အခန်း ၂၄
Vol. 3 Ch. 24
အပိုင်း ( ၂၄ )
ချန်ကျင်းလန် စားသောက်ဆိုင်ထဲ ရောက်သွားတော့မှ ချန်ကျင်းချွမ်က အစ်ကို K ကို ချုပ်ထားရာမှ လွှတ်ပေးလိုက်၏။ အစ်ကို K ကတော့ သူ့ကို လွှတ်ပေးလိမ့်မည်ဟု ထင်မထားပေ။ သူ ထွက်ပြေးဖို့ ကြိုးစားလိုက်ချိန်မှာပဲ နှာခေါင်းကို လက်နှင့် ဖိကိုင်ထားသော ရှောက်ချန်းကျယ်က သူ့ရဲ့ အနောက်ကနေ လမ်းပိတ်ထားလိုက်သည်။ ပုံမှန်ဆို ကမ္ဘာမကျေ ရန်သူတော်ကြီးတွေ ဖြစ်နေကျ လူနှစ်ယောက်သည် ဒီလို အချိန်မျိုးကျတော့ ပြီးပြည့်စုံစွာပင် အတွဲညီနေခဲ့သည်။
အခုမှ အစ်ကို K သည် သူတို့ သူ့ကို လွှတ်ပေးလျှင်တောင် သူ လွတ်မြောက်နိုင်မှာ မဟုတ်ကြောင်း နားလည်သွားလေသည်။ အရပ် ခြောက်ပေကျော်တဲ့ လူနှစ်ယောက်က သူ့ကို အရှေ့ တစ်ယောက် ၊ အနောက် တစ်ယောက် ပိတ်ဆို့ထားလျက် သူ့ကို ‘ နံရံကို မှီကာ ကြောက်လန့်တကြား အသက်ရှူနေရသည့် ထောင်ချောက်ထဲက ကြက်ကလေး တစ်ကောင် ’ လို အဖြစ်ကို ရောက်သွားခဲ့သည်။
ချန်ကျင်းချွမ်က စီးကရက် တစ်လိပ်ကို မီးညှိပြီး ပါးစပ်ထဲမှာ ကိုက်ထားလိုက်၏။ “ ငါ အခု စကား ချိုချိုသာသာ ပြောဖို့ စိတ်ကောင်း ဝင်နေသေးတယ်။ မင်းကို ဘယ်သူ ဒီအလုပ် ပေးတာလဲ။ “
အစ်ကို K က သူ့မျက်နှာပေါ်က ချွေးတွေကို ပွတ်သုတ်ပစ်လိုက်သည်။ “ ကျွန်တော် တကယ် မသိတာပါ။ ခင်ဗျားတို့ သိတဲ့အတိုင်း ဒီနယ်ပယ်ထဲမှာ ကျွန်တော်တို့က ကြားလူကနေ တစ်ဆင့် အလုပ်တွေ ၊ ပိုက်ဆံတွေ ရကြတာလေ။ ဒီတစ်ခေါက် ကမ်းလှမ်းတဲ့ ပိုက်ဆံက များလို့ ခင်ဗျားရဲ့ ဒုတိယ ညီမရဲ့ သမီးလေးနောက်ကို လိုက်ပြီး ဓာတ်ပုံရိုက်ခဲ့တာပါ။ “
ထိုစကားကို ကြားတော့ ရှောက်ချန်းကျယ်ရော ၊ ချန်ကျင်းချွမ်ရော နှစ်ယောက်လုံးရဲ့ အမူအရာတွေက အေးစက်သွားသည်။
“ ကြားခံလူက ဘယ်သူလဲ။ “ ရှောက်ချန်းကျယ်က လေသံမာမာဖြင့် မေးလိုက်သည်။
ဒီအခြေအနေ ရောက်မှတော့ ဘာမှ ဖုံးကွယ်စရာမရှိတော့တာတို့ အစ်ကို K က အမှန်အတိုင်း ပြောပြလိုက်တော့သည်။ “ သူ့နာမည်က တာ့မုန့် ဆိုတာပဲ ကျွန်တော် သိတယ် ၊ သူ့နာမည် အရင်း မဟုတ်တာတော့ သေချာတယ်။ သူက ကျွန်တော့်ကို အလုပ်ခေါ်တဲ့ မက်ဆေ့ခ်ျတွေကနေ တစ်ဆင့် နံပါတ်တွေ အမျိုးမျိုး ပြောင်းပြီး ဆက်သွယ်နေကျပဲ။ “
အဲ့ဒီ နာမည်ကြောင့် ရှောက်ချန်းကျယ် နည်းနည်းလေး မျက်မှောင်ကြုတ်မိသွားသည်။
ချန်ကျင်းချွမ်ကလည်း အဲ့ဒါကို သတိထားမိသည်။ အစ်ကို K ဆီကနေ အသုံးဝင်တဲ့ ဘာသတင်းကိုမှ ဆက်နှိုက်လို့ မရတော့၍ သူ့ဒရိုင်ဘာကို လက်ဝှေ့ရမ်းပြပြီး ဒီလူ့ကို ရဲစခန်း ခေါ်သွားခိုင်းလိုက်သည်။
“ တာ့မုန့် ဆိုတဲ့ လူကို မင်း သိတယ်လား။ “ ဟု ချန်ကျင်းချွမ်က မေးလိုက်သည်။
“ ကျွန်တော် သူနဲ့ တစ်ခါ ဆက်သွယ်ဖူးတယ်။ “
ချန်ကျင်းချွမ်ရဲ့ မျက်ခုံးတွေက တစ်ခုနှင့် တစ်ခု ထိစပ်တော့မတတ် တွန့်ချိုးသွားကာ အံကြိတ်၍ မကျေမချမ်း ပြောလိုက်သည်။ “ မင်းတို့ရှောက်မိသားစုကပဲ တာ့မု့န်ကို ဒီဓာတ်ပုံတွေ ရိုက်ခိုင်းပြီး မင်းက အခု သူတော်ကောင်းလို လာဟန်ဆောင်နေတာလို့တော့ မပြောနဲ့နော်။ “
“ မဖြစ်နိုင်ဘူး။ “ ဟု ရှောက်ချန်းကျယ်က ခိုင်ခိုင်မာမာ ပြန်ပြောလိုက်သည်။
“ မင်း ဘယ်လိုလုပ် သိတာလဲ။ မင်းတို့မိသားစုက မကောင်းတဲ့ ကိစ္စတွေ မှန်သမျှ အကုန် လုပ်တတ်တယ်။ “
“ တာ့မုန့်က ရှောက်မိသားစုနဲ့ အဆင်မပြေဘူး။ အဲ့ဒါကြောင့် ရှောက်မိသားစုမှာ အကူအညီလိုရင်တောင် သူတို့က တာ့မုန့်ကိုတော့ သုံးမှာ မဟုတ်ဘူး။ “
ချန်ကျင်းချွမ်က သရော်တော်တော် လှောင်ရယ်လိုက်သည်။ “ မင်းတို့မိသားစုနဲ့ အဆင်မပြေတဲ့ လူတွေကလည်း ရိုက်သတ်လို့တောင် မကုန်ပါလားကွ။ “
“ ကျွန်တော် ဒီကိစ္စကို ဖြေရှင်းလိုက်ပါ့မယ်။ “
“ မင်း ဝင်ပါစရာ မလိုပါဘူး။ “
ရှောက်ချန်းကျယ်ရဲ့ အမူအရာက တည်ငြိမ်လေးနက်သွားသည်။ “ ဒီကိစ္စက လီချီလေးနဲ့ သက်ဆိုင်နေတာပါ ဥက္ကဌချန်။ ကျွန်တော်တို့ ဒီကိစ္စကို ငြင်းခုံမနေသင့်ဘူး။ ဒီကိစ္စနောက်ကွယ်က လူကိူ အမြန်ဆုံး ရှာတွေ့လေ ၊ ကောင်းလေပဲ။ “
ချန်ကျွင်းချွမ်က အေးစက်စွာ ဟမ့်ခနဲ အသံပြုလိုက်သည်။ တစ်နည်းအားဖြင့် သဘောတူတယ်လို့ ယူဆလို့ ရတဲ့ အသံမျိုးပါပဲ။ “ မင်း မနက်ဖြန် မနက်ထိ ဘာသတင်းမှ ရှာမတွေ့ဘူး ဆိုရင် ဒီကိစ္စထဲ ထပ်ဝင်မပါနဲ့တော့။ “ ထိုစကားကို ပြောပြီးနောက် သူ လှည့်ထွက်လာခဲ့လိုက်သည်။
ရှောက်ချန်းကျယ်က သွေးစွန်းတစ်သျှူးတွေကို အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်၏။ ထို့နောက် သူ့မျက်လုံးထဲမှာ ကျောချမ်းစရာ ရက်စက်တဲ့ အငွေ့အသက်တွေ ယှက်သန်းလာကာ ဖုန်းနံပါတ် တစ်ခုကို ဆက်သွယ်လိုက်သည်။
ချန်လီချီက ညစာ စားပြီးချိန်မှာ ကိတ်မုန့် ခပ်ကြီးကြီး တစ်စိပ်ကိုပါ စားထားသောကြောင့် ဗိုက်လေးက နည်းနည်းလေး ပူထွက်နေခဲ့သည်။ ည ကိုးနာရီကျော်သွားပြီ ဆိုပေမဲ့ သူမ မအိပ်ချင်သေးပါ။ သူမအမေ ရေချိုးနေတုန်းမှာ သူမလေးကတော့ ဧည်ခန်းထဲက စောင်လေးပေါ်မှာ ထိုင်၍ ဂျစ်ဆော ပဟေဋိလေးတွေကို ဆက်နေခဲ့သည်။ ထို့နောက် ရုတ်တရက်ပဲ သူမအမေရဲ့ ဖုန်းက တုန်ခါလာသည်။ ချန်လီချီက ထိုဖုန်းကို ယူပြီး သူမအမေဆီ သွားပေးဖို့ လုပ်နေစဉ်မှာပဲ ဖန်သားပြင်ပေါ်က ဖုန်းနံပါတ်လေးကို မြင်သွား၍ မျက်လုံးလေးတွေ ပြုံးရီသွားကာ ဖုန်းကိုင်လိုက်၏။
“ ဖေဖေက မေမေ့ကို ဖုန်းဆက်တာ ဆိုပေမဲ့ ဖုန်းကိုင်တာကတော့ သမီး ဖြစ်နေတယ်။ ဖုန်းနံပါတ်ကို မြင်တာနဲ့ ဖေဖေမှန်း သမီး တန်းသိလိုက်တာရယ်။ “
ယနေ့အထိ ရှောက်ချန်းကျယ်က ချန်လီချီအတွက် စိတ်လှုပ်ရှားစရာကောင်းသည့် သူငယ်ချင်းအသစ် တစ်ယောက်နှင့် ပိုတူသည်။ သူမလေးက သူ့အကြောင်းကို အရမ်း သိချင်ပြီး သူ့ကို မြန်မြန်ဆန်ဆန်ပဲ အဖေအဖြစ် လက်ခံခဲ့ပေမဲ့ သူမရဲ့ နှလုံးသားထဲမှာ သူ့ကို ကြီးကြီးမားမားတော့ နေရာပေးမထားပါ။ မတွေ့ရရင်လည်း လွမ်းဖျားလွမ်းနာကျနေမှာ မဟုတ်ဘဲ တွေ့ရရင်တော့ ပျော်သွားလောက်ရုံသာ ရှိသည်။
သူမရဲ့ အသံကြည်ကြည်လေးကို ကြားလျှင် ရှောက်ချန်းကျယ်ရဲ့ အေးစက်နေတဲ့ မျက်နှာက နူးညံ့သွား၏။ “ သမီး ဘာလုပ်နေတာလဲ လီချီလေး။ အခုထိ မအိပ်သေးဘူးလား။ “
ချန်လီချီက သူမရဲ့ ဗိုက်လေးကို ပုတ်လိုက်သည်။ “ သမီး ညစာ အများကြီး စားလိုက်မိတော့ ဗိုက်တင်းနေတာနဲ့ အိပ်လို့ မပျော်ဘူး။ အဲ့ဒါနဲ့ ဂျစ်ဆော ပဟေဋိဆက်တမ်း ဆော့နေတာရယ်။ “
“ ဘယ်ပုံကို သမီး ဆက်နေတာလဲ။ “
“ ရဲတိုက်ကြီး အကြီးကြီး တစ်ခုနဲ့ မြင်ခင်းပြင် အကျယ်ကြီးရဲ့ ပုံ။ ဖေဖေရေု ကြည့်ချင်လားဟင်။ သမီး ဖေဖေ့ကို ဗီဒီယိုကောလ် ခေါ်လိုက်မယ်လေ။ “
ချန်လီချီက သူမရဲ့ ဂန္တဝင် လက်ရာလေးကို ဖခင်ဖြစ်သူအား ပြချင်နေသည်။
“ ဖေဖေလည်း ကြည့်ချင်ပါတယ်ကွယ်။ ဖေဖေ အခု အရင် ဖုန်းချလိုက်မယ်နော် ၊ ပြီးရင် သမီးကို ဗီဒီယိုကောလ် ခေါ်လိုက်မယ်နော်။ “
“ ဟုတ် ဟုတ်။ “ ချန်လီချီက ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်သည်။
ဗီဒီယိုကောလ် နှစ်ခု ချိတ်ဆက်သွားသည်နှင့် ချန်လီချီက ဖန်သားပြင်ကို စိတ်လှုပ်ရှားစွာ လကိဝှေ့ရမ်းပြလိုက်သည်။ ထို့နောက် သူမအဖေရဲ့ နီရဲနေသော နှာခေါင်းကို မြင်သွား၏။ သူမ ဖန်သားပြင်အနားကို တိုးကပ်သွားပြီး သေချာ ကြည့်လိုက်သည်။ “ ဖေဖေ့ရဲ့ နှာခေါင်းမှာ ဘာဖြစ်ထားတာလဲဟင်။ “
ရှောက်ချန်းကျယ်ရဲ့ မျက်လုံး တစ်ဝိုက်မှာ ရောင်ကိုင်းနေတာက ရေခဲကပ်လိုက်ပြီမို့ သိပ်မသိသာတော့ပေမဲ့ သူ့နှာခေါင်းမှာ ထိထားတဲ့ ဒဏ်ကတော့ အတော်လေး ပြင်း၍ တစ်ရက် ၊ နှစ်ရက်လောက် ညိုမည်းရောင်ကိုင်းနေလိမ့်ဦးမည်။ သူ ချန်လီချီလေးကို “ ဖေဖေ မတော်တဆ တိုက်မိတာပါ။ “ ဟူ၍သာ ပြောလိုက်၏။
ချန်လီချီက အလွန် စိုးရိမ်သွားသည်။ “ နာလားဟင် ဖေဖေ။ သမီး ဖေဖေ့ကို လေမှုတ်ပေးမယ်လေ ၊ အဲ့ဒဏ်ရာပေါ်ကို လေမှုတ်ပေးလိုက်ရင် နာတော့မှာ မဟုတ်ဘူး။ “
ထို့နောက် သူမက ဖုန်းမျက်နှာပြင်ဆီသို့ နူးညံ့စွာ လေမှုတ်ပေးလိုက်သည်။ “ နာသေးလားဟင် ဖေဖေ။ “
သူမလေးရဲ့ အမူအရာလေးတွေကြောင့် ရှောက်ချန်းကျယ်ရဲ့ နှလုံးသား အရည်ပျော်ကျသွားလေသည်။
“ လီချီလေး လေမှုတ်ပေးလိုက်လို့ ဖေဖေ အများကြီး သက်သာသွားပါပြီကွယ်။ အခု လုံးဝ မနာတော့ဘူး။ “
ချန်လီချီက ထူးဆန်းတယ်လို့ ခံစားရသည်။ “ ဖေဖေ ဘယ်လိုလုပ် နှာခေါင်းကို မတော်တဆ တိုက်မိသွားတာလဲဟင်။ “ သူမလည်း အရင်တုန်းက လက်တို့ ၊ ခေါင်းတို့နှင့် မတော်တဆ တိုက်မိဖူးပေမဲ့ နှာခေါင်းနှင့်တော့ တစ်ခါမှ မတိုက်မိဖူးပါ။
ရှောက်ချန်းကျယ်က အိုးတိုးအမ်းတမ်း ချောင်းဟန့်ကာ ချက်ချင်း စကားလမ်းကြောင်းပြောင်းလိုက်သည်။ “ မေမေရော ဘယ်မှာလဲ။ မေမေ ဘာလုပ်နေတာလဲ သမီးလေး။ ဖေဖေ့မှာ မေမေနဲ့ တိုင်ပင်စရာလေး ရှိလို့။ “
“ မေမေ ရေချိုးနေတယ်။ “
ချန်လီချီက ရုတ်တရက်ပဲ တစ်စုံတစ်ခုကို တွေးမိသွားသည်။ သူမ ရှောက်ချန်းကျယ်ကို အလွန် တိုးဖွသော အသံလေးဖြင့် ခေါ်လိုက်၏။ “ ဖေဖေ။ “
“ ပြောလေ သမီး။ ဖေဖေ ဒီမှာ ရှိတယ်။ “
ချန်လီချီရဲ့ လေသံလေးက သိပ်ကို တိုးလွန်း၍ ရှောက်ချန်းကျယ်သည် သူမ သူ့ကို လျှို့ဝှက်ချက် တစ်ခုခု ပြောပြနေတာလို့ ထင်သွားမိသည်။
ချန်လီချီက ဖန်သားပြင်ပေါ်က သူ့ရဲ့ နီရဲနေသော နှာခေါင်းလေးကို လက်ဖျားလေးဖြင့် တို့ထိလိုက်သည်။ “ ဖေဖေ မသမာတဲ့ နည်းလမ်းကို သုံးနေတာလားဟင်။ နှာခေါင်းကို တစ်ခုခုနဲ့ တိုက်မိအောင် တမင်သက်သက် လုပ်ပြီး မေမေ့ကို ဖေဖေ့အတွက် စိတ်မကောင်းဖြစ်စေချင်နေတာလား။ “
စိတ်ဆိုးနေတဲ့ အဘွားကို အဘိုး ချော့တုန်းက အဘိုးဟာ ပန်းသီး တစ်လုံးကို အခွံနွှာရင်း သူ့လက်ကို တမင် ဓားရှသွားအောင် လုပ်ခဲ့သည် ၊ ထို့နောက် အဘွားရှေ့ကို ရည်ရွယ်ချက်ရှိရှိ လှည့်သွားလိုက်၏။ အဘိုးလက်က ဓားရှာရာကို အဘွား မြင်တော့ ချက်ချင်းပဲ အလွန် စိတ်မကောင်းဖြစ်သွားခဲ့သည်။
ဦးလေး ပြောတာတော့ အဘိုးက မသမာတဲ့ နည်းလမ်းကို သုံးလိုက်တာ တဲ့။
အဲ့တော့ ဖေဖေလည်း အဘိုးလို မသမာတဲ့ နည်းလမ်းကို သုံးနေတာလား။ မဟုတ်ရင် လူကြီး တစ်ယောက်က ဘယ်လိုလုပ် အဲ့လိုမျိုး နှာခေါင်းကို မတော်တဆ တိုက်မိမှာလဲ။
ရှောက်ချန်းကျယ်သည် သူ့သမီးရဲ့ ဟန်ဆောင်မှုကင်းမဲ့ကာ ရိုးဖြောင့်ပွင့်လင်းသော မျက်လုံးများကို ကြည့်ပြီး စကား တစ်လုံးတောင် ပြန်မပြောနိုင်တော့ပေ။
ချန်လီချီက သူမအဖေ တိတ်သွားတာကို ကြည့်ကာ သူမရဲ့ ခန့်မှန်းချက်က မှန်ကန်ကြောင်း သိသွားသည်။ ခပ်တိုးတိုး အသံလေးဖြင့် သူမ ပြောလိုက်၏။ “ သမီး ဖေဖေ့ရဲ့ လျှို့ဝှက်ချက်ကို ဘယ်သူမှ မသိအောင် ထိန်းသိမ်းထားပေးပါ့မယ်။ သမီးက လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းတဲ့ နေရာမှာ တော်တယ်။ ဦးလေးထိုက်နဲ့ အဘိုးရဲ့ လျှို့ဝှက်ချက်တွေကိုလည်း သမီးပဲ ထိန်းသိမ်းပေးထားတာ။ သမီးမှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိတယ်။ ”
ရှောက်ချန်းကျယ်က နူးညံ့စွာ ပြန်ပြောလိုက်သည်။ “ ဖေဖေ့လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးမယ် ဆိုလို့ ကျေးဇူးပါ လီချီလေးရယ်။ ”
ချန်လီချီက “ ရပါတယ် ဖေဖေရဲ့။ ” ဟု ပြန်ပြောလိုက်သည်။ သူမ ခဏလောက် စဉ်းစားပြီးမှ သူ့ကို သတိပေးသင့်တယ်လို့ ဆုံးဖြတ်လိုက်သည်။ “ မေမေက သမီးထက် အများကြီး ပိုဉာဏ်ကောင်းတယ် ဖေဖေ။ သမီးတောင် ခန့်မှန်းနိုင်တယ် ဆိုရင် မေမေလည်း ခန့်မှန်းနိုင်မှာပဲ မဟုတ်လား။ ”
ရှောက်ချန်းကျယ်သည် စက္ကန့်ပိုင်းလောက် နှုတ်ဆိတ်သွားပြီးနောက် အိုးတိုးအမ်းတမ်း အမူအရာဖြင့် နောက်တစ်ခေါက် စကားလမ်းကြောင်းထပ်ပြောင်းလိုက်၏။ “ သမီး ပုံပြင်နားထောင်ချင်လား လီချီလေး။ ဖေဖေ သမီးကို ပုံပြောပြမယ်လေ။ ”
“ ဟုတ် ၊ နားထောင်ချင်တယ်။ ” ချန်လီချီက သူမရဲ့ အဖေဟာ သူမကို ပုံပြင်ပြောပြမည်ဟု သဘောတူထားတာကို ပြန်သတိရသွားသည်။
“ ခဏနော် ဖေဖေ။ သမီး အခန်းထဲ ပြန်သွားလိုက်ဦးမယ် ၊ ပုံပြင်နားထောင်ရင်း ဝက်ဝံရုပ်လေးကို ဖက်ထားချင်လို့ရယ်။ ”
ကင်မရာ လှုပ်ခါနေ၍ ရှောက်ချန်းကျယ်က သူမကို “ ဖြည်းဖြည်း သွားလေ။ မပြေးနဲ့။ ” ဟု ပြောလိုက်ရသည်။
“ သမီး သိပါတယ် ဖေဖေရဲ့။ ” ချန်လီချီက ပါးစပ်ကနေသော သိကြောင်း ပြောနေပေမဲ့ သူမရဲ့ ခြေထောက်လေးတွေကတော့ စင်္ကြံလမ်း တစ်လျှောက် ဟိုးအဆုံးထိ တောက်ဆတ် တောက်ဆတ် ပြေးနေဆဲပင်။ သူမ အခန်းတံခါးကို တွန်းဖွင့်ကာ သူမရဲ့ ပန်းရောင် မင်းသမီး ခုတင်လေးပေါ် တွယ်တက်ပြီးနောက် ခဏ နားနေလိုက်၏။ ထို့နောက် သူမ ဖုန်းကို ထောင်ပြီး ဖခင်ဖြစ်သူကို ပြလိုက်သည်။ “ ဒီမှာ ကြည့်လိုက် ဖေဖေ။ ဖေဖေ ဝယ်ပေးထားတဲ့ မွှေးပွရုပ်လေးနဲ့ မေမေ ဝယ်ပေးထားတဲ့ မွှေးပွရုပ်လေးက အတူတူ အိပ်နေကြတယ် ၊ ညဆိုရင် သမီးက အဲ့အရုပ်လေး နှစ်ရုပ်နဲ့ အလယ်မှာ အိပ်တာ။ ကျားကြီးတွေကိုလည်း ကြောက်စရာ မလိုတော့ဘူး။ ”
ပန်းရောင်နှင့် အညိုရောင် ဝက်ဝံရုပ်လေး နှစ်ရုပ် ခေါင်းအုံးဘေးက ခေါင်းအုံးဘေးမှာ လက်ချင်း ချိတ်လျက် တစ်ယောက်ကို တစ်ယောက် မှီထားသည်။
ရှောက်ချန်းကျယ်ရဲ့ အသံက ကွဲအက်ခြောက်သွေ့လာပြီး ‘ လီချီလေး … ’ ဟု နူးညံ့စွာ ခေါ်လိုက်၏။
သူမ သူ့ကို လွမ်းနေလား ဆိုတာ မေးချင်သည်။ သူကတော့ သူမလေးကို သိပ်လွမ်းနေရပါသည်။ သူ့မှာ ချန်ကျင်းလန်နှင့် ရတဲ့ သမီးကလေး တစ်ယောက် ရှိနေတယ် ဆိုတာကို တွေးကြည့်ရုံဖြင့် ညဆို အိပ်မပျော်နိုင်ပေ။
သို့သော်လည်း သူ ပြောချင်တဲ့ နောက်ဆက်တွဲ စကားတွေကို မပြောဘဲ တခြား စကားကိုပဲ ပြောင်းပြောလိုက်၏။ “ လီချီလေးရဲ့ အခန်းက လှလိုက်တာ။ ”
ချန်လီချီက ဝံ့ဝံ့ကြွားကြွား ပုံစံလေးဖြင့် ခေါင်းမော့ ရင်ကော့လိုက်သည်။ “ ဖေဖေရော ဘယ်လို ထင်လဲဟင်။ မေမေက သိပ်တော်တာ။ သမီးက မေမေ့ကို ကိုယ် လိုချင်တဲ့ အခန်းပုံစံကို ပြောပြရုံနဲ့ မေမေက အဲ့အတိုင်း တစ်ထပ်တည်း ရအောင် လုပ်ပေးခဲ့တာ။ မေမေက ကမ္ဘာပေါ်မှာ အတော်ဆုံး အမေပဲ။ ”
“ အင်း။ ” ရှောက်ချန်းကျယ်ရဲ့ အကြည့်က နူးညံ့သွားသည်။ “ သူမက ဒီကမ္ဘာပေါ်မှာ အတော်ဆုံး အမေပဲ။ ”
ချန်လီချီက ဖုန်းကို လက် နှစ်ဖက်ဖြင့် ကိုင်၍ ပြုံးရွှင်နေကာ အဖေဖြစ်သူနှင့် ဖန်သားပြင်ပေါ်ကနေတစ်ဆင့် မျက်လုံးချင်း စကားပြောနေခဲ့သည်။ သူမအမေကို တော်တယ်လို့ ပြောကြတာကို သဘောကျသည်။
သူမ ခေါင်းအုံးကို မှီ၍ ဖုန်းကို ဝက်ဝံရုပ်လေး နှစ်ရုပ်ရဲ့ ကြားထဲမှာ ထားလိုက်၏။ “ ဒီနေ့ ပုံပြင်မပြောဘဲ နေရအောင်နော် ဖေဖေ။ ပုံပြင်အစား သမီးကို သီချင်းဆိုပြပါလားဟင်။ ”
ဖေဖေက ပုံပြောမကောင်းပေမဲ့ အသံကတော့ ကောင်းတာမို့ သီချင်းဆိုလည်း ကောင်းလောက်သည်။
“ သမီး နားထောင်ချင်တဲ့ သီချင်းတွေ ဘာတွေ ရှိလား။ ”
ချန်လီချီက မျက်နှာကျက်က ကြယ်လေးတွေကို မော့ကြည့်ရင်း ခဏလောက် စဉ်းစားလိုက်သည်။ “ သမီး Elsa ရဲ့ Let it go သီချင်း နားထောင်ချင်တယ်။ ”
ရှောက်ချန်းကျယ် နောက်တစ်ခေါက် နှုတ်ဆိတ်သွားရပြန်လေသည်။ ချန်ကျင်းလန် အကြံပေးသဖြင့် သူ ထိုကာတွန်းကားကို ကြည့်ထားတာမို့ ချန်လီချီ ပြောတဲ့ သီချင်းကိုလည်း သိပါသည်။ ဒါပေမဲ့ ထို High Note တွေကို သူ မဆိုနိုင်မှာ သေချာသလောက် ရှိသည်။
“ ဖေဖေ တခြား သီချင်း တစ်ပုဒ်ကို အရင်ဆုံး ဆိုပြရင်ရော ဘယ်လိုလဲ။ သမီး သဘောကျလား ၊ မကျဘူးလား ပြန်ပြောပေါ့။ ”
“ ဟုတ် ဟုတ်။ ” ချန်လီချီ့မှာ ဟိုသီချင်းမှ နားထောင်ချင်တယ် ၊ ဒီသီချင်းမှ နားထောင်ချင်တယ် ဆိုတဲ့ အစွဲ မရှိပါ။ ဖေဖေ ဆိုပြတဲ့ ဘယ်သီချင်းကိုမဆို သူမ နားထောင်မည်။
ပြတင်းပေါက် အပြင်ဘက်မှာ ညက တိတ်ဆိတ်နေသော်လည်း အခန်းထဲမှာတော့ အဝါရောင် မီးအလင်းရောင်တို့ နွေးထွေးဖွယ် လင်းလက်နေသည်။ တိုးသဲ့သဲ့ သီချင်းညည်းသံ ဖြည်းဖြည်းချင်း ထွက်ပေါ်လာ၏။ ဘယ်ဘာသာစကားမှန်း ဝေခွဲမရတဲ့ ကလေးချော့တေး တစ်ပုဒ် ဖြစ်သည်။ သံစဉ်က ရိုးရိုးရှင်းရှင်းပဲ ဖြစ်သော်လည်း သံလိုက်ဓာတ် အပြည့်ပါသော အသံနှင့် ပေါင်းစပ်လိုက်တော့ အံ့ဩစရာပင် နားထောင်ကောင်းသည်။ ကမ်းစပ်ကို ဖွဖွရွရွ လာရိုက်နေတဲ့ မနက်ခင်း လှိုင်းလုံးတွေ ၊ ညနေခင်း လှိုင်းလုံးတွေလို … ဒါမှမဟုတ် မျက်စိတစ်ဆုံး စိမ်းစိုနေတဲ့ စပါးခင်းထဲကနေ တိုးဝှေ့ဖြတ်တိုက်လာတဲ့ နွေဦးလေပြည်လေးလိုပဲ စိတ်နှလုံး ငြိမ်းအေးစေသည်။
ချန်လီချီရဲ့ မျက်ခွံလေးတွေ တဖြည်းဖြည်း လေးလံလာ၏။ သူမ တစ်ဖက်ကို လှည့်ပြီး ရင်ခွင်ထဲမှာ ဝက်ဝံရုပ်လေး နှစ်ရုပ်လုံးကို ပွေ့ဖက်ထားလိုက်ကာ သူမအဖေရဲ့ သီချင်းသံအောက်တွင် နက်ရှိုင်းသော အိပ်မက်ကမ္ဘာထဲကို တိုးဝင်သွားခဲ့လေသည်။
ချန်ကျင်းလန်က တံခါးကို တွန်းဖွင့်လိုက်ချိန်မှာ အခန်းထဲမှာ တိုးသဲ့သဲ့ ပျံ့လွင့်နေသည့် ကလေးချော့တေးကို ကြားလိုက်ရ၏။ တံခါးလက်ကိုင်ကို ကိုင်ထားတဲ့ သူမရဲ့ လက်က ရပ်တန့်သွားကာ ရှေ့ဆက်မတိုးနိုင်ဘဲ တံခါးဝမှာ ခြေလှမ်းရပ်သွားလေသည်။
ကလေးချော့တေးက အဆုံးသတ်သွားတော့ ရှောက်ချန်းကျယ်က နောက်တစ်ကျော့ ပြန်ဆိုနေသည်။
“ ဆက်မဆိုနဲ့တော့။ ” ဟု သူမ အေးစက်စွာ ပြောပြီး သူ့သီချင်းသံကို ရပ်ခိုင်းလိုက်၏။ တံခါးလက်ကိုင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပေမဲ့ အဲ့ဒါက သူမလက်ကို မနာကျင်စေဘဲ စိတ်တည်ငြိမ်စေရုံလောက်သာ ရှိသည်။ “ သူမ အိပ်ပျော်သွားပြီ။ ”
သီချင်းသံ ချက်ချင်း ရပ်တန့်ကာ အခန်းထဲမှာ တိတ်ဆိတ်သွားသည်။ ချန်လီချီက ပျော်စရာ အိပ်မက်လေး မက်နေပုံဖြင့် အိပ်နေရင်း ခိုးခိုးခစ်ခစ် ရယ်မောနေ၏။
ဖုန်းမျက်နှာပြင်က အိပ်ရာပေါ်ကို မှောက်လျက်သား ကျနေတာမို့ ပိန်းပိတ်သော အမှောင်ထုကိုသာ ရှောက်ချန်းကျယ်ဘက်က မြင်ရသည်။ သူ ဘာကိုမှ မမြင်ရပါ။
ဒီကလေးချော့တေးကို သူ ဆိုပြတာ ဒါနဲ့ဆို ဒုတိယအကြိမ်ပါ။
ပထမဆုံးအကြိမ်က မုန်တိုင်းတိုက်နေတဲ့ ည တစ်ညမှာ ဖြစ်သည်။ ရာသီဥတုကြောင့် သူတို့ နှစ်ယောက် ကျွန်းပေါ်မှာ သောင်တင်နေခဲ့သည်။ သူမက မိုးခြိမ်းသံတွေကြောင့် ညသန်းခေါင်ကြီး လန့်နိုးလာပြီးနောက်တွင် ပြန်အိပ်မရတော့ပေ။
သူက သူမကို ရင်ခွင်ထဲမှာ ထွေးပွေ့ကာ ကျောပြင်လေးကို ခပ်ဖွဖွ ပုတ်ပေးရင်း ကလေးချော့တေး တစ်ပုဒ်ကို ခပ်တိုးတိုး ဆိုပြနေခဲ့သည်။ သူမရဲ့ နားရွက်လေးတွေက သူ့ရင်ဘတ်ကို ဖိနေကာ သူမရဲ့ လက်လေးတွေကတော့ သူ့ခါးကို ဖက်ထားလျက် ပျင်းရိနေတဲ့ ကြောင်လေး တစ်ကောင်လိုပင် သူ့ရင်ခွင်ထဲကို တိုးဝှေ့နေခဲ့လေသည်။ သူ့ကို ရှားရှားပါးပါး အပြည့်အဝ မှီခိုအားကိုးတာပါပဲ။ သူမက သူ့ရင်ခုန်သံကို နားထောင်ရင်း ပြန်အိပ်ပျော်သွားခဲ့သည်။ ဖြစ်နေကျ မဟုတ်တဲ့ ရှားပါး ဖြစ်ရပ်လေးဟာ အဲ့ဒီလို ဖြစ်ပျက်ခဲ့သည်။
မိုးသည်း နေ့ရက်တွေက သူတို့ နှစ်ယောက်ကို လူတွေနှင့် တသီးတသန့် ခွဲထွက်နေစေခဲ့သည်။ ဖုန်းလိုင်းတွေတောငမ မမိ။ နောက်ပိုင်း သူတို့ အသက်ကြီးလာချိန်မှာ လူသိပ်မသိတဲ့ ကျွန်း တစ်ကျွန်းကို ရှာပြီး အဲ့ဒီမှာ နေဖို့တောင် တွေးခဲ့ဖူးသည်။ ရာသီဥတု ဆိုးဝါးနေလျှင်တောင် သူမက သူ့ရင်ခွင်ထဲမှာ နွေးထွေးစွာ ကွေးနေနိုင်ပြီး သူကတော့ သူမကို ကလေးချော့တေးလေးတွေ ဆိုပြနိုင်သည်။
***