← Chapters

အခန်း ၂၂

Vol. 3 Ch. 22

အခန်း ၂၂

Vol. 3 Ch. 22

အပိုင်း ( ၂၂ )

ချန်လီချီက ဗိုက်ပြည့်သွားပြီမို့ လက်ကိုင်ပုဝါလေးနှင့် သေချာ ပါးစပ်သုတ်လိုက်၏။ “ သမီး စားလို့ ပြီးပါပြီ။။ ကိတ်မုန့် နည်းနည်းပါးပါးလောက် ဝယ်ရအောင်နော် ဖေဖေ။ မေမေရယ် ၊ ဘွားဘွားရယ် ၊ နိုင်နိုင်းရယ် စားဖို့ ယူသွားချင်လို့။ “

ရှောက်ချန်းကျယ်က သူမကို ထိုင်ခုံပေါ်ကနေ ပွေ့ချီပြီး ကိတ်မုန့်တွေ ခင်းကျင်းပြသထားသည့် စင်လေးဆီ ခေါ်သွားလိုက်သည်။ သူမ လက်ညိုးပြတဲ့ ကိတ်မုန့်တိုင်းကို သူ ရွေးချယ်လိုက်သည်။ ချန်လီချီ ဝယ်ချင်တဲ့ ကိတ်မုန့်တွေ အကုန်လုံးကို ဝယ်ပြီးသွားတော့ စင်ပေါ်က တီရာမိစု ကိတ်မုန့် တစ်လုံးကိုပါ သူ ဝယ်လိုက်၏။

ချန်လီချီက ဒီကိတ်မုန့်ကို သူ့အဖေ စားချင်လို့ ဝယ်လိုက်တာလို့ ထင်သွားသည်။ “ ဖေဖေလည်း ကိတ်မုန့် ကြိုက်တယ်လား။ “

“ သမီးမေမေက ဒီကိတ်မုန့်ကို အကြိုက်ဆုံးပဲ။ “

ချန်လီချီ ခေါင်းရှုပ်သွားသည်။ “ မေမေ ဒီကိတ်မုန့်ကို မကြိုက်ပါဘူး။ ဒီကိတ်မုန့်ကို မေမေ စားတာ တစ်ခါမှ မမြင်ဖူးဘူးရယ်။ သမီး ခုနတုန်းက ပြောတဲ့ ကိတ်မုန့်တွေကမှ မေမေ ကြိုက်တဲ့ ကိတ်မုန့်တွေ။ “

ရှောက်ချန်းကျယ်ရဲ့ လက်က လေထဲမှာ ရပ်တန့်သွားကာ အပြုံးတု တစ်ခုကို သူ ဖန်းတီယူလိုက်၏။ “ အဲ့ဒါဆို သူ အရင်တုန်းက ကြိုက်ခဲ့ပေမဲ့ အခု မကြိုက်တော့တာ ဖြစ်မယ်။ “

“ ဘာမှ မဖြစ်ပါဘူး ဖေဖေရယ်။ မေမေ အခု ဘာကြိုက်လဲ ဆိုတာကိုပဲ မှတ်ထားလိုက်နော်။ “

“ မှတ်ထားလိုက်ပြီ။ အဲ့ဒါတင် မဟုတ်ဘူး ၊ ဖေဖေက လီချီလေး အခု ပြောသွားတာတွေ အကုန်လုံးကိုလည်း မှတ်ထားတယ်။ “

ရှောက်ချန်းကျယ်က ချန်လီချီကို ဝူလင့်လက်ထဲ ထည့်မပေးဘဲ လန်ချွမ်းကိုသာ ပို့ပေးဖို့ မောင်းလာခဲ့လိုက်၏။ သူ ချန်ကျင်းလန်နှင့် တကယ့်ကို တွေ့ချင်နေတာပါ။ ဆင်ခြေတွေ ရှာဖို့ လွယ်ပေမဲ့လည်း သူမကတော့ သူ့ကို မတွေ့ချင်တာကို သိပါသည်။

“ ဖေဖေ သမီးကို လိုက်ပို့ပေးလို့ မရလို့နော် လီချီလေး။ ဝူကျယ်ကျဲနဲ့ လိုက်သွားပြီး မေမေ့ကို သွားရှာလိုက်နော် ၊ ဟုတ်ပြီလား။ “

“ ဟုတ် ဟုတ်။ “ ချန်လီချီသည် ကားထဲကနေ ထွက်ဖို့ မစောင့်နိုင်တော့ပေ။ သူမအမေကို လွမ်းလှပြီ။

“ ဒီမွှေးပွ အကောင်ရုပ်လေးတွေကို ဖေဖေတို့ ဘာလုပ်ရင် ကောင်းမလဲ။ သမီးနဲ့တူတူ ယူလာခဲ့ပေးရမလား။ “

ရှောက်ချန်းကျယ်က သူ့သမီးကို ခေါင်းညိတ်လက်ခံလိမ့်မည်ဟု မျှော်လင့်မထားပေ။

ချန်လီချီက ခဏလောက် စဉ်းစားလိုက်သည်။ “ ဖေဖေ့ကားထဲမှာ မွှေးပွ အရုပ်တွေ ထားလို့ ရလားဟင်။ ဒီတစ်ခေါက်တော့ သမီး တစ်ရုပ်ပဲ ယူသွားမယ်လေ။ နောက်တစ်ခေါက် ဖေဖေနဲ့ ထပ်တွေ့တော့မှ နောက်ထပ် တစ်ရုပ် ထပ်ယူသွားမယ်။ အဲ့လိုဆို သမီး ဖေဖေနဲ့ တွေ့တိုင်း အရမ်း ပျော်ရလိမ့်မယ်။ “

ရှောက်ချန်းကျယ်က သူမရဲ့ ဆံပင်လေးတွေကို နူးညံ့စွာ ပွတ်ပေးလိုက်သည်။ “ ဖေဖေ့လီချီလေးက တကယ် တော်တယ်။ “

ချန်လီချီက သူမရဲ့ အဖေကို ပျော်ရွှင်စွာ ပြုံးပြလိုက်၏။

ရှောက်ချန်းကျယ်က ဝူလင် ချန်လီချီကို ဓာတ်လှေကားထဲ ခေါ်သွားတာကို ထွက်မသွားဘဲ ရပ်ကြည့်‌နေခဲ့သည်။ ထို့နောက် သူ ဖုန်းကို ထုတ်ကာ စက္ကန့်ပိုင်းလောက် တုံ့ဆိုင်းနေပြီးမှ နံပါတ် တစ်ခုကို နှိပ်ပြီး ဖုန်းဆက်လိုက်၏။

သူ့ဖုန်းကောလ်ကို တစ်ဖက်က ချက်ချင်း လက်ခံခဲ့သည်။

“ ဟယ်လို ၊ ဘယ်သူလဲ မသိဘူး။ “ သူမ အသံက မရင်းနှီးတဲ့ နံပါတ် အစိမ်း တစ်ခုကို ပြန်ဖြေနေသလိုပဲ ဖြစ်သည်။

“ ငါ လီချီလေးကို လန်ချွမ်းကို ခေါ်လာခဲ့တယ်။ ဝူလင်က သူ့ကို အပေါ်ခေါ်သွားတယ်။ မင်းရုံးခန်းထဲကို ခဏနေ ရောက်မယ် ထင်တယ်။ “

“ ဟုတ်ကဲ့ ၊ ကျေးဇူးပါ။ “ ချန်ကျင်းလန်က ထိုစကားကို ပြောပြီးနောက် ဖုန်းချဖို့ ပြင်လိုက်သည်။

ရှောက်ချန်းကျယ်က သူမကို တားလိုက်၏။ “ ငါ … မင်းကို WeChat မှာ လာအပ်လို့ ရမလား။ အဲ့ဒါဆို နောက်ပိုင်းကျ ချန်လီချီရဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးရင် တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ရ ပိုလွယ်လိမ့်မယ်။ “

သူမ သူ့ကို WeChat မှာ ဘလော့ခ်ထားတာ ဘယ်နှနှစ် ရှိနေပြီမှန်း မပြောတတ်ပါ။

“ မလိုပါဘူး။ “ ချန်ကျင်းလန်က သူမရဲ့ ဘောပင်ကို ချပြီး စားပွဲပေါ် ပစ်တင်လိုက်သည်။ “ နောက်ပိုင်း ရှင့်မှာ ပြောစရာ ရှိရင် ဝူလင်နဲ့ပဲ တိုက်ရိုက် ဆက်သွယ်လိုက်ပါ။ သူက ကျွန်မကို တစ်ဆင့် ပြန်ပြောပြလိမ့်မယ်။ ပြီးတော့ … “ သူမ သူ့ကို သတိပေးလိုက်၏။ “ လီချီလေးက ရှင်နဲ့ မတွေ့ချင်ရင် ရှင်လည်း သူမရှေ့မှာ ပေါ်မလာတာ အကောင်းဆုံးပဲ။ “

“ မေမေ။ “ ချန်လီချီက ချန်ကျင်းလန်ရဲ့ ရုံးခန်းထဲသို့ ပြေးဝင်လာသည်။ “ သမီး မေမေ့ကို အရမ်း လွမ်းနေတာ။ “

“ ဒါဆို ဒါပဲနော်။ “ ချန်ကျင်းလန်က ရှောက်ချန်းကျယ်ကို ဖုန်းချပြီး ချန်လီချီလေးကို မတ်တပ်ရပ်၍ နှုတ်ဆက်လိုက်သည်။

“ သမီး ပြန်လာတာ စောသားပဲ။ ညစာ မစားရသေးဘူးမို့လား။ “ ချန်ကျင်းလန်က သူမလေးရဲ့ လက်ကို ဆွဲရင်း ဆိုဖာပေါ်မှာ ထိုင်လိုက်သည်။ “ မေမေနဲ့ ညစာ တူတူ စားဖို့ ဗိုက်ထဲမှာ နေရာချန်ထားတာလား။ “

ချန်လီချီက ဝူကျယ်ကျဲ ကိုင်ထားသော အိတ်ကို ညွှန်ပြလိုက်၏။ “ သမီး မေမေရယ် ၊ ဘွားဘွားရယ် ၊ နိုင်နိုင်းရယ်ဖို့ ကိတ်မုန့်ဝယ်လာခဲ့တယ်။ ဒါပေမဲ့ ပိုက်ဆံကတော့ ဖေဖေ ရှင်းလိုက်တာ။ သမီး ကိုယ့်ဘာသာ ပိုက်ဆံရှာနိုင်တော့မှပဲ ကိုယ့်ပိုက်ဆံနဲ့ ဝယ်နိုင်မှာလေ။ “

ချန်ကျင်းလန်က သူမလေးရဲ့ မျက်နှာ နီနီလေးကို နမ်းလိုက်၏။ “ မေမေ့ရဲ့ သမီးလေးပါကွယ်။ “

ချန်လီချီက သူမအမေရဲ့ လည်ပင်းကို ပွေ့ဖက်ပြီး နား,နားကို ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ “ ဖေဖေက မေမေ့ကို သဘောကျတယ်လို့ ပြောတယ် ၊ ပြီးတော့ မေမေ့ကိုလည်း သူ့ကို ပြန်သဘောကျစေချင်တယ် တဲ့။ မေမေက သမီးကို သဘောအကျဆုံး ဆိုတော့ ဖေဖေက သမီးကို သူ့ကို သင်ပေးစေချင်နေတာ။ “

ချန်ကျင်းလန်ကတော့ ထိုစကားတွေကို ဂရုမစိုက်။ လူကြီးတွေကို လှည့်စားတဲ့ နေရာမှာတောင် ကျွမ်းကျင်တဲ့ သူဟာ ကလေးတွေကို လှည့်စားတဲ့ နေရာမှာ ဆိုရင်တော့ ပြောဖွယ်ရာ မရှိတော့။ သူမ စကားလမ်းကြောင်း ပြောင်းလိုက်၏။ “ ဒါပေမဲ့ မေမေက သမီးကို သဘောအကျဆုံးပဲလေ။ ဒီနေ့ မေမေ သမီးကို သမီးအကြိုက်ဆုံး စားသောက်ဆိုင်မှာ ညစာ လိုက်ကျွေးမယ် ၊ ဟုတ်ပြီလား။ ဒီည အိမ်မှာ ညစာ မစားဘူးလို့ မေမေ အဘွားကို ပြောပြီးသွားပြီ။ “

“ ဟုတ် ဟုတ်။ “ အရသာရှိတာတွေ စားရမည် ဆိုတော့ ချန်လီချီက ချက်ချင်းပဲ အဖေဖြစ်သူကို မေ့လျော့သွားသည်။

ဒီည ချန်လီချီသည် သူမအမေနှင့် အပြင်မှာ ညစာ အတူ စားဖြစ်ခဲ့သည်။ အိမ်ပြန်ရောက်ချိန်မှာတော့ သူမ အိပ်ငိုက်နေခဲ့ပါပြီ။ ချန်ကျင်းလန်က သူမကို ရေချိုးပေးပြီးနောက် ဆံပင်ကို အခြောက်ခံစက်ဖြင့် လေမှုတ်ပေးနေတုန်းမှာပဲ သူမလေး အိပ်ပျော်သွားသည်။ အဖေဖြစ်သူကို ညအိပ်ရာဝင် ပုံပြင် ပြောပြခိုင်းဖို့တောင် မစဉ်းစားနိုင်တော့။ အဲ့ဒီညမှာ ရှောက်ချန်းကျယ်သည် သူ့သမီး ဆက်တဲ့ ဖုန်းကောလ်ကို မရခဲ့ပါ။

သောကြာနေ့ည ညစာ စားပြီးနောက်တွင်လည်း ချန်လီချီက အဖေရှစ်အတွက် စပရိုက် တစ်ခု ပြင်ဆင်ပေးချင်နေတာမို့ သူမအဖေကို ဖုန်းဆက်ပြီး ညအိပ်ရာဝင်ပုံပြင် ပြောခိုင်းရန် မေ့သွားခဲ့သည်။

ထိုစကားကို ဟဲကျစ်ဝေ နှစ်ခါတိတိ ပြောပြီးတာတောင်မှ သူမရဲ့ သားကတော့ တစ်ခွန်းလေးတောင် ပြန်မပြောခဲ့ပေ။

သူမ စားပွဲကို တဒေါက်ဒေါက် ခေါက်လိုက်၏။ “ နင် ငါ ပြောတာ ‌နားထောင်နေရဲ့လား။ နင့်စိတ်တွေ ဘယ်ကမ္ဘာကို ရောက်နေတာလဲ။ နင့်ကို ပြောလိုက်မယ် ၊ ငါ့ကို ဂရုမစိုက်သလို အချိုးတော့ လာမလုပ်နဲ့နော်။ နင့်အဖေလည်း နင့်အရွယ်တုန်းက ဒီလိုပဲ အလုပ်တွေ ဖိလုပ်နေခဲ့တာ။ နင်က နင့်အဖေရဲ့ ချောမောမှုကို ( ၀.၁ ) ရာခိုင်နှုန်းလောက်တောင် မမီတာတော့ ရှိတာပေါ့လေ။ ဒါပေမဲ့ နင်က ဒီအသုံးမကျတဲ့ ကုမ္ပဏီမှာ အလုပ်ပင်ပန်းပြီး သေလောက်တဲ့အထိ အလုပ် လုပ်နေတယ်။ နင် ဒီပုံအတိုင်းသာ နေ့တိုင်း အိုဗာတိုင်ဆင်းနေရင် အသက် လေးဆယ် မပြည့်ခင်မှာပဲ ထိပ်ပြောင်သွားလိမ့်မယ်ဟဲ့ ၊ သိရဲ့လား။ အဲ့လိုဆို ဘယ်ကောင်မလေးမှ နင့်ကို လက်ထပ်ချင်တော့မှာ မဟုတ်ဘူး။ “

“ တကယ်လို့ နင် သဘောကျတဲ့ ကောင်မလေး ရှိရင် နင်က အရင်ဆုံး လှုပ်ရှားရမယ်။ တစ်နေကုန် မျက်နှာတည်ကြီး လုပ်နေရင် ဟိုက လန့်ပြေးသွားလိမ့်မယ်။ နင့်အဖေလည်း ရယ်ရတာ ကြိုက်တယ် ၊ ငါကလည်း စကားပြောရတာ ကြိုက်ပါတယ် .. အဲ့ဒါကို ဘယ်လိုလုပ် နင်က ရေခဲတုံးမျက်နှာနဲ့ ဖြစ်နေရတာလဲ။ ငါ ဒီလောက် အမြုပ်ထွက်မတတ် ပြောနေတာတောင် နင်ကတော့ စကား တစ်ခွန်းမှ ပြန်မပြောဘူး။ မယုံနိုင်စရာကောင်းလိုက်တာ။ မျိုးရိုးဗီဇ ဆိုတာလည်း ဒီလို အချိန်မျိုးမှာကျ အသုံးမဝင်တော့ဘူး။ နင့်ကြောင့်နဲ့ ငါ စိတ်ဖိစီးပြီး သေလိမ့်မယ်။ အခုဆို လတိုင်း ငါ့မျက်နှာပေါ်မှာ အရေးအကြောင်းတွေ ပို,ပိုများလာပြီ။ “

ဟဲကျစ်ဝေက သူမ စကားပြောနေစဉ်မှာ ဖြတ်ပြောရတာကို မုန်းသည်။ သူမရဲ့ သားကို ဆူပူနေရင်း ဒီလိုသာ တစ်နေကုန် နေ့မနား ၊ ညမနား ပြောခွင့်ရပါစေဟု ဆုတောင်းနေမိ၏။

ရှောက်ချန်းကျယ်က သူမရဲ့ စကား မဆုံးသေးခင်မှာပဲ သူ့ဖုန်းကို စားပွဲပေါ် ချပြီး ဖြတ်ပြောလိုက်လေသည်။ “ ကျွန်တော် သဘောကျနေတဲ့ မိန်းကလေး ရှိတယ်။ သူ့ကို ဘယ်လို ပိုးပန်းရမလဲလို့ ကျွန်တော် တွေးနေတာ။ “

ဟဲကျစ်ဝေ ပြောဖို့ ပါးစပ်ပြင်နေသည့် စကားလုံးတွေက လျှာဖျားအထိ ရောက်နေပြီ ဖြစ်သည်။ သူမသားရဲ့ စကားကို ကြားတော့ မယုံနိုင်သလိုပင် ချက်ချင်း မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။ “ တကယ်လား။ သား အမေ့ကို လိမ်နေတာ မဟုတ်ပါဘူးနော် … “

ရှောက်ချန်းကျယ် နေရာမှ ထလိုက်၏။ “ ကျွန်တော်က နေရာ တော်တော်များများမှာ အဖေနဲ့ မတူပေမဲ့ လိမ်မပြောတတ်တာကိုတော့ အဖေ့ဆီက အမွေရထားပါတယ်။ “

ဟဲကျစ်ဝေလည်း သူမသားအကြောင်းကို သိသည်။ ကိစ္စကြီးငယ် မရှိလျှင် သူက လိမ်ပြောမယ့် လူမျိုး မဟုတ်။ သူ ဒီလို ပြောနေပြီ ဆိုကတည်းက တစ်ခုခု ရှိတာ သေချာသည်။

သူမ သူ့နားကို လှစ်ခနဲ ပြေးသွားလိုက်၏။ “ အမေ့ကို သားအဖေ ဟိုးတုန်းက ဘယ်လို ပိုးပမ်းခဲ့လဲ ဆိုတာ ပြောပြရမလား။ “

မိန်းမပိုးနည်းကို သူမသားလေး မသိမှာကို အမှန်တကယ် စိုးရိမ်မိသည်။ သူက ကောင်မလေးကို အရူးအမူး ကြိုက်နေပေမဲ့ တစ်ဖက်က ကောင်မလေးကတော့ သူ့ကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင် မထင်မှာကို စိုးရိမ်သည်။ သူမသား သဘောကျတဲ့ ကောင်မလေးက တခြား ကောင်လေး တစ်ယောက်နှင့် ရွှေလက်တွဲကာ ပျော်ရွှင်စွာ ပေါင်းဖက်သွားချိန်မှာ သူ့ရဲ့ ကျန်ရှိနေတဲ့ ဘဝ တစ်လျှောက်လုံးကို နောင်တတွေဖြင့် အထီးကျန်စွာ နေသွားရမှာကိုလည်း စိုးရိမ်သည်။

“ ရတယ် အမေ။ “ ရှောက်ချန်းကျယ်က သူ့အမေရဲ့ စေတနာ ဗရပွကို ငြင်းဆန်လိုက်၏။

ဟုတ်ပါတယ်လေ ၊ သူ ပြောတာ မှန်တယ်။ ဒီအသက်အရွယ်ကြီးကျမှ မိန်းကလေး တစ်ယောက်ကို ပိုးပမ်းဖို့ အမေ့အကူအညီကို ယူနေရသေးတယ် ဆိုရင် သူ တကယ့်ကို စိတ်ဓာတ်ကျသွားလိမ့်မယ်။

သို့သော် အဲ့လိုဆိုရင်တောင် သူမ မစိုးရိမ်မိဘဲ မနေနိုင်ပေ။ “ သား ကောင်မလေး တစ်ယောက်ကို သဘောကျတယ် ဆိုရင် သူ့ကို ခဏ ခဏ ပြုံးပြရမယ်နော်။ တစ်ချိန်လုံး မျက်နှာတည်ကြီး လုပ်မနေနဲ့။ အဲ့လိုဆို အလုပ်မဖြစ်ဘူး။ “

“ ဟုတ်ကဲ့ ၊ ကျွန်တော် နားလည်ပါပြီ အမေ။ “

သူမရဲ့ သားလေး ဒီလို လိလိမ္မာမ္မာ တုံ့ပြန်တယ် ဆိုတာ သိပ်ရှားသည်။ ထိုအချက်က ဟဲကျစ်ဝေအား သူ သဘောကျတဲ့ မိန်းကလေး ရှိနေတယ် ဆိုတာကို ယုံကြည်သွားစေသည်။ တစ်စုံတစ်ယောက်ကို တစ်ဖက်သတ် သဘောကျနေခြင်းက လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို ပြောင်းလေစေမြဲပင်။

ရှောက်ချန်းကျယ်က စာကြည့်ခန်း ပြတင်းပေါက်ဘေးမှာ ရပ်ကာ အမှောင်ထဲကို ငေးကြည့်နေမိသည်။ သူ ပြုံးဖို့ ကြိုးစားကြည့်ပေမဲ့ မလွယ်ကူပါ ၊ နောက်ဆုံးတော့ လက်လျှော့လိုက်ရသည်။

သူ ရှန်းစီဝမ်ကို ဖုန်းဆက်လိုက်၏။

ရှန်းစီဝမ်က Face Mask တစ်ခု ကပ်နေတာ ဖြစ်သည်။ သူမက ဗလုံးဗထွေး အသံဖြင့် ပြန်ဖြေသည်။ “ ဘာကိစ္စရှိလို့ပါလဲ ဦးလေးရှောက်ချန်းကျယ်။ “

မွေးစားအမေက သူမမှာ ကလေး တစ်ယောက် ရှိနေတယ် ဆိုတာကို ပရိသတ်တွေ မသိအောင် ဖုံးကွယ်ထားသလို ရှန်းစီဝမ်ကလည်း ထိုကိစ္စနှင့် ပတ်သက်၍ အတော်လေး မကျေမနပ် ဖြစ်မိသော်လည်း သူမ ရှန်းစီဝမ်ကို ပေးတဲ့ လက်ဆောင်တွေကတော့ အလွန် ရက်ရောပါသည်။ ထိုကိစ္စမှာ ရှောက်ချန်းကျယ်ရဲ့ လက်ချက်လည်း ပါဝင်နေတာ သေချာသောကြောင့် ရှန်းစီဝမ်သည် အခုတလော သူ ဖုန်းဆက်တိုင်း ချက်ချင်းပဲ ဖျတ်လတ်စွာ ဖုန်းကိုင်နေခဲ့သည်။

ရှောက်ချန်းကျယ်က “ ရှန်းချူချီ မနက်ဖြန်ည ဘာလုပ်စရာတွေ ရှိလဲ။ “ ဟု မေးလိုက်သည်။

“ သူငယ်ချင်း တစ်ယောက်ရဲ့ ပါတီကို သွားမယ်တဲ့။ “

ရှန်းစီဝမ်က ရှန်းချူချီရဲ့ အဖေနာမည်ကို ထည့်မပြောချင်၍ ရှန်းချူချီရဲ့ သူငယ်ချင်း တစ်ယောက်ဟုသာ ပြောလိုက်သည်။

“ နင် အခုတလော အလုပ်တွေ ရှုပ်နေတာနော်။ တိုက်ဆိုင်ချင်တော့ ငါကလည်း မနက်ဖြန်ညမှာ အားတယ် ၊ အဲ့တော့ သူ့ကို အဲ့ပါတီပွဲကို လိုက်ပို့ပေးလိုက်မယ်။ “

ရှန်းစီဝမ်က သတိအနေအထား ဖြစ်သွားသည်။ သူမ သူ့ကို ရှန်းချူချီရဲ့ အဖေနှင့် မတွေ့စေချင်ပါ။ “ ရတယ် ၊ အဲ့လို လုပ်စရာ မလိုပါဘူး။ နင်က အလုပ်ရှုပ်တဲ့ လူလေ။ နင့်အချိန်ထဲက တစ်မိနစ်တိုင်းက ပိုက်ဆံတွေ သိန်းချီ သန်းချီ တန်ဖိုးရှိတယ်။ ငါလည်း ငါ့သားကို လိုက်မပို့ပေးနိုင်ပေမဲ့ ငါ့လက်ထောက်က လိုက်ပို့ပေးလိမ့်မယ်။ “

ရှောက်ချန်းကျယ် ပြန်ပြောလိုက်သည်။ “ နင် ဆက်ပြီး ဖုံးကွယ်နေစရာ မလိုပါဘူး။ ရှန်းချူချီရဲ့ အဖေက ဘယ်သူလဲ ဆိုတာ ငါ သိပြီးပြီ။ ပြီးတော့ ငါ မနက်ဖြန် သူနဲ့ သွားတွေ့မလို့ မဟုတ်ပါဘူး။ “

လတ်တလောမှာ သူ့လက်ရှိ အခြေအနေက တကယ့်ကို အရှုပ်ထုပ် ဖြစ်နေတာပါ။ လီဖေးဖန်နှင့် တွေ့ဖို့ သူ မအားသေးပါ။ ချန်ကျင်းလန်နှင့် အရင်တစ်ခေါက် စကားများပြီးကတည်းက သူ့မှာ လီဖေးဖန်နှင့် စကားပြောပိုင်ခွင့် မရှိတော့။ လက်ရှိ သူ့အနေအထားအရ သူဟာ လီဖေးဖန်နှင့် စကားပြောဖို့ပင် အရည်အသွေး မပြည့်မှီပေ။

“ ဒါဆို နင် ဘာလုပ်မလို့လဲ။ “ ရှန်းစီဝမ် အံ့ဩသွားသည်။ သူမ သူမရဲ့ သားကို အလကားသက်သက် ကားမောင်း လိုက်ပို့ပေးမယ့် လူမျိုးတော့ မဟုတ်ဘူးလေ။

ရှောက်ချန်းကျယ်က ခပ်တိုးတိုး ချောင်းဟန့်လိုက်သည်။ “ လီချီလေးလည်း မနက်ဖြန် အဲ့မှာ ရှိရင် ရှိနေလောက်တယ်။ “

ရှန်းစီဝမ်သည် တစ်စက္ကန့်လောက် တိတ်ဆိတ်သွားပြီးမှ မအောင့်နိုင်ဘဲ ရယ်ချလိုက်မိတော့သည်။ “ နင် ပြောင်းလဲသွားပြီပဲ ဥက္ကဌရှောက်ရဲ့။ သမီးကို လွမ်းလို့ လွမ်းဖျားလွမ်းနာကျနေပြီ ဖြစ်ရမယ်။ နင် အရင်တစ်ခေါက် ပိုင်မိသားစုရဲ့ ပါတီမှာတုန်းက ခေါင်းမာချင်ယောင်ဆောင်ပြီး နင်က ငါ့ကို စောင့်ရှောက်ပေးဖို့ လိုက်လာတာလို့ ပြောပေမဲ့ တကယ်တမ်းကျ နင် သခင်မလေးချန်ကို မြင်ချင်နေတာ အသိအသာကြီးပဲလေ။ နင် ဒီနိုင်ငံကို ပြန်ရောက်တာနဲ့ ချက်ချင်းပဲ သူမနား သွားဖို့ အရူးအမူး ကြိုးစားတော့တာပဲ။ ဟေး ၊ နင် ဟိုးအရင်တုန်းက သူမအပေါ် ဘာအမှားလုပ်ခဲ့တာလဲ ဆိုတာ ဘာလို့ ငါ့ကို မပြောတာလဲ။ ကိစ္စတွေကို အဖတ်ဆယ်လို့ ရမယ့် အခွင့်အရေး ရှိလောက်ဦးမလား ဆိုတာ ငါ စဉ်းစားကြည့်ပါရစေဦး။ အဲ့ဒါဆို နင် နောက်တစ်ခေါက် သူမနဲ့ ထပ်တွေ့ချင်ရင် ငါ့ကိုရော ၊ ငါ့သားကိုရော ဆင်ခြေအဖြစ် သုံးစရာ မလိုတော့ဘူး။ “

ရှောက်ချန်းကျယ်က သူမ စနောက်နေတာကို ငြိမ်မခံဘဲ ရိုးရိုးလေးသာ တုံ့ပြန်လိုက်သည်။ “ နင် ငါ့ကို နင့်သူငယ်ချင်း ဒါရိုက်တာ တစ်ယောက်ရဲ့ ရုပ်ရှင်မှာ ရင်းနှီးမြုပ်နှံစေချင်နေတာမို့လား။ “

ရှန်းစီဝမ်မှာ အရည်အချင်းရှိပြီး ဇာတ်ညွှန်းကောင်းတွေ ရှိတဲ့ သူငယ်ချင်း ဒါရိုက်တာ တစ်ယောက် ရှိသည်။ ဒါပေမဲ့ သူက တသီးတသန့် နေတတ်တဲ့ သူမို့ သူ့ရုပ်ရှင်တွေကို ရင်းနှီးမြုပ်နှံမယ့် လူ မရှိပေ။ သူ့ရဲ့ ထုတ်လုပ်ရေး အစီအစဉ်ဟော ထပ်တလဲလဲ နှောင့်နှေးကြန့်ကြာနေခဲ့ရသည်။ ရှန်းစီဝမ်ရဲ့ အားကိုးနိုင်တဲ့ အဆက်အသွယ်တွေထဲမှာ ရှောက်ချန်းကျယ် တစ်ယောက်တည်းကပဲ စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ယောက် ဆိုပေမဲ့ သူက ရုပ်ရှင်လုပ်ငန်းမှာ ရင်းနှီးမြုပ်နှံရခြင်းကို စိတ်မဝင်စားသဖြင့် ငြင်းဆန်နေတာ ကြာခဲ့ပြီ ဖြစ်သည်။

ရှန်းစီဝမ်က ဆိုဖာပေါ်ကနေ ထခုန်ပြီး သူမမျက်နှာပေါ်က Face Mask ကို ဖျတ်ခနဲ ခွာချလိုက်၏။ “ အပေးအယူ အောင်မြင်ပြီ။ နင် မနက်ဖြန်ညကျ ရှန်းချူချီကို သူ့အဖေအိမ်ကို ခေါ်သွားလို့ ရပြီ။ ဒါပေမဲ့ ငါ့သူငယ်ချင်းရဲ့ ရုပ်ရှင်မှာ ရင်းနှီးမြုပ်နှံမယ်လို့ နင် ပြောထားတဲ့ စကားကို ပြန်ရုတ်သိမ်းလို့ မရဘူးနော်။ “

“ နင့်သူငယ်ချင်းကို မနက်ဖြန်ကျ ခုန်ယိချန်းနဲ့ ဆက်သွယ်ခိုင်းလိုက်။ “

အား ၊ သူ့ရဲ့ ဆုံးဖြတ်ချက်ပြတ်သားတဲ့ စိတ်ကို ရှန်းစီဝမ် သဘောကျသွားသည်။ သူမ သူ့ကို ကြင်နာစွာ သတိပေးလိုက်၏။ “ နင် သခင်မလေးချန်ရှေ့မှာလည်း ဒီလိုမျိုး ပြတ်သားရမယ်နော် ရှောက်ချန်းကျယ် ၊ ပွင့်လင်းဖို့လည်း အရေးကြီးတယ်။ စိတ်ထဲမှာ တစ်ယောက်တည်း မျိုသိပ်မထားနဲ့ ၊ နားလည်လား။”

သူ့ဘက်က တုံ့ပြန်စကားကတော့ တတူတူ မြည်တဲ့ ဖုန်းကျသွားသံပဲ ဖြစ်သည်။

ရှန်းစီဝမ် စုတ်သပ်လိုက်၏။ သူမ တံတားကို ဖြတ်တောင် မဖြတ်ရသေးဘဲ ထိုတံတားကို ချိုးဖျက်ပစ်ချင်နေတာပင်။ သူမ သူ့ကို စိတ်ရင်းနဲ့ အကြံပေးနေတယ် ဆိုတာကိုရော သူ နားလည်ပါ့မလား။

***

All Chapters