အခန်း ၂၂၂
Vol. 22 Ch. 222
အခန်း (၂၂၂) မကောင်းဆိုးဝါးများ၊ နတ်ဆိုးများနှင့် စက်ယန္တရားများ၏ စစ်ပွဲ
ဘူတာရုံကို စတင်အသက်သွင်းလိုက်ချေပြီ။
ရထားလမ်းပိုင်းများက ဆက်လက်ရှည်ထွက်သွား၏။
မြစ်ရေလှိုင်းလုံးများပမာ မြည်ဟည်းနေသော မိုးခြိမ်းသံကြီးက တဖြည်းဖြည်း နီးကပ်လာလေတော့သည်။
ဝုန်း ဝုန်း ဝုန်း။
နီးကပ်လာသော ကမ္ဘာပျက် လွန်ပူ၏ လည်ပတ်နှုန်းက အဆက်မပြတ် မြင့်တက်လာကာ ၎င်းဖြတ်သန်းသွားရာ နေရာတိုင်းရှိ မည်သည့်သက်ရှိမျိုးကိုမဆို တစ်စစီ ကြေမွသွားစေတော့၏။
ရထား ခေါင်းတွဲ၏ အပေါ်ဘက်တွင်မူ။
အီဗ်က သူမ၏ လက်နက်တပ်ဆင်မှု နေရာလွတ် အားလုံးကို ဖွင့်လှစ်လိုက်လေသည်။
သူမ၏ ကျောဘက်လေဟာနယ်ထဲမှ လက်နက်တပ်ဆင်မှု နေရာလွတ် များအတွင်း၌ လက်နက် သုံးဆယ့်ခြောက်ခုက စက်ဝိုင်းပုံသဏ္ဍာန် နေရာယူကာ တွဲလောင်းကျနေ၏။
ပစ်စမ်း။
ရေတွက်၍မရနိုင်လောက်အောင် များပြားလှသော ကျည်ဆန်များက တန်ဖိုးမရှိသည့်အလား အရူးအမူး ပစ်ခတ်ခံလိုက်ရလေသည်။
အင်ပါယာအမိန့်တော် အဖွဲ့အစည်းမှဖြစ်ကြောင်း ဟန်ဆောင်ခဲ့သော ထိုလူ၏ ရထားထဲတွင် သေနတ်များသာမက အခြားအရာများစွာလည်း ရှိနေခဲ့ဖူး၏။
ကျည်ဆန်အရေအတွက်မှာ တစ်သောင်းနီးပါးခန့် ရှိနေပြီး ၎င်းတို့အားလုံးက သာမန် အဆင့် ၁ သို့မဟုတ် အဆင့် ၂ ကျည်ဆန်များသာ ဖြစ်လင့်သုံးသာမန်လူသားတစ်ယောက်၏ ခန္ဓာကိုယ်အတွက်မူ တစ်ချက်တည်းဖြင့် အသေသတ်နိုင်စွမ်း ရှိနေဆဲပင်။
ယဇ်ပလ္လင်ပေါ်ရှိ လူက အဝေးမှထွက်ပေါ်လာသော အသံကို သတိထားမိသွားကာ မျက်မှောင်ကြုတ်လိုက်သော်လည်း နှိမ်ချလှောင်ပြောင်သော အပြုံးတစ်ခုကိုသာ ဖော်ညွှန်းလိုက်လေ၏။
"ဘူတာရုံအတွင်း အသက်သွင်းလိုက်တဲ့ မော်ဂျူးရယ်၊ ရထား လက်နက်ကိရိယာရယ်၊ ပြီးတော့ စက်ရုပ်တစ်ရုပ်ရယ်ပေါ့လေ။ ဒါက မင်းရဲ့ဝှက်ဖဲလား"
"ဒီထက်ပိုပြီးတော့ မရှိတော့ဘူးပဲ"
"ဒီလောက်စွမ်းရည်လေးနဲ့များ ထွက်ပြေးဖို့ ကြိုးစားနေတာလား"
"မိုက်မဲလိုက်တာ"
"သွားစမ်း။ ဒီဧည့်သည်ကို အစားအသောက် ပွဲတော်ဆီ ပြန်လာစေပြီး အရသာရှိတဲ့ အစားအစာတွေကို ဆက်လက်ခံစားစေလိုက်"
လူအုပ်ကြီးက စုရုံးလာကြပြီး မြို့ထဲတွင် နေထိုင်စဉ်က သူတို့အသုံးပြုခဲ့သော စကားလုံးများကို ထပ်တလဲလဲ ရေရွတ်နေကြတော့သည်။
ကြောက်ရွံ့သွားသော ဝေါလီ မှာမူ ရဲချီယန် ၏ ခြေသလုံးကို ဖက်ထားကာ ဤမြင်ကွင်းကြောင့် လုံးဝကို ထိတ်လန့်နေရှာ၏။
ရထားက မရောက်လာသေးဘဲ ထိုလူက အောင်ပွဲကို သူ၏ လက်တစ်ကမ်းတွင် ရရှိထားပြီးဖြစ်ပုံရချေပြီ။
သို့သော်ငြားလည်း။
ကောင်းကင်ယံမှ စူးရှသော စက်ယန္တရားမောင်းနှင်သံကြီး နိုးထလာသောအခါ အနီရောင်အခံတွင် အဖြူရောင်ပုံစံများ ရေးဆွဲထားသော အမဲလိုက် စက်ယန္တရားနဂါး ကြီးက ကောင်းကင်ယံကို ဖြတ်သန်းကာ ဟိန်းဟောက်လာလေတော့သည်။
ရဲချီယန် က လက်ဖဝါးကိုမြှောက်ကာ အမိန့်ပေးလိုက်၏။
"အမဲလိုက် မုဒ်"
တစ်ပြိုင်နက်တည်းမှာပင် သုံးစွဲမှု အကြီးအကျယ် လျှော့ချခြင်း မော်ဂျူးက အသက်ဝင်လာလေသည်။
ရွှေရောင်ရင့်ရင့် အလင်းစက်လေးများက နဂါးကြီး၏ ဘေးဘက်များမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားကြ၏။
လက်နက်ခန်းများ ပွင့်ဟသွားလေသည်။
များပြားလှသော အမဲလိုက် ဒုံးကျည်များက တောက်ပသော ဥက္ကာပျံများ မြေပြင်သို့ ပျက်ကျလာသည့်အလား ကောင်းကင်ယံမှ ရွာကျလာတော့၏။
ဝုန်း
ဤမြို့ငယ်လေးအတွင်းရှိ မြေပြင်ပေါ်မှ မှိုပွင့်ပုံသဏ္ဍာန် မီးခိုးတိမ်တိုက်ငယ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေသည်။
ပြောင်းလဲသွားသော သက်ရှိများမှာ ဤဥက္ကာပျံမိုးအောက်တွင် ပြာအဖြစ်သို့ ပြောင်းလဲသွားကြချေပြီ။
တစ်ခု၊ နှစ်ခု၊ သုံးခုမှသည် ဆယ့်နှစ်ခုမြောက် အမဲလိုက် ဒုံးကျည်များအထိ ကုန်စင်သွားခဲ့၏။
ရဲချီယန် ရပ်နေသောနေရာမှာ ဖုန်မှုန့်များဖုံးလွှမ်းသွားတော့သည်။
စက်ယန္တရားနဂါးကြီးထံမှ ဟိန်းဟောက်သံတစ်ချက်က ကြမ်းတမ်းသော လေပြင်းတစ်ရပ်ကို ဖန်တီးလိုက်လေ၏။
မီးခိုးငွေ့များနှင့် ဖုန်မှုန့်များ လွင့်စင်သွားသည်။
လွင့်မျောကြယ် သန့်စင်သော အမှတ်အသား က ဖြည်းညင်းစွာ တောက်ပနေ၏။
ဝုန်း
ဤအချိန်လေးမှာပင် ရထားကြီး ဆိုက်ရောက်လာချေပြီ။
အီဗ်၏ အနီရောင် ပစ်မှတ်ထားမှု အမှတ်အသားက ထိုလူ၏ ခြေအောက်တွင် ပေါ်လာလေသည်။
အမိန့်တစ်ချက်ကိုသာ စောင့်မျှော်နေကာ ကျည်ဆန်မုန်တိုင်းကြီးက ၎င်း၏ လားရာကို ပြောင်းလဲပစ်တော့မည် ဖြစ်၏။
"ဒါကဘာလဲ"
ထိုလူက နောက်တစ်ကြိမ် မျက်မှောင်ကြုတ်လိုက်ပြန်သည်။
ရဲချီယန် ပြသလိုက်သော တိုက်ခိုက်ရေးစွမ်းရည်မှာ သူ၏ မျှော်မှန်းထားမှုထက် များစွာ ကျော်လွန်နေသည်မှာ ထင်ရှားလှပေ၏။
"ဒီ စက်ယန္တရားနဂါးလား။ မင်းရဲ့ ရထား အဆင့်က ဘယ်လောက်လဲ။ ဒီလောက်စွမ်းအားမျိုးနဲ့ဆိုရင် မင်းက အနည်းဆုံးတော့ အဆင့် ၁၀ ပလက်ဖောင်းတွေကို ရှင်းလင်းနိုင်တဲ့ ရထားမောင်းနှင်သူ တစ်ယောက် ဖြစ်သင့်တယ်။ မင်းက ဘာလို့ ဒီနေရာကို ရောက်လာရတာလဲ။ ထားလိုက်ပါတော့၊ အခု မင်းထွက်သွားမယ်ဆိုရင် မင်းကို ငါ ထပ်ပြီး အရေးယူတော့မှာ မဟုတ်ဘူး"
ရဲချီယန် က ရယ်ချင်သွားလေ၏။
ထွက်သွားရမယ်။ အရေးမယူဘူး ဟုတ်လား။
ဘယ်လောက်တောင် ထူးဆန်းလိုက်သလဲ။
ယခုအချိန်တွင် အရေးနိမ့်နေပုံရသူမှာ သူမဟုတ်သည်က ထင်ရှားနေသည်မဟုတ်လော။
"အီဗ် ၊ အကန့်အသတ်ကျော်လွန် မုဒ်"
အပိုစကားတွေ ပြောမနေတော့ဘဲ အီဗ် က ခလုတ်ကို ဆွဲလိုက်လေတော့သည်။
တိုက်ခိုက်မှုအမြန်နှုန်းက နှစ်ဆ မြင့်တက်သွား၏။
အီဗ်က အခြားသေနတ်များ အသုံးပြုခြင်းကို ရပ်တန့်လိုက်သည်။
မဟာကရုဏာ စက်သေနတ်ကြီးနှင့် ခြောက်ပြောင်းလှည့် ရေခဲသွေးကြော အလင်းတန်း အမြောက်တို့က အပြင်းအထန် ပစ်ခတ်တိုက်ခိုက်တော့၏။
ထိုလူက သူ၏လက်ကို မြှောက်လိုက်လေသည်။
အနက်ရောင် သံမဏိ စက်ယန္တရား ဒိုင်းလွှားတစ်ခုက သူ၏ရှေ့တွင် ပေါ်လာကာ တိုက်ခိုက်မှုအားလုံးကို တားဆီးလိုက်လေ၏။
"ငါ မင်းကို အခွင့်အရေးပေးခဲ့ပေမဲ့ မင်းက မလိုချင်ဘူးပုံရတယ်"
ထိုလူ၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။
အဆုံးတွင်တော့ သူက ကောင်းကင်ယံမှ စက်ယန္တရားနဂါးကြီးကို အလွန် ဒုက္ခပေးနိုင်သည်ဟု ခံစားရသောကြောင့်သာ စောစောက စကားများကို ပြောဆိုခဲ့ခြင်း ဖြစ်လေသည်။ တိုက်ပွဲတစ်ခုအတွက် သူ၏ အင်အားအားလုံးကို အကုန်အကျခံနေမည့်အစား သူတည်ဆောက်ထားသော အစာကျွေးသည့် ထောင်ချောက်ထဲသို့ နောက်ထပ် ရထားမောင်းနှင်သူ တစ်ယောက် ဝင်ရောက်လာရန် စောင့်ဆိုင်းနေခြင်းက ပို၍ လွယ်ကူပေလိမ့်မည်။
၎င်းက သူ၏ အစီအစဉ်နှင့် မကိုက်ညီသောကြောင့်သာ ဖြစ်ပြီး သူ ကြောက်ရွံ့နေသည်ဟု မဆိုလိုပေ။
လုံးဝကို ဆန့်ကျင်ဘက်ပင်။
"ကောင်လေး၊ မင်းက ထွက်မသွားချင်မှတော့ မင်းဘေးနားက ဒီစက်ရုပ်တွေနဲ့အတူ နတ်ဆိုးတွေအတွက် အစားအစာ ဖြစ်သွားလိုက်တော့။ ရထားမောင်းနှင်သူ ဘောရစ်ဖြစ်တဲ့ ငါ့ရဲ့လမ်းခရီးအတွက် နင်းကန်ရာ ကျောက်တုံးတစ်ခု ဖြစ်သွားလိုက်စမ်း။ စိတ်မပူပါနဲ့၊ နောင်အနာဂတ်မှာ မင်းကို မကြာခဏ ပေါ်လာအောင် ငါ သေချာပေါက် လုပ်ပေးမှာပါ"
ဘောရစ်ဟု အမည်ရသော ထိုလူက နတ်ဆိုး ကတ်ပြား ကို မြှောက်ကိုင်လိုက်ရာ သူ၏ စိတ်စွမ်းအား များက အဆက်မပြတ် ကျဆင်းသွားလေတော့သည်။
အပေါက်အပြဲများဖြင့် ပြည့်နှက်နေသော ဤမြေပြင်ကို အစိမ်းရောင် အလင်းတန်းတစ်ခုက ဖုံးလွှမ်းသွား၏။
မြေပြင်အနှံ့အပြားတွင် တွေ့မြင်ရသော အကျိအချွဲများက ဆူပွက်ကာ လှုပ်ခတ်လာတော့သည်။
ဘောရစ်က အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်လေ၏။
"ထကြွလာခဲ့စမ်း၊ ငါ့ရဲ့ တပ်မတော်ကြီး"
ယခင်က သာမန်လူသားများ သို့မဟုတ် မကောင်းဆိုးဝါးများနှင့် မတူဘဲ
ယခုတစ်ကြိမ်တွင်မူ
မာကျောသော ကျောက်ဆင်းတု မကောင်းဆိုးဝါးများ၊ ထူထဲသော သံချပ်ကာများ ဝတ်ဆင်ထားသည့် အထက်တန်းလွှာ ဂေါ်ဘလင် စစ်သည်တော် တပ်ဖွဲ့၊ စက်ယန္တရားတစ်ဝက်ပါသော မျောက်လူဝံများနှင့် ကောင်းကင်သို့ ပျံတက်သွားသော သွေးစုပ်ဖုတ်ကောင်များ။
ထိုနတ်ဆိုးကတ်ပြား၏ ဝါးမျိုခံရသော အထက်တန်းလွှာ မကောင်းဆိုးဝါးများက အကျိအချွဲများထဲမှ ထွက်ပေါ်လာကြလေ၏။
ဤမကောင်းဆိုးဝါးများထဲတွင် အခြားသူများနှင့် သိသိသာသာ ကွဲပြားခြားနားနေသော အဆင့်မြင့် သက်ရှိအချို့ကိုလည်း တွေ့မြင်နိုင်ပေသည်။
၎င်းတို့မှာ သာမန် ဘူတာရုံကမ္ဘာများရှိ ပလက်ဖောင်း ဘော့စ်များနှင့် သိပ်မကွာခြားလှပေ။
"အခုရော ကောင်လေး၊ ထွက်မပြေးခဲ့မိတဲ့အတွက် နောင်တရနေပြီလား"
နောင်တ ဟုတ်လား။
သူက ဘယ်လိုလုပ်ပြီး နောင်တရမည်နည်း။
ရဲချီယန် ၏ လက်ရှိ အတွေးကတော့။
တစ်ခုတည်းသာ ရှိလေသည်။
ထိုအရာကတော့။
"ဒီ နတ်ဆိုး ကတ်ပြားက တကယ်ကို စိတ်ဝင်စားစရာကောင်းတာပဲ"
"ဒီလောက်များပြားနေမှတော့ အတော်ပဲပေါ့"
ပျားအုံရထားတွဲ ပွင့်သွားလေ၏။
များပြားလှသော အပ်ကြီးပျားများ ပျံထွက်လာပြီး ထိုမကောင်းဆိုးဝါးများနှင့် စတင် တိုက်ခိုက်ကြတော့သည်။
အပ်ကြီးပျား တစ်ကောင်တည်း၏ စွမ်းအားက အထက်တန်းလွှာ မကောင်းဆိုးဝါးတစ်ကောင်ကို ယှဉ်နိုင်မည် မဟုတ်သော်ငြားလည်း။
၎င်းတို့၏ အရေအတွက်မှာ နွားတစ်ကောင်ရှိ အမွေးအမျှင်များကဲ့သို့ များပြားလှပေ၏။
ဒါက စစ်ပွဲတစ်ခုပဲ။
မကောင်းဆိုးဝါးများနှင့် မကောင်းဆိုးဝါးများကြားက စစ်ပွဲတစ်ခု။
ရထားတွဲ တံခါးပွင့်သွားပြီး ရဲချီယန်က ဝေါလီ ကို အတွင်းသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ထည့်လိုက်လေသည်။
အမိန့်တစ်ချက် ပေးလိုက်ပြီးနောက် အီဗ်က ပတ်ဝန်းကျင်ရှိ အထက်တန်းလွှာ မကောင်းဆိုးဝါးများကို ပစ်မှတ်ထားလိုက်၏။
အကန့်အသတ်ကျော်လွန် မုဒ်ကို အသက်သွင်းလိုက်ပြီးနောက် အီဗ် ၏ အမြန်နှုန်းအားလုံးမှာ နှစ်ဆဖြစ်သွားကာ မူလက ကုန်ကျရမည့် ကျည်ဆန်များကိုလည်း တိုက်ရိုက် ကင်းလွတ်ခွင့် ပေးလိုက်လေသည်။
ဒေါသကြမ်း လျှပ်စီးလှံရှည် များက အဆက်မပြတ် ပစ်ခတ်နေတော့၏။ ခြောက်ပြောင်းလှည့် ရေခဲသွေးကြော အလင်းတန်း အမြောက် နှင့် မဟာကရုဏာ စက်သေနတ်ကြီး တို့၏ တိုက်ခိုက်မှုအရှိန်အဟုန်မှာ အထက်တန်းလွှာ မကောင်းဆိုးဝါး အုပ်စုတစ်စုအတွက်ပင် ခံနိုင်ရည်ရှိရန် ခက်ခဲလှပေသည်။
ခရုပတ်ပုံသဏ္ဍာန် မီးတောင်ဝကဲ့သို့ အပေါက်ကြီးများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေသည်။
ယဇ်ပလ္လင်ပေါ်တွင် ပွဲကြည့်ရန် စောင့်ဆိုင်းနေသော ဘောရစ်မှာ ဤအခြေအနေကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာအမူအရာက သိသိသာသာ မှောင်မိုက်သွားတော့၏။
ကောင်းကင်ယံတွင် လှည့်ပတ်ပျံသန်းနေသော စက်ယန္တရားနဂါးကြီးကို တစ်ချက်လှမ်းကြည့်လိုက်ကာ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက်။
သူက ဤမကောင်းဆိုးဝါးများထဲမှ အဆင့်မြင့် သက်ရှိအားလုံးကို စေလွှတ်လိုက်လေတော့သည်။
အဆင့် ၇ ဘူတာရုံတစ်ခုတွင် ပလက်ဖောင်း ဘော့စ်များအဖြစ် လုပ်ဆောင်နိုင်စွမ်းရှိသော ဤမကောင်းဆိုးဝါး အနည်းငယ်က စစ်မြေပြင်ထဲသို့ ဝင်ရောက်လာကြ၏။
အနက်ရောင် ကျောက်ဆင်းတု မကောင်းဆိုးဝါးများထဲမှ တစ်ကောင်က အီဗ် ထံသို့ ပြေးဝင်ရန် ကြိုးစားလာသော်လည်း။
အား။
နတ်ဆိုးကတ်ပြားမှ ဆင့်ခေါ်သော စုန်းမ နှင့်အတူ သေမင်းတရားက ဤစစ်မြေပြင်တစ်ခွင်သို့ ပျံ့နှံ့သွားလေတော့သည်။
မကောင်းဆိုးဝါးအမြွှာဖြစ်သော ကျီးကန်းနတ်ဆိုး နှင့် စုန်းမ တို့က ကမ္ဘာလောကကြီးထံသို့ ထွက်ပေါ်လာကြချေပြီ။
ကျီးကန်းနတ်ဆိုး က ၎င်း၏ ခြေသည်းများဖြင့် အနက်ရောင် ကျောက်ဆင်းတု မကောင်းဆိုးဝါးကို ကန်ကျောက်လိုက်၏။
အနက်ရောင် ငှက်မွေးမုန်တိုင်းတစ်ခုက ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းတိုက်ခတ်သွားလေသည်။
၎င်းတို့နှစ်ကောင်က တစ်နေရာတည်းတွင် အပြန်အလှန် တိုက်ခိုက်နေကြတော့သည်။
ရဲချီယန် ၏ ကိုယ်ပိုင် စိတ်စွမ်းအား တိုးတက်လာသည်နှင့်အမျှ ကျီးကန်းနတ်ဆိုး ၏ စွမ်းအားကလည်း တည်ငြိမ်စွာ မြင့်တက်လာနေ၏။
ကျောက်ဆင်းတု မကောင်းဆိုးဝါးမှာ လုံးဝ ပြိုင်ဘက်မဖြစ်နိုင်သည်က ရှင်းလင်းစွာ မြင်တွေ့နေရလေသည်။
အခြား အဆင့်မြင့် သက်ရှိတစ်ကောင်က အထက်တန်းလွှာ ဂေါ်ဘလင် တပ်ဖွဲ့ကို ဦးဆောင်ကာ ရဲချီယန် ကို တိုက်ရိုက် တိုက်ခိုက်ရန် ရည်ရွယ်လာ၏။
သူ၏ဘေးတွင် အစောင့်အရှောက်အဖြစ် ရှိနေသော လီဆက် က သူမ၏ သခင်ဖြစ်သူအား ကျော့ရှင်းစွာဖြင့် ဒူးညွှတ်အရိုအသေပေးလိုက်လေသည်။
ချက်ချင်းဆိုသလိုပင်။
နာရီ၊ မိနစ်၊ စက္ကန့်။
သူမ၏ ကျောဘက်တွင် လက်နက်သုံးခု ထွက်ပေါ်လာတော့၏။
ပျံသန်းနေသော လှံများ၊ လေထဲတွင် တွဲလောင်းကျနေသော ဦးခေါင်းခွံဖောက် ဓားများနှင့် နာရီလက်တံ၏ တဂျစ်ဂျစ် မြည်သံတိုင်းနှင့်အတူ ဂေါ်ဘလင် များ၏ ခန္ဓာကိုယ်များက အဆပေါင်းများစွာ အိုမင်းရင့်ရော်သွားကြလေသည်။
သူတို့က ရဲချီယန် အနီးသို့ လက်တစ်ဆစ်မျှပင် တိုးကပ်မလာနိုင်ကြပေ။
ကျန်ရှိနေသော အဆင့်မြင့် သက်ရှိ နှစ်ကောင်အတွက်မူကား။
ထို ထိတ်လန့်ဖွယ်ကောင်းသော စက်ယန္တရား မျောက်လူဝံကြီးက ရထား ကို တိုက်ခိုက်ချင်နေခဲ့၏။ ရယ်စရာကောင်းစွာဖြင့် ၎င်းက ချမ်းသာကြွယ်ဝမှု ဒိုင်းလွှာ နှင့် မျက်နှာချင်းဆိုင် ဝင်တိုက်မိသွားကာ ထို့နောက်တွင် ၎င်း၏ ခန္ဓာကိုယ်က နီးကပ်လာသော ကမ္ဘာပျက် လွန်ပူ၏ ထိုးဖောက်လိမ်ချိုးခြင်းကို ခံလိုက်ရလေသည်။ ယခုအခါတွင်မူ ၎င်းက လွန်ပူအောက်တွင် တစ်စစီ ကြေမွပွန်းပဲ့နေဆဲပင် ဖြစ်တော့သည်။
နောက်ဆုံးတစ်ကောင်အနေဖြင့်မူကား
ကောင်းကင်ယံတွင် ပျံသန်းနေသော သွေးစုပ်ဖုတ်ကောင် တဲ့လား။
ရဲချီယန် က ၎င်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီး အီဘိုနီကို တိတ်ဆိတ်စွာ ဆွဲထုတ်လိုက်လေ၏။
သူ၏ လက်ဖျောက်တစ်ချက် တီးလိုက်မှုနှင့်အတူ ရထား လက်နက်ကိရိယာ၊ လေပိုင်နက် ရှင်းလင်းရေး က အသက်ဝင်လာတော့သည်။
စူးရှသော သတိပေးသံကြီး ထွက်ပေါ်လာ၏။
တလက်လက် တောက်ပနေသော အနီရောင် အာမေဍိတ် အမှတ်အသားများနှင့်အတူ ဧရာမ သွေးရောင် အမိုးခုံးကြီးတစ်ခုက ဤနေရာတွင် ရုပ်လုံးပေါ်လာလေသည်။
ရှင်းလင်းပစ်စမ်း။
လေထဲရှိ ရန်သူ့တပ်ဖွဲ့ဝင်များက တစ်ကောင်ပြီးတစ်ကောင် ပြုတ်ကျလာကြတော့၏။
အီဘိုနီ ၏ သေနတ်ပြောင်းဝက။
ထို သွေးစုပ်ဖုတ်ကောင် ရထားမောင်းနှင်သူ ဆီသို့ ချိန်ရွယ်လိုက်လေသည်။
[ သေနတ်သံ တရားစီရင်ခြင်း မော်ဂျူး ]
[ သစ္စာဖောက်မှု၊ အပြစ်ကင်းစင်သူကို အပြစ်ပေးခြင်း ၊ ဘုရားသခင်အပေါ် ယုံကြည်မှု ]
[ တရားစီရင်ခြင်း ]
[ မင်းမှာ အပြစ်ရှိတယ် ]
သေနတ်သံတစ်ချက် ထွက်ပေါ်လာ၏။
သွေးစုပ်ဖုတ်ကောင် ၊ သေဆုံးသွားချေပြီ။
ဒီအရာက သတ်ဖြတ်ဖို့အတွက်တော့ အကောင်းဆုံးဖြစ်နေဆဲပဲ။