နည်းနေလျှင်ပင် စတုတ္ထအဆင့် မဟာနတ်ဆိုးရှစ်ကောင် ပူးပေါင်းကာ စီရင်စုတစ်ခုကို တိုက်ခိုက်မည်ဆိုပါက မအောင်မြင်နိုင်စရာ အကြောင်းမရှိပေ။
နောက်ကျမှ ရောက်လာသူ နှစ်ဦးရ မျက်မှောင်ကြုတ်သွားပြီး ကျားနတ်ဆိုး ညွှန်ပြနေသော အနောက်တောင်စီရင်စုကိုကြည့်ကာ ဖြည်းညှင်းစွာ ခေါင်းခါလိုက်ကြ၏။ "နောက်တစ်နေရာရွေးပါ"
"..." ကျားနတ်ဆိုးက ၎င်း၏မျက်လုံးများကို ကျဉ်းလိုက်ကာ လှည့်ကြည့်လိုက်သည်။
ထိုနတ်ဆိုးနှစ်ကောင် ရှေ့သို့တိုးလာပြီး မြေပုံပေါ်တွင် ကျပန်းရေးဆွဲလိုက်ရာကြီးမားသော စီရင်စုကိုးခုလုံးပါဝင်သွား၏။ "ဒါတွေကို ဖယ်ထုတ်ပြီး အပြင်ကနေ ရွေးပါ"
"ဘာလို့တုန်း" ကျားနတ်ဆိုးက မကျေမနပ်ဖြစ်နေကြောင်း ရှင်းလင်းစွာမြင်ရသည်။
"ငါတို့ အခြေအနေကို စုံစမ်းဖို့ လက်အောက်ငယ်သားအများကြီး လွှတ်လိုက်တယ်။ ဒါပေမယ့် ဒီနေ့အထိ တစ်ကောင်မှ ပြန်မလာတော့ဘဲ အရိပ်အယောင်မကျန်ပျောက်ကွယ်သွားတယ်။ အခြေအနေက တော်တော်ရှုပ်ထွေးပုံရတယ်"
ထိုနတ်ဆိုးနှစ်ကောင်က သတိထားနေသည့် အရိပ်အယောင်များကို ပြသခဲ့၏။ သူတို့က နတ်ဘုရားမင်းဆက်၏ကာကွယ်ရေးကို ဖောက်ထွက်ချင်ရုံသာ မဟုတ်ဘဲ သူတို့၏ လက်အောက်ငယ်သားများသည် အရပ်မျက်နှာ အားလုံးမှ တိုက်ခိုက်ရန်ပျံ့နှံ့သွားခဲ့ကြသည်။
အသက်ရှင်ကျန်ရစ်သူ တစ်ဦးမျှ မရှိခြင်းက ဆိုးရွားလှပြီဖြစ်သော်လည်း သတင်းအစအနလေးမျှပင် ပြန်မလာခြင်းကမူ...
၎င်းက မြင့်မားသော ကျင့်ကြံခြင်းရှိသူ အနည်းငယ်မျှပင် မလုပ်ဆောင်နိုင်သည့် အရာပင်။ ဤနေရာတွင် နတ်ဘုရားမင်းဆက်မှ စွမ်းအားရှင်များအများအပြား စုဝေးနေရမည်ဖြစ်ပြီး သူတို့ကို ချုံခိုတိုက်ခိုက်ရန် အထူးပြင်ဆင်ထားခြင်းပင် ဖြစ်နိုင်၏။
ဤစကားကို ကြားလိုက်ရသောအခါ ကျားနတ်ဆိုး၏အမူအရာ ပြောင်းလဲသွားပြီး ၎င်း၏ ယခင်က မဆင်မခြင်ပြုမူနေမှုများ ပျောက်ကွယ်သွားသည်။
၎င်းသည် စိတ်မြန်သော်လည်း အရူးတစ်ယောက် မဟုတ်ပေ။ ဤအခြေအနေက ဘာကိုဆိုလိုကြောင်းကောင်းစွာ သဘောပေါက်ထား၏။
"ဒါဆိုရင် စုန့်ဖုန်းစီရင်စုကိုပဲ ရွေးလိုက်ကြတာပေါ့"
အခြားမဟာနတ်ဆိုးတစ်ကောင်က ဝင်ရောက်ဖျန်ဖြေပေးလိုက်၏။ "ငါတို့က ဒီနေရာနဲ့ ပတ်သက်ပြီး အသိဆုံးပဲ"
တောင်ပိုင်းဧကရာဇ်၏အင်အားစုမှ မဟာနတ်ဆိုးနှစ်ကောင်က ဆက်လက်ကန့်ကွက်ခြင်း မရှိတော့ဘဲ တိတ်ဆိတ်စွာနောက်ဆုတ်သွားကြ၏။
သူတို့၏နောက်ကွယ်ရှိ နတ်ဆိုးစစ်သူကြီးများကလည်း တိတ်ဆိတ်နေကြသည်။ သို့သော် သူတို့အထဲတွင်တစ်ကောင်ကမူ ကျန်သူများနှင့် မတူဘဲ အသက်ဝင်မှု နည်းပါးနေကာသီးသန့်ဖြစ်နေသော ထောင့်တစ်ခုတွင် ပုန်းကွယ်လျက် တိတ်ဆိတ်စွာ ခေါင်းငုံ့ထားသည်။
"ဆုံးဖြတ်ပြီးပြီဆိုတော့ ဒီဘုန်းကြီးလေးက မင်းတို့အားလုံးအောင်ပွဲဆင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်"
လှဲလျောင်းတော်မူဗုဒ္ဓရုပ်ပွားတော်၏ထိပ်ဖျားတွင် လူငယ်ဘုန်းကြီးက ဖြည်းညှင်းစွာမတ်တပ်ရပ်လိုက်ပြီး နတ်ဆိုးအုပ်စုဆီသို့ ယဉ်ကျေးစွာ လက်အုပ်ချီကာ ဦးညွှတ်လိုက်၏။
"ကျစ်" သူ၏ဖော်ရွေသော အမူအရာကို ရင်ဆိုင်ရချိန်တွင် နတ်ဆိုးများက ရွံရှာမုန်းတီးမှုကိုသာ ပြသခဲ့ကြသည်။
ဗောဓိဂိုဏ်းက သူတို့ကိုနယ်ရုပ်များအဖြစ် အသုံးပြုနေကြောင်း မည်သူမဆိုသိမြင်နိုင်ပြီး သဘာဝကျကျပင် သူတို့က ဖော်ရွေသော မျက်နှာကိုပြသကြမည် မဟုတ်သည်မှာ သေချာလှ၏။
သူတို့ ဤနေရာသို့လာရခြင်းမှာ နတ်ဘုရားနယ်မြေတစ်ခွင်တွင် ကြီးကြီးမားမားအမြတ်ရယူရန် ဤရှားပါးသောအခွင့်အရေးကို အသုံးချရန် သက်သက်သာဖြစ်သည်။
အခြေအနေ တည်ငြိမ်သွားသည်နှင့် တစ်ပြိုင်နက်၊ နတ်ဘုရားမင်းဆက်ပဲအနိုင်ရရ သို့မဟုတ် လမ်းစဉ်သုံးသွယ်ကပဲ လွှမ်းမိုးနိုင်သည်ဖြစ်စေ မည်သူကမျှနတ်ဆိုးအုပ်စုများကို ဤနေရာတွင် ဆက်လက် နေထိုင်ခွင့်ပြုမည် မဟုတ်သည်မှာ အသေအချာပင်။
"သွားကြစို့" ကျားနတ်ဆိုးက လက်ကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ရှိနတ်ဆိုးတိမ်တိုက်များသည် စတင်လှုပ်ရှားလာပြီး လျင်မြန်စွာပင် ဘာမျှမရှိခြင်းထဲသို့ လူစုကွဲပျောက်ကွယ်သွားကြ၏။
အင်အားစု သုံးခု၏စွမ်းအားများကို ပေါင်းစည်းလိုက်သောအခါ စတုတ္ထအဆင့် နတ်ဆိုး ရှစ်ကောင် အပြည့်ရှိလာရာ တချို့သော တာ့လော်မသေမျိုးဂိုဏ်းများပင်လျှင် ဤကဲ့သို့သော အင်အားမျိုးကို ထုတ်ဖော်ပြသနိုင်စွမ်းမရှိသည်မှာ အမှန်ပင်။
စမ်းသပ်ခြင်းတွေ ပြီးဆုံးသွားပြီဖြစ်ရာ အစွန်အဖျားသို့ ဆုတ်ခွာသွားခဲ့ရသော ဤနတ်ဆိုးအိုကြီးများအကြောင်းကို နတ်ဘုရားမင်းဆက်အား သတိပေးရန်အချိန်ရောက်လာပြီ ဖြစ်သည်။
"..."
လူငယ်ဘုန်းကြီးက နတ်ဆိုးများ၏ သဘောထားအပေါ် ဒေါသထွက်ခြင်း မရှိဘဲ သူတို့ ထွက်သွားသည်ကို ကြည့်ကာသိမ်မွေ့စွာ ပြုံးလိုက်၏။
သူက ကျောက်စိမ်းပေလွှာ တစ်ခုကို ထုတ်ယူလိုက်ပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ "သူတို့ ထွက်သွားကြပြီ၊ စုန့်ဖုန်းစီရင်စုကိုပေါ့။ စတုတ္ထအဆင့် ရှစ်ကောင်ဆိုတော့ ဆယ်ရက်လောက်နေရင် ရောက်လိမ့်မယ်"
ထိုသို့ပြောပြီးနောက် ဘုန်းကြီးက ကျောက်စိမ်းပေလွှာကို တိုက်ရိုက် ချေမွပစ်လိုက်၏။
တတိယအဆင့်သို့ ရောက်ရှိနေသူ မည်သူမဆို၊ သူတို့သည် နတ်ဘုရား၊ ဗုဒ္ဓ၊ မသေမျိုးအရှင်မြတ် သို့မဟုတ် အနှိုင်းမဲ့မဟာနတ်ဆိုးကြီး တစ်ကောင်ပင် ဖြစ်နေပါစေ ဤကဲ့သို့သော ကပ်ဘေးကြီးနှင့် ရင်ဆိုင်ရချိန်တွင် လွယ်လွယ်ကူကူ ပါဝင်ပတ်သက်ကြမည်မဟုတ်သည်မှာ အမှန်ပင်။