အခန်း ၂၀
Vol. 2 Ch. 20
အပိုင်း ( ၂၀ )
ရှောက်ချန်းကျယ်က ဝင်ပေါက်ထဲကို လျှောက်ဝင်သွားတဲ့ သူမရဲ့ ပုံရိပ်လေး တဖြည်းဖြည်း ဝေး၍ ဝေး၍ ပျောက်ကွယ်သွားတဲ့အထိ ရပ်ကြည့်နေမိသည်။ စီးကရက် တစ်လိပ်ကို ထုတ်လိုက်ပေမဲ့ မီးမညှိရသေးခင်မှာပဲ စီးကရက် တစ်ဘူးလုံးကို ချေမွပစ်ကာ အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်၏။ ထို့နောက် ခုန်ယိချန်းနှင့် A လေးကို မက်ဆေ့ခ်ျ နည်းနည်းပါးပါး လှမ်းပို့လိုက်သည်။
ချန်ကျင်းလန်က ချက်ချင်းပဲ ပြန်ရောက်လာပြီး လိုရင်းကို တန်းပြော၏။ “ ချန်လီချီနဲ့ ပတ်သက်တဲ့ ဘယ်သတင်းကိုမှ မနက်ဖြန် အွန်လိုင်းပေါ်မှ မမြင်ချင်ဘူး။ သူမရဲ့ မိသားစုနောက်ခံက သူများတွေဆီမှာ အပျင်းပြေ အတင်းအဖျင်း ပြောခံရမယ့် နောက်ခံမျိုးလည်း မဖြစ်သင့်ဘူး။ “
“ အဲ့ကိစ္စကို ငါ ဖြေရှင်းခိုင်းပြီးပါပြီ။ “
“ ကျေးဇူး။ “
စကားဝိုင်းက ထိုမျှနှင့် ပြတ်တောက်တိတ်ဆိတ်သွားကာ လမ်းဘေးခြုံပုတ်တွေထဲမှ ပုရစ်မြည်သံတွေကိုသာ တစ်ချက် တစ်ချက် ကြားရသည်။
အကြာကြီး တိတ်ဆိတ်နေပြီးမှ ရှောက်ချန်းကျယ်က ပြောလိုက်သည်။ “ မင်း ဘာလို့ ငါ့ကို မပြောခဲ့တာလဲ။ အနည်းဆုံးတော့ … ငါက ကလေးအဖေလေ။ “
ချန်ကျင်းလန်က ချန်လီချီကြောင့် တွန့်ကျေသွားခဲ့သော သူမရဲ့ အင်္ကျီလက်ပေါ်က ခေါက်ရိုးရာတွေကို ဆွဲ့ဆန့်ရင်း ပြန်ပြောသည်။ သူမအသံက ပုံမှန်လိုပဲ တည်ငြိမ်နေသည်။ “ လိုမှ မလိုတာ။ အဲ့ညတုန်းက ကျွန်မလည်း အရက်မူးနေတာလေ ၊ အဲ့နေရာမှာ ဘယ်သူနဲ့မဆို ဖြစ်သွားနိုင်တယ်။ ရှင်နဲ့မှ မဟုတ်ဘူး။ “ သူမက သူ့မျက်လုံးထဲကို စိုက်ကြည့်ပြီး “ တခြား စကားနဲ့ ပြောရရင်တော့ ရှင်က အကြောင်းတိုက်ဆိုင်လို့သာ ကလေးအဖေ ဖြစ်သွားတာ။ အဲ့ဒါထက် ဘာမှ မပိုဘူး။ “
ရှောက်ချန်းကျယ်ရဲ့ မျက်နှာက မည်းမှောင်သွားကာ သူ့နဖူးပေါ်က သွေးကြောတွေက ပေါက်ထွက်တော့မလို ကြွတက်လာသည်။ “ ချန် .. ကျင်း .. လန်။ “ သူက သူမနာမည်ကို တစ်လုံးချင်းစီ ပြတ်တင်းမာကျောစွာ ခေါ်လိုက်၏။ ပထမဆုံး နာမည်ကို အသံ ခပ်မာမာနှင့် ခေါ်ပြီး နောက်ဆုံး နာမည်ကို ရောက်တော့ သူ့အသံက နူးညံ့တိမ်ဝင်သွားကာ သူ့ရဲ့ ကူကယ်ရာမဲ့ စိတ်ပျက်မှုကို ပေါ်လွင်စေလေသည်။ “ မင်း မဖြစ်မနေ အဲ့လို ပြောမှ ဖြစ်မှာလား။ “
ချန်ကျင်းလန်က မထူးဆန်းသလို ပုံစံဖြင့် ရယ်မောလိုက်၏။ “ အဲ့လို မပြောလို့ ဘယ်လို ပြောရမှာလဲ။ တကယ်လည်း အဲ့လိုပဲကို။ အခု ရှင်လည်း သိသွားပြီ ဆိုတော့ သူ ရှင်နဲ့ တွေ့ချင်ရင် ကျွန်မ မတားဘူး။ ဒါပေမဲ့ အဲ့ဒါက ရှင်နဲ့ တွေ့တာပဲ ဖြစ်ရမယ် ၊ ရှောက်မိသားစုက ကျန်တဲ့ ဘယ်သူနဲ့မှ မတွေ့ရဘူး။ ကျွန်မ ရှင့်ကို သတိပေးလိုက်မယ်နော် ရှောက်ချန်းကျယ်။ ရှင် သူ့ကို တစ်ခုခုအတွက် အသုံးချရဲ ချကြည့် ၊ ရှင့်ကိုရော .. ချန်မျိုးနွယ်တွေကိုရော ကျွန်မ အလွှတ်မပေးဘူး။ “
ရှောက်ချန်းကျယ်သည် ခြေ တစ်လှမ်း ရှေ့တိုးလိုက်၏။ ဖြစ်နိုင်လျှင် သူမအတွက်သာ ရှင်သန်နေသော သူ့နှလုံးသားကို သူမ မြင်အောင် ခွဲပြီး ပြလိုက်ချင်သည်။ “ ဘာလို့ ငါက သူ့ကို အသုံးပြုရမှာလဲ။ သူက ငါ့သမီးလေ။ မင်း ငါ့ကို အဲ့လောက်တောင် အထင်သေးတယ်လား။ “
ချန်ကျင်းလန်က အေးစက်စက် ရယ်မောလိုက်သည်။ “ ဟုတ်တယ် ၊ ကျွန်မမျက်လုံးထဲမှာ ရှင်က အဖေ မဖြစ်ထိုက်ဘူး။ သိပ်ကို ရွံစရာကောင်းတယ် ၊ မျက်နှာပြောင်တိုက်တယ်။ ဟာသတွေ လုပ်ဖို့ပဲဖြစ်ဖြစ် ၊ ကလေးအုပ်ထိန်းခွင့်ရဖို့ ကျွန်မကို တရားစွဲတာမျိုးပဲဖြစ်ဖြစ် ယောင်လို့တောင် မကြိုးစားလေနဲ့။ ချန်လီချီရဲ့ ရှေ့မှာ ရှင့်ကို ထိခိုက်အောင် မလုပ်ချင်ပေမဲ့ အဲ့လို အခြေအနေမျိုး ရောက်လာရင်တော့ လိုအပ်ရင် လုပ်ရမှာပဲ။ “
ဒေါသက ရေချိန် အမြင့်ဆုံးကို ရောက်နေလျှင် လူက တည်ငြိမ်သွားတတ်သည်။ ရှောက်ချန်းကျယ်ရဲ့ မျက်လုံးထဲက ဆူပွက်နေသော မီးတောင်များသည် အသက်ကင်းမဲ့ ငြိမ်သက်ခြင်းအဖြစ်သို့ ပြန်ရောက်သွား၏။ သူမရဲ့ နောက်က မီးအလင်းရောင်တွေကို ကြည့်၍ ဝမ်းနည်းဆွေးနင့်စွာ ပြောလိုက်၏။ “ ငါ ကလေးအုပ်ထိန်းခွင့်ရဖို့ မင်းကို တရားမစွဲပါဘူး။ ငါက မင်း ပြောသလို ရွံစရာကောင်းပြီး မျက်နှာပြောင်တိုက်တယ် ဆိုရင်တောင် သူမ ကြီးပြင်းလာတဲ့ အချိန်မှာ တစ်ရက်ကလေးတောင် ဖခင်တာဝန် မကျေပွန်ခဲ့ဘူး ဆိုတာ သိပါတယ်။ ငါ ဘယ်လို မျက်နှာနဲ့ ကလေးအုပ်ထိန်းခွင့်ရဖို့ မင်းကို တရားစွဲနိုင်မှာလဲ။ “
“ ရှင် သိလို့ တော်သေးတာပေါ့။ “
ထိုမျှသာ ပြောပြီးနောက် ပြောစရာ စကားတွေ ကုန်သွားကာ ချန်ကျင်းလန် လှည့်ထွက်လာခဲ့လိုက်သည်။
ရှောက်ချန်းကျယ်က သူမကို လှမ်းခေါ်ပြီး တားလိုက်သည်။ “ ငါ သူ့ကို မနက်ဖြန် ကျောင်းကြိုလို့ ရမလား။ “
ချန်ကျင်းလန်က ဘာမှ ပြန်မပြော။
“ အဲ့ဒါ မရရင်လည်း အနည်းဆုံးတော့ မနက်ဖြန်ညကျ သူ့ကို ဖုန်းဆက်လို့ ရမလား။ “
နောက်ဆုံးတော့ ချန်ကျင်းလန်က ပြန်ပြောခဲ့သည်။ “ သူမ မနက်ဖြန် အိပ်ရာနိုးရင် ကျွန်မ မေးကြည့်လိုက်ပါ့မယ်။ “
ရှောက်ချန်းကျယ်က သူမရဲ့ ပုံရိပ်လေး တဖြည်းဖြည်း ဝေး၍ ဝေး၍ ပျောက်ကွယ်သွားချိန်ထိ ရပ်ကြည့်နေခဲ့သည်။ “ မင်းနဲ့ ရှစ်ရမ် လက်မထပ်ရသေးတာကို ဘာလို့ ငါ့ကို လိမ်ပြောခဲ့တာလဲ။ “
ချန်ကျင်းလန်က ခြေလှမ်းရပ်သွားပေမဒဲ့ လှည့်မကြည့်ပါ။ “ ကျွန်မ ရှင့်ကို ဘယ်တုန်းကမှ လိမ်မပြောဖူးဘူး။ “
မှန်ပါသည်။ သူမ သူ့ကို ဘယ်တော့မှ လိမ်မပြောခဲ့ပါ။ သူ့မေးခွန်းကို မငြင်းခဲ့ရုံလေးပါပဲ။
“ ပြီးတော့ ကျွန်မ လက်ထပ်တာ ၊ လက်မထပ်တာက ရှင်နဲ့ ဘာမှ မဆိုင်ပါဘူး။ “
ထို့နောက် သူမသည် ဝင်ပေါက်ကို လျင်မြန်စွာ ဖြတ်ကျော်သွားကာ သူ့မြင်ကွင်းထဲက ပျောက်ကွယ်သွား၏။
ချန်ကျင်းလန်သည် ညသန်းခေါင်မှာ ရေဆာ၍ အိပ်ရာနိုးလာခဲ့ကာ ရေသောက်ပြီးနောက် ချက်ချင်း အိပ်ရာမဝင်ဘဲ ပြတင်းပေါက်ဘေးမှာ ခဏလောက် ရပ်နေမိသည်။ သူမ ဒီည အိပ်ပျော်နိုင်မှာ မဟုတ်ဘူးလို့ ထင်ထားပေမဲ့ အထင်နှင့် ဆန့်ကျင်ဘက်ပင် တစ်ညလုံး ဘာအိပ်မက်မှ မမက်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့လေသည်။
မနက်ရောက်တော့ ချန်ကျင်းလန်က ချန်လီချီကို ဆိုဖာပေါ်မှာ ထိုင်ခိုင်းကာ ကျစ်ဆံမြီးကျစ်ပေးနေရင်း မေးလိုက်၏။ “ မနေ့တုန်းက အဖေနဲ့ တွေ့ရလို့ အရမ်း ပျော်ခဲ့တယ်မို့လား လီချီလေး။ “
ချန်လီချီက ခေါင်းညိတ်ပြပြီး သူမရဲ့ အိပ်ချင်စိတ် မပြယ်သေးသော မျက်လုံးလေးတွေကို ပွတ်လိုက်သည်။ သူမ မနေ့ညက အိပ်မက်တွေ အများကြီး မက်ခဲ့သည်။ “ ရှန်းချူချီက သူ့အမေကို ရှာတွေ့သွားပြီ ၊ သမီးလည်း သမီးရဲ့ အဖေကို ရှာတွေ့သွားပြီ။ အခု သမီးတို့ နှစ်ယောက်လုံး တခြား ကလေးတွေနဲ့ တူသွားပြီ။ အဖေလည်း ရှိတယ် ၊ အမေလည်း ရှိတယ်။ “
ချန်ကျင်းလန်က သူမရဲ့ ခေါင်းလေးကို ချစ်စနိုး ပုတ်လိုက်သည်။ “ ဖေဖေက သူ ဒီနေ့ သမီးကို ကျောင်းလာကြိုချင်တယ်လို့ ပြောတယ်။ “
ချန်လီချီရဲ့ မျက်လုံးလေးတွေ တောက်ပသွားကာ ချန်ကျင်းလန်ကို ကြည့်လိုက်သည်။ “ သူ ကျောင်းလာကြိုလို့ ရလားဟင် မေမေ။ “
“ ဒါပေါ့ ၊ ရတာပေါ့။ ဖေဖေနဲ့ မေမေက တူတူ မနေပေမဲ့ သမီး ဖေဖေ့ကို တွေ့ချင်တိုင်း မေမေ့ကို ပြောလို့ ရတယ်။ ဒါပေမဲ့ လောလောဆယ်တော့ ဖေဖေနဲ့ တွေ့နေတာကို မေမေတို့ လျို့ဝှက်ထားရအောင်နော်။ အထူးသဖြင့် ဘိုးဘိုးနဲ့ ဘွားဘွား မသိအောင် လျို့ဝှက်ထားရမယ်။ ဟုတ်ပြီလား။ “
ချန်လီချီက ခဏလောက် စဉ်းစားပြီးမှ ခေါင်းညိတ်လိုက်သည်။ “ ဟုတ် မေမေ။ “ သူမလေးက မိခင်ဖြစ်သူနှင့် လက်သန်းချင်း ချိတ်လိုက်၏။ လျှို့ဝှက်ချက်တွေကို သိမ်းတဲ့ နေရာမှာ သူမက အတော်ဆုံးပဲ။
ချန်ကျင်းလန်က ချန်လီချီကို မနက်စာ စားရန်အတွက် ဘေးခန်းထဲကို ခေါ်လာခဲ့လိုက်သည်။ သူတို့ ထမင်းစားခန်းထဲကို ရောက်သည်နှင့် ချန်ကျင်းချွမ်ကို မြင်လိုက်ရသည်။
ချန်လီချီက သူမအမေရဲ့ လက်ကို လွှတ်ပြီး ဦးလေးဖြစ်သူဆီသို့ ပြေးသွားလိုက်၏။ “ မင်္ဂလာမနက်ခင်းပါ ဦးလေး။ “
ချန်ကျင်းချွမ်က သူ့တူမကို အဖတ်မလုပ်ဘဲ စူပုပ်သော မျက်နှာဖြင့် မျက်နှာလွှဲနေခဲ့သည်။ သူ စိတ်ဆိုးမပြေသေးဘူး။
ချန်လီချီက သူမဦးလေးရဲ့ မျက်နှာကို မြင်ရဖို့ လှည့်ပတ် ကြိုးစားနေသည်။ “ ဦးလေး မနေ့ညတုန်းက ကောင်းကောင်း အိပ်ပျော်ရဲ့လားဟင်။ “
ချန်ကျင်းချွမ်က တစ်ဖက်ကို မျက်နှာလွှဲသွားပြန်သည်။ သူ့ကို ကြည့်ရတာ ညတုန်းကလကောင်းကောင်း အိပ်ပျော်ခဲ့ပုံပင်။
ချန်လီချီက သူ့ဘေးကို ပြေးသွားကာ လက်ကို ဆွဲလိုက်သည်။ “ သမီး ဦးလေးကို သီချင်း တစ်ပုဒ် ဆိုပြရမလားဟင်။ မနေ့ကမှ ကျောင်းမှာ အဲ့သီချင်းကို သင်လာခဲ့တာ။ ဦလေးက သမီး သီချင်းဆိုပြတာကို နားထောင်ရမယ့် ပထမဆုံး လူပဲ။ “
“ ပထမဆုံး “ ဟူသော စကားကြောင့် ချန်ကျင်းချွမ်က သူ့တူမလေးကို မကြည့်ချင် ကြည့်ချင်ဖြင့် ကြည့်လိုက်သည်။ “ ဆိုစမ်းပါဦး ၊ ဘာသီချင်းလဲ ဆိုတာကို ငါ အရင် နားထောင်မယ်။ “
ချန်လီချီက “ ကမ္ဘာပေါ်မှာ ငါ့ဦးလေးက အကောင်းဆုံးပဲ “ ဟူသော သီချင်းကို ဆိုပြလိုက်၏။
ချန်ကျင်းချွမ်က သူ့တူမလေး ဆိုပြနေတဲ့ သီချင်းအောက်မှာ ကျရှုံးသွားသည်။ သူမလေးကို ပွေ့ချပြီး ဩရှရှ အသံတိုးတိုးဖြင့် မေးလိုက်၏။ “ ဒီကမ္ဘာပေါ်မှာ ဦးလေးကပဲ အကောင်းဆုံး ဆိုတော့ နင် ဒီဦးလေးကို ပိုသဘောကျလား ၊ ရှောက်ချန်းကျယ်ကို ပိုသဘောကျလား။ “
ချန်လီချီက မဆိုင်းမတွ ပြန်ဖြေလိုက်သည်။ “ သေချာတာပေါ့။ သမီးက ဦးလေးကိုပဲ ပိုသဘောကျတာ။ “
ဟမ့် ၊ အဲ့ဒါက အလိမ်အညာ စကား ဆိုရင်တောင် ချန်ကျင်းချွမ် တစ်ယောက် စိတ်ကျေနပ်သွားပါပြီ။
ချန်လီချီက ချန်ကျင်းချွမ်ရဲ့ လည်ပင်းကို ဖက်ပြီး ခပ်တိုးတိုး မေးလိုက်သည်။ “ ဦးလေး သမီးအဖေကို သဘောမကျဘူးလားဟင်။ “
ချန်ကျင်းချွမ်က သူမရဲ့ နှာခေါင်းလေးကို လိမ်ဆွဲလိုက်၏။ “ ဒီဦးလေးက နင့်ကိုပဲ သဘောကျတယ်။ “
ဟုတ်ပါပြီလေ ၊ အဲ့ဒါက သူ အဖေ့ကို သဘောမကျဘူး ဆိုတဲ့ အဓိပ္ပာယ်ပဲ။
ချန်ကျင်းချွမ်က ထမသွားခင်မှာ ချန်ကျင်းလန်ကို တီးတိုး ပြောသွားသည်။ “ ငါ ဒီကိစ္စတွေကို အဖေနဲ့ အမေ မသိအောင် ထိန်းထားပေးမယ် ၊ ဒါပေမဲ့ အကြာကြီးတော့ မရဘူး။ သိပ်မကြာခင်မှာ နင်ကိုယ်တိုင် သူတို့ကို ရှင်းပြရလိမ့်မယ်။ “
“ အင်း ၊ ကျေးဇူးပါ အစ်ကို။ “
ချန်ကျင်းလန် သူ့ကို ‘ အစ်ကို ’ လို့ ခေါ်တာ လက် ငါးချောင်းပင် မပြည့်ပါ။ ချန်ကျင်းချွမ်က သူဆံပင်တွေကို လက် နှစ်ဖက်ဖြင့် သပ်တင်လိုက်၏။ တကယ်လို့ သူသာ ကုတ်အင်္ကျီရှည် တစ်ထည်ကို ဝတ်ထားလျှင် ကော်လံတွေကို ဒရာမာဆန်ဆန် ချိုးခေါက်ပစ်လိုက်မှာ ဖြစ်သည်။ ဟမ့် ၊ ဘာပဲပြောပြော အစ်ကို အကြီးဆုံး ဖြစ်တဲ့ သူက တခြား လူတွေထက် ပိုတာဝန်ကြီးတာပါပဲ။
ရှောက်ချန်းကျယ်သည် မနက်ပိုင်းမှာ ရှောက်ယွင်ကျန်းရဲ့ ဖုန်းကောလ်ကို လက်ခံရရှိခဲ့သည်။ သူတို့ ဒီကိစ္စကို ဖုံးကွယ်ထားဖို့ ကြိုးစားလျှင်တောင် သခင်ကြီးရှောက် မသိနိုင်စရာ အကြောင်း မရှိပါ။ ဒီတစ်ခေါက်တော့ ရှောက်ချန်းကျယ်က ထိုဖုန်းကောလ်ကို ချမပစ်ဘဲ ချက်ချင်း လက်ခံလိုက်၏။
ရှောက်ယွင်ကျန်းရဲ့ ဒေါသက ရေဆူမှတ်ကို ရောက်နေခဲ့သော်လည်း ရှောက်ချန်းကျယ် ဖုန်းကိုင်လိုက်သည့် အခိုက်အတန့်မှာပဲ ရေလောင်းခံလိုက်ရသည့် ဗျောက်အိုးကဲ့သို့ ဒေါသမီးတွေ ငြိမ်းသွားလေသည်။ ရှောက်ချန်းကျယ် သူ့ဖုန်းကို ဒီလောက် မြန်မြန် ကိုင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့။ သူ အချိန် ခဏလေးအတွင်း ဖုန်းကိုင်တာ ဒါ ပထမဆုံးအကြိမ်ပင်။ ရှောက်ယွင်ကျန်းက အဟမ်း အဟမ်းဟု လည်ချောင်းရှင်းပြီး ဒေါသဖြင့် ပြောလိုက်သည်။ “ ရှောက်ချန်းကျယ် .. မင်း ငါ့စကားတွေကို အီးပေါက်နေတာလို့ သတ်မှတ်နေတာလား ၊ ဒါမှမဟုတ် ငါတို့မိသားစုရဲ့ စည်းမျဉ်းတွေကိုပဲ အီးပေါက်နေတာလို့ သတ်မှတ်နေတာလား။ “
ရှောက်ချန်းကျယ်က သူ့ဒေါသကို မီးညှိပေးခဲ့သည်။ “ အီးပေါက်တယ်လို့ ပြောတာကတော့ များလွန်းပါတယ်။ “
ရှောက်ယွင်ကျန်းရဲ့ သွေးတွေ စတင် ဆူပွက်လာ၏။ များလွန်းတယ် ဆိုရုံလောက်ပဲလား။ ဒါဆို သူတို့မိသားစုရဲ့ စည်းမျဉ်းတွေက သူ့အတွက် အီးပေါက်တာနဲ့ အတူတူပဲပေါ့။ “ မင်းမှာ အခု ကျောထောက်နောက်ခံ နည်းနည်းပါးပါး ရှိလာတာနဲ့ပဲ ငါ မင်းကို ဘာမှ မလုပ်ရဲတော့ဘူးလို့ ထင်မနေနဲ့။ “
“ ကျွန်တော် ဘယ်တုန်းကမှ အဲ့လို မတွေးဖူးပါဘူး။ အဘိုးက ကျွန်တော့်ကို ရှောက်ကော်ပိုရေးရှင်းကနေ နောက်တစ်ခေါက် ထပ်မောင်းထုတ်လိုက်လို့ ရတာပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် အလုပ်ရှုပ်မခံချင်ဘူး။ “
ရှောက်ယွင်ကျန်းရဲ့ လက်ထဲက ရေဖန်ခွက်သည် လေထဲကို မြှောက်တက်သွားကာ စားပွဲနှင့် ထိခတ်၍ ခွမ်းခနဲ အသံမြည်သွားသည်။ သူ့ရဲ့ သုံးစားမရတဲ့ ဒုတိယ သားနှင့် မြေးကြောင့်သာ မဟုတ်လျှင် အစာကောင်းကောင်း မကျွေးတိုင်း ပြန်ကိုက်တတ်တဲ့ ဒီဝံပုလွေကောင်ကို အသုံးချခဲ့မှာ မဟုတ်။ ပြီးတော့ အဲ့ဒီ ဝံပုလွေက သူ့ကို ခိုးကြောင်ခိုးဝှက် ကိုက်တာတောင် မဟုတ်ဘဲ စစ်ကြေညာပြီး ပွင့်ပွင့်လင်းလင်း ကိုက်နေတာ ဖြစ်သည်။ အဲ့ဒါတောင်မှ သူ ဒီဝံပုလွေကောင်ကို ဘာမှ မလုပ်နိုင်ပေ။
ရှောက်ယွင်ကျန်းက သူ့အသံကို နူးညံ့လိုက်သည်။ “ အတိတ်တုန်းက အဲ့ဒီ မိန်းကလေးချန်ကို ရဖို့ မင်း အဘိုးနဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့တာကို အပြစ်မယူဘဲ ခွင့်လွှတ်ပေးနိုင်တယ် ငါ့မြေး ၊ ဒါပေမဲ့ မင်း သူနဲ့ ကလေးရတာကိုတော့ အဘိုး လက်မခံနိုင်ဘူး။ အဲ့ကလေးကိုလည်း အဘိုး အသိအမှတ်မပြုဘူး။ “
ရှောက်ချန်းကျယ်သည် လှောင်ပြောင်သလို ပုံစံ အပြည့်အဝဖြင့် လှောင်ရယ်လိုက်၏။ “ အဘိုးက ကိုယ့်တစ်ဖက်တည်းကိုပဲ ကြည့်ပြီး ပြောနေတာပဲ။ သူ့မျိုးရိုးနာမည်က ချန်ပါ။ ချန်မိသားစုကရော အဘိုးကို သူ့ကို အသိအမှတ်ပြုခိုင်းမယ်လို့ ထင်နေတာလား။ သူတို့က အဘိုးတို့ ရှောက်မိသားစုနဲ့ ဘာမှ ပတ်သက်စရာမရှိလို့တောင် ပျော်နေဦးမှာ။ အရင်ဆုံး ဒီကိစ္စကို ရှင်းအောင် ကျွန်တော် ပြောလိုက်ပါ့မယ် ၊ အဘိုး အေးအေးချမ်းချမ်း ရေနွေးကြမ်းသောက်ပြီး စစ်တုရင် ဆော့နေနိုင်တယ် ဆိုရင် ကျွန်တော့်ကိစ္စတွေကို ဝင်မစွက်ဖက်ပါနဲ့။ ကျွန်တော်တို့မှာ တစ်ယောက်နဲ့ တစ်ယောက် ဘာမှ ပတ်သက်စရာ မရှိဘူး။ တကယ်လို့ အဘိုးက အလုပ်မဟုတ်တာကို ပြဿနာရှာပြီး သူမကို ဒုက္ခပေးနေမယ် ဆိုရင်တော့ ရှောက်မိသားစုရဲ့ အရေးကိစ္စတွေက ဘယ်လို ပုံစံနဲ့ပဲ အဆုံးသတ်သွားပါစေ ၊ ကျွန်တော် ဘာမှ ဝင်မကူညီတော့ဘူး။ ကျွန်တော့်အဖေ ဆုံးသွားတာလည်း နှစ်တွေ အများကြီး ကြာနေပြီ ဆိုတော့ သူ ဆုံးခါနီး ပြောခဲ့တဲ့ ဆန္ဒကို ကျွန်တော် မလိုက်နာရင်တောင် သူ အပြစ်မတင်နိုင်တော့မှာ သေချာတယ်။ “
ရှောက်ယွင်ကျန်းသည် ဒေါသထွက်လွန်း၍ ဘာစကားမှ မပြောနိုင်တော့ပေ။ ရှောက်ချန်းကျယ်က အချိန်ကုန်ခံပြီး သူနှင့် ဆက်မပြောတော့ဘဲ ဖုန်းတန်းချသွား၏။ ထို့နောက် ရှန်းစီဝမ်ကို စာပို့ကာ ချန်လီချီနှင့် ပတ်သက်သမျှ အကြောင်းအရာတွေအား သူ့အမေကို လက်လွတ်စပယ် မပြောဖို့ မှာကြားလိုက်သည်။
ရှန်းစီဝမ်က သူ့ကို ချက်ချင်း ဖုန်းပြန်ဆက်သည်။ “ ဘာရယ် ၊ သခင်မလေးချန်က နင့်ကို သူ့သမီးကို အသိအမှတ်ပြုခွင့်မပေးဘူးတဲ့လား။ “
“ အချိန်တန်ရင် အဲ့ကိစ္စကို ငါ့ဘာသာ ဖြေရှင်းလိုက်ပါ့မယ်။ နင်နဲ့ နင့်သားပဲ အပြောအဆို ဆင်ဆင်ခြင်ခြင် နေကြ။ “
ရှန်းစီဝမ်ဟာ ဒီအပေးအယူကို အလကားသက်သက်တော့ သဘောတူမှာ မဟုတ်ပါ။ သူမ ရေငုံနှုတ်ပိတ် နေလျှင် ဒီနေ့ သူမမွေးစားအမေရဲ့ ဒေါသကို တစ်ယောက်တည်း ရင်ဆိုင်ရလိမ့်မည်။ စိတ်ဖိစီးမှုအတွက် လျော်ကြေး တချို့တော့ ရမှ ဖြစ်သည်။
“ ဒါဆို ငါ နှုတ်ပိတ်ခ နှစ်ဆလောက်တော့ မျှော်လင့်လို့ ရတယ်မို့လား။ “
ရှောက်ချန်းကျယ်က သူမကို တစ်ခွန်းတည်းနှင့် နှုတ်ပိတ်သွားစေသည်။ “ နှစ်ဆရဲ့ နှစ်ဆ ပေးမယ်။ “
“ အိုကေ ၊ အပေးအယူ အောင်မြင်ပြီ။ “ သူက တကယ့်ကို သဘောကောင်းနေမှဝောာ့ ရှန်းစီဝမ်ကလည်း ပျော်ရွှင်စွာ သဘောတူလိုက်ပါသည်။ သူမရဲ့ မွေးစားအမေ ပိုလို့တောင် ဒေါသထွက်ပါစေ။ သူမ အခု ဘယ်အရာကိုမဆို ခံနိုင်ရည် ရှိသွားပြီ။
နေ့ခင်းလောက် ရောက်တော့ ရှောက်ချန်းကျယ်ရဲ့ ဖုန်းထဲကို ချန်ကျင်းလန်ထံမှ မက်ဆေ့ခ်ျ တစ်စောင် ဝင်လာသည်။ မူကြိုကျောင်း လိပ်စာရယ် ၊ ကျောင်းဆင်းချိန်ရယ် ၊ ဝူလင် ဆိုတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ နာမည် ၊ ဖုန်းနံပါတ်တို့ကို ရေးထားသော မက်ဆေ့ခ်ျ ဖြစ်သည်။
[ ရှင် သူနဲ့ ညစာ အတူ စားလို့ ရတယ်။ သူနဲ့အတူ ဝူလင်လည်း ပါလိမ့်မယ်။ ညစာ စားပြီးသွားရင်တော့ ဝူလင်နဲ့ပဲ သူမကို ပြန်ထည့်လိုက်ပါ။ ]
ရှောက်ချန်းကျယ်က ဖန်သားပြင်ပေါ်က မက်ဆေ့ခ်ျကို စိုက်ကြည့်ကာ တုံ့ပြန်စာကို ရိုက်ပြီးမှ တစ်လုံးချင်း ပြန်ဖျက်ပစ်လိုက်သည်။ “ ကောင်းပြီ “ ဆိုတဲ့ စကားလုံး တစ်လုံးတည်း ကျန်တဲ့အထိ စာတွေကို ဖျက်ပစ်ပြီးမှ ပို့လိုက်သည်။
သူ အချိန်ကို တစ်ချက် ကြည့်လိုက်သည်။ ဒီတိုင်း ဆက်ထိုင်နေလို့ မရတော့။ သူ ကုတ်အင်္ကျီကို လွှားဝတ်ကာ ထွက်လာရင်း ခုန်ယိချန်းရဲ့ စားပွဲကို ခေါက်လိုက်သည်။ “ အလုပ်ကိစ္စနဲ့ ထွက်ရမယ့် ခရီးကို ငါ့အစား ယွမ်ကျုံးကျိုးကို လွှတ်လိုက်။ ပြီးတော့ ဒီနေ့ အရေးကြီးတဲ့ ကိစ္စ မဟုတ်ရင် အကုန်လုံးကို မင်းဘာသာ ဖြေရှင်းထားလိုက်။ “
ခုန်ယိချန်း မတ်တပ်ရပ်လိုက်သည်။ “ ဟုတ်ကဲ့ပါ ဥက္ကဌရှောက်။ “
သူမဘော့စ် ပြောချင်တဲ့ ‘ ငါ့ကို ဖုန်းမဆက်နဲ့ ’ ဆိုတဲ့ အဓိပ္ပာယ်ကို အလိုအလျောက် နားလည်လိုက်သည်။
ရှောက်ချန်းကျယ်က ခြေလှမ်း လေး ၊ ငါးလှမ်းလောက် လျှောက်သွားပြီးမှ ပြန်လှည့်လာသည်။ “ မင်းရဲ့ သမီးက ( ၇ ) နှစ်လို့ ပြောဖူးတာကို ငါ မှတ်မိတယ်။ “
“ ဟုတ်ကဲ့။ “
“ အဲ့အရွယ် ကောင်မလေးတွေက ဘယ်လို အစားအသောက်တွေ ၊ အရုပ်တွေ ၊ ပုံပြင်တွေကို သဘောကျကြလဲ။ “
ထိုမေးခွန်းက အရေးကြီးတယ် ဆိုတာကို ခုန်ယိချန်း နားလည်သည်။ “ ကျွန်မ အဲ့ဒါကို အကျဉ်းချုပ် ရေးပြီး ဘော့စ်ရဲ့ ဖုန်းထဲကို ပို့လိုက်ရင် ကောင်းမလားဟင်။ “
တခြား အလုပ်တွေ အကုန်လုံးကို ဘေးဖယ်ထားပြီး ဒီအလုပ်ကိုပဲ သူမရဲ့ ထိပ်တန်း ဦးစားပေးအဖြစ် သတ်မှတ်လိုက်၏။ နောက်ဆုံးမှာတော့ သူမရဲ့ ဘော့စ်ကို ကျစ်လစ်ပြည့်စုံသော လိုရင်းတိုရှင်း အစီရင်ခံစာ တစ်စောင်ကို ပို့ပေးနိုင်ခဲ့သည်။
ပထမဆုံးအနေဖြင့် ရှောက်ချန်းကျယ်သည် ကလေးလုံခြုံရေးထိုင်ခုံ တစ်လုံးကို သွားဝယ်ခဲ့သည် ၊ ထို့နောက် စူပါမားကတ် တစ်ခုကို သွားပြီး မွှေးပွ တိရစ္ဆာန်ရုပ်လေးတွေ ကား တစ်ဝက်စာလောက် ဝယ်ယူလိုက်သည်။
ဝယ်စရာရှိတာတွေ ဝယ်ပြီးသွားတော့ မူကြိုကျောင်း ဝင်ပေါက်ဆီ မောင်းသွားပြီး ယွမ်ကျုံးကျိုး သူ့ကို ပို့ပေးထားသော ဓာတ်ပုံလေးကို ကြည့်ကာ ကားထဲမှာ တိတ်တိတ်ဆိတ်ဆိတ် ထိုင်စောင့်နေလိုက်၏။
ချန်လီချီလေးရဲ့ ပြုံးနေတဲ့ မျက်နှာလေးကို သူ လက်ညိုးလေးနှင့် တို့ထိမှတ်သားနေမိသည်။ သူမရဲ့ ဒီလို အပြုံးမျိုးကို သူ့ဘဝမှာ နောက်တစ်ခေါက် မြင်ရချင်မှ မြင်ရတော့မှာပါ။
***