← Chapters

အခန်း ၂၃

Vol. 3 Ch. 23

အခန်း ၂၃

Vol. 3 Ch. 23

အပိုင်း ( ၂၃ )

နောက်တစ်နေ့တွင် ရှန်းချူချီသည် အနက်ရောင် အနောက်တိုင်း ဝတ်စုံလေးနှင့် နက်ခ်တိုင်ကို တွဲဖက် ဝတ်ဆင်ထားသည်။ သူ့ဆံပင်ကို ဂျယ်လ်ဖြင့် အပြောင်သိမ်းကာ နဖူးပေါ်မှာ ခပ်မြင့်မြင့် သပ်တင်ထားလျက် အလွန် ချောမောနေခဲ့သည်။ ဒါပေမဲ့ သူ နည်းနည်းလေး စိတ်လှုပ်ရှားနေမိပါသည်။ သူ့ဦးလေးနှင့် ကား အတူတူ စီးဖူးတာ ဒါ ပထမဆုံးအကြိမ်ပါ။ ပြီးတော့ သူ့ဦးလေးရဲ့ မျက်နှာက ချန်လီချီရဲ့ အဘိုးလိုပင် တည်တင်းနေသည်။

“ ဘာလို့ ဦးလေးရဲ့ ကားထဲမှာ မွှေးပွရုပ်တွေ အများကြီး ရှိတာလဲဟင်။ “ ရှန်းချူချီက စကားဝိုင်းကို စတင်လိုက်သည်။ သူ့ဦးလေးက ချန်လီချီလိုပဲ မွှေးပွရုပ်တွေကို သဘောကျတာများလား။

ရှောက်ချန်းကျယ်က မျက်နှာတည်ဖြင့် နောက်ကြည့်မှန်ထဲကို မော့ကြည့်ကာ ကိုးရိုးကားရားနိုင်သော အပြုံး တစ်ပွင့်ကို အားယူပြုံးပြလိုက်သည်။ “ လီချီလေးက မွေးပွရုပ်တွေကို သဘောကျတယ်လေ။ သားလည်း သဘောကျရင် နည်းနည်းပါးပါး ယူသွားလို့ ရတယ်။ “

သူ့ဦးလေးရဲ့ အပြုံးမျက်နှာကို မြင်တော့ ရှန်းချူချီ အနည်းငယ် အံ့ဩသွားသည်။ ဘာ့ကြောင့်ရယ် မသိဘဲ သူ ရှက်ရွံ့သွားမိကာ ရှောက်ချန်းကျယ်ကို “ ဦးလေးက ချန်လီချီလိုပဲ ပြုံးလိုက်ရင် အရမ်း ကြည့်ကောင်းတယ်။ “ ဟု ပြောလိုက်၏။

ရှောက်ချန်းကျယ်ရဲ့ အပြုံးက ပိုလို့တောင် ကျယ်ပြန့်ရွှင်ပျသွားခဲ့သည်။ “ သားက လီချီလေးနဲ့ အရမ်း ခင်တာပဲလား။ “

“ ဟုတ်ကဲ့။ “ ရှန်းချူချီက ခပ်သွက်သွက် ခေါင်းညိတ်လိုက်သည်။

“ သားတို့က သိပ်ကို ခင်တဲ့ သူငယ်ချင်းတွေလေ။ အသက်ကြီးလာရင် သားက သူ့ရဲ့ သတို့သား လုပ်မှာ။ “

ရှောက်ချန်းကျယ်ရဲ့ အပြုံးက အေးခဲသွားလျက် ကားထဲမှာ တိတ်ဆိတ်မှုတို့ တစ်ဖန် ကြီးစိုးသွားသည်။

ရှန်းချူချီကတော့ တစ်ခုခု မူမမှန်တာကို သတိမထားမိဘဲ ဆက်ပြောနေဆဲ။ “ သား ပိုက်ဆံစုနေတာ အခုဆို တော်တော်လေး ကြာပြီ။ အနာဂတ်မှာ သားက သူမအတွက် အလှဆုံး သတို့သမီးဝတ်စုံလေး ဝယ်ပေးမှာ။ “

ရှောက်ချန်းကျယ်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေက အနည်းငယ် မဲ့ရွဲ့သွားသည်။ “ မင်းတို့ နှစ်ယောက်လုံး အခုမှ ငယ်ငယ်လေး ရှိသေးတာ။ အဲ့လို စကားမျိုးတွေ ပြောဖို့ စောလွန်းသေးတယ်။ “

ရှန်းချူချီက ခေါင်းခါပြလိုက်သည်။ “ လုံးဝ မစောပါဘူးဗျ။ တချိ့ ကိစ္စတွေ ဆိုတာ စောစောစီးစီး ပြင်ဆင်ထားဖို့ လိုတယ်လို့ ချန်လီချီက ပြောတယ်။ “

‘ ချန်လီချီက ပြောတယ် ’ ဟူသော စကားကို အကြားမှာ ရှောက်ချန်းကျယ်ရဲ့ ပြောအံဆဲဆဲ စကားတွေ အကုန်လုံး လည်ချောင်းထဲမှာ တစ်ဆို့သွား၏။

ထို့နောက် ရှန်းချူချီဟာ ‘ ချန်လီချီက ပြောတယ် ’ ဟူသော စကားကို အစချီလျက် သူနှင့် ချန်လီချီရဲ့ အနာဂတ် အစီအစဉ်တွေကို တစ်လမ်းလုံး ရေပက်မဝင် ပြောလာခဲ့သည်။ ရှောက်ချန်းကျယ်ရဲ့ မျက်နှာကတော့ အိုး တစ်လုံးရဲ့ အောက်ခြေလို မည်းမှောင်မှုန်ကုပ်နေသည်မှာ သူတို့ရဲ့ ခရီးလမ်းဆုံးကို ရောက်တဲ့အထိ ဖြစ်လေသည်။

ရှန်းချူချီကို ခေါ်လာတဲ့ သူ့ကို မြင်ချိန်မှာ လီဖေးဖန်ရဲ့ မျက်နှာကလည်း သိပ်ပြီး ဖော်ရွေတဲ့ပုံပေါက်မနေခဲ့ပါ။ သို့သော် သူက စိတ်ထဲမှာ ပြန်သိမ်းဆည်းထားပြီး အရမ်း မကြည်မလင် ပုံစံ မပေါက်အောင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ခဲ့သည်။

ရှန်းစီဝမ်က သူ့ကို ရှန်းချူချီအား လာကြိုပေးဖို့ ပြောမထားသောကြောင့် ချန်းချူချီကို ရှောက်ချန်းကျယ်နှင့် လွှတ်လိုက်တာ သူမပဲ ဖြစ်ရမည်ဟု သူ ယူဆလိုက်၏။ သူ ဒီနေ့အတွက် ဆံပင်ညှပ်ဆိုင်ကိုတောင် တကူးတက သွားကာ ဆံပင်ညှပ်ထားခဲ့တာပါ။ ရှန်းစီဝမ် မလာဘဲ ရှောက်ချန်းကျယ်ကြီး ရောက်လာလိမ့်မည် ဟူ၍ ထင်မထားခဲ့။

သူ့အတွေး တချို့တစ်ဝက်က ရှောက်မိသားစုဟာ လူကောင်းတွေ မဟုတ်၍ ရှောက်ချန်းကျယ်နှင့် ခပ်တန်းတန်း နေရမည်ဟု တွေးနေသော်လည်း ကျန်အတွေး တစ်ဝက်ကတော့ ရှောက်ချန်းကျယ်ဟာ အနာဂတ်မှာ သူ့ရဲ့ မိန်းမဘက်က အမျိုးတော်ရတဲ့ ဦးလေး ဖြစ်လာလိမ့်မည်ဟု တွေးနေမိသည်။ ရှန်းစီဝမ်နှင့် လက်ထပ်နိုင်ဖို့အရေး ရှောက်ချန်းကျယ် ဆိုတဲ့ တောင်တန်းကြီးကို သူ ဖြတ်ကျော်ရပါမည်။

လီဖေးဖန်က ရှန်းချူချီကို သူ့ဘေးကို ဆွဲခေါ်လိုက်ပြီး ထေ့ငေါ့တာလည်း မပါ ၊ ပွင့်လင်းလွန်းတာလည်း မပါသော စကားကို ပြောလိုက်သည်။ “ သူ့ကို ခေါ်လာပေးလို့ ကျေးဇူးတင်ပါတယ်။ “

ရှောက်ချန်းကျယ်က “ ကိစ္စ မရှိပါဘူး။ “ ဟု ပြန်ပြောလိုက်၏။

သူက သားဖြစ်သူကို ဆွဲထိုးချင်နေတာ ဆိုပေမဲ့ အဲ့လို လုပ်လို့ မရဘဲ ဆွဲထိုးချင်းထိုး အဖေဖြစ်သူကိုသာ ဆွဲထိုးလို့ ရလိမ့်မည်။

ရှန်းချူချီကို သူ့အဖေက အိမ်ထဲ ခေါ်သွားစဉ်မှာ သူက ရှောက်ချန်းကျယ်ကို လှည့်ကြည့်ပြီး ပြောလိုက်သည်။ “ ဦးလေးလည်း လိုက်မဝင်ဘူးလား။ အထဲမှာ ချန်လီချီ ရောက်နေတယ်ဗျ။ “

ထိုစကားကို ပြောပြီးနောက် သူ ချက်ချင်းပဲ သူ့ပါးစပ်ကို လက်နှင့် အုပ်လိုက်သည်။ ချန်လီချီ့အဖေက သူ့ဦးလေး ဆိုတဲ့ အကြောင်းကို တခြား လူတွေအား လောလောဆယ် မပြောပြရဘူးဟု သူ့အမေက မှာထားသည်။

ရှောက်ချန်းကျယ် ငြင်းလိုက်၏။ “ ဦးလေး လိုက်မဝင်တော့ပါဘူး။ “

ခပ်ဝေးဝေးကနေပဲ ချန်လီချီရဲ့ အရိပ်အယောင်လေးကို မြင်ချင်တာပါ။ သူမကို စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ချင်။ ချန်ကျင်းလန်က သူ့ကို ချန်လီချီနားမှာ တဝဲလည်လည် မလုပ်ဖို့ ပြောထားတာမို့ သူ အဲ့လို လုပ်လို့ မရပါ။

ချန်လီချီကို အဖေရှစ်က ကားထဲကနေ ပွေ့ချီပြီး အောက်ချပေးလိုက်၏။ သူမလေးက အဖေရှစ်အတွက် စပရိုက် လက်‌ဆောင် ထည့်ထားတဲ့ ဘူး တစ်ဘူးကို ရင်ဘတ်မှာ ပိုက်ထားခဲ့သည်။ ချန်ကျင်းလန်က ဖုန်းထဲကနေပြီး သူတို့ကို အိမ်ထဲ အရင် ဝင်နှင့်ဖို့ ပြောနေပါသည်။

ရှောက်ချန်းကျယ်က စိတ်ကသိကအောက်ဖြစ်လျက် ထိုင်ခုံကို မှီထိုင်နေမိသည်။ ဒီခံစားချက်ဖို့ ပြေလျော့အောင် ကူညီပေးမယ့် စီးကရက်လည်း အဆင်သင့် မရှိ။ သူ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေတာ ဖြစ်သည်။ တစ်စုံတစ်ရာအပေါ် စွဲလမ်းမှုကို ဖြတ်တောက်ရခြင်းက တစ်ချိန်တုန်းက သူမနှင့် လမ်းခွဲခဲ့သလိုပင် လွယ်ကူလိမ့်မည်ဟု ထင်ထားခဲ့သည်။

အဲ့ဒီတုန်းက သူတို့ လမ်းခွဲဝေးကွာခဲ့ရတာက သိပ်ကို ရုတ်တရက်ဆန်လွန်းသည်။ ထိုမည်းမှောင်သည့် ကာလ အပိုင်းအခြားတွေကို သူ ပြန်တွေးတာ ရှားပါးသည်။

အခုအချိန်မှာ သူမက ရှစ်ရမ်နှင့် လက်တွဲနေတာ မဟုတ်ပေမဲ့ သူ သူမကို လှည့်စားခဲ့တယ်လို့တော့ ပြောနေပါသေးသည်။ သူ့ကို မုန်းတီးနေတဲ့ သူမရဲ့ အမုန်းတရားတွေကို သူ ခံစားလို့ ရသည်။ သူက ကိုယ့်ကိုယ်ကိုယ် ရှောက်ယွင်ကျန်းရဲ့ မြေးလို့ မပြောခဲ့တာ တစ်ခုတည်းတင် မဟုတ်ဘူးလေ။

ဖုံးကွယ်ထားတဲ့ နောက်ထပ် အကြောင်းပြချက် တစ်ခု ရှိလိမ့်မည်ဟု ကိုယ့်ကိုယ်ကိုယ် သံသသဖြစ်မိသည်။ သူ့ကို ခါးခါးသီးသီး တုံ့ပြန်မှာကိုလည်း သူ ကြောက်နေခဲ့တာပါ။

ချန်ကျင်းလန်သည် ဖုန်းချပြီးချိန်မှာပဲ တစ်စုံတစ်ယောက်ဟာ ထောင့် တစ်နေရာကနေ ဓာတ်ပုံတွေ ခိုးကြောင်ခိုးဝှက် ရိုက်နေတယ် ဆိုတာကို သတိထားမိသွားသည်။ သူမ ထိုလူ့ဆီ လျှောက်သွားလိုက်၏။ သူမ ဓာတ်ပုံရိုက်ခံရတာက ကိစ္စမရှိပေမဲ့ ချန်လီချီကိုတော့ ဓာတ်ပုံရိုက်မခံစေချင်ပါ။

ထိုအချိန်မှာပဲ သူမရဲ့ နောက်က တစ်စုံတစ်ယောက်ဟာ သူမပခုံးတွေကို ပွတ်တိုက်ထိခတ်၍ ဖြတ်ကျော်သွားကာ ထိုလူဆီ ခြေလှမ်းကျဲများဖြင့် လျှောက်သွားပြီး ချုပ်ထားလိုက်လေသည်။

ရှောက်ချန်းကျယ်က လျို့ဝှက် ဓာတ်ပုံရိုက်နေသူက လက် တစ်ဖက်နှင့် ချုပ်ထားလိုက်ကာ ကျန်လက် တစ်ဖက်နှင့် သူ့လက်ထဲက ကင်မရာကို ဆတ်ခနဲ ယူပြီး သူ့နောက်က ချန်ကျင်းလန်လက်ထဲ ထည့်ပေးလိုက်၏။

ချန်ကျင်းလန်က ကင်မရာကို ယူပြီး အထဲက ဓာတ်ပုံတွေကို သေချာ စစ်ဆေးကြည့်လိုက်သည်။ ပါပါရာဇီကတော့ စိုးရိမ်လာမိသည်။ အဲ့ဒီ ဓာတ်ပုံတွေက သူ ဒီနေ့ အများကြီး အပင်ပန်းခံပြီးမှ နောက်ဆုံးမှာ ခဲရာခဲဆစ် ခိုးရိုက်ထားရတဲ့ ဓာတ်ပုံတွေပါ။

အစပိုင်းမှာတော့ သူက ရှောက်ချန်းကျယ်ဆီမှာ မလှုပ်ရှားနိုင်အောင် ချုပ်ထားခံရသော်လည်း စိုးရိမ်ပူပန်မှုကြောင့် ရုတ်တရက်ပဲ အားဖြင့် ရုန်းလိုက်ရာ ရှောက်ချန်းကျယ်ရဲ့ လက်ထဲကနေ လွတ်သွား၏။ ထို့နောက် သူ့လက်သီးက ရှောက်ချန်းကျယ်ထံ ပစ်ဝင်သွားသည်။

ရှောက်ချန်းကျယ်က ထိုလက်သီးကို အလွယ်တကူ ရှောင်လို့ ရသော်လည်း သူ့ရဲ့ အလိုလို သိစိတ်ကို ချိုးနှိမ်ကာ မရှောင်ဘဲ ၊ ပြန်မခုခံဘဲ နေလိုက်၏။ လက်သီးနှင့် သူ့မေးရိုး ထိခတ်သံက ခွပ်ခနဲ ထွက်ပေါ်လာကာ ထိုအသံကို ကြားရသူတိုင်းအား မျက်နှာရှုံ့မဲ့သွားစေသည်။

အနည်းဆုံးတော့ ပါပါရာဇီက အဲ့ဒါ အရမ်း နာမှာပဲဟု တွေးလိုက်သည်။ သူ့လက်သီးကို တစ်လှည့် ၊ ရှောက်ချန်းကျယ်ရဲ့ နီရဲဖူးရောင်နေသော မျက်လုံးထောင့်ကို တစ်လှည့် ကြည့်ကာ အတော်လေး ကြောင်အမ်းအမ်း ဖြစ်သွားမိသည်။ သူ ဘယ်အချိန်တုန်းက ဒီလောက်‌ ဒေါသထွက်သွားပါလိမ့်။ သူ့ရဲ့ နှစ်ပေါင်းများစွာ ရန်ဖြစ်လာတဲ့ အတွေ့အကြုံအရ သူ့ကို ရှောက်ချန်းကျယ် အရင်ဆုံး ချုပ်လိုက်တဲ့ တိုက်ခိုက်မှုက သူ ဘယ်လိုပဲ ပြန်တိုက်ခိုက်ရုန်းကန်ပါစေ ၊ အရာမထင်မယ့် တိုက်ခိုက်မှုမျိုး ဖြစ်သည်။ အခုကျ ရှောက်ချန်းကျယ်က သူ့လက် လွတ်သွားတာကိုတောင် မသိဘဲ အထိုးခံလိုက်ရတယ်တဲ့လား … ။

ရှောက်ချန်းကျယ် သူ့ကို အလျှော့ပေးလိုက်တာလို့ သူ ဘာလို့ ခံစားနေရတာပါလိမ့်။ ဒါပေမဲ့လည်း ရှောက်ချန်းကျယ်က သူ့ကို ဘာလို့ အလျှော့ပေးမှာလဲ။

ပါပါရာဇီက ရှောက်ချန်းကျယ်ကို စိတ်ပျက်မှုနှင့် ဒေါသတွေ ပြည့်နှက်နေသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ဒီကောင် အခု သူ့ကို လျော်ကြေး အများကြီး လိမ်တောင်းဖို့ ကြိုးစားနေတာတော့ မဟုတ်ပါဘူးနော်။ ဘယ်မှာလဲ တရားမျှတမှု … ။ သူက ဓာတ်ပုံခိုးရိုက်တာလို တရားမဝင်တဲ့ အလုပ်တွေ လုပ်နေပေမဲ့ သူ့မှာ လျော်ကြေး လိမ်တောင်းခံရလျှင် ပေးဖို့တောင် ပိုက်ဆံ မရှိပါ။

ရှောက်ချန်းကျယ်က ချန်ကျင်းလန်ကို ဖူးရောင်နေသော မျက်လုံးဖြင့် ကြည့်ပြီး “ မင်း တစ်ခုခု တွေ့ထားလား။ “ ဟု မေးလိုက်သည်။

ချန်လီချီကို အနောက်ကနေ ရှစ်ရမ် လှမ်းဖက်ထားတဲ့ ဓာတ်ပုံ တချို့တော့ ရှိသည်။ ချန်ကျင်းလန်က ကင်မရာထဲက မန်မိုရီကဒ်ကို ထုတ်လိုက်ပြီး သူ့မျက်နှာကို တစ်ချက်လေးတောင် မကြည့်ဘဲ ပါပါရာဇီကို ကျော်မေးလိုက်သည်။ “ ရှင့်မှာ တခြား ဓာတ်ပုံတွေ ရှိသေးလား။ “

ပါပါရာဇီက ခေါင်းငိုက်စိုက်ကျသွား၏။ “ မရှိတော့ပါဘူး ၊ ကျွန်တော် ဒီနေ့မှ စပြီး သတင်းလိုက်တာပါ။ “ ဘယ်လောက်တောင် ကံဆိုးလိုက်သလဲ ၊ ပထမဆုံး အလုပ်မှာတင် မိသွားရတယ်လို့ … ။

ချန်ကျင်းချွမ်ကလည်း ကားထဲကနေ ထွက်လာသည်နှင့် အခြေအနေကို သတိထားမိသွားသည်။ သူ ကားတံခါးကို ဂျိုင်းခနဲ ဆောင့်ပိတ်ပြီး ခြေလှမ်း သုံးလှမ်းတည်းနှင့် ချန်ကျင်းလန်တို့ဆီ ရောက်အောင် လျှောက်သွားလိုက်လေသည်။

“ ဘာလို့ နေရာတိုင်းမှာ မင်း ရှိနေတာလဲ။ “ ရှောက်ချန်းကျယ်ကို ပြောတဲ့ ချန်ကျင်းချွမ်ရဲ့ အသံက အလွန် မနှစ်မြို့ပုံပေါ်သည်။

ပါပါရာဇီကတော့ ချန်ကျင်းချွမ်က သူ့ကို ပြောနေတာလို့ ထင်ကာ ထိတ်လန့်သွား၏။ ဒီနယ်ပယ်မှာ အစ်ကို K ဟု လူသိများသော ပါပါရာဇီသည် အရင်တုန်းက ချန်ကျင်းချွမ်နှင့် အမျိုးသမီး အနုပညာရှင် တစ်ယောက်ကြားက ကောလဟာလတွေကို သက်သေပြသည့်အနေဖြင့် ချန်ကျင်းချွမ်နောက်ကို လိုက်ပြီး ဓာတ်ပုံရိုက်ခဲ့ဖူးသည်။ သို့သော်လည်း သူ လိုချင်တဲ့ ဓာတ်ပုံတွေကို မရိုက်ရသေးခင်မှာပဲ ချန်ကျင်းချွမ်ဆီမှာ ချက်ချင်း အဖမ်းခံလိုက်ရ၏။ အဲ့ဒီတုန်းက ချန်ကျင်းချွမ်ဟာ သူ့ကို သူ့ရှေ့မှာ နောက်တစ်ခေါက် ထပ်ပေါ်မလာဖို့ သတိပေးခဲ့သည်။

ရှောက်ချန်းကျယ်ကတော့ အရင်ကတည်းက လူကြားထဲမှာ တစ်ခါမှ ပေါ်မလာဖူးသောကြောင့် သူ ရှောက်ချန်းကျယ်ကို ဘယ်သူမှန်း မသိပေ။ ထို့ကြောင့် ပါပါရာဇီက ရှောက်ချန်းကျယ်ကို ချန်မိသားစု ငှားရမ်းထားသည့် သက်တော်စောင့် အသစ် တစ်ယောက်ဟုသာ ထင်ကာ လေးလေးနက်နက် မတွေးခဲ့ပေ။ သို့သော်လည်း ချန်ကျင်းချွမ်ရဲ့ စရိုက်နှင့် သူနှင့် ရင်းနှီးနေပြီးသားမို့ ချန်မိသားစုရဲ့ သားအကြီးဆုံးဟာ အပေါ်ယံကသာ ပြုံးရွှင်နေပေမဲ့ အတွင်းထဲမှာ တကယ့်ကို ရက်စက်တတ်တဲ့ လူမျိုး ဆိုတာ နားလည်သည်။ သူ ဒီအလုပ်ကို လက်မခံချင်ခဲ့ပေမဲ့ ကမ်းလှမ်းတဲ့ လစာက အတော် များကာ သူကလည်း တိုက်တိုက်ဆိုင်ဆိုင် ငွေလိုနေခဲ့ပါသည်။ မျက်စိတစ်မှိတ်အတွင်း နောက်တစ်ခေါက် ထပ်အဖမ်းခံရတဲ့အထိ ကံမကောင်းလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။ ချန်ကျင်းချွမ်က သူ့ကို ဒီတစ်ခေါက် သက်ညှာပေးမှာ မဟုတ်ပါ။ ကင်မရာကို ဒီတိုင်း ထားခဲ့ပြီး ထွက်ပြေးရင် ကောင်းမလား။ အနည်းဆုံးတော့ သူ ချန်ကျင်းချွမ်နှင့် အဝေးကို ထွက်ပြေးမှ ဖြစ်မည်။

သူ့စိတ်ထဲမှာ အခြေအနေကို အမြန် တွက်ချက်ပြီးနောက် အသက်ပြင်းပြင်း တစ်ချက် ရှုပြီး ရှောက်ချန်းကျယ်ကို တစ်ဟုန်ထိုး တိုက်ခိုက်ရန်အတွက် ခွန်အားတွေ အကုန်လုံးကို စုစည်းလိုက်သည်။ အစ်ကို K က ရှောက်ချန်းကျယ်ထက် ခေါင်း တစ်လုံး ပိုနိမ့်တာမို့ သူ့ခေါင်းက ရှောက်ချန်းကျယ်ရဲ့ နှာရိုး တည့်တည့်ကို ဖောင်းခနဲ ဝင်တိုက်သွားသည်။

ရှောက်ချန်းကျယ်သည် သူ့နှာခေါင်းထဲမှာ ပူထူသွားပြီး နှာခေါင်းထဲကနေ ခပ်နွေးနွေး အရည်လေးတွေကို စီးကျလာတာကိုသာ ခံစားလိုက်ရလေသည်။ နှာခေါင်းသွေးတွေ ဆက်တိုက် စီးကျနေတာကို ရပ်ဖို့ သူ ခေါင်းမော့လိုက်ရသည်။

အဲ့ဒါက အစ်ကို K စောင့်ဆိုင်းမျှော်လင့်နေခဲ့တဲ့ အချိန်ပါပင်။ ရှောက်ချန်းကျယ် အာရုံပြောင်းသွားတုန်း သူ လွတ်အောင် ထွက်ပြေးချင်သော်လည်း ချန်ကျင်းလန်က ခြေထိုးခံကာ သူ့ကို ချော်လဲအောင် လုပ်ခဲ့သည်။ ရှောက်ချန်းကျယ်က သူ့ကို လက် တစ်ဖက်တည်းနှင့်ပင် ထပ်မံ ဖမ်းချုပ်ထားလိုက်၏။

ချန်ကျင်းချွမ်သည် အဲ့ဒါကို မြင်တော့ စိတ်ထဲကနေ တီးတိုး ရေရွတ်လိုက်မိသည်။ ရှောက်ချန်းကျယ်ဟာ အတော်လေး အရှက်မဲ့စွာ ပူပေါင်းခဲ့တာတောင်မှ လူလေး တစ်ယောက်ကို လွတ်သွားတဲ့အထိ အသုံးမကျဘဲ သူ့ကိုယ်သူ ဒဏ်ရာရသွားစေခဲ့သည်။ အဆိုးဆုံးကတော့ သူ့ညီမပါ ဝင်ကူညီလိုက်ရတာပဲ။

အသုံးမကျလိုက်တာလို့ သူ ခံစားလိုက်ရသည်။ ရှောက်ချန်းကျယ်ကို သူ့ပခုံးနှင့် တမင် ထိတိုက်ခဲ့ပြီး အစ်ကို K ကို သူ့လက်ထဲကနေ ပြောင်းယူလိုက်၏။ “ တော်လောက်ပြီ ၊ လွှတ်ပေးလိုက်တော့။ နောက်ပိုင်းလည်း ငါတို့မိသားစုရဲ့ ကိစ္စတွေကို ဝင်မရှုပ်နဲ့။ မင်းက မင်းက ငါတို့ကို ကူညီရင်း ထိခိုက်သွားသလို ဟန်ဆောင်နေပေမဲ့ တကယ်တမ်းကျ ငါတို့ကို လာလိမ်နေတာပဲ။ “

ယောက်ျားတွေကပဲ ယောက်ျားတွေကို နားအလည်ဆုံး ဖြစ်သည်။ ရှောက်ချန်းကျယ်ရဲ့ တိုက်ရည်ခိုက်ရည်ကို ချန်ကျင်းချွမ် အရင်တုန်းက မြင်ဖူးသည်။ နောက်ထပ် အစ်ကို K နှစ်ယောက်လောက် သူ့ဆီ ရောက်လာလျှင်တောင် သူတို့တွေ သူ့နား ကပ်နိုင်မှာ မဟုတ်။ သူ အခုလို မျက်နှာဖူးရောင်ပြီး နှာခေါင်းသွေးလျှံတယ် ဆိုတာက တစ်ခုခုကို အကွက်ကျကျ စီစဉ်ထားတာမှန်း ချန်ကျင်းချွမ် သိသည်။

နောက်ဆုံးတော့ အစ်ကို K ရဲ့ စိတ်ထဲက အရှုပ်အထွေးတွေ ပြေလည်သွားကာ နားလည် သဘောပေါက်သွား၏။ သူက ချန်မိသားစုကို လှည့်စားဖို့ ကြိုးစားနေတာဟ ၊ ငါ့ကို မဟုတ်ဘူးပဲ။ ချန်မျိုးရိုးက ဉာဏ်ကောင်းလိုက်တာ … ။

ရှောက်ချန်းကျယ်က သူ့နှာခေါင်းကို သွေးတိတ်စေရန်အတွက် တစ်ဖက် လှည့်နေခဲ့သည်။ အစ်ကို K ရဲ့ တိုက်ခိုက်မှုတွေကို သူ မျှော်လင့်ထာပေမဲ့ သူ့ခေါင်းကို ဒီလောက်ကြီး မာကျောလိမ့်မည်ဟုတော့ ထင်မထား။ သွေးလေးက ဒလဟော စီးကျနေသောကြောင့် သူ ခေါင်းကို ခပ်မြင့်မြင့် မော့ထားရသည်။ နေရောင်က စူးတောက်နေသည်။ သူ့ဘေးက လူတွေကို တစ်ဖက်ပိတ် ၊ တစ်ဖက်ဖွင့် မျက်လုံးများဖြင့် ခက်ခက်ခဲခဲ ကြည့်နေရသည်။

“ ခေါင်းငုံ့လိုက်။ “

သူ့ဘေးကနေ အေးစက်စက် အသံ‌ တစ်သံ ထွက်ပေါ်လာသည်။ ရှောက်ချန်းကျယ် လှည့်ကြည့်လိုက်ရင်း သူ့ရဲ့ မှုန်မှိုင်းနေသော မျက်လုံးတွေထဲမှာ အလင်းရောင် မှိန်မှိန်လေး ယှက်သန်းသွား၏။

ချန်ကျင်းလန်က စိတ်မရှည် ဖြစ်လာသည်။ “ ခေါင်းငုံ့ပြီး လက်ညိုးနဲ့ လက်မကို သုံးပြီး နှာခေါင်းကို ညှစ်ထားလိုက်။ “

“ အင်း။ “ ရှောက်ချန်းကျယ်က သူမ ခိုင်းတဲ့အတိုင်း လိုက်လုပ်လိုက်သည်။

ချန်ကျင်းလန်သည် သူမရဲ့ အိတ်ထဲပ တစ်သျှူး တစ်ထုပ်ကို ယူပြီး သူ့ကို ပစ်ပေးလိုက်၏။ “ နှာခေါင်းသွေးလျှံတာ မရပ်ရင် ဆယ်မိနစ်အတွင်း ဆေးရုံသွားလိုက်။ “

သူမရဲ့ အသံထဲမှာ နွေးထွေးမှု တစ်စွန်းတစ်စလေးတောင် မပါဝင်သလို မလိုအပ်တဲ့ စကား အပိုတွေကိုလည်း မပြောခဲ့ပါ။

ရှောက်ချန်းကျယ်က ထိုတစ်သျှူးထုပ်ကို လှမ်းယူရင်း “ ငါ အဲ့လို လုပ်လိုက်ပါ့မယ်။ “ ဟု နူးညံ့စွာ ပြောလိုက်သည်။

ချန်ကျင်းချွမ်က ဆက်ပြီး ရပ်ကြည့်မနေနိုင်တော့ဘဲ ချန်ကျင်းလန်ကို ပြောလိုက်သည်။ “ နင် အရင် သွားနှင့်လိုက်။ ဒီမှာ ကျန်တဲ့ ကိစ္စတွေကို ငါပဲ ဆက်ဖြေရှင်းလိုက်မယ်။ “

“ အင်း။ “ ချန်ကျင်းချွမ် ရှိနေလျှင် သူမ ဘာမှ စိုးရိမ်စရာ မလိုတော့ပါ။ ချန်ကျင်းလန်က ကင်မရာကို သူ့လက်ထဲ ထည့်ပေးခဲ့ပြီး စားသောက်ဆိုင် ဝင်ပေါက်ဆီ လျှောက်သွားလိုက်သည်။

***

All Chapters