အခန်း ၁၁၂၀
Vol. 112 Ch. 1120
အခန်း (၁၁၂၀) နတ်ဆိုးများကျူးကျော်လာခြင်း
"သတိပေးထားပြီးသားဆိုတော့ စုန့်ဖုန်းစီရင်စုကနေ ဘာလို့လှုပ်ရှားမှုတစ်ခုမှ မရှိရတာလဲ" ထျန်းတုန်းနတ်သမီးက အဆောက်အအုံပေါ်မှ အောက်သို့ ငုံ့ကြည့်ရင်း တွေးတောလိုက်၏။
"ဒါက... ကျွန်တော်လည်း သိပ်မသေချာဘူး၊ သေမျိုးလောကက အစိုးရရုံးတွေရဲ့ အလုပ်လုပ်ပုံတွေကရှုပ်ထွေးပြီး နှေးကွေးတတ်တယ်လေ" ဟုန်ကျင်း ကူကယ်ရာမဲ့စွာပခုံးတွန့်လိုက်သော်လည်း တိတ်ဆိတ်စွာ သက်ပြင်းချလိုက်သည်။
အကယ်၍ အင်ပါယာခုံရုံးကသာ စောစောစီးစီး တုံ့ပြန်ခဲ့မည်ဆိုပါက ကျောက်စိမ်းရေကန်မသေမျိုးဂိုဏ်းအတွက် ၎င်း၏စွမ်းအားကို ပြသရန် အခွင့်အရေး ရှိမည်မဟုတ်ဘဲ၊ ပြင်ဆင်ထားသော စင်မြင့်မှာလည်း အလဟဿဖြစ်သွားမည်ပင်။
ထိုစကားကို ကြားသောအခါ ထျန်းတုန်း နတ်သမီးက အလိုအလျောက် မျက်မှောင်ကြုတ်သွား၏။
နှစ်ပေါင်းများစွာ ကင်းကွာနေခဲ့ပြီးနောက်၊ မသေမျိုးခုံရုံးနှင့် နတ်ဘုရားမင်းဆက် နှစ်ခုစလုံးက မည်သို့လုပ်၍ ဤမျှအရည်အချင်း ကင်းမဲ့သွားရသနည်း။ မဟာနတ်ဆိုးများကို လှုပ်ရှားလာစေရန် အားပေးအားမြှောက်ပြုလုပ်ထားသကဲ့သို့ ဖြစ်နေသည်မှာ အံ့သြစရာမဟုတ်ချေ။
"စိတ်မပူပါနဲ့၊ စီနီယာအစ်မက ဒီမှာစောင့်ကြပ်နေတာဆိုတော့ ယေဘုယျအားဖြင့် ဘာပြဿနာကြီးမှ ရှိလာမှာ မဟုတ်ပါဘူး"
ဟုန်ကျင်းပြုံးကာ သူမကို နှစ်သိမ့်ပေးလိုက်၏။ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ၏မျက်လုံးထောင့်မှ လမ်းပေါ်ရှိ လှုပ်ရှားမှုတစ်ခုကို ဖျတ်ခနဲ မြင်လိုက်ရသည်။ သပ်ရပ်စွာ စီစဉ်ထားသော စစ်တပ်ဖွဲ့စည်းပုံတစ်ခုက ရှည်လျားသောလမ်းမကြီးပေါ်တွင် လျင်မြန်စွာ ချီတက်လာပြီး မြို့သူမြို့သားများမှာ လျင်မြန်စွာ လူစုကွဲသွားကာ သူတို့၏အိမ်များဆီသို့ အလျင်စလို ပြန်သွားကြသည်ကို သူ မြင်တွေ့လိုက်ရသည်။
"အနည်းဆုံးတော့ မသေမျိုးခုံရုံးထက် ပိုကောင်းတာပေါ့" ထျန်းတုန်းနတ်သမီး၏မျက်ခုံးများ တဖြည်းဖြည်း ပြေလျော့သွားပြီး သူမ၏မျက်နှာသည် များစွာပိုမိုရွှင်လန်းလာပုံရကာ ဟုန်ကျင်းနှင့် နောက်ပြောင်ရန်ပင် စိတ်ကူးရသွား၏။
"..."
ဟုန်ကျင်း သူ၏အရက်ခွက်ကို ဖြည်းညှင်းစွာ ချထားလိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။
ဒါက ဘယ်လို အခြေအနေလဲ။ စုန့်ဖုန်းစီရင်စု အစိုးရရုံးက သတင်းစကားကိုတကယ်ပဲ ရရှိခဲ့တာများလား။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီကိစ္စကို ငါတို့ဂိုဏ်း၊ဗောဓိဂိုဏ်းနဲ့ အဲဒီ မဟာနတ်ဆိုး အုပ်စုတွေပဲ သိတာလေ။ဘယ်ဘက်ကမှ နတ်ဘုရားမင်းဆက်ကိုသတင်းပို့ဖို့ အကြောင်းပြချက် မရှိဘူး။
အင်ပါယာခုံရုံးက သူ့ဘာသာသူ ခန့်မှန်းမိသွားတာများလား။
ထားလိုက်ပါတော့၊ ဆရာက အရာအားလုံးကို တွက်ချက်ပြီးသားပါ။ အင်ပါယာခုံရုံးက တတိယအဆင့်စွမ်းအားရှင်တွေ မလှုပ်ရှားသရွေ့ စုန့်ဖုန်းစီရင်စုရဲ့ကာကွယ်ရေးက ဘယ်လောက်ပဲ အားကောင်းနေပါစေ နတ်ဆိုးအုပ်စုကို တားဆီးနိုင်မှာ မဟုတ်ပါဘူး။
ဒီမြို့က သေမျိုးတွေကတော့ ဘယ်လိုဘဲဖြစ်ဖြစ်အရေအတွက်တစ်ခုအထိတော့ သေဆုံးရမှာပဲ။
အဲဒီလိုမှ မဟုတ်ရင် သူတို့က နာကျင်မှုကို ဘယ်လိုလုပ် ခံစားရမှာလဲ။ ပြီးတော့ အင်ပါယာခုံရုံးရဲ့ ယုံကြည်စိတ်ချရမှုမရှိပုံကို သူတို့ ဘယ်လိုလုပ် သဘောပေါက်နိုင်မှာလဲ။ အဲဒီတော့မှသာ မသေမျိုးဂိုဏ်းရဲ့ကြင်နာမှုကို ပြသနိုင်မှာလေ။
ဟုန်ကျင်း သူ၏စိတ်လှုပ်ရှားမှုကို အတင်းအကျပ် ဖိနှိပ်ထားလိုက်၏။
သူတို့နှစ်ဦးက ညနေစောင်းအထိ ဤအတိုင်းပင် ထိုင်နေခဲ့ကြသည်။
နေဝင်ဆည်းဆာ၏ အလင်းရောင်က တဖြည်းဖြည်းမှေးမှိန်သွားပြီး အဆုံးမရှိသော ညဉ့်နက်ပိုင်းအတွင်းသို့ နစ်မြုပ်သွားခဲ့သည်။ ထိုအခိုက်အတန့်တွင် မှိန်ဖျော့နေပြီဖြစ်သော ဆည်းဆာအလင်းက မကြုံစဖူးတောက်ပလွန်းလှသောသွေးနီရောင်ဖြင့် ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့၏။
သူအစကတည်းက သိထားခဲ့သော်လည်း ဟုန်ကျင်းက ဤလွှမ်းမိုးနေသော နတ်ဆိုးစွမ်းအင်ကို မြင်လိုက်ရသောအခါတုန်လှုပ်မသွားဘဲ မနေနိုင်ခဲ့ချေ။
ဤကဲ့သို့သောကြီးကျယ်ခမ်းနားသည့် မြင်ကွင်းမျိုးကို သူမမြင်တွေ့ခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။
ဤကဲ့သို့သော မဟာနတ်ဆိုးအုပ်စုကို ရင်ဆိုင်ရန်အတွက် ချင်းလွမ်သက်ရှိထင်ရှား ရှိနေသေးလျှင်ပင် စတုတ္ထအဆင့်မဟာမသေမျိုးစစ်သူကြီး တစ်ဦးအနေဖြင့် သူတို့ကိုထိန်းချုပ်ရန် အရည်အချင်း ပြည့်မီမည် မဟုတ်ချေ။ အနည်းဆုံးတော့ တတိယအဆင့်အောက် မသေမျိုးအရှင်တစ်ပါး လိုအပ်ပေလိမ့်မည်။
အဝေးတစ်နေရာတွင် ပုန်းအောင်းနေသော ဤနတ်ဆိုးများ၏အခြေခံအုတ်မြစ်များက လျော့နည်းသွားခြင်းမရှိဘဲ ပိုမို ကြီးထွားလာခဲ့သေး၏။
"အစ်မတော်၊ထင်တဲ့အတိုင်းပဲ အရမ်းကို အန္တရာယ်များတယ်။ကျွန်တော် အခု စစ်တပ်တွေကို သွားစုစည်းလိုက်ဦးမယ်" ဟုန်ကျင်း ရုတ်တရက်မတ်တပ်ရပ်လိုက်ပြီး အခြား ဦးတည်ရာဘက်သို့ ပြေးထွက်သွားခဲ့၏။
ဤအခြေအနေများအောက်တွင် သူသာ ဤနေရာ၌ ဆက်နေပါက သူ၏အစ်မတော်နှင့်အတူ တိုက်ပွဲဝင်ရမည်မှာ မလွဲမရှောင်သာဖြစ်လိမ့်မည်။ သို့သော် ထိုစတုတ္ထအဆင့် နတ်ဆိုးမသေမျိုး အုပ်စုကို ရင်ဆိုင်ရာတွင် မသေမျိုးတံဆိပ်တုံး၏ကာကွယ်မှုရှိနေလျှင်ပင် အနည်းငယ်သော ချွတ်ချော်မှုက သူ့ကို သေဆုံးစေနိုင်၏။
ဟုန်ကျင်း၏တာဝန်မှာ လမ်းညွှန်ပေးရန်သာ ဖြစ်ပြီး၊ ဤမျှလောက် အန္တရာယ်ကို စွန့်စားရန် လုံးဝ မလိုအပ်ပေ။ ထို့ပြင် သူ၏အဆင့်အတန်းမှာ မသေမျိုးစစ်သူကြီးတစ်ဦးဖြစ်ရာ အထူးသီးသန့်ဖြစ်နေသဖြင့် ဤနေရာတွင် ဆက်နေပါက ကျောက်စိမ်းရေကန်မသေမျိုးဂိုဏ်း၏ဂုဏ်သတင်းကိုလည်း လွှမ်းမိုးသွားစေနိုင်သည်။
ထို့ကြောင့် သူက အကြောင်းပြချက်တစ်ခုကို ကြိုတင် ပြင်ဆင်ထားခဲ့ခြင်းဖြစ်၏။
"သွားလိုက်၊ပြီးရင် မြန်မြန်ပြန်လာခဲ့" ထျန်းတုန်းနတ်သမီး၏စိတ်က ပျံ့နှံ့နေသော နတ်ဆိုးစွမ်းအင်အပေါ် လုံးဝ အာရုံစိုက်နေပြီဖြစ်ကာ၊သူမ အသက်ပြင်းပြင်းရှူလိုက်ပြီး အမူအရာမှာ အနည်းငယ် တင်းမာနေ၏။
လုံးဝ မလွဲမရှောင်သာသော အခြေအနေမျိုးမှလွဲ၍ ဆရာက လောကကြီးကို ကယ်တင်ရန် တောင်ပေါ်မှ သူမကို အလွယ်တကူ ဆင်းခိုင်းမည် မဟုတ်ကြောင်း သူမသိထားသော်လည်း၊ လောကကြီး၏အခြေအနေက ဤမျှထိအန္တရာယ်များနေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ချေ။
ဤကဲ့သို့သော မဟာနတ်ဆိုးများနှင့် ရင်ဆိုင်ရချိန်တွင် သူမ သူမ၏နည်းလမ်းများအားလုံးကို အသုံးပြုလျှင်ပင် သူတို့အားလုံးကို တားဆီးရန် မဖြစ်နိုင်ပေ။ သူမက မိမိကိုယ်မိမိကာကွယ်နိုင်သော်လည်း နတ်ဆိုးဘေးအန္တရာယ်ကို ဖြေရှင်းရန်မှာမူ အလွန်ဝေးကွာနေသေး၏။
"စုန့်ဖုန်းစီရင်စုသခင်၊ ကျွန်မက ကျောက်စိမ်းရေကန်ရဲ့ထျန်းတုန်းပဲ၊ နတ်ဆိုးတွေကို နှိမ်နင်းဖို့ ကျွန်မကိုကူညီပါ" ထျန်းတုန်းနတ်သမီးက ပြတ်သားစွာကြွေးကြော်ကာတိုက်ပွဲဝင်ရန်ပြင်ဆင်နေပြီဖြစ်သော စစ်တပ်များကိုကြည့်ကာ ချက်ချင်း အော်ဟစ်လိုက်၏။ သူမကရန်သူကိုခုခံရန် လူသားဧကရာဇ်ချီ နှင့် ပူးပေါင်းဆောင်ရွက်လိုခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူမ၏လှပကျော့ရှင်းသော ပုံရိပ်က ဓားကို ဆွဲထုတ်ကာ ကောင်းကင်ယံသို့ ပျံတက်သွားခဲ့သည်။
ပုံမှန်အားဖြင့် ရုတ်တရက်နတ်ဆိုးဘေးအန္တရာယ် ကျရောက်လာသော ဤကဲ့သို့သော အခိုက်အတန့်မျိုးတွင် ထိုက်ယင်အစစ်အမှန်မသေမျိုးတစ်ပါး ရှေ့ထွက်လာခြင်း၊အထူးသဖြင့် လူငယ်မျိုးဆက်များကြားတွင်ထင်ရှားကျော်ကြားသူ တစ်ဦးဖြစ်ခြင်းက အင်ပါယာခုံရုံးအတွက်များစွာ အကျိုးရှိစေလိမ့်မည်။
သို့သော် အနည်းငယ်အနေရခက်စရာကောင်းသည်မှာ၊ အစိုးရရုံးအတွင်းမှ အင်ပါယာချီကို ထိန်းချုပ်ထားသူက ထျန်းတုန်းနတ်သမီး၏ပုံရိပ်ကိုရှင်းလင်းစွာ သတိပြုမိသော်လည်း ပူးပေါင်းဆောင်ရွက်မည့်ပုံ မပေါ်ချေ။
ထူထပ်သော စစ်တပ်ဖွဲ့စည်းပုံက နေရာတွင်ပင် ဆက်လက်ရပ်တည်နေပြီး၊ အားလုံးက ကြောက်ရွံ့ရိုသေမှုများဖြင့်ရှေ့သို့ ကြည့်နေကြသည်။
"ရှင်တို့..." ယင်းကို မြင်လိုက်ရသောအခါ ထျန်းတုန်းနတ်သမီးက သူမ၏ရင်ဘတ်တင်းကြပ်ကာအသက်ရှူကြပ်သွားသလို ခံစားလိုက်ရ၏။
သူမက ကူညီရန်ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်းရှင်းလင်းနေသော်လည်း ဤမျှ လျစ်လျူရှုခံရသဖြင့် မည်သူမဆိုနာကြည်းမိမည်မှာ အမှန်ပင်။
သို့သော် သူမ စကားပြော၍ မဆုံးမီမှာပင်၊ စီရင်စုမြို့တော်၏အပြင်ဘက်သို့ လှမ်းကြည့်လိုက်သောအခါ သူမ၏မျက်လုံးထဲသို့ ဝင်ရောက်လာသောမြင်ကွင်းက သူမကို တစ်ခဏမျှ အံ့အားသင့်သွားစေခဲ့သည်။
ခမ်းနားထည်ဝါသော စီရင်စုမြို့တော်၏အပြင်ဘက်တွင် အနီရောင် တိမ်တိုက်တစ်ခုက မြေပြင်ကို ဖုံးလွှမ်းနေပြီး နတ်ဆိုးများစုဝေးနေကြ၏။
တောင်တန်းတစ်ခုနှင့် တူပြီး ကျန်း ထောင်ပေါင်းများစွာရှည်လျားသော ကြောက်မက်ဖွယ်ကောင်းလောက်အောင်ကြီးမားသည့် ကျားကြီးတစ်ကောင်က ရှေ့သို့ ခုန်အုပ်လာပါသည်။ ၎င်း၏ကြီးမားလှသောလက်သည်းကြီးက ဧကရာဇ်ချီကို ဆုတ်ဖြဲရန်နှင့် ခမ်းနားသောမြို့ရိုးများကို ချေမှုန်းရန်ကျဆင်းလာပြီးနောက်ကွယ်ရှိ နတ်ဆိုးများအတွက် လမ်းခင်းပေးနေ၏။
ဝုန်း
ကျား၏ဟိန်းဟောက်သံက ရွှေကိုအရည်ပျော်စေနိုင်ပြီးကျောက်ခဲများကို အမှုန့်ဖြစ်သွားစေနိုင်ကာ အသင့်ဖြစ်နေသော စစ်တပ်ဖွဲ့စည်းပုံကို နောက်သို့ ခြေသုံးလှမ်း ဆုတ်သွားစေခဲ့သည်။
သိထားရမည်မှာ သာမန်ဟု ထင်ရသော ဤစစ်သားများကကြိုတင် သတိပေးချက်ကို ရရှိထားရုံသာမက စုန့်ဖုန်းစီရင်စု၏ဧကရာဇ်ချီက ထောက်ပံ့ပေးထားသည့်အပြင်၊ အနီးအနားရှိ စီရင်စုအချို့ထံမှ ဧကရာဇ်ချီအချို့ကိုလည်း ယာယီရယူထားခဲ့ကြခြင်း ဖြစ်၏။
တောင်တန်းကဲ့သို့ခိုင်မာသည့် သံမဏိတပ်သားများဖြစ်ကြသည်။
ဤစစ်တပ်ဖွဲ့စည်းပုံကို တုန်လှုပ်စေရန်မှာ သာမန် ထိုက်ယင်အစစ်အမှန်မသေမျိုး တစ်ပါးပင်လျှင် လုပ်ဆောင်နိုင်စွမ်းမရှိသောအရာဖြစ်သည်။
ဤကဲ့သို့ရက်စက်ကြမ်းကြုတ်ပြီး ကြောက်မက်ဖွယ်ကောင်းသောသတ္တဝါမျိုးကို လောကတွင်ပင် မြင်တွေ့ရခဲလှ၏။
အနည်းဆုံးတော့ နတ်ဘုရားမင်းဆက်၏နယ်နိမိတ်များအတွင်းတွင် ဤမျှအစွမ်းထက်သော မဟာနတ်ဆိုးမျိုးမပေါ်ပေါက်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သို့သော် စစ်တပ်ဖွဲ့စည်းပုံများတုန်လှုပ်သွားရခြင်းနှင့် ထျန်းတုန်းနတ်သမီး လေထဲတွင် အေးခဲသွားရခြင်း၏အကြောင်းရင်းမှာ ကောင်းကင်ကို ဖုံးလွှမ်းထားသော ထိုကျားလက်သည်းကြီးက မြို့ရိုးပေါ်သို့ အောင်မြင်စွာမကျဆင်းနိုင်ခဲ့သောကြောင့်ပင်။
မြို့တံခါးအထက်ရှိ လေဟာနယ်ပေါ်တွင် မြင့်မားသောပုံရိပ်တစ်ခု ရပ်နေခဲ့သည်။
ဆံပင်ကိုရွှေရောင်ရင့်ရင့်ဆံထုံးဖြင့် ထုံးထားပြီး အနက်ရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားကာ၊ ရှည်လျားသောဝတ်ရုံတစ်ခုကဲ့သို့လည်ပတ်နေသောတိမ်မည်းများက သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည်ကို တွေ့မြင်နေရလေ၏။