အခန်း ၁၄
Vol. 2 Ch. 14
အပိုင်း ( ၁၄ )
ချန်လီချီ ဒီလို စိတ်ကူးမိတဲ့ အကြောင်းပြချက်က ယွင်ချီရဲ့ အိမ်ကို သူမ ကစားဖို့ လိုက်သွားတဲ့ တစ်ခေါက်တုန်းက ယွင်ချီ့အဖေဟာ အိမ်ကို အရက်မူးလျက် ပြန်ရောက်လာပြီး ယွင်ချီ့အမေကို အသုံးအဖြုန်းကြမ်းသည် ၊ အသုံးမဝင်တဲ့ ပစ္စည်းတွေကို လျှောက်ဝယ်နေသည်ဟု အော်ဟစ်ပြောခဲ့လို့ပါပဲ။ ချန်လီချီရဲ့ စိတ်ထဲမှာတော့ အကယ်၍ ယွင်ချီ့အမေမှာသာ သူမအမေလို အလုပ် တစ်ခု ရှိပြီး ကိုယ့်ပိုက်ဆံကိုယ် ရှာနိုင်လျှင် ယွင်ချီ့အဖေဆီမှာ ဆက်အနိုင်ကျင့်ခံနေစရာ လိုမှာ မဟုတ်တော့ပါ။ သူမ လိုချင်တာ မှန်သမျှကို ဝယ်နိုင်ပြီး လုပ်ချင်တာ မှန်သမျှကိုလည်း စိတ်တိုင်းကျ လုပ်နိုင်လိမ့်မည်။
ချန်ကျင်းလန်က သူမရဲ့ ဆံပင်ပျော့လေးတွေကို ပွတ်သပ်ပေးလိုက်သည်။ ကလေး တစ်ယောက်ကို ကိုယ့်စိတ်ကူး ၊ ဆန္ဒတွေအပေါ် မူတည်ပြီး တခြားလူ တစ်ယောက်အတွက် ဆုံးဖြတ်ချက်ချပေးလို့ မရကြောင်း သေချာ ရှင်းပြလို့ မရသလို သူငယ်ချင်းဖြစ်သူကို ကူညီချင်တဲ့ လီချီလေးရဲ့ ဆန္ဒကိုလည်း သူမ မျက်ကွယ်မပြုနိုင်ပါ။
“ ဒီလို ဆိုရင်ရော ဘယ်လိုလဲဟင် လီချီလေး။ မေမေ မနက်ဖြန်ကျ ယွင်ချီ့အမေကို ဖုန်းဆက်ပြီး သူမ ဘယ်လို ခံစားနေရလဲ ဆိုတာကို အရင် မေးလိုက်မယ်။ သီး ပြောသလိုပဲ ယွင်ချီ့အမေ လုပ်တဲ့ ကိတ်မုန့်တွေက လှလည်း လှတယ် ၊ အရသာလည်း ရှိတယ်။ သူမ ကိုယ်ပိုင်ကိတ်မုန့်ဆိုင် ဖွင့်ချင်တယ် ဆိုရင် လန်ကျိုးမှာ လာအလုပ်,လုပ်လို့ ရတယ် မဟုတ်လား။ ”
ချန်လီချီက ခဏလောက် စဉ်းစားကြည့်လိုက်သည်။ “ အိုး ၊ အဲ့ဒါက အဓိပ္ပာယ်ရှိသားပဲ။ ” သူမ သုံး ၊ လေးခါလောက် တခစ်ခစ် ရယ်မောလိုက်၏။ “ မေမေက အရမ်း တော်တာပဲ။ ”
ချန်ကျင်းလန်က သူမရဲ့ နဖူးလေးကို ပုတ်လိုက်သည်။ “ ဒါဆို ပြဿနာ ပြေလည်သွားပြီနော်။ မေမေတို့ လက်ဆေးပြီး ညစာ စားကြမလား။ ”
“ ဟုတ်ကဲ့။ ” ချန်လီချီက ခပ်ကျယ်ကျယ် ပြောလိုက်သည်။
ချန်လီချီလေးရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပြီးသွားပြီမို့ ကလေးလေး စိတ်ချမ်းသာသွားလိမ့်မည်ဟု သူမ ထင်ထားခဲ့သော်လည်း ညဘက် အိပ်ရာထဲ ရောက်သောအခါ ချန်လီချီက အိပ်ရာဝင်ပုံပြင်ကို စိတ်မပါလက်မပါ နားထောင်ရင်း ဟိုဘက်လှိမ့်လိုက် ၊ ဒီဘက်လှိမ့်လိုက် လူးလှိမ့်နေခဲ့သည်။
ချန်ကျင်းလန်က ပုံပြင်စာအုပ်ကို ဘေးချပြီး သူမလေးကို ရင်ခွင်ထဲ ထွေးပွေ့လိုက်၏။ “ ဘာဖြစ်လို့လဲကွယ်။ သမီး မေမေ့ကို တစ်ခုခု ပြောချင်တာ ရှိလို့လား။ ”
ချန်လီချီက သူမအမေရဲ့ ရင်ခွင်ထဲမှာ ငြိမ်သက်ရင်း သူမရဲ့ ဆံနွယ်မျှင်လေးတွေကို ဖြည်းဖြည်းချင်း လက်နှင့် ရစ်ပတ်လိုက် ၊ ပြန်ဖြည်လိုက် လုပ်နေခဲ့သည်။ “ မေမေ … ”
“ မေမေ နားထောင်နေပါတယ်။ ”
ချန်ကျင်းလန်က သူမလေး စကားဆက်ပြောမှာကို စောင့်နေခဲ့သော်လည်း ချန်လီချီက “ မေမေ ” လို့ တစ်ကြိမ် ခေါ်ပြီးနောက် ဘာမှ ထပ်မပြောတော့။ ချန်ကျင်းလန်က သူမလေးရဲ့ ပခုံးကို ပုတ်လိုက်သည်။ “ သမီးမှာ တခြား ဆန္ဒ တစ်ခုခု ရှိနေတာလား။ ဒီနေ့ သမီးရဲ့ ဘယ်လို ဆန္ဒကိုမဆို မေမေ ဖြည့်ဆည်းပေးမယ်လို့ ပြောထားတယ်လေ။ မေမေက တကယ် ဖြည့်ဆည်းပေးနိုင်ပါတယ်။ ”
သူမအမေရဲ့ မျက်လုံးတွေထဲကို စိုက်ကြည့်လိုက်သော ချန်လီချီရဲ့ အမူအရာထဲမှာ လေးနက်တည်ငြိမ်မှုတွေ အနည်းငယ် ပျော်ဝင်နေသည်။ “ သမအဖေက လူဆိုးလားဟင် မေမေ။ ”
ထိုမေးခွန်းက ချန်ကျင်းလန်ကို လုံးဝ အငိုက်မိသွားစေပါသည်။
အဖေဖြစ်သူနှင့် ပတ်သက်လို့ သူမ မေးခွန်းထုတ်တာ ဒါ ပထမဆုံးအကြိမ်ပဲ။ ချန်ကျင်းလန်သည် အစကတည်းက အဲ့လို နေ့မျိုး ရောက်လာလျှင် သဘာဝကျကျ တုံ့ပြန်နိုင်စေရန်အတွက် ပြောရမည့် စကားတွေကိုတောင် ကြိုတင် စီစဉ်ကာ ကိုယ့်ကိုယ်ကိုယ် စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားခဲ့သည်။ အဖေက နာမည် ဘယ်လို ခေါ်လဲ ၊ ဘယ်မှာ နေတာလဲ ၊ ဘယ်လို ပုံစံလဲ ၊ ဘာလို့ သူမကို လာမတွေ့တာလဲ စသည်ဖြင့် မေးလာမယ့် ချန်လီချီရဲ့ မေးခွန်းတွေကိုပေါ့ … ။
“ အဖေ ” ဆိုတဲ့ စကားလုံးနှင့် ပတ်သက်သည့် ပထမဆုံး မေးခွန်းက ဒီလို မေးခွန်းမျိုး ဖြစ်နေလိမ့်မည်ဟုတော့ တစ်ခါမှ မတွေးဖူး။
“ သူက ဘယ်လိုလုပ် လူဆိုး ဖြစ်ရမှာလဲ။ ” ချန်ကျင်းလန်က ချက်ချင်း ပြန်ဖြေလိုက်သည်။
ချန်လီချီရဲ့ မျက်လုံးတွေက အပြုံးလေး တစ်ခုအဖြစ် မှေးပိတ်ကွေးညွှတ်သွားကာ သူမမျက်နှာလေးပေါ်က တင်းမာမှုတွေလည်း အနည်းငယ် ပြေလျော့သွားသည်။ နောက်ထပ် မေးခွန်း တစ်ခု ထပ်ထွက်လာသည်။ “ သူက မေမေ့ကို အနိုင်ကျင့်ဖူးလားဟင်။ ယွင်ချီ့အဖေလို အကျယ်ကြီး အော်တာတို့ ၊ မေမေ့ကို ငိုအောင် လုပ်တာတို့လေ။ ”
“ မဟုတ်ပါဘူးကွယ်။ သူက အဲ့လို လူမျိုး မဟုတ်ပါဘူး။ ”
ချန်ကျင်းလန်က သူမရဲ့ ပါးဖောင်းဖောင်းလေးတွေကို ပွတ်သပ်လိုက်သည်။ သူမလေးကို အပူအပင်ကင်းပြီး လွတ်လပ်တဲ့ ကလေး တစ်ယောက်လို့ဟာ ထင်ထားပြီး သူမရဲ့ နှလုံးသားလေးထဲမှာ ဒီလောက် စိုးရိမ်ပူပန်မှုတွေ အများကြီးကို သိုလှောင်ထားလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ချန်လီချီရဲ့ မျက်လုံးထဲမှာ အပြုံးလေးတွေ ပိုလို့ ပြည့်နှက်သွားသည်။ “ သမီး သိသားပဲ။ ”
“ ဘာကို သိတာလဲ။ ”
“ သူက လူဆိုး တစ်ယောက် မဟုတ်ဘူး ဆိုတာကိုလေ။ ” ချန်ကျင်းလန်ရဲ့ နှလုံးသားလေးက တုန်လှုပ်သွားသည်။ “ သမီး ဘယ်လိုလုပ် သိတာလဲ။ ”
ချန်လီချီက သူမအမေရဲ့ ရင်ခွင်ထဲမှာ မျက်နှာဝှက်ထားလိုက်သည်။ “ အဲ့ဒါ လျှို့ဝှက်ချက်ပဲ။ သမီး မေမေ့ကို ပြောပြလို့ မရဘူး။ ”
သူ ပုံပြောပြတာက အဘိုးလိုပင် ပျင်းစရာကောင်းသော်လည်း အဘိုးလိုတော့ စိတ်မရှည်ပါ။ သူမ ဘာပြောပြော သူက နောက်ဆုံးမှာ လက်ခံမည်ဟု ထင်ရသည်။ အဘိုးက ကမ္ဘာပေါ်မှာ အကောင်းဆုံး အဘိုး တစ်ယောက်မို့ သူကလည်း လူကောင်း တစ်ယောက်ပဲ ဖြစ်လိမ့်မည်။
ချန်ကျင်းလန်က ချန်လီချီရဲ့ ခေါင်းလုံးလုံးလေးကို ကြည့်ကာ ပါးစပ်ထဲမှာ စကားလုံးတွေကို ခဏလောက် မျိုသိပ်ထားပြီးမှ ခပ်တိုးတိုး အသံဖြင့် မဝံ့မရဲ မေးလိုက်သည်။ “ အဖေက ဘယ်လို ပုံစံမျိုးလဲ ဆိုတာ လီချီလေး သိချင်နေတာလား။ ”
ချန်လီချီက ခေါင်းမော့လိုက်သည်။ သူမရဲ့ တလက်လက် တောက်ပနေသော မျက်ဝန်းအိမ်လေးတွေထဲမှာ စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေသည်။ “ သမီး သူ့ကို ရှာတွေ့ရင် သူ ဘယ်လို ပုံစံမျိုးလဲ ဆိုတာ သိရမှာပါ။ ”
ထို့နောက် သူမ ချက်ချင်းပဲ ပါးစပ်ကို လက် နှစ်ဖက်နှင့် အုပ်လိုက်မိသည်။ အိုး ၊ သူမ အရမ်း အပျော်လွန်ပြီး လျှို့ဝှက်ချက်ကို ထုတ်ပြောမိသွားပြီ။
ချန်လီချီက သူမအမေကို အိပ်ရာပေါ် လှဲခိုင်းလိုက်ကာ သူမကိုယ်သူမ ဂွမ်းကပ်စောင်လေးထဲမှာ ခေါင်းစခြေဆုံး ရစ်ပတ်လွှမ်းခြုံထားလိုက်၏။ ထို့နောက် စောင်ထဲကနေ အသံ သေးသေးလေး ထွက်လာသည်။ “ သမီး အခု အိပ်ချင်နေပြီ မေမေ။ မေမေလည်း သွားအိပ်သင့်နေပြီ။ မေမေလည်း မနက်ဖြန်ကျ အလုပ် စောစော သွားရမှာ ၊ သမီးလည်း ကျောင်း စောစော သွားရမှာ။ ”
ချန်ကျင်းလန်ရဲ့ နှလုံးသားထဲမှာ စိတ်ရှုပ်ထွေး နောက်ကျိနေသော်လည်း မျက်နှာကတော့ ဟန်မပျက် ဆက်လက် တည်ငြိမ်နေခဲ့ပါသည်။ သူမ ပိုးအိမ်လေးလို လုံးထွေးရစ်ပတ်နေသော စောင်ထုပ်လေး ပုတ်ပြီး ပြောလိုက်သည်။ “ ခေါင်းကို စောင်နဲ့ အုပ်မထားနဲ့။ သမီး အသက်ရှူကျပ်သွားလိမ့်မယ်။ ”
စောင်ထဲကနေ မျက်လုံးလေး တစ်စုံ လှစ်ခနဲ ပြူထွက်လာသည်။ “ သမီး အိပ်ငိုက်နေပြီ မေမေ။ အိပ်တော့မယ်နော်။ ”
ချန်ကျင်းလန်က ခန္ဓာကိုယ်ကို ငုံ့ကိုင်းပြီး သူမလေးကို နမ်းလိုက်သည်။ “ သမီးရဲ့ လျှို့ဝှက်ချက်ကို မေမေ့ကို ပြောပြဖို့ မလိုပေမဲ့ အန္တရာယ်များတဲ့ ဘယ်ကိစ္စကိုမှ မလုပ်ပါဘူးလို့ မေမေ့ကို ကတိပေးရမယ်နော် လီချီလေး။ ”
ချန်လီချီက ခေါင်းညိတ်ပြလိုက်သည်။ “ သမီးက မေမေ့ရဲ့ လိမ္မာတဲ့ သမီးလေးပါ။ မေမေ စိတ်ပူအောင်လို့ အန္တရာယ်များတဲ့ ကိစ္စတွေကို မလုပ်ပါဘူး။ ”
ချန်ကျင်းလန်ရဲ့ နှလုံးသားထဲမှာ ဘယ်လောက်ပဲ ပူလောင်နေပါစေ ၊ အလွန် လိမ္မာရေးခြားရှိသော သူမသမီးလေးရဲ့ ပုံစံက သူမကို များစွာ စိတ်အေးချမ်းစေသည်။
တံခါးကို အသံမမြည်အောင် တစ်ဝက်တစ်ပျက် ပိတ်ပေးခဲ့ပြီးနောက် ချက်ချင်း ထွက်မသွားသေးဘဲ အဲ့ဒီမှာ ခဏလောက် ရပ်နေမိသည်။ ထို့နောက် သူမရဲ့ ဖုန်းက တုန်ခါလာ၍ ကြည့်လိုက်တော့ မရင်းနှီးတဲ့ နံပါတ် အစိမ်း တစ်ခု။ ချန်ကျင်းလန်က စိတ်မတင်မကျဖြစ်စွာ ဖုန်းကိုင်လိုက်တော့ ဘယ်သူ ဆက်တာလဲ ဆိုတာ မမေးနိုင်သေးခင်မှာပဲ တစ်ဖက်က လူက အရင် ပြောလာခဲ့သည်။
“ မင်း ငါ့ကို ဘာတွေ လိမ်ထားတာလဲ ဆိုတာ ငါ သိချင်တယ် ချန်ကျင်းလန်။ ”
ချန်ကျင်းလန် အံ့ဩသွားသည်။ “ ရှင် ကျွန်မဖုန်းနံပါတ်ကို ဘယ်လိုလုပ် ရတာလဲ။ ”
ရှောက်ချန်းကျယ်က တစ်လုံးချင်း ပြောလိုက်သည်။ “ အဲ့မေးခွန်းကို မင်းရဲ့ သမီးကိုပဲ မေးကြည့်လိုက်။ ”
ချန်ကျင်းလန်သည် အမှီအတွယ် တစ်ခုခု ရလို့ရငြား နံရံကို မှီထားလိုက်ရသည်။ “ ရှင် ဘာကို ဆိုလိုတာလဲ။ ”
“ မင်းရဲ့ သမီး ချန်လီချီက မနေ့ညတုန်းက မင်းဖုန်းနဲ့ ငါ့ကို ဖုန်းဆက်တယ်လေ။ ”
မနေ့ညတုန်းက … ။ ဖုန်းထဲမှာ ကြားခဲ့ရတဲ့ အသက်ရှူသံတိုးတိုးကို ပြန်တွေးမိသောအခါ ချန်ကျင်းလန်ရဲ့ နှလုံးသားသည် စည်းချက် တစ်ချက် လွတ်သွားလေသည်။ ဖုန်းကို ဆုပ်ကိုင်ထားသည့် သူမရဲ့ ညာလက်ကို ဘယ်လက်နှင့် ဆုပ်ကိုင်ရင်း အသံကို တည်ငြိမ်စေရန် အတတ်နိုင်ဆုံး ကြိုးစားနေရသည်။ “ ဘာလို့ သူက ရှင့်ကို ဖုန်းဆက်တာလဲ။ ”
“ အဲ့ဒါကိုတော့ မင်းပဲ မေးကြည့်ပေါ့။ ”
“ ရှင် သူ့ကို ဘာတွေ ပြောလိုက်လဲ။ ”
“ ကောင်းကင်ဘုံကို ဖရိုဖရဲဖြစ်အောင် လုပ်ခဲ့တဲ့ စွန်းဝူခုန်း ပုံပြင်။ ”
ချန်ကျင်းလန် ကြောင်အသွားသည်။ “ ဘာရယ်။ ”
“ သူက ငါ့ကို အိပ်ရာဝင် ပုံပြင် တစ်ပုဒ် ပြောပြခိုင်းတယ်။ အဲ့ဒါလည်း ငါလည်း ကောင်းကင်ဘုံကို ဖရိုခရဲဖြစ်အောင် လုပ်ခဲ့တဲ့ စွန်ဝူခုန်းရဲ့ ပုံပြင်ကို ပြောပြလိုက်တယ်။ ”
ချန်ကျင်းလန် : “ … ”
“ ငါ မင်း မေးတဲ့ မေးခွန်းကို ဖြေပြီးသွားပြီ။ အခု မင်းလည်း ငါ့မေးခွန်းကို ပြန်ဖြေသင့်ပြီ မဟုတ်လား။ မင်း ငါ့ကို ဘာတွေ လိမ်ထားတာလဲ။ ”
ဖုန်းချသွားလို့ မြည်တဲ့ တတူတူ မြည်သံက သူမရဲ့ တစ်ခုတည်းသော တုံ့ပြန်မှု ဖြစ်သည်။
ရှောက်ချန်းကျယ်သည် တစ်ခုခုတော့ မှားနေပြီ ဟူသော ခံစားချက်ဖြင့် ဖုန်းကို ဝရံတာဘောင်ပေါ် ဖြည်းဖြည်းချင်း ချလိုက်သည်။ ဖုန်းထဲက သူမရဲ့ အသံဟာ အရင်လို အေးစက်မာကျောမှုတို့ ပျောက်ဆုံးကာ သိသာသော တင်းမာမှု တစ်မျိုးဖြင့် ပြည့်နှက်နေသည်။ သူမက သူမသမီးနဲ့ သူ ဖုန်းပြောမှာကို စိုးရိမ်နေတဲ့ ပုံပဲ။ ဘာလို့ သူမသမီးနဲ့ သူ ဖုန်းပြောမှာကို စိုးရိမ်နေရတာလဲ။
ချန်ကျင်းလန်က သူမရဲ့ ဖုန်းခေါ်ဆိုမှု စာရင်းကို ကြည့်လိုက်တော့ ဖန်သားပြင်ပေါ်မှာ ရွေ့လျားနေတဲ့ သူမရဲ့ လက်လေး ရပ်တန့်သွားသည်။ မနေ့ညတုန်းက ရှစ်နာရီမှာ ဖုန်းခေါ်ထားပြီး တစ်ဖက်က မကိုင်ခဲ့ပါ။ ပြီးတော့ ရှစ်နာရီ ဆယ့်ငါးမိနစ်မှာ နောက်တစ်ခေါက် ထပ်ဖုန်းခေါ်ထားပြီး ဒီတစ်ခေါက်တော့ ဖုန်းပြောချိန် မိနစ် လေးဆယ်နီးပါး ကြာသည်။
အခန်းထဲတွင် ချန်လီချီက အိပ်ရာပေါ်မှာ ကွေးကွေးလေး အိပ်လျက် ရှန်းချူချီနှင့် Smart watch ကနေ တစ်ဆင့် ဖုန်းပြောနေခဲ့သည်။
“ ငါ အခုလေးတင် ငါ့အဘွားနဲ့ ဗီဒီယိုကောလ် ပြောပြီးတာ ချန်လီချီ။ ငါ့မှာ အဘွားလည်း ရှိတယ် ဆိုတာ သိလိုက်ရပြီ။ ” ရှန်းချူချီက ချန်လီချီအား သတင်းကောင်း ပြေပြရန် မနက်ဖြန်အထိတောင် မစောင့်နိုင်တော့ပေ။
“ ဝိုး ၊ နင် အခုတလော အရမ်း ကံကောင်းနေတာပဲ ရှန်းလီချီ။ နင့်မှာ အမေလည်း ရှိသွားပြီ ၊ အဘွားလည်း ရှိသွားပြီ။ နှစ်သစ်ကူးချိန်ကျ နင် အန်ပေါင်းတွေ အများကြီး ရတော့မယ်။ ”
ရှန်းချူချီက ခပ်တိုးတိုး ရယ်လိုက်သည်။ သူကိုယ်တိုင်လည်း သူ့ကိုယ်သူ အရမ်း ကံကောင်းတယ်လို့ ခံစားနေရပါသည်။ ထို့နောက် သူ ချန်လီချီကို ဒီည ပြောပြချင်တဲ့ အရေးကြီးဆုံး ကိစ္စ တစ်ခုကို ရုတ်တရက် သတိရသွားလေသည်။ “ ငါ့အဘွားက ရှောက်ချန်းကျယ်ရဲ့ အမေလို့ ငါ့အမေက ပြောတယ် လီချီရေ။ အဲ့တော့ ရှောက်ချန်းကျယ်က ငါ့ဦးလေးပဲ။ ”
“ ဘယ်လို။ ” ချန်လီချီ တစ်ယောက် အနည်းငယ် အံ့ဩသွားသည်။ “ သူက နင့်ဦးလေးလား။ ဒါဆို သူက နင့်အမေရဲ့ အစ်ကိုပေါ့။ ”
“ အေး။ ဒါပေမဲ့ ငါ့အမေက အဘွားက သူမရဲ့ အမေအရင်း မဟုတ်ဘူးလို့လည်း ပြောတယ် ၊ ဦးလေးကလည်း သူမရဲ့ အစ်ကိုအရင်း မဟုတ်ဘူးတဲ့။ ဒါပေမဲ့ သူက ငါ့ဦးလေးအရင်း မဟုတ်ဘူး ဆိုရင်တောင် ငါ သူ့ခြေထောက်ကိုတော့ ဖက်လို့ ရပါသေးတယ်။ ”
ချန်လီချီ ခေါင်းရှုပ်သွားသည်။ “ အဲ့ဒါ ဘာအဓိပ္ပာယ်လဲ။ ”
ရှန်းချူချီက ခေါင်းကုတ်လိုက်၏။ “ ငါလည်း နားမလည်ဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ငါ သူ့ကို ဦးလေးလို့ ခေါ်လို့ ရတယ် ၊ ပြီးတော့ သူ့ခြေထောက်တွေကို ပြေးဖက်လို့ ရတယ်။ ”
အခန်းအပြင်ဘက်ကနေ တံခါးခေါက်သံ ထွက်ပေါ်လာ၍ ချန်လီချီက ရှန်းချူချီကို အမြန် နှုတ်ဆက်လိုက်၏။
“ အိပ်မပျော်သေးဘူးလား လီချီလေး။ ”
မျက်နှာကျက်ပေါ်က ကြယ်လေးတွေက အလင်းရောင် မှိန်ပျပျနှင့် အရိပ်တွေကို ထင်ဟပ်နေစေသည်။ ချန်လီချီက အိပ်ရာထဲမှာ လဲလျောင်းရင်း မျက်လုံးတွေကို မှိတ်ထားချင်ယောင်ဆောင်နေခဲ့သည်။ “ သမီး အိပ်ပျော်နေပါပြီ မေမေရဲ့။ ”
“ အိပ်ပျော်နေပြီဆို ဘယ်လိုလုပ် စကားပြောနေနိုင်သေးတာလဲ။ ” ချန်ကျင်းလန်သည် မင်းသမီးလေး တစ်ပါးရဲ့ အိပ်ရာလို အလှဆင်ထားသော အိပ်ရာဆီ လျှောက်သွားကာ ခန်းဆီးကို မ,တင်၍ ခုတင်အစွန်းမှာ ထိုင်လိုက်လေသည်။
ချန်လီချီက မျက်လုံး တစ်လုံးကို အရင် ဖွင့်ပြီးမှ နောက်တစ်လုံးကို ဖွင့်လိုက်သည်။ “ သမီး အခုလေးတင် အိပ်ပျော်နေရာကနေ နိုးလာတာပါ။ ”
ချန်ကျင်းလန်က သူမ လိမ်ထားတာကို သိနေကြောင်း ထုတ်မပြောခဲ့ပါ။ ခေါင်းအုံးပေါ်မှာ ဖုံးလွှမ်းနေသည့် ဆံပင်လေးတွေကို နူးညံ့စွာ အသာအယာလေး ပွတ်သပ်ပေးလိုက်သည်။ “ သမီး ခုနတုန်းက ရှန်းချူချီနဲ့ ဖုန်းပြေနေတာလား။ ”
ချန်လီချီ ခေါင်းညိတ်ပြလိုက်သည်။ “ ဟုတ်တယ် မေမေ။ ”
ချန်ကျင်းလန်က အသံကို တိုးချပြီး ပဟေဠိဆန်ဆန် ပြောလိုက်သည်။ “ သမီး မေမေနဲ့ လျှို့ဝှက်ချက်တွေ အပြန်အလှန် ပြောပြချင်လား လီချီလေး။ ”
ချန်လီချီ စိတ်ဝင်စားသွားသည်။ အိပ်ရာပေါ်မှ ထ၍ တောက်ပနေသော မျက်လုံးများဖြင့် မေးလိုက်သည်။ “ လျှို့ဝှက်ချက်တွေကို ဘယ်လိုမျိုး အပြန်အလှန် ပြောကြမှာလဲဟင် မေမေ။ ”
“ သမီး မေမေ့ကို လျှို့ဝှက်ချက် တစ်ခု မေးလို့ ရတယ် ၊ သမိးကလည်း မေမေ့ကို လျှို့ဝှက်ချက် တစ်ခု ပြောပြမယ်။ မေမေတို့ မျှမျှတတ လုပ်ကြတာပေါ့။ သမီး ဒီဂိမ်းကို ဆော့ချင်လား။ ”
“ ဟုတ်။ ဆော့ချင်တယ်။ ” ချန်လီချီက စောင်ကို ချက်ချင်း ဖယ်ခွာကာ အိပ်ရာပေါ်မှာ တင်ပလ္လင်ခွေ ထိုင်လိုက်သည်။ သူမအမေရဲ့ လျှို့ဝှက်ချက် များစွာကို သူမ သိချင်သည်။ ဘယ်က စမေးရမလဲ ဆိုတာကိုသာ မသိတာ ဖြစ်သည်။
ချန်ကျင်းလန်က “ မေမေ့ရဲ့ ဘယ်လျှို့ဝှက်ချက်ကို သမီး သိချင်တာလဲ။ ” ဟု မေးလိုက်သည်။
ချန်လီချီက ခဏလောက် ကြိုးစားပမ်းစား စဉ်းစားပြီးမှ ဘာမေးရမလဲ ဆိုတာ ဆုံးဖြတ်နိုင်သွားသည်။ “ မေမေ ဖေဖေ့ကို သဘောကျလားဟင်။ ”
“ ဟမ်။ ’’
သူမသမီးရဲ့ မေးခွန်းကြောင့် ချန်ကျင်းလန် အငိုက်မိသွားတာ ဒါ ဒုတိယအကြိမ်ပဲ။
“ အဘွား ပြောတာတော့ ဦးလေးငယ်က ဒေါ်လေးကို သဘောကျတယ် ၊ ဒေါ်လေးကလည်း ဦးလေးငယ်ကို သဘောကျတယ်တဲ့။ ပဲစေ့လေးနဲ့ ဂျစ်တူးလေးနဲ့က အဲ့ဒါကြောင့် ဒီလောကကြီးထဲကို ရောက်လာတာတဲ့။ သမီးကရော ဖေဖေက မေမေ့ကို သဘောကျပြီး မေမေကလည်း ဖေဖေ့ကို သဘောကျလို့ ဒီလောကကြီးထဲ ရောက်လာတာလား။ ”
ချန်ကျင်းလန်သည် ရှားရှားပါးပါး ငိုချင်လာမိသည်။ ငိုရတာကို သူမ မကြိုက်။ ဟိုးအရင်တုန်းကတော့ ငိုရတာဟာ ပြဿနာ တစ်ခုကို အဖြေရှာဖို့ စဉ်းစားတဲ့အခါ အချိန်ကို ကောင်းကောင်း အသုံးချတာပဲလို့ တွေးခဲ့ဖူးသည်။
သို့သော်လည်း သူမသမီးရဲ့ စကားကြောင့် နှလုံးသားထဲမှ ခါးသီးတဲ့ ခံစားချက်သည် လည်ပင်းအထိ လှိုက်တက်လာကာ ခဏကြာသည်ထိ ချန်ကျင်းလန်သည် စကား တစ်လုံးမှ မပြောနိုင်ခဲ့ပေ။
ချန်လီချီက သူမအမေရဲ့ လက်လေးတွေကို လှမ်းဆွဲလိုက်သည်။ “ အဲ့လိုလားဟင် မေမေ။ ”
ချန်ကျင်းလန်က သူမရဲ့ မျက်နှာလေးကို ကိုင်၍ မျက်လုံးလေးတွေကို နမ်းပြီးမှ ပွေ့ဖက်လိုက်သည်။ “ အင်း ၊ အဲ့လိုပေါ့ သမီးရယ်။ ”
ချန်လီချီကလည်း သူမအမေကို လက် သေးသေးလေးတွေဖြင့် ပြန်ပွေ့ဖက်ထားကာ မျက်နှာပေါ်မှာ ပျော်ရွှင်သော အပြုံးလေး တစ်ပွင့် ရှိနေခဲ့လေသည်။
“ ဟုတ်ပြီ။ အခု သမီး မေးပြီးသွားပြီ ဆိုတော့ သမီးရဲ့ လျှို့ဝှက်ချက်ကို မေမေ မေးလို့ ရပြီ။ ”
ချန်ကျင်းလန်က သူမရဲ့ ကျောပြင်လေးကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။ “ သမီးနဲ့ ရှန်းချူချီတို့ မနေ့ညတုန်းက ဘာလျှို့ဝှက်ချက်ကို ပြောခဲ့တာလဲ ဆိုတာ မေမေ သိလို့ ရမလား။ ”
အာ ၊ မေမေက အဲ့လျှို့ဝှက်ချက်ကို သိချင်နေတာပါလား။ ချန်လီချီရဲ့ ခေါင်းလေးက ဆတ်ခနဲ လှုပ်သွားကာ သူမအမေရဲ့ ရင်ခွင်ထဲကို တိုးဝှေ့လိုက်သည်။ မေမေ့ကို လိမ်လို့ မရပေမဲ့ အမှန်တရားကိုရော ဘယ်လို ပြောရမှာလဲ။
သူမလေးရဲ့ စိတ်ထဲမှာ လွန်ဆွဲနေတယ် ဆိုတာကို ချန်ကျင်းလန် သိသည်။ “ သမီး မပြောချင်ဘူး ဆိုလည်း ရပါတယ်ကွယ်။ ”
သူမ တစ်ခုခုကို သိသွားတာ ဖြစ်နိုင်သည် ၊ မဟုတ်ရင် အဖေနှင့် ပတ်သက်လို့ ဒီရက်ပိုင်း မေးခွန်းတွေ အများကြီး မေးနေမှာ မဟုတ်။ မေးစရာက သူမလေး ဘယ်လို သိသွားတာလဲ ဆိုတာကိုပါ။ သူမအဖေ ဘယ်သူလဲ ဆိုတာကို ရှစ်ရမ် တစ်ယောက်တည်းသာ သိသည်။ ချန်ကျင်းချွမ်မှာ သံသယတွေရှိနေတာကိုတော့ သူမ သတိထားမိသော်လည်း သူက ဘယ်တော့မှ သူမကို တိုက်ရိုက် မမေးခဲ့ပါ။
ရှစ်ရမ်ကလည်း အဲ့လို ကိစ္စမျိုးကို ချန်လီချီရှေ့မှာ ပြောမှာ မဟုတ်။ ပြီးတော့ ချန်ကျင်းချွမ်က အရေးမကြီးတဲ့ အသေးအမွှား ကိစ္စလေးတွေကိုဆို သံသယဖြစ်တတ်ပေမဲ့ အရေးကြီးတဲ့ ကိစ္စတွေ ၊ အထူးသဖြင့် ချန်လီချီနှင့် ပတ်သက်တဲ့ ကိစ္စတွေကိုဆို သတိလက်လွတ် နေတတ်သည်။
***