← Chapters

အခန်း ၁၆

Vol. 2 Ch. 16

အခန်း ၁၆

Vol. 2 Ch. 16

အပိုင်း ( ၁၆ )

ကျန်းကျန်းက ညစာ စားနေရင်း သန့်စင်ခန်းသွားချင်သည်ဟု ပြောကာ ထသွားသည်။ ချန်လီချီက ပါးစပ်ထဲက ဝါးလက်စ အစားအသောက်တွေကို မျိုချပြီး ဦးလေးဖြစ်သူကို လှမ်းကြည့်လိုက်သည်။ “ ဦးလေး ဒီနေ့ အရမ်း တိတ်နေတယ်နော်။ အန်တီကျန်းကို ဦးလေး သဘောကျနေတာလား။ ”

ထမင်းစားနေစဉ် ဦးလေး စကား တစ်လုံးမှ မပြောတာကို ဒါ ပထမဆုံး မြင်ဖူးတာပါပဲ။ အရင်တုန်းက ဘွားဘွားက ဦးလေးဟာ သူ သဘောကျတဲ့ မိန်းကလေးရှေ့မှာ မဟုတ်လျှင် သူ့ကို တိတ်တိတ် နေခိုင်းဖို့က နတ်ပြည်ရောက်ဖို့ထက်ပင် ပိုခက်ကြောင်း ပြောဖူးသည်။ ဒီနေ့ တစ်ဦးတည်းသော မိန်းကလေးဧည့်သည်က အန်တီကျန်းလေ ၊ ပြီးတော့ အန်တီကျန်းက သိပ်ကို လှသည်။ အဲ့တော့ ဦးလေးက အန်တီကျန်းက သဘောကျလို့ တိတ်ဆိတ်နေတာများလား။

ချန်ကျင်းချွမ်က ဝိုင်သောက်ဖို့ ဖန်ခွက်ကို မြှောက်လိုက်စဉ်မှာ ချန်လီချီရဲ့ စကားကို ကြားလိုက်ရတာ ဖြစ်သည်။ မျက်နှာက ရဲခနဲ နီတက်သွားကာ သောက်လက်စ ဝိုင်ကို ဖူးခနဲ ထွေးထုတ်မိမှာ စိုး၍ ရှိသမျှ ခွန်အားတွေကို သုံးကာ လည်ပင်ကြီး ဖောင်းကားလာတဲ့အထိ ထိန်းထားရသည်။

ဖေးကျူးဟွေ့က သူမသားရဲ့ ဖြစ်ပုံကို ကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်မောမိသည်။ ရှစ်ရမ်က သူတစ်ပါး ဒုက္ခရောက်တာကို ဝမ်းသာနေတဲ့ သူ့မျက်နှာကြီးဟာ အရမ်း သိသာသွားမှာ စိုး၍ ခေါင်းငုံ့ထားလိုက်ရသည်။

ချန်ကျင်းလန်က ချန်လီချီရဲ့ ပန်းကန်ထဲကို ကြက်ပေါင် တစ်ချောင်း ထည့်ပေးပြီး သူမလေးရဲ့ ဆံပင်တွေကို ဆွဲဖွလိုက်သည်။ “ ဒါ ကလေးထိန်း အန်တီချင် လုပ်ကျွေးတဲ့ သမီးအကြိုက် ကြက်ပေါင် မဟုတ်လား။ မေမေက သမီးအတွက် အကြီးဆုံး ကြက်ပေါင်ကို ရွေးထားတာ။ စားနော်။ ”

ဘယ်လိုလုပ် သူမက ဦးလေးဖြစ်သူကို ခွင့်မလွှတ်နိုင်စရာကောင်းလောက်အောင် အရှက်ခွဲရက်မှာလဲ။

ချန်လီချီက တိုင်ကပ်နာရီကို ကြည့်လိုက်ကာ ဦးလေး ဘယ်သူ့ကို သဘောကျနေလဲ ဆိုတာ စိတ်မဝင်စားတော့။ ဘာပဲဖြစ်ဖြစ် ဦးလေး သဘောကျနေတဲ့ ကောင်မလေးတွေ အများကြီး ရှိတာပဲလေ။ သူ ဒီနေ့ သဘောကျနေတဲ့ ကောင်မလေးတွေက မနက်ဖြန် သူ သဘောမကျတော့မည့် ကောင်မလေးတွေပင်။ သူမ ခေါင်းငုံ့ပြီး ကြက်ပေါင်ကို ဖြည်းဖြည်းချင်း စားနေလိုက်၏။ ဒီနေ့ ရှောက်ချန်းကျယ်ကို ဖုန်းဆက်ရမှာမို့ မြန်မြန် စားရပါမည်။

ဦးလေးက ညစာ စားပြီးသည်နှင့် အမြန် ထထွက်သွားသည်။ ရှစ်နာရီ ထိုးခါ‌နီးနေပါပကီ။ ဘွားဘွားနှင့် မေမေက အန်တီကျန်းနှင့် စကားပြောနေကယ သူမ ဝင်ပြောလျှင် ရိုင်းရာကျမည်မို့ ဝင်ပြောလို့ မရ။ ချန်လီချီက ရှစ်ရမ်ရဲ့ လက်ကို အသာ ပုတ်လိုက်သည်။ “ သမီး ရှန်းချူချီရဲ့ ဖုန်းဆက်ဖို့ အဖေရှစ်ရဲ့ ဖုန်းကို သုံးလို့ ရမလားဟင်။ ”

“ ရတာပေါ့။ ” ရှစ်ရမ်က သူ့ဖုန်းကို ထုတ်ကာ လော့ခ်ဖွင့်ပေးပြီးနောက် ချန်လီချီကို ပေးလိုက်သည်။ “ ဖေဖေ သမီးအတွက် နံပါတ်ကို ရိုက်ပေးရမလား။ ”

“ ရတယ် အဖေရှစ်။ သမီးဘာသာ လုပ်လိုက်ပါ့မယ်။ ”

ချန်လီချီက ရှစ်ရမ်ရဲ့ ဖုန်းကိူ ယူပြီး သူမရဲ့ ကျောပိုးအိတ်ထဲမှ စာရွက်ပိုင်းလေး တစ်ခုကို ယူလိုက်သည်။ သူမ ထမင်းစားခန်းထဲကို ပြေးသွားပြီး ဖုန်းနံပါတ်ကို တစ်လုံးချင်း နှိပ်လိုက်၏။ သူမရဲ့ ဖုန်းကောလ်ကို တစ်ဖက်က လက်ခံလိုက်ချိန်မှာ အရင်ဆုံး ဘာပြောရမှန်း ချန်လီချီ စဉ်းစားမရ။

“ ဘယ်သူလဲ မသိဘူး။ ”

ချန်လီချီက ဖုန်းမျက်နှာပြင်ကို လက်ဝှေ့ယမ်းပြကာ နှုတ်ဆက်ပြီးမှ သူတို့ ဗီဒီယိုကောလ် ပြောနေကြတာ မဟုတ်၍ သူမကို မြင်နိုင်မှာ မဟုတ်မှန်း နားလည်သွားသည်။ သူမ ပြန်ပြောလိုက်၏။ “ သမီးပါ ၊ ချန်လီချီ။ သမီးတို့ ဒီနေ့ ဖုန်းပြောရမှာမို့လား။ ဦးလေး အခု အလုပ်ရှုပ်နေတာလားဟင်။ ”

ရှောက်ချန်းကျယ်က သူ့လက်ထဲက စာရွက်စာတမ်းတွေကို စားပဲပေါ် လွှင့်ပစ်လိုက်သည်။ ဒီအန်တီလေးက အရမ်း ပျင်းနေလို့ သူ့ကို အပျင်းပြေ နေ့တိုင်း ဖုန်းဆက်ပြီး နှောင့်ယှက်နေတာလား။ သူ့အသံက ချိုသာကြည်လင်မနေခဲ့။ “ ဦးလေး အရမ်း အလုပ်ရှုပ်နေတယ် ၊ မင်းကို ဒီနေ့ ပုံပြောပြဖို့ အချိန် မရှိဘူး။ ”

ချန်လီချီကတော့ သူ တမင်တကာ လုပ်ယူထားတဲ့ သူ့ရဲ့ ခပ်မာမာ အသံကို သတိထားမိပေ။ သူမလေးက ဖုန်းကို လက် နှစ်ဖက်ဖြင့် ကိုင်လိုက်သည်။ “ ဦးလေး အရမ်း အလုပ်ရှုပ်နေတယ် ဆိုရင် ဒီနေ့ ပုံမပြောပြခိုင်းတော့ပါဘူး။ ဒါပေမဲ့ သမီးမှာ မေးချင်တာလေးတော့ ရှိတယ်။ မေးလို့ ရမလားဟင်။ ”

ရှောက်ချန်းကျယ်က သူ့မျက်ခုံးကို လက်နှင့် ကုတ်လိုက်သည်။ “ မေး။ ”

“ ဦးလေးရဲ့ ကုမ္ပဏီက ချင်းဟွေ့လမ်းမှာ ရှိတာလား။ ”

“ ဟုတ်တယ်။ ”

ချန်လီချီ ကြက်သီးထသွားသည်။ “ ဦးလေးရဲ့ ကုမ္ပဏီက သမီး မူကြိုသွားတဲ့ လမ်းမှာ ရှိတာပဲ။ တကယ့် နီးနီးလေးရယ်။ သမီး ဦးလေးရဲ့ ကုမ္ပဏီကို လာပြီး ဦးလေးကို လာရှာလို့ ရမလားဟင်။ ”

ဒီကလေးမလေး ဘာလုပ်ဖို့ ကြိုးစားနေမှန်း ရှောက်ချန်းကျယ် နားမလည်။ ဟုတ်ပါတယ် ၊ သူမအမေရဲ့ စိတ်ကိုတောင်မှ သူ တစ်ခါမှ အဖြေမရှာနိုင်ခဲ့တာ အခု ဒီကလေးမလေးရဲ့ စိတ်ကိုဆို ဘယ်လိုလုပ် အဖြေရှာနိုင်မှာလဲ။

“ ငါက ကုမ္ပဏီမှာ အချိန်ပြည့် ရှိနေတာ မဟုတ်ဘူး။ ”

“ အဲ့ဒါဆို ဦးလေးက ဘယ်အချိန်မှာ ရှိတာလဲ။ ”

“ ငါ သဘက်ခါက စပြီး လဝက်ကျော်လောက် အလုပ်ကိစ္စနဲ့ ခရီးသွားစရာရှိတယ်။ ”

သဘက်ခါကျ အလုပ်ကိစ္စနဲ့ ခရီးသွားမှာ ဆိုတော့ မနက်ဖြန် သူ အဲ့ဒီမှာ ရှိမှာပဲ မဟုတ်လား။ သူ အဲ့လို ပြောချင်တာလား။

ရှောက်ချန်းကျယ်က ဖုန်းကို သူ့နားရွက်ကနေ ခွာကာ ဖန်သားပြင်ပေါ်က နံပါတ်ကို ကြည့်လိုက်သည်။ “ ဒီတစ်ခေါက် ဘယ်သူ့ဖုန်းနဲ့ ငါ့ကို ဖုန်းဆက်လိုက်တာလဲ။ ” သူ နောက်ပိုင်းကျ ဘယ်ကမှန်း မသိတဲ့ နံပါတ်တွေ အကုန်လုံးကို မကိုင်ဘဲ နေရင် ကောင်းမလားဟု တွေးမိသည်။

“ ရှစ်ရမ်ရဲ့ ဖုန်းနဲ့ ဆက်လိုက်တာပါ။ ”

ရှောက်ချန်းကျယ် အံ့ဩသွားသည်။ “ ရှစ်ရမ်က ဘယ်သူလဲ။ ရှစ်ရမ် .. ဟုတ်လား။ ”

“ ဟုတ်တယ်လေ။ ရှစ်ရမ်ရဲ့ နာမည်က ရှစ်ရမ်ပေါ့။ ”

ရှောက်ချန်းကျယ်က ကွေ့ဝိုက်မနေဘဲ တည့်တိုး ပြောလိုက်သည်။ “ မင်း ဘာလို့ သူ့ကို အဖေရှစ်လို့ ခေါ်တာလဲ။ ”

“ အဖေရှစ်က အဖေရှစ်ပဲလေ။ သမီးက သူ့ကို အဖေရှစ်လို့ မခေါ်လို့ ဘယ်လို ခေါ်ရမှာလဲ။ ”

ချန်လီချီ ခေါင်းရှုပ်သွားသည်။ “ သူက သမီးရဲ့ အဖေမှ မဟုတ်တာ ၊ ဘယ်လိုလုပ် အဖေလို့ ခေါ်လို့ ရမှာလဲ။ ”

ရှောက်ချန်းကျယ်ရဲ့ မျက်လုံးတွေဟာ ဆတ်ခနဲ တုန်လှုပ်သွားသည်။ မီးပွင့်မီးပွားတွေ ၊ လျှပ်စီးတွေကြားက တစ်စုံတစ်ရာက သူ့ဆီ ပြေးလာသလို ခံစားရသည်။ ထိုအရာကို သူ ဖမ်းဆုပ်ချင်သော်လည်း ဖမ်းဆုပ်လို့ မရပါ။ သူ့ဘေးမှာ ချထားတဲ့ စီးကရက်ကို လှမ်းယူဖို့ လုပ်လိုက်ပေမဲ့ ချက်ချင်းပဲ စိတ်ပြောင်းပြီး သူ့လက်က ပြန်ငြိမ်သွား၏။ သူ့လည်ချောင်းထဲမှာ ပေါင် ( ၁၀၀ ) အလေးချိန်ရှိတဲ့ ကျောက်တုံးကြီး တစ်ဆို့နေသလိုပါပဲ။ ဘာစကားမှ မပြောနိုင်ဘဲ အကြာကြီး နေတော့မှ “ ဒါဆို မင်းအဖေက ဘယ်သူလဲ။ “ လို့သာ မေးနိုင်ခဲ့သည်။

ချန်လီချီရဲ့ မျက်တောင်ရှည်လေးတွေ ကိုင်းညွှတ်သွားကာ သူမ၏ မျက်လုံးထဲက ခံစားချက်တွေကို ဖုံးကွယ်ထားလိုက်သည်။ သူမ အခု သိပ်မပျော်တော့ပါ သူမအဖေက ဘယ်သူလဲတဲ့လား … ၊ သူက သူမ၏ အဖေ မဟုတ်ဘူးလား။ ဘာလို့ သူက သူမကို တခြား တစ်ယောက်ကို အဖေလို့ ခေါ်စေချင်နေတာလဲ ၊ ဘာလို့ သူမအဖေက ဘယ်သူလဲလို့ မေးတာလဲ။ သမီးလည်း သမီးအဖေက ဘယ်သူလဲ ဆိုတာ သိချင်နေတာ … ။

ချန်လီချီသည် ရုတ်တရက်ပဲ သူနှင့် စကားဆက်ပြောချင်စိတ် မရှိတော့ပေ။ သူမ နှုတ်ခမ်းလေးကို စူလိုက်၏။ “ သမီး အခု ဖုန်းချလိုက်တော့မယ်နော်။ သမီးလည်း အလုပ်ရှုပ်နေတာ။ အိမ်စာတွေ လုပ်ရမယ် ၊ စန္ဒရားတီး လေ့ကျင့်ရမယ် ၊ ရှန်းချူချီကိုလည်း ဖုန်းဆက်ရဦးမယ်။ အဲ့ဒါကြောင့် သမီးမှာ ဦးလေးရဲ့ မေးခွန်းတွေကို ဖြေဖို့ အချိန်မရှိဘူး။ “

ချန်လီချီသည် ပြောပြီးသွားတော့ ဖုန်းချသည့် ခလုတ်ကို တစ်ခါ နှိပ်လိုက်၏ ၊ ထို့နောက် ဖုန်းမကျသေးခင်မှာ ထိုခလုတ်ကို နှစ်ခါ ၊ သုံးခါလောက် ဆက်တိုက် ထပ်နှိပ်လိုက်သေးသည်။ ဖုန်းကို ထမင်းစားပွဲပေါ်မှာ ချထားလိုက်ပြီး စားပွဲပေါ် လက်တင် ၊ လက်ပေါ် မျက်နှာအပ်၍ ခြေထောက်တွေကို လေထဲမှာ ကန်နေမိသည်။ တွေးလေလေ မ‌ကျေမနပ်ဖြစ်လေပါပဲ။

ဘယ်လိုလုပ် ဒီလိုမျိုး ဖြစ်ရတာလဲ။ အန်တီရှန်းဆို ရှန်းချူချီကို ချက်ချင်း မှတ်မိခဲ့တာပါ။ သူမ သူ့ကို နှစ်ခါတောင် ဖုန်းဆက်ခဲ့ပေမဲ့ သူကတော့ ယွင်ရှီ့အဖေလိုပင် သူ့ကိုယ်သူ သူမရဲ့ အဖေပါလို့ ဝန်မခံချင်ပုံရသည်။ တကယ်ပဲ အဲ့လိုဆိုရင် သူမလည်း သူ့ကို အဖေလို့ မခေါ်ချင်တော့ဘူး … ။ သူမမှာ ဦးလေး အကြီး ရှိတယ် ၊ ဦးလေးငယ် ရှိတယ် ၊ အဘိုး ရှိတယ် ၊ အဖေရှစ်လည်း ရှိတယ်။

သူမကို ပုံပြောပြနိုင်တဲ့ လူတွေ အများကြီး ရှိသည်။ သူ ပြောပြတဲ့ အနောက်အရပ်သို့ ခရီးသွားခြင်း ပုံပြင်တွေကို နားထောင်စရာ မလိုပါ။ သူမ ကြိုက်တာက စနိုးဝှိုက် ဇာတ်လမ်းမျိုးပဲ ဖြစ်သည်။

ရှောက်ချန်းကျယ်က ဖုန်းကျသွားသော ဖုန်းမျက်နှာပြင်ကို တစ်စက္ကန့်လောက် ကြောင်ငေး ကြည့်နေပြီးမှ ထိုင်ခုံက ထကာ ကားသော့တွေကို ယူလျက် ရုံးခန်းထဲကနေ ခြေလှမ်းကျဲများဖြင့် ထွက်လာခဲ့လိုက်သည်။ တံခါးခေါက်ဖို့ လက်ပြင်နေသော ယွမ်ကျုံးကျိုးသည် ရုတ်တရက် တံခါးပွင့်လာပြီး လူ တစ်ယောက် ပြေးထွက်လာသောကြောင့် ကြောက်လန့်တကြား ထခုန်လိုက်မိသည်။ ဘုရားရေ ၊ ဒါ ဘယ်လို အရှိန်မျိုးလဲ။ နတ်ဘုရားတွေ ဆိုရင်တောင် သူ သွားတဲ့ လမ်းမှာ ရှိနေတဲ့ လူမှန်သမျှကို ဝင်တိုက်ပစ်သွားတော့မလိုပဲ။ ကံကောင်းလို့ သူ မြန်မြန် ရှောင်လိုက်နိုင်တာ … ။

“ မင်း ဘယ်သွားမလို့လဲ။ “ စကားကို နှေးတိနှေးတုံ့ ပြောနေလျှင် သူ့အသံက ရှောက်ချန်းကျယ်ရဲ့ ခြေလှမ်းတွေကို လိုက်မမီမှာ စိုး၍ ယွမ်ကျုံးကျိုးက အော်ပြောလိုက်သည်။

ရှောက်ချန်းကျယ်ကတော့ “ ကိစ္စ တစ်ခု ပေါ်လာလို့။ “ ဟူ၍သာ ပြန်ပြောသော ဥက္ကဌ တစ်ဦးတည်းအတွက် သီးသန့် ပြုလုပ်ထားသည့် ဓာတ်လှေကားထဲ ဝင်သွားလေသည်။

“ သူ့ကို ဒေါသထွက်အောင် ဘယ်သူ လုပ်လိုက်တာလဲ။ “ ယွမ်ကျုံးကျိုးက ထိတ်လန့်သွားရာမှ ကိုယ့်ကိုယ်ကိုယ် စိတ်တည်ငြိမ်အောင် ၊ အသက်ရှူမှန်အောင် ထိန်းချုပ်ရင်း ခုန်ယိချန်းကို တီးတိုး ပြောလိုက်သည်။ ကိုယ့်ခေါင်းကိုယ် ပုတ်လိုက်လို့ စိတ်တည်ငြိမ်သွားရင် ကောင်းမှာပဲဟု သူ တွေးမိသည်။

ခုန်ယိချန်းလည်း အူကြောင်ကြောင် ဖြစ်နေပါသည်။ ဥက္ကဥကြီးရှောက်နှင့် ဒီမနက် ဖုန်းထဲမှယ ရန်ဖြစ်ခဲ့တာက လွဲလို့ ဒီနေ့ ဥက္ကဌရှောက်ကို ကြည့်ရတာ သူမ မျှော်လင့်မထားသလောက် အခြေအနေ မဆိုးဘဲ စိတ်ကြည်လင်နေတဲ့ ပုံပါ။ သူက နေ့လယ်စာနှင့် ညစာကို သိပ်မစားဘဲ အလုပ်တွေ ကြိုးစားပမ်းစား လုပ်နေတတ်သည်။ ပြီးတော့ ဌာန အသီးသီးက မန်နေဂျာတွေကို သူ့ရုံးခန်းထဲ တစ်ယောက်ပြီး တစ်ယောက် ခေါ်ပြီး လက်ဖက်ရည် သောက်ခိုင်းသည်။ ရုံးခန်းထဲက ‌ပြန်ထွက်လာချိန်မှာတော့ မန်နေဂျာတွေရဲ့ မျက်နှာက ဘာ့ကြောင့်ရယ် မသိဘဲ ဇီးရွက်လောက်သာ ကျန်ပါတော့သည်။

ဘော့စ်ရဲ့ တစ်ခုပြီး တစ်ခု တာဝန်ပေးထားသော အလုပ်တွေကြောင့် သူမကတော့ အခုထိ အိုဗာတိုင်ဆင်းနေရတုန်းပင်။

ဒါ့ကြောင့် ဖြစ်ချင်းဖြစ် သူကပဲ တခြား လူတွေကို ဒေါသထွက်အောင် လုပ်မှာ ဖြစ်ကာ တခြား လူတွေက သူ့ကို ဒေါသထွက်အောင် မလုပ်နိုင်ပါ။ ဥက္ကဌကြီးရှောက်တောင် သူ့ဒေါသကို မဆွနိုင်တာ ဘယ်သူက သူ့ကို သွားဆွနိုင်မှာလဲ။

ချန်လီချီက ထမင်းစားပွဲပေါ်မှာ ခဏလောက် မှောက်အိပ်နေပြီးမှ ဂီတအခန်းထဲမှာ နည်းနည်းပါးပါး စန္ဒရားတီး လေ့ကျင့်ဖို့ ထသွားလိုက်သည်။ နောက်ဆုံးမှာ အနည်းငယ် စိတ်သက်သာသွားသော်လည်း အလိုမကျတဲ့ ခံစားချက်က ပိုနေပါသေးရဲ့။

ရှစ်ရမ်က ဂီတအခန်းထဲ လျှောက်ဝင်သွားကာ ချန်လီချီဘေးမှာ ဝင်ထိုင်လိုက်သည်။ သူ သူမလေးကို ငုံ့ကြည့်ပြီး မေးလိုက်၏။ “ ဘာဖြစ်လို့လဲ သမီး။ ဝမ်းနည်းစရာ ကိစ္စ တစ်ခုခု ဖြစ်ခဲ့လို့လား။ “

ချန်လီချီက သူမရဲ့ လက်ချောင်းလေးတွေကို ကွေးချည် ၊ ဆန့်ချည် လုပ်ရင်း တိုးလျစွာ မေးလိုက်သည်။ “ တချို့ အဖေက ဘာလို့ ကိုယ့်သားသမီးကို မမှတ်မိကြတာလဲဟင် အဖေရှစ်။ “

ရှစ်ရမ်ရဲ့ မျက်လုံးတွေ လက်ခနဲ တောက်သွားသည်။ သူမရဲ့ ပိုနီတေးလေးကို နူးညံ့စွာ ပွတ်သပ်ပေးရင်း နှလုံးသားတွေကို ငြိမ်းအေးစေနိုင်သည့် အေးချမ်းသော အသံလေးဖြင့် ပြောလိုက်၏။ “ အဖေ တစ်ယောက်က ကိုယ့်သားသမီးကို မမှတ်မိတဲ့ အကြောင်းပြချက်တွေ အများကြီး ရှိတယ်။ “

ချန်လီချီက ထိုအကြောင်းပြချက်တွေကို သိချင်သည့် မျက်နှာလေးဖြင့် သူ့ကို မော့ကြည့်လိုက်သည်။

ရှစ်ရမ်က ဆက်ပြောသည်။ “ ဥပမာ ပြောရရင် သူ့မှာ ကလေးရှိနေမှန်း မသိတာမျိုးပေါ့။ “

“ အဖေတွေက သူတို့မှာ ကလေးရှိမှန်း မသိကြဘူးလား။ “ ချန်လီချီ နားမလည်ပေ။

“ အင်း ၊ အဲ့လိုမျိုး အခြေအနေတွေ ရှိတတ်တယ်။ “ ရှစ်ရမ်က အလွန် သေချာစွာ ပြောလိုက်သည်။

ချန်လီချီ နည်းနည်းလေး ဝမ်းနည်းသွားမိ၏။ အဖေရှစ်က ဘယ်တော့မှ လိမ်မပြောတတ်။ အဲ့လိုမျိုး အခြေအနေတွေ ရှိတတ်တယ်ဟု ပြောလျှင် တကယ်လည်း ရှိနေတာပင်။ ရှောက်ချန်းကျယ်က သူမကို သူ့သမီးမှန်း မသိ၍ မမှတ်မိတာ ဖြစ်နိုင်သည်။

ချန်လီချီ ထပ်မေးလိုက်သည်။ “ ဒါဆို သူ့မှာ ကလေးရှိတယ် ဆိုတာကို ဘယ်လို နည်းလမ်းနဲ့ သူ သိနိုင်လောက်လဲ။ “

ရှစ်ရမ်က သူမရဲ့ မျက်လုံးတွေကို စိုက်ကြည့်ပြီး ပြောသည်။ “ အင်း … ကိုယ့်သားသမီးနဲ့ လူချင်း တွေ့ပြီးသွားရင်တော့ သိသွားလောက်မယ် ထင်တယ်။ “

ရှစ်ရမ်သည် အဲ့လို ပြောပြီးတော့မှ သူ ပြောတာ များသွားပြီလားဟု ခံစားလိုက်ရသည်။ ဒါပေမဲ့ သူမလေးလည်း အဲ့လောက်ထိတော့ မလုပ်လောက်ပါ။ ဒါပေမဲ့လည်း သူ ကျင်းလန်ကို ဒီအကြောင်း ပြေပြထားသင့်သည် ထင်သည်။ ကလေးမလေးဟာ အဖေဖြစ်သူရဲ့ တည်ရှိမှုကို လက်ရှိချိန်မှာ မျှော်လင့်နေခဲ့ပါပြီ။

လူချင်း တွေ့ရင် … သိသွားလောက်တယ်တဲ့လား။ ချန်လီချီ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ ထို့နောက် ပြုံးလိုက်၏။ သူမ ဘာလုပ်ရမလဲ ဆိုတာ သိသွားပြီ ဖြစ်သည်။ ထိုင်ခုံပေါ်ကနေ ခုန်ဆင်းကာ တံခါးဆီ ပြေးသွားရင်း ‌အဖေရှစ်ကို လှမ်းပြောလိုက်သည်။ “ သမီးမှာ အရမ်း အရေးကြီးတဲ့ လုပ်စရာ တစ်ခု ရှိနေလို့ အဖေရှစ်နဲ့ စကားပြောဖို့ အချိန်မရှိတော့ဘူးရယ်။ “

ရှစ်ရမ်က သူမလေးကို “ ဖြည်းဖြည်း သွား ၊ ဂရုစိုက် ၊ မပြေးနဲ့ ၊ ချော်လဲမယ်။ “ စသည်ဖြင့် လှမ်းသတိပေးလိုက်သည်။

“ ဟုတ် ဟုတ်။ “

ရှစ်ရမ်က လှစ်ခနဲ ပြေးထွက်သွားသော ကျောပြင်လေးကို ကြည့်ရင်း သူမ တစ်ခုခုကို ရိပ်မိသွားတာလားဟု တွေးနေမိသည်။

ချန်လီချီက သူမရဲ့ ကျောင်းလွယ်အိတ်ထဲက လက်ပတ်နာရီလေးကို ယူကာ ဒုတိယထပ်ဆီ ခပ်သွက်သွက် ပြေးသွားပြီးမှ တံခါးပိတ်ပြီး ရှန်းချူချီကို ဖုန်းဆက်လိုက်၏။

“ ဟေး ၊ ဘာဖြစ်လို့လဲ လီချီလေး။ “ ရှန်းချူချီရဲ့ အသံက ပါးစပ်ထဲမှာ တစ်ခုခုကို စားနေသလို ဗလုံးဗထွေး ဖြစ်နေသည်။

“ နင် အခု အန်တီရှန်းနဲ့ ရှိနေတာလား ရှန်းချူချီ။ “

“ အင်း။ “

“ အန်တီရှန်းမှာ ရှောက်ချန်းကျယ်ရဲ့ ဓာတ်ပုံရှိလားလို့ နင် မေးပေးလို့ ရမလား။ “

သူက ရှန်းချူချီရဲ့ ဦးလေး ဆိုရင် အန်တီရှန်းမှာ သူ့ဓာတ်ပုံ တစ်ပုံလောက်တော့ ရှိမှာပဲ မဟုတ်လား။ သူ့ကို မနက်ဖြန် သွားမရှာသေးခင် သူ ဘယ်လို ပုံစံလဲ ဆိုတာ ကြိုသိထားမှ ဖြစ်မည်လေ။

ကံကောင်းချင်တော့ ရှန်းစီဝမ်မှာလည်း ဓာတ်ပုံ တစ်ပုံ ရှိနေသည်။ အများကြီးတော့ မဟုတ် ၊ တစ်ပုံတည်းသာ။ ရှောက်ချန်းကျယ်က ဓာတ်ပုံရိုက်ရတာကို မကြိုက်။ ဒီတစ်ပုံကိုပင် ရှန်းစီဝမ်က တိတ်တိတ်လေး လျှပ်တစ်ပြက် ရိုက်ထားခဲ့တာ ဖြစ်သည်။ အမေရှောက်က သူ့ကို ကြင်ဖက်တွေ့စေချင်ပေမဲ့ လောလောလတ်လတ် ရိုက်ထားတဲ့ သူ့ဓာတ်ပုံတွေ မရှိတာမို့ ရှန်းစီဝမ်ကပဲ တိတ်တိတ်လေး ခိုးရိုက်ခဲ့တာပင်။ အရှေ့ဘက်ကနေ ရိုက်ယူထားသော ရှုထောင့်ဟာ အလွန် ကောင်းသည်။ ရှောက်ချန်းကျယ်က ထိုင်ခုံကို မှီထိုင်ရင်း လက် တစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ကာ မျက်လွှာချလျက် ဖုန်းပြောနေတာ ဖြစ်သည်။ နေ့လယ်ခင်း နေရောင်က သူ့မျက်နှာပေါ်ကို လင်းဖြာကျနေသော အေးစက်စက် မျက်နှာမှာ အနွေးဓာတ် တချို့ကို ပေါင်းထည့်လိုက်သောကြောင့် ကလေး တစ်ယောက်အတွက် အရမ်းကြီး ကြောက်စရာကောင်းမနေပါ။

ရှန်းစီဝမ်က ရှန်းချူချီရဲ့ နာရီထဲကို ဓာတ်ပုံ အရင်ဆုံး ပို့ပေးလိုက်သည် ၊ ထို့နောက် ရှန်းချူချီက ထိုဓာတ်ပုံကို ချန်လီချီ့ထံ တစ်ဆင့် ပြန်ပို့ပေးလိုက်၏။ ရှန်းချူချီက ဓာတ်ပုံကို သေချာ စိုက်ကြည့်နေမိသည်။ “ သူ့မျက်လုံးတွေက နင်နဲ့ တော်တော်လေး တူတယ်လို့ ငါ ခံစားရတယ် လီချီလေး။ “

ချန်လီချီလည်း ထိုဓာတ်ပုံကို စိုက်ကြည့်နေမိပါသည်။ သူမရဲ့ လက်ညိုးလေးဖြင့် သူ့မျက်နှာကို ပွတ်သပ်လိုက်သည်။ တကယ်ပဲ တူနေတာလား။ သူ့မျက်လုံးတွေက မှေးစိုက်ညွှတ်ကိုင်းဟန်ရှိသည်။ သူက တကယ့်ကို မျက်တောင်ရှည်ရှည်လေးတွေ ပိုင်ဆိုင်ထားရတာပဲဟု ချန်လီချီ တွေးမိသည်။ သူက သူမရဲ့ ဦးလေး အကြီးထက်တောင်မှ ပိုချောသေးသည်။ ချန်လီချီသည် မှန်ရှေ့ ပြေးသွားပြီး ကိုယ့်ကိုယ်ကိုယ် ကြည့်လိုက် ၊ ဖုန်းထဲက ဓာတ်ပုံကို ကြည့်လိုက် လုပ်နေမိသည်။ သူမရဲ့ ဆုံးဖြတ်ချက်က ပိုလို့ ခိုင်မာသွားပါပြီ။

သူမ သူ့ကို သွားရှာမည်။ သူ သူမကို မမှတ်မိလျှင် သူ့တံပင်ကို ယူကာ ဒီအင်န်အေ စစ်ပြီး ဆရာဝန်ဦးဦးကို သူ့အား ဆေးစစ်ချက်ရလဒ် သွားပြောခိုင်းမည်။

“ ငါ မနက်ဖြန်ကျ သူ့ကို ရှောက်ကော်ပိုရေးရှင်းမှာ သွားရှာမယ် ရှန်းချူချီ။ “

“ ကောင်းတယ် ကောင်းတယ်။ ငါလည်း နင်နဲ့ လိုက်ခဲ့တယ်။ ငါ့အမေကို ရှာတုန်းက နင်လည်း ငါ့နဲ့ လိုက်ပေးခဲ့တော့ နင့်အဖေကို ရှာရင်လည်း ငါ လိုက်ပေးရမှာပေါ့။ “ ရှန်းချူချီဟာ ချန်လီချီ လုပ်ချင်တာ မှန်သမျှကို အမြဲတမ်း အပြည့်အဝ ထောက်ခံလေ့ရှိသည်။

“ ဒါပေမဲ့ … ငါတို့ ရှောက်ကော်ပိုရေးရှင်းကို ဘယ်လို သွားကြမလဲ။ ဘယ်မှာ ရှိမှန်းမှ ငါတို့ မသိတာ။ “

“ ငါ သိတယ်။ အဲ့ဒါက ငါ မူကြို သွားတဲ့ နွေဦးနေခြည်လမ်းပေါ်မှာ ရှိတာ။ မနက်တုန်းက ဦးလေးက ‌ရှောက်ကော်ပိုရေးရှင်းရှေ့ကနေ ဖြတ်မောင်းလာခဲ့တာလေ။ အဆောက်အအုံကြီးက အမြင့်ကြီးပဲ။ အစ်မဝူကို လိုက်ပို့ခိုင်းလို့ ရတယ်။ အစ်မဝူက သိပ်ကားမောင်းကျွမ်းတာ ၊ ဘယ်လမ်းကိုမဆို ရှာနိုင်တယ်။ “

သို့သော် ရှန်းချူချီကတော့ သံသယဖြစ်နေဆဲပင်။ “ ငါတို့ သွားရင် အထဲကိုရော ဝင်လို့ ရပါ့မလား။ ကုမ္ပဏီက ကလေးတွေအစား လူကြီးတွေကိုပဲ ဝင်ခွင့်ပြုတာ မဟုတ်ဘူးလား။ “

***

All Chapters