အခန်း ၁၉
Vol. 2 Ch. 19
အပိုင်း ( ၁၉ )
ချန်ကျင်းချွမ်သည် သူ့ဒေါသကို လွှတ်ပေးမိတော့မလို ဖြစ်သွား၏။ သူက မိနစ်ပိုင်းလောက်ပဲ အဖေ ဖြစ်သေးတာတောင် အထာကြီး တစ်ခွဲသားနဲ့ သူ့ကိုယ်သူ မဏ္ဍပ်တိုင်တက်နေလိုက်ပုံများ။ ချန်ကျင်းချွမ်သည် အရှေ့ကို ခြေ တစ်လှမ်း တိုး၍ တံခါးရှိရာဆီ ကြည့်နေသည့် သူ့မြင်ကွင်းကို ပိတ်လိုက်၏။ “ သူ့အမေက မင်းနဲ့ စကားမပြောချင်ဘူး။ “
ရှောက်ချန်းကျယ်က သူ့ကို ကြည့်လိုက်တော့ သူတို့ နှစ်ယောက်ရဲ့ အကြည့်တွေ ပွတ်တိုက်ထိခတ်သွားသည်။ “ မင်းက သူမကိုယ်စား ဒီကိစ္စကို ဆွေးနွေးနိုင်တာရော သေချာလို့လား။ “
ဒီကောင့်ရဲ့ ဗိုက်ကို ချန်ကျင်းချွမ် အမှန်တကယ် ဆွဲထိုးချင်သွားတာပါ။ သူ ဘာလို့ မသေချာရမှာလဲ။ သိပ်ကို သေချာတယ် … ။ သူ့လို ကျက်သရေတုံးတဲ့ ကောင်ဟာ ချန်လီချီလို ချစ်စရာကောင်းတဲ့ ကလေးမလေးကို ဘယ်လို မွေးခဲ့တာလဲ ဆိုတာ သူ နားမလည်ပေ။ သူက တကယ်ရော ကလေးအဖေ ဟုတ်ရဲ့လား ဆိုတာကို သေချာအောင် စစ်ဆေးသင့်သည်။
“ ဦးလေး .. အဖေ .. ၊ ဦးလေးတို့တွေ ဘာတွေ တိုးတိုး တိုးတိုးနဲ့ ပြောနေကြတာလဲဟင်။ “
ချန်လီချီက တစ်ယောက်နှင့် တစ်ယောက် တဖြည်းဖြည်း ကပ်လာကာ ခေါင်းချင်း တိုက်မိတော့မလို့ ဖြစ်နေသော ဦးလေးနှင့် အဖေဖြစ်သူကို မြင်သွားတော့ သူတို့ ဘာအကြောင်း ပြောနေကြတာလဲ ဆိုတာ စိတ်ဝင်စားသွားသည်။
ချန်လီချီရဲ့ “ အဖေ “ လို့ ခေါ်လိုက်သံက ကြောင်အနေသော ချန်ကျင်းလန်အား လှုပ်နှိုးလိုက်ကာ ဒီအဖြစ်အပျက်က အိပ်မက် မဟုတ်ကြောင်း ထပ်မံ အတည်ပြုပေးလိုက်၏။
ရှောက်ချန်းကျယ်ရဲ့ ဒေါသတွေ ပြည့်နှက်နေသော မျက်နှာပေါ်မှာ အပြုံးတု အလွှာ တစ်လွှာဖြင့် အပေါ်ယံ ဖုံးအုပ်ထား၏။ သူ ချန်လီချီကို ချိုချိုသာသာလေး ပြန်ပြောလိုက်သည်။ “ ဘာမှ မပြောပါဘူးကွယ်။ ဒီည ညစာ ဘယ်မှာ စားမလဲ ဆိုတာကို အဖေတို့ ဆွေးနွေးနေကြတာ။ “
ညစာ ဆိုတဲ့ အသံကို ကြားတော့ ချန်လီချီက လက်ကောက်ဝတ်ကို မြှောက်ပြီး နာရီကြည့်လိုက်၏။ ခြောက်နာရီ ထိုးခါနီးပြီ။ သူမတို့ ခဏနေ အိမ်မပြန်လျှင် အဘွားက စိတ်ပူလာလိမ့်မည်။ ချန်လီချီက သူမအမေရဲ့ လက်ကို ဆွဲလိုက်၏။ “ အိမ်ပြန်ရအောင်နော် မေမေ။ ဘွားဘွားချူလည်း ဟင်းချက်တာ ပြီးလောက်ပြီ။ သူက ဒီည သမီး ကြိုက်တဲ့ ဟင်းနုနွယ် အမဲသားလိပ် လုပ်ကျွေးမယ်လို့ ပြောထားတယ်။ “
ချန်ကျင်းချွမ် ဝမ်းသာသွားသည်။ သူ လှည့်ပြီး ချန်လီချီဆီ လျှောက်သွားကာ သူမလေးရဲ့ လက်ကို ဆုပ်ကိုင်လိုက်၏။ “ ဟုတ်တယ် ၊ မြန်မြန် အိမ်ပြန်ပြီး အဘွားချူ ချက်ကျွေးတဲ့ ညစာကို အားရပါးရ စားရအောင်။ “
သူ မြန်မြန် အိမ်ပြန်မှ ဖြစ်မည်။ ဒီရှောက်ကော်ပိုရေးရှင်း အဆောက်အအုံထဲမှာ နောက် တစ်စက္ကန့်လောက်တောင် ဆက်မနေနိုင်တော့ပါ။ မဟုတ်ရင် ဒေါသထွက်လွန်းလို့ သွေးတက် သေလိမ့်မည်။
သို့သော် ချန်လီချီက ချန်ကျင်းချွမ်ရဲ့ မတွဲဘဲ ဆိုဖာပေါ်မှာ ထိုင်နေတဲ့ ရှောက်ချန်းကျယ်ကို ကြည့်ကာ လက်ကမ်းပေးလိုက်၏။ “ သွားကြမယ်လေ ဖေဖေ။ ဘွားဘွားချူရဲ့ ဟင်းချက်လက်ရာက သိပ်ကောင်းတာ။”
ချန်ကျင်းချွမ်သည် လေထဲမှာ ဆုပ်ကိုင်သူမဲ့စွာ တွဲလောင်းကျနေသည့် သူ့လက်ကို ကြည့်လိုက်မိသည်။ ကလေးဘဝကတည်းက အရိပ် တကြည့်ကြည့်နှင့် ချစ်ခဲ့ရတဲ့ တူမလေးဟာ သူ့ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအင်္ဂါ အပေါက် ( ၇ ) ပေါက်မှာ သွေးတွေကို ပိတ်ဆို့အောင် လုပ်ကာ သူ့ရင်ကို ခြေစုံကန်သွားခဲ့သည်။
ရှောက်ချန်းကျယ်ရဲ့ မျက်လုံးထဲက အေးစက်မှုတွေ ပျောက်ကွယ်သွား၏။ သူမရဲ့ လက် ဖောင်းဖောင်းလေးကို သူ ဆုပ်ကိုင်ကာ ဘဝမှာ တစ်ခါမှ မပြောဖူးသော နူးနူးညံ့ညံ့ အသံလေးဖြင့် ပြောလိုက်သည်။ “ သမီးရဲ့ အမေကို သမီး အရင် မေးရဦးမယ်။ သူက အဖေ့ကို အဘွားချူ ချက်ကျွေးတဲ့ ညစာကို စားခွင့်ပြုလား ဆိုတာကိုပေါ့။ “
ချန်ကျင်းလန်က သူ့ကို အေးစက်သော မျက်လုံးများဖြင့် ကြည့်ကာ စိတ်ထဲကနေ ပျစ်ပျစ်နှစ်နှစ် ကျိန်ဆဲလိုက်၏။
ရှောက်ချန်းကျယ်ကတော့ နည်းနည်းလေးတောင် မလုံမလဲ မခံစားရဘဲ ချန်ကျင်းလန်ကိုသာ စိုက်ကြည့်နေမိသည်။ သူမရဲ့ မျက်ခုံးတွေ ၊ ပြီးတော့ မျက်လုံးတွေ ၊ နှုတ်ခမ်းတွေ။
ချန်လီချီက သူမအမေရဲ့ လက်ကို လှုပ်ယမ်းလိုက်သည်။ “ ဘွားဘွားချူ ချက်ကျွေးတဲ့ ညစာကို ဖေဖေ စားလို့ ရလားဟင် မေမေ။ “
ချန်ကျင်းလန်သည် သူမသမီးလေးရဲ့ ဖြူစင်သော မျက်လုံးလေးတွေကို ကြည့်ပြီး ‘ မရဘူး ’ လို့ မပြောနိုင်တော့ပေ။ သွေးက စကားပြောတဲ့ မိသားစုအချစ် ဆိုတာ ဒါမျိုးပဲ ဖြစ်လိမ့်မည်။ သူမက သူ့ကို ခဏလေးသာ တွေ့ဖူးပေမဲ့ သူတို့က အမြဲတမ်း အတူတကွ နေထိုင်လာခဲ့သလိုပင် သဘာဝကျစွာ ရင်းနှီးနေခဲ့သည်။
ချန်ကျင်းလန် စိတ်တင်းပြီး ချန်လီချီကို ပြောလိုက်သည်။ “ သူ အခု အိုဗာတိုင်ဆင်းနေရလို့ အရမ်း အလုပ်ရှုပ်နေတယ်။ အပြင်သွားလို့ မရဘူး။ “
ချန်လီချီက ရှောက်ချန်းကျယ်ကို လှည့်ကြည့်ပြီး မေးလိုက်သည်။ “ ဖေဖေ အိုဗာတိုင်ဆင်းနေတာလားဟင်။ “
ရှောက်ချန်းကျယ်ကတော့ “ ဖေဖေ့မှာ ဘာအိုဗာတိုင်မှ မရှိဘူး။ အခု အပြင်သွားလို့ ရတယ်။ “ ဟု ပြန်ပြောခဲ့သည်။
ချန်လီချီက သူမအမေကို ပျော်ရွှင်စွာ ကြည့်လိုက်၏။ “ ဖေဖေ့မှာ အိုဗာတိုင် မရှိဘူးတဲ့ မေမေ။ သူ အပြင်သွားလို့ ရတယ်။ “
ချန်လီချီက “ အဖေ “ လို့ တစ်ခါ ခေါ်လိုက်တိုင်း ချန်ကျင်းလန်ရဲ့ စိတ်ထဲမှာ တင်းကျပ်သွားသည်။ သူမသည် ချန်လီချီကို ပွေ့ချီပြီး စိတ်ရှည်လက်ရှည် ရှင်းပြလိုက်၏။ “ ဒါပေမဲ့ ဒီည အိမ်ကို ဧည့်သည် လာမယ်လို့ အဘွားကို သမီး ကြိုပြောမထားဘူးလေ။ အဲ့တော့ အဘွားချူကလည်း ဘာမှ ပြင်ဆင်ထားမှာ မဟုတ်ဘူး။ နောက်တစ်ခေါက် ဆိုရင်ရော ဘယ်လိုလဲ။ နောက်တစ်ခေါက်မှ သူ့ကို အိမ်မှာ ထမင်းစားဖိတ်မယ်လေ။ “
ချန်လီချီက “ ဒါပေမဲ့ ဖေဖေက ဧည့်သည်မှ မဟုတ်တာ။ ဖေဖေက ဖေဖေလေ ၊ သူက မိသားစုပဲ။ “ ဟု ပြန်ပြောသည်။
ချန်ကျင်းလန်ရဲ့ ခန္ဓာကိုယ် တောင့်တင်းသွားကာ သူမရဲ့ မျက်နှာကလည်း စာရွက်ဖြူ တစ်ရွက်လို ဖြူဖျော့သွားလေသည်။
သူမရဲ့ သွေးမရှိတော့သော မျက်နှာကို မြင်လျှင် ရှောက်ချန်းကျယ်ရဲ့ မျက်လုံးတွေ ပြောင်းလဲသွားသည်။ သူ ချန်လီချီကို ပြောလိုက်၏။ “ ဒီည အဘွားချူ ချက်ကျွေးတာ မစားဘဲ နေရအောင်နော် လီချီလေး။ ဖေဖေ သမီးကို စားသောက်ဆိုင်မှာ လိုက်ကျွေးမယ်လေ ၊ ဘယ်လိုလဲ။ “
ချန်လီချီက မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ် လုပ်နေသည်။ “ မေမေရော လိုက်မှာလား။ “
ချန်ကျင်းလန် ဘာမှ မပြောနိုင်သေးခင်မှာပဲ ရှောက်ချန်းကျယ်က သူမအစား ပြောလိုက်သည်။ “ ဒါပေါ့ ၊ သမီးရဲ့ မေမေလည်း လိုက်မှာ။ “
ချန်လီချီက လက်ခုပ်တီးလိုက်သည်။ “ ပျော်စရာကြီး။ မေမေရော ၊ ဖေဖေရောနဲ့ ထမင်း အတူတူ စားရမှာ ဒါ ပထမဆုံး အကြိမ်ပဲ။ “
ချန်လီချီရဲ့ စကားတွေက တစ်ခုခု ပြောဖို့ ပြင်နေသော ချန်ကျင်းလန်ရဲ့ ပါးစပ်ကို ပိတ်သွားစေသည်။ သူမသမီးလေး လိုချင်နေတဲ့ “ ပထမဆုံး အကြိမ် “ ဆိုတာကို သူမ မငြင်းဆန်နိုင်ပါ။
ရှောက်ချန်းကျယ်က ချန်လီချီကို လက်ကမ်းပေးလိုက်သည်။ “ ဖေဖေ့ရဲ့ အသည်းနှလုံးလေးကို ဖေဖေ ချီသွားပေးရမလား။ မေမေ ချီရင် သူ ပင်ပန်းနေလိမ့်မယ်။ “
“ ဟုတ်။ “ ချန်လီချီက သူမအမေရဲ့ ရင်ခွင်ထဲမှ ထွက်ကာ ဖခင်ဖြစ်သူရဲ့ ရင်ခွင်ထဲ တွယ်တက်လိုက်သည်။
“ သွားရအောင်။ “ ရှောက်ချန်းကျယ်က ကြောင်တောင်တောင် ဖြစ်နေကြသော လူတွေကို ပြောလိုက်သည်။
ချန်လီချီက သူမအမေရဲ့ လက်ကို ဆွဲလိုက်၏။ “ သွားမယ်လေ မေမေရဲ့။ “
ချန်ကျင်းလန်သည် သူတို့နောက် လိုက်သွားဖို့သာ တတ်နိုင်တော့သည်။
ရုံးခန်းထဲမှာ ချန်ကျင်းချွမ် တစ်ယောက်တည်း ကျန်ခဲ့သည်။ သူ ဘယ်လို စားမလဲ ၊ သူ ဘယ်လို ပြန်မလဲ ဆိုတာကို ဘယ်သူကမှ ဂရုမစိုက်။ အဲ့ဒါနဲ့တောင် သူက ဒီနေရာကို ဘာလာလုပ်နေမိတာပါလိမ့်။ ဒီရှောက်ကော်ပိုရေးရှင်း အဆောက်အအုံထဲမှာ သွေးတက် သေဖို့ လာခဲ့မိတာများလား။
လက်ရှိအချိန်က ရုံးဆင်းချိန် ဖြစ်သော်လည်း ရှောက်ကော်ပိုရေးရှင်းမှာ ရှိတဲ့ ဘယ်ဝန်ထမ်းမှ ရုံးမဆင်းသေးပါ။ တချို့က သူတို့ အလုပ် လုပ်နေသော ဌာနမှာ ဟိုလိုလို ဒီလိုလို လုပ်ရင်း အချိန်ဆွဲနေကြကာ တချို့ကတော့ ပထမထပ် ဧည့်တွေ့ခန်းမှာ ယောင်လာ်လည် လုပ်နေပြီး တချို့ကတော့ ကားထဲမှာ ထိုင်ကာ ဘေးဘီကို စောင့်ကြည့်နေခဲ့သည်။ လူတိုင်းက ဇာတ်လမ်းလေး ဘာဆက်ဖြစ်လဲ ဆိုတာကို သိချင်၍ သူတို့ဘော့စ် ထွက်အလာကို စောင့်နေကြတာပင်။ သို့သော်လည်း အကြာကြီး စောင့်ပြီးတဲ့အထိ ဘယ်သူမှ ထွက်မလာခဲ့ချေ။
လောလောလတ်လတ်ကမှ ဖွဲ့စည်းထားသည့် “ ချန်-ရှောက် နှစ်လရှည်ကြာ ခင်မင်မှု “ ဟူသော Group ထဲကို မက်ဆေ့ခ်ျ တစ်စောင် ဝင်လာသည်။ [ စောင့်မနေကြနဲ့တော့။ ဘော့စ်က သူ့သမီးနဲ့ မြေအောက်ကားပါကင်ကနေ ထွက်သွားပြီ။ ]
လူတိုင်း အော်ငိုခဲ့ကြသည်။ ဘာလို့ ဘော့စ်က အတင်းအဖျင်း ပြောရတာ ကြိုက်တဲ့ ဝန်ထမ်းလေးတွေကို ဆန္ဒကို ဖြည့်ဆည်းမပေးရတာလဲ … ။
ထို့နောက် Group ထဲကို နောက်ထပ် ဓာတ်ပုံ တစ်ပုံ ရောက်လာကာ လူတိုင်းရဲ့ ငိုသံတွေကို တိတ်သွားစေခဲ့သည်။ ထိုဓာတ်ပုံကို ဒါရိုက်တာ ဘုတ်အဖွဲ့ ဌာနမှ အမည်မသိ လက်ထောက်လေး တစ်ယောက် ပို့ပေးတာ ဖြစ်သည်။
ဓာတ်ပုံထဲမှာ ဘော့စ်ရှောက်က ကလေးမလေး တစ်ယောက်ရဲ့ လက်ကို ဆွဲကာ ရှေ့ကနေ လျှောက်နေသည်။ ထိုကလေးမလေးကတော့ သူမနောက်က လိုက်လာသော သခင်မလေးချန်ရဲ့ လက်ကို ကိုင်ထားရင်း တစ်ခုခု ပြောနေပုံဖြင့် ချိုမြိန်စွာ ပြုံးနေသည်။ ဘော့စ်ရှောက်ရဲ့ ခါတိုင်းဆို အေးစက်နေကျ မျက်ခုံး ၊ မျက်လုံးတွေကလည်း ပုရွက်ဆိတ်တက်လောက်အောင်ပင် ချိုမြိန်နူးညံ့နေခဲ့သည်။
ယွမ်ကျုံးကျိုး ထခုန်ပြီး ပြောလိုက်၏။ [ ဝိုး ၊ ငါတို့ရဲ့ ရေခဲတုံးကြီး ဘော့စ်ရှောက်က သမီးကို အဲ့လောက်တောင် ချစ်မယ်လို့ တစ်ခါမှ ထင်မထားဘူး။ ]
ယွမ်ကျုံးကျိုး၏ ဦးဆောင်မှုအောက်တွင် အားလုံးကလည်း ‘ +၁ ’ ဟု ဟု ဝင်ရေးကြပါသည်။
အခု ဘော့စ်မှာ သမီး ရှိလာပြီ ဆိုတော့ ဘော့စ်က တစ်နေကုန် အေးစက်စက် မျက်နှာကြီးနဲ့ ဝန်ထမ်းတွေကို ဆူပူနေတာကို ရပ်ပြီး ပုံစံပြောင်းသွားတော့မှာများလား။ သူတို့ ပျော်ပျော်ရွှင်ရွှင် အလုပ် လုပ်ရမယ့် နေ့ရက်လေးတွေ ရောက်လာတော့မှာလား။
ရှောက်ချန်းကျယ်က တိတ်ဆိတ်သော လမ်းကြား တစ်ခုထဲမှာ ကားရပ်လိုက်သည်။ ဒါက ကိုယ်ပိုင် မီးဖိုချောင်ပါ။ သူတို့ကို ကိုယ်တိုင်ကိုယ်ကျ ထွက်ကြိုသော ပိုင်ရှင်က သူ့ရှေ့က မြင်ကွင်းကို မြင်တော့ အတော်လေး ဆွံ့အသွားလေသည်။
ရှောက်ချန်းကျယ်က ဆိုင်ပိုင်ရှင်ကို ချန်ကျင်းလန်နှင့် အတိုချုံ့ မိတ်ဆက်ပေးလိုက်၏။ “ ဒါက ဆိုင်ရှင် လူကြီးမင်းဝေ့ တဲ့။ ’’
လူကြီးမင်းဝေ့က အလျင်အမြန် နှုတ်ဆက်သည်။ “ မင်္ဂလာပါ မိန်းကလေးချန်။ “
ချန်ကျင်းလန်က ခံစားချက်မဲ့ မျက်နှာဖြင့် အနည်းငယ် ခေါင်းညိတ်၍ တုံ့ပြန်လိုက်သည်။
လူကြီးမင်းဝေ့က ခပ်တိုးတိုး ချောင်းဟန့်လိုက်၏။ သူ့မျက်လုံးတွေကတော့ “ မင်း မိန်းကလေးချန်ကို ဒီကို ဘယ်လို ခေါ်တာလဲ ၊ ပြီးတော့ မင်း ကလေးမလေး တစ်ယောက်ကိုလည်း လက်ဆွဲထားပါလား။ ဘာတွေ ဖြစ်နေတာလဲ။ “ ဟု မေးခွန်းထုတ်နေပုံပေါ်သည်။
ရှောက်ချန်းကျယ်ကတော့ လူကြီးမင်းဝေ့ရဲ့ အဓိပ္ပာယ်ပါသော အကြည့်တွေကို ဂရုမစိုက်ဘဲ ချန်လီချီနှင့် မိတ်ဆက်ပေးလိုက်သည်။ “ ဒါက ကျွန်တော့်သမီး ချန်လီချီ။ “
…
လူကြီးမင်းဝေ့က ဘဝသက်တမ်း အများစုကို နေထိုင်ခဲ့ပြီးပြီမို့ အဖြစ်အပျက် မျိုးစုံနှင့် ကျင့်သားရနေပြီ ဖြစ်သော်လည်း အဆုံးသတ်မှာတော့ သူ့မျက်နှာ အမူအရာတွေကို မထိန်းချုပ်နိုင်သေးပေ။ ချက်ချင်းပဲ အံ့ဩဆွံ့အစွာ အလိုလို ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ချန်လီချီက စားဖိုမှူး ဦးလေးကြီးရဲ့ ကြောင်အသွားသော မျက်နှာကို ကြည့်ကာ အလွန် ရယ်ချင်သွားသည်။ သူမ ခစ်ခနဲ ရယ်မောရင်း ထိုဦးလေးကြီးကို လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်၏။ “ မင်္ဂလာပါ ဦးလေး။ “
လူကြီးမင်းဝေ့က ဆတ်ခနဲ သတိပြန်ဝင်လာပြီး ချန်လီချီကို ပိုလို့တောင် တောက်ပရွှင်ပျသော အပြုံးလေးဖြင့် ပြန်ပြုံးပြလိုက်သည်။ “ မင်္ဂလာပါ ကလေးလေး။ “
လူကြီးမင်းဝေ့ရဲ့ စိတ်ထဲမှာတော့ လူလေး နှစ်ယောက်က ( ၁၀ ) ပေ အမြင့်ရှိသော နံရံကြီးရဲ့ နောက်မှာ စကားတွတ်ထိုးနေကြပါပြီ။ ဒီကလေးမလေးရဲ့ ပုံစံကို အကဲခတ်ရသလောက် သူမက ဒီနှစ်ယောက်ရဲ့ သမီး ဆိုတာ သေချာသည်။ သူမလေးရဲ့ မျက်လုံးတွေက အဖေနှင့် တစ်ထေရာတည်း တူပြီး တခြား အစိတ်အပိုင်းတွေမှာတော့ သူမအမေရဲ့ အငွေ့အသက်တွေကို တွေ့ရသည်။ ဒါပေမဲ့ … ဒီနှစ်ယောက်လုံးက သိပ်ကို အေးစက်လွန်းတဲ့ လူတွေပါ။ ဒီလို ချစ်စရာ ကလေးမလေး တစ်ယောက်ကို သူတို့ ဘယ်လို မွေးခဲ့ကြတာလဲ။ အဲ့ဒါက တကယ့်ကို ပဟေဋိဆန်သော မေးခွန်း ဖြစ်သည်။
ညစာ စားပွဲတွင် ချန်လီချီက အလယ်မှာ ထိုင်ပြီး ရှောက်ချန်းကျယ်က သူမရဲ့ ဘယ်ဘက်မှာ ၊ ချန်ကျင်းလန်က သူမရဲ့ ညာဘက်မှာ ထိုင်သည်။
လေထုက တိတ်ဆိတ်နေတယ်လို့ ပြောလို့ ရသလို မတိတ်ဆိတ်ဘူးလို့လည်း ပြောလို့ ရသည်။ မတိတ်ဆိတ်ရတာကတော့ ချန်လီချီကြောင့်ပင်။ သူမက ရှောက်ချန်းကျယ်ကို မေးခွန်းတွေ တစ်ခုပြီး တစ်ခု မေးနေခဲ့သည်။ ရှောက်ချန်းကျယ်က သူမကို ပုဇွန် အခွံနွှာကာ ခွံကျွေးရင်း မေးခွန်းတွေကိုလည်း ဖြေ ၊ နှုတ်ခမ်းထောင့်မှာ ပေနေတဲ့ ဆီတွေကိုလည်း လက်ကိုင်ပုဝါဖြင့် သုတ်ပေးနေသည်။ သူမ အစားအသောက်တွေကို တစ်ခါ စားတိုင်း ရှောက်ချန်းကျယ်က သူ့ဘေးက ရေဖန်ခွက်ကို ယူလာပြီး ရေသောက်ချင်လားဟု မေးနေခဲ့သည်။
တိတ်ဆိတ်နေရတာကတော့ ချန်ကျင်းလန်ကြောင့် ဖြစ်သည်။ သူမက ဘေးမှာ ထိုင်ပြီး သူမရဲ့ ပန်းကန်ထဲက အစားအသောက်တွေကို တူဖြင့် ထိုးဖွနေကာ ဘာစကားမှ မပြောခဲ့။ ဒီတစ်ချိန်လုံးမှာ ထိုင်ဝမ်မုံညှင်း တစ်ရွက်ကိုပဲ သူမ စားရသေးသည်။
ချန်လီချီက သူမအမေကို တစ်ချက် ကြည့်ပြီးနောက် အဖေဖြစ်သူကို ပြန်ကြည့်လိုက်သည်။ “ မေမေ့ပန်းကန်ထဲကို ငါးဟင်း ထည့်ပေးလိုက်ပါဦး ဖေဖေရဲ့။ မေမေက ငါး ကြိုက်တယ်။ ငါးဟင်းပန်းကန်က မေမေနဲ့ အရမ်း ဝေးနေတယ်။ “
ချန်ကျင်းလန် ကိုင်ထားတဲ့ တူတွေရော ၊ ရှောက်ချန်းကျယ် ကိုင်ထားတဲ့ တူတွေရော ပြိုင်တူ ရပ်တန့်သွားသည်။
ချန်ကျင်းလန်က ခေါင်းမော့ပြီး ချန်လီချီကို ပြောလိုက်၏။ “ ရပါတယ်။ သမီးဘာသာပဲ အားရပါးရ စားပါကွယ်။ မေမေ ကိုယ့်ဘာသာ လှမ်းယူလို့ ရပါတယ်။ “
သူမရဲ့ စကားဆုံးချိန်မှာပဲ တစ်စုံတစ်ယောက်ရဲ့ တူတွေက အနူးညံ့ဆုံး ငါးအသားတုံးလေးကို သူမရဲ့ ပန်းကန်ထဲ လာထည့်ပေးပြီးသွားပါပြီ။
ချန်ကျင်းလန်က “ ကျေးဇူးပါ “ လို့ ယဉ်ကျေးစွာ ခပ်တိုးတိုး ပြောလိုက်ပြီး ဘာမှ ဆက်မပြောတော့။
သူမဟာ ထိုငါး အသားတုံးလေးကို အေးစက်သွားတဲ့အထိ မတို့ထိဘဲ ဒီတိုင်း ထားခဲ့သည်။
ချန်လီချီက သနားစရာ ငါး အသားတုံးလေးကို တစ်လှည့် ၊ သူမအမေကို တစ်လှည့် ကြည့်လိုက်သည်။ နောက်ဆုံးတော့ ချန်လီချီသည် သူမအဖေနားကို လှစ်ခနဲ တိုးကပ်သွားပြီး တီးတိုး ပြောလိုက်၏။ “ မေမေ့ကို စိတ်ဆိုးအောင် လုပ်ထားတာလားဟင် ဖေဖေ။ အဲ့ဒါကြောင့် မေမေက ဖေဖေ့ကို မလိုချင်တော့တာလား။ “
ချန်ကျင်းလန်နှင့် ရှောက်ချန်းကျယ်ရဲ့ တူတွေက နောက်တစ်ခေါက် ပြိုင်တူ ရပ်တန့်သွားပြန်လေသည်။
ချန်ကျင်းလန်က သူမရဲ့ တူတွေကို ချပြီး ချန်လီချီကို ကြည့်လိုက်သည်။ “ သူက မေမေ့ကို စိတ်ဆိုးအောင် မလုပ်ထားပါဘူး။ အဖေတွေ ၊ အမေတွေ အကုန်လုံးက အတူတူ နေကြတာ မဟုတ်ဘူး လီချီလေးရဲ့။ တချို့တွေက ကွာရှင်းပြီးသွားရင် သက်သက်စီ ခွဲေိကြတယ်။ ကွာရှင်းတယ် ဆိုတဲ့ အဓိပ္ပာယ်ကို အရင်တုန်းက မေမေ သမီးကို ရှင်းပြတုန်းက နားလည်ခဲ့တယ် မဟုတ်လား။ သမီး မှတ်မိသေးလား။ “
ချန်လီချီ ခေါင်းညိတ်ပြလိုက်သည်။ “ အတူတူ နေရတာ မပျော်တော့တဲ့ လူကြီး နှစ်ယောက်က သက်သက်စီ ခွဲနေရင်တော့ ပျော်ရွှင်ရလိမ့်မယ် ၊ အဲ့ဒါဆို ကလေးလည်း စိတ်ချမ်းသာလိမ့်မယ်။ “ ထိုစကားလုံးတွေရဲ့ အဓိပ္ပာယ်ကို သူမ နောက်တစ်ခေါက် သေချာ စဉ်းစားကြည့်လိုက်သည်။ “ ဒါဆို ကွာရှင်းတာက ကောင်းတယ်ပေါ့နော် မေမေ ၊ မကောင်းတဲ့ အရာမျိုး မဟုတ်ဘူးပေါ့နော်။ “
ချန်ကျင်းလန်က သူမရဲ့ ပါးလေးတွေကို နမ်းလိုက်၏။ “ မေမေ့လီချီလေးက အရမ်း တော်တာပဲ။ သမီးရဲ့ ဖေဖေနဲ့ မေမေက အတူ မနေပေမဲ့ မေမေတို့ နှစ်ယောက်လုံးက သမီးကိုတော့ အရမ်း ချစ်ပါတယ်ကွယ်။ “
ချန်လီချီရဲ့ နှုတ်ခမ်းလေးက ပျော်ရွှင်စွာ ကွေးညွှတ်သွား၏။ “ သမီးလည်း မေမေ့ကို ချစ်တယ် ၊ အများကြီး အများကြီး ချစ်တယ်။ ‘ အရမ်း ချစ်တယ် ’ ဆိုတဲ့ စကားလုံးထက်တောင် အများကြီး ပိုချစ်တယ်။ “
ချန်ကျင်းလန်ရဲ့ မျက်လုံးတွေက အပြုံးများဖြင့် နူးညံ့သွား၏။
ရှောက်ချန်းကျယ်က သူမရဲ့ နူးညံ့သွားသော မျက်နှာလေးကို ကြည့်ရင်း သူ့တူတွေက ပန်းကန်ပြားပေါ်သို့ ဒေါက်ခနဲ မတော်တဆ ပြုတ်ကျသွားလေသည်။
ညစာ စားနေချိန်အတွင်း လူကြီး နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် စကား တစ်လုံးမှ မပြောခဲ့ကြ။
ညစာ စားပြီးသွားတော့ ရှောက်ချန်းကျယ်က ချန်ဥယျာဉ်ဆီသို့ မောင်းလာခဲ့သည်။ ချန်လီချီရဲ့ မျက်ခွံတွေကတော့ တဖြည်းဖြည်း လေးလံလာပါပြီ။ ခြောက်နှစ်အရွယ် ကလေး တစ်ယောက်အဖို့ ဒီနေ့ စိတ်အတက်အကျ အပြောင်းအလဲ များစွာနှင့် ကိစ္စတွေ အများကြီး ကြုံခဲ့ရပါသည်။ ဗိုက်ပြည့်သွားတော့ စတင် အိပ်ငိုက်လာသည်။ ချန်ကျင်းလန်က သူမရဲ့ ကျောလေးကို ခပ်ဖွဖွ ပုတ်ပေးနေခဲ့၏။ ခဏအကြာတွင် ချန်လီချီ အိပ်ပျော်သွားသည်။
ကားက ချန်ဥယျာဉ် ဝင်ပေါက်မှာ ဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။ ရှောက်ချန်းကျယ်က ကားစက်သတ်ပြီး နောက်ခန်းထဲကနေ လူ နှစ်ယောက်ကို နောက်ကြည့်မှန်ကနေ တစ်ဆင့် ကြည့်လိုက်၏။ “ ငါတို့ စကားပြောလို့ ရမလား။ “
“ ကျွန်မ သူ့ကို အရင် ခေါ်သွားလိုက်ဦးမယ်။ “ ချန်ကျင်းလန်က ချန်လီချီကို ပွေ့ချီလိုက်သည်။
အရင်တစ်ခေါက်တုန်းက ဖြစ်ခဲ့တဲ့ ကိစ္စကြောင့် ချန်ကျင်းလန်သည် ချန်လီချီ အိပ်ပျော်နေလျှင်တောင် ဘယ်လို မသင့်တော်တဲ့ စကားမျိုးကိုမှ သူမရှေ့မှာ မပြောရဲတော့ပေ။
ရှောက်ချန်းကျယ်က ကားထဲကနေ ထွက်လာပြီး နောက်ခန်းတံခါးကို ဖွင့်ကာ ချန်ကျင်းလန် ပွေ့ချီထားသော ကလေးမလေးကို ပြောင်းပြီး ပွေ့ချီဖို့ ငုံ့ကိုင်းလိုက်၏။ “ ငါ ချီလိုက်မယ်။ “
ချန်ကျင်းလန်က ကားထဲကနေ ထွက်လာပြီး တစ်ဖက်ကို လှည့်ကာ သူ့လက်တွေကို ရှောင်လိုက်သည်။ “ မလိုပါဘူး။ ကျွန်မကို ဒီမှာ စောင့်နေ။ “
သူမ သူ့ကို အိမ်ထဲ လိုက်မဝင်စေချင်ပါ။
***