← Chapters

အခန်း ၅၉၀

Vol. 56 Ch. 590

အခန်း ၅၉၀

Vol. 56 Ch. 590

အခန်း (၅၉၀)။

အကယ်၍သာ ဟုန်ယွိသည် ထိုနေရာတွင် ရှိနေခဲ့ပါက ဝူဝန်မြို့စား၏ စံအိမ်ဥယျာဉ်ထဲတွင် ထိုင်နေကြသော ထိုကွန်ဖြူးရှပ် ပညာရှင် ဆယ်ယောက်ကျော်မှာ လွန်ခဲ့သော ဆယ်နှစ်၊ ဆောင်းဦးလလယ် ပွဲတော်ညက သူ၏မိခင်ဖြစ်သူ လိုက်ပါပို့ဆောင်ပေးခဲ့ရသော ကဗျာ ရွတ်ဆိုပွဲမှ လူများဖြစ်ကြောင်း ချက်ချင်း သိရှိသွားပေလိမ့်မည်။

လွန်ခဲ့သော ဆယ်နှစ်က ဟုန်ယွိသည် ခုနစ်နှစ်သားအရွယ်သာ ရှိသေးသည်။ ယခုမူ သူသည် ၁၇ နှစ်အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထိုကဗျာရွတ်ဆိုပွဲ၌ပင် သူ၏မိခင် မင်ပိုင်ယွန်သည် မဒမ်ကျောက်နှင့် ဟုန်ရွှန်ကျိတို့၏ နှင်ထုတ်ခြင်းကို ခံရပြီးနောက် သွေးအန်ကာ ကွယ်လွန်ခဲ့ရခြင်း ဖြစ်သည်။ ဟုန်ယွိသည် ထိုမြင်ကွင်းကို အလွန်ပင် ရှင်းလင်းစွာ မှတ်မိနေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန် က သူကိုယ်တိုင် ထိုနေရာတွင် ရှိနေခဲ့သောကြောင့် ဖြစ်သည်။

ထိုစဉ်က နယ်စားကြီးစံအိမ်မှ ဖိတ်ကြားထားသော ဧည့်သည်များမှာ အလွန်ကျော်ကြား သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သာမန်လူတစ်ယောက်အနေဖြင့် မြို့စားစံအိမ်ထဲသို့ ဝင်ရောက်ကာ ဧည့်သည်တော်အဖြစ် ရှိနေရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။ သို့သော် ထိုအချိန်က ဟုန်ယွိသည် အတွေ့အကြုံနုနယ်သေးပြီး ဗဟုသုတ မစုံလင်သေးသော ကြောင့် ထိုဧည့်သည်များမှာ ကျောင်းတော်အသီးသီး၏ အကြီးအကဲများဖြစ်ကြကြောင်း၊ သူတို့သည် လောက၏ စာပေအမှန်တရားကို ကိုယ်စားပြုသူများဖြစ်ကြောင်း မသိရှိခဲ့ပေ။

ယခုမူ ထိုလူစုမှာ ထပ်မံ စုစည်းမိကြပြန်ပြီ။ ဆယ်နှစ်အကြာတွင် သူတို့သည် ဟုန်ယွိကို ရင်ဆိုင်ရန် လာကြခြင်း ဖြစ်သည်။

ဝူဝမ်မြို့စား ဟုန်ရွှန်ကျိမှာ ကွန်ဖြူးရှပ်လမ်းစဉ်၏ အရှင်သခင်ဖြစ်သလို စာပေလောက၏ ထိပ်တန်း မဟာပညာရှင်တစ်ဦးလည်း ဖြစ်ပေရာ သူ၏ဘက်တော်သား စာပေမိတ်ဆွေများ ရှိနေမည်မှာ အံ့ဩစရာ မဟုတ်ပေ။ ယခုအခါ ဟုန်ယွိက စာပေလောကကို ဦးဆောင်ကာ အမှန်တရားလမ်းစဉ်ကို ထိန်းချုပ်ရန် ကြိုးပမ်းလာပြီး ကျိုးယွိအကယ်ဒမီကို ဖွင့်လှစ်လိုက် သောအခါ ဟုန်ရွှန်ကျိနှင့် ရင်းနှီးသော ထိုစာပေအကျော်အမော်များမှာ ငြိမ်နေကြမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူတို့၏ အခြေခံအကျိုးစီးပွားကို တိုက်ရိုက် ထိခိုက်လာသောကြောင့် ဖြစ်သည်။

အစွမ်းထက်သော တာအိုကျင့်စဉ်များနှင့် ကိုယ်ခံပညာများမှာ အရေးမကြီးလှပေ။ စာပေ လောက၏ ဦးဆောင်သူ ဖြစ်လာခြင်းကသာ ခိုင်မာသော အခြေခံအုတ်မြစ် ဖြစ်ပေသည်။

…

“ဘယ်လောက်တောင် ကြီးမားတဲ့ စွမ်းအင်လဲ၊ ဒါဟာ ကျိုးယွိအကယ်ဒမီ ဘက်က လာတာ ဆိုတော့ ဟုန်ယွိ လုပ်တာပဲ ဖြစ်ရမယ်။ သူ ဘယ်လို အထွက်အထိပ် တာအိုကျင့်စဉ်ကို ကျင့်ကြံနေတာပါလိမ့်။”

‘အစိမ်းရောင်မိုးမခစံအိမ်’ ဖြစ်သော ကျိုးယွိအကယ်ဒမီ တည်ရှိရာနေရာမှ နေ၍ ကောင်းကင်ယံသို့ ထိုးတက်သွားသော ဖြူလွလွ အရှိန်အဝါကြီးကို သူမြင်တွေ့လိုက်ရ သည်။ ၎င်းမှာ အလွန်ပင် ထူထပ်လှပြီး တောက်ပလွန်းသဖြင့် ကြယ်တာရာများပင် အရောင်မှိန်သွားရသည်။ မရေမရာကြားနေရသော ပညာရှင်များ၏ ရွတ်ဆိုသံများနှင့်အတူ ထိုအရှိန်အဝါမှာ ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားသော ‘ကောင်းကင်တိုင်’ ကြီး အလား ရှိနေပြီး ဤသည်မှာ စစ်မှန်သော အမှန်တရား လမ်းစဉ်ဖြစ်ကြောင်း ကမ္ဘာ လောကကြီး တစ်ခုလုံးကို ကြေညာနေသကဲ့သို့ ရှိသည်။

ထိုခဏ၌ ကျောက်စိမ်းမြို့တော် ပတ်ဝန်းကျင် မိုင်တစ်ထောင်အတွင်းရှိ လူတိုင်းမှာ ထိုအလင်းတိုင်ကြီးကို မြင်တွေ့လိုက်ရ၏။ ၎င်းမှာ ဖြောင့်မတ်ခြင်းလမ်းစဉ် တရားများဖြင့် ပြည့်နှက်နေပြီး မိစ္ဆာအပေါင်းကို မောင်းထုတ်နေသကဲ့သို့ပင်။

“သူ့ရဲ့ အရည်အချင်းတွေကို လာပြီး ကြွားနေတာပဲ...” ဟုန်ရွှန်ကျိက ကြယ်တာရာများကို အရောင်မှိန်စေသော ထိုအလင်းတိုင်ကြီးကို ကြည့်ကာ ပြောလိုက်သည်။ ထို့နောက် သူက မျက်လုံးများကို မှိတ်လိုက်ပြီး လက်ဖက်ရည်ကို အေးဆေးစွာ မြည်းစမ်းနေတော့သည်။ သူ၏ ခန္ဓာကိုယ်မှ မည်သည့် အရှိန်အဝါမှ ထွက်မလာသလို၊ ထိုအလင်းတိုင်ကြီးကို ပြိုင်ဆိုင်လိုသည့် စိတ်ဆန္ဒမျိုးလည်း အနည်းငယ်မျှ မပြပေ။

“လွန်ခဲ့တဲ့ ဆယ်နှစ်က မင်းရဲ့သား ဟုန်ယွိကို ငါ ကြည့်ခဲ့ဖူးတယ်။ သူက ထူးခြားတဲ့ ဝိညာဉ် အရှိန်အဝါမျိုး မရှိပေမဲ့ သူရေးတဲ့ စာတွေက ပညာရှင် သူတော်စင်ပေါင်း တစ်ရာကိုတောင် ဟစ်ကြွေးစေခဲ့တယ်။ အခုကြည့်ရတာ သူ့ရဲ့ အစွမ်းက တကယ်ကို ခန့်မှန်းရ ခက်နေပြီ။ အထင်သေးလို့ မရဘူး။”

ကွန်ဖြူးရှပ် ပညာရှင်တစ်ဦးက ထိုစာပေအရှိန်အဝါကို ကြည့်ကာ ပြောလိုက်သည်။ သူ၏ မျက်နှာတွင် တုန်လှုပ်မှုများ ထင်ဟပ်နေသော်လည်း စိတ်ကို ပြန်လည်စုစည်းလိုက်သော အခါ လိမ္မာပါးနပ်ပြီး လှည့်ဖြားကောက်ကျစ်သော ပုံစံမျိုး ပြန်ပေါ်လာသည်။

“ဒီလိုလူမျိုးကို ငါတို့က ဘယ်လိုလုပ် အထင်သေးမှာလဲ။ ဒါပေမဲ့ ကျိုးယွိအကယ်ဒမီ ဖွင့်ပွဲ နေ့မှာတော့ ကြီးကျယ်တဲ့ လက်ဆောင်တစ်ခု ပေးဖို့ လိုလိမ့်မယ်။ အဲဒါကို သူ လက်ခံနိုင် စွမ်း ရှိမရှိဆိုတာကတော့ သူ့အပေါ်မှာပဲ မူတည်တယ်။ အားလုံးပဲ အသေအချာ ပြင်ဆင်ကြ စို့” အခြားသော အဖြူရောင်ဝတ်စုံဝတ် ပညာရှင်တစ်ဦးက ဆိုလိုက်သည်။ သူ၏လက်တွင် ကျောက်စိမ်းယပ်တောင်ကို ကိုင်ထားပြီး ယပ်တောင်၏ အောက်ခြေတွင် တောင်တန်းနှင့် မြစ်ပုံများ ထုဆစ်ထားသော ကျောက်စိမ်းဆွဲသီး ပါရှိသည်။

ထိုသူမှာ ‘တောင်မြစ်ကျောင်းတော်’ ၏ အကြီးအကဲ ဖြစ်ပြီး ထင်ရှားသော ကွန်ဖြူးရှပ် ပညာရှင်ကြီး တစ်ဦး ဖြစ်သည်။

သို့သော် ထိုကွန်ဖြူးရှပ် ပညာရှင်များမှာ လူကြီးလူကောင်း ပုံစံမျိုး ရှိကြသော်လည်း ကျောင်းတော်အချင်းချင်း အားပြိုင်ကြသောအခါတွင်မူ အမှန်တရားလမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ် တိုက်ပွဲများထက် မလျော့သော ရက်စက်မှုများ ရှိတတ်ကြသည်။

ဟုန်ရွှန်ကျိက ဆက်ပြောသည် “ငါ့ရဲ့ဆန္ဒက ဧကရာဇ်ရဲ့ ဆန္ဒပဲ။ ဒီတစ်ခေါက်မှာ ဧကရာဇ် က ‘မူလနဝမချောက်နက် နတ်ဘုရားနယ်မြေ’ ကို လူလွှတ်ပြီး ရတနာများစွာကို ရရှိခဲ့ တယ်။ ခင်ဗျားတို့ ကျောင်းတော်တွေအတွက် လိုအပ်တာရှိရင် ငါ့ကို ပြောပါ၊ ငါ ဧကရာဇ်ဆီ တင်ပြပြီး ချီးမြှင့်ပေးမယ်။ ဒါဟာ ငါတို့ရဲ့ ကွန်ဖြူးရှပ် ပညာရှင်လမ်းစဉ်ကို ပြန်လည် ထူထောင်ဖို့နဲ့ တော်ဝင်ချန်ရဲ့ စာပေအရှိန်အဝါကို မြှင့်တင်ဖို့အတွက် ကောင်းတဲ့အချက် ပဲ။”

“မူလနဝမချောက်နက် နတ်ဘုရားနယ်မြေ ဟုတ်လား။”

ကွန်ဖြူးရှပ်ပညာရှင် ဆယ်ယောက်ကျော်၏ မျက်ဝန်းများမှာ လင်းလက်သွားပြီး ခန္ဓာကိုယ် များမှာ အနည်းငယ် လှုပ်ခါသွားသည်။ သူတို့သည် တည်ငြိမ်အောင် ကြိုးစားနေကြသော် လည်း မူလကကဲ့သို့ မအေးဆေးနိုင်တော့ပေ။

“ညီနောင် ရွှန်ကျိရဲ့ ဆန္ဒကို ငါတို့ ဘယ်လိုလုပ် နားမလည်ဘဲ နေမှာလဲ၊ ငါတို့ရဲ့ ကွန်ဖြူးရှပ် ပညာရှင်လမ်းစဉ်ဟာ ကိုယ်ကျင့်တရားနဲ့ အမှန်တရားကို ဦးထိပ်ထားတာပဲ။ ဧကရာဇ်က ငါတို့ကို ဘာမှ မပေးခဲ့ရင်တောင် ငါတို့ဟာ အစွမ်းကုန် ကြိုးစားသွားမှာပါ။” ကွန်ဖြူးရှပ် ပညာရှင်တစ်ဦးက ခပ်တိုးတိုး ဆိုလိုက်သည်။

“ကောင်းပြီ၊ ဒါဆိုရင် ခင်ဗျားတို့ရဲ့ အသိပညာတွေအပေါ်မှာပဲ မူတည်တော့တယ်” ဟုန်ရွှန်ကျိက လက်ဖက်ရည်ခွက်ကို မြှောက်ကာ တစ်ကျိုက်တည်း သောက်လိုက်သည်။ ဝိုင်အစား လက်ဖက်ရည်ဖြင့် ဂုဏ်ပြုလိုက်ခြင်းပင် ဖြစ်သည်။ အခြားသော ကွန်ဖြူးရှပ် ပညာရှင်များကလည်း လက်ဖက်ရည်ကို အတူတကွ သောက်လိုက်ကြသည်။

…

နေ့ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်။

မတ်လ ကုန်ပြီး ဧပြီလသို့ ရောက်လာသည်။

မေလ ၅ ရက်နေ့မှာ ဟုန်ယွိ၏ ကျိုးယွိအကယ်ဒမီ ပြီးစီးမည့် နေ့ဖြစ်သည်။ ထိုနေ့သို့ မရောက်သေးသော်လည်း ဧပြီလကုန်ကတည်းက ကျောက်စိမ်းမြို့တော်တစ်ခုလုံး သာမ က ပတ်ဝန်းကျင် ပြည်နယ်အသီးသီးမှ ကျောင်းတော်များမှာလည်း သိသိသာသာ စိတ်လှုပ် ရှားနေကြသည်။ ကျောက်စိမ်းမြို့တော်သို့ ဦးတည်နေသော လမ်းမများပေါ်တွင် စာသင်သားများနှင့် ပညာရှင်များဖြင့် ပြည့်နှက်နေတော့သည်။

ဤလောကရှိ ပညာရှင်အားလုံးမှာ ကျောက်စိမ်းမြို့တော်သို့ စုရုံးရောက်ရှိနေကြသကဲ့သို့ ရှိသည်။ ဤတစ်ခေါက် စုဝေးမှုမှာ ယခင်နှစ်က ပြုလုပ်ခဲ့သော နန်းတွင်းစာမေးပွဲထက်ပင် လူဦးရေ ပိုမိုများပြားနေသည်။

ကျိုးယွိအကယ်ဒမီ ပြီးစီးမည့် သတင်းမှာ လောကအနှံ့ ပျံ့နှံ့သွားခဲ့ပြီ။ မူလက ဟုန်ယွိတွင် ဤမျှကြီးမားသော ဩဇာအရှိန်အဝါ မရှိသော်လည်း ချန်ပီယံမြို့စားတွင် ရှိသည်။ ယခုအခါ ဟုန်ယွိသည် ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားပြီး သူ၏ အင်အားများကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ရာ ထိုအင်အားများကို သုံး၍ လျှို့ဝှက်သတင်းများ ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ နေ့စဉ်နှင့်အမျှ သူလျှိုပေါင်းများစွာကို နိုင်ငံအနှံ့ စေလွှတ်ခဲ့သည်။ ထို့ကြောင့် မင်းစိုးရာဇာများမှအစ သာမန်အရပ်သားများအထိ ‘သူတော်စင်ငယ်’ ၏ အကယ်ဒမီ ဖွင့်လှစ်တော့မည်ကို သိရှိသွားကြသည်။

စာပေပညာရှင်များမှာလည်း အထူးပင် စိတ်လှုပ်ရှားနေကြသည်။

ထို့ပြင် တောင်ပိုင်းဒေသ၏ စာပေအကျော်အမော် ရှဲ့ဝန်ယွမ်သည်လည်း သူ၏ တပည့် ၃၀၀၀ နှင့်အတူ လာရောက်ကာ တောင်ပိုင်းရှိ အခြားစာပေပညာရှင်များနှင့် ပူးပေါင်းပြီး ကျိုးယွိအကယ်ဒမီတွင် စာအုပ်များ အတူတကွ ရေးသားမည်ဟု ဆိုထားသည်။

အခြားသော ပညာရှင်ကျောင်းတော်များစွာကလည်း ဂုဏ်ပြုလက်ဆောင်များ ပေးပို့ကာ စာအုပ်များ အတူတကွ ရေးသားကြရန် ဆန္ဒပြုထားကြသည်။ ဤစာပေပွဲတော်ကြီးမှာ မည်သူမျှ တားဆီး၍ မရနိုင်တော့သော အခြေအနေသို့ ရောက်ရှိနေပြီး တော်ဝင်နန်းတော် ကပင် မည်သည့်စကားမျှ ထွက်မလာပေ။

…

ဧပြီလ ၂၈ ရက်နေ့တွင် ရာသီဥတုမှာ သာယာလှပနေပြီး ပန်းများလည်း ဖူးပွင့်နေသည်။

ကျောက်စိမ်းမြို့တော်သို့ ဦးတည်နေသော လမ်းမပေါ်တွင် ရိုးရှင်းသော်လည်း စာပေ အငွေ့အသက် ပြည့်နှက်နေသော မြင်းရထားများစွာ သွားလာနေကြသည်။ ၎င်းတို့သည် လမ်းမကြီးပေါ်တွင် အစေခံများ ခြံရံလျက် သွားလာနေကြရာ မြင်ကွင်းမှာ အလွန်ပင် ခမ်းနားလှသည်။

ထိုအထဲတွင် စိမ်းဖန့်ဖန့်ဝတ်စုံများကို ဝတ်ဆင်ထားပြီး တန်ဖိုးကြီးဓားများကို ကိုင်ဆောင် ထားသော အခြေခံ စာသင်သားအချို့လည်း ပါရှိသည်။ သူတို့အားလုံးမှာ စာပေဂုဏ်ပုဒ်များ ပို ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။

၎င်းမှာ အခြားကျောင်းတော်တစ်ခုမှ လာသော မြင်းရထားများပင် ဖြစ်သည်။

အသေအချာ ကြည့်လိုက်ပါက ထိုမြင်းရထားများမှာ အလွန်ပင် တန်ဖိုးကြီးလှကြောင်း တွေ့ရမည်။ မြင်းများမှာ ‘ကျောက်စိမ်းညခြင်္သေ့မြင်း’ များဖြစ်ကြပြီး နဂါးဖြူများကဲ့သို့ ဖြူစင်ကာ အလွန်သန်မာကြသည်။ သူတို့၏ အမွှေးအမျှင်များမှာ နေရောင်အောက်တွင် ပလက်တီနမ်နှင့် ပြဒါးကဲ့သို့ တောက်ပနေပြီး အလွန်ပင် ရဲရင့်သော ပုံစံရှိသည်။

ရထားများကိုလည်း ပင်လယ်ရေအောက်မှ ရရှိသော နှစ်တစ်ထောင်သက်တမ်းရှိ ‘အာဂါးဝုဒ်’ သစ်သားများဖြင့် ပြုလုပ်ထားပြီး အလွန်မွှေးကြိုင်လှသည်။ ဘီးများကိုလည်း ကျောက်စိမ်းနှင့် သံမဏိများဖြင့် ပြုလုပ်ထားကာ နှစ်တစ်ထောင် ‘ဂျယ်လီငါး’ အရေခွံများ ဖြင့် ပတ်ထားသောကြောင့် အလွန်ပင် ငြိမ့်ညောင်းလှပြီး မည်သည့် အတိုက်အခိုက်မှ မရှိပေ။

၎င်းမှာ တောင်ပိုင်း ဟိုင်ပြည်နယ်ရှိ ‘ချုံယန်အကယ်ဒမီ’ မှ လူစုပင် ဖြစ်သည်။

“ရပ်ကြဦး... အခု မွန်းတည့်ပြီဆိုတော့ ဒီနေရာမှာပဲ စားကြရအောင်။ လူတွေအတွက် အစားအသောက်က အရေးကြီးဆုံးပဲ။ လူကြီးလူကောင်းတစ်ယောက်ရဲ့ လမ်းစဉ်မှာ စားချိန်သောက်ချိန်ကို မမှားစေရဘူး။ ဒါဟာ အရေးကြီးဆုံးသော ယဉ်ကျေးမှုပဲ။”

ဤအမိန့်ကြောင့် မြင်းရထားများ အားလုံး ရပ်တန့်သွားသည်။

“ဆရာ... ဒီတစ်ခေါက် ကျွန်တော်တို့ ရှဲ့ဝမ်ယွမ်ရဲ့ ဖိတ်ကြားချက်အရ တပည့်တွေ အများကြီးကို ခေါ်လာတာဆိုတော့ ကျိုးယွိအကယ်ဒမီက ကျွန်တော်တို့ရဲ့ စားဝတ်နေရေး ကို တာဝန်ယူနိုင်ပါ့မလား။”

မြင်းရထားများ၏ အလယ်ရှိ ရထားတစ်စီးပေါ်မှ လူငယ်တစ်ဦးက ရှေ့မှ ရထားကို ဦးညွှတ် ကာ မေးလိုက်သည်။

“ရှဲ့ဝမ်ယွမ်က ငါ့သူငယ်ချင်းပဲ၊ သူက ငါတို့ကို စာအုပ်ရေးဖို့ ဖိတ်ခေါ်ထားတာဆိုတော့ သူတို့ တာဝန်ယူနိုင်လိမ့်မယ်လို့ ငါယုံကြည်ပါတယ်။” ဝမ်ပင်းပင်း၏ အသံက ရထား အတွင်းမှ ထွက်ပေါ်လာသည်။ “ဒါပေမဲ့ ဟုန်ယွိဟာ ဗဟုသုတ ကြွယ်ဝပေမဲ့ ငါတို့အတွက် ကောင်းမွန်တဲ့ အစားအသောက်တွေကိုတော့ ကျွေးနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ငါတို့ အစားအသောက်တွေ အလုံအလောက် ယူလာခဲ့တယ်။ ဒါတွေကုန်ရင်တော့ ငါတို့ ပြန်ကြ တာပေါ့။”

“ဆရာ... ချုံယန်ပုလဲဆန် ရပါပြီ”

တပည့်တစ်ဦးက အာဂါးဝုဒ်လင်ပန်းပေါ်တွင် တင်ထားသော ဟင်းပွဲအချို့နှင့်အတူ ပုလဲများကဲ့သို့ ကြည်လင်နေသော ဆန်တစ်ခွက်ကို ယူဆောင်လာခဲ့သည်။ ဆန်စေ့တိုင်းမှာ ဖောက်ထွင်းမြင်ရပြီး အညစ်အကြေးကင်းကာ အလွန်ပင် မွှေးကြိုင်လှသည်။

“လူကြီးလူကောင်းတစ်ယောက်ရဲ့ လမ်းစဉ်မှာ ဘယ်လောက်ပဲ ကောင်းမွန်တဲ့ အစား အသောက် ဖြစ်ပါစေ၊ ဘယ်တော့မှ ငြီးငွေ့သွားမှာ မဟုတ်ဘူး... ဒါကို မှတ်ထားကြ”

ချုံယန်အကယ်ဒမီ အကြီးအကဲက ပြောနေစဉ်မှာပင် နောက်ထပ် တပည့်တစ်ဦး ရုတ်တရက် ရောက်လာသည်။ “ကျိုးယွိအကယ်ဒမီက လူတွေ ကျွန်တော်တို့ကို လာကြိုနေ ပြီ၊ သူတို့က အခု မွန်းတည့်ချိန်ဆိုတာ သိလို့ အစားအသောက်တွေတောင် ယူလာပေးကြ တယ်။”

“အို… သူတို့ပေးတာကို ယူထားလိုက်၊ ဒါပေမဲ့ ငါတို့ ကိုယ်ပိုင်ဆန်ကိုပဲ စားကြမယ်။” အကြီးအကဲက ဆိုလိုက်သည်။

ထိုအခိုက်တွင် အသံတစ်ခု ပျံ့လွင့်လာသည်။ “ချုံယန်ပုလဲဆန်က ကောင်းပေမဲ့ လူကြီး လူကောင်း တစ်ယောက်အတွက်တော့ မလုံလောက်သေးဘူး။ လူကြီးလူကောင်း တစ်ယောက်ဟာ နဂါးတစ်ကောင်လိုပဲ၊ နဂါးစွယ်ဆန်ကို စားဖို့ လိုအပ်တယ်။ ရှေးဟောင်း ကောင်းကင်နဂါးတွေရဲ့ အစားအစာဟာ လူကြီးလူကောင်း တစ်ယောက်အတွက် အကောင်းဆုံးပဲ။”

၎င်းမှာ ချီဇီယန်ဖြစ်ပြီး သူသည် ‘မဟူရာနတ်ဆိုးချီလင်မြင်း’ ကို စီးကာ ရောက်ရှိလာခြင်း ဖြစ်သည်။ သူသည် ကျောက်စိမ်းလင်ပန်းပေါ်တွင် တင်ထားသော နဂါးစွယ်ဆန်များကို ယူဆောင်လာခဲ့သည်။

“ချုံယန်အကယ်ဒမီကို ငါတို့ရဲ့ ကျိုးယွိအကယ်ဒမီက စာအုပ်ရေးဖို့ ဖိတ်ကြားထားတာပဲ၊ ငါတို့က အိမ်ရှင်အဖြစ် ဧည့်ဝတ်မကျေလို့ ဘယ်ဖြစ်မလဲ။”

“ဘာ.. နဂါးစွယ်ဆန် ဟုတ်လား။”

မြင်းရထားမှာ လှုပ်ခါသွားပြီး ချုံယန်အကယ်ဒမီ အကြီးအကဲမှာ ရထားပေါ်မှ ဆင်းလာ သည်။ သူသည် လင်ပန်းပေါ်ရှိ နဂါးစွယ်ဆန်များကို ကြည့်ကာ အံ့အားသင့်သွားသည်။ ဆန်စေ့တစ်စေ့ချင်းစီမှာ ဓားတစ်လက်ကဲ့သို့ သုံးလက်မကျော် ရှည်လျားပြီး အလွန်ပင် မွှေးကြိုင်လှသလို၊ ရှေးဟောင်း ကောင်းကင်နဂါး၏ တန်ခိုးအရှိန်အဝါများလည်း ပါဝင်နေ သည်။ သူသည် မယုံနိုင်အောင် ဖြစ်နေတော့သည်။

“ဒါဟာ ရှေးဟောင်းစာအုပ်တွေထဲမှာပဲ ပါတဲ့ နဂါးစွယ်ဆန်ပဲ၊ ဧကရာဇ်ဖန်တောင်မှ ကောင်းကင်နဂါးကို တိုက်ခိုက်ခဲ့ပေမဲ့ ဒီဆန်ကို မရရှိခဲ့ဘူး။ လူတွေအတွက် အစား အသောက်က အရေးကြီးဆုံးပဲ။ နဂါးစွယ်ဆန်ဟာ သူတော်စင်တစ်ပါးနဲ့ အတူတူပဲ။ ကျိုးယွိအကယ်ဒမီက ဧကရာဇ်ဖန် မလုပ်နိုင်ခဲ့တာကို လုပ်နိုင်ခဲ့တာလား။”

ချုံယန်အကယ်ဒမီ အကြီးအကဲမှာ တည်ငြိမ်မှု ပျက်ယွင်းသွားပြီး နဂါးစွယ်ဆန်ကို ထိတွေ့ ကြည့်လိုက်သည်။

“ကျိုးယွိအကယ်ဒမီမှာ ကျမ်းစာလာရေးတဲ့သူတိုင်းဟာ လူကြီးလူကောင်းတွေ ဖြစ်တဲ့ အတွက် ဒီဆန်ကို စားသုံးပိုင်ခွင့် ရှိပါတယ်။ အနာဂတ်မှာ ဒီဆန်ကို လောကအနှံ့ ပြန့်နှံ့စေ မှာပါ၊ ချုံယန်အကယ်ဒမီ အနေနဲ့ ကျွန်တော်တို့နဲ့အတူ သမိုင်းဝင်မယ့် ဒီကြီးကျယ်တဲ့ အောင်မြင်မှုကို အတူတူ ဖန်တီးကြပါစို့။” ချီဇီယန်က ဆိုကာ ဦးညွှတ်လိုက်သည်။

၎င်းမှာ ကျိုးယွိအကယ်ဒမီ မပြီးစီးမီ ဖြစ်ပေါ်ခဲ့သော သေးငယ်သော အလှည့်အပြောင်း လေး တစ်ခုသာ ဖြစ်သည်။

…

ဧပြီလ တစ်လလုံးတွင်...

ကျိုးယွိအကယ်ဒမီသို့ ကျမ်းစာလာရောက်ရေးသားရန် ဖိတ်ကြားခံရသော ပညာရှင် အားလုံးကို နဂါးစွယ်ဆန်များဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ရုတ်တရက် လောကတစ်ခုလုံး တုန်လှုပ်သွားတော့သည်။ ပညာရှင်များနှင့် စာသင်သား အားလုံး ထပ်မံ အံ့အားသင့်သွားကြပြန်သည်။

လူတွေအတွက် အစားအသောက်က အရေးကြီးဆုံး ဖြစ်ပေသည်။

ဧကရာဇ်ဖန်တောင်မှ မရရှိခဲ့သော နဂါးစွယ်ဆန်သည် ကျိုးယွိအကယ်ဒမီတွင် ပေါ်ထွက် လာခဲ့သည်။

ချက်ချင်းပင် ဟုန်ယွိ၏ ကျော်ကြားမှုမှာ ထပ်မံ၍ ကောင်းကင်သို့ ထိုးတက်သွားတော့ သည်။ မည်သည့် ကျောင်းတော်နှင့် မိသားစုကမျှ ကျိုးယွိအကယ်ဒမီ၏ အုတ်မြစ်ကို လျစ်လျူရှုထား၍ မရနိုင်တော့ပေ။

ယခင်က မလာရောက်လိုသော မဟာပညာရှင်ကြီးများပင်လျှင် ယခုအခါ ကျော်ကြားမှု ကြောင့် ရောက်ရှိလာကြတော့သည်။

ကျိုးယွိအကယ်ဒမီ၏ ကျော်ကြားမှုမှာ လှိုင်းတံပိုးများကဲ့သို့ တစ်ခုပြီးတစ်ခု တက်လာခဲ့ သည်။ နောက်ဆုံးတွင် မေလ ၅ ရက်နေ့သို့ မရောက်မီမှာပင် နဂါးစွယ်ဆန်၏ သတင်းက အထွတ်အထိပ်သို့ ရောက်သွားစေခဲ့သည်။

ထိုသို့ဖြင့် မေလ ၅ ရက်နေ့သို့ ရောက်ရှိလာခဲ့ပြီ။ လူတိုင်း အာရုံစိုက်နေကြသော ကျိုးယွိ အကယ်ဒမီ ဖွင့်ပွဲနေ့မှာ ယနေ့ပင် ဖြစ်ပါတော့သည်။

ဤလောကရှိ မဟာပညာရှင်အားလုံးမှာ စုရုံးရောက်ရှိနေကြပြီ ဖြစ်သည်။

စာစဉ် (၅၆) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters