← Chapters

အခန်း ၁၇

Vol. 2 Ch. 17

အခန်း ၁၇

Vol. 2 Ch. 17

အပိုင်း ( ၁၇ )

ရှန်းစီဝမ်က ကလေး နှစ်ယောက်ရဲ့ စကားဝိုင်းကို ဂရုတစိုက် နားထောင်နေခဲ့သည်။ သူမ အလျင်အမြန် ဝင်ပြောလိုက်၏။ “ သားတို့မှာ မေမေ ရှိတယ်လေ။ ရှောက်ကော်ပိုရေးရှင်းကို လျှောက်ကြည့်ဖို့ မေမေ ခေါ်သွားပေးလို့ ရတယ်။ “

“ တကယ်လား မေမေ။ “

“ တကယ်လားဟင် အန်တီရှန်း။ “

ဖုန်းပြောနေကြတဲ့ ကလေး နှစ်ယောက်လုံး ပြိုင်တူ မေးလာခဲ့သည်။

ရှန်းစီဝမ်က “ ဒါပေါ့ ၊ တကယ်ပေါ့ကွယ်။ “ ဟု ပြန်ပြောလိုက်သည်။

သူမ ဒီကိစ္စကို အောင်မြင်အောင် အရမ်း ကူညီပေးချင်နေတာပါ။ အမေရှောက် မရောက်ခင် ရောက်အောင် သွားနိုင်ရင် အကောင်းဆုံးပဲ။ အအေရှောက်က ရုတ်တရက်ကြီး မြေးလေး တစ်ယောက် ရလာရုံသာမက မြေးမလေး တစ်ယောက်လည်း ဘွားခနဲ ရသွားနိုင်သည်လေ။ အဲ့ဒါဆို အမေရှောက်ရဲ့ ဒေါသတွေက တချို့တစ်ဝက်တော့ လမ်းကြောင်းလွှဲသွားမှာမို့ သူမ တစ်ယောက်တည်းကိုပဲ ဦးတည်မှာ မဟုတ်တော့။ ရှောက်ချန်းကျယ်ကတော့ အလုပ်ကိစ္စနှင့် ခရီးထွက်ဖို့တောင် တွေးနေတာ ဖြစ်သည်။ သူမ သူ့ကို ထိုခရီးကို ထွက်ခွင့်မပြုနိုင်။ အလုပ်ကိစ္စ ခရီးက ကိုယ့်သမီးကို မှတ်မိခြင်းနှင့် ယှဉ်လိုက်လျှင် ဘာမှ မဟုတ်ပါ။

ချန်လီချီက တစ်စုံတစ်ခုကို တွေးမိသွားသည်။ “ အန်တီရှန်း .. သမီးတို့ သူ့ကို ကုမ္ပဏီမှာ သွားရှာရင် သူ့အလုပ်ကို ထိခိုက်မှာလားဟင်။ “

ရှန်းစီဝမ်က ဝံ့ဝံ့ကြွားကြွား အမူအရာဖြင့် လက်ခါပြလိုက်သည်။ “ ဘာမှ မထိခိုက်ဘူး။ သူက ရှောက်ကော်ပိုရေးရှင်းရဲ့ ဘော့စ်လေ။ သူ အလုပ်,လုပ် ၊ မလုပ်,လုပ် အဆင်ပြေတယ်။ “

“ ဘော့စ် ဆိုတာ ဘာလဲ မေမေ။ “ ရှန်းချူချီက ဘော့စ် ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို နားမလည်။

ရှန်းစီဝမ်က သူမသားရဲ့ နဖူးလေးကို အသာ ပုတ်လိုက်သည်။ “ သူက ရှောက်ကော်ပိုရေးရှင်းရဲ့ ဥက္ကဌ ဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့။ မေမေ ပြောထားသားပဲ ၊ သားဦးလေးက နယ်နယ်ရရ မဟုတ်ဘူး။ “

အိုး ၊ ဒါဆို သူက သူမရဲ့ ဦးလေး အကြီးလိုပဲ ဥက္ကဌလား။ သူမရဲ့ ဦးလေးက အလုပ်,လုပ်ချင်စိတ် ရှိလျှင် လုပ်ပြီး စိတ်မပါလျှင် ဘာအလုပ်မှ မလုပ်ဘဲ နေလို့ ရသည်။

အန်တီရှန်း ရှိနေလျှင် ကိစ္စတွေက အများကြီး ပိုအဆင်ပြေပါလိမ့်မည်။ ချန်လီချီသည် မနက်ဖြန် ဘာဝတ်သွားရင် ကောင်းမလဲဟု တွေးကာ ကြမ်းပြင်ပေါ်မှာ ပျော်ရွှင်စွာ လှည့်ပတ်နေမိ၏။ ဂါဝန် လှလှလေး တစ်ထည် ဝတ်သွားမှ ဖြစ်မည်။

အောက်ထပ်မှာတော့ ကျန်းကျန်းက အချိန်လင့်နေပြီမို့ ပြန်ဖို့ ထလိုက်သည်။ သူမ ချန်ကျင်းလန်ရဲ့ လက်ကို ကိုင်ပြီး ပြောလိုက်၏။ “ ငါ နင်နဲ့ ဒီည တစ်ညလုံး စကားတွေ ပြောချင်တာပါဟာ ၊ ဒါပေမဲ့ မနက်ဖြန်ကျ အစောကြီးကတည်းက လုပ်စရာလေးတွေ ရှိတေယ့ ဒီည အချိန်မီ မပြီးမှာ စိုးရိမ်လို့။ ငါ အိမ်ကို သန့်ရှင်းရေး လုပ်ပြီးသွားရင် နင် လီချီလေးကို ခေါ်လာပြီး ငါ့အိမ်မှာ သုံး ၊ လေးရက်လောက် လာနေလို့ ရတယ်နော်။ “

ကျန်းကျန်း ပြန်သွားပြီးနောက် ချန်ကျင်းလန်သည် သူမရဲ့ ရှုပ်ထွေးနေတဲ့ စိတ်ကို ခံစားလို့ ရနေသည်။ ရှစ်ရမ်နှင့် ရင်ဆိုင်လိုက်ရတော့ အရင်တုန်းကလို စိတ်မပေါ့ပါးတော့တာ ဖြစ်လိမ့်မည်။ ဘေးလူတွေက နှလုံးသားရေးရာ ပြဿနာတွေကို ဖြေရှင်းမပေးနိုင်ပါ။ နှစ်ပေါင်းများစွာ ကြာသွားတဲ့နောက်မှာတောင် သူတို့ သုံးယောက်ကြားက ပဋိပက္ခတွေ ၊ စိမ်းသက်မှုတွေက ပျောက်ကွယ်မသွားသေး။

သူမ တစ်ယောက်တည်းရဲ့ ကိုယ်ပိုင် အတွေးတွေအရတော့ ချန်ကျင်းလန်သည် ရှစ်ရမ်ဘက်ကို ပိုအလေးသာသည်။ ကျင်းချွမ်က သူမရဲ့ အစ်ကို ဆိုပေမဲ့ သူက စိတ်အပြောင်းအလဲမြန်ကာ လူ တစ်ယောက်ကို ဘယ်လို ချစ်ရမှန်း မသိဘဲ နာကျင်စေဖို့သာ သိသည်။ ကျန်းကျန်းက သူ့ကြောင့် တစ်ကြိမ် နာကျင်ဖူးခဲ့ပါပြီ။ သူမကို ဒုတိယအကြိမ် မနာကျင်စေပါ။ ကျန်းကျန်းအပေါ် ရှစ်ရမ် ခံစားချက်တွေ ရှိခဲ့တာက အတိတ်တုန်းက ကိစ္စ ဆိုပေမဲ့ ရှောက်ချန်းကျယ် ပြောတဲ့ စကားအရ ဆိုရင်တော့ … သူ ကျန်းကျန်းနှင့် သုံး ၊ လေးကြိမ်လောက် နှစ်ယောက်တည်း သီးသန့် တွေ့ပြီးပြီဟု ဆိုသည်။ များသောအားဖြင့် လူတွေဟာ သူတို့ နှလုံးသားရဲ့ ဆန့်ကျင်ဘက်ကို ပြောတတ်ကြသည်။ တစ်စုံတစ်ယောက်ကို မချစ်တော့ပါဘူးလို့ ပါးစပ်ကသာ ပြောနေပေမဲ့ နှလုံးသားကတော့ ဘယ်တော့မှ လွတ်မချခဲ့။

ကျန်းကျန်းက ပြန်ဖို့ ပြင်နေပြီမို့ ချန်ကျင်းလန်ကလည်း ဆက်မနေတော့ဘဲ ရှစ်ရမ်ကို မျက်နှာရိပ်မျက်နှာကဲပြလိုက်သည်။ ကျန်းကျန်းကို သူမရဲ့ အိမ်အထိ ရှစ်ရမ် လိုက်ပို့ပေးနိုင်ဖို့ မျှော်လင့်သည်။ အဲ့ဒါဆို သူတို့ နှစ်ယောက် နှစ်ကိုယ်တူ အချိန်လေးတွေ ပိုရလိမ့်မည် ၊ သို့သော် ရှစ်ရမ်ကတော့ ငြိမ်နေ၏။ ချန်ကျင်းလန်သည် တစ်ယောက်တည်း သက်ပြင်းချလိုက်မိသည်။ ထားလိုက်ပါတော့ ၊ တံခါးဖွင့်နည်းကို သင်ပေးလို့ ရပေမဲ့ တံခါးပွင့်ဖို့ကတော့ ကိုယ်တိုင် ဖွင့်မှ ရတာ … ။ သူတစ်ပါးရဲ့ ပြဿနာတွေကို စဉ်းစားပေးဖို့ နေနေသာသာ သူမဘာသာတောင် ကိုယ့်ပြဿနာတွေကို မနည်း ဖြေရှင်းနေတာ ဖြစ်သည်။

“ အန်တီကျန်း ပြန်တော့မလို့လား။ “ ချန်လီချီက အပေါ်ထပ်ကနေ ပြေးဆင်းလာသည်။

ကျန်းကျန်းက ချန်လီချီကို ငုံ့ကြည့်လိုက်သည်။ “ အင်း ၊ အန်တီကျန်း ပြန်တော့မှ လီချီလေးရဲ့။ နောက်တစ်ခေါက် ‌အန်တီ့အိမ်ကို သမီးနဲ့ သမီးအမေ လာရင် အန်တီ သမီးကို အရသာရှိတာတွေ ချက်ကျွေးမယ်နော်။ “

“ ရေး ရေး ၊ အန်တီကျန်းက အရမ်း လှသလို ဟင်းချက်လက်ရာကလည်း တကယ် စားကောင်းမှာ သေချာတယ်။ “

ချန်ကျင်းလန်က သူမလေးရဲ့ နဖူးကို ပုတ်လိုက်သည်။ ကောင်မလေးဟာ စကားပြောတဲ့ နေရာမှာ ဉာဏ်များလွန်းသည်။ သူမလေးက အစ်မ လှလှလေးတွေ အကုန်လုံးကို အန်တီဟု ခေါ်ပြီး အလှဆုံး အစ်မတွေကိုတော့ အဘွားဟု ခေါ်တတ်သည်။ သူမလေးက အဲ့ဒီ အစ်မတွေ အကုန်လုံးကို သူ့အပေါ် ချစ်လာအောင် ဆွဲဆောင်ချင်နေတာပင်။

ချန်လီချီက အန်တီကျန်း ပြန်သွားတာကို ကြည့်နေပြီးမှ အဖေရှစ်ကို အိမ်ထဲ ဆွဲခေါ်လာလိုက်သည်။ “ သမီး မနက်ဖြန်ကျ ကျောင်းကို အလှဆုံး ဂါဝန်လေး ဝတ်သွားချင်တယ် အဖေရှစ်။ သမီးကို ကူရွေးပေးပါလားဟင်။ “

ရှစ်ရမ်မှာလည်း ချန်ကျင်းလန်ကို ပြောစရာ ရှိနေသည်။ သူက ချန်လီချီကို ပွေ့ချီပြီး လေထဲ မြှောက်လိုက်၏။ “ ရွေးပေးရမှာပေါ့။ အဖေရှစ်က အဝတ်အစားနဲ့ ပတ်သက်လာရင် အမြင်ရှိတယ်။ “

ချန်လီချီက အဖေရှစ်ရဲ့ ပခုံးကို ပုတ်လိုက်သည်။ “ သမီး လေယာဉ်ပျံကြီး စီးချင်တယ် အဖေရှစ်။ “

လေယာဉ်ပျံတင် မဟုတ် ၊ ဒုံးပျံ ဆိုလျှင်တောင် ရှစ်ရမ်က သဘောတူမည်ဖြစ်သည်။ သူမလေးကို သူ့ပခုံးပေါ် တင်ပြီးနောက် ညနေခင်းလေပြည်ထဲ လေလိုအလျင်ဖြင့် ပြေးသွားလိုက်၏။

ချန်ကျင်းလန်က နောက်ကနေ “ ဖြည်းဖြည်း ဖြည်းဖြည်း။ “ ဟု လှမ်းအော်ပြောနေသည်။

ချန်လီချီက အဖေရှစ်ရဲ့ လည်ပင်းကို သိုင်းဖက်ပြီး ခပ်တိုးတိုး ရယ်လိုက်၏။ “ သမီးတို့ကို လိုက်ဖမ်းလေ မေမေ။ “

မီးရောင်မှိန်မှန်သာ လင်းသော မလှမ်းမကမ်းက လမ်း တစ်ဖက်ခြမ်းပေါ်မှာတော့ အနက်ရောင် ကား တစ်စီး ရပ်ထား၏။ ကားထဲမှာ ထိုင်နေသူရဲ့ မျက်လုံးတွေဟာ ဘယ်လိုနည်းနှင့်မှ လွင့်ပါးမပျောက်ကွယ်နိုင်အောင်ပင် ညအမှောင်ထုနှင့်အပြင် သိပ်သည်းစွာ နက်ရှိုင်းနေခဲ့သည်။

သူ A လေးကို ဖုန်းဆက်လိုက်တော့ တစ်ဖက်က ချက်ချင်း ဖုန်းကိုင်သည်။ “ ကျွန်တော် ဘာလုပ်ပေးရမလဲ ဘော့စ်။ “

“ ချန်ကျင်းလန်ရဲ့ သမီးမွေးနေ့ အတိအကျကို ရှာပေးပါ။ ဘယ်ဆေးရုံမှာ မွေးတာလဲ ၊ ဘယ်ဆရာဝန်နဲ့ မွေးတာလဲ ဆိုတာတွေပါ ရှာပေး။ “

A လေးက “ ချန်မိသားစုရဲ့ ဒုတိယ သခင်မလေး ချန်ကျင်းလန်လား။ “ ဟု A လေးက ပြန်မေးသည်။

“ ဟုတ်တယ်။ “

“ နားလည်ပါပြီ ဘော့စ်။ “ A လေးသည် လက် တစ်ဖက်နှင့် ဖုန်းကို ကိုင်ထားပြီး ကျန်လက် တစ်ဖက်နှင့် နာမည်ကို ရိုက်ရှာလိုက်၏။ ကွန်ပျူတာ ဖန်သားပြင်ပေါ်မှာ ပေါ်လာတဲ့ ဓာတ်ပုံကို မြင်တော့ သူ့မျက်လုံးထဲမှာ အတင်းအဖျင်း အငွေ့အသက်တွေ ယှက်သန်းသွားသည်။ ဒါ လန်ကျိုးဟိုတယ် ကားပါကင်မှာ သူတို့နဲ့ တွေ့ခဲ့တဲ့ မိန်းမလှလေး မဟုတ်လား။ ဘော့စ် အကြည့်မလွှဲနိုင်ခဲ့တဲ့ မိန်းမလှလေးလေ … ။

“ ပြီးတော့ … “ ရှောက်ချန်းကျယ်က ခဏ စကားရပ်လိုက်သည်။ “ သူမက … အိမ်ထောင်ကျပြီးပြီလား ဆိုတာကိုလည်း စုံစမ်းပေး။ “

ဟိုးအရင်တုန်းက သူ ရှစ်ရမ်ရဲ့ အမေ ရှိသော ဆေးရုံကို သွားရင်း သူမရဲ့ လက်ရှိ လက်ထပ်စာချုပ် အသစ်စက်စက် နှစ်စောင်ကိုသာ မြင်ဖူးခဲ့သည်။ နောက်ပိုင်းမှာ သူမနှင့် ပတ်သက်သမျှ သတင်းတွေ အကုန်လုံးကို တမင် ရှောင်နေခဲ့သော်လည်း သူမနှင့် ရှစ်ရမ်ဟာ မင်္ဂလာပွဲ မကျင်းပခဲ့ဘူး ဆိုတာကိုတြော သူ သိသည်။

သူမကိုယ်သူမ မှန်ထဲမှာ ကြည့်ကာ သဘောအကျကြီး ကျနေသော ကောင်မလေးကို ရှစ်ရမ် ကြည့်နေမိသည်။ သူ ချန်ကျင်းလန်ကို ခပ်တိုးတိုး ပြောလိုက်၏။ “ သူမ ဒီနေ့ ငါ့ကို သူ့အဖေအကြောင်း ထပ်မေးတယ်။ လီချီလေး တစ်ခုခု သိထားတယ်လို့ ငါ ခံစားနေရတယ်။ “

ချန်ကျင်းလန်က ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်၏။ “ ငါလည်း အဲ့လိုပဲ ထင်တယ်။ ဟိုနေ့တုန်းက သူ ရှောက်ချန်းကျယ်ကို ဖုန်းဆက်တယ်လေ။ “

ရှစ်ရမ်ရဲ့ အကြည့်က စူးရှသွားသည်။ “ ရှောက်ချန်းကျယ်ရော သိနေတာလား။ “

“ အခုထိ မသိသေးပါဘူး။ “

ရှစ်ရမ်က သူမကို ကြည့်လိုက်သည်။ “ နင် အခု ဘာလုပ်ဖို့ စီစဉ်ထားလဲ။ အဲ့ကိစ္စကို အကြာကြီး ဖုံးကွယ်ထားလို့တော့ မရလောက်ဘူး။ “

ချန်ကျင်းလန် ခါးသီးစွာ ပြုံးမိသည်။ “ အကြာကြီး ဖုံးကွယ်လို့ မရတော့ရော သူ သိသွားရင်တောင် ဘာလုပ်နိုင်မှာမို့လို့လဲ။ လီချီလေးကို သူ ငါ့လက်ထဲက လုယူမှာ မကြောက်ပါဘူး။ သူမက ငါကိုယ်တိုင် ပြုစုပျိုးထောင်ထားတဲ့ ငါ့သွေးသားပဲ။ ချန်မိသားစုရဲ့ ရှေ့နေအဖွဲ့ကလည်း အရည်အချင်းမရှိတဲ့ လူတွေ မဟုတ်ပါဘူး။ ငါ စိုးရိမ်တဲ့ တစ်ခုတည်းသော အရာက … ချန်လီချီ နာကျင်သွားမှာကိုပဲ။ “ ချန်ကျင်းလန်သည် စိတ်ထဲမှာ တင်းကျပ်နေသော ခံစားချက်ဖြင့် လက်ပိုက်၍ ကိုယ့်ကိုယ်ကိုယ် ထွေးပွေ့လိုက်သည်။ “ ငါ သူမနဲ့ သေသေချာချာ စကားပြောဖို့ အခွင့်အရေး လိုချင်နေတာ။ “

ထိုလူအကြောင်း ထည့်ပြောခြင်းကပင် ဘယ်လို ခံစားချက်မျိုးကိုမှ မလှုံ့ဆော်နိုင်တော့သလိုမျိုး သူမရဲ့ အမူအရာက အေးစက်ကာ အသံ တည်ငြိမ်နေခဲ့သည်။ သို့သော်လည်း တချို့ အရာတွေကို သူတစ်ပါးကိုသာ လိမ်ညာလို့ ရချင်ရကာ ကိုယ့်ကိုယ်ကိုယ်တော့ လိမ်လို့ မရပေ။ ရှောက်ချန်းကျယ် ဟူသော နာမည်ကို ပြောချိန်မှာ ကိုယ့်ကိုယ်ကိုယ်တောင် သတိမထားမိခင်မှာပဲ သူမရဲ့ အသံဟာ တစ်ချက် တုန်ရီသွားသည်။ နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း နစ်ဝင်နေတဲ့ တချို့ နာမည်တွေကို ပြောဖို့ မလွယ်ကူပါ။

ရှစ်ရမ်ရဲ့ အကြည့်က ပြောင်းလဲသွားသော်လည်း ဘာမှ ဆက်မပြောတော့ပေ။

နောက်ဆုံးတော့ ချန်လီချီသည် မနက်ဖြန်အတွက် ဂါဝန်လေးကို ရွေးချယ်လို့ ရသွားသည်။ ပန်းရောင် ဇာလေးတွေ ပါတဲ့ ဖောင်းဖောင်းကြွကြွ ဂါဝန်လေး တစ်ထည်ပါ။ မှန်ရှေ့မှာ သူမကိုယ်သူမ အရှေ့ ၊ အနောက် ၊ ဘယ် ၊ ညာ ၊ ရှုထောင့်ပေါင်းစုံကနေ ကြည့်နေမိသည်။ ဘယ်ရှုထောင့်ကပဲကြည့်ကြည့် သူမက သိပ်ကို လှနေပါသည်။

နောက်တစ်နေ့ ရောက်တော့ ချန်လီချီသည် ခါတိုင်းထက် နာရီဝက် စော၍ အိပ်ရာထခဲ့သည်။ မျက်နှာသစ် ၊ သွားတိုက် ၊ အစိုဓာတ်ဖြည့် ခရင်မ် နည်းနည်းပါးပါး ပုတ်လိမ်းပြီးနောက် ဂါဝန် လှလှလေးကို ဝတ်ဆင်လိုက်သည်။ ထို့နောက် သူမကို ကျစ်ဆံမြီး လှလှလေးတွေ လာကျစ်ပေးမည့် မိခင်ဖြစ်သူကို စောင့်နေလိုက်၏။

“ ဒီနေ့ ကျောင်းဆင်းရင် သမီး အိမ်မပြန်ခင် ရှန်းချူချီနဲ့ ခဏလောက် ဆော့ချင်တယ် မေမေ။ “

ချန်ကျင်းလန်က သူမလေးရဲ့ မေးစေ့ပေါ်မှာ အခဲလိုက် ပုံနေသော အစိုဓာတ်ဖြည့် ခရင်မ်ကို အသားထဲ စိမ့်ဝင်သွားအောင် ပွတ်ပေးရင်း ပြောလိုက်သည်။ “ လတ်စသတ်တော့ ဒီနေ့ လှလှလေး ဝတ်ထားတာက ညကျရင် ချူချီလေးနဲ့ ချိန်းတွေ့ဖို့ ဖြစ်နေတာပဲ။ “

“ ချိန်းတွေ့တာ မဟုတ်ပါဘူး မေမေရဲ့။ အန်တီရှန်းက သမီးတို့ကို အရသာရှိတဲ့ အစားအသောက်တွေ ချက်ကျွေးမယ် ဆိုလို့ပါ။ “

ချန်လီချီက သူမရဲ့ အမေ တုံ့ဆိုင်းနေတာကို သတိထားမိသွားပြီး လက်မောင်းကို ဆွဲလှုပ်လိုက်၏။ “ လုပ်ပါနော် မေမေကလည်း။ သမီး အရမ်း နောက်ကျတဲ့အထိ မနေပါဘူး။ ခြောက်နာရီ ထိုးတာနဲ့ အိမ်ကို အရောက် ပြန်ခဲ့မယ်။ သမီး ဒီည စန္ဒရားတီး လေ့ကျင့်စရာ ရှိသေးတယ်လေ။ “

“ ကောင်းပြီ ၊ မေမေ ခွင့်ပြုပေးလိုက်မယ်။ ဒါပေမဲ့ သမီးနဲ့အတူ အစ်မဝူလည်း လိုက်လိမ့်မယ်။ “

ဝူလင်က ချန်လီချီအတွက် ချန်ကျင်းချွမ် စီစဉ်ပေးထားသော သီးသန့် သက်တော်စောင့် ဖြစ်သည်။ လူကောင်လေးက သေးသွယ်နူးညံ့ပုံပေါ်သော်လည်း သူမရဲ့ အတိုက်အခိုက် စွမ်းရည်တွေကို သွားလျှော့တွက်လို့ မရပေ။ ယောက်ျားရင့်မာကြီး လေး ၊ ငါးယောက်ပင်လျှင် သူမနား ကပ်နိုင်မှာ မဟုတ်ပါ။ ချန်လီချီလေး ပထမဆုံး လမ်းလျှောက်သင်ကတည်းက သူမဟာ ချန်လီချီရဲ့ လုံခြုံရေးကို တာဝန်ယူထားခဲ့သည်။ ချန်လီချီဘေးမှာ ဝူလင် ရှိနေလျှင် ဘာပြဿနာမှ ဖြစ်လာမှာ မဟုတ်။

ချန်လီချီက သူမအမေရဲ့ မျက်နှာကို နှစ်ကြိမ်တိတိ ရင်ချင်းအပ်၍ နမ်းလိုက်၏။ “ ကျေးဇူးပါ မေမေ။ အဲ့ဒါကြောင့် မေမေ့က သမီးအချစ်ဆုံး ဖြစ်နေတာ။ မေမေက စကြဝဠာ တစ်ခုလုံးမှာ အလှဆုံးပဲ။ “

စကားပြောကောင်းလွန်းတဲ့ သမီး တစ်ယောက် ရထားတာ သိပ်မကောင်းဘူးလို့ ချန်ကျင်းလန် တွေးမိသည်။ သမီးဖြစ်သူ တောင်းဆိုသမျှ အရာရာတိုင်းကို သူမ ငြင်းပယ်ဖို့ ခက်နေသည်လေ။ သူမရဲ့ ပါးစပ်လေးက ချန်ကျင်းလန်ရဲ့ ငြင်းပယ်မည့် စကားတွေကို အငွေ့ပျံသွားစေ၏။

ချန်လီချီသည် ဒီနေ့ အတန်းထဲမှာ လုံးဝ အာရုံမပျံ့လွင့်စေဘဲ အာရုံစူးစိုက်စွာ နားထောင်ခဲ့သည်။ သူမက စိတ်လှုပ်ရှားနေချိန်မှာ အာရုံစူးစိုက်မှုအား ပိုကောင်းတဲ့ ကလေးမျိုးပင်။

ကျောင်းဆင်းတာနှင့် တစ်ပြိုင်နက် ချန်လီချီနှင့် ရှန်းချူချီသည် တစ်ယောက်လက်ကို တစ်ယောက် တွဲလျက် ပြေးထွက်လာခဲ့လိုက်သည်။ ဆရာမက ရှန်းချူချီကို ရှန်းစီဝမ်လက်ထဲ အပ်ပြီး ချန်လီချီကိုတော့ ဝူလင့်လက်ထဲ အပ်ပေးခဲ့သည်။

ချန်လီချီက အစ်မဝူကို ဆွဲခေါ်ပြီး ရှန်းစီဝမ်နှင့် မိတ်ဆက်ပေးလိုက်၏။ “ ဒါက အန်တီရှန်းလေ အစ်မဝူ။ ချူချီ့အမေပေါ့။ အန်တီရှန်း .. ဒါက သမီးရဲ့ အစ်မဝူလေ။ သူမက ကွန်ဖူး အရမ်း ကျွမ်းတယ်။ “

ရှန်းစီဝမ်က Mask ကို ချွတ်ကာ ဝူလင်ကို ပြုံးပြပြီးနောက် အမြန် ပြန်တပ်လိုက်သည်။ “ တွေ့ရတာ ဝမ်းသာပါတယ် မိန်းကလေးဝူ။ “

ဝူလင့်မျက်နှာပေါ်က ကြောင်အမ်းအမ်း အမူအရာက အနည်းငယ် ပြိုလဲသွားသော်လည်း သူမ ကောင်းကောင်း ဖုံးကွယ်လိုက်နိုင်ပါသည်။ အံ့ဩစရာကောင်းလိုက်တာ။ ရှန်းချူချီရဲ့ အမေက တကယ်ကြီး ရှန်းစီဝမ် ဖြစ်နေတာပဲ … ။

လက်ရှိအချိန်မှာ ရှန်းစီဝမ်က ရှန်းချူချီကို သူမသားအဖြစ် လက်ခံလိုက်ပြီမို့ ဘယ်သူ့ကိုမှ ဘာမှ ဖုံးကွယ်မထားချင်တော့ပါ။ ကုမ္ပဏီကလည်း လူသိရှင်ကြား ကြေညာချက် တစ်ခုကို မကြာခင် ထုတ်ပြန်ဖို့ စီစဉ်ထားသည်။ ထိုကြေညာချက်က သူမရဲ့ အလုပ်ကို ဘယ်လို ပုံစံနှင့် ထိခိုက်စေမှာလဲ ဆိုတာကိုလည်း စိတ်ပိုင်းဆိုင်ရာအရ ကြိုတင် ပြင်ဆင်ပြီးသွားပြီ ဖြစ်သည်။ အခြေအနေတွေ အရမ်း ဆိုးသွားလျှင်တောင် ဖြတ်လျှောက် သရုပ်ဆောင်တော့ လုပ်လို့ ရပါသေးသည်။ သူမ သရုပ်တောင်နိုင်သေးသရွေ့ ထမင်းငတ်မှာ မဟုတ်။

ဝူလင်က ချန်လီချီနှင့်အတူ ရှန်းစီဝမ်ရဲ့ ကားနောက်ကို လိုက်မောင်းလာခဲ့သည်။ သူတို့တွေ ရှောက်ကော်ပိုရေးရှင်းကို လျင်မြန်စွာပဲ ရောက်လာခဲ့၏။ ရှန်းစီဝမ်ရဲ့ ကားကို မှတ်မိနေသော လုံခြုံရေးကို ရှန်းစီဝမ်က နောက်မှာ ပါလာတဲ့ ကားက သူမနှင့် ပါလာတာ ဖြစ်ကြောင်း ပြောလိုက်တော့ လုံခြုံရေးက ကား နှစ်စီးလုံးကို ဝင်ခွင့်ပေးလိုက်လေသည်။

ဝူလင် နားမလည်နိုင် ဖြစ်သွားသည်။ ရှောက်မျိုးနွယ်တွေရဲ့ ပိုင်နက်ထဲကို သူမတို့ ရောက်နေပြီလေ။ ချန်လီချီကို သူမ လှည့်ကြည့်လိုက်သည်။ “ အစ်မတို့ ဒီမှာ ဘာလုပ်ရမှာလဲ လီချီလေး။ “

ချန်လီချီက အစ်မဝူကို ပြုံးပြလိုက်သည်။ “ ချူချီ့ဦးလေးကို လာရှာတာလေ အစ်မဝူ။ သူက သမီးတို့ကို အရသာရှိတဲ့ အစားအသောက်တွေ ကျွေးမယ်တဲ့။ “

“ သူ့ဦးလေးက ရှောက်ကော်ပိုရေးရှင်းမှာ အလုပ်,လုပ်တာလား။ “

“ အင်း။ “

ဝူလင်သည် စိတ်ထဲကနေ ‘ ကလေးရေ ၊ မင်းကတော့ မင်းမိသားစုနဲ့ ရှောက်မျိုးနွယ်တွေက မီးနဲ့ ရေလို ကမ္ဘာ့ရန်ဘက်တွေ ဆိုတာ မသိလောက်ဘူး ’ ဟု တွေးလိုက်မိသည်။ သခင်ကြီးချန်သာ လီချီလေးကို ရှောက်မျိုးနွယ်ပိုင်နက်ထဲ သူမ ခေါ်သွားမိတဲ့အကြောင်းကို သိသွားလျှင် သူမ အရေခွံခွာခံရလောက်သည်။

ဝူလင်က ဖုန်းခေါ်ဆိုသည့် ခလုတ်ကို ဆက်တိုက် နှိပ်ရင်း ချန်လီချီရဲ့ စကားတွေကို စိတ်မပါလက်မပါ တုံ့ပြန်နေခဲ့သည်။

ချန်လီချီက ပတ်ဝန်းကျင်ကို မျက်လုံးဝိုင်းလေးတွေဖြင့် စူးစမ်းလေ့လာရင်း ရှောက်ချန်းကျယ်ရဲ့ ဓာတ်ပုံနှင့် တစ်ထေရာတည်းတူသူကို ရှာတွေ့ဖို့ မျှော်လင့်နေမိသည်။ ဒါပေမဲ့ သွားလာလှုပ်ရှားနေသော လူတွေ အများကြီးထဲမှာ သူ့ကို ရှာမတွေ့ပါ။

ဝူလင်က ချန်ကျင်းလန်ကို ဖုန်းဆက်လို့ မရသောကြောင့် ချန်ကျင်းချွမ်ကိုပဲ ဖုန်းဆက်လိုက်ရ၏။ သူ့လက်ထောက်က ဖုန်းကိုင်ပြီး ဒါရိုက်တာချန် အစည်းအဝေးတက်နေသည်ဟု ပြောသည်။ ဝူလင်သည် လက်ရှိ အခြေအနေကို ထိုလက်ထောက်အား ရှင်းပြပြီး ဒါရိုက်တာချန်ကို သူ့အစည်းအဝေး ပြီးသည်နှင့် ချက်ချင်း သတင်းပို့ပေးရန် တောင်းဆိုလိုက်၏။

ဝူလင်က ပြတင်းပေါက်နားမှာ ဖုန်းပြောနေချိန်မှာ ချန်လီချီကတော့ ဆက်မစောင့်နိုင်တော့ပေ။ ဧည့်ကြိုစားပွဲဆီ လျှောက်သွားပြီး ဧည့်ကြိုဝန်ထမ်း အစ်မကြီးကို ယဉ်ယဉ်ကျေးကျေး ပြောလိုက်သည်။ “ အစ်မတို့ရဲ့ ရှောက်ကော်ပိုရေးရှင်း စီအီးအို ရှောက်ချန်းကျယ်နဲ့ သမီး တွေ့ချင်လို့ပါ။ “

ဧည့်ကြိုဝန်ထမ်းက ပန်းနုရောင် ဇာဂါဝန် ၊ ပန်းနုရောင် ဆံညှပ်ကလစ်နှင့် ပန်းနုရောင် ကျောပိုးအိတ်လေးကို လွယ်ထားကာ အရုပ်မလေး တစ်ရုပ်နှင့် တူသော ချစ်စရာ ကလေးမလေးကို မြင်သွားသည်။ သူမတို့စီအီးအိုကို ရဲတင်းစွာ နာမည်တပ်ခေါ်ရဲသောကြောင့် ဒီကလေးမလေးဟာ အာဏာရှိတဲ့ လူချမ်းသာ မိသားစု တစ်ခုခုကပဲ ဖြစ်လိမ့်မည်ဟု သူမ ယူဆလိုက်၏။ ရှောက်ကော်ပိုရေးရှင်းက အမှုဆောင်ဝန်ထမ်း တစ်ယောက်ယောက်ရဲ့ အဖိုးတန် သမီးလေး ဖြစ်ရမည်။

***

All Chapters