အခန်း ၅၇၇
Vol. 55 Ch. 577
အခန်း (၅၇၇)။
“လွန်ခဲ့တဲ့ နှစ်တစ်ထောင်က အမှန်တရားလမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ်တို့ အပြန်အလှန် တိုက်ခိုက်ခဲ့ကြစဉ်တုန်းက မဟာကမ္ဘာကြီးရဲ့ ကျင့်ကြံခြင်းလောကဟာ ဘယ်လောက် တောင် ထွန်းကားခဲ့မလဲဆိုတာ ကျွန်တော် မှန်းဆကြည့်လို့ ရနေပြီ။” ဟုန်ယွိသည် နတ်ဘုရားဘိုးဘေးတောင်၏ ဧည့်ခံခန်းမရှေ့သို့ ဆင်းသက်လိုက်စဉ် အင်မော်တယ် အပေါင်းကို မြင်တွေ့လိုက်ရ၏။ အဝေးဆီမှ တစ္ဆေအင်မော်တယ်များနှင့် မိုးကြိုးကပ်ဘေး ကျော်ဖြတ်ထားသည့် တစ္ဆေအင်မော်တယ် အမြောက်အမြားသည် မှော်ရတနာများကို ကိုယ်စီကိုယ်စီ စီးနင်းကာ သူတို့၏ ထူးခြားဆန်းပြားသည့် တန်ခိုးစွမ်းအားများကို ထုတ်ဖော်ပြသလျက် ပျံသန်းလာနေကြသည်။
ထိုအထဲတွင် တာအိုဂိုဏ်းကြီး ၉၉ ဂိုဏ်းမှ တစ္ဆေအင်မော်တယ် ပညာရှင်ပေါင်း ရာနှင့်ချီ၍ ပါဝင်ရာ နေရာအနှံ့မှာပင် သူတို့ကို တွေ့နိုင်လေသည်။
တာအိုဘိုးဘေး သုံးဦး၏ အမိန့်တော်ဖြင့် နတ်ဘုရားဘိုးဘေးတောင်သို့ လာရောက်နိုင်သူ များမှာ တစ္ဆေအင်မော်တယ် အဆင့်ရှိသူများသာ ဖြစ်သည်။ တစ္ဆေအင်မော်တယ် ဆိုသည် မှာ ရှေးယခင်ကတည်းက ဂုဏ်သိက္ခာရှိသော အဆင့်အတန်း တစ်ခုဖြစ်ပြီး ‘အစစ်မှန် ပညာရှင်’ ဟု လူသိများကြသည်။ တောင်တန်းများ ဝန်းရံထားသည့် မူလနဝမချောက်နက် နတ်ဘုရားနယ်မြေတွင်လည်း ထိုနည်းတူပင် ဖြစ်၏။
ဤကဲ့သို့ ခမ်းနားလှသော မြင်ကွင်းမျိုးကို မဟာကမ္ဘာကြီးတွင် မြင်တွေ့နိုင်ရန် မလွယ်ကူ ပေ။
တစ်ချိန်တည်းမှာပင် ဟုန်ယွိသည် ဤလူအုပ်စုကြီးသာ မဟာကမ္ဘာကြီးသို့ ပြန်ရောက်သွား ပါက ဖြစ်ပေါ်လာမည့် ဂယက်ရိုက်ခတ်မှုများကိုလည်း တွေးတောမိသွားသည်။ ၎င်းသည် ကျင့်ကြံခြင်း လောကတစ်ခုလုံး၏ အခြေခံ အသိတရားများကို အမြစ်မှ မြေလှန်ပစ်ကာ အင်အားစု အသီးသီးကို အပြောင်းအလဲကြီး ဖြစ်သွားစေနိုင်ပေသည်။ အလွန်အင်အားကြီး မားသည့် ‘မြင့်မြတ်နယ်မြေ’ အချို့ပင် ပေါ်ပေါက်လာနိုင်၏။
အင်မော်တယ် ဧည့်သည်တော်များ အလွန်များပြားသော်လည်း အရာအားလုံးမှာ စနစ်တ ကျ ရှိနေပြီး ရုန်းရင်းဆတ်ခတ် ဖြစ်မှုမျိုး လုံးဝမရှိပေ။
ဟုန်ယွိ၊ ပိုင်ဇိယွဲ့၊ ကြင်ယာတော်ယွမ်၊ ဓားနတ်သမီးနှင့် အခြားသူများ မြေပြင်သို့ ဆင်းသက်လိုက်သည့်အခါ ကျင့်ကြံမှု နက်နဲသည့် တပည့်အချို့က လာရောက်ကြိုဆိုပြီး ခန်းမအတွင်းရှိ သူတို့နေရာများသို့ လမ်းညွှန်ပေးကြသည်။
ဧည့်ခံခန်းမအတွင်း၌ နေရာထိုင်ခင်းများစွာ ရှိနေ၏။ ကျောက်စိမ်းများဖြင့် ပြုလုပ်ထား သော ထိုင်ခုံပေါင်း သောင်းနှင့်ချီပြီး တန်းစီလျက် ရှိနေကြသည်။ ထိုင်ခုံများ၏ ရှေ့တွင်မူ လေးထောင့်ပုံစံ ကျောက်စားပွဲများ ရှိပြီး ထိုစားပွဲများပေါ်တွင် ပန်းမန်များ၊ သစ်သီးဝိုင်များ၊ ထူးဆန်းသည့် အင်မော်တယ် မက်မွန်သီးများ၊ မီးစွန်ပလွံသီးများ၊ ကျောက်စိမ်း ကြာစွယ်များ၊ သစ်တော်သီးများနှင့် အခြားသော ရှားပါးလှသည့် အင်မော်တယ် ရတနာ များကို ခင်းကျင်းထားသည်။
ဂိုဏ်းတစ်ခုချင်းစီအတွက် စားပွဲတစ်လုံးစီ သတ်မှတ်ပေးထားသည်။
ဂိုဏ်းတစ်ခုချင်းစီ၏ အင်အားကို အလွယ်တကူပင် ခန့်မှန်းကြည့်နိုင်ပေသည်။
အချို့ဂိုဏ်းများတွင် တစ္ဆေအင်မော်တယ် ၂၀ မှ ၃၀ အထိ ပါဝင်ရာ ဂိုဏ်းကြီးများ ဖြစ်ကြ သည်။ အချို့ဂိုဏ်းများတွင် တစ္ဆေအင်မော်တယ် ၄ ဦး ၅ ဦးခန့်သာ ပါဝင်ပြီး သူတို့၏ ဂိုဏ်းချုပ်မှာ မိုးကြိုးကပ်ဘေးအဆင့် ပညာရှင်ဖြစ်ရာ အင်အားအသင့်အတင့်ရှိသည့် ဂိုဏ်း များ ဖြစ်ကြသည်။ ကောင်းကင်ဓားပျံဂိုဏ်းကိုလည်း အလယ်အလတ် ဂိုဏ်းတစ်ခုဟု သတ်မှတ်နိုင်ပေသည်။
အချို့ဂိုဏ်းများတွင်မူ မိုးကြိုးကပ်ဘေး မကျော်ဖြတ်ရသေးသည့် တစ္ဆေအင်မော်တယ် တစ်ဦးတည်းသာ ရှိတတ်ရာ ၎င်းတို့မှာ ဂိုဏ်းငယ်လေးများသာ ဖြစ်ကြ၏။
တာအိုဂိုဏ်းကြီး ၉၉ ဂိုဏ်းအနက် ထက်ဝက်ခန့်မှာ ဂိုဏ်းငယ်လေးများ ဖြစ်ကြပြီး ကောင်းကင်ဓားပျံဂိုဏ်းကဲ့သို့ အလယ်အလတ်ဂိုဏ်းပေါင်း ၃၀ မှ ၄၀ ခန့် ရှိကာ ဂိုဏ်းကြီး များမှာမူ ၇ ဂိုဏ်း သို့မဟုတ် ၈ ဂိုဏ်းခန့်သာ ရှိလေသည်။
“ဒီနေရာကို ‘အင်မော်တယ် တစ်သောင်းခန်းမ’ လို့လည်း ခေါ်တယ်” နေရာထိုင်ခင်း ယူပြီးနောက် ဓားနတ်သမီးက ဟုန်ယွိကို ရှင်းပြလိုက်သည်။ “နတ်ဘုရားဘိုးဘေးတောင် တစ်ခုလုံးဟာ ကမ္ဘရီယန်ချောက်နက်ကြီးထဲက ထွက်လာတဲ့ ‘ကမ္ဘရီယန် ကျောက်တုံး’ တစ်ခုပဲ။ ဒါကို တာအိုဘိုးဘေး သုံးဦးက နတ်ဘုရားဘိုးဘေးတောင်အဖြစ် သန့်စင်လိုက် တာ။ ဒါက ချောက်နက်ထဲက အရာရာကို ဖိနှိပ်ချုပ်ကိုင်ထားနိုင်တယ်။ ချောက်နက်ထဲကို ရတနာရှာဖို့ ဖြတ်ကျော်သွားတဲ့ ဘယ်သူမဆို ဒီတောင်ကြီးရဲ့ အာရုံစိုက်မှုကို မလွဲမသွေ ခံရလိမ့်မယ်။”
“ဒါကြောင့်ကိုး။”
ဟုန်ယွိသည် သူထိုင်နေသည့် ထိုင်ခုံအောက်မှ ကျောက်တုံးကို ထိတွေ့ကြည့်လိုက်ရာ ၎င်းတွင် အလွန်ကြီးမားသည့် မူလစွမ်းအင်နှင့် ကမ္ဘရီယန်စွမ်းအင်များ ကိန်းအောင်းနေ သည်ကို ခံစားလိုက်ရသည်။ ထိုကျောက်တုံးသည် သံမဏိထက်ပင် ပိုမိုမာကျောလှပေ သည်။
“နတ်ဘုရားဘိုးဘေးတောင် တစ်ခုလုံးဟာ ‘ကောင်းကင်မြို့တော်’ တစ်ခုနဲ့ အလား သဏ္ဌာန် တူပေမဲ့ ရွှေ့လို့မရတာ နှမြောစရာပဲ။ တာအိုဘိုးဘေး သုံးဦးဟာ ဒါကို အပြီးတိုင် သန့်စင်နိုင်ခြင်း မရှိသေးဘူး ထင်တယ်။” ဟုန်ယွိက ဆိုလိုက်သည်။
“မှန်တယ်... တာအိုဘိုးဘေး သုံးဦးဟာ မိစ္ဆာဂိုဏ်းကို အမြစ်ဖြတ်ပြီးတဲ့နောက် ချောက်နက် ထဲကို ရတနာရှာဖို့ ဝင်ခဲ့ကြတယ်။ သူတို့က ခုန်းရဲ့ ဆာဟာ ရတနာသစ်ပင်နဲ့ ထာဝရ အသက်တာအိုသီးကို ရှာချင်နေကြတာ။ အဲဒီ ရတနာနှစ်ပါးသာ ရခဲ့ရင် ဒီနတ်ဘုရား ဘိုးဘေးတောင်ကို အစစ်မှန် မှော်ရတနာတစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်လိမ့်မယ်။ အညစ်အကြေးတွေ အားလုံး ကင်းစင်သွားပြီး ကိုယ်ပိုင်လေဟာနယ် တစ်ခုအဖြစ် တည်ရှိ လာမှာပေါ့။ အဲဒီတုန်းက ခုန်းဟာ မူလနဝမချောက်နက် နတ်ဘုရားနယ်မြေထဲက ‘ထာဝရ အသက် ဆန်းကြယ်နယ်မြေ’ ဆီကို ဝင်ရောက်သွားပြီး ကျင့်ကြံသူပေါင်းများစွာရဲ့ အမွေအနှစ်တွေကို လုယက်ကာ ဆာဟာ ရတနာသစ်ပင်အဖြစ် သန့်စင်ခဲ့တာလေ။” ဓားနတ်သမီးက ဆိုသည်။
“ဒါဆိုရင် မူလနဝမချောက်နက် နတ်ဘုရားနယ်မြေက ထာဝရအသက် ဆန်းကြယ်နယ်မြေ မှာ ဆာဟာ ရတနာသစ်ပင်နဲ့ ထာဝရအသက် တာအိုသစ်သီးပဲ ကျန်တော့တာပေါ့။ ဟုတ်သားပဲ... ခုန်းဆိုတာ နတ်ဘုရားအဆင့် သူခိုးကြီးတစ်ယောက်ပဲလေ၊ သူသာ အဲဒီနေရာကို ရောက်သွားခဲ့ရင် ဘာမှမကျန်အောင် သေချာပေါက် လုယက်မှာပဲ။” ဟုန်ယွိ က ဆိုလိုက်သည်။
“ခုန်းရဲ့ ဆာဟာ ရတနာသစ်ပင်ဆိုတာ ဖန်ဆင်းခြင်းသင်္ဘောနဲ့ ‘ထာဝရနိုင်ငံတော်’ ပြီးရင် ဒုတိယလိုက်တဲ့ ရတနာပဲ။ ထာဝရအသက် ဆန်းကြယ်နယ်မြေရဲ့ ၉ လွှာမြောက်မှာရှိတဲ့ ရတနာအားလုံးနဲ့ ကျင့်ကြံသူတွေရဲ့ အတွေးစတွေကို မလုယူခဲ့ရင် ဒီလိုရတနာမျိုးကို ဘယ်လိုလုပ် သန့်စင်နိုင်မလဲ။ နှမြောစရာကောင်းတာက လွန်ခဲ့တဲ့ နှစ်တစ်ထောင်က အမှန်တရားလမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ် တိုက်ပွဲကြီးမတိုင်ခင် ဖန်ဆင်းခြင်းသင်္ဘောနဲ့ ထာဝရ နိုင်ငံတော်တို့ရဲ့ ခမ်းနားထည်ဝါမှုကို ကျွန်မ မတွေ့လိုက်ရတာပဲ။ ဒဏ္ဍာရီတွေအရတော့ ဖန်ဆင်းခြင်းတာအိုဂိုဏ်းနဲ့ တိုင်ရှန်တာအိုဂိုဏ်းတို့ကြားက တိုက်ပွဲကြီးဟာ အမှန်တရား လမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ်ကြားက တိုက်ပွဲတွေထက် ဆယ်ဆ၊ မဟုတ်ဘူး... အဆပေါင်း တစ်ရာမက ပိုပြီး ပြင်းထန်ခဲ့တယ်လို့ ဆိုကြတယ်။ ကျင့်ကြံသူပေါင်း များစွာ သေဆုံးခဲ့ပြီး အလတ်စား ကမ္ဘာငယ်လေးတွေတောင် အများကြီး ပျက်စီးခဲ့ရတယ်။”
ဓားနတ်သမီးက သက်ပြင်းချရင်း ဆိုလိုက်သည်။
“ထာဝရနိုင်ငံတော်နဲ့ ဖန်ဆင်းခြင်းသင်္ဘောတို့ဆိုတာ ဘာမှမဟုတ်ပါဘူး။ ဒီလောကမှာ သူတို့ကို ယှဉ်နိုင်တဲ့ တခြားမှော်ရတနာတွေ ရှိနေဦးမှာပါ။” ကြင်ယာတော်ယွမ်က ဆိုလိုက် သည်။
“မဖြစ်နိုင်တာ” ဓားနတ်သမီးက ရယ်မောလိုက်သည်။ သူမသည် ထိုစကားကို လုံးဝ မယုံကြည်ပေ။
“ဟင်… ထန်ဟိုင်လုံ ထွက်လာပြီ။ တကယ်ကို သူပဲဗျ။ သူက မိန်းမကံ တော်တော် ကောင်းပုံပဲ။ ကြည့်ရတာ သူက ‘ချန်ပီယံမြို့စား’ လိုပဲ၊ သူတို့က ကံကောင်းခြင်းများစွာနဲ့ မွေးဖွားလာတဲ့ လူတွေပဲ။ နောင်တစ်ချိန်မှာ မဟာကမ္ဘာကြီးရဲ့ ခေတ်ရေစီးကြောင်းဟာ အလွန်တရာ ကြီးမားလိမ့်မယ်။ ဒါပေမဲ့ သူက အဲဒီခေတ်ရေစီးကြောင်းကို ဦးဆောင်နိုင် မလားဆိုတာကတော့ သူ့ရဲ့ စစ်မှန်တဲ့ ကျင့်ကြံမှုအပေါ်မှာပဲ မူတည်လိမ့်မယ်။”
ဟုန်ယွိက လက်ကာပြကာ ကြင်ယာတော်ယွမ်၏ စကားကို တားလိုက်သည်။
…
ရုတ်တရက် ခေါင်းလောင်းသံ တစ်ချက် မြည်ဟည်းသွားပြီး နတ်ဘုရားဘိုးဘေးတောင် တစ်ခုလုံး အနည်းငယ် တုန်ခါသွားသည်။ ထို့နောက် အင်မော်တယ် တစ်သောင်းခန်းမ၏ အနက်ရှိုင်းဆုံးရှိ မြစိမ်းရောင်ဥမင်ထဲမှ ‘ငှက်မွေးဝတ်ရုံ’ များ ဝတ်ဆင်ထားပြီး ‘ကြယ်သရဖူ’ များ ဆောင်းထားသည့် အမျိုးသား၊ အမျိုးသမီးတစ်စု ထွက်ပေါ်လာသည်။ သူတို့၏ လက်ထဲတွင် မြင်းမြီးယပ်တောင်များကို ကိုင်ဆောင်ထားကြ၏။
သူတို့၏ နောက်တွင်မူ ဝါရွှေရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူတစ်စု ပေါ်လာပြန်သည်။ သူတို့သည် အရပ်ရှည်ပြီး သန်မာထွားကြိုင်းကာ ရွှေပုဆိန်များနှင့် ထီးများကို ကိုင်ဆောင် ထားကြ၏။ မရေမတွက်နိုင်သော အလံတော်များပေါ်တွင် နဂါး၊ ဖီးနစ်၊ ကိလင်၊ လိပ်နက်၊ နတ်သမင်၊ ဒေါင်း၊ ပီရှူး၊ ထျန်းရှဲ့၊ ထောက်ဝူ၊ ထောက်ထီးနှင့် အခြားသော ရှေးဦးနတ်သားရဲများ၏ ပုံများကို ချုပ်လုပ်ထားလေသည်။
“ဒါတွေက တာအိုဂိုဏ်းရဲ့ နတ်ဘုရားရုပ်သေး ‘ရွှေခေါင်းစည်း သူရဲကောင်းတွေ’ လား။”
ထိုရွှေဝါရောင် ဝတ်ဆင်ထားသူများကို မြင်လိုက်သည့်အခါ ဟုန်ယွိသည် ၎င်းတို့မှာ လူသား များမဟုတ်ဘဲ တာအိုပညာရပ်တစ်ခုဖြင့် သန့်စင်ထားသည့် ရုပ်သေးများဖြစ်ကြောင်း သိလိုက်သည်။ ၎င်းတို့ကို ရှေးခေတ် တာအိုပညာရှင်များက အစေခံများအဖြစ် အသုံးပြုခဲ့ ကြခြင်း ဖြစ်သည်။
ဤတာအိုပညာရပ်မှာ ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည်။ မဟာကမ္ဘာကြီးတွင် ‘ထျန်းကုန်း မိုမိသားစု’ တစ်ခုတွင်သာ ရှိကောင်းရှိနိုင်ပေလိမ့်မည်။
ထိုလူသန်ကြီးများနှင့် အလံကိုင်ဆောင်သူများကြားတွင် ရွှေရောင် ရထားလုံးတစ်စီး ပါလာ ခဲ့သည်။ ၎င်းရထားလုံးကို ‘ခွန်အားကြီး နတ်ဘုရားစိန်မျောက်ဝံ’ ၃၆ ကောင်က ထမ်းပိုးလာ ကြသည်။ မျောက်ဝံတစ်ကောင်ချင်းစီမှာ ၁၂ ပေကျော် မြင့်မားပြီး၊ သူတို့၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အရှိန်အဝါများနှင့် သွေးစွမ်းအင်များ ထွက်ပေါ်နေသည်။ သူတို့ တစ်ကောင် ချင်းစီ၏ အစွမ်းမှာ သိုင်းသူတော်စင်အဆင့်နှင့် ညီမျှပေသည်။
ထိုမျောက်ဝံကြီးများတွင် ဖလားလုံးခန့် ‘မီးလျှံမျက်လုံး’ များကို ပိုင်ဆိုင်ထားကြသည်။ သူတို့၏ မျက်လုံးများမှ ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်များဖြင့် ဝင်းလက်နေ ရာ တစ္ဆေအင်မော်တယ်များကိုပင် တုန်လှုပ်စေနိုင်၏။
အထူးသဖြင့် သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် အလွန်လှပသော ပုံစံများ၊ မှော်သင်္ကေတများဖြင့် ပြုလုပ်ထားသည့် ကြီးမားသော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားကြသည်။ အစစ်မှန် စွမ်းအင်များမှာလည်း သူတို့ကို ဝန်းရံလျက် ရှိနေ၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် သူတို့သည် စိတ်ကြိုက် ပျံသန်းနိုင်၊ အသွင်ပြောင်းနိုင်သည့်အပြင် အလွန်ကောင်းမွန်သော ခုခံနိုင်စွမ်းများကို ပိုင်ဆိုင်ထားကြောင်း သိနိုင်ပေသည်။
တစ္ဆေအင်မော်တယ်များက လမ်းပြပြီး၊ ရုပ်သေးသူရဲကောင်းများက အလံတော်များကို ကိုင်ဆောင်ကာ၊ စိန်မျောက်ဝံကြီးများက ရထားလုံးကို ထမ်းလာကြသည့် မြင်ကွင်းမှာ မဟာကမ္ဘာကြီး၏ နံပါတ်တစ်ပုဂ္ဂိုလ် ‘ချန်ဧကရာဇ် ယန်ဖန်’ ပင်လျှင် ဤမျှအထိ ခမ်းနား အောင် မလုပ်ဆောင်နိုင်ပေ။
သို့သော် ယခုအခါ ထန်ဟိုင်လုံသည် ထိုရထားလုံးပေါ်တွင် အလွန်ကျေနပ်အားရစွာ ထိုင်နေပြီး သူသည်ပင်လျှင် လောက၏ နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်နေသကဲ့သို့ပင်။
“ထန်ဟိုင်လုံ၊ ဖန်းယွမ်နဲ့ လီဖေးယွိ တို့ဟာ ‘ကောင်းကင်မိစ္ဆာ မျောက်ဝံကြီးပါ့’ ရဲ့ ဂူဗိမာန် ကို လုယက်ခဲ့ကြတာပဲ။ ဒီစိန်မျောက်ဝံကြီးတွေကိုလည်း သူတို့ ဖမ်းဆီးခဲ့တာ ဖြစ်ရမယ်” ဟုန်ယွိက ဆိုသည်။ “ဒါပေမဲ့ သူတို့ဝတ်ထားတဲ့ ချပ်ဝတ်တွေကတော့... အထင်ကြီးစရာပဲ။ ဟုတ်တယ်၊ တာအိုဘိုးဘေး သုံးဦးက တကယ်ကို အစွမ်းထက်ကြတာပဲ။ သူတို့ဟာ ကျိုးထိုက်ကျူ၊ ယုဝမ်မူတို့ထက် ဆယ်ဆမက ပိုပြီး အစွမ်းထက်ကြတယ်။ သူတို့အတွက် ဒီလို ချပ်ဝတ်လေးတွေ သန့်စင်ပေးဖို့က မခက်ခဲပါဘူး။ ဒီစိန်မျောက်ဝံကြီးတွေဟာ မွေးရာ ပါ ခွန်အားကြီးမားကြသလို သူတို့ရဲ့ ရွှေမီးလျှံမျက်လုံးတွေကလည်း ငရဲဘုံကိုးထပ်အထိ ဖောက်ထွင်းမြင်နိုင်ကြတယ်။ သူတို့ရဲ့ သိုင်းပညာကလည်း အလွန်နက်နဲတယ်။ တကယ် လို့ သူတို့သာ ပျံသန်းနိုင်တဲ့ ချပ်ဝတ်တွေကို ဝတ်ထားမယ်ဆိုရင် တစ္ဆေအင်မော်တယ်တွေ ကို သတ်နိုင်တဲ့ လူသတ်သမားတွေ ဖြစ်လာမှာပဲ။”
“ဒါဟာ ဘိုးဘေးချန်ရှင်း အမြဲစီးတဲ့ ရွှေရထားလုံးပဲ။ ဒါပေမဲ့ ဒီနေ့တော့ ထန်ဟိုင်လုံက စီးလာတယ်ဆိုတော့ ဒါဟာ တစ်စုံတစ်ခုကို ရည်ရွယ်နေတာပဲ ဖြစ်ရမယ်...” အင်မော်တယ် ဧည့်သည်တော်များသည် ထန်ဟိုင်လုံ ထွက်လာသည်ကို မြင်သောအခါ တိုးတိုးတိတ်တိတ် ဆွေးနွေးလာကြသည်။
သူတို့ ဆွေးနွေးနေစဉ်မှာပင် ခန်းမ၏ အနက်ရှိုင်းဆုံးရှိ လမ်းမှ အခြားသော အခမ်းအနား တစ်ခု ပေါ်ထွက်လာပြန်သည်။ ၎င်းမှာ ပုတီးစေ့ လိုက်ကာများ ချထားသည့် မြစိမ်းရောင် ရထားလုံးတစ်စင်း ဖြစ်၏။ ထိုရထားလုံး ရွေ့လျားလာသည်နှင့်အမျှ ဆည်းလဲသံများသည် သဘာဝတေးသံများကဲ့သို့ သာယာစွာ မြည်ဟည်းနေသည်။
ထိုအသံကို ကြားရရုံဖြင့်ပင် ရထားလုံးအတွင်း၌ ရှိနေသူမှာ တိုင်းပြည်တစ်ခုကို ပျက်စီးစေ နိုင်လောက်သည့် အလှတရားကို ပိုင်ဆိုင်သော နတ်သမီးတစ်ပါး ဖြစ်ကြောင်း သိနိုင်ပေ သည်။
“အင်မော်တယ် အပေါင်းတို့... ဒီနေ့ ကျွန်မနဲ့ ဟိုင်လုံတို့ရဲ့ မင်္ဂလာပွဲကို တက်ရောက်ပေး ကြလို့ ဂုဏ်ယူမိပါတယ်ရှင်...”
မြစိမ်းရောင် ရထားလုံးသည် ခန်းမ၏ရှေ့သို့ ရောက်ရှိလာပြီး ရထားလုံးအတွင်းမှ ကြည်လင်သော အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံမှာ ငှက်ငယ်လေးများ၊ ဖီးနစ် ငှက်များနှင့် ကြိုးကြာငှက်များ၏ အသံကဲ့သို့ပင် လောကရှိ လှပသော ဂီတသံစဉ် အားလုံး ကို စုစည်းထားသကဲ့သို့ ရှိနေတော့သည်။
“ဒီအသံက လျှို့ဝှက်ပညာရပ် တစ်ခုခုလား။ တကယ့်ကို သဘာဝတေးသံပဲ။ ယွမ်ရှန်းရှန်း ရဲ့ ‘ကောင်းကင်ရနံ့ စွမ်းအင်’ နဲ့တောင် နှိုင်းယှဉ်လို့ ရတယ်။ ဒီသဘာဝနတ်သမီး (Fairy Nature) က တကယ်ကို အစွမ်းထက်တာပဲ...”
ထိုအသံသည် ဟုန်ယွိ၏ နားထဲသို့ ဝင်ရောက်လာပြီး သူ၏ စိတ်ဝိညာဉ် အနက်ရှိုင်းဆုံး အထိ ရိုက်ခတ်သွားပြီး၊ လှည့်ပတ်သွားကာ သူ၏ စိတ်ဝိညာဉ်အတွင်းရှိ အညစ်အကြေး အားလုံးကို သန့်စင်ပေးလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
ကျင့်ကြံသူများအတွက်မူ ဤအသံကို နားထောင်ရုံဖြင့် စိတ်အတွင်းရှိ ရှုပ်ထွေးသော အတွေးများကို ဖယ်ရှားပေးနိုင်ကာ ကျင့်ကြံမှုကိုပင် မြှင့်တင်ပေးနိုင်လေသည်။
ပို၍ အံ့ဩစရာကောင်းသည်မှာ ထိုအသံကို ကြားလိုက်ရုံဖြင့် ဟုန်ယွိသည် ဤသဘာဝ နတ်သမီး၏ ကျင့်ကြံမှုမှာ ရည်မှန်းချက်ကြီးသည့် အမျိုးသမီးများ ဖြစ်ကြသော နဂါး သမီးတော်နှင့် ယွမ်ရှန်းရှန်းတို့ထက် မနိမ့်ကျကြောင်း သိလိုက်ရခြင်း ဖြစ်သည်။
“ဒီနတ်သမီးနဲ့ ယွမ်ရှန်းရှန်းတို့ဟာ တစ်ယောက်က နတ်သမီးတေးသံ၊ နောက်တစ်ယောက် က နတ်သမီးရနံ့ပဲ။ ထန်ဟိုင်လုံကတော့ တကယ်ကို ကံကောင်းတာပဲ။” ပိုင်ဇိယွဲ့က ဆိုလိုက်သည်။
…
“သဘာဝနတ်သမီးက ယဉ်ကျေးနေပြန်ပြီ။ ဒီတစ်ခါ တာအိုဘိုးဘေး သုံးဦးရဲ့ အမိန့်တော် က နတ်သမီးနဲ့ ဟိုင်လုံတို့ရဲ့ မင်္ဂလာပွဲအတွက် စုဝေးကြဖို့ ဖြစ်သလို တစ်ဖက်မှာလည်း မိစ္ဆာဂိုဏ်းကို ကိုင်တွယ်မယ့် ကိစ္စတွေကို ဆွေးနွေးဖို့လည်း ပါတာပဲ။ ကျွန်တော်တို့ကတော့ မဖြစ်မနေ လာရမှာပေါ့။ မင်္ဂလာပွဲကလည်း အရေးကြီးတဲ့ ကိစ္စတစ်ခုပဲလေ။ ဒါကြောင့် ကျွန်တော့်ရဲ့ ရိုးလင်းကျောက်တုံးဂိုဏ်းက သိပ်အဖိုးမတန်တဲ့ လက်ဆောင်လေးတစ်ခု ပြင်ဆင်လာခဲ့ပါတယ်။”
နတ်သမီးယောင်လိုင်လိုင် စကားပြောပြီးသည်နှင့် ရိုးလင်းကျောက်တုံးဂိုဏ်း၏ ဂိုဏ်းချုပ် က မတ်တတ်ရပ်လိုက်သည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်လုံးလေးတစ်လုံး ပေါ်လာ၏။ သူက ထိုကျောက်လုံးကို လေထဲသို့ မြှောက်လိုက်ရာ ကြီးမားလှသည့် ကျောက်စိုင်ကြီးတစ်တောင် ဖိနှိပ်လိုက်သကဲ့သို့ ခမ်းနားသော အရှိန်အဝါများ ထွက်ပေါ် လာသည်။ လူတိုင်းမှာ အသက်ရှူကျပ်သွားပြီး ကျောက်တောင်ကြီး တစ်ခုအတွင်း ပိတ်မိနေသကဲ့သို့ ခံစားလိုက်ရလေသည်။
“ဒါ... ရိုးလင်းကျောက်တုံး အင်မော်တယ်ဂိုဏ်းရဲ့ အဖိုးတန်ရတနာ ‘ရိုးလင်းကျောက်တုံး ကောင်းကင်လုံး’ ပဲ။”
ဂိုဏ်းငယ်လေးများမှ ဂိုဏ်းချုပ်အချို့က ချက်ချင်းပင် အော်ဟစ်လိုက်ကြသည်။
“အဖိုးမတန်တဲ့ လက်ဆောင်လေးပါဗျာ၊ ဘာမှမဟုတ်ပါဘူး” တာအိုပညာရှင် ရိုးလင်း ကျောက်တုံးက ဂုဏ်ယူစွာ ပြုံးလျက် ဆိုသည်။ သူက ထိုကျောက်လုံးမှ အလင်းများကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး တပည့်တစ်ဦးကို လာယူခိုင်းလိုက်သည်။
“ဝူမင်... သွားယူလိုက်။ လက်ဆောင်စာရင်းထဲမှာ ထည့်သွင်းပြီး တာအိုပညာရှင် ရိုးလင်း ကျောက်တုံးကိုလည်း လက်ဆောင်တစ်ခု ပြန်ပေးလိုက်ဦး” ရွှေရထားလုံးပေါ်တွင် ထိုင်နေ သည့် ထန်ဟိုင်လုံက အမိန့်ပေးလိုက်သည်။ သူ၏ လေသံမှာ အထက်စီးဆန်နေပြီး အရှိန်အဝါကြီးမားသည့် ပုဂ္ဂိုလ်တစ်ဦးကဲ့သို့ ဖြစ်နေပေသည်။
“ဟုတ်ကဲ့ပါ အကြီးဆုံး စီနီယာအစ်ကို။”
ရွှေရထားလုံး၏ ဘေးတွင် ရပ်နေသည့် တစ္ဆေအင်မော်တယ် တာအိုဘုန်းကြီးတစ်ပါးက မျက်လုံးများ လက်သွားပြီး ရှေ့သို့ တိုးလာသည်။ သူက ကျောက်စိမ်းလင်ဗန်းတစ်ခုဖြင့် ထိုကျောက်လုံးကို ယူဆောင်ကာ အင်မော်တယ် တစ်သောင်းခန်းမ၏ အလယ်ဗဟိုတွင် ထားရှိလိုက်သည်။
ခန်းမ၏ အမြင့်ဆုံးနေရာတွင် ကျယ်ဝန်းလှသော ထိုင်ခုံ ၃ လုံး ယှဉ်လျက် ရှိနေသော်လည်း လောလောဆယ်တွင် လူမရှိပေ။ ထိုထိုင်ခုံ ၃ လုံးမှာ တာအိုဘိုးဘေး သုံးဦးဖြစ်သည့် ‘ချန်ရှင်းကျိ’၊ ‘ယွန်ယင်ကျိ’ နှင့် ‘လျန်ယွန်ကျိ’ တို့၏ နေရာများဖြစ်ကြောင်း ထင်ရှားလှ ပေသည်။
တာအိုဘိုးဘေး သုံးဦး၏ ထိုင်ခုံများအောက်ရှိ စားပွဲကြီးပေါ်တွင် လက်ဆောင်ကို တင်ထား ခွင့်ရခြင်းမှာ အလွန်ကြီးမားသည့် ဂုဏ်ယူစရာတစ်ခု ဖြစ်သည်။ ထိုအခါတွင် ခန်းမအတွင်း ရှိ တာအိုဂိုဏ်းပေါင်း ၉၀ ကျော်မှ လူများမှာ တစ်စုံတစ်ခုကို သိလိုက်ကြလေသည်။
အင်မော်တယ် ရိုးလင်းကျောက်တုံးက လက်ဆောင်ပေးပြီးသည်နှင့် ထိုက်ယီဂိုဏ်း၊ တိမ်ပြာဂိုဏ်းနှင့် နံ့သာဂိုဏ်း အစရှိသည့် အခြားသော ဂိုဏ်းများကလည်း သူတို့၏ ဂိုဏ်းစောင့် ရတနာများကို အသီးသီး ဆက်သကြတော့သည်။
ဟုန်ယွိသည် ထိုမြင်ကွင်းကို ကြည့်ကာ ခေါင်းကို တရစပ် ခါယမ်းနေမိသည်။
“အင်မော်တယ် ကျင့်ကြံခြင်းလောကက အရာရှိလောကလို ဖြစ်နေတာပဲ။ အရာရှိလောက မှာတောင် အရာရှိတွေဟာ လက်ဆောင်တွေကို ဒီလောက်အထိ ပြောင်ပြောင် တင်းတင်း ပေးလေ့မရှိကြဘူး။ “ဒါဟာ ဘယ်လို ကျင့်ကြံခြင်းမျိုးလဲ။ ဒါကိုရော အင်မော်တယ်လို့ ခေါ်နိုင်သေးရဲ့လား။ လွတ်လပ်ပြီး အပူအပင်ကင်းတဲ့ အင်မော်တယ်ဆိုတာ ဘယ်နားမှာ ရှိလို့လဲ။ ဟင်း...”
ဟုန်ယွိသည် ဆက်လက်ကြည့်ရှုရန် စိတ်မပါတော့ပေ။
“ဒီတစ်ခါ ကောင်းကင်ဓားပျံဂိုဏ်းက ဘာလက်ဆောင် ယူလာသလဲဆိုတာ ကျွန်တော် သိချင်မိတယ်။ ကျွန်တော့်ကို ကြည့်ခွင့်ပေးမလား ဓားနတ်သမီး။” ဤသို့ ပြောလိုက်သူမှာ တာအိုပညာရှင် ရိုးလင်းကျောက်တုံးပင် ဖြစ်ပြီး သူ၏ စကားများသည် ဟုန်ယွိရှိရာသို့ တိုက်ရိုက်ဦးတည်နေလေသည်။
ထိုအခါ ခန်းမအတွင်းရှိ အင်မော်တယ် ဧည့်သည်တော်အားလုံး၏ အကြည့်များသည် ဟုန်ယွိရှိရာသို့ ရောက်ရှိလာကြသည်။ ဟုန်ယွိသည် ဤနေရာသို့ မလာခင်ကတည်းက သူ၏ စိတ်စွမ်းအားကို အသုံးပြု၍ ပိုင်ဇိယွဲ့၊ ကြင်ယာတော်ယွမ်တို့နှင့်အတူ ရုပ်ဖျက်ထား ခဲ့ခြင်း ဖြစ်သည်။ ဟုန်ယွိ၏ တာအိုပညာရပ်မှာ သေးငယ်လှသည်မဟုတ်ရာ ‘ဖန်ဆင်းရှင်’ အဆင့်ရှိသူ မဟုတ်ပါက သူ၏ ရုပ်သွင်အစစ်အမှန်ကို မြင်နိုင်ရန် မလွယ်ကူပေ။
ရွှေရထားလုံးပေါ်တွင် ထိုင်နေသည့် ထန်ဟိုင်လုံ၏ မျက်လုံးများမှာ လျှပ်စီးလက်သကဲ့သို့ ဝင်းလက်သွားပြီး ဟုန်ယွိတို့ရှိရာသို့ ဝေ့ဝဲကြည့်လိုက်သော်လည်း ဘာကိုမျှ ရှာမတွေ့ပေ။ သို့သော် သူသည် မျက်မှောင်ကြုတ်လိုက်မိသည်။ ကောင်းကင်ဓားပျံဂိုဏ်းတွင် ဤကဲ့သို့ သော လူမျိုးများ မရှိကြောင်း သူ သိနေသကဲ့သို့ပင်။
“ထန်ဟိုင်လုံရဲ့ တာအိုပညာရပ်က အများကြီး တိုးတက်လာတာပဲ။” ထန်ဟိုင်လုံ၏ အကြည့်ကို မြင်လိုက်သည့်အခါ ဟုန်ယွိက စိတ်ထဲမှ တွေးလိုက်မိသည်။
“ဓားနတ်သမီး... ကျွန်မ မှတ်မိသလောက်ဆိုရင် ကောင်းကင်ဓားပျံဂိုဏ်းမှာ ခင်ဗျားအပြင် တစ္ဆေအင်မော်တယ် အကြီးအကဲ လေးယောက်ပဲ ရှိတာပါ။ အခု တစ်နှစ်အတွင်းမှာ ဘယ်လိုလုပ်ပြီး နောက်ထပ် သုံးယောက် တိုးလာတာလဲ။ သူတို့က ဘယ်သူတွေလဲ။”
ထန်ဟိုင်လုံ၏ လေသံမှာ ကြည်လင်ပြတ်သားနေပြီး တာအိုဂိုဏ်း ၉၉ ဂိုဏ်းမှ လူများနှင့် ရတနာအားလုံးမှာ သူ၏ စိတ်ထဲတွင် ရှိနေသကဲ့သို့ပင်။
“ဒါက ကျွန်မရဲ့ မိတ်ဆွေကောင်း ‘ထိုက်ကျိပညာရှင်’ပါ” ဓားနတ်သမီးက မိတ်ဆက်ပေး လိုက်သည်။
“ထိုက်ကျိပညာရှင်လား၊ သူ့ရဲ့ တာအိုပညာရပ်က တကယ်ကို နက်နဲလှတာပဲ...” အချိန်အတော်ကြာ တိတ်ဆိတ်နေသည့် နတ်သမီးက ရုတ်တရက် စကားပြောလာသည်။
ဟုန်ယွိက တစ်စုံတစ်ခု ပြန်ပြောရန် ပြင်လိုက်စဉ် သူ၏ စိတ်ထဲ၌ တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ခန်းမအတွင်းရှိ လူအားလုံးလည်း တစ်စုံတစ်ခုကို သတိထားမိသွားကြပြီး အပြင်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့ပြီ။
ကြောက်မက်ဖွယ်ကောင်းသော ‘မိစ္ဆာ’ စွမ်းအင်တစ်ခုသည် အဝေးမှ အရှိန်အဟုန်ဖြင့် ပြေးဝင်လာခဲ့သည်။ ထိုမိစ္ဆာစွမ်းအင်များကြားမှ ဟစ်အော်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့ သည် “နတ်သမီး... ဒီနေ့ ခင်ဗျားရဲ့ မင်္ဂလာပွဲဆိုတာ ကြားလို့ ခင်ဗျားကို ကျုပ်နဲ့အတူ ခေါ်ဆောင်သွားဖို့ ကျုပ် လာခဲ့တာပဲ။ မင်းရဲ့ ‘ကောင်းကင်သံစဉ် ခန္ဓာကိုယ်’ ဟာ ခင်ဗျားနဲ့ တူနှစ်ဖော် ကျင့်ကြံမယ့်လူတိုင်းအတွက် အကျိုးရှိစေမှာပဲ။ အဲဒီကောင်စုတ်လေး ထန်ဟိုင်လုံကို ခင်ဗျားရဲ့ ‘ကောင်းကင်သံစဉ် စွမ်းအင်’ တွေ ပေးလိုက်ဖို့ ကျုပ် ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ။”
ဤအသံ၊ ဤမိစ္ဆာစွမ်းအင်... ၎င်းမှာ မကြာသေးခင်ကမှ ဟုန်ယွိနှင့် တိုက်ခိုက်ခဲ့သည့် နံပါတ်တစ် မိစ္ဆာပညာရှင်၊ မိစ္ဆာဂိုဏ်း၏ ဧကရာဇ် ‘ကောင်းကင်ဖြိုဧကရာဇ်’ ပင် ဖြစ်တော့ သည်။
ထိုမိစ္ဆာစွမ်းအင်များနှင့်အတူ ‘ထာဝရအာဃာတ မိစ္ဆာသံစဉ်’လည်း ရောနှောပါဝင်လာ သည်။
တစ်ချိန်တည်းမှာပင် ထိုမိစ္ဆာအသံများကြား၌ အလင်းတန်းအချို့ ကခုန်နေကြ၏။ ၎င်းတို့ မှာ အရိုးပညာရှင်၊ သွေးအရိပ်နှင့် ထျန်းရှဲ့ကျိအစရှိသည့် မိစ္ဆာအိုကြီး သုံးဦးပင် ဖြစ်ကြ သည်။
မိစ္ဆာများက ဦးအောင် စတင်လှုပ်ရှားလိုက်ပြီ။ သူတို့သည် နတ်ဘုရားဘိုးဘေးတောင်ကို ဝိုင်းရံထားလိုက်ကြပြီ ဖြစ်သည်။ သူတို့သည် သဘာဝနတ်သမီးကို လာရောက်လုယူခြင်း ဖြင့် တာအိုဂိုဏ်း ၉၉ ဂိုဏ်း၏ အကြံအစည်များကို ဖျက်ဆီးပစ်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။
“ကောင်းကင်ဖြို ဧကရာဇ်... ခင်ဗျား ကိုယ်သေတွင်း ကိုယ်လာတူးတာပဲ။”
နတ်ဘုရားဘိုးဘေးတောင်၏ အနက်ရှိုင်းဆုံးမှ တုန်လှုပ်ဖွယ်ရာ အရှိန်အဝါ သုံးခုသည် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာပြီး မိစ္ဆာစွမ်းအင်များကို ခုခံတိုက်ခိုက်လိုက်ကြသည်။ ၎င်းတို့မှာ တာအိုဘိုးဘေး သုံးဦးပင် ဖြစ်ကြတော့သတည်း။