← Chapters

အခန်း ၅၈၅

Vol. 56 Ch. 585

အခန်း ၅၈၅

Vol. 56 Ch. 585

အခန်း (၅၈၅)။

“ဆုမူက ဒီတစ်ကြိမ် ဝင်ပါတာလား၊ သူမရဲ့ တာအိုပညာရပ်က ဒီလောက်တောင် အစွမ်းထက်နေပြီလား။ ဒါပေမဲ့ အစွမ်းထက်တဲ့ တာအိုပညာရပ်ဆိုတာ ဒုတိယပဲ၊ ဒီလို နေရာမျိုးမှာ အစွမ်းထက်တဲ့ မှော်ရတနာတွေကမှ တကယ့် အစွမ်းပဲ။ ထာဝရနိုင်ငံတော်က ထာဝရမူလစွမ်းအင်တွေကို မကြောက်ဘူး။ ငါ့ရဲ့ ကိုယ်ပိုင်ကျင့်ကြံမှုက တာအိုဘိုးဘေး သုံးဦးနဲ့ မိစ္ဆာအိုကြီးတွေကို မယှဉ်နိုင်ပေမဲ့၊ သူတော်စင်ပေါင်းစုံခန်းမကို အားကိုးပြီး လွှမ်းမိုး ထားနိုင်တယ် မဟုတ်လား။”

ထာဝရမြင့်မြတ်သောအလင်း ပေါ်လာသည်နှင့် ဆုမူ ရောက်လာသည်ကို ဟုန်ယွိ သိလိုက် သည်။ ဆုမူ၏ တာအိုကျင့်ကြံမှုမှာ အထူးတလည် မဟုတ်သော်လည်း ထာဝရနိုင်ငံတော် ရှိနေသဖြင့် သူမသည် ‘ဖန်ဆင်းရှင်’ တစ်ဦးနှင့်ပင် ယှဉ်နိုင်ကာ ထိုထက်ပင် ပို၍ အစွမ်းထက်နေသေးသည်။

ဟုန်ယွိ၏ ကျင့်ကြံမှုနှင့် စိတ်ဝိညာဉ် အတွေးစ အရေအတွက်မှာ တာအိုဘိုးဘေး သုံးဦး ထက် များစွာ နိမ့်ပါးသည်။ အမှန်စင်စစ် သူသည် မှော်ရတနာကို မသုံးဘဲ မိစ္ဆာအိုကြီး တစ်ဦးနှင့် တစ်ဦးချင်း တိုက်မည်ဆိုပါက ‘အရိုးဖြူပညာရှင်’ သို့မဟုတ် ‘သွေးအရိပ်’ တို့နှင့် လက်ရည်တူသာ တိုက်ခိုက်နိုင်လိမ့်မည်။ သို့သော် မှော်ရတနာများ၏ အကူအညီဖြင့် သူသည် ၎င်းတို့ကို လွယ်လွယ်ကူကူပင် သတ်ဖြတ်နိုင်သည်။

သိုင်းပညာရှင်များသည် ချပ်ဝတ်တန်ဆာကို အားကိုးရသကဲ့သို့ ကျင့်ကြံသူများသည်လည်း မှော်ရတနာကို အားကိုးရသည်။

လူသားတို့၏ ဉာဏ်ပညာဆိုသည်မှာ လက်နက်ကိရိယာများကို ဖန်တီး၍ မိမိတို့၏ အခြေအနေကို အစွမ်းကုန် မြှင့်တင်ရန် ဖြစ်သည်။

ကျင့်ကြံသူများအတွက်လည်း အတူတူပင်။ သူတို့သည် မိမိတို့၏ အားနည်းချက်များကို ဖြည့်ဆည်းရန်နှင့် မိမိကိုယ်မိမိ အတိုင်းအဆမဲ့ အစွမ်းထက်လာစေရန် နတ်ဘုရား လက်နက်များနှင့် ချပ်ဝတ်များကို ဖန်တီးကြသည်။

ကောင်းကင်နှင့် မြေကြီး၏ အသက်ရှူသွင်း ရှူထုတ်မှုများကို ရယူကာ မူလစွမ်းအင်များကို စုပ်ယူခြင်းသည်လည်း ကောင်းကင်နှင့် မြေကြီးကို ကြီးမားလှသော နတ်ဘုရားလက်နက် ကြီးတစ်ခုကဲ့သို့ သဘောထားကာ မိမိအကျိုးအတွက် အသုံးချခြင်းပင် ဖြစ်သည်။ နတ်ဘုရား လက်နက်များသည် ဉာဏ်ပညာ၏ ပြယုဂ်ဖြစ်ပြီး ထိုဉာဏ်ပညာကို စွမ်းအင် အဖြစ် ပြောင်းလဲလိုက်သည့် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။

နတ်ဘုရားလက်နက်ဆိုသည်မှာ ဉာဏ်ပညာနှင့် အတူတူပင်။

ယခုအခါ မဟာကမ္ဘာကြီးရှိ အစွမ်းထက်ဆုံး မှော်ရတနာ သုံးပါးဖြစ်သည့် ဖန်ဆင်းခြင်း သင်္ဘော၊ ထာဝရနိုင်ငံတော်နှင့် သူတော်စင်ပေါင်းစုံခန်းမတို့သည် နောက်ဆုံးတွင် ဆုံစည်း မိကြပြီ ဖြစ်သည်။ ဤမှော်ရတနာသုံးပါးသည် ယန်နတ်ဘုရားများနှင့် ဖန်ဆင်းရှင်များ အပါအဝင် မရေမတွက်နိုင်သော လူတို့၏ ဉာဏ်ပညာ အနှစ်သာရများ ဖြစ်ကြသည်။ ၎င်းတို့သည် ကမ္ဘာကြီးကို ဖြိုခွဲပစ်နိုင်သော စွမ်းအင်ကို ပိုင်ဆိုင်ထားပြီး ကျင့်ကြံသူများ၏ ဉာဏ်ပညာ၊ အထွတ်အထိပ် အောင်မြင်မှုများ ဖြစ်ကြသည်။

ထာဝရအလင်း၊ ထိုက်ကျိအဋ္ဌဂံပုံရိပ် မိုးကြိုးအစီအရင်၊ ကမ္ဘာဦးအစစွမ်းအင်နှင့် ‘ဗဟို မြေဓာတ် ဟင်းလင်းပြင် မဟာစွမ်းအင်’ ... မြောက်မြားစွာသော မှော်ရတနာများ၊ နတ်ဘုရား စွမ်းရည်များ၊ မူလစွမ်းအင်နှင့် ကျင့်ကြံခြင်း အစစ်မှန်စွမ်းအင်တို့မှာ တစ်ခု တည်းအဖြစ် ပေါင်းစည်းကာ ကမ္ဘာဦးခေတ်၏ အခိုင်မာဆုံး အကာကွယ်ဟု လူသိများ သော ‘ထာဝရအသက် အကာကွယ်ဂါထာ’ ကို ပြင်းထန်စွာ တိုက်ခိုက်ကြတော့သည်။

အောင်ပွဲ သို့မဟုတ် အရှုံးမှာ မျက်စိတစ်မှိတ်အတွင်း အဆုံးအဖြတ် ပေးလိမ့်မည်။

အကယ်၍ ထိုအကာကွယ်ကို ဖောက်ထွက်နိုင်ပါက ခုန်းသည် ထာဝရအသက် တာအို သစ်သီးနှင့် ပေါင်းစပ်နိုင်မည် မဟုတ်ဘဲ အမှန်တကယ် နိုးထလာကာ လေဟာနယ်ကို ဖျက်ဆီးနိုင်မည် မဟုတ်ပေ။ အကယ်၍ သူတို့သာ မချိုးဖျက်နိုင်ပါကမူ ခုန်းသည် အမှန် တကယ် နိုးထလာပြီး သူ၏ ကြောက်မက်ဖွယ် စွမ်းအားများကို ထုတ်ဖော်ပေလိမ့်မည်။ သူသည် အားလုံးကို မသတ်နိုင်လျှင်ပင် ထွက်ပြေးလွတ်မြောက်ရန်မှာ သူ့အတွက် အသေးအဖွဲသာ ဖြစ်သည်။

သူသာ လွတ်မြောက်သွားပါက ရောက်ရှိနေသူအားလုံးအတွက် ထိတ်လန့်ဖွယ် ရန်သူ တစ်ဦး တိုးလာပေလိမ့်မည်။ နောင်လာမည့် နေ့ရက်များတွင် သူတို့သည် အေးအေး ဆေးဆေး စားနိုင်၊ အိပ်နိုင်ကြတော့မည် မဟုတ်ပေ။ စိုးရိမ်ထိတ်လန့်မှုများနှင့်အတူ သေခြင်းတရားထက် ဆိုးရွားသော ဘဝကို ဖြတ်သန်းရပေလိမ့်မည်။

…

“ဝုန်း…၊ ဝုန်း…. ဂျိန်း….”

အဆုံးမဲ့သော ထာဝရမူလစွမ်းအင် စီးကြောင်းများမှာ ခဏချင်းအတွင်း ချေဖျက် ခံလိုက်ရ ပြီး မူလနဝမချောက် နတ်ဘုရားနယ်မြေမှာ ပြိုကွဲတော့မည့်အလား တုန်ခါသွားသည်။ မူလ နဝမချောက်နယ်မြေ တည်ရှိလာကတည်းက ဤမျှ ပြင်းထန်သော တိုက်ခိုက်မှုကို တစ်ခါ မျှ မကြုံဖူးဟု ဆိုလျှင်ပင် မမှားနိုင်ပေ။

“ဒုန်း….၊ ဒုန်း….”

ဆာဟာရတနာသစ်ပင်မှာ မည်မျှပင် အစွမ်းထက်စေကာမူ မဟာနတ်ဘုရားလက်နက် မှော်ရတနာသုံးပါး၏ စုပေါင်းတိုက်ခိုက်မှုကို မတွန်းလှန်နိုင်ပေ။ ထာဝရအသက် ဆန်းကြယ် နယ်မြေပင်လျှင် ပြိုလဲလုနီးပါး ဖြစ်နေပြီ။ ထိုရတနာသစ်ပင်ကြီးက ဘာများ တတ်နိုင်ဦးမည်နည်း။

သစ်ကိုင်းနှင့် သစ်ရွက်များမှာ တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်သွားပြီး သစ်ရွက်များမှာ အရပ်မျက်နှာအနှံ့ ဖရိုဖရဲ လွင့်စင်သွားကြကာ ထာဝရမူလစွမ်းအင်များအဖြစ် ပြောင်းလဲ သွားကြသည်။ တခဏအတွင်းမှာပင် ဆာဟာရတနာသစ်ပင် ကြီးမှာ ဆောင်းရာသီရောက် ၍ သစ်ရွက်များ အကုန်ကြွေကျသွားသည့်အလား ပြောင်သလင်းခါသွားတော့သည်။

အထူးသဖြင့် ရတနာသစ်ပင်ပေါ်တွင် အက်ကြောင်းများ၊ အပေါက်များနှင့် သစ်မှုန့်များစွာ ပေါ်လာသည်။ ထိုသစ်မှုန့်များသည် လေထဲတွင် ဝဲပျံနေကြရာ ပိုးကောင်များ ကိုက်ဖြတ် စားသောက်ခြင်း ခံလိုက်ရသကဲ့သို့ပင်။

သစ်ရွက်များ လွင့်စင်ကာ သစ်ကိုင်းများ ကျိုးပဲ့သွားပြီး ပင်စည်ကြီး အက်ကွဲသွားချိန်တွင် ကမ္ဘားဦးကာလ၏ နံပါတ်တစ် မိစ္ဆာကြီး၊ ကောင်းကင်နတ်ဆိုးမျိုးအနွယ်ဝင် ခုန်းလည်း ပေါ်ထွက်လာတော့သည်။

ယခုအခါ ထာဝရအသက် တာအိုသစ်သီးမှာ သူ၏ ရင်ဘတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ပြင်းထန်သော သွေးစွမ်းအင်များမှာ ခုန်း၏ နှလုံးသားဆီသို့ အစဉ်မပြတ် စီးဝင်နေသည်။ တာအိုသစ်သီး၏ ခုန်နှုန်းနှင့် ခုန်း၏ နှလုံးခုန်သံမှာ တစ်သားတည်း ဖြစ်နေပြီ ဖြစ်သည်။

“သူက ထာဝရအသက် တာအိုသစ်သီးကို ဒီလောက်မြန်မြန် သန့်စင်နိုင်တာလား။” ဟုန်ယွိ က အံ့ဩတကြီး အော်ပြောလိုက်မိသည်။ ဤအခြေအနေမျိုးတွင် သူ၏ ကျင့်ကြံမှုနှင့် စိတ်ဝိညာဉ် အတွေးစများ မည်မျှပင် သန်မာနေပါစေ၊ အနည်းငယ် တုန်လှုပ်သွားရသည်။ ဤသို့သော အခြေအနေမျိုးတွင် ဟုန်ယွိကိုမဆိုထားနှင့် စစ်မှန်သော သူတော်စင်တစ်ဦး ပင်လျှင် ထိတ်လန့်သွားပေလိမ့်မည်။

ထာဝရအသက် တာအိုသစ်သီး တစ်ခါခုန်တိုင်း ခုန်း၏ ခန္ဓာကိုယ်မှာ ပိုမို တောင့်တင်းခိုင်မာ လာသည်။ ၎င်းမှာ အာဟာရနှင့် သွေးများကို ထောက်ပံ့ပေးနေသကဲ့သို့ပင်။ ယခင်ကပင် ကြံ့ခိုင်လှသော ခုန်း၏ ခန္ဓာကိုယ်မှာ ယခုအခါ ပို၍ပင် အစွမ်းထက်လာခဲ့သည်။ ထို့အပြင် ဟုန်ယွိသည် မျောက်ဝံကြီး၏ ခန္ဓာကိုယ်အတွင်းရှိ အချို့သော ‘အပ်စိုက်မှတ်’ များမှာ ကြီးထွားပြောင်းလဲနေသည်ကို အာရုံခံမိလိုက်သည်။ ၎င်းတို့မှာ လူသားများနှင့် တူလာ အောင် ပြောင်းလဲနေခြင်း ဖြစ်သည်။

ခုန်းသည် ထာဝရအသက် တာအိုသစ်သီး၏ စွမ်းအားကို အသုံးချကာ သူ၏ အပ်စိုက်မှတ် များကို ပြောင်းလဲပုံဖော်နေခြင်း ဖြစ်ပြီး၊ စကြဝဠာနှင့် အမှန်တကယ် တစ်သားတည်းဖြစ် ကာ လေဟာနယ်ဖျက်ဆီးခြင်းအဆင့်သို့ ရောက်ရှိရန် ကြိုးစားနေခြင်း ဖြစ်သည်။

အခြားသူများမှာ အပ်စိုက်မှတ်များကို ကျင့်ကြံသန့်စင်ကြရသော်လည်း ခုန်းကမူ ၎င်းတို့ကို အသစ်ပုံဖော်နေခြင်း ဖြစ်သည်။ ၎င်းမှာ ရှေးဟောင်းဒဏ္ဍာရီထဲမှ ထာဝရအသက် ဧကရာဇ် က ရွှံ့စေးမှ လူသားတစ်ဦးကို ဖန်တီးနေသကဲ့သို့ပင်။

“အစွမ်းကုန် တိုက်ကြစမ်း၊ ဘာမှ ထိန်ချန်မထားနဲ့တော့၊ ဒီမျောက်မိစ္ဆာကို သတ်ပစ်ကြ။”

တာအိုဘိုးဘေး သုံးဦး၏ ဟစ်အော်သံမှာ နတ်ဘုရားဘိုးဘေးတောင်အတွင်းမှ ထွက်ပေါ် လာသည်။ အခြေအနေ မဟန်တော့သည်ကို ထိုရှေးရိုးစွဲ အိုကြီးများပင် သိလိုက်ကြပြီ။ စိတ်ဝိညာဉ် အတွေးစ ပေါင်း ၄၀၀,၀၀၀ ခန့်မှာ နတ်ဘုရားဘိုးဘေးတောင်မှ ထွက်ပေါ်လာ ကာ ဟစ်အော်နေကြသည်။

စိတ်ဝိညာဉ် အတွေးစများမှာ တစ်ခုပြီးတစ်ခု ပေါက်ကွဲလောင်ကျွမ်းသွားကာ နတ်ဘုရား ဘိုးဘေးတောင်ကို ဝန်းရံထားသည့် မဟာစွမ်းအင်စီးကြောင်းကြီးအဖြစ် ပြောင်းလဲသွား တော့သည်။ နတ်ဘုရားဘိုးဘေးတောင် တစ်ခုလုံး အဆုံးမဲ့သော အလင်းတန်းများဖြင့် ရုတ်တရက် တောက်ပလာပြီး ကျောက်စိမ်းရောင် ကမ်ဘရီယန်ကျောက်တုံး အတွင်းရှိ ဟင်းလင်းပြင် စွမ်းအားများမှာ အပြည့်အဝ နိုးထလာခဲ့သည်။

“ဘိုးဘေးနတ်ဘုရား မူလစွမ်းအင်။”

တာအိုဘိုးဘေးသုံးဦး ဟိန်းဟောက်လိုက်သည်နှင့် စွမ်းအင်စီးကြောင်းတစ်ခု ထွက်ပေါ်လာ ပြီး ဆာဟာရတနာသစ်ပင်ကို တည့်တည့် တိုက်ခိုက်လိုက်သည်။ ဤခဏ၌ နတ်ဘုရား ဘိုးဘေးတောင်မှာ အထွတ်အထိပ် အစွမ်းကို ထုတ်ဖော်လိုက်ရာ မဟာနတ်ဘုရား လက်နက်ဘုရင် သုံးပါးနှင့်ပင် အဆင့်တူလုနီးပါး ဖြစ်သွားသည်။ သူတို့ တကယ်ပင် အစွမ်းကုန် ထုတ်လိုက်ပုံရသည်။

ဒုန်း… ဒုန်း….

၎င်းမှာ ကုလားအုတ်ကျောပေါ်သို့ တင်လိုက်သော နောက်ဆုံးကောက်ရိုးတစ်မျှင်ကဲ့သို့ပင်။

ဆာဟာရတနာသစ်ပင်သည် ထိုဧရာမ စွမ်းအားကြီးကို မခံနိုင်တော့ဘဲ ကျန်ရှိနေသော သစ်ရွက်များ အကုန် ပေါက်ကွဲထွက်သွားကာ တိုင်လုံးကြီးကဲ့သို့သော ပင်စည်ပိုင်းသာ ကျန်တော့သည်။ ၎င်းမှာ သစ်လုံးတုံးကြီးတစ်ခုကဲ့သို့ ဖြစ်သွားသည်။

နောက်ဆုံးတွင် ဆာဟာရတနာသစ်ပင် အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားခဲ့ပြီ။

မဟာအင်အားစုကြီး လေးခု၏ စုပေါင်းစွမ်းအားမှာ ထာဝရအသက် တာအိုသစ်သီးဆီသို့ တည့်တည့် ရောက်ရှိသွားသည်။

“ချန်ရှန်းဧကရာဇ် ကိုယ်တိုင် ထာဝရအသက် အကာကွယ် ဂါထာကို သုံးရင်တောင် အသုံးဝင်မှာ မဟုတ်တော့ဘူး။” ကောင်းကင်သံစဉ် နတ်သမီးက မျက်လုံးမှိတ်၍ ပြောလိုက်သည်။

သို့သော် နောက်တစ်ခဏ၌ သူမ မျက်လုံးဖွင့်လိုက်ချိန်တွင် ထာဝရအသက် တာအိုသစ်သီး မှ ကြီးမားသော စွမ်းအင်များ ထွက်ပေါ်လာပြီး၊ လူသားအင်မော်တယ် တစ်ရာကျော်၏ သွေးအနှစ်သာရများ တစ်ပြိုင်တည်း ပေါင်းစပ်ထားသည့်အလား အရောင်အသွေး စုံလင် သော ထူးဆန်းသည့် ပန်းပွင့်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသဖြင့် မှင်တက်သွားရသည်။

၎င်းမှာ တစ်ဧကခန့် ကျယ်ဝန်းသော ပန်းပွင့်ကြီး ဖြစ်သည်။

ကောင်းကင်သံစဉ် နတ်သမီးသည် ဤပန်းမျိုးကို မဟာကမ္ဘာတွင် တစ်ခါမျှ မတွေ့ဖူးပေ။ ထိုပန်းမျိုးမှာ မဟာကမ္ဘာတွင် တည်ရှိမနေသော်လည်း ယခုအခါ ၎င်းသည် ယန်နတ်ဘုရား တစ်ဦးကိုပင် သတ်နိုင်သော တိုက်ခိုက်မှုကို ထပ်မံ၍ တားဆီးထားနိုင်ပြန်သည်။

…

“ဗလာနယ်မှာ နှစ်ပေါင်း တစ်သောင်း ရှင်သန်မယ်... ငါဟာ စကြဝဠာရဲ့ ဘိုးဘေးပဲ၊ တစ်ဖက်ကမ်းက ထာဝရအသက် ပန်းပွင့်၊ ဆာဟာ ပန်းပွင့်များ ... ဒုမိုရာ၊ ဒီကျင်း ... မိုဒူယို မိုဒူယို ...”

ထာဝရအသက် တာအိုသစ်သီးမှာ ပန်းပွင့်ကြီးအဖြစ် ပြောင်းလဲသွားသည်။ ကမ္ဘာဦး ကာလ ၏ နံပါတ်တစ် မိစ္ဆာကြီး ခုန်း၏ ခန္ဓာကိုယ်မှာ ထပ်မံ ကြီးထွားလာပြန်သည်။ သူ၏ နှုတ်မှ နက်ရှိုင်းလှသော ကဗျာတစ်ပုဒ်ကို ရွတ်ဆိုနေပြီး သူ၏ သွေးချီစွမ်းအားများမှာ ဒီရေလှိုင်း ကဲ့သို့ အဆက်မပြတ် တိုးထွက်နေကာ ဟင်းလင်းပြင်ကြီးကို လက်ဆုပ်လက်ကိုင် ပြုထား သည်။ နတ်ဘုရားတန်ခိုး အရှိန်အဝါများမှာ ဒီရေလှိုင်းကဲ့သို့ စီးဆင်းနေသည်။

“တစ်ဖက်ကမ်းက ပန်းပွင့်။” (နိဗ္ဗာနပန်းပွင့်)

ဟုန်ယွိသည် ထိုပန်း၏ အမည်ကို နောက်ဆုံးတွင် သိလိုက်ရသည်။

“တကယ့်ကို ထူးခြားတဲ့ နိဗ္ဗာနပန်းပွင့်ပါလား” ဟုန်ယွိသည် သူ၏ အစွမ်းရှိသမျှ ထုတ်သုံး နေသော်လည်း ထိုပန်းပွင့်ကို လုံးဝ မထိုးဖောက်နိုင်ဘဲ မာကျောသော တံတိုင်းကြီးနှင့် တိုးနေသကဲ့သို့ ခံစားနေရသည်။ သူသည် ကမ္ဘာဦးမိစ္ဆာကြီး၏ အစွမ်းကို အမှန်တကယ်ပင် အထင်ကြီးသွားမိသည်။

သို့သော်လည်း ဤမျောက်ဝံမိစ္ဆာကြီးသည် ထာဝရအသက် ဆန်းကြယ်နယ်မြေ အတွင်း၌ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး မှော်ရတနာများ၏ အကူအညီဖြင့် သူ၏ အစွမ်းမှာ ယန်နတ်ဘုရား တစ်ဦးနှင့် အလွန်ပင် နီးကပ်နေသည်ကို သူ သိသည်။ ယခု သူ့ကို တိုက်ခိုက်နေရခြင်းမှာ ယန်နတ်ဘုရား တစ်ဦးနှင့် တိုက်နေရသကဲ့သို့ပင်။

အကယ်၍ သူသာ ဤနိုးထလာသော ဤမျောက်ဝံမိစ္ဆာကြီးနှင့် တစ်ဦးချင်း ရင်ဆိုင်ရပါက သေဖို့သာ ရှိတော့သည်။ သူတော်စင်ပေါင်းစုံခန်းမပင်လျှင် ခုခံနိုင်မည် မဟုတ်ပေ။ ဟုန်ယွိ ကိုယ်တိုင် ‘ဖန်ဆင်းရှင်’ အဆင့်အထိ ကျင့်ကြံပြီးမှသာ သူတော်စင်ပေါင်းစုံခန်းမ၏ အကူအညီဖြင့် အသက်ရှင်ရန် အခွင့်အရေး ရှိပေလိမ့်မည်။

“မင်းတို့အားလုံး သေရမယ်။”

ရှေးဦးမိစ္ဆာကြီး ခုန်းက သူ၏ စွယ်များကို ထုတ်ဖော်ကာ အရာအားလုံးကို ဖျက်ဆီးနိုင်သော အေးစက်စက် အသံဖြင့် အော်ဟစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် နိဗ္ဗာနပန်းပွင့်မှာ တရစပ် လည်ပတ်နေပြီး၊ ပျက်စီးသွားသော ဆာဟာရတနာသစ်ပင် မှာလည်း ပြန်လည် အသက်ဝင်လာသည်။ ထာဝရအသက်နယ်မြေ အတွင်းရှိ ထာဝရမူလစွမ်းအင်များမှာ ဒီရေလှိုင်းကဲ့သို့ စီးဝင်လာပြီး ကျိုးပဲ့သွားသော သစ်ကိုင်းနှင့် သစ်ရွက်များမှာ ပင်စည်ဆီသို့ ပြန်လည် ကပ်ပါသွားကြသည်။ သစ်ပင်အိုကြီး မှာ နွေဦးကို ပြန်လည် တွေ့ရှိသွားသကဲ့သို့ပင်။

ဆာဟာရတနာသစ်ပင်မှာ တစ်ဖန် ပြန်လည် အသက်ဝင်လာခဲ့ပြီ။

တစ်ချိန်တည်းမှာပင် သစ်ပင်၏ သစ်ကိုင်းများပေါ်မှ ပန်းငုံများမှာ ပွင့်အာလာကြပြီး၊ မူရင်း ပန်းပွင့်ကြီးနှင့် တူညီသည့် နိဗ္ဗာနပန်းပွင့် များစွာ ဖြစ်ပေါ်လာကြသည်။ ထိုပန်းပွင့် ထောင်ပေါင်းများစွာမှာ သစ်ပင်ပေါ်မှ တစ်ပြိုင်နက် လွင့်ပျံလာကြပြီး တရစပ် လည်ပတ် ကာ တိုက်ခိုက်လာကြတော့သည်။ ၎င်းတို့သည် ဘိုးဘေးနတ်ဘုရား မူလစွမ်းအား၊ ထာဝရ မြင့်မြတ်သောအလင်း၊ သူတော်စင်ပေါင်းစုံခန်းမနှင့် ဖန်ဆင်းခြင်းသင်္ဘော တို့၏ စွမ်းအား များကို တစ်ပြိုင်နက်တည်း ချေဖျက်ပစ်လိုက်ကြသည်။

“ဝုန်း…. ဝုန်း….”

သူတော်စင်ပေါင်းစုံခန်းမမှာ ပြင်းထန်စွာ တုန်ခါသွားပြီး နိဗ္ဗာနပန်းပွင့် ရာပေါင်းများစွာ၏ တိုက်ခိုက်မှုကြောင့် မိုင်ပေါင်းထောင်ချီ ဝေးရာသို့ လွင့်စင်သွားသည်။ အစီအရင်များမှာ လည်း အက်ကွဲကာ တဖျစ်ဖျစ် မြည်နေပြီး တစ်ခန်းမလုံး ပြိုကွဲတော့မည့်အလား ခံစားနေရသည်။

အစီအရင်များစွာ အက်ကွဲနေပြီ။

ဟုန်ယွိသည် ချက်ချင်းပင် ဆုတ်ခွာချင်စိတ် ပေါက်သွားသည်။ သူသာမက ဖန်ဆင်းခြင်း သင်္ဘောပင်လျှင် လွင့်ထွက်သွားသည်ကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။

“မဆုတ်နဲ့၊ ဒီမျောက်မိစ္ဆာက သူ့ရဲ့ အကန့်အသတ်ကို ရောက်နေပြီ၊ ဒီပန်းပွင့်တွေက သူ့ရဲ့ သက်တမ်းကို လောင်ကျွမ်းပြီး တိုက်ခိုက်လိုက်တာ။ ဒီတိုက်ခိုက်မှုပြီးရင် သူ အားနည်းသွား လိမ့်မယ်။ သူ့ကို အလွတ်မပေးနဲ့။”

၎င်းမှာ ဖန်ဆင်းခြင်းသင်္ဘောပေါ်မှ ထွက်ပေါ်လာသော ဟုန်ရွှန်ကျိ၏ အသံ ဖြစ်သည်။ ဤတော်ဝင်ချန်၏ မဟာပညာရှင်ကြီးသည် စစ်မြေပြင်၏ အခြေအနေနှင့် ကမ္ဘာဦး မိစ္ဆာကြီး၏ အစွမ်းကို အလွန် တိကျစွာ အကဲဖြတ်နိုင်သည်။ အရာအားလုံးက သူ၏ တွက်ချက်မှုအောက်မှာ ရှိနေသကဲ့သို့ပင်။

ဟုန်ယွိက သူတော်စင်ပေါင်းစုံခန်းမကို ထိန်းလိုက်ချိန်တွင် ခုန်း၏ သွေးစွမ်းအင်များမှာ ဗဟိုချက်ဆီသို့ ပြန်လည် ဆုတ်ယုတ်သွားသည်ကို မြင်လိုက်ရသည်။ ဒီရေလှိုင်းကဲ့သို့ အရှိန်အဝါကြီးမှာ ချက်ချင်း ဆုတ်ခွာသွားပြီး ဆာဟာရတနာသစ်ပင် မှာလည်း သစ်ပင်ငယ်လေးတစ်ခုအဖြစ် ကျုံ့သွားကာ သူ၏ လက်ဖဝါးအတွင်းသို့ ဝင်သွားတော့ သည်။

တစ်ချိန်တည်းမှာပင် ထာဝရအသက် တာအိုသစ်သီးမှာလည်း သူ၏ ရင်ဘတ်အတွင်းသို့ ဝင်သွားသည်။

ထိုပြောင်းလဲမှုများမှာ တိုက်ခိုက်မှုများ ချေဖျက်ခံရပြီးနောက် တခဏအတွင်း ပြီးဆုံးသွား ခြင်း ဖြစ်သည်။ ထို့နောက် ခုန်းသည် ဆောင့်ကြောင့်ထိုင်ကာ လက်ဖဝါးကို မြှောက်၍ ခုန်တက်ရန် ပြင်လိုက်သည်။

“ကောင်းကင်ဘုံ တက်လှမ်းခြင်း။”

ဟုန်ယွိက ထိုပညာရပ်၏ အမည်ကို အလိုအလျောက် အော်ဟစ်လိုက်မိသည်။ ၎င်းမှာ ခုန်း ၏ အစွမ်းထက်ဆုံး ပညာဖြစ်ပြီး တစ်ချက်ခုန်လိုက်ရုံဖြင့် မိုင်ပေါင်း သောင်းချီ ခရီးပေါက် ကာ ဟင်းလင်းပြင်ကို ဖြတ်ကျော် ထွက်ပြေးသွားနိုင်သည်။ ဤပညာရပ်၏ အဓိပ္ပာယ်မှာ ကောင်းကင်နှင့် လူသားတို့၏ အကန့်အသတ်ကို ကျော်လွန်ခြင်း ဖြစ်သည်။

အကယ်၍ သူသာ ခုန်ထွက်သွားပါက ချက်ချင်း လွတ်မြောက်သွားပေလိမ့်မည်။

“တိုက်ခိုက်ကြ။”

ဟုန်ယွိက သူ၏ အစွမ်းထက်ဆုံး တိုက်ခိုက်မှုများကို ထပ်မံ ထုတ်ဖော်လိုက်သည်။ ကမ္ဘာဦး အစစွမ်းအင်နှင့် ထိုက်ကျိ မိုးကြိုးမုန်တိုင်းတို့မှာ ခုန်တက်တော့မည့် ခုန်းဆီသို့ တရစပ် ဦးတည်သွားကြသည်။

တစ်ချိန်တည်းမှာပင် သူတော်စင်ပေါင်းစုံခန်းမသည်လည်း အစွမ်းကုန် နိုးထလာကာ ခုန်း ဆီသို့ ဦးတည် တိုက်ခိုက်လိုက်သည်။

…

“ခုန်း... မင်း ထွက်ပြေးဖို့ နောက်ကျသွားပြီ။”

‘ကောင်းကင်ဘုံ တက်လှမ်းခြင်း’ ပညာဖြင့် အရှိန်ယူ၍ ခုန်တက်လိုက်စဉ်မှာပင်... ရုတ်တရက် ထာဝရနိုင်ငံတော်အတွင်းမှ အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံမှာ မည်မျှ ကြာမြင့်စွာ တည်ရှိနေခဲ့သည်မသိရဘဲ အလွန်အိုမင်းရင့်ရော်နေသော်လည်း နက်ရှိုင်းသော အကွာအဝေးတစ်ခုမှ လာနေသကဲ့သို့ ခံစားရသည်။ ကောင်းကင်သံစဉ် နတ်သမီး၏ အသံနှင့် နှိုင်းယှဉ်ပါက ထိုအသံမှာ ပို၍ပင် တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းလှသည်။

ကောင်းကင်တာအိုတစ်ခုလုံး ထိုအသံ၏ နောက်သို့ လိုက်ပါ လည်ပတ်နေသကဲ့သို့ပင်။

တောက်ပသော ထာဝရအလင်း များသည် တာအိုသခင်တစ်ဦး၏ ပုံရိပ်အဖြစ် ပြောင်းလဲ သွားသည်။ ထိုတာအိုသခင်၏ ဝတ်ရုံလက်မောင်းများမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်ပျံ နေပြီး ဝတ်ရုံ၏အနားသတ်များမှာမူ ဟင်းလင်းပြင် လေဟာနယ်အတွင်းသို့ နစ်မြုပ်နေ သည်။ ဟင်းလင်းပြင်ကြီးကိုယ်တိုင်ကပင် သူ၏ အဝတ်အစားများမှတစ်ဆင့် ဆင်းသက် ပြောင်းလဲလာသကဲ့သို့ ထင်မှတ်ရသည်။

အလင်းတန်းများကြောင့် သူ၏ မျက်နှာကို ရှင်းလင်းစွာ မမြင်ရပေ။

သို့သော် ထိုခဏ၌ မူလနဝမချောက် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများကလွဲ၍ ကျန်ရှိ နေသူအားလုံးမှာ ဤပုဂ္ဂိုလ်သည် ဤလောက၏ နံပါတ်တစ်ပုဂ္ဂိုလ်၊ တိုင်ရှန်တာအိုဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ် မုန့်ရှန်းကျီ ဖြစ်ကြောင်း သိလိုက်ကြသည်။

‘ကောင်းကင်ဘုံ တက်လှမ်းခြင်း’ ပညာဖြင့် လေထဲသို့ ရောက်နေစဉ်မှာပင် ခုန်းသည် မုန့်ရှန်းကျီ၏ တားဆီးခြင်းကို ခံလိုက်ရပြီး လက်သီးတစ်ချက်ဖြင့် ပြန်လည် တိုက်ခိုက် သည်။

မုန့်ရှန်းကျီကလည်း အလျော့မပေးဘဲ သူ၏ လက်သီးဖြင့်ပင် ပြန်လည် တုံ့ပြန်လိုက်သည်။

တစ်ဦးက ကမ္ဘာဦးခေတ်၏ နံပါတ်တစ် မိစ္ဆာကြီးဖြစ်ပြီး၊ ကျန်တစ်ဦးမှာမူ လက်ရှိခေတ်၏ နံပါတ်တစ် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ဖြစ်သည်။

ထိုထိပ်တန်းပညာရှင် နှစ်ဦး၏ လက်သီးချင်း ထိတွေ့မိချိန်တွင် ဟင်းလင်းပြင်အတွင်း၌ အပေါက်ကြီးတစ်ခု ချက်ချင်း ပွင့်ထွက်သွားပြီး ထာဝရအသက် ဆန်းကြယ် နယ်မြေမှာ ဆုတ်ဖြဲခြင်း ခံလိုက်ရသည်။ ထိုနေရာမှာ ပိန်းပိတ်အောင် မှောင်မည်းနေပြီး ဟင်းလင်းပြင် အတွင်းမှ ဖရိုဖရဲ ဖြစ်နေသော လိုဏ်ခေါင်းကြီးကိုပင် ဟုန်ယွိ မြင်လိုက်ရသည်။

စွမ်းအင်များမှာ ဒီရေလှိုင်းကဲ့သို့ တိုးထွက်လာပြီး...

“ဘုန်း”

မုန့်ရှန်းကျီ၏ ခန္ဓာကိုယ်သည် ထာဝရအလင်း များနှင့်အတူ လက်မချင်းစီ အစိတ်စိတ် အမြွှာမြွှာ ကွဲကြေကာ ပျောက်ကွယ်သွားတော့သည်။ ၎င်းမှာ သူ၏ ကိုယ်ပိုင်ခန္ဓာမဟုတ်ဘဲ ထာဝရနိုင်ငံတော် အတွင်း၌ သူချန်ထားခဲ့သော စိတ်ဝိညာဉ် အတွေးစတစ်ခုသာ ဖြစ်ပြီး၊ ၎င်းကို ခုန်းက ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။

သို့သော် ခုန်းသည်လည်း အပြင်းအထန် အတိုက်ခံလိုက်ရသဖြင့် မြေပြင်ပေါ်သို့ ပြန်ကျလာ ခဲ့သည်။

သူ၏ ‘ကောင်းကင်ဘုံ တက်လှမ်းခြင်း’ မှာ မအောင်မြင်ခဲ့ပေ။

သူ၏ စွမ်းအင်များမှာလည်း များစွာ ဆုတ်ယုတ်သွားခဲ့ရပြီ ဖြစ်သည်။

ထိုခဏ၌ ဟုန်ယွိ၊ ချန်ဧကရာဇ် ယန်ဖန်နှင့် တာအိုဘိုးဘေး သုံးဦးတို့မှာ တစ်ပြိုင်နက် တည်း ရှေ့သို့ ပြေးဝင်လာကြသည်။ မဟာစွမ်းအားစုကြီးမှာ ခုန်း၏ အပေါ်သို့ အပြင်း အထန် ကျရောက်သွားတော့သည်။ ထိုပြင်းထန်လှသော တိုက်ခိုက်မှုကြောင့် ဆာဟာ ရတနာသစ်ပင်၊ ထာဝရအသက် တာအိုသစ်သီးနှင့် ခုန်း၏ ဧရာမ ခန္ဓာကိုယ်ကြီးတို့မှာ လွင့်စင်ကာ တစ်ကွဲတစ်ပြားစီ ဖြစ်သွားကြတော့သည်။

ဆာဟာရတနာသစ်ပင်မှာမူ ဟုန်ယွိ ရှိရာဘက်သို့ တည့်တည့် လွင့်စင်လာခဲ့လေသည်။

All Chapters