အခန်း ၂၂၇
Vol. 22 Ch. 227
အခန်း (၂၂၇) နှစ်ဆယ့်သုံးခုမြောက် မှတ်တိုင်နှင့် အပိုဆုလာဘ်များ
"ဒါဆို ဒီဘူတာကနေ ဘယ်လိုထွက်သွားရမလဲ၊ မင်းကို သတ်ပစ်ရမလား"
တာဝန် ပလက်ဖောင်းပေါ်ရှိ တာဝန်မှာ မပြီးဆုံးသေးပေ။
လူတစ်ယောက်ကို သတ်လိုက်ရုံဖြင့် မရိုးရှင်းကြောင်းကို ရဲချီယန်က သေချာပေါက် သိရှိထားပြီး ဖြစ်လေ၏။
သူက သူမကို တမင်သက်သက် ခြောက်လှန့်နေခြင်းသာ ဖြစ်သည်။
ထင်ထားသည့်အတိုင်းပင် ဤစကားကို ကြားလိုက်ရသောအခါ ဖုန်းဖုန်းမှာ ချက်ချင်းဆိုသလို ဖြူလျော့ထိတ်လန့်သွားတော့၏။
သူမက ခေါင်းကို အသည်းအသန်ခါယမ်းပြလေသည်။
"မဟုတ် မဟုတ်ပါဘူး၊ ပလက်ဖောင်းကနေ ထွက်သွားဖို့က ဟိုလေ ကျွန်မက အစ်ကိုကြီးကို အကူအညီလေးတစ်ခု တောင်းချင်လို့ပါ၊ အာ တကယ်လို့ အစ်ကိုကြီးက မကူညီချင်ဘူးဆိုရင်လည်း ရပါတယ်"
သူမ အမှန်တကယ်ပင် ကြောက်ရွံ့နေခဲ့ချေပြီ။
နတ်ဆိုး ကတ်ပြားများ ဝန်းရံထားခြင်းခံရသူတစ်ဦးမှာ နောက်ပြောင်တတ်မည့်သူမျိုးနှင့် လုံးဝ မတူညီပေ။
"ပြောစမ်း၊ ဘာကူညီပေးရမှာလဲ၊ ပြီးတော့"
ရဲချီယန်က ဖုန်းဖုန်းကို လက်ယပ်ခေါ်လိုက်လေ၏။
"ဆုကြေးကရော ဘာပေးမှာလဲ"
"တကယ်တော့ အတော်လေး ရိုးရှင်းပါတယ် ကျွန်မရဲ့ ချိတ်ပိတ်ထားမှုကို အစ်ကိုကြီး ကူညီပြီး ဖြည်ပေးဖို့ပါပဲ၊ ဆုကြေးအနေနဲ့ကတော့"
သူမက အိတ်ကပ်ထဲမှ ကြယ်သီးတစ်လုံးကို ထုတ်ယူလိုက်လေသည်။
"ဒီအထဲမှာ ကျွန်မ တိတ်တဆိတ် ဖွက်ထားတဲ့ ရထားဒင်္ဂါး အပြား တစ်ရာတိတိ ရှိပါတယ်၊ အစ်ကိုကြီးက ချိတ်ပိတ်မှုကို ကူညီဖြည်ပေးတာနဲ့ ဒီကြယ်သီးပေါ်က ကန့်သတ်ချက်လည်း ပွင့်သွားပြီး အထဲက ရထားဒင်္ဂါးတွေ အစ်ကိုကြီးပိုင် ဖြစ်သွားမှာပါ"
တစ်ရာတဲ့လား။
အဆင့် ၈ ပလက်ဖောင်းတစ်ခုနှင့် ထိုက်တန်သည်ဟု ဆိုရမည်လော။
အစကတည်းက ဤမျှလောက် ရက်ရောနေလေ၏။
သို့သော် ချိတ်ပိတ်မှု ဟုတ်လား။
သူ့လက်ထဲတွင် မွန်ရိုးဂျီနာထံမှ ရရှိထားပြီး ယခုတိုင် ဖြေရှင်းရန် နည်းလမ်းမရှာတွေ့သေးသော ချိတ်ပိတ်ခြင်း သေတ္တာတစ်ခု ရှိနေဆဲပင် ဖြစ်သည်။
သူ့ကို ကူညီခိုင်းရန်မှာ သူကိုယ်တိုင်၌ ထိုသို့စွမ်းဆောင်နိုင်စွမ်း ရှိမှသာ ဖြစ်ပေမည်။
သူက မျက်ရည်နီ ယူဆောင်လာပေးသော ကြယ်သီးကို လှမ်းယူလိုက်ကာ လက်ထဲတွင် အကြိမ်အနည်းငယ် ချိန်ဆကြည့်လိုက်ပြီး မြေပြင်ပေါ်မှ ထရပ်ကာ ပြုံးဖြဲဖြဲလုပ်နေသော မိန်းကလေးငယ်ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်လေ၏။
"မင်း ဒီ ပလက်ဖောင်းမှာ နေလာတာ ဘယ်နှနှစ်ရှိပြီလဲ"
"သိပ်မကြာသေးပါဘူး၊ ဆယ့်ကိုးနှစ်လောက်ပဲ ရှိဦးမယ်၊ ဘာဖြစ်လို့လဲ အစ်ကိုကြီး"
"ငါ့ကို အစ်ကိုကြီးလို့ မခေါ်နဲ့၊ ငါ့နာမည်က ရဲချီယန်ပဲ"
ချိတ်ပိတ်မှုကို ဖြေရှင်းရန်အတွက် သူက အလျင်စလို မရှိခဲ့ပေ။
သူ အလွန်ပင်ပန်းနေခဲ့ပြီဖြစ်ရာ ရထားထဲသို့ ပြန်သွားကာ ချက်ချင်း အိပ်ပျော်သွားလေတော့သည်။
ညချမ်းအချိန်ရောက်ခါနီးမှသာ သူ အိပ်ရာမှ နိုးထလာခဲ့၏။
သူ၏ ကိုယ်ရေးအချက်အလက်များကို တစ်ချက် ကြည့်လိုက်လေသည်။
သူ၏ စိတ်စွမ်းအားများ အပြည့်အဝ ပြန်လည်ပြည့်ဖြိုးနေပြီဖြစ်ကာ ကိုယ်ခံစွမ်းအားမှာလည်း အခြေအနေ ကောင်းမွန်နေချေပြီ။
သူက သက်တောင့်သက်သာ အကြောဆန့်လိုက်ကာ လီဆက် ပြင်ဆင်ပေးသော ညစာကို စားသုံးလိုက်ပြီး ဝေါလီ ဖန်တီးပေးသော သစ်သီးဖျော်ရည်ကို သောက်သုံးကာ ကိုယ်လက်သန့်စင်ပြီးနောက် ရထားထဲမှ လျှောက်ထွက်လာလေ၏။
"မင်း ဘာလုပ်နေတာလဲ"
ရထားတံခါးမှ အထွက်တွင်ပင် သူမကို မြင်လိုက်ရလေသည်။ ဘယ်ကနေ ရလာမှန်းမသိသော အဝါရောင် အန္တရာယ်ကင်း ဦးထုပ်တစ်လုံးကို ဆောင်းထားကာ သူမ၏ နာမည်ကဲ့သို့ပင် ညင်သာသော လေပြေလေညင်းများကို အသုံးပြု၍ အပြင်ဘက်၌ ကုန်တိုက်ပုံစံ ယိမ်းယိုင်နေသော အဆောက်အအုံတစ်ခုကို ယာယီ တည်ဆောက်နေခြင်း ဖြစ်၏။
"ကုန်တိုက်ကို ပြန်လည်တည်ဆောက်နေတာပါ"
ဖုန်းဖုန်းက နဖူးမှ ချွေးများကို သုတ်လိုက်ကာ ပြုံးပြလေသည်။
"ကျွန်မတို့ အခုပဲ ချိတ်ပိတ်မှုကို ဖြေဖို့ ကြိုးစားကြည့်ရအောင်လား၊ စိတ်မပူပါနဲ့ မခက်ခဲပါဘူး၊ အစ်ကို သေချာပေါက် လုပ်နိုင်မှာပါ"
ရဲချီယန်က တိကျသော အဖြေမပေးဘဲ ဖုန်းဖုန်းက သူမ၏ ကိုယ်ပိုင် နေရာလွတ်ထဲမှ အစိမ်းရောင် ကျောက်မျက်ရတနာတစ်ခုကို ထုတ်ယူကာ ကမ်းပေးလာသည်ကိုသာ စောင့်ကြည့်နေလိုက်၏။
စနစ်၏ ခွဲခြားသတ်မှတ်မှုအရ—
【ခိုင်ခံ့သော ဇူးမား ချိတ်ပိတ် ကျောက်တုံး】
ဤကျောက်မျက်ရတနာအတွင်း၌ ရထားတွဲ တစ်တွဲတည်းသာ ပါဝင်သော ပုံစံငယ် ရထားတစ်စင်း တည်ရှိနေလေသည်။
"ဒါက ကျွန်မရဲ့ ရထားပါ၊ ဒီကျောက်တုံးကို ဖွင့်ပေးဖို့ အစ်ကို့ကို အကူအညီတောင်းချင်လို့ပါ၊ ဘယ်နည်းလမ်းနဲ့ဖြစ်ဖြစ် ရပါတယ်၊ ခွဲဖွင့်လိုက်လည်း ရပါတယ်၊ ဟို ဓားနဲ့ပဲဖြစ်ဖြစ် ဒါမှမဟုတ်"
သူမက မလှမ်းမကမ်းတွင် နားနေသော အမဲလိုက် စက်ယန္တရားနဂါးကြီးကို လက်ညှိုးထိုးပြလေ၏။
ခွဲဖွင့်ရမယ် ဟုတ်လား။
စွဲထင်နေသောမျက်ရည် ဓားက သေချာပေါက် ပြုလုပ်ပေးနိုင်စွမ်း ရှိပေသည်။
နေပါဦး။
ရဲချီယန်ထံတွင် ရုတ်တရက် ပို၍ ရိုးရှင်းသော နည်းလမ်းတစ်ခု ရှိလာခဲ့၏။
သူက လက်နက်တပ်ဆင်မှု နေရာလွတ်ထဲမှ ထာဝရ ဖြတ်တောက်သူကို ထုတ်ယူလိုက်လေသည်။
【ထာဝရ ဖြတ်တောက်သူ】
【စွမ်းရည် မရှိပါ】
သူက ၎င်းကို ဝှေ့ယမ်းလိုက်ရာ—
ငွေရောင်သန်းသော ကြယ်မှုန်အလင်းတန်းတစ်ခုက ချိတ်ပိတ်ကျောက်တုံးပေါ်သို့ ကျဆင်းသွားလေ၏။
တဒင်ဒင် မြည်သံလေးတစ်ခုနှင့်အတူ—
ကျောက်တုံးက အက်ကွဲသွားတော့သည်။
အလင်းရောင်နှင့်အတူ။
အနိမ့်ဆုံး အဆင့်ရှိ ရထားတွဲ တစ်တွဲတည်းအဖြစ်သာ တည်ရှိနေသော ထို သာမန် ရထားက ရဲချီယန်၏ မျက်စိရှေ့မှောက်တွင် ရုပ်လုံးပေါ်လာလေ၏။
ချိတ်ပိတ်မှု ပျက်ပြယ်သွားသည့် တစ်ချိန်တည်းမှာပင် ကြယ်သီးမှာလည်း အက်ကွဲသွားကာ ၎င်းအတွင်း၌ ပါဝင်သော ရထားဒင်္ဂါး တစ်ရာက အိတ်တစ်လုံးဖြင့် ထုပ်ပိုးလျက်သား ထွက်ကျလာတော့သည်။
"ဒါက မင်းရဲ့ ရထားလား"
ရဲချီယန်က မည်သည့် ထူးခြားမှုမျှ လုံးဝမရှိသော ဤ ရထားကို စေ့စေ့စပ်စပ် ကြည့်ရှုလိုက်လေ၏။
"အဆင့် ၈ တဲ့လား"
ဤမျှ သာမန်ဆန်လွန်းသော ရထားတစ်စင်းအတွက် ဤလောက်အထိ အားထုတ်ကြိုးပမ်းခဲ့ရသည်မှာ အနည်းငယ် နှမြောစရာ ကောင်းလွန်းနေပေသည်။
ဒီ ရထားထဲမှာ တခြား ဘာတွေရှိနေသေးလို့လဲ။
"အင်း၊ ခဏလေး စောင့်ပါဦး အစ် အာ မဟုတ်ဘူး ဧည့်သည်"
ဖုန်းဖုန်းက တစ်ခုခုကို ပြုပြင်ရန် ရထားထဲသို့ ဝင်သွားလေ၏။ ရဲချီယန်က သိပ်ပြီး အာရုံမစိုက်နေတော့ဘဲ သူ၏ နောက်ထပ် ရထားအဆင့်မြှင့်တင်မှု ကိစ္စရပ်များအတွက် တွက်ချက်နေခဲ့ချေပြီ။
ဒီတစ်ရာကိုပါ ထည့်တွက်လိုက်လျှင် သူ၏ ရထားဒင်္ဂါး အရေအတွက်မှာ သုံးရာဝန်းကျင်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ယနေ့၏ ချမ်းသာကြွယ်ဝမှု ဒိုင်းလွှာထံမှ ဒင်္ဂါးငါးပြားကိုပါ ရယူပြီးနောက် အဆင့်မြှင့်တင်ရန် ရရှိနိုင်သော ပမာဏမှာ သုံးရာကျော်အထိ ရောက်ရှိသွားလေ၏။
အဆင့်မြှင့်တင်မှု တစ်ကြိမ်အတွက် ဒင်္ဂါးသုံးရာဆိုတော့ သူ တွက်ဆကြည့်လိုက်လျှင် သူ၏လက်ထဲတွင် ဘာမှ ကျန်တော့မည်မဟုတ်ကြောင်း သိလိုက်ရသည်။
"အဆုံးမှာတော့ ဆင်းရဲမွဲတေတဲ့ ဘဝပါပဲလား ဟင်း"
သူက ထိုသို့ပြောလိုက်သော်ငြားလည်း သူ၏မျက်နှာပေါ်တွင် မပျော်ရွှင်သော အရိပ်အယောင် အနည်းငယ်မျှ မတွေ့ရပေ။
ပွီ— ရထား ဥသြဆွဲသံတစ်ခု ထွက်ပေါ်လာလေ၏။
ယင်းမှာ ဖုန်းဖုန်း၏ ရထားထံမှ ထွက်ပေါ်လာသော အသံပင် ဖြစ်သည်။
ရထားတံခါးက နောက်တစ်ကြိမ် ပွင့်လာခဲ့၏။
သို့သော် ၎င်းအတွင်းမှ ထွက်လာသူမှာ မိန်းကလေးငယ်၏ ပုံရိပ် မဟုတ်တော့ပေ။
"ဟင်"
သူ၏ရှေ့တွင် ရုတ်တရက် ပေါ်လာသော စိမ်းသက်နေသည့် ပုံရိပ်ကြောင့် ရဲချီယန်မှာ အလွန်ပင် ရှုပ်ထွေးသွားလေတော့သည်။
သို့သော်လည်း။
"ဖုန်းဖုန်းလား"
စောစောက ရထားထဲသို့ ဝင်သွားစဉ်က မိန်းကလေးငယ်၏ ပုံသဏ္ဍာန်နှင့် မတူညီတော့ဘဲ။
ယခုအခါ သူမက လုံးဝကို ရင့်ကျက်သော အမျိုးသမီးကြီးတစ်ဦး ဖြစ်နေချေပြီ။
သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများနှင့် အဆင်တန်ဆာများသာ မဟုတ်လျှင် သူက သူမကို တကယ်ပင် မှတ်မိနိုင်မည် မဟုတ်ပေ။
"ဒီပုံသဏ္ဍာန်ရဲ့ နာမည်က ဖုန်းလီဒါ ပါ၊ ကျေးဇူးတင်ပါတယ် ဒါက ကျွန်မရဲ့ အစစ်အမှန် ခန္ဓာကိုယ်ပါ"
သူမက လူသားတစ်ဦးမဟုတ်ဘဲ လေဓာတ်များ စုစည်းမှုဖြင့် အမှန်တကယ် ဖွဲ့စည်းထားသော သဘာဝစွမ်းအင် သက်ရှိတစ်ဦးပင် ဖြစ်လေ၏။
"ကျေးဇူးပြုပြီး ဒါလေးကို လက်ခံပေးပါ"
တက်ကြွလန်းဆန်းနေသော အစိမ်းရောင် ကျောက်မျက်ရတနာတစ်ခုကို ညင်သာသော လေပြေလေးက သယ်ဆောင်လာပေးလေသည်။
【လေဓာတ်၏ ကျေးဇူးတုံ့ပြန်မှု (အဆင့် ၈)】
【သင် လေကို လိုအပ်သောအခါ ကျေးဇူးပြု၍ ၎င်းကို အသုံးပြုပါ၊ ၎င်းက သင့်အတွက် ထိန်းချုပ်နိုင်သော မုန်တိုင်းတစ်ခုကို ယူဆောင်လာပေးပါလိမ့်မည်။】
မမျှော်လင့်ထားသော ဆုလာဘ်တစ်ခုကို အမှန်တကယ်ပင် ရရှိလိုက်လေ၏။
သူ၏ ပထမဆုံးသော အဆင့် ၈ ပလက်ဖောင်းအတွက် အဆင့် ၈ ပစ္စည်းတစ်ခုကို ရရှိလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။
ဖုန်းဖုန်းက သူ့ကို သူငယ်ချင်းဖွဲ့ရန် တောင်းဆိုလာရာ ရဲချီယန်က မငြင်းဆန်ခဲ့ပေ။
ချိတ်ပိတ်မှု ပျက်ပြယ်သွားပြီး သူမ၏ ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်လာပြီဖြစ်ရာ သူမက ဤနေရာတွင် ဆက်နေကာ ကုန်တိုက်ကို ပြန်လည်တည်ဆောက်ပြီး ဤ ပလက်ဖောင်းကို ယခင်က အရှိန်အဝါအတိုင်း ပြန်လည်ရောက်ရှိစေလိုပေသည်။
ယခုတစ်ကြိမ် နတ်ဆိုး ကတ်ပြားများ မရှိတော့သဖြင့် ဤနေရာသို့ လာရောက်၍ ပြဿနာရှာမည့်သူ ရှိတော့မည် မဟုတ်ပေ။
ရထားမောင်းနှင်သူများ၏ ဦးခေါင်းများဖြင့် တည်ဆောက်ထားသော ထို ကျင်းကွမ်းများမှာ အမဲလိုက် စက်ယန္တရားနဂါး၏ တိုက်ခိုက်မှုတစ်ချက်တည်းဖြင့် လုံးလုံးလျားလျား ပျက်စီးသွားခဲ့ချေပြီ။
ကျန်ရစ်နေသော အပိုင်းအစ အနည်းငယ်ကို ရဲချီယန်က စုဆောင်းကာ လုပ်ငန်းစဉ်ခုံမှတစ်ဆင့် ပြန်လည်အသုံးပြုလိုက်ရာ အခြေခံ ကုန်ကြမ်းအချို့အပြင်၊
အဆင့် ၅ ရထားကို အဆင့် ၆ သို့ အဆင့်မြှင့်တင်ရန်အတွက် အထူးပစ္စည်းတစ်ခုဖြစ်သော ဖုန်းကူးယွမ် စိန်တုံးကို အမှန်တကယ်ပင် ရရှိလိုက်လေ၏။
ဤသည်မှာ နောက်ထပ် မမျှော်လင့်ထားသော ဆုလာဘ်သစ်တစ်ခုပင် ဖြစ်တော့သည်။
အသုံးပြု၍ရသော ကုန်ကြမ်းများကို တတ်နိုင်သမျှ စုဆောင်းပြီးနောက် ဤဘူတာရုံမှ ထွက်ခွာရမည့်အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
နှစ်ရက်တာ အချိန်— ဤသည်မှာ သူ ယခင်က ဖြတ်သန်းခဲ့ဖူးသော မြို့ပြမဟုတ်သည့် ပလက်ဖောင်းများအားလုံးထက် ပိုမို ကြာမြင့်ခဲ့လေသည်။
ပင်ပန်းမှု သိပ်မရှိခဲ့သော်လည်း ဤ ပလက်ဖောင်းများအတွင်းရှိ ပြင်းထန်မှုမှာ တစ်ဟုန်ထိုး မြင့်တက်လာနေကြောင်းကို သူ ခံစားသိရှိနိုင်ပေ၏။
ရထား ဥသြဆွဲသံ ထွက်ပေါ်လာလေသည်။
နောက်ဆုံးကျန်ရစ်သော အပ်ကြီးပျားလေးလည်း ပျားအုံထဲသို့ ပြန်လည်ဝင်ရောက်သွားချေပြီ။
သူ၏ရှေ့ရှိ အလင်းမျက်နှာပြင်ပေါ်တွင် ရဲချီယန်က ဘူတာရုံမှ ထွက်ခွာမည့် ခလုတ်ကို နှိပ်လိုက်လေ၏။
ရှေ့တည့်တည့်တွင် လေဟာနယ် ပုံပျက်သွားမှု ရုပ်လုံးပေါ်လာခြင်းနှင့်အတူ။
ရထားလမ်းပိုင်းများ ရှည်ထွက်သွားကာ ဘီးများက လိမ့်ဆင်းသွားကြတော့သည်။
ပြတင်းပေါက် အပြင်ဘက်ရှိ မြင်ကွင်းက။
တဖြည်းဖြည်း ပြောင်းလဲသွားလေ၏။
ဤဘူတာရုံတွင် ကျန်ရစ်ခဲ့သော ဖုန်းဖုန်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်လေသည်။
ဤနေရာတွင် မည်သူမျှ မရှိတော့ဘဲ သူမ အမှန်တကယ်ပင် အနည်းငယ် ကြောက်ရွံ့ကာ အထီးကျန်နေခဲ့၏။
"ထားလိုက်ပါတော့ ပြန်ဆောက်လိုက်ရင်တောင်မှ တခြားဘယ်သူမှ ရှိမှာမဟုတ်ဘူး ငါကရော စစ်မှန်တဲ့ ရထားမောင်းနှင်သူ တစ်ယောက် သွားလုပ်သင့်သလား"
"သူ့လိုမျိုးပေါ့"
"ငါလည်း အရမ်း အစွမ်းထက်လာမလား မသိဘူး"
"အင်း ကောင်းကင်ယံဥယျာဉ်ကို အရင်သွားတာ ပိုကောင်းမယ်"
"အာဏာလား အင်း"
သူမက အာဏာစွန့်လွှတ်မည့် ရွေးချယ်စရာကို နှိပ်လိုက်လေ၏။
ဖုန်းဖုန်း ကုန်တိုက်ဟု အမည်ရသော ဤ ပလက်ဖောင်းမှာ ဖုန်းဖုန်းကို လက်လွှတ်ဆုံးရှုံးသွားခဲ့ချေပြီ။
၎င်းက စတင် ပြန့်ကျဲကွဲကွာသွားကာ တဖြည်းဖြည်း ပြိုကွဲသွားတော့မည် ဖြစ်သည်။
တစ်နေ့နေ့တွင် ၎င်းက သေးငယ်ပြီး အဆင့်နိမ့်ကာ လုံးဝ အန္တရာယ်မရှိသော အဆင့်နိမ့် ပလက်ဖောင်းများအဖြစ် လေဟာနယ်ထဲတွင် ပြန့်ကျဲသွားပေလိမ့်မည်။
ဒင် ဒင်
လွင်တီးခေါင်ပြင်သို့ ယခုလေးတင် ပြန်လည်ရောက်ရှိလာသော ရဲချီယန်မှာ မနက်ဖြန်အတွက် ရာသီဥတုအခြေအနေကို စစ်ဆေးရန်ပင် အချိန်မရလိုက်မီ သူငယ်ချင်းထံမှ မက်ဆေ့ချ် အသိပေးသံတစ်ခုက သူ၏နားထဲတွင် ရုတ်တရက် မြည်ဟည်းလာလေ၏။
ဒီလိုအချိန်မျိုးမှာ ဘယ်သူဖြစ်နိုင်မလဲ။
မွန်ရိုးဂျီနာ 【မှော်ဆေးရည်က တစ်ဝက် ပြီးသွားပြီ။ အခု နောက်ဆုံး အချောသတ်ဖို့အတွက် မင်းရဲ့ သွေးနည်းနည်း လိုအပ်နေသေးတယ်။ ဆော်လမွန် မြို့တော်ကို လာချင်လား】
မက်ဆေ့ချ် ပို့ထားသော အချိန်မှာ မနေ့က ဖြစ်လေသည်။