← Chapters

အခန်း ၂၃၄

Vol. 22 Ch. 234

အခန်း ၂၃၄

Vol. 22 Ch. 234

အခန်း (၂၃၄)

"အလုပ်လုပ်ကြစမ်း၊ အလုပ်လုပ်စမ်း"

ဆူးတပ်ထားသော ကြာပွတ်ကို ကိုင်ဆောင်ထားသည့် ဂေါ်ဘလင်တစ်ကောင်က ဗလုံးဗထွေးနှင့် မပီမသဖြစ်နေသော လူစကားဖြင့် အော်ဟစ်လိုက်လေ၏။

ကြာပွတ်က ထိုလူသားများ၏ ခန္ဓာကိုယ်ပေါ်သို့ ရိုက်ခတ်သွားသော်ငြားလည်း သူတို့က အနည်းငယ်မျှပင် ဆန့်ကျင်ခုခံရဲခြင်း မရှိကြပေ။

တစ်ချိန်က လူသားများ ပိုင်ဆိုင်ခဲ့ဖူးသော သူတို့၏ ခြေအောက်ရှိ လွင်တီးခေါင်ပြင်ကို ထွန်ယက်ရန်အတွက် သူတို့၏ ကိရိယာများကိုသာ ထုံထိုင်းစွာ လွှဲယမ်းနေနိုင်ကြတော့၏။

"လူသား၊ လူသားလား"

ဂေါ်ဘလင်တစ်ကောင်က ထူးဆန်းသော အော်ဟစ်သံတစ်ခုကို ပြုလုပ်လိုက်လေသည်။

မကောင်းဆိုးဝါးများက ၎င်း လက်ညှိုးထိုးပြရာ အရပ်မျက်နှာဆီသို့ အကြည့်များကို လှည့်လိုက်ကြချိန်တွင် ရုတ်တရက် ပေါ်ထွက်လာသော ဂြိုဟ်သိမ်ဂြိုဟ်မွှား ပုံသဏ္ဍာန် လွင့်မျောနေသည့် အမြောက်များထံမှ ပစ်ခတ်လိုက်သော အလင်းတန်းများက သူတို့၏ ဦးနှောက်များကို ဖောက်ထွင်းသွားသည်ကိုသာ မြင်တွေ့လိုက်ရတော့၏။

ဤနေရာတွင် ဂေါ်ဘလင်အစောင့်များ သိပ်မများပြားလှပေ။

အသွင်ယူခြင်းကို အသုံးပြု၍ ဤ ပလက်ဖောင်းကမ္ဘာနှင့် ပိုမိုလိုက်ဖက်သော ဝတ်စုံတစ်ခုသို့ ပြောင်းလဲဝတ်ဆင်ထားသော ရဲချီယန်က လူများ၏ မှိုင်တေနေသော အကြည့်များအောက်တွင် တည့်မတ်စွာ လျှောက်လာလေ၏။

"မင်း၊ မင်းက ဘယ်သူလဲ"

"မင်းက မှော်ဆရာတစ်ယောက်လား"

ပိန်လှီကာ ထိပ်ပြောင်နေသော အဘိုးအိုတစ်ဦးက ပထမဆုံး သတိပြန်ဝင်လာခဲ့၏။ သူက တုန်ရီစွာဖြင့် ရှေ့သို့ လျှောက်လာကာ မြေပြင်ပေါ်ရှိ ဂေါ်ဘလင် အစောင့်များကို အကြောက်တရားဖြင့် တစ်ချက်လှမ်းကြည့်လိုက်သော်လည်း သူ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်ကင်းမဲ့မှုများက ပိုမို ပြည့်နှက်နေလေသည်။

"ငါက ဒီနေရာကို ဖြတ်သွားဖြတ်လာတဲ့ ခရီးသွားတစ်ယောက်ပါ။ ဒီမှာ ဘာတွေဖြစ်ခဲ့တာလဲ"

အခြားသူများ၏ မျက်လုံးများတွင်လည်း မျှော်လင့်ချက်ကင်းမဲ့မှုများ ပါဝင်နေလေ၏။

ရဲချီယန်က ဤ ဂေါ်ဘလင်များကို သတ်ဖြတ်လိုက်ခြင်းမှာ ကယ်တင်ခြင်းတစ်ခု မဟုတ်ဘဲ သူတို့ကို ဒုက္ခပေးလိုက်သည့်အလားပင်။

သူတို့၏ ကံကြမ္မာကို လက်ခံလိုက်ပုံရကာ သူတို့က ကိရိယာများကို အောက်သို့ချလိုက်ပြီး မြေပြင်ပေါ်တွင် ထိုင်ချလိုက်ကြတော့၏။

အဘိုးအိုနှင့် သူ့ကို တွဲကူပေးထားသော ကလေးငယ်လေးသာလျှင် စကားပြောဆိုဆက်သွယ်နိုင်စွမ်း ရှိနေသေးသည်။

"ခရီးသွား ဟူး မြန်မြန် ထွက်သွားပါ၊ မြန်မြန်သွားပါ မင်းက ဒီကို လာနိုင်ခဲ့မှတော့ ထွက်သွားဖို့ နည်းလမ်းလည်း ရှိမှာပါ ဒီမှာ မနေပါနဲ့။ မကြာခင်မှာ အဲဒီ မကောင်းဆိုးဝါးတွေက ဒီနေရာက ပုံမှန်မဟုတ်တဲ့ အခြေအနေကို သတိထားမိသွားပြီး သူတို့က နောက်ထပ် မကောင်းဆိုးဝါးတွေကို ချက်ချင်း စေလွှတ်လိုက်လိမ့်မယ်"

သူက ရဲချီယန်ထံမှ အကူအညီတောင်းခံရန် ရည်ရွယ်ချက် လုံးဝ မရှိခဲ့ပေ။ ထိုသို့သော မျှော်လင့်ချက်ကင်းမဲ့မှုမှာ မျှော်လင့်ချက်များကို မြင်တွေ့ခဲ့ရပြီးနောက်တွင် စိတ်ပျက်အားငယ်မှုများနှင့် ရေတွက်၍မရနိုင်လောက်အောင် ကြုံတွေ့ခဲ့ရသော ဖြစ်စဉ်၏ ရလဒ်တစ်ခုအလားပင် ဖြစ်နေတော့၏။

"ငါက ဒီကို ရောက်နေပြီဆိုမှတော့ အနည်းဆုံး ဒီမှာ ဘာတွေဖြစ်ခဲ့လဲ ဆိုတာကိုတော့ ငါ့ကို သိခွင့်ပေးသင့်တယ် မဟုတ်လား။ ထွက်သွားဖို့ ကိစ္စကတော့ ဂေါ်ဘလင် အနည်းငယ်လောက်က ငါ့ကို တားဆီးနိုင်မယ်လို့ ငါ မထင်ဘူး"

အဘိုးအိုက သက်ပြင်းချလိုက်ပြီး မြေပြင်ပေါ်တွင်သာ ထိုင်ချလိုက်လေရာ သူ၏ မျက်နှာအမူအရာတွင် သက်သာရာရမှု အရိပ်အယောင်လေးတစ်ခုပင် ပေါ်လွင်နေခဲ့၏။

"မင်း ထားလိုက်ပါတော့လေ ဟူး၊ ဂေါ်ဘလင်တွေကို အထင်မသေးပါနဲ့။ မြို့စားနယ်က အထက်တန်းလွှာ တပ်ဖွဲ့တွေတောင် သူတို့လက်ထဲမှာ သုံးစရာ အရုပ်လေးတွေ ဖြစ်သွားခဲ့တာ၊ ပြီးတော့ မင်းက တစ်ယောက်တည်းရယ်"

အဘိုးအိုက ဤနေရာတွင် ဖြစ်ပျက်ခဲ့သော ဇာတ်လမ်းကို ပြန်လည်ပြောပြခဲ့လေရာ ဤလူများ ဘာကြောင့် ဤမျှလောက်အထိ မျှော်လင့်ချက်ကင်းမဲ့နေရသနည်း ဆိုသည့် အကြောင်းရင်းကို ရဲချီယန်က သူ၏နှုတ်ခမ်းဖျားမှတစ်ဆင့် သိရှိသွားခဲ့ချေပြီ။

ဤမြို့၏ မူလအမည်မှာ အရေးမကြီးပေ။

အရေးကြီးသည်မှာ ဤနေရာသည် တစ်ချိန်က လူသား မြို့စားနယ်မှ ဂေါ်ဘလင် တပ်မတော်ကြီးကို ခုခံကာကွယ်ရန် အသုံးပြုခဲ့သော ရှေ့တန်းခံတပ်တစ်ခု ဖြစ်ခဲ့ခြင်းပင်။

မူလက မြို့စားနယ်၏ အထက်တန်းလွှာ တပ်ဖွဲ့များကို ဤနေရာတွင် တပ်စွဲထားခဲ့ပြီး ဂေါ်ဘလင်များနှင့် ဆယ်စုနှစ်တစ်ခုကြာအောင် အပြန်အလှန် စစ်ခင်းနေခဲ့ကြခြင်း ဖြစ်၏။

သို့သော် မည်သည့်အကြောင်းကြောင့်မှန်း မသိရပေ။

လွန်ခဲ့သော သုံးလခန့်ကဂေါ်ဘလင်များကို အုပ်ချုပ်သော ဂေါ်ဘလင် စုန်းမကြီးက ဘယ်နေရာမှန်းမသိသော နေရာတစ်ခုထံမှ စွမ်းအားများကို ရရှိသွားခဲ့ပြီး အမှန်တကယ်ပင် အစပြု တိုက်ခိုက်လာခဲ့ကာ ဤခံတပ်မြို့တော်ကို နာရီဝက်ပင် မပြည့်သော အချိန်အတွင်းမှာ သိမ်းပိုက်သွားခဲ့လေသည်။

များပြားလှသော မကောင်းဆိုးဝါးများ မြို့စားနယ်ထဲသို့ လွတ်ထွက်သွားခဲ့ကြ၏။

ရေတွက်၍မရနိုင်သော လူသားများမှာ ဂေါ်ဘလင် စုန်းမကြီး၏ သေမင်းတမန်မြို့တော်ဟု အမည်ပြောင်းလဲထားသော ဤမြို့တော်ထဲသို့ ဆွဲခေါ်ခံခဲ့ရကာ မြို့အတွင်းရှိ မျှော်စင်မြင့်တစ်ခုမှတစ်ဆင့် အကျည်းတန်ပြီး ဉာဏ်ပညာကင်းမဲ့သော ဂေါ်ဘလင်များအဖြစ်သို့ ပြောင်းလဲခံခဲ့ရလေသည်။

လူ အနည်းငယ်မျှသာ ချန်ထားရစ်ခြင်း ခံခဲ့ရ၏။

မြို့စားနယ်က တန်ပြန်တိုက်ခိုက်မှုများကို အကြိမ်များစွာ စီစဉ်ခဲ့ပြီး တစ်ခါတစ်ရံတွင် ဤနေရာအထိပင် ရောက်ရှိလာခဲ့သော်လည်း မြို့တော်ထဲတွင် ထိုင်နေသော ထို ဂေါ်ဘလင် စုန်းမကြီး လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် လူသား တပ်မတော်များအားလုံးမှာ မျက်တောင်တစ်ခတ်အတွင်း ပြိုကွဲပျက်စီးသွားခဲ့ရလေတော့သည်။

အလောင်းများဖြစ်စေ၊ သက်ရှိလူများဖြစ်စေ သူတို့အားလုံးမှာ မျှော်စင်မြင့်ထဲသို့ ပစ်ထည့်ခံခဲ့ရပြီး ပိုမိုများပြားကာ ပိုမိုအစွမ်းထက်သော ဂေါ်ဘလင်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့ကြတော့၏။

အဘိုးအိုနှင့် အခြားသူများမှာ လယ်ယာစိုက်ပျိုးရန် ချန်ထားရစ်ခြင်းခံခဲ့ရသော လူသားများဖြစ်ကြပြီး မြို့စားနယ်၏ သူရဲကောင်းများနှင့် တပ်မတော်များ ဤနေရာသို့ အကြိမ်များစွာ ရောက်ရှိလာခဲ့သော်လည်း အလွယ်တကူ ရှုံးနိမ့်သွားခဲ့ရသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူများ ဖြစ်လေသည်။

မျှော်လင့်ချက်နှင့် မျှော်လင့်ချက်ကင်းမဲ့မှုတို့ကို အဆက်မပြတ် ကြုံတွေ့လာခဲ့ရပြီးနောက် ဤမြို့တော်အတွင်းရှိ ဂေါ်ဘလင်များကို မည်သူကမျှ အနိုင်ယူနိုင်လိမ့်မည်ဟု သူတို့က မယုံကြည်ကြတော့ပေ။

"ဒါဆို အဲဒီအချိန်က လွန်ခဲ့တဲ့ သုံးလကပေါ့။ မင်းပြောတဲ့ ဂေါ်ဘလင် စုန်းမကြီးက ရုတ်တရက် ပိုပြီး အစွမ်းထက်လာခဲ့တာလား"

သုံးလတဲ့လား၊ ဤသည်မှာ ယခင်က ကံကြမ္မာ လမ်းဆုံလမ်းခွတွင် သူ ရွေးချယ်ခဲ့သော ပလက်ဖောင်း အချိန်နှင့် မကိုက်ညီပေ။

တစ်နည်းဆိုရသော် ဤ ပလက်ဖောင်း၏ အချိန်စီးဆင်းမှုမှာ ပြင်ပကမ္ဘာနှင့် လုံးဝ ကွဲပြားခြားနားနေခြင်းပင်။

"ဟုတ်ပါတယ်၊ လွန်ခဲ့တဲ့ သုံးလကပါ။ မှော်ဆရာသခင်ကြီး၊ ကျေးဇူးပြုပြီး ထပ်မမေးပါနဲ့တော့၊ မြန်မြန် ထွက်သွားပါ၊ တကယ်ကို နောက်ကျသွားတော့မယ် အာ၊ သူတို့ လာနေကြပြီ"

သူ စကားပြောလို့ပင် မဆုံးသေးပေ။

အထက်တန်းလွှာ သားရေချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး လေး၊ မြားနှင့် လှံရှည်များကို ကိုင်ဆောင်ထားကာ သာမန် ဂေါ်ဘလင်များထက် အရပ်ပိုရှည်သော ဂေါ်ဘလင် စစ်သည်တော် တစ်စုက ဤနေရာမှ ဆူညံသံကို သတိပြုမိသွားသည့်အလား ဤအရပ်ဆီသို့ ပြေးဝင်လာကြလေ၏။

လူများက မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် မျက်လုံးများကို မှိတ်ထားလိုက်ကြပြီး အချို့က သူတို့ ကိုယ်တိုင် လျှို့ဝှက်စွာ ပြင်ဆင်ထားခဲ့သော ချွန်ထက်သည့် ကျောက်ခဲများကို ထုတ်ယူကာ သူတို့၏ ကိုယ်ပိုင်အသက်ကို အဆုံးသတ်ရန် ကြိုးစားကြတော့သည်။ သို့မှသာ အနည်းဆုံးတော့ သူတို့ အသက်ရှင်နေစဉ်အတွင်း အဖမ်းခံရပြီး ဂေါ်ဘလင်များအဖြစ်သို့ ပြောင်းလဲခံရခြင်းမှ ကင်းဝေးမည် မဟုတ်လော။

"အဘိုး ဒါတွေက ခင်ဗျားပြောတဲ့ လူသားတွေကနေ ပြောင်းလဲသွားတဲ့ ဂေါ်ဘလင်တွေလား"

ရဲချီယန်က အဝေးမှ မကောင်းဆိုးဝါးများကို စေ့စေ့စပ်စပ် ကြည့်ရှုလိုက်ကာ အဘိုးအိုအား အလွန် စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်လေ၏။

"ဟုတ်ပါတယ် သခင်ကြီး အခု ထွက်သွားသင့်ပြီ မသွားရင်တော့ တကယ်ကို နောက်ကျသွားလိမ့်မယ်"

"သူတို့က အရမ်းများတယ်၊ အရမ်းလည်း အစွမ်းထက်တယ် ဂေါ်ဘလင်တွေဆိုတာ လူသားတွေ အနိုင်ယူနိုင်တဲ့ မကောင်းဆိုးဝါးတွေ မဟုတ်တော့ဘူး"

လူသားတွေက ဂေါ်ဘလင်တွေကို အနိုင်မယူနိုင်တော့ဘူး ဟုတ်လား။

အကယ်၍ ဤစကားများကိုသာ အခြားကမ္ဘာများတွင် သွားပြောမည်ဆိုလျှင် ဟာသတစ်ခုအဖြစ်သာ သတ်မှတ်ခံရပေလိမ့်မည်။

သို့သော် ဤနေရာတွင်မူ

ဤလူများက လူသားများ၏ စွမ်းအားကို မယုံကြည်ကြတော့ပေ။

ထိုဂေါ်ဘလင် စုန်းမကြီးက ဤ ပလက်ဖောင်းကမ္ဘာ၏ အဆင့်တက်မှုကို ပြီးမြောက်သွားခဲ့ချေပြီ။

၎င်း၏ စွမ်းအားမှာ ဤ ပလက်ဖောင်းပေါ်ရှိ မည်သည့်လူသားထက်မဆို တစ်ဆင့် သာလွန်နေရမည် ဖြစ်ပေ၏။

"ကျွတ် ကျွတ် ကျွတ်၊ ဒီကောင်က လူသားကနေ ပြောင်းလဲသွားတဲ့ သွေးစုပ်ဖုတ်ကောင်ထက်တောင် ပိုပြီး အရုပ်ဆိုးသေးတယ်"

"အဘိုးအို၊ နောက်ဆုံး မေးခွန်းတစ်ခု"

ရဲချီယန်က အပြုံးတစ်ခုဖြင့် ပြောလိုက်လေ၏။

"မြို့ထဲမှာ အသက်ရှင်နေသေးတဲ့ လူတွေ အများကြီး ကျန်သေးလား"

ဝုန်း

ကောင်းကင်ယံအထက်ဆီမှ မှုန်ဝါးဝါး ထွက်ပေါ်လာသော စက်ယန္တရား တွန်းကန်သံကြီးက နှလုံးခုန်မြန်လာစေတော့၏။

အဘိုးအိုက ပြုံးနေသော လူငယ်လေးအား ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေမိသည်။ မည်သည့်အကြောင်းကြောင့်မှန်း မသိရသော်လည်း အချိန်အတော်ကြာ ငြိမ်းသတ်သွားခဲ့ပြီဖြစ်သော ထိုမျှော်လင့်ချက် မီးတောက်လေးမှာ မီးပွားအနည်းငယ်နှင့်အတူ နောက်တစ်ကြိမ် ပြန်လည်လင်းလက်လာခဲ့ချေပြီ။

"မရှိတော့ပါဘူး တစ်ယောက်မှ မကျန်တော့ဘူး မြို့ထဲက လူတွေအားလုံးက ဂေါ်ဘလင်တွေအဖြစ် ပြောင်းလဲခံလိုက်ရပြီ၊ သူတို့အတွက် လွင်တီးခေါင်ပြင်ကို ထွန်ယက်ပေးဖို့ မြို့ပြင်မှာ ငါတို့ပဲ ကျန်တော့တာ။ မင်း၊ မင်းက တကယ်တော့ ဘယ်သူလဲ"

အား

အမဲလိုက် စက်ယန္တရားနဂါးကြီးက ကောင်းကင်ယံအထက်တွင် ပေါ်ထွက်လာလေ၏။

အမဲလိုက် မုဒ် အသက်ဝင်သွားသည်

ဒုံးကျည်လက်နက်ခန်းထဲမှ အမဲလိုက် ဒုံးကျည် ဆယ့်နှစ်စင်း ပျံထွက်သွားကာ အဝေးရှိ စုန်းမကြီး၏ မြို့တော်ကို ဗုံးကြဲတိုက်ခိုက်တော့၏။

စုန်းမကြီး၏ မြို့တော်ကို ဖုံးလွှမ်းထားသော အလင်းမျက်နှာပြင်မှာ ဤဒုံးကျည်များကြောင့် တစ်စစီ ကြေမွသွားလေသည်။

မြို့တော်အတွင်းမှ မှိုပွင့်ပုံသဏ္ဍာန် မီးခိုးတိမ်တိုက် အနည်းငယ် ထွက်ပေါ်လာတော့၏။

သေမင်းတရား၏ အရှိန်အဝါက ကောင်းကင်ယံအထက်တွင် လှည့်ပတ်ပျံသန်းနေသော ကျီးကန်းနတ်ဆိုးကို ပျော်ရွှင်စွာ စူးရှသောအသံများ အော်ဟစ်စေခဲ့လေသည်။

ဤအရပ်ဆီသို့ ပြေးဝင်လာနေကြသော ဂေါ်ဘလင်များမှာ ဤမြင်ကွင်းကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေကြ၏။ ဉာဏ်ပညာကင်းမဲ့နေသော သူတို့၏ ဦးနှောက်များက လက်ရှိအခြေအနေကို လုံးဝ နားလည်သဘောပေါက်နိုင်စွမ်း မရှိကြပေ။

"အင်း ဒါက စစ်ကြေညာလိုက်တာလို့ မှတ်ယူရမှာပေါ့"

အသွင်ယူခြင်းက ပျောက်ကွယ်သွားကာ သူ၏ မူလဝတ်စုံကို ပြန်လည်ရောက်ရှိသွားလေ၏။

မလှမ်းမကမ်းတွင် နေထိုင်ကာ ရဲချီယန်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သော လီဆက်က လျှောက်လာလေသည်။

စက္ကန့်လက်တံက တစ်ချက် ရွေ့သွားရာ အဆက်မပြတ် တိုးများလာနေသော မြားများက ကောင်းကင်ယံကို ဖြတ်သန်းပျံသန်းသွားကြတော့၏။

အနီးအနားရှိ မကောင်းဆိုးဝါးများမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်မီ သူမ၏ အလွယ်တကူ သတ်ဖြတ်ရှင်းလင်းခြင်းကို ခံလိုက်ရလေသည်။

အဘိုးအိုနှင့် အခြားလူများမှာ ဤမြင်ကွင်းကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေကြ၏။

ထိုမေးခွန်းကို အဘိုးအိုက တုန်ရီစွာဖြင့် နောက်တစ်ကြိမ် မေးလိုက်ပြန်သည်။

"မင်းက တကယ်တော့ ဘယ်သူလဲ"

ရဲချီယန်က အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်လေ၏။

"ငါ ပြောပြီးပြီလေ၊ ငါက ဒီနေရာကို ဖြတ်သွားဖြတ်လာတဲ့ ခရီးသွားတစ်ယောက်ပါလို့။ တိုက်ဆိုင်တာက ငါ့ရဲ့ ပစ်မှတ်က ခင်ဗျားပြောတဲ့ ဂေါ်ဘလင် စုန်းမကြီး ဖြစ်နေတာပါပဲ"

All Chapters