အခန်း ၅၇၃
Vol. 55 Ch. 573
အခန်း (၅၇၃)။
“ခုန်းရဲ့ ရတနာသစ်ပင်ကို ‘ဆာဟာ’ လို့ ခေါ်ပြီး ‘ထာဝရသစ်သီး’ တစ်လုံးသီးတယ် ဆိုတာ... ဒါက တကယ်ကို ဆန်းကြယ်တာပဲ။ ဒဏ္ဍာရီတွေအရ ခုန်းဟာ ‘ဧကရာဇ် ချန်းရှန်’ ဆီက ဆေးလုံးတွေနဲ့ လျှို့ဝှက်ကျမ်းစာတွေကို ခိုးယူခဲ့ပြီး လောကမှာရှိတဲ့ မှော်ရတနာ အားလုံးကို စုစည်းပြီး ရတနာသစ်ပင်တစ်ပင်အဖြစ် ဖန်တီးခဲ့တယ်၊ ပြီးတော့ သူ့ရဲ့ တာအို သစ်သီးကို အဲဒီအပင်ပေါ်မှာ ချိတ်ဆွဲထားခဲ့တယ်ဆိုတာ အမှန်ပဲ ဖြစ်ရမယ်။ ဒီဆာဟာ ရတနာသစ်ပင်နဲ့ ထာဝရသစ်သီးကို ရရှိဖို့ကပဲ အစစ်မှန် ရတနာရှာဖွေမှုပဲ။”
ယုဝမ်မူ၏ မှတ်ဉာဏ်ထဲမှ ပုံရိပ်များကို သေချာစွာ နားလည်ပြီးနောက် ဟုန်ယွိ၏စိတ်ထဲ၌ နက်နက်ရှိုင်းရှိုင်း စွဲထင်သွားခဲ့သည်။
သစ်ပင်တစ်ပင်၊ သစ်သီးတစ်လုံး၊ သစ်ပင်အောက်မှာ ထိုင်နေတဲ့ မျောက်တစ်ကောင်...
ဤရိုးရှင်းသောအရာ သုံးခုကပင် လူတစ်ယောက်ကို အဆုံးမရှိသော စိတ်ကူးစိတ်သန်းများ ကို ဖြစ်ပေါ်စေသည်။
“ခုန်းမှာ မှော်ရတနာတွေ အများကြီးရှိတယ်လို့ မင်း မပြောခဲ့ဘူးလား၊ သူက ကမ္ဘာကြီး တစ်ခုလုံး လှည့်ပတ်ပြီး ခိုးယူထားတာဆို။ အခုတော့ သူ့ပတ်ဝန်းကျင်မှာ ဘာမှမရှိပါ လား။” ကြင်ယာတော်ယွမ်က ဇဝေဇဝါဖြင့် မေးလိုက်သည်။
“မှော်ရတနာတွေ အများကြီးရှိနေဖို့ မလိုပါဘူး၊ တစ်ခုတည်းရှိရင် လုံလောက်ပါပြီ။ ခုန်းဟာ ငါ့လိုပဲ သူ့ရတနာအားလုံးကို အရည်ကျိုပြီး ဆာဟာရတနာသစ်ပင်အဖြစ် ပြောင်းလဲလိုက် ပုံရတယ်။ ဒီသစ်ပင်ရဲ့ စွမ်းအားဟာ ‘ဗုဒ္ဓသင်္ကန်းတော်’ ဒါမှမဟုတ် ‘ဖန်ဟွမ်အသက်ဝိညာဉ် ဓား’ တွေနဲ့ ယှဉ်နိုင်လိမ့်မယ်၊ သာတောင် သာနိုင်သေးတယ်။
“ဆာဟာသစ်ပင်ပေါ်က ထာဝရသစ်သီးထဲမှာ ခုန်းရဲ့ သိုင်းပညာ အနှစ်သာရနဲ့ ဧကရာဇ် ချန်းရှန်ရဲ့ တာအိုနည်းစနစ်တွေ ပါဝင်နေမယ်ဆိုတာ ငါ သေချာပေါက် ပြောဝံ့တယ်” ဟုန်ယွိက ဆိုသည်။
“ဒါပေါ့... ဒဏ္ဍာရီအရ ဧကရာဇ် ချန်းရှန်ဟာ ခုန်းက သူ့ကျမ်းစာတွေနဲ့ ဆေးလုံးတွေကို ခိုးတာ သိပေမဲ့ သူက ပြုံးပြီးတော့တောင် ခွင့်ပြုပေးခဲ့တာ။ မဟုတ်ရင် ဧကရာဇ်ချန်းရှန်ရဲ့ စွမ်းရည်နဲ့ဆို ခုန်း ဘယ်လောက်ပဲ အစွမ်းထက်ပါစေ ဘာမှခိုးနိုင်မှာ မဟုတ်ဘူး။ ဧကရာဇ် ချန်းရှန်ရဲ့ တာအိုပညာဟာ ဘယ်လောက်တောင် မြင့်မားသလဲဆိုရင် ဧကရာဇ်ဖန် ကိုယ်တိုင်တောင် သူ့ဆီကနေ အသက်ရှည်ခြင်း သဘောတရားကို သွားရောက် သင်ယူခဲ့ရ တာ။” ပိုင်ဇိယွဲ့က ဆိုသည်။ “ဒါဆိုရင် ခုန်းကို ဧကရာဇ်ဖန်ရဲ့ ဂိုဏ်းတူညီငယ်လို့တောင် သတ်မှတ်နိုင်တာပေါ့။ ငါတို့ မူလနဝမချောက်နက် နတ်ဘုရားနယ်မြေရဲ့ နဝမအလွှာကို အမြန်ဆုံး သွားဖို့လိုပြီ။ တကယ်လို့ ‘ဖန်ဆင်းခြင်းသင်္ဘော’ သာ ဆာဟာရတနာသစ်ပင်နဲ့ ထာဝရသစ်သီးကို ရသွားရင် အကျိုးဆက်က မှန်းဆလို့တောင် ရမှာမဟုတ်ဘူး။ ထာဝရ သစ်သီးတစ်လုံးဟာ မိစ္ဆာဂိုဏ်းတွေရဲ့ တာအိုသစ်သီး ဆယ်လုံးထက်တောင် ပိုအရေးကြီး တယ်။”
“မှန်တယ်၊ ကျင့်ကြံခြင်းမှာ အရေးကြီးဆုံးက အသက်ရှည်ဖို့ပဲ။ ဧကရာဇ် ချန်းရှန်ရဲ့ လျှို့ဝှက်နည်းစနစ်နဲ့ ကျင့်ကြံထားတဲ့ ထာဝရသစ်သီးဟာ တာအိုအားလုံးရဲ့ မြစ်ဖျားခံရာပဲ ဖြစ်လိမ့်မယ်။ အဲဒါ ဘယ်လောက်တောင် ဆန်းကြယ်မလဲဆိုတာ ငါသိချင်မိတယ်၊ ‘မူလ ကံကြမ္မာတာအိုသစ်သီး’ ထက်တောင် ပိုပြီး နက်နဲဦးမှာ။” ဟုန်ယွိက ဆိုသည်။
“နတ်ဘုရားနယ်မြေရဲ့ နောက်ဆုံး သုံးလွှာက ဘယ်လိုရှိမလဲမသိဘူး။ ငါ သိချင်မိတယ်။ ‘အစစ်မှန် ခုနှစ်စင်ကြယ်ဂိုဏ်း’ ရဲ့ မှတ်တမ်းတွေထဲမှာလည်း အဲဒီအကြောင်း မပါတော့ ဘူး။” ပိုင်ဇိယွဲ့က ဆိုသည်။
“ငါလည်း မသိဘူး။ ပြီးတော့ ဒီ ‘မျှော်လင့်ချက်မဲ့လွင်ပြင်’ က အလွန်ကျယ်တာပဲ။ အလယ် ဗဟိုက ချောက်နက်ကြီးကို ရှာဖို့ နည်းနည်းခက်လိမ့်မယ်။” ဟုန်ယွိက ဆိုရင်း သူတော်စင် ပေါင်းစုံခန်းမအတွင်းမှ နေ၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ နေရာအနှံ့၌ အဝါရောင် မြေသားများသာ ရှိနေပြီး ဘာလှုပ်ရှားမှုမျှ မရှိပေ။ မြေပြင်ပေါ်၌မူ ခုနက ‘ထာဝရ အာဃာတ မဟာအစီအရင်စုကြီး’ ကြောင့် ပျက်စီးသွားသော မြေတောင်များမှာ ရှုပ်ပွနေဆဲ ဖြစ်သည်။
“အရင်ဆုံး လှည့်ပတ် ရှာကြည့်ရအောင်။ ရှေးဟောင်းခေတ် အမှန်တရားလမ်းစဉ်နဲ့ မိစ္ဆာ လမ်းစဉ် တိုက်ပွဲတုန်းက ကျန်ရစ်ခဲ့တဲ့ အမှန်တရားလမ်းစဉ်က ပညာရှင်တွေရဲ့ ရုပ်ကြွင်း တွေ ဒါမှမဟုတ် အသက်ရှင် ကျန်ရစ်သူတွေ ရှိနေနိုင်တယ်။ မိစ္ဆာလမ်းစဉ်က လူတွေ တောင် အသက်ရှင်နိုင်ရင် အမှန်တရားလမ်းစဉ်က လူတွေလည်း အသက်ရှင်နိုင်မှာပဲ။”
ဟုန်ယွိသည် စကားပြောဆိုရင်း ‘သူတော်စင်ပေါင်းစုံခန်းမ’ ကို ‘မျှော်လင့်ချက်မဲ့ လွင်ပြင်’ တစ်လျှောက် မောင်းနှင်လိုက်သည်။ ခန်းမကြီးသည် တစ်ချက်ဝေ့ဝိုက် ပျံသန်းလိုက်ရုံဖြင့် မိုင်ထောင်ချီသော အကွာအဝေးအတွင်းရှိ မြေကြီးအောက်ရှိ အငွေ့အသက်များပါ မကျန် စေ့စေ့စပ်စပ် ရှာဖွေနိုင်စွမ်း ရှိပေသည်။ ရှာဖွေတွေ့ရှိသမျှ အရာအားလုံးကိုလည်း ခန်းမ အတွင်းသို့ ပို့လွှတ်ပေးနေသည်။ ဤသည်မှာ အတိတ်က ‘ဖန်ဆင်းခြင်းသင်္ဘော’ ရှာဖွေခဲ့ သော ပုံစံမျိုးနှင့် အလားသဏ္ဌာန်တူလှ၏။
ယခင်က ‘ရှေးဟောင်းနဂါးသင်္ချိုင်း’ ၌ ‘ဖန်ဆင်းခြင်းသင်္ဘော’ သည် ၎င်း၏ ကြီးမားလှသော မူလစွမ်းအင်များနှင့် နတ်ဘုရားစိတ်အာရုံများကို အသုံးပြု၍ ရှာဖွေခဲ့ဖူးသည်။ ယခုအချိန် တွင်မူ ဟုန်ယွိ၏ ‘သူတော်စင်ပေါင်းစုံခန်းမ’ သည် ထိုသင်္ဘောထက် အစွမ်းမနိမ့်သဖြင့် ဤကဲ့သို့ ရှာဖွေမှုမျိုးသည် သူ့အတွက် အလွန်ပင် လွယ်ကူသော ကိစ္စရပ်တစ်ခု ဖြစ်သည်။
‘မျှော်လင့်ချက်မဲ့လွင်ပြင်’သည် အလွန်ပင် ကျယ်ပြောလှပြီး တော်ဝင်ချန်အင်ပါယာ၏ နယ်မြေအကျယ်အဝန်းနှင့်ပင် နှိုင်းယှဉ်နိုင်သည်။ ဤလွင်ပြင်၌ ပြည်နယ်ပေါင်း ၉၉ ခုနှင့် ခရိုင်ပေါင်း ရာနှင့်ချီ ရှိနေသော်လည်း ပညာရှင်များနှင့် ရတနာများ ပေါများလှသော တော်ဝင်ချန်အင်ပါယာလောက်တော့ စည်ပင်ကြွယ်ဝမှု မရှိပေ။
‘သူတော်စင်ပေါင်းစုံခန်းမ’ ၏ အစွမ်းဖြင့်ပင် ဤကျယ်ပြောလှသော ‘မျှော်လင့်ချက်မဲ့ လွင်ပြင်’ တစ်ခုလုံးကို အချိန်တိုအတွင်း အကုန်အစင် ရှာဖွေရန်မှာ မဖြစ်နိုင်ပေ။ အကြောင်းမှာ ‘မျှော်လင့်ချက်မဲ့လွင်ပြင်’ရှိ သက်ရှိအားလုံးသည် မြေအောက်၌သာ ပုန်းကွယ် နေထိုင်ကြသောကြောင့် ဖြစ်သည်။ မြေပြင်ပေါ်တွင်မူ မည်သည့်သက်ရှိမျှ အသက်ရှင် ရပ်တည်ရန် မဖြစ်နိုင်ပေ။ ကျင့်ကြံသူတို့၏ ဂူများသည်လည်း မြေအောက် အနက်ပိုင်း၌သာ ဖုံးကွယ်ထားသဖြင့် ရှာဖွေရန် အလွန်ခက်ခဲလှသည်။
“ဟင်.. ရှေ့မှာ လူတွေ ရှိနေတာလား။”
တစ်နာရီခန့် ရှာဖွေပြီးနောက် မြေမျက်နှာသွင်ပြင်သည် ပို၍ ရှုပ်ထွေးလာသည်။ နေရာအနှံ့ တွင် မြေသားတောင်ကုန်း မြင့်မြင့်ကြီးများ ရှိနေပြီး တချို့နေရာများ၌ ကျောက်သား စစ်စစ်ဖြင့် တည်ဆောက်ထားသော တောင်တန်းကြီးများပင် ရှိနေသည်။ ထိုတောင်တန်း များသည် ‘ထိုက်ရှီ’တောင်တန်းနီးပါး ကြီးမားကာ မိုင်ပေါင်းထောင်ချီတိုင် အဆုံးမရှိ သွယ်တန်းနေကြ၏။
‘မျှော်လင့်ချက်မဲ့လွင်ပြင်’ ၏ အလယ်ဗဟိုနှင့် တဖြည်းဖြည်း နီးကပ်လာသောအခါ လူတိုင်း၏ မျက်စိထဲ၌ စိမ်းလန်းစိုပြည်သော ရူမြင်ကွင်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာ သည်။ ဟုတ်ပါသည်၊ ၎င်းမှာ အစိမ်းရောင် စစ်စစ်ပင် ဖြစ်၏။
ဆက်တိုက် သွယ်တန်းနေသော တောင်တန်းကြီးများ၏ အသွင်အပြင်သည်လည်း ပြောင်းလဲသွားသည်။ နေရာအနှံ့တွင် စိမ်းလန်းသော သစ်ပင်များ၊ မြက်ခင်းများ၊ ပန်းများ ရှိနေသလို ရေကန်များ၊ စမ်းချောင်းများ၊ ငှက်အုပ်များနှင့် များပြားလှသော သက်ရှိ သတ္တဝါ များကိုပါ ဝေဝေဆာဆာ တွေ့မြင်လိုက်ရသည်။ ပြင်းထန်လှသော အသက်စွမ်းအင် အရှိန်အဝါများသည် သူတို့ဆီသို့ လှိုင်းလုံးကြီးများသဖွယ် စီးဝင်လာတော့သည်။
“မျှော်လင့်ချက်မဲ့ လွင်ပြင်ထဲမှာ ဒီလောက်တောင် သာယာတဲ့ ကောင်းကင်ဘုံလို နေရာ မျိုး ရှိနေတာလား။” ကြင်ယာတော်ယွမ်၊ ပိုင်ဇိယွဲ့နှင့် ဟုန်ယွိတို့ သုံးယောက်စလုံး အံ့ဩလွန်းသဖြင့် တစ်ယောက်ကိုတစ်ယောက် မယုံနိုင်သလို ကြည့်လိုက်ကြသည်။
တကယ်တော့ သူတို့သုံးယောက်လုံးသည် ‘မူလနဝမချောက်နက် နတ်ဘုရားနယ်မြေ’ သို့ တစ်ခါမျှ မရောက်ဖူးကြသဖြင့် ‘မျှော်လင့်ချက်မဲ့ လွင်ပြင်’၏ တကယ့်အသွင်အပြင်ကို အတတ် မပြောနိုင်ကြပေ။ သို့သော် ဤမြင်ကွင်းမျိုးက သူတို့၏စိတ်ကို အေးချမ်းသွားစေ သည်။ အနောက်ဘက်ဒေသမှနေ၍ အလယ်ပိုင်းဒေသသို့ ရုတ်တရက် ရောက်ရှိသွားသကဲ့ သို့ ခံစားလိုက်ရ၏။
“မင်းတို့ရဲ့ အငွေ့အသက်တွေကို ဖုံးထားကြဦး၊ လူတွေ လာနေပြီ။ အဲဒီ အငွေ့အသက်တွေ မှာ မိစ္ဆာအငွေ့အသက် မပါဘူး၊ အမှန်တရားလမ်းစဉ်က လူတွေနဲ့တူတယ်။ နတ်ဘုရား နယ်မြေမှာ ကျန်ရစ်ခဲ့တဲ့ အမှန်တရားလမ်းစဉ်က လူတွေ ဖြစ်နိုင်တယ်။ အမှန်တရား လမ်းစဉ်က လူတွေနဲ့ ဆက်ဆံရတာက မိစ္ဆာတွေနဲ့ ဆက်ဆံရသလို မဟုတ်ဘူး၊ ဘေးကင်းဖို့ အတွက် သတိထားတာ အကောင်းဆုံးပဲ။ ‘သူတော်စင်ပေါင်းစုံ ခန်းမ’ ကြီးနဲ့ ဒီအတိုင်း သွားလိုက်ရင် ငါတို့က မောက်မာရိုင်းစိုင်းသလို ဖြစ်သွားလိမ့်မယ်။ သူတို့က ဒါကို မနှစ်သက်ရင် မလိုအပ်ဘဲ ပြဿနာတွေ ဖြစ်လာနိုင်တယ်” ဟုန်ယွိက သတိပေးလိုက် သည်။
သူသည် ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်သည်နှင့် ‘သူတော်စင်ပေါင်းစုံခန်းမ’ ကြီး သည် မြူမှုန်လေးတစ်ခုအလား သေးငယ်သွားကာ သူ၏နဖူးအတွင်းသို့ ဝင်သွားတော့ သည်။ တစ်ချိန်တည်းမှာပင် ကြင်ယာတော်ယွမ်နှင့် ပိုင်ဇိယွဲ့တို့သည် ဟုန်ယွိ၏ ဘေးနား၌ ပေါ်လာကြသည်။
“ညီအစ်ကိုဟုန်က တကယ်ကို အစစအရာရာ သတိရှိတာပဲ။” ပိုင်ဇိယွဲ့က ချီးကျူးလိုက် သည်။ ‘သူတော်စင်ပေါင်းစုံခန်းမ’ သည် အလွန်ထင်ရှားကာ အစွမ်းထက်လွန်းသဖြင့် သူတစ်ပါး နယ်မြေအတွင်းသို့ ဤအတိုင်း ဝင်ရောက်သွားပါက မည်သူမဆို အရင်ဆုံး သတိထားမိမည် ဖြစ်ပြီး၊ ထိုမှတစ်ဆင့် တိုက်ခိုက်မှုများ သို့မဟုတ် ကြီးမားသော ပဋိပက္ခများအထိ ဖြစ်လာနိုင်ပေသည်။
မိစ္ဆာများကို သတ်ဖြတ်ရာတွင် အနည်းငယ် မောက်မာပြ၍ ရနိုင်သော်လည်း အခြားအခြေ အနေများ၌မူ နှိမ့်ချခြင်းကသာ အကောင်းဆုံး ဖြစ်ပေသည်။
...
ဝှူး... ဝှူး... ဝှူး... ဝှူး...
ဟုန်ယွိက အငွေ့အသက်များကို ရုပ်သိမ်းလိုက်ပြီး လေထဲတွင် ရပ်နေစဉ် မျှော်လင့်ထား သည့်အတိုင်း အဝေးမှ တောင်တန်းများနှင့် မြစ်များဆီမှ ဓားစွမ်းအင်များသည် အလွန်မြန် သော အရှိန်ဖြင့် ပျံတက်လာကြ၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုအလင်းတန်းများ သည် သူတို့သုံးယောက်ရှေ့တွင် ရပ်တန့်သွားပြီး လူငယ်လေးဦးအဖြစ် ပေါ်ထွက်လာသည်။
ထိုလူငယ်လေးဦးမှာ စိတ်ဝိညာဉ် ကိုယ်ထည်များ မဟုတ်ဘဲ အသွေးအသား ခန္ဓာကိုယ် စစ်စစ်များ ဖြစ်ကြသည်။ သူတို့၏ ခန္ဓာကိုယ်ပတ်လည်၌ ရတနာဓားတစ်လက်စီ ဝဲပျံနေ ၏။ အဆိုပါရတနာဓားများဆီမှ သိမ်မွေ့သော ဓားစွမ်းအင်များ အဆက်မပြတ် ထွက်ပေါ် နေကာ သူတို့၏ ခန္ဓာကိုယ်များကို ဖောက်ထွင်း၍မရသော ဖန်သားအိမ်ကြီးများကဲ့သို့ ဝန်းရံအကာအကွယ် ပေးထားသည်။
“ဒါက ရှေးဟောင်းဓားကျင့်စဉ်ဖြစ်တဲ့ ‘ဓားဖြင့် ပျံသန်းခြင်းပညာရပ်’ ပဲ။” ပိုင်ဇိယွဲ့က စိတ်ချင်း ဆက်သွယ်၍ ပြောလိုက်သည်။ “ဒီပညာရပ်ဟာ အမှန်တရားလမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ် တိုက်ပွဲကြီးအတွင်းမှာ ပျောက်ဆုံးသွားခဲ့တာ ကြာပြီ။ အဲဒီတိုက်ပွဲကြီး မတိုင်ခင်တုန်းက တစ္ဆေအင်မော်တယ်တွေဟာ ဒီ ‘ဓားဖြင့် ပျံသန်းခြင်းပညာရပ်’ ကို အသုံးပြုပြီး သူတို့ရဲ့ ရုပ်ခန္ဓာကိုယ်ကိုပါ သယ်ဆောင်ပြီး ပျံသန်းနိုင်ခဲ့ကြတာ။”
“မှန်တယ်၊ အခုခေတ် သုံးနေကြတဲ့ ‘သွေးပုံစံသံမဏိ’ သန့်စင်ခြင်းနည်းလမ်း ဆိုတာက တကယ်တော့ ဒီရှေးဟောင်းဓားကျင့်စဉ်ရဲ့ အခြေခံအဆင့်လောက်ပဲ ရှိတာ။ အမှန်တရား လမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ် တိုက်ပွဲကြီးအပြီးမှာ တာအိုနည်းစနစ်တွေ ဘယ်လောက်တောင် ပျက်စီးဆုံးရှုံးသွားခဲ့လဲ ဘယ်သူမှ မသိနိုင်တော့ဘူး” ဟုန်ယွိလည်း ပြောလိုက်သည်။
“မင်းတို့က ဘယ်သူတွေလဲ၊ ဘယ်ဂိုဏ်းက တပည့်တွေလဲ၊ ဒီ ‘ကမ္ဘရီယန် ချောက်နက်ကြီး’ ဟာ မိုင်ပေါင်း သိန်းချီ ကျယ်ပြောပြီး တာအိုဂိုဏ်းပေါင်း ၉၉ ဂိုဏ်း ရှိတယ်။ မင်းတို့က ဘယ်ဂိုဏ်းကလဲ။ ငါတို့ ‘ကောင်းကင်ဓားပျံဂိုဏ်း’ ရဲ့ တံခါးဝနားကို ဘာလာလုပ်တာလဲ။ မိစ္ဆာဂိုဏ်းတွေက လွှတ်လိုက်တဲ့ သူလျှိုတွေလား။” ထိုလူငယ်များက လေထဲတွင် ရပ်တန့် ရင်း အော်ဟစ်မေးမြန်းလိုက်ကြသည်။
“ကမ္ဘရီယန် ချောက်နက်ကြီးလား။” ဟုန်ယွိ၏ စိတ်ထဲတွင် လှုပ်ခတ်သွားသည်။ ဤနေရာ သည် ‘မျှော်လင့်ချက်မဲ့လွင်ပြင်’၏ ဗဟိုချက်ဖြစ်ပြီး ‘ကမ္ဘရီယန် ချောက်နက်ကြီး’ ဟု ခေါ်ပုံရပေသည်။
‘ကမ္ဘရီယန်ခေတ်ဆိုသည်မှာ ကမ္ဘာဦး (ရှေးဦးခေတ်) မတိုင်မီက ခေတ်တစ်ခေတ် ဖြစ်သည်။ ကမ္ဘရီယန်ခေတ်၏ ရှေ့တွင်မူ ‘ရှေးဟောင်း အမှောင်ကမ္ဘာခေတ်’ ရှိခဲ့၏။ ထိုစဉ် က ကမ္ဘာဦးနတ်ဘုရားများပင် မမွေးဖွားသေးပေ။ စကြဝဠာကြီးတစ်ခုလုံးတွင် မည်သည့် သက်ရှိမျှ မရှိသေးဘဲ ငရဲပြည်ကဲ့သို့ နက်နဲမှောင်မိုက်နေသဖြင့် ၎င်းကို ‘ရှေးဟောင်း အမှောင်ကမ္ဘာခေတ်’ ဟု ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။
‘အမှောင်ဧကရာဇ် တာအိုသခင်’ ၏ အစွမ်းထက် သိုင်းပညာဖြစ်သည့် ‘ကမ္ဘရီယန် အမှောင်ကမ္ဘာ နတ်ဘုရားလက်သည်း’ ဆိုသည်မှာလည်း ဤခေတ်ကို အစွဲပြု၍ မှည့်ခေါ် ထားခြင်း ဖြစ်၏။ (ရှေ့မှာတုန်းက "ရှေးဦးခေတ် မဟူရာစကြာဝဠာ နတ်ဘုရား လက်သည်း" ဟု ပြန်ဆိုခဲ့သည်။ တစ်ခုနှစ်တစ်ခု မဆက်စပ်မိသဖြင့် အဆင်ပြေသလို ပြန်ဆိုခဲ့သည်။ ဤနေရာမှစ၍ ‘ကမ္ဘရီယန် အမှောင်ကမ္ဘာ နတ်ဘုရားလက်သည်း’ဟုသာ ပြန်ဆိုပါတော့မည်။)
“ကောင်းကင်ဓားပျံဂိုဏ်းလား။ အဲဒါ ဂန်ချင်ဖုန်းရဲ့ ဂိုဏ်းမဟုတ်လား။ အပြင်လောကက ကောင်းကင်ဓားပျံ ဂိုဏ်းမှာဆိုရင် ဂိုဏ်းချုပ်ကိုယ်တိုင်တောင်မှ မဟာဆရာသခင်အဆင့်ပဲ ရှိတာ။ ဒါပေမဲ့ ဒီမှာကျတော့ လူငယ်လေးတွေတောင် ဒီလောက် အစွမ်းထက်နေပါလား။ သူတို့ဟာ တစ္ဆေအင်မော်တယ် အဆင့်အထိ မရောက်သေးပေမဲ့ သူတို့ခန္ဓာကိုယ်ထဲမှာ ‘သန့်စင်သောယန်’ အတွေးစတွေ ရှိနေကြတယ်။ အဲဒါကို ကြည့်ရင် သူတို့ဟာ ‘မြေခွေးမလေးသုံးဖော်’ တို့ထက်တောင် အစွမ်းမနိမ့်ကြဘူး။” ဟုန်ယွိ တွေးတောလိုက် သည်။ (မင်းသားယုအိမ်တော်မှာ မင်းသားယုရဲ့အကြံပေး ဂန်ချင်ဖုန်းကို မှတ်မိဦးမည် ထင်)။
ဟုန်ယွိ၏ ကျင့်ကြံမှုအဆင့်ဖြင့် ဤလူငယ်လေးဦး၏ အဆင့်ကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။ သူတို့၏ ကိုယ်ခန္ဓာများသည် ‘မဟာဆရာသခင်အဆင့်’ သို့ ရောက်ရှိနေပြီး အရိုးတွင်းခြင်ဆီများမှာလည်း ဆီးနှင်းလို ဖြူစင်နေပြီဖြစ်သည်။ သူတို့၏ တာအိုနည်းစနစ် များသည်လည်း ‘ခန္ဓာကိုယ်သိမ်းပိုက်ခြင်း’ အဆင့်၏ အထွက်အထိပ်သို့ ရောက်ရှိနေကာ တစ္ဆေအင်မော်တယ်အဆင့်သို့ ရောက်ရန် အလွှာပါးပါးလေးသာ လိုတော့သည်။ သို့သော် သူတို့၏ စိတ်ဝိညာဉ်များမှာမူ အလွန်ပင် အစွမ်းထက်နေကြပြီး၊ သူတို့တစ်ယောက်ချင်းစီ ၏ စိတ်ဝိညာဉ်အတွင်း၌ ‘သန့်စင်သောယန်’ အတွေးစများ ထောင်နှင့်ချီ၍ ကိန်းအောင်း နေကြသည်။
ဤသို့ နှိုင်းယှဉ်ကြည့်လိုက်ပါက အပြင်လောကတွင် တာအိုနည်းစနစ်များ မည်မျှအထိ ဆုတ်ယုတ်သွားခဲ့ပြီလဲဆိုသည်မှာ သိသာလှပေသည်။
“ကမ္ဘရီယန် ချောက်နက်ကြီးမှာ မိုင်ပေါင်း သိန်းချီ ကျယ်ပြောပြီး တာအိုဂိုဏ်း ၉၉ ဂိုဏ်း ရှိတယ်တဲ့လား။ အိုး... မိစ္ဆာလမ်းစဉ်က ကျန်ခဲ့တဲ့ အင်အားစုတွေတောင် ဒီလောက် ကြီးမားနေရင် အမှန်တရားလမ်းစဉ်က ကျန်ခဲ့တဲ့ အင်အားစုတွေဆို ပိုတောင် ကြီးမားနေ ဦးမှာပဲ။ အဲဒီတုန်းက အမှန်တရားလမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ်တို့ နတ်ဘုရားနယ်မြေအတွင်း က တိုက်ပွဲကြီးဟာ လမ်စဉ်မတူလို့ တိုက်ခိုက်ကြတဲ့ တိုက်ပွဲကြီးတင် မဟုတ်ဘဲ အတူတူ ရတနာ လာရှာရင်း တိုက်ခိုက်ကြတာလား မသိဘူး။” ဟုန်ယွိက ချက်ချင်းပင် ခန့်မှန်းမိ သွားသည်။
ထို့နောက် သူက လက်နှစ်ဖက်ယှက်ကာ ယဉ်ကျေးစွာဖြင့် “ငါတို့က တာအိုဂိုဏ်း ၉၉ ဂိုဏ်း က တပည့်တွေ မဟုတ်သလို မိစ္ဆာဂိုဏ်းကလူတွေလည်း မဟုတ်ပါဘူး။ ငါတို့က အပြင်လောကက လာတာပါ၊ မင်းတို့ရဲ့ နာမည်တွေကို သိခွင့်ရမလား။” မေးမြန်းလိုက် သည်။
“အပြင်လောကက ဟုတ်လား၊ မင်းတို့ လျှပ်တပြက်ဝင်္ကပါကို ဘယ်လို ကျော်ဖြတ်လာတာ လဲ။ နတ်ဘုရားနယ်မြေရဲ့ ချောက်နက်ကြီး ငါးလွှာစလုံးကိုရော ဘယ်လိုဖြတ်လာခဲ့တာ လဲ။” အမျိုးသမီးတစ်ဦးက အံ့ဩတကြီးဖြင့် မေးလိုက်သည်။ “ဂိုဏ်းကြီးတွေက အကြီးအကဲတွေကလွဲရင် ကျန်တဲ့သူတွေဟာ လျှပ်တပြက်ဝင်္ကပါကို ဒီအတိုင်း ဖြတ်လာဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ ရှင်တို့ မလိမ်နဲ့နော်၊ ရှင်တို့ရဲ့ မှော်စွမ်းအားတွေက အဲဒီအဆင့်အထိ ရောက်နေပုံ မပေါ်ပါဘူး။”
အခြားအမျိုးသမီး တစ်ဦးကမူ “စီနီယာအမ... အဲဒီလိုလည်း မပြောပါနဲ့။ ကြယ်တာရာဂိုဏ်း က ထူးချွန်တဲ့တပည့်ဖြစ်တဲ့ ထန်ဟိုင်လုံဆိုတာလည်း အပြင်လောကက လာတာပဲလေ။ သူက မကြာသေးခင်ကမှ ပါရမီရှင်တချို့ကို ကြယ်တာရာဂိုဏ်းထဲ ခေါ်လာခဲ့လို့ ဂိုဏ်းက အရမ်း တိုးတက်လာတာ။ ကြားတာတော့ တာအိုဂိုဏ်း ၉၉ ဂိုဏ်းက လူတွေ ပေါင်းပြီးတော့ ‘ကောင်းကင်ဖြိုဧကရာဇ်’ ရဲ့ ‘ထာဝရအာဃာတ မိစ္ဆာနန်းတော်’ ကို တိုက်ခိုက်ဖို့ ပြင်နေ ကြတယ်တဲ့။ တကယ်လို့ ထန်ဟိုင်လုံသာ အောင်မြင်သွားရင် ဂိုဏ်းချုပ်တွေက သူ့ကို အကြီးအကဲအဖြစ် ရာထူးတိုးပေးမှာတဲ့။” တိုးတိုးလေး ဝင်ပြောသည်။ ဟုန်ယွိတို့သည် မိစ္ဆာများ မဟုတ်ဘဲ ယဉ်ကျေးပျူငှာသည်ကို မြင်လိုက်ရသည့်အတွက် သူတို့လေးယောက် လုံး သတိထားမှုကို လျှော့ချလိုက်ကြသည်။
...
“ထန်ဟိုင်လုံလား” ထိုစကားကို ကြားလိုက်ရသည့်အခါ ဟုန်ယွိ အတော်လေး တုန်လှုပ် သွားသည်။
အစပိုင်းတွင် ထန်ဟိုင်လုံသည် နတ်ဘုရားနယ်မြေသို့ တိုက်တိုက်ဆိုင်ဆိုင် ဝင်ရောက်သွား မိကာ ရတနာများစွာ ရရှိခဲ့ခြင်းဟုသာ သူ ထင်မြင်ခဲ့သည်။ သို့သော် ယခုမူ အခြေအနေမှာ သူထင်ထားသည်နှင့် လုံးဝ ကွဲပြားနေလေပြီ။ နတ်ဘုရားနယ်မြေအတွင်း အမှန်တရား လမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ် တိုက်ပွဲကြီးအပြီးတွင် အမှန်တရားလမ်းစဉ်မှ ပညာရှင်များသည် ကမ္ဘရီယန် ချောက်နက်ကြီး ပတ်ဝန်းကျင်၌ စနစ်တကျ အခြေချနေထိုင်ကာ ဂိုဏ်းပေါင်း များစွာ တည်ထောင်ထားကြခြင်း ဖြစ်နေသည်။
အခြေအနေများသည် ဟုန်ယွိ မျှော်လင့်ထားသည်ထက် ပို၍ အလှည့်အပြောင်း ဖြစ်လာ သည်။ တာအိုဂိုဏ်း ၉၉ ဂိုဏ်းဆိုသည်မှာ အလွန်ကြီးမားသော အရေအတွက်ဖြစ်ပြီး ဤနေရာရှိ တာအိုပညာရပ်များမှာလည်း အပြင်လောကထက် အဆပေါင်းများစွာ ပိုမို ထွန်းကားနေပုံရပေသည်။
ဟုန်ယွိရော၊ ပိုင်ဇိယွဲ့နှင့် ကြင်ယာတော်ယွမ်တို့ပါ ဤကိစ္စမှာ အလွန်ပင် အရေးကြီးသော အခြေအနေတစ်ခု ဖြစ်လာပြီဟု ခံစားမိလိုက်ကြသည်။
“အခု အရေးကြီးဆုံးက ဒီက အခြေအနေတွေကို စုံစမ်းဖို့ပဲ။ ကံကောင်းလို့ ငါ ဇွတ်မဝင် သွားမိတာ၊ မဟုတ်ရင် ငါ့အတွက် မခက်ခဲပေမဲ့ ပြဿနာတွေ အများကြီး တက်နိုင်တယ်။” ဟုန်ယွိက တွေးတောကာ လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏လက်ထဲ၌ ဆေးလုံး လေးလုံး ပေါ်လာသည်။
“ဒါက လူတစ်ယောက်ရဲ့ အခြေခံအုတ်မြစ်ကို ခိုင်မာစေတဲ့ ဆေးလုံးလေးလုံးပါ၊ တွေ့ဆုံ ခြင်း အမှတ်တရ လက်ဆောင်လေးအဖြစ် လက်ခံပေးပါ။” သူက ဆိုလိုက်သည်။
ဤဆေးလုံးများသည် ‘နေလစကြဝဠာဆေးပေါင်းအိုး’ ထဲတွင် သန့်စင်ထားသော ‘မြေအနှစ်သာရဆေးလုံး’ များ ဖြစ်ကြသည်။ ဆေးလုံးများသည် လေထဲတွင် ပျံသန်းသွား ကာ လူငယ်အမျိုးသား အမျိုးသမီးလေးဦး၏ လက်ထဲသို့ ရောက်ရှိသွားသည်။
“ဒါက ဘာဆေးလုံးလဲ။”
လူငယ်လေးဦးသည် သူတို့လက်ထဲရှိ ဆေးလုံးများကို အံ့ဩတကြီး စိုက်ကြည့်နေကြသည်။ သူတို့သည် ထိုဆေးလုံးများ၏ အမျိုးအမည်ကို အသေအချာ ခွဲခြားနိုင်ရန် ကြိုးစားနေကြ သော်လည်း မည်သို့မျှ မှတ်မိခြင်း မရှိကြပေ။ သို့သော် ဆေးလုံး၏ အစွမ်းထက်လှသော အရည်အသွေးကို မြင်လိုက်ရသည့်အခါတွင်မူ သူတို့အားလုံး မပြုံးဘဲ မနေနိုင်ကြတော့ပေ။
ဟုန်ယွိက “ငါတို့လည်း ဒီနတ်ဘုရားနယ်မြေထဲကို ရတနာရှာဖွေရင်း တိုက်တိုက်ဆိုင်ဆိုင် ရောက်လာကြတာပါ။ ဆဋ္ဌမအလွှာမှာ တာအိုဂိုဏ်းတွေ ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။” ထပ်လောင်း ပြောဆိုလိုက်သည်။
“အခုအချိန်မှာ ရှာစရာ ရတနာတွေ ဘယ်ရှိတော့မလဲ? ဒီက ရတနာတွေကို ဂိုဏ်းကြီးတွေက အရှင်သခင်တွေ အကုန် လုယူသွားကြပြီ။ ရတနာရှာချင်ရင်တော့ ကမ်ဘရီယန် ချောက်နက်ကို ဖြတ်ပြီး ခုနစ်လွှာမြောက်ကို သွားရလိမ့်မယ်” လူငယ်တစ်ဦး က ဆိုကာ သူတို့၏ ကျင့်ကြံရာ ဂူဗိမာန်ရှိရာ တောင်ထိပ်သို့ ဟုန်ယွိတို့ကို ခေါ်သွားသည်။
ထိုလူငယ်များအပြင် အိမ်ထဲ၌ အစေခံအချို့ ရှိနေသည်ကို မြင်လိုက်ရသဖြင့် ဟုန်ယွိ အနည်းငယ် အံ့အားသင့်သွားသည်။ ထိုအစေခံအချို့မှာ သိုင်းပညာ အခြေခံရှိကြသော် လည်း မည်သည့် တာအိုကျင့်စဉ်ကိုမျှ တတ်မြောက်ထားခြင်း မရှိကြပေ။
“ဒီမှာ တာအိုဂိုဏ်းတွေ ရှိတာပေါ့၊ အများကြီးပဲ။ အားလုံးပေါင်း ၉၉ ဂိုဏ်းတောင် ရှိတာ။ ငါတို့ရဲ့ ‘ကောင်းကင်ဓားပျံဂိုဏ်း’ ကတော့ အလယ်အလတ်အဆင့် ဂိုဏ်းတစ်ခုပါပဲ။ အစေခံ သောင်းနဲ့ချီရှိပြီး အမာခံတပည့် ရာနဲ့ချီ ရှိတယ်။ ငါတို့ကတော့ အမာခံတပည့်တွေ ဖြစ်လို့ ဒီကမ္ဘရီယန် ချောက်နက်ကြီးရဲ့ အစွန်းဖျားမှာ လာပြီး ကျင့်ကြံရင်း စောင့်ကြပ်နေရ တာ။ ငါတို့ဂိုဏ်းက ဒီကနေ မိုင်ပေါင်း သုံးထောင်လောက် ဝေးတဲ့နေရာမှာ ရှိတယ်။” လူငယ်တစ်ဦးက ရှင်းပြသည်။
ထိုင်ပြီးနောက်တွင် ဟုန်ယွိသည် ထိုလူငယ်လေးဦးနှင့် စကားစမြည် ပြောဆိုရာမှ မကြာမီမှာပင် ရင်းနှီးသွားခဲ့ကြသည်။
သူတို့သည် ‘မျှော်လင့်ချက်မဲ့လွင်ပြင်’ ၏ ဗဟိုချက်ရှိ ကမ္ဘရီယန် ချောက်နက်ကြီးနှင့် ပတ်သက်သည့် အခြေအနေများကို အသေးစိတ် မေးမြန်းစုံစမ်းကြသည်။
ထိုအခါ ကျင့်ကြံခြင်းလောက၏ ကျယ်ပြောလှသော မြေပုံကြီးနှင့်တကွ အပြင်လောကမှာ ပျောက်ကွယ်သွားခဲ့သော တာအိုဂိုဏ်းကြီးများ၏ အကြောင်းအရာများသည် သူတို့၏ မျက်စိရှေ့တွင် တဖြည်းဖြည်း ပေါ်ထွက်လာခဲ့လေတော့သတည်း။