အခန်း ၂၁
Vol. 3 Ch. 21
အပိုင်း ( ၂၁ )
မူကြိုဆင်းချိန် ရောက်တော့ ရှောက်ချန်းကျယ်က ကားထဲကနေ ထွက်လာခဲ့လိုက်သည်။ ဝူလင်ကတော့ မူကြိုဝင်ပေါက်မှာ ရပ်စောင့်နေတာ ကြာခဲ့ပါပြီ။ ရှောက်ချန်းကျယ် ရောက်လာတာကို မြင်တော့ သူမက ကိုယ့်ကိုယ်ကိုယ် အရင် မိတ်ဆက်သည်။
ရှောက်ချန်းကျယ်က လက်ကမ်းပေးလိုက်၏။ “ မင်္ဂလာပါ ဝူလင်။ “
ဝူလင်သည် ရှောက်မိသားစုရဲ့ ဦးဆောင်သူ အသစ်နှင့် ဒီလို ပုံစံတကျ လက်ဆွဲနှုတ်ဆက်ရလိမ့်မည်ဟု ဝူလင် မျှော်လင့်မထား။ သူမ အလျင်အမြန်ပဲ လက်ကမ်းပေးလိုက်သည်။
နေကာမျက်မှန် တပ်ထားသော လီဖေးဖန် ရောက်လာပြီး ဝူလင်ကို အပြုံးဖြင့် နှုတ်ဆက်သည်။
ဒီနေ့ ရှန်းစီဝမ်က သူမရဲ့ မွေးစားအမေကို သွားကြိုရမည်မို့ သူက သူ့သားကို ကျောင်းလာကြိုရန် ရောက်လာတာ ဖြစ်သည်။ အမှန်အတိုင်း ဝန်ခံရလျှင်တော့ သူ အခုတလော သိပ်ပျော်မနေပါ။ သူ့သားကို မိခင်ဖြစ်သူထံမှာ အသိအမှတ်ပြုခံရဖို့ သူ ကောင်းကောင်း စီစဉ်နိုင်ခဲ့ပေမဲ့ သူ့အမေက သားကိုပဲ လိုချင်ပြီး အဖေကိုတော့ မလိုချင်ဘူး ဆိုတာ ဘယ်သူ သိခဲ့မှာလဲ။ အရင်တုန်းက ညစာ စားတိုင်း ရှန်းချူချီက သူ့ကို အဖော်ပြုပေးခဲ့သော်လည်း အခုတော့ သူ့သားက သူ့ရင်ခွင်ကို ခြေစုန်ကန်ကာ မိခင်ဖြစ်သူနောက် ကောက်ကောက်ပါအောင် လိုက်သွားပြီ ဖြစ်သည်။ ဒီအစီအစဉ်က သူ့အတွက် မြွေပါလည်းဆုံး ၊ သားလည်းဆုံး အစီအစဉ်ပါပဲ။
လီဖဖန်က ရှောက်ချန်းကျယ်ကို မြင်တော့ သူ့မျက်နှာပေါ်က အပြုံးတွေ ပျောက်ကွယ်သွားသည်။ “ မင်း ဒီကို ဘာလာလုပ်တာလဲ။ “
ချန်လီချီက မူကြိုကျောင်းထဲကနေ ဆရာမရဲ့ လက်ကို တွဲလျက် ပြေးထွက်လာသည်။ ခပ်လှမ်းလှမ်းမှာ ရပ်နေတဲ့ ရှောက်ချန်းကျယ်ကို မြင်တော့ သူမက “ ဖေဖေ “ ဟု အော်ခေါ်လိုက်၏။
အဖေ လို့ နောက်တစ်ခေါက် ထပ်ခေါ်ဖို့ ပါးစပ်ပြင်လိုက်သော်လည်း ဦးလေးလီကို အမြင်မှာ ချက်ချင်းပဲ ပါးစပ်ပိတ်ပြီး ရှောက်ချန်းကျယ်ရဲ့ လက်ကိုသာ ဆွဲလိုက်၏။
လီဖေးဖန်က တစ်ခုခုတော့ ထူးဆန်းနေပြီဟု ခံစားလိုက်ရသည်။ “ သမီး ဘာလို့ သူ့လက်ကို ဆွဲထားတာလဲ လီချီလေး။ “
သူ ချန်လီချီကို တစ်လှည့် ၊ ရှောက်ချန်းကျယ်ကို တစ်လှည့် ကြည့်ကာ ပိုလို့တောင် ထူးဆန်းသည်ဟု ခံစားလာရသည်။ သူ အရင်တုန်းက သတိမထားမိပေမဲ့ သူတို့ နှစ်ယောက်ကို အခုလို ဘေးချင်းယှဉ် ရပ်နေတာ မြင်လိုက်ရတော့ သူတို့ရဲ့ မျက်လုံးတွေက တကယ့်ကို ပုံစံခွက် တစ်ခုတည်းက ထုတ်ထားသလို တူညီနေတာပဲ။
ချန်လီချီက ဦးလေးလီကို ရှင်းပြလိုက်သည်။ “ သူက သမီးအဖေရဲ့ သူငယ်ချင်းပါ။ “
လီဖေးဖန်က ချန်လီချီ ရည်ညွှန်းတဲ့ ‘ အဖေ ’ ဆိုတာက ရှစ်ရမ်ကို ရည်ညွှန်းတာဟု ထင်သွားသည်။ “ သူနဲ့ ရှစ်ရမ်က ဘယ်တုန်းက သူငယ်ချင်း ဖြစ်သွားတာလဲ။ “
ရှောက်ချန်းကျယ်ရဲ့ မျက်နှာက မည်းမှောင်သွားသည်။
ရှန်းချူချီကလည်း ပြေးထွက်လာသည်။ သူ အစတုန်းက “ အဖေ “ လို့ ခေါ်မလို့ ဖြစ်သော်လည်း ရှောက်ချန်းကျယ်ကို မြင်တော့ “ ဦးလေး “ ဟု ကျယ်လောင်စွာ အော်ခေါ်လိုက်၏။
ဦးလေး … ။
လီဖေးဖန်က သူ့သားရဲ့ နားရွက်ကို လိမ်ဆွဲဖို့ လက်ပြင်လိုက်သည်။ “ မင်း ဘာလို့ သူ့ကို ဦးလေးလို့ ခေါ်နေတာလဲ။ သူက ဘာဦးလေးလဲ။ “
သူက မင်းအမေကို ဖြတ်ခုတ်ဖို့ ကြိုးစားနေတာတောင်မှ မင်းက သူ့ကို ဦးလေးလို့ ခေါ်နေတာလား။
ရှန်းချူချီက ပြန်ဖြေသည်။ “ သူက သားအဘွားရဲ့ သားအရင်းလေ ၊ အဲ့တော့ သား သူ့ကို ဦးလေးလို့ ခေါ်သင့်တာပေါ့။ “
အဘွားရဲ့ သား အရင်း .. ဟုတ်လား။ ဒါဆို ရှောက်ချန်းကျယ်က သူ့သားရဲ့ ဦးလေး ဖြစ်နေတာလား။ လီဖေးဖန်ရဲ့ မျက်နှာက ရှုံ့မဲ့သွားသည်။ သူ ဘယ်လို တုံ့ပြန်ရမှန်း မသိတော့ဘဲ ရှောက်ချန်းကျယ်ကို ခေါင်း တစ်ချက်သာ ညိတ်ပြကာ ရှန်းချူချီကို ဆွဲပြီး ပြေးထွက်လယခဲ့သည်။ ဘာဆက်လုပ်ရမလဲ ဆိုတာကို မဆုံးဖြတ်သေးခင် ရှောက်ချန်းကျယ်ရဲ့ အမေနှင့် ရှန်းစီဝမ်ကြားက ဆက်ဆံရေးကို အရင်ဆုံး အဖြေရှာဖို့ သူ ဆုံးဖြတ်လိုက်သည်။
ရှောက်ချန်းကျယ်က ထွက်ပြေးသွားတဲ့ လီဖေးဖန်ရဲ့ ကျောပြင်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ကြည့်ရတာ ဒီလူက ရှန်းချူချီရဲ့ အပေါစား အဖေ ထင်တယ်။
ချန်လီချီက ရှောက်ချန်းကျယ်ရဲ့ လက်ကို ဆွဲလိုက်၏။ “ ဖေဖေက သမီးအဖေ ဆိုတဲ့ အကြောင်းကို လောလောဆယ်တော့ သမီးတို့ လျို့ဝှက်ထားရမယ်လို့ မေမေက ပြောတယ် ၊ အဲ့ဒါကြောင့် သမီး တခြား လူတွေကို အဲ့အကြောင်း ပြောပြလို့ မရသေးဘူး။ “
ရှောက်ချန်းကျယ်က သူမလေးကို ငုံ့ပြီး ပွေ့ချီလိုက်သည်။ “ အဲ့တော့ ဒါက သမီးရယ် ၊ ဖေဖေရယ် ၊ မေမေရယ်ကြားက လျှို့ဝှက်ချက်လေးလား။ “
ချန်လီချီ ခေါင်းညိတ်ပြလိုက်သည်။
ရှောက်ချန်းကျယ်ရဲ့ မျက်လုံးတွေက ပြုံးရီသွား၏။ “ ဖေဖေတို့ သုံးယောက်ကြားမှာ လျှို့ဝှက်ချက်လေးတွေ ရှိတာကို ဖေဖေလည်း သဘောကျတယ်။ “
ချန်လီချီရဲ့ မျက်လုံးလေးတွေကလည်း ထပ်တူပင် ပြုံးရီနေခဲ့သည်။ “ သမီးလည်း သဘောကျတယ်။ “
“ သမီးတို့ ဘယ်သွားမှာလဲဟင် ဖေဖေ။ “ ချန်လီချီက သူမအဖေရဲ့ ကားထဲက မွှေးပွရုပ်လေးတွေကို ပွတ်သပ်နေရင်း အချိန် အတော်ကြာ စိတ်လှုပ်ရှားနေပြီးမှ စိတ်တည်ငြိမ်လာခဲ့သည်။
“ ဖေဖေတို့ တစ်ခုခု သွားစားမယ်လေ။ “
“ သမီးတို့ နှစ်ယောက်တည်းပဲလားဟင်။ မေမေရော မပါဘူးလား။ “
သူမရဲ့ စိုးရိမ်ပူပန်သွားသော မျက်နှာလေးကို မြင်လျှင် ရှောက်ချန်းကျယ်သည် ကျစ်ဆံမြီးလေးတွေကို ပွတ်သပ်ချင်စိတ်အား ထိန်းမရတော့ပေ။ “ ဒါဆိုလည်း အရင်ဆုံး သမီး ဗိုက်ပြည့်သွားအောင် အချိုပွဲ တစ်ခုခု စားကုမယ်။ ပြီးရင် အိမ်ပြန်ပြီး မေမေနဲ့အတူ ညစာ စားလိုက်နော်။ ဘယ်လိုလဲ။ “
ချန်လီချီက ပြုံးလိုက်သည်။ “ အရမ်း မိုက်တယ်။ သမီးက ချိုတဲ့ မုန့်တွေကို အကြိုက်ဆုံးပဲ။ “
မုန့်ဆိုင်ကို ရောက်တော့ ချန်လီချီနှင့် ရှောက်ချန်းကျယ်သည် မျက်နှာချင်းဆိုင် ထိုင်နေခဲ့သည်။
ရှောက်ချန်းကျယ်က ကိတ်မုန့်ကို ဇွန်းနှင့် နည်းနည်း ဖဲ့ယူပြီး သူမကို ခွံ့ကျွေးလိုက်သည်။
ချန်လီချီကလည်း သူမအဖေ ခွံကျွေးသော ကိတ်မုန့်ကို စားလိုက်၏။ “ ဖေဖေ .. မေမေ့ကို ဖေဖေ သဘောကျလားဟင်။ “
သူမရဲ့ မျက်လုံးတွေထဲက အပြစ်ကင်းစင်သော ဖြူစင်မှုကြောင့် ရှောက်ချန်းကျယ်က နူးညံ့စွာ ပြန်ပြောလိုက်သည်။ “ ဖေဖေ သူ့ကို သဘောကျပါတယ်ကွယ်။ “
“ ဖေဖေ မေမေ့ကို သဘောကျရင် သူ့ကို ပျော်ရွှင်အောင် လုပ်ပေးရမယ်လေ။ “
ရှောက်ချန်းကျယ်က မချိပြုံး ပြုံးလိုက်သည်။ “ သူ့ကို ပျော်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာ ဖေဖေ မသိဘူး။ “
သူမက သူ့ကို သဘောမကျ။ ဒါ့ကြောင့် သူ ဘာပဲလုပ်လုပ် သူမကို မပျော်ရွှင်စေလောက်ပါ။
ကလေးမလေး တစ်ယောက်ကို ပျော်ရွှင်အောင် လုပ်ပေးရတာကတော့ သိပ်လွယ်တာပေါ့။
ချန်လီချီက သူမအဖေနှင့် လက်သန်းချင်း ချိတ်လိုက်သည်။ “ ဦးလေး ပြောတာတော့ သူ့မှာ မိန်းကလေးတွေကို ပျော်ရွှင်စေတဲ့ နည်းလမ်းပေါင်း ( ၁၀၀ ) ရှိတယ်တဲ့။ သမီး ဦးလေးကို ဖေဖေ့ကို သင်ပေးဖို့ တောင်းဆိုလိုက်မယ်။ ဟုတ်ပြီလား။ “
သို့သော် ချက်ချင်းပဲ သူမရဲ့ စိတ်ကူးကို သူမဘာသာ ပြန်ငြင်းပယ်လိုက်၏။ “ ဒါပေမဲ့ ဦးလေးကလည်း ဖေဖေ့ကို သိပ်အမြင်ကြည်တဲ့ပုံ မပေါ်ဘူး။ အဲ့တော့ သူက ဖေဖေ့ကို သင်ပေးချင်မှာ မဟုတ်ဘူး။ “
ချန်လီချီက ဖခင်ဖြစ်သူရဲ့ မျက်နှာကို သေချာ ကြည့်ရင်း နည်းနည်းလေး စိုးရိမ်လာမိသည်။ မေမေက သူမ အဖေကို ရှာတွေ့သွားပြီ ဆိုတဲ့ အကြောင်းကို ဘိုးဘိုးနှင့် ဘွားဘွားအား မသိစေချင်သေးပါ။ အဓိပ္ပာယ်ကတော့ ဘိုးဘိုးနှင့် ဘွားဘွားလည်း ဖေဖေ့ကို သဘောမကျဘူး ဟူ၍။
သူမ မေးထောက်ရင်း သက်ပြင်းချလိုက်၏။ ထို့နောက် သူမရဲ့ စိတ်ရင်းထဲမှ လာသော မေးခွန်း တစ်ခုကို မေးလိုက်သည်။
“ ဖေဖေ .. ဖေဖေက အရမ်း ရုပ်ချောရက်သားနဲ့ ဘာလို့ လူတွေက ဖေဖေ့ကို သဘောမကျကြတာလဲဟင်။ “
ရှောက်ချန်းကျယ်ရဲ့ မျက်နှာက အနည်းငယ် တောင့်တင်းသွား၏။ ဒါပေမဲ့ ချန်လီချီ ပြောတဲ့ စကားက သိပ်တော့ မဆိုးပါ။ အနည်းဆုံးတော့ သူက သူ့သမီးရဲ့ နှလုံးသားထဲမှာ ရုပ်ချောတယ် ဆိုတဲ့ နေရာကို ရယူထားနိုင်ပါသေးသည်။
သူ လက်ကိုင်ပုဝါကို ယူပြီး သူမရဲ့ နှုတ်ခမ်းထောင့်က ခရင်မ်တွေကို သုတ်ပေးလိုက်သည်။ သူမလေးကို နှစ်သိမ့်ပေးနေတာလား ၊ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေတာလား ဆိုတာကိုတော့ မသိ။ “ လီချီလေးက ဖေဖေ့ကို သဘောကျတယ် ဆိုတာနဲ့တင် လုံလောက်နေပါပြီ။ “
ချန်လီချီဟာ သူမအဖေ အဲ့ဒီလို ပြောတာကို ကြားတော့ ပိုလို့တောင် စိုးရိမ်သွားမိသည်။ သူမရဲ့ မေးစေ့အောက်မှာ နောက်ထက် လက် တစ်ဖက်ကို ထပ်ထားပြီး လက် နှစ်ဖက်လုံးပေါ်ကို မေးထောက်နေလိုက်၏။ “ ဒါပေမဲ့ တကယ်တော့ အခု လောလောဆယ်မှာ သမီးလည်း ဖေဖေ့ကို သိပ်သဘောမကျဘူးရယ်။ ဒီနေ့မှ သမီး ဖေဖေနဲ့ တွေ့ရတာ ဒုတိယ အကြိမ်လေ။ သမီး ဘယ်လို ခံစားရလဲ ဆိုတော့ … အင်း … “ ချန်လီချီသည် သူမရဲ့ နှလုံးသားထဲမှာ ဖခင်ဖြစ်သူအပေါ် ပေးထားသော လက်ရှိ နေရာကို သေချာလေး တိုင်းတာနေမိသည်။ သူမရဲ့ လက်မကို လက်သန်းရဲ့ အပေါ်ဆုံး အဆစ် အပိုင်းအခြားလေးပေါ် တင်လိုက်သည်။ ထို့နောက် အဲ့နေရာမှာတင် ရပ်မသွားဘဲ လက်သန်း ထိပ်ဖျား တစ်မီလီမီတာ အကွာအဝေးတောင် မရှိတဲ့ နေရာအထိ လက်မကို ရွေ့လိုက်သည်။ “ ဖေဖေ့ကို ဒီလောက်ပဲ သဘောကျတယ်။ “
မလှမ်းမကမ်းမှာ ထိုင်နေသော ဝူလင်သည် ရယ်ချင်စိတ်ကို တစ်ချိန်လုံး ထိန်းနေခဲ့သော်လည်း အခုတော့ သူမမှာ ရှိသမျှ အားတွေ အကုန်လုံးကို သုံးရင်တောင် ဆက်မထိန်းနိုင်တော့ပေ။ ရယ်ချင်စိတ်ကို အတင်း ထိန်းထားရလွန်း၍ လည်ချောင်းထဲကနေ တခိခိ အသံတွေ ထွက်ကာ မျက်ရည်များပင် ထွက်လာခဲ့သည်။
“ ဝူကျယ်ကျဲ ဘာဖြစ်တာလဲဟင်။ “ ချန်လီချီက သူမကို အဲ့လို ပုံစံမျိုး မြင်လိုက်ရတောဘ စိုးရိမ်သွားသည်။
ဝူလင်က နီရဲနေသော လည်ပင်းကို ပွတ်သပ်ရင်း ထပ်ခါတလဲလဲ လက်ခါပြလိုက်သည်။ “ အစ်မ ဘာမှ မဖြစ်ဘူး။ ကိတ်မုန့်က ချိုလွန်းလို့ သီးသွားတာ။ “
“ ရေ နည်းနည်း သောက်လိုက်နော် ဝူကျယ်ကျဲ။ “
“ ဟုတ်ပြီ ဟုတ်ပြီ။ “ ဝူလင်က ရေခွက်ကို အမြန် ယူပြီး တစ်ငုံ သောက်လိုက်ကာ စိတ်ထဲမှာ ရှုးရှုးရှားရှား ပေါက်ကွဲနေမည့် ဥက္ကဌရှောက်ရဲ့ မျက်နှာကြီးကို မမြင်ချင်ယောင်ဆောင်နေရသည်။
ရှောက်ချန်းကျယ် ဒီည ညစာ စားစရာ မလိုလောက်တော့ပါ။ သူ့ဗိုက်ထဲကို ကျောက်တုံး နှစ်တုံး ရောက်သွားပြီလေ။ ဒုတိယ ကျောက်တုံးက ပထမ ကျောက်တုံးထက်တောင် ပိုလေးသေးတယ်။
“ လီချီလေး .. သမီး ဖေဖေ့ရဲ့ ဆရာမလေး လုပ်ပြီး လူတွေ သဘောကျလာအောင် ဘယ်လို လုပ်ရမလဲ ဆိုတာ သင်ပေးချင်လား။ “
ချန်လီချီရဲ့ စိုးရိမ်နေသော အကြည့်လေး ပျောက်ကွယ်သွားပြီး သူမမျက်လုံးထဲမှာ တလက်လက် တောက်ပနေသော ကြယ်လေးတွေ လက်ဖြာသွားသည်။ “ သမီး သင်ပေးနိုင်ပါ့မလား။ “
ရှောက်ချန်းကျယ် ပြုံးလိုက်သည်။ “ သင်ပေးနိုင်တာပေါ့။ မေမေက သမီးကို သဘောအကျဆုံးပဲလေ။ “
ဟုတ်တယ် ၊ မေမေက သူမကို သဘောအကျဆုံးပဲ။ အဲ့တော့ သူမလည်း ဖေဖေ့ကို သင်ပေးလို့ ရတယ် … ။ ဒါပေမဲ့ သူမ အရင်တုန်းက တစ်ခါမှ ဆရာမ မလုပ်ဖူးသလို ကလေးငယ်တွေကို ဘယ်လို စာသင်ပေးရမယ် ဆိုတာလည်း မသိပါ။ ကလေးကြီးတွေကို စာသင်ပေးတတ်ဖို့ ဆိုတာတော့ ဝေလာဝေး။
သူမ ခပ်မတ်မတ် ထိုင်ကာ အနည်းငယ် လည်ချောင်းဟန့်ပြီး ဆရာမတွေ စာသင်တဲ့ ပုံစံမျိုးဖြင့် လေးနက်စွာ ပြောလိုက်သည်။ “ ဖေဖေ များများ ပြုံးရမယ် ၊ နှုတ်ခမ်းကို ဒီလို ပုံစံကြီး လုပ်နေလို့ မရဘူး။ “ သူမက ဖခင်ဖြစ်သူရဲ့ ပုံစံကို အတုခိုးကာ နှုတ်ခမ်းကို ခပ်မဲ့မဲ့ ပုံသဏ္ဍာန် လုပ်ပြလိုက်၏။
“ တစ်ခါတလေကျ ဖေဖေက ကျားကြီး တစ်ကောင်လို မျက်မှောင်ကြုတ်နေတတ်တယ်။ အဲ့ဒါက အရမ်း ကြောက်စရာကောင်းတယ်။ ဖေဖေက သမီးလိုပဲ ပြုံးလိုက်ရင် ချောတယ်။ သမီး ပြုံးရင် မေမေလည်း လိုက်ပြုံးတယ်။ “
ရှောက်ချန်းကျယ်ရဲ့ နှုတ်ခမ်းပေါ်မှာ အပြုံးပန်းတွေ ချိုမြန်စွာ ပွင့်လန်းသွားသည်။ “ ဒီလိုမျိုးလား။ “
“ အင်း။ “ ချန်လီချီက အားပါးတရ ခေါင်းညိတ်ပြလိုက်သည်။ “ အဲ့လိုမျိုး ပြုံးရမယ်။ “
“ သမီးအမေလည်း ဖေဖေ ပြုံးတာကို … သဘောကျတယ်လို့ ပြောဖူးတယ်။ “
ရှောက်ချန်းကျယ်ရဲ့ အသံထဲမှာ အတိတ်ကို လွမ်းဆွတ်သတိရမှုတို့ တချို့တဝက် ပျော်ဝင်နေသည်။ သူ့မျက်နှာကို ကိုင်ပြီး သူ ပြုံးနေတာကို သဘောအကျဆုံးပဲလို့ သူမ ပြောခဲ့တဲ့ အချိန်တွေက သူတို့ နှစ်ယောက်လုံးရဲ့ အပျော်ရွှင်ဆုံး အချိန်တွေ ဖြစ်ခဲ့သည်။ ဒါပေမဲ့ အခုတော့ သူမက သူ့ကို ကြည့်တောင် မကြည့်ချင်တော့ပါ။ သူ ဘယ်လောက်ပဲ နှစ်လိုဖွယ်ကောင်းအောင် ပြုံးပါစေ ၊ သူမရဲ့ သဘောကျမှုကို ရနိုင်တော့မှာ မဟုတ်။ မဟုတ်သေးဘူး ၊ သူ ဟိုးအရင်ကတည်းက သူမရဲ့ သဘောကျမှုကို တစ်ခါမှ မရခဲ့တာပါ။
“ ဟုတ်တယ် ၊ အဲ့ဒါဆို ဖေဖေ ပိုပြုံးရမယ်နော်။ မေမေ သဘောကျတဲ့ အရာမှန်သမျှကို လုပ် ၊ အဲ့ဒါမှ မေမေက ဖေဖေ့ကို သဘောကျလာမှာ။ “
ရှောက်ချန်းကျယ်က သူမလေး သင်ပေးတာကို နာခံစွာ နားထောင်နေခဲ့သည်။ “ ဖေဖေ အခု နားလည်ပါပြီ။ ကျေးဇူးပါ ဆရာမလေးချန်။ “
ချန်လီချီသည်လည်း သူမကိုယ်သူမ ဆရာမ တစ်ယောက်အနေဖြင့် များစွာ အောင်မြင်သွားသည်ဟု ခံစားလိုက်ရသည်။ ကိုယ့်ကိုယ်ကိုယ် ဆုချသည့်အနေဖြင့် နောက်ဆုံးလက်ကျန် ကိတ်မုန့် တစ်ကိုက်စာလေးကို ပါးစပ်ထဲ ပစ်သွင်းလိုက်၏။
ရှောက်ချန်းကျယ်က မေးလိုက်သည်။ “ သမီး နောက်တစ်ခု ထပ်ယူဦးမလား။ “
ချန်လီချီ ခေါင်းခါပြလိုက်သည်။ “ တော်ပြီ ဖေဖေ။ သမီး ချိုတဲ့ အစားအစာတွေကို ကြိုက်ပေမဲ့ အရမ်း အများကြီး စားလို့ မဖြစ်ဘူး။ မေမေ ပြောတာက ချိုတဲ့ မုန့်တွေက သွားကျန်းမာရေးအတွက် မကောင်းဘူးတဲ့။ သမီးက ညီညာပြီး ဖြူဖွေးနေတဲ့ သွားလေးတွေ လိုချင်တာ။ “
ကလေးမလေးရဲ့ လေးနက်တဲ့ အမူအရာကို ကြည့်ရသလောက် ချန်ကျင်းလန်က သူမကို ကောင်းကောင်း သင်ကြားပေးခဲ့တာပဲ။
“ သမီး ဒီတစ်ပတ် ပိတ်ရက်မှယ မေမေနဲ့ ဘာလုပ်မှာလဲ။ “ ရှောက်ချန်းကျယ်က ရေခွက်ကို သူမနှုတ်ခမ်းနား တိုးပေးလိုက်သည်။ ခုန်ယိချန်း ပြောတာတော့ ကလေးတွေက ကစားကွင်း သွားရတာ ကြိုက်တယ်တဲ့။
ချန်လီချီက ပိုက်ကနေ တစ်ဆင့် ရေ တစ်ငုံ သောက်ပြီးမှ သူမ ဒီပိတ်ရက်မှာ ဘာလုပ်စရာရှိလဲ ဆိုတာကို စဉ်းစားလိုက်သည်။ “ ပိတ်ရက်ထဲမှာ အဖေရှစ်ရဲ့ မွေးနေ့ ရှိတယ်။ ဦးလေးလီဖေးဖန်က အဖေရှစ်အတွက် ပါတီပွဲ တစ်ခု လုပ်ပေးချင်တယ်လို့ ပြောတယ်။ “ သူမက ရှောက်ချန်းကျယ်ဘက်ကို တိတ်တိတ်လေး တိုးကပ်သွားလိုက်သည်။ “ သမီးလည်း အဖေရှစ်အတွက် စပရိုက် တစ်ခု ပြင်ထားတယ်။ “
သူမရဲ့ မျက်လုံးထဲက ပျော်ရွှင်မှုကို ကြည့်ကာ ရှောက်ချန်းကျယ် မေးလိုက်သည်။ “ လီချီလေးက … ရှစ်ရမ်ကို အရမ်း သဘောကျတာလား။ “
ချန်လီချီက နည်းနည်းလေးတောင် တုံ့ဆိုင်းမနေပါ။ “ သမီး သူ့ကို အများကြီး သဘောကျတယ်။ အဖေရှစ်က သမီးအပေါ် အရမ်း ကောင်းတယ်လေ။ သမီးကို အရသာရှိတဲ့ အစားအစာတွေ ဝယ်ပေးတယ် ၊ အရုပ်တွေ မျိုးစုံ တယ်ပေးတယ်။ သူ စန္ဒရားတီးတာကလည်း အရမ်း အရမ်း မိုက်တယ်။ “ ချန်လီချီက နောက်ထပ် တစ်ခုကို ထပ်စဉ်းစားကြည့်လိုက်သည်။ “ အဖေရှစ်က အကောင်းဆုံး ပုံပြင်တွေကိုလည်း ပြောပြတယ်။ သူ ပြောပြတဲ့ ပုံပြင်ဆုံးသွားတိုင်း သမီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပြီး အိပ်မက်လှလှလေးတွေ မက်တယ်။ “
ရှောက်ချန်းကျယ်ရဲ့ နှလုံးသားထဲမှာ ချဉ်တူးသွားပေမဲ့ သူ့မှာ မနာလိုပိုင်ခွင့် မရှိဘူး ဆိုတာကို နားလည်ပါသည်။
“ အဖေလည်း … စန္ဒရား ကောင်းကောင်း တီးတတ်ပါတယ်နော်။ တကယ့်ကို ကျွမ်းကျွမ်းကျင်ကျင် တီးတတ်တာ။ “
ရှောက်ချန်းကျယ်ဟာ ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းခန်းဖွင့်လိုက်သည်။ သူ စန္ဒရားတီးတာ ကျွမ်းကျွမ်းကျင်ကျင်ကြီးရယ်တော့ မဟုတ်ပါ။ ဒါပေမဲ့ စန္ဒရားတီးတဲ့ နေရာမှာ သူက ရှစ်ရမ်ထက် ပိုတော်မှာ သေချာလေသည်။
“ တကယ်လား။ “
“ အခွင့်ကြုံရင် သမီးကို ဖေဖေ တီးပြမယ်။ “
“ ဟုတ်ပြီကွ။ “ ချန်လီချီက လက်ခုပ်တီးလိုက်သည်။
“ ဒီနေ့က စပြီး ဖေဖေ သမီးကို ညတိုင်း ဖုန်းခေါ်ပြီး အိပ်ရာဝင်ပုံပြင်တွေ ပြောပြလို့ ရလား။ “
ချန်လီချီက လက်ခုပ်တီးရပ်ကာ နည်းနည်းလေး တွန်ဆုတ်ဆုတ် ဖြစ်သွားသည်။ “ ဒါပေမဲ့ ဖေဖေ ၊ သမီး အနောက်အရပ်သို့ခရီးသွားခြင်း ဆိုတဲ့ ပုံပြင်ကို မကြိုက်ဘူးရယ်။ အဖေရှစ် ပြောပြတဲ့ စနိုးဝှိုက်တို့ ၊ ရေခဲမင်းသမီးတို့ ၊ မင်းသမီးနဲ့ ပဲစေ့လေးတို့လို ပုံပြင်တွေကိုပဲ ကြိုက်တာ။ ပြီးတော့ ဖေဖေက အဖေရှစ်လောက် ပုံပြောမကောင်းဘူး။ “
ချန်လီချီကတော့ သူမအဖေရဲ့ မနာလိုဖြစ်နေပြီးသား နှလုံးသားထဲကို နောက်ထပ် ကျောက်တုံး တစ်တုံး ပစ်ထည့်လိုက်မိမှန်း မသိပေ။ သူမက သူမအကြိုက်ဆုံး နတ်သမီးပုံပြင်လေးတွေကို လက်ချိုးရေတွက်နေခဲ့သည်။
“ ဖေဖေလည်း အဲ့ဒီ ပုံပြင်တွေကို ပြောပြနိုင်ပါတယ်။ “ ရှောက်ချန်းကျယ်က သူမရဲ့ လက်ကို ဆုပ်ကိုင်လိုက်သည်။ “ အရင်တစ်ခေါက်တုန်းက ဖေဖေ ပုံပြောမကောင်းခဲ့တာက ပထမဆုံးအကြိမ် ပုံပြောဖူးတာမို့လို့ပါ။ နောက်တစ်ခေါက်ကျ ဖေဖေ သေချာပေါက် အကောင်းဆုံး လုပ်ပြမယ်။ “
အဘိုးကလည်း ဘယ်တော့မှ ပုံပြင်မပြောတတ်သောကြောင့် ချန်လီချီဟာ နည်းနည်းလေး သံသယဖြစ်နေမိသည်။ ဒါပေမဲ့ သဘောတူညီစွာ ခေါင်းညိတ်ပြလိုက်သည်။ “ ဖေဖေ ညဘက်တွေ အလုပ်မရှုပ်ရင် သမီးကို ပုံပြောပြလို့ ရပါတယ်။ “
“ ဒီညက စပြီး ဖေဖေ အလုပ်မရှုပ်တော့ဘူး။ “
“ ဒါဆို သမီး နောက်ပိုင်း ပုံပြင်နားထောင်ချင်ရင် ဖေဖေ့ကို ဖုန်းဆက်လိုက်မယ်နော်။ “
“ ဟုတ်ပြီ။ “ ရှောက်ချန်းကျယ်က တက်ကြွလေးနက်စွာ ပြောလိုက်သည်။
ဝူလင်က သားအဖ နှစ်ယောက်ရဲ့ စကားဝိုင်ကို မကြားချင်ယောင်ဆောင်ပြီး ပြတင်းပေါက် အပြင်ဘက်ကို တိတ်ဆိတ်စွာ ကြည့်နေမိသည်။ တကယ်လို့ အခုနေများ ရှောက်ချန်းကျယ်ရှေ့မှာ စာရွက်နှင့် ဘောပင် ရှိလျှင် သူက ထိုစာရွက်ကို ချက်ချင်း ကတိစာချုပ် တစ်စောင် ရေးလိမ့်မည် ၊ စာချုပ်ထဲမှာတော့ သူ ညဘက်တွေမှာ ဘယ်တော့မှ အလုပ်ရှုပ်တော့မှာ မဟုတ်ကြောင်းနှင့် သေချာပေါက် ပုံပြောပြမည် ဖြစ်ကြောင်း အခိုင်အမာ ကတိပေးထားလိမ့်မည်။ အဲ့ဒီနောက် နှစ် တစ်သောင်းလောက် အကျုံးဝင်နေမည့် ထိုစာချုပ်ပေါ်မှာ သူ့နာမည်ကို လက်မှတ်ထိုးကာ တံဆိပ်ခေါင်း ခတ်နှိပ်လိုက်လိမ့်မည်။
***