အခန်း ၁၈
Vol. 2 Ch. 18
အပိုင်း ( ၁၈ )
ဧည့်ကြိုဝန်ထမ်းက သူမကို ချိုသာစွာ ပြုံးပြလိုက်သည်။ “ အစ်မကို ကလေးရဲ့ အဖေနာမည် ၊ အမေနာမည်တွေ ပြောပြလို့ ရမလား။ “
ချန်လီချီ ခေါင်းညိတ်ပြလိုက်သည်။ “ သမီးအမေက ချန်ကျင်းလန်ပါ။ “
ချန် … ကျင်းလန် … ။
ချန်မိသားစုရဲ့ ဒုတိယသခင်မလေး ချန်ကျင်းလန်လား။ ရှောက်ကော်ပိုရေးရှင်းထဲမှာ ချန်မိသားစုဝင် တစ်ယောက် ခြေချချင်းကို မြင်ရတာ သူမရဲ့ ဘဝရဲ့ ဖြစ်ရပ်ဆန်း တစ်ခုကို မြင်လိုက်ရသလိုပင်။
“ သမီးအဖေက ဘယ်သူလဲ ဆိုတာကို အဖြေရှာဖို့အတွက် ဒီကို လာခဲ့တာပါ။ သမီး ဒီနေ့ ရှောက်ချန်းကျယ်ရဲ့ ဆံပင်ကို ယူမယ်။ သူ့ဆံပင်ကို ရရင် ဒီအင်န်အေ စစ်ဆေးမယ် ၊ ပြီးရင်တော့ သူက သမီးအဖေ ဟုတ် ၊ မဟုတ် သိရပြီ။ “
ချန်လီချီရဲ့ ခပ်တင်းတင်း စကားတွေက လူတွေ ပျားပန်းခတ်မျှ ရှုပ်ယှက်ခတ်နေသော ပထမထပ်မှာ ဧည့်တွေ့ခန်းမှာ ပဲ့တင်ထပ်သွားသည်။ ဖုန်းပြောနေတဲ့ ဝူလင် အပါအဝင် ဧည့်ကြိုစားပွဲပတ်ဝန်းကျင်မှာ ရှိနေသူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။ ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။
ဓာတ်လှေကားခဲကနေ ဘေးပတ်လည်မှာ လူတွေ ဝိုင်းလျက် ထွက်လာသော ရှောက်ချန်းကျယ်သည် မလှမ်းမကမ်းက ပန်းရောင် ကောင်မလေးကို မြင်ချိန်မှာ မျက်ခုံးပင့်လိုက်မိသည်။
ချန်လီချီကလည်း ရှောက်ချန်းကျယ်ကို မှတ်မိသွားပါသည်။ ပါးစပ်ကို လက်လေးတွေနှင့် အုပ်ရင်း “ အိုး…အို“ ဟု အသံထွက်သွားမိသည်။
ရှောက်ချန်းကျယ်က သူမ၏ အဖေ ဟုတ်သည်ဖြစ်စေ ၊ မဟုတ်ဖြစ်စေ သူမအမေအား ဤအမျိုးသားကို ပိုင်ဆိုင်နိုင်ရန် ကူညီပေးရမည်ဟု သူမ ဆုံးဖြတ်လိုက်သည်။ အဲ့ဒါဆို သူက သူမအဖေ ဖြစ်လာလိမ့်မည်။
သူ့မျက်လုံးလေးတွေကို သဘောကျတယ် ၊ သူမရဲ့ မျက်လုံးတွေနဲ့ တစ်ပုံစံတည်းပဲ။ သိပ်ကို လှတယ်။
ချန်လီချီသည် ချစ်စရာကောင်းသော အပြုံးလေးဖြင့် ခြေ တစ်လှမ်း ရှေ့တိုးရင်း ရှောက်ချန်းကျယ်ကိူ လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်သည်။ “ မင်္ဂလာပါ ရှောက်ချန်းကျယ် ၊ သမီးက ချန်လီချီပါ။ “
ရှောက်ချန်းကျယ်က ခပ်တောင့်တောင့် ရပ်ရင်း သူမကို စိုက်ကြည့်နေမိသည်။ သူ့လက်ထဲမှာ ဖုန်းက တရစပ် တုန်ခါနေပြီး ဖုန်းဆက်သူရဲ့ အမည်က ‘ A လေး ’ ဟူ၍ ပေါ်နေခဲ့သည်။
ဆူနာမီမုန်တိုင်းတိုက်ခြင်းကပင် ဒီကိစ္စနှင့် ယှဉ်လျှင် အသေးအမွှားပဲလို့ ရှောက်ချန်းကျယ် တွေးလိုက်သည်။ အရက်အမူးလွန်တဲ့ အမှားကျူးလွန်မိခဲ့တဲ့ ကမောက်ကမ ည တစ်ညကို သူ မှတ်မိဆဲ ဖြစ်သော်လည်း အဲ့ဒါကို အိပ်မက်လို့သာ ထင်ထားခဲ့တာပင်။ ဒါပေမဲ့ … အိပ်မက် မဟုတ်ဘဲ တကယ် ဖြစ်ခဲ့တာပါလား … ။
ရှောက်ချန်းကျယ်သည် တဖြည်းဖြည်း များလာသော လူတွေကိုရော ၊ ဆူညံသထက် ဆူညံလာတဲ့ စကားသံတွေကိုရော မမြင်နိုင် မကြားနိုင်တော့ပေ။ သူ့အတွက် ပတ်ဝန်းကျင်မှာ ရှိသမျှ အရာရာတိုင်း ငြိမ်သက်တိတ်ဆိတ်နေ၏။ “ မင်္ဂလာပါ ရှောက်ချန်းကျယ် ၊ သမီးက ချန်လီချီပါ။ “ လို့ ပြောနေတဲ့ ကလေးမလေး တစ်ယောက်သာ သူ့အမြင်အာရုံထဲ ရှိလေသည်။
သူမနာမည်က ချန်လီချီတဲ့လား။ သူက သူမရဲ့ နာမည်ကိုတောင် မသိသလို ထိုနာမည်က ဘယ်လို အက္ခရာတွေလဲ ဆိုတာကိုလည်း မသိပါ။ ဘယိလိုလုပ် ကလေးမလေး တစ်ယောက်က ဘယ်ကမှန်း မသိတဲ့ လူစိမ်း တစ်ယောက်ကို ဖုန်းဆက်ပြီး သူမကို ညအိပ်ရာဝင် ပုံပြင်ပြောရင်း ချော့သိပ်ဖို့ တောင်းဆိုမှာတဲ့လဲ။
သူက သူမအဖေဟာ ဘယ်သူလဲ ဆိုပြီးတော့တောင် မေးခွန်းထုတ်ခဲ့ပါသေးသည်။
ရှောက်ချန်းကျယ်ရဲ့ ခြေထောက်တွေက ခဲဆွဲထားသလို လေးလံနေသည်။ သူ တစ်လှမ်းပြီး တစ်လှမ်း ရှေ့တိုးလိုက်၏။ ထို့နောက် ဒူး တစ်ဖက်ကို ဒူးထောက်ကာ သူမရဲ့ မျက်လုံးတွေထဲကို စိုက်ကြည့်လိုက်သည်။
ချန်လီချီကလည်း သူ့ကို ပြန်ကြည့်နေပါသည်။ သူ့ရဲ့ မျက်တောင်ရှည်လေးတွေက သူမ မြင်ခဲ့ရတဲ့ ဓာတ်ပုံထဲမှာထက်တောင် ပိုရှည်သေးရဲ့။ ဖြောင့်တင်းသော နှာရိုးမြင့်မြင့် ၊ နှုတ်ခမ်းပါးပါး။ နည်းနည်းလေး အေးစက်တဲ့ ပုံစံပေါက်တာက လွဲလို့ သူက သိပ်ကို ချောသည်။ သူ ပြောပြတဲ့ ညအိပ်ရာဝင် ပုံပြင်တွေကလည်း အေးစက်စက်နိုင်တာ အံ့ဩစရာ မရှိပါ။ သူက အေးစက်တဲ့ လူ တစ်ယောက်ပဲ ဖြစ်ရမည်။
“ ဦးလေးက သမီးအဖေလားဟင်။ “ ချန်လီချီက သူ့ကို မော့ကြည့်ပြီး မေးလိုက်၏။
ရှောက်ချန်းကျယ်ရဲ့ လည်ဇလုပ်သည် အကြိမ် အနည်းငယ်လောက် နိမ့်ချည် ၊ မြင့်ချည် ဖြစ်သွားပြီးမှ “ အင်း “ ဟူသော စကားလုံးကို လည်ချောင်းထဲကနေ အနည်းငယ် တုန်ရီစွာ ထွက်လာခဲ့သည်။
A လေး စုံစမ်းထားတာတွေကို သူ နားထောင်စရာ မလိုတော့ပါ။ သူမက သူ့သမီး ၊ သူကလည်း သူမရဲ့ အဖေပဲ။ သူ သေချာပါသည်။
ချန်လီချီရဲ့ မျက်လုံးတွေက ပျော်ရွှင်သော လခြမ်းကွေးလေးအဖြစ် ကွေးညွှတ်သွား၏။ “ သမီးလည်း အဲ့လိုပဲ ထင်တယ်။ “
သူမဟာ ပြုံးနေရင် အလှဆုံးပဲလို့ ဦးလေးက ပြောဖူးသောကြောင့် ဆက်ပြုံးချင်သော်လည်း ချန်လီချီသည် ပြုံးရင်း နည်းနည်းလေး ငိုချင်လာမိသည်။ သူမ သူ့ကို မရှာချင်ပေမဲ့ နောက်ဆုံးမှာတော့ ရှာတွေ့သွားပါရောလား။
ချန်လီချီရဲ့ နှုတ်ခမ်းလေးက ထိန်းချုပ်လို့ မရဘဲ ငိုမဲ့မဲ့ ဖြစ်သွားသည်။ ပြန်ပြုံးဖို့ ကြိုးစားပေမဲ့ ကြိုးစားမရ။ ချန်လီချီသည် သူမရဲ့ လက်ကလေးတွေကို ဆန့်တန်း၍ ရှောက်ချန်းကျယ်အား မေးလိုက်၏။ “ ဦးလေး သမီးကို မဖက်ချင်ဘူးလားဟင်။ “
အမေဆို သူမနှင့် တစ်ရက်လောက် ဝေးကွာနေရလျှင်တောင် သူမကို ပြန်တွေ့သည်နှင့် ရင်ခွင်ထဲ ဆွဲဖက်ပြီး ဆက်တိုက် နမ်းလေ့ရှိသည်။ သူမတို့ ဝေးကွာနေတာ ရက်ပေါင်းများစွာ ကြာခဲ့ပါပြီ။ သူမရဲ့ လက် ဆယ်ချောင်းနှင့် ရက်ပေါင်း တစ်ရာအထိ ရေတွက်ကြည့်လျှင်တောင် လုံလောက်မှာ မဟုတ်။ အဲ့ဒါကြောင့် သူ သူမကို ဖက်ချင်နေမှာပဲ မဟုတ်လား။
ရှောက်ချန်းကျယ်က သူမလေးရဲ့ မျက်ဝန်းထဲမှာ ရစ်ဝိုင်းလာသော မျက်ရည်စတွေကို မြင်တော့ သူ့နှလုံးသားကို ဆွဲထုတ်ခံရသလို ခံစားလိုက်ရ၏။ သိပ်သည်းသော နာကျင်မှုက ဖြည်းဖြည်းချင်း တွားသွား ဝင်ရောက်လာကာ သူ့ကိုယ်တွင်းအင်္ဂါတွေကို ဖုံးလွှမ်းသွားသည်။ သူ ခန္ဓာကိုယ်ကို ငုံ့ကိုင်း၍ သူမရဲ့ ပခုံးလေးတွေကို တန်ဖိုးဖြတ်မရသော ရတနာလေး တစ်ပါးလိုပင် နူးညံ့စွာ ဂရုတစိုက် ဆုပ်ကိုင်၍ သူ့ရင်ခွင်ထဲမှာ အသာအယာ ပွေ့ဖက်ထားလိုက်သည်။ သူ့လက်တွေက သူမရဲ့ သွယ်လျသော ကျောပြင်လေးကို တင်းတင်းကျပ်ကျပ် ဖက်ထားချင်၍ အဲ့ဒီနားမှာ တဝဲဝဲလည်နေသော်လည်း သူ မဖက်ရဲပါ။
ချန်လီချီလေးက သူ့ပခုံးပေါ်မှာ မျက်နှာအပ်ကာ ဖြည်းဖြည်းချင်း ပွတ်သပ်ရင်း “ ဖေဖေ “ ဟု တိုးလျစွာ ခေါ်လိုက်သည်။
ရှောက်ချန်းကျယ်ရဲ့ မျက်လုံးတွေက ချက်ချင်းပဲ အနီရောင်ပြောင်းသွားကာ “ ဟုတ်တယ် ၊ ဖေဖေပါကွယ်။ “ ဟု သူမကို ပြန်ပြောလိုက်၏။
အခုမှ သန့်စင်ခန်းထဲကနေ ထွက်လာသော ရှန်းချူချီသည် ထိုမြင်ကွင်းကို မြင်လျှင် နှုတ်ကနေ ဝိုးခနဲ အသံထွက်သွားကာ မျက်ရည်တွေ ကျလာခဲ့လေသည်။ သူပါ ဘာလို့ ငိုနေမိတာလဲ ဆိုတာကိုတော့ ကိုယ့်ကိုယ်ကိုယ် နားမလည်။ သူ တကယ် ငိုချင်နေတာပါ။ ရှန်းစီဝမ်လည်း ငိုချင်နေပေမဲ့ သူမရဲ့ သားလေး အော်ငိုနေတာကို ကြည့်ကာ ရယ်ချင်သွားသည်။ မနက်ဖြန်ကျ မွေးစားအမေ ရောက်လာမည့် ပုံစံကို စဉ်းစားမိတော့ သူမ စတင် ခေါင်းကိုက်လာမိသည်။ မွေးစားအမေကို ထောက်ထားညှာတာတတ်စွာ ပြဿနာမရှာဖို့ မျှော်လင့်မိသည်။
ဝူလင်ကတော့ ပိုလို့တောင် ငိုချင်နေခဲ့ပါသည်။ သူမ မနက်ဖြန် နေထွက်ချိန်ကို မြင်နိုင်မှာ မဟုတ်ဘူးလို့ ခံစားနေရသည်။ သူမတို့တွေ စားကောင်းသောက်ဖွယ်တွေ စားဖို့ ဒီကို ရောက်လာကြတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ရှောက်ကော်ပိုရေးရှင်းမှာ အဖေရှာပုံတော်ဖွင့်ခန်း ဖြစ်သွားရတာလဲ။
ယွမ်ကျုံးကျိုးသည်လည်း အံ့ဩစိတ်ဖြင့် ဆွံ့အနေခဲ့သည်။ တောင့်တင်းနေသော လည်ပင်းကို စက်ရုပ် တစ်ရုပ်လိုပင် လှည့်ပြီး ခုန်ယိချန်းကို ကြည့်လိုက်၏။ ဘော့စ်ရှောက်မှာ ဒီလို ချစ်စရာ သမီးလေး ရှိတယ် ဆိုတာ ဘာလို့ ဘယ်သူမှ သူ့ကို ပြောမပြတာလဲ။ သူ့မှာ ဘယ်လိုလုပ် ဒီလောက်တောင် ချစ်စရာကောင်းတဲ့ သမီးလေး ရှိနေရတာလဲ။
ခုန်ယိချန်းက ငိုချင်စိတ်ဖြင့် မွှန်တက်နေသော နှာခေါင်းကို ရှုံ့လိုက်သည်။ မိခင် တစ်ယောက်အနေဖြင့် ဒီမြင်ကွင်းကို သူမ မကြည့်နိုင်ပါ ၊ မကြည့်ရက်ပါ။ အလုပ်ချိန်သာ မဟုတ်ရင် အိမ်ပြန်ပြီး သူမရဲ့ ဝတုတ်မလေးကို ဖက်ထားမိလောက်သည်။
ဒါပေမဲ့ အခုက သူမသမီးအကြောင်း တွေးနေရမယ့် အချိန် မဟုတ်ပါ။ ခုန်ယိချန်းသည် ကိုယ့်ကိုယ်ကိုယ် အမြန် သတိစုစည်းကာ ဒါရိုက်တာရဲ့ အတွင်းရေးမှူး ဟူသည့် တာဝန်တွေကို ကျေပွန်စွာ ဆောင်ရွက်လိုက်၏။ ဝိုင်းကြည့်နေတဲ့ ဝန်ထမ်းတွေကို ကိုယ့်အလုပ်ဆီ ပြန်သွားဖို့ အရင်ဆုံး လက်ဟန်ခြေဟန်ဖြင့် ပြောလိုက်သည်။ ထို့နောက် ဝန်ထမ်း Group အသီးသီးအား ဒီနေ့ ဖြစ်သွားတဲ့ ကိစ္စကို အပြင်မှာ လျှောက်ဖြန်လို့ မရကြောင်းနှင့် ဓာတ်ပုံတွေ ရိုက်ထားပါကလည်း လျှောက်ဖြန့်လို့ မရကြောင်း မက်ဆေ့ခ်ျပို့ထားလိုက်သည်။ ဥက္ကဌရှောက်ဆီက ဘာလုပ်ရမယ် ဆိုတဲ့ ညွှန်ကြားချက် အတိအကျကို မရသေးခင်အထိ ဒီအဖြစ်အပျက်ရဲ့ သက်ရောက်မှုကို နည်းနိုင်သမျှ နည်းအောင် ထိန်းချုပ်ထားရမည်။ လောလောဆယ်တော့ ရှောက်ချန်းကျယ်က ညွှန်ကြားချက်ပေးနိုင်လောက်တဲ့ စိတ်အခြေအနေမှာ မရှိသေးပါ။
ချန်ကျင်းလန်သည် အပြင်ကနေ ပြန်ရောက်သောအခါ ဝူလင်ရဲ့ Missed Call တွေ အများကြီးကို မြင်လိုက်ရလေသည်။ သူမစိတ်ထဲမှာ မကောင်းတဲ့ ခံစားချက် တစ်မျိုးကို ခံစားလိုက်ရကာ ချက်ချင်းပဲ ဖုန်းပြန်ခေါ်လိုက်၏။ “ ဘာဖြစ်လို့လဲ ဝူလင်။ “
“ ချန်လီချီနဲ့ ညီမက အခု ရှောက်ကော်ပိုရေးရှင်းကို ရောက်နေတာ အစ်မ။ ရှောက်ချန်းကျယ်က သူ့အဖေလို့ ချန်လီချီက ပြောနေတယ်။ သူတို့တွေ တွေ့ပြီးနေပြီ။ “ ဝူလင်က အခြေအနေကို အတိုချုံ့ ရှင်းပြလိုက်သည်။
ချန်ကျင်းလန်က သူမရဲ့ ကားသော့တွေကို စားပွဲပေါ်ကနေ ချက်ချင်း ယူလိုက်၏။ “ ငါ အဲ့ဒီကို ချက်ချင်း လာခဲ့မယ်။ “
သူမ ချန်လီချီနှင့် စောစောစီးစီးကတည်းက စကားပြောခဲ့ဖို့ ကောင်းသည်။ ရှောက်ကော်ပိုရေးရှင်းအထိ သွားလိမ့်မည် ဟူ၍ လုံးဝ မျှော်လင့်မထားခဲ့ပေ။
ရှောက်ကော်ပိုရေးရှင်းက ဝန်ထမ်းများသည် လုံးဝ ကယောင်ခြောက်ခြား ဖြစ်သွားကြပြီ ဖြစ်သည်။ အငယ်တန်း ဝန်ထမ်းတွေက အလုပ်မှာ အာရုံမစိုက်နိုင်တော့ရုံသာမက အကြီးတန်း ဝန်ထမ်းတွေကလည်း အလုပ်,လုပ်ချင်စိတ် မရှိတော့ပေ။ အဓိက အကြောင်းပြချက်ကတော့ ဒီသတင်းက သိပ်ကို ထိတ်လန့်စရာကောင်းလို့ပါ။ ဒီသတင်းကို အပြင်မှာ လျှောက်မဖြန့်ရဘူးဟု စီမံခန့်ခွဲရေး ဌာနက ညွှန်ကြားထားပေမဲ့ ကုမ္ပဏီတွင်းမှာ ဆွေးနွေးလို့ မရဘူးလို့တော့ ပြောမထားပါ။
သခင်လေးရှောက်နဲ့ ဒုတိယ သခင်မလေးချန်မှာ … သမီး တစ်ယောက် ရှိနေတယ်တဲ့လား … ။
ရှောက်ကော်ပိုရေးရှင်းက လုပ်သက်ကြာ ဝန်ထမ်းတွေရဲ့ ပြောစကားအရတော့ ရှောက်မိသားစုနှင့် ချန်မိသားစုဟာ အဆက်အဆံမလုပ်တာ အနည်းဆုံး နှစ် ( ၄၀ ) ၊ ( ၅၀ ) လောက် ရှိနေပါပြီတဲ့။ သူတို့တွေကြားက ရာစုနှစ် တစ်ဝက်စာ ရန်ငြိုးရန်စတွေကြားမှာ ချန်မျိုးနွယ်ရဲ့ သွေးရော ၊ ရှောက်မျိုးနွယ်ရဲ့ သွေးကိုပါ ပိုင်ဆိုင်ထားတဲ့ ကလေးမလေး တစ်ယောက်က ဘွားခနဲ ပေါ်လာခဲ့သည်။ ဘုရားရေ ၊ ဒီမိသားစု နှစ်စုရဲ့ သမိုင်းဝင် ပြန်ပေါင်းထုပ်ခန်းကို သူတို့ မြင်ရတော့မှာလား။
လူတွေက ကုမ္ပဏီရဲ့ ထောင့်လေးတွေမှာ စုရုံး စုရုံးဖြင့် တိုးတိုးကျိတ်ကျိတ် အတင်းပြောနေခဲ့ကြသည်။ ထို့နောက် ပြတင်းပေါက်နားမှာ ရပ်နေတဲ့ ဝန်ထမ်း တစ်ယောက်က ရုတ်တရက်ပဲ “ ချန်ကျင်းလန် ဒီကို ရောက်လာပြီ ၊ ချန်ကျင်းလန် ရောက်လာပြီ။ ငါတို့ကုမ္ပဏီကို ချန်ကျင်းလန် ရောက်လာပြီ။ “ ဟု ထအော်လိုက်လေသည်။
ပြတင်းပေါက်တွေနားကို လူတိုင်း ပြေးသွားကာ လည်ဆန့်၍ အပြင်ကို ကြည့်လိုက်ကြသည်။ ကားထဲကနေ အဖြူရောင် ဝတ်စုံကို ဝတ်ထားတဲ့ အမျိုးသမီး တစ်ယောက် ထွက်လာသည်။ သူမရဲ့ လှိုင်းတွန့် ဆံပင်တွေက ခါးနားမှာ ဝဲဖြာကျနေလျက် မည်းနက်ထူထဲတဲ့ မျက်ခုံးရှည်ရှည် ၊ ဗာဒံစေ့ပုံသဏ္ဍာန် မျက်လုံး ၊ ငန်းလည်ပင်းလို ဖြောင့်စင်းသွယ်လျသော လည်တိုင်လေးကို ပိုင်ဆိုင်ထားသည်။ သူတို့ ဝိုင်းကြည့်နေကြတာကို သတိထားမိသလိုပင် သူမက ပြတင်းပေါက်တွေဆီ လှမ်းကြည့်၏။ ထိုအကြည့်က တည်ငြိမ်အေးစက်နေပေမဲ့ တစ်နည်းတစ်ဖုံအားဖြင့် နူးညံ့သိမ်မွေ့ပါသည်။
သူတို့သည် စိတ်ထဲကနေ ပင့်သက်မရှိုက်မိဘဲ မနေနိုင်ပေ။ ရုပ်ရည် အသွင်အပြင်ကိုပဲ ကြည့်ကြည့် ၊ အရှိန်အဝါကိုပဲ ကြည့်ကြည့် .. သူမက တကယ့်ကို သူတို့ရဲ့ ဥက္ကဌရှောက်နဲ့ လိုက်ဖက်တာပဲ။ သူတို့ကို နတ်ဖက်တဲ့ စုံတွဲ တစ်တွဲလို့ ပြောလျှင် လွန်ရာကျမည် မထင်ပါ။
ထိုဝန်ထမ်းက တစ်ကြိမ် အော်ပြီးနောက် နောက်တစ်ခေါက် ထပ်အော်ပြန်သည်။ “ ချန်ကျင်းချွမ်လည်း ဒီကို ရောက်လာပြီ။ ချန်ကျင်းချွမ်းလည်း ရောက်လာပြီ။ ငါတို့ကုမ္ပဏီကို ချန်ကျင်းချွမ် ရောက်လာပြီ။ “
အောက်ထပ်မှာ နောက်ထပ် ကား တစ်စီးက လှပစွာ ဆိုက်ရောက်လာပြီး ရပ်သွားသည်။ ချန်ကျင်းချွမ်လည်း ကားထဲကနေ ထွက်လာကာ ခြေလှမ်းကျဲကြီးများဖြင့် ကုမ္ပဏီထဲကို အလောတကြီး လျှောက်ဝင်လာခဲ့သည်။ သူ့လက်တွေကတော့ ဝတ်စုံ အပေါ်ထပ်အင်္ကျီကို ကြယ်သီးတပ်နေလျက်။
တစ်ရက်အတွင်းမှာပင် ရှောက်ကော်ပိုရေးရှင်းထဲကို ချန်မိသားစုရဲ့ မြေးမလေး ရောက်လာသည် ၊ ထို့နောက် ဒုတိယ သခင်မလေးချန် ထပ်ရောက်လာသည်။ သူမနောက်မှာတော့ သခင်လေးချန်က အတူတူ လိုက်ပါလာ၏။
ချန်မိသားစုနှင့် ရှောက်မိသားစုကြားမှ “ ဘယ်တော့မှ နယ်မကျော်နဲ့ “ ဟူသော ဆက်ဆံရေးဟောင်းသည် ကောင်းကျိုးကို ရှေးရှူကာ ပျောက်ကွယ်သွားပြီ ထင်ပါရဲ့။
ချန်ကျင်းလန်နှင့် ချန်ကျင်းချွမ်သည် ရှေ့ဆင့်နောက်ဆင့် ရောက်လာခဲ့ကြသည်။ အောက်ထပ်မှာ စောင့်နေတဲ့ ခုန်ယိချန်းက သူတို့ နှစ်ယောက်ကို ကြိုဆိုကာ ဥက္ကဌ တစ်ဦးတည်းသာ အသုံးပြုတဲ့ သီးသန့် ဓာတ်လှေကားကနေ တစ်ဆင့် အပေါ်ဆုံးထပ်ကို ခေါ်လာခဲ့လိုက်သည်။
ချန်ကျင်းချွမ်က သူ့နက်ခ်တိုင်ကို ခပ်ကြမ်းကြမ်း ဖြေလျှော့ရင်း ချန်ကျင်းလန်ကို ပြောလိုက်သည်။ “ ဘာမှ မစိုးရိမ်နဲ့။ ချန်လီချီရဲ့ မျိုးရိုးနာမည်က ချန်ပဲ ၊ သူမက ရှောက်မိသားစုနဲ့ ဘာမှ မပတ်သက်ဘူး။ အဲ့ဒီ ရှောက်ချန်းကျယ် ဆိုတဲ့ ကောင်က ဟာသတွေ လာလုပ်နေရင် လူငှားနေစရာ မလိုဘူး ၊ ငါကိုယ်တိုင် သူ့ခြေထောက်တွေကို ရိုက်ချိုးပစ်မယ်။ ဘာပဲဖြစ်ဖြစ် ငါ သူ့ကို ဆွဲထိုးချင်နေတာ ကြာပြီ။ ဒါက ရန်ငြိုးဟောင်းတွေအတွက်ရော ၊ ရန်ငြိုးသစ်တွေအတွက်ရော လက်စားချေဖို့ အခွင့်အရေးကောင်းပဲ။ “
ခုန်ယိချန်းသည် တုပ်တုပ်တောင် မလှုပ်ရဲဘဲ ချန်ကျင်းချွမ်ရဲ့ စကားတွေကို မကြားသလို မကြားသလို ဟန်ဆောင်နေရသည်။ ဖြစ်နိုင်လျှင် သူမ ဓာတ်လှေကားနံရံတွေထဲမှာ ဝင်ပုန်းနေချင်မိသည်။
ချန်ကျင်းလန်ရဲ့ မျက်လုံးတွေက အနည်းငယ် စိတ်ရှုပ်ထွေးနေ၏။ လက်ရှိ အခြေအနေက သူတို့ လုပ်ချင်တိုင်း လုပ်လို့ ရတဲ့ အခြေအနေ မဟုတ်ဘဲ ချန်လီချီအပေါ် မူတည်နေတာပါ။ ချန်လီချီက ဒီနေရာကို သူမဘာသာ ရောက်အောင် လာနိုင်တယ် ဆိုကတည်းက ဒီအဖေကို ရှာတွေ့ချင်တယ် ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အဖေ လိုချင်တဲ့ သူမသမီးရဲ့ ဆန္ဒကို သူမ ပိတ်ပင်လို့ မရချေ။
ချန်ကျင်းချွမ်က ရှောက်ချန်းကျယ်ရဲ့ ရုံးခန်းတံခါးကို ဆောင့်ကန်ပြီး ဖွင့်လိုက်ချင်ပေမဲ့ အထဲမှာ ကလေး ရှိနေတယ် ဆိုတာကို သတိရသွားတော့ ခြေထောက်တွေကို ရပ်တန့်ကာ လက်နှင့်သာ တွန်းဖွင့်လိုက်သည်။ သို့သော် သူက အား အရမ်း စိုက်မိသွားပြီး တံခါးကတော့ ထင်ထားတာထက် ပေါ့ပါးနေတာမို့ ရုံးခန်းထဲကို လဲကျတော့မလို ဖြစ်သွားရသည်။
ချန်ကျင်းချွမ်သည် ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်ပြီး ခန္ဓာကိုယ်ကို မတ်၍ သူ့အဝတ်အစားတွေကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်လိုက်၏။ သူ စိတ်ထဲကနေ ကျိန်ဆဲလိုက်၏။ လခွမ်း ၊ ဒီဝင်ပေါက်တံခါးက ချန်မိသားစုရဲ့ ပုံရိပ်ကို လုံးဝ ဖျက်ဆီးပစ်လိုက်တာပဲ။
ရုံးခန်းထဲမှာ ချန်လီချီက ဆိုဖာပေါ်မှာ ခြေထောက်ချလျက် ထိုင်နေခဲ့သည်။ သူမရှေ့က ကော်ဖီသောက်သည့် စားပွဲပေါ်မှာတော့ အဆာပြေ သွားရည်စာ မုန့်တွေနှင့် သစ်သီးတွေ အစ အချိုပွဲတွေ အဆုံး အစားအသောက်တွေ ပြည့်နှက်နေ၏။ ချန်လီချီက မုန့် တစ်ခုခုကို လက်ညိုးထိုးပြတိုင်း ရှောက်ချန်းကျယ်က ထိုမုန့်ကို ယူပြီး သူမလေးကို ခွံ့ကျွေးနေသည်။
ဦးလေးဖြစ်သူ ဝင်လာတာကို မြင်တော့ ချန်လီချီက ပျော်ရွှင်စွာ လက်ဝှေ့ရမ်းပြလိုက်၏။ “ သမီး ဖေဖေ့ကို ရှာတွေ့သွားပြီ ဦးလေး။ “
ကိုယ့်ကိုယ်ကိုယ် ဟန်ကိုယ်ဖို့ မာန်တင်းထားသော ချန်ကျင်းချွမ်ရဲ့ မျက်နှာက နောက်တစ်ခေါက် ရှုံ့မဲ့သွားတော့မလို ဖြစ်သွားသည်။ ဟုတ်သားပဲ ၊ သူ မေ့သွားတာ။ သူတို့ရဲ့ မင်းသမီးလေးက ရှောက်မိသားစုရဲ့ ဂုဏ်သတင်းကို မြှင့်တင်ပေးဖို့နှင့် ဦးလေးဖြစ်သူကို သိက္ခာချရတာကို အကြိုက်ဆုံး။ တစ်စုံတစ်ယောက်ကို ရိုက်နှက်ဖို့ သူ ဒီကို လာခဲ့တာပါ ၊ သူမ အဖေရှာပုံတော်ဖွင့်နေတာကို ထိုင်ကြည့်ဖို့ လာခဲ့တာ မဟုတ်ဘူး။
ချန်ကျင်းလန်က ချန်ကျင်းချွမ်ရဲ့ နောက်ကနေ ရုံးခန်းထဲကို လိုက်ဝင်လာသည်။ ချန်လီချီက သူမအမေ ရုံးခန်းထဲ ဝင်လာတာကို မြင်တော့ ဆိုဖာပေါ်ကနေ ဖျတ်ခနဲ ခုန်ဆင်းပြီး အမေဖြစ်သူနံဘေးကို ပြေးသွားကာ လက်ဆွဲ၍ ရှောက်ချန်းကျယ်ကို လက်ညိုးထိုးပြလိုက်သည်။ “ သမီး ဖေဖေ့ကို ရှာတွေ့သွားပြီ မေမေ။ “
ချန်ကျင်းလန်က အပြုံး တစ်ပွင့်ကို ဖန်တီးယူ၍ ပြုံးပြကာ သူမရဲ့ ခေါင်းလေးကို ပုတ်ပြီး နူးညံ့စွာ ပြောလိုက်၏။ “ မေမေတို့ရဲ့ လီချီလေးက တော်လိုက်တာ။ “
ချန်ကျင်းချွမ်က ရှောက်ချန်းကျယ်ဆီသို့ ခြေလှမ်းကျဲကြီးတွေဖြင့် လျှောက်သွားပြီး သွားကြားထဲမှ ထွက်လာသော အံကြိတ်ထားသည့် အသံဖြင့် “ နေရာ တစ်နေရာ ရှာပြီး စကားပြောရအောင်။ “ ဟု ခပ်တိုးတိုး ပြောလိုက်သည်။ သူ့မျက်နှာကတော့ အပြုံးမပျက်။
“ ငါ မင်းနဲ့ စကားမပြောဘူး။ “ ရှောက်ချန်းကျယ်က သူ့ကို မကြည့်ဘဲ တံခါးဘေးမှာ မြဲမြံစွာ ဆုပ်ကိုင်ထားသည့် လက်ကလေး နှစ်ဖက်ကိုသာ စိုက်ကြည့်နေသည်။ သူ စိတ်နှင့်ကိုယ်မကပ်သလို ပြန်ပြောလိုက်၏။
ချန်ကျင်းချွမ်က ထောင်းခနဲ ဒေါသထွက်သွားလေသည်။ “ မင်းက ဘာလို့ ငါနဲ့ စကားမပြောချင်ရတာလဲ။ “
“ ဒီကိစ္စက မင်းနဲ့ မဆိုင်လို့။ “
ချန်ကျင်းချွမ်က သူ့နက်ခ်တိုင်ကို ချက်ချင်း ဆွဲဖြုတ်ပြီး သူ့ပခုံးပေါ် လွှားခနဲ ပစ်တင်လိုက်သည်။ ဒီကောင် အခု အထိုးခံချင်နေတာလား ၊ ဘာလား။ “ ငါက သူ့ဦးလေးလေ။ ဘာလို့ ဒီကိစ္စက ငါနဲ့ မဆိုင်ရမှာလဲ။ “
ရှောက်ချန်းကျယ်က သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ “ ငါက သူ့အဖေ။ သူနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို သူ့အမေနဲ့ပဲ ဆွေးနွေးမယ်။ “
***