← Chapters

အခန်း ၂၅

Vol. 3 Ch. 25

အခန်း ၂၅

Vol. 3 Ch. 25

အပိုင်း ( ၂၅ )

သို့သော်လည်း မုန်တိုင်းရပ်သွားချိန်မှာတော့ ချန်ကျင်းလန်က ရှစ်ရမ် ပြန်လာပြီဟု ပြောခဲ့၍ သူတို့တွေ ညတွင်းချင်းပဲ အပြေးအလွှား ပြန်လာခဲ့ကြသည်။ ကိစ္စတွေက ရုတ်တရက်ဆန်လွန်းတယ်လို့ ပြောလို့ ရသလို ရုတ်တရက် မဆန်ဘူးလို့လည်း ပြောလို့ ရပါသည်။ အဲ့ဒီ နောက်ပိုင်းမှာ သူမကလည်း သူ့ကို ရှောက်မျိုးရိုးမှန်း သိသွား၏။ သူ တမင် ဖုံးကွယ်ထားဖို့ ရည်ရွယ်ချက် မရှိပေမဲ့ သူမက ဘယ်တော့မှ မမေးခဲ့တာမို့ မျှော်လင့်ချက် ကောက်ရိုးမျှင်လေးကို ဆုပ်ကိုင်ထားခဲ့တာပင်။

ထိုအကြောင်း သူမ သိသွားတော့ လမ်းခွဲရအောင်ဟု အလွန် တည်ငြိမ်စွာ ပြောခဲ့လေသည်။ သူကလည်း သဘောတူကာ လမ်းခွဲပေးခဲ့သည်။ သူ လမ်းခွဲပေးခဲ့တဲ့ အကြောင်းပြချက်က သူဟာ ရှောက်မျိုးနွယ် ဖြစ်နေလို့လား ၊ ဒါမှမဟုတ် ဒီကိစ္စကြီးက လုံးဝ အဓိပ္ပာယ်မရှိလို့လား။ သူမရဲ့ စိတ်နေစိတ်ထားနှင့် ဆိုလျှင် တကယ်လို့ သူမ တစ်စုံတစ်ယောက်ကို အမှန်တကယ် ချစ်ပါက မိသားစုရဲ့ ရန်ငြိုးဟောင်းတွေက သူတို့ကို နှောင့်ယှက်လျှင်တောင်မှ တစ်ခါလေးတောင် မကြိုးစားဘဲ သူတို့ရဲ့ ဆက်ဆံရေးကို ပြတ်ပြတ်သားသား ဖြတ်တောက်စေမှာ မဟုတ်ပါ။

တောက်ပသော မျက်လုံးများဖြင့် ချိုမြိန်စွာ ပြုံးလျက် ရှစ်ရမ်ကို ဖွင့်ပြောဖို့ လေ့ကျင့်နေတဲ့ သူမကို သူ မြင်ခဲ့ရသည်။ အဲ့ဒီကျ‌တော့မှ ဒီလို အေးစက်ပြီး သူ့ကို အဖတ်မလုပ်တဲ့ မိန်းကလေး တစ်ယောက်ဟာ သူမ တစ်ဖက်သတ် သဘောကျရသူကို ဖွင့်ပြောဖို့ တွေးနေချိန်မှာတော့ အလွန် ချိုမြိန်စွာ ပြုံးနေနိုင်ကြောင်း နားလည်သွားခဲ့လေသည်။

သူနဲ့ တွဲချင်တယ်လို့ ပြောခဲ့တာလည်း သူမကိုယ်တိုင်ပါပဲ။ သူမ ထိာစကားကို ပြောခဲ့တုန်းက သူကလည်း ကုမ္ပဏီမှာ တိုက်တိုက်ဆိုင်ဆိုင် ရောက်နေပြီး သူမရဲ့ မျက်စိထဲ ထင်းခနဲ ဝင်သွားတာမို့ သူမက အပျင်းပြေ အပျော်တွဲတာလို့ အတွေးဝင်သွားသည်။

သူမက စိတ်ရှုပ်ရတာကို မကြိုက်ဘူးလို့ အစကတည်းက ပွင့်ပွင့်လင်းလင်း ပြောပြီးသားပါ။ တစ်နေ့ကျ သူမဘက်က လမ်းခွဲရအောင်လို့ စပြောလာလျှင် အဲ့ဒါက တကယ့် အဆုံးသတ်ပဲ ဖြစ်လိမ့်မည်။

တွဲတောင် မတွဲရသေးခင်ကတည်းက လမ်းခွဲဖို့ ကြိုတွေးနေတဲ့ ဆက်ဆံရေးဟာ ယာယီ ပတ်သက်မှု တစ်ခုသာ ဖြစ်ဖို့ ကံကြမ္မာက ကြိုတင်သတ်မှတ်ခံထားရတာ ဖြစ်သည်။

သူမက လမ်းခွဲရအောင်လို့ ပြောတော့ သူကလည်း သဘောတူလိုက်သည်။ သူမအတွက် သူဟာ စိတ်ရှုပ်စရာ ဖြစ်ရင် ဖြစ်နေနိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် သိပေမဲ့ သူမကိုယ်တိုင်က သူ့ကို စိတ်ရှုပ်စရာလို့ မြင်နေရင်တော့ သူ့ဘက်က ကပ်တွယ်နေမှာ မဟုတ်ပါ။

သူ့ညီမ ကွယ်လွန်သွားပြီးနောက်ပိုင်းမှာတော့ ရှောက်မိသားစုရဲ့ အရှုပ်ထုပ်တွေကို သူ ဂရုမစိုက်တော့ဘဲ နိုင်ငံခြားကို ချက်ချင်း ထွက်သွားခဲ့သည်။ ထွက်မသွားခင် ညမှာ လီဖေးဖန်နှင့် တခြား လူတွေက သူ့ကို အရက်ဝိုင်းနှင့် နှုတ်ဆက်နေချင်သောကြောင့် အဲ့ဒီညမှာ လူတိုင်း တိုက်တဲ့ အရက်တွေကို သူ သောက်ခဲ့ရသည်။ သူကိုယ်တိုင်ကလည်း ခါတိုင်းလို မဟုတ်ဘဲ အာရုံကြောတွေ ထုံထိုင်းသွားတဲ့အထိ အရက်မူးချင်နေတာပါ။ ပုံမှန်အားဖြင့် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းရှိပြီး တည်ငြိမ်တာကို သဘောကျပေမဲ့ ထိုညကတော့ ခြွင်းချက် ဖြစ်သည်။

အိပ်မက်ထဲက အဖြစ်အပျက်တွေဟာ တကယ့်အစစ်လိုပဲ ခံစားရ၏။ နောက်တစ်နေ့မနက် ရောက်တော့ ဖြူဖွေးသန့်ရှင်းနေသော အိပ်ရာထဲမှာ သူ နိုးလာသည်။ ရမ်းကားတဲ့ အိပ်မက်ကနေ လန့်နိုးလာလို့ ဒေါသထွက်တာလား ၊ ဒါမှမဟုတ် အဲ့လို အိပ်မက်မျိုး မက်မိတဲ့ သူ့ကိုယ်သူ ဒေါသထွက်တာလား ဆိုတာ မပြောတတ်ဘဲ ခဏလောက် ဒေါသထွက်နေမိသည်။ သူ့ရဲ့ ဦးစားပေး ခေါ်ဆိုမှုစာရင်းထဲက သူမနာမည်လေးနားမှာ သူ့လက်က တဝဲဝဲလည်ကာ ဖုန်းဆက်ဖို့ တွန့်ဆုတ်နေမိသည်။

အဲ့ဒီနောက်ပိုင်းမှာ လီဖေးဖန်ရဲ့အဖေ အကြီးအကျယ် နေမကောင်းဖြစ်နေချိန်မှာ သူက ဆေးရုံမှာ လူနာသတင်းသွားမေးခဲ့သည်။ ဆေးရုံကို ရောက်တော့ စင်္ကြံမှာ လျှောက်နေရင်း ရှစ်ရမ်နှင့်အတူ လူနာအခန်း တစ်ခန်းထဲ ဝင်သွားတဲ့ သူမကို မြင်လိုက်ရ၏။ သူ့ကိုယ်သူတောင် မသိလိုက်ခင်မှာပဲ သူတို့နောက်ကို ခိုးလိုက်သွားတော့ ရှစ်ရမ်ရဲ့ အမေကို လက်ထပ်စာချုပ် တစ်စောင် ထုတ်ပြနေတဲ့ သူမကို မြင်လိုက်ရလေသည်။ ထိုအခိုက်အတန့်မှာ သူသည် ကိုယ့်ကိုယ်ကိုယ် အရေးမပါလိုက်တဲ့ ကောင်လို့ ခံစားလိုက်ရကာ သူမနှင့် ပတ်သက်တဲ့ သတင်း အစအနလေးကိုတောင် မကြားချင်တော့ပေ။

ပြီးခဲ့တဲ့ နှစ်တွေ တစ်လျှောက်လုံးမှာ သူ သူမနှင့် အဆက်အသွယ်ဖြတ်ထားခဲ့သည်။ ဒါပေမဲ့ အခုတော့ ထိုမနက်မှာ သူ ဖုန်းမဆက်ခဲ့ရတာကို နောင်တရနေမိပါပြီ။ သူသာ အဲ့ဒီတုန်းက ဖုန်းဆက်ခဲ့ရင် လက်ရှိအချိန်မှာ အခြေအနေတွေ ပြောင်းလဲနေလောက်မလား … ။

ချန်ကျင်းလန်က အိပ်ရာဘေးကို ခြေလှမ်း နှစ်လှမ်း ၊ သုံးလှမ်းတည်းနှင့် ခပ်သွက်သွက် လျှောက်သွားကာ ဖုန်းကို ယူ၍ ဖုန်းချဖို့ ပြင်လိုက်၏။ ဗီဒီယိုကောလ် ဖြစ်နေလိမ့်မည်ဟု မျှော်လင့်မထားသော ချန်ကျင်းလန်သည် ဖန်သားပြင်ပေါ်က သိမ်မွေ့လေးနက်သော မျက်လုံးတွေကို မြင်ချိန်မှာ အံ့ဩသွားသည်။

ရှောက်ချန်းကျယ်ကလည်း တစ်စက္ကန့်လောက် အံ့အားသင့်နေပြီးမှ တစ်ဖက်ကို ဖျတ်ခနဲ မျက်နှာလွှဲပြီး “ ဆောရီး ” ဟု ခပ်တိုးတိုး ပြောလိုက်သည်။

သူမက ရေချိုးပြီးခါစမို့ ရှန်ပိန်ရောင် ပိုးသားဂါဝန် လျှောလျှောလေးကိုသာ ဝတ်ဆင်ထားသည်။ သူမရဲ့ ရေညှိလို နက်မှောင်သော ဆံပင်ရှည်တွေက ပခုံး တစ်ဝိုက်မှာ ယှက်ဖြာကျနေကာ ဖြူဝင်းသော အသားအရေလေးတွေကို လှစ်ဖော်ထား၏။ ချော့မွေ့နူးညံ့တဲ့ ညှပ်ရိုးလေးတွေကလည်း အထင်းသား။ မီးအလင်းရောင်အောက်မှာ သူမရဲ့ လည်တိုင်လေးက နွေဦးရေကန်လေး တစ်ကန်လိုပင် မျက်စိကျိန်းစပ်လောက်တဲ့အထိ လင်းလက်တောက်ပနေခဲ့သည်။

ချန်ကျင်းလန်က သူ့ကို မကျေမနပ် မျက်စောင်းထိုးပြီး ဖုန်းချဖို့ လုပ်နေစဉ်မှာပဲ သူ့ရဲ့ စကားသံ ထွက်ပေါ်လာသည်။ ရှောက်ချန်းကျယ်က နီရဲနေတဲ့ သူ့နှာခေါင်းကိုသာ ဖန်သားပြင်ဘက်ကို မျက်နှာမူပြီး မျက်လွှာချထားခဲ့သည်။ “ ငါ ဒီနေ့ ဖြစ်ခဲ့တဲ့ ပါပါရာဇီကိစ္စနဲ့ ပတ်သက်ပြီး ပြေစရာရှိလို့ ဖုန်းဆက်လိုက်တာပါ။ ”

ချန်ကျင်းလန်ရဲ့ လက်က ရပ်တန့်သွားပြီး ကင်မရာကို ကြမ်းပြင်ဘက် ချိန်၍ ချန်လီချီလေးရဲ့ အိပ်ခန်းထဲက ထွက်လာပြီး တံခါးပိတ်လိုက်သည်။

“ ဘာပြောမလို့လဲ။ ”

“ မင်းရဲ့ ဟိုတယ်မှာ ခွိုက်ယန်ရှန်း ဆိုတဲ့ နာမည်နဲ့ ဝန်ထမ်း ရှိလား။ ”

“ ရှိတယ်။ ”

ခွိုက်ယန်ရှန်းက ဝန်ထမ်း မိန်းကလေး တစ်ယောက်ကို လိင်ပါးဆိုင်ရာအရ နှောင့်ယှက်လို့ အဖမ်းခံခဲ့ရဖူးသည်။ သူမဟိုတယ်မှာ အဲ့လို အဖြစ်အပျက်မျိုး ဖြစ်ဖူးတာ ပထမဆုံးအကြိမ်မို့ သူ့ကို သေချာ မှတ်မိနေသည်။

“ နောက်ယောင်ခံသမားကို သူ ငှားထားတာ။ သူ ချမ်းသာတဲ့ မိန်းမ တစ်ယောက်ကို အခုတလော အပိုင် ကပ်နေတယ်။ ”

ချန်ကျင်းလန် နားလည်သွားသည်။ အဲ့ဒီတုန်းက ဝန်ထမ်း မိန်းကလေးကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခဲ့တဲ့ ခွိုက်ယန်ရှန်းရဲ့ သတင်းက ဟိုးလေးတကြော်ကြော် ဖြစ်သွားခဲ့တာပါ။ အခုအချိန်မှာ သူက ကျောထောက်နောက်ခံ ရှိလာပြီမို့ သူမကို လက်စားချေသည့်အနေဖြင့် ချန်လီချီကို အသုံးချကာ ပြဿနာရှာချင်နေတာပင်။

ချန်းကျင်းလန်က ယဉ်ကျေးသော်လည်း သူစိမ်းဆန်တဲ့ သဘောပါဝင်တဲ့ “ ‌ကျေးဇူးပါ ” ဟူသော စကားကို တုံးတိ ပြောလိုက်သည်။

“ အဲ့ဒါက ကိုယ် စုံစမ်းပေးရမယ့် ကိစ္စပါပဲ။ ” ရှောက်ချန်းကျယ်က ခဏလောက် စကားရပ်နေပြီးမှ မဝံ့မရဲ ဆက်ပြောလိုက်၏။ “ မြောင်မြောင် … ကိုယ် … ”

ချန်ကျင်းလန်ရဲ့ တည်ငြိမ်သော အသံက ချက်ချင်းပဲ တင်းမာသွားကာ သူ့ကို စကားဖြတ်ပြောလိုက်သည်။ “ ကျွန်မကို အဲ့လို မခေါ်ပါနဲ့ ရှောက်ချန်းကျယ်။ ”

အရင်တုန်းက သူမက ဖျော်ရည်တို့ ၊ ကော်ဖီတို့ကို မကြိုက်ဘဲ ရေ တစ်မျိုးတည်းကိုသာ ကြိုက်သည်။ တစ်ရက်ကျတော့ သူက ဘယ်ကနေ ဘယ်လို စိတ်ကူးပေါက်သွားမှန်း မသိဘဲ သူမကို အဲ့ဒီ ခပ်ကြောင်ကြောင် နာမည်ပေးခဲ့ကာ တစ်ခါတရံ ရင်းရင်းနှီးနှီး ခေါ်ဝေါ်တတ်သည်။

အခုတော့ သူ အဲ့လို ခေါ်တာကို ချန်ကျင်းလန် မုန်းသွားပါပြီ။

“ ကောင်းပါပြီ ၊ ကိုယ် မင်းကို အဲ့လို မခေါ်တော့ဘူး။ ဒါပေမဲ့ ကိုယ် အဲ့ဒီညတုန်းက ဖြစ်ခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး မင်းနဲ့ ဆွေးနွေးချင်တာလေး ရှိလို့ပါ။ ” ထို့နောက် ရှောက်ချန်းကျယ်က သူမ ဖုန်းချလိုက်မှာကို စိုးရိမ်၍ တစ်ဆက်တည်း ပြောလိုက်သည်။ “ ကိုယ် တစ်ခုပဲ ပြောချင်တာပါ။ ကိုယ် အဲ့ညတုန်းက အရက်မူးနေလို့ မင်းကိုရော ၊ တခြားသူတွေကိုကော ဘယ်သူ့ကိုမှ မမြင်ခဲ့ဘူး။ ကိုယ်အဲ့ဒါကို အိပ်မက်လို့ပဲ ထင်ခဲ့တာ ၊ ဘာလို့ဆို မင်း တစ်ယောက်တည်းနဲ့ပဲ ကိုယ် အဲ့လို အိပ်မက်မျိုး မက်နိုင်မှာပါ။ အဲ့ဒါက အိပ်မက် မဟုတ်ဘဲ တကယ် ဖြစ်ခဲ့တာ ဆိုတာကိုသာ သိခဲ့ရင် သေချာပေါက် … ”

ချန်ကျင်းလန်က ကင်မရာကို ကြမ်းပြင်ဘက်သို့ ချိန်ရွယ်မထားတော့ဘဲ ရွံရှာအေးစက်သော မျက်လုံးများဖြင့် ဖန်သားပြင်ကို စိုက်ကြည့်နေခဲ့သည်။ “ ရှင်က အခုထိ ကျွန်မကို ဂရုစိုက်ပေးတုန်းပဲ ဆိုတဲ့ ပုံစံမျိုးပေါက်အောင် ပြောနေတာပဲ။ ”

ချန်ကျင်းလန်က အေးစက်စွာ ရယ်မောလိုက်သည်။ “ ဒါပေါ့ ၊ ရှင် ကျွန်မကို ဂရုစိုက်ပေးမှာပါ။ ရှင် ကျွန်မနဲ့ အတူ ရှိနေတယ် ဆိုရင် ရှင့်အဘိုးက ခေါင်းထဲကနေ မီးခိုတွေ အူထွက်လာတဲ့အထိ ဒေါသထွက်မှာကိုး။ ကျန်တဲ့ ဘယ်သူမှ သူ့ကို အဲ့လိုမျိုး ဒေါသထွက်အောင် လုပ်နိုင်မယ်လို့ ကျွန်မ မထင်ဘူး။ ဟုတ်တယ်မို့လား ရှောက်ချန်းကျယ်။ ”

ရှောက်ချန်းကျယ်က ခဏလောက် မျက်မှောင်ကြုတ်ရင်း ဒီစကားတွေ ဘယ်က ရောက်လာတယ် ဆိုတာကို စဉ်းစားနေမိသည်။

သူ အရက်မူးပြီးတဲ့ နောက်တစ်နေ့ မနက်မှာပဲ သခင်ကြီးက သူ တစ်ပတ်မှာ အနည်းဆုံး သုံးခါလောက် သွားထိုင်လေ့ရှိသည့် လက်ဖက်ရည် ( ရေနွေးကြမ်း ) ဆိုင် တစ်ဆိုင်မှာ မနက်ခင်း လက်ဖက်ရည် ( ရေနွေးကြမ်း ) သောက်ဖို့ ရုတ်တရက် ဖိတ်ခေါ်ခဲ့သည်။ အရက်နာကျလို့ တဆစ်ဆစ် ထိုးကိုက်နေတဲ့ ခေါင်းက ပေါက်ထွက်သွားတော့မလားတောင် ထင်ရသည်။ ဒါ့ကြောင့် ရေနွေးကြမ်းနှင့် စွပ်ပြုတ် ပူပူလေး နည်းနည်းပါးပါး သောက်လိုက်တာက အရက်နာကျခြင်းအတွက် အတော်လေး ထိရောက်သော ဆေး တစ်ခွက် ဖြစ်သည်။

ရှောက်ချန်းကျယ်သည် သခင်ကြီးက သူ့ကို စိတ်ပျက်စရာ စီးပွားရေးလုပ်ငန်း သဘောသဘာဝတွေကို လက်ချာရိုက်ချင်လို့ ခေါ်တာဟု ထင်ထားခဲ့သော်လည်း တကယ်တမ်းမှာ သူ့ကို သခင်ကြီးက ‘ မင်း ဘာလို့ ချန်မိသားစုက သခင်မလေးကို လိုက်နေတာလဲ။ ’ ဟုသာ မေးခဲ့လေသည်။ သခင်ကြီး သိနေတာ အံ့ဩစရာတော့ မဟုတ်။ သူ့နားမှာ တစ်ခါတလေ ရှိနေတတ်တဲ့ လူတွေက ရှောက်ကျန်းထင်းရဲ့ လူတွေ မဟုတ်ရင် သခင်ကြီးရဲ့ လူတွေပါပဲ။

သူက ‌နောက်ဆုံး ကျန်တဲ့ ရေနွေးကြမ်းကို လက်စသတ် မော့သောက်ပြီး ထထွက်လာခဲ့လိုက်သည်။ “ အဘိုး မကြိုက်တဲ့ ကိစ္စတိုင်းကို ကျွန်တော်က ပျော်ပျော်ရွှင်ရွှင်နဲ့ ထပ်တလဲလဲ ‌လုပ်နေမှာ။ ဒုတိယ ဦးလေးကတော့ ကျွန်တော် ဘာလုပ်လုပ် ယုံကြည်တယ်လေ။ အဲ့ဒီထဲမှာ မိန်းကလေး တစ်ယောက်နဲ့ ချစ်မိတာလည်း ပါတယ်။ အဲ့တစ်ချက်နဲ့တင် ကျွန်တော်က သူ့ထက် နှာတစ်ဖျား သာသွားပြီ။ ဒီအခွင့်အရေးကို ကျွန်တော် ဘာလို့ လက်လွှတ်ခံရမှာလဲ။ ”

သူ မေးလိုက်သည်။ “ အဲ့တုန်းက မင်းလည်း အဲ့ဆိုင်မှာ ရှိနေတာလား။ ”

ချန်ကျင်းလန်ကတော့ ဘာမှ မထူးဆန်းသလို ခပ်အေးအေးပင်။ “ အဲ့ဒါက အရေးကြီးလို့လား။ ”

“ ကိုယ် ရှင်းပြလို့ ရပါတယ်။ ”

“ မလိုပါဘူး။ ” ဘာဖြေရှင်းချက်ကိုမှ သူမ နားထောင်စရာ မလိုပါ။ မေးခွန်း တစ်ခုကိုပဲ မေးလိုက်သည်။ “ ရှင် အရင်တုန်းက အဲ့လို အတွေးမျိုးတွေကို တစ်ခါမှ မတွေးဖူးဘူး ၊ ဒါမှမဟုတ် ကျွန်မကို တစ်ခါလေးတောင် အခွင့်ကောင်းမယူခဲ့ဘူးလို့ ပြောနိုင်လား။ ”

“ ပြောနိုင်ပါတယ်။ ”

သို့သော် သူကိုယ်တိုင် သူ့ပါးစပ်က ပြောတဲ့ စကားတွေကို သူမနားနှင့် ဆတ်ဆတ် ကြားပြီးနောက်မှာ သူ့စကားတွေကို သူမ ထပ်ယုံကြည်ဖို့ ဆိုတာ မဖြစ်နိုင်တော့မှန်း သိပါသည်။

ချန်ကျင်းလန်က လှောင်သလို ရယ်မောလိုက်၏။ “ ကျွန်မ ရှင့်ကို ထပ်ယုံလိမ့်မယ်လို့ ရှင် ထင်နေတာလား။ ” သူမ ချက်ချင်း ဖုန်းချပစ်လိုက်ချင်ပေမဲ့ ဒေါသကို ထိန်းချုပ်မရပေ။ “ အစကတည်းက ရှင်က ရှောက်မိသားစုက ဆိုတာ ကျွန်မ သိတယ် ရှောက်ချန်းကျယ်။ ”

သိသိရက်နှင့် သူ့ရဲ့ ချဉ်းကပ်မှုကို တမင် ခွင့်ပြုပေးခဲ့တာပါ။

သူ့ကို သူမအား ရှင်းပြဖို့ အချိန် တစ်ခု ပေးထားခဲ့ပေမဲ့ သူကတော့ စတွဲကတည်းကနေ လမ်းခွဲခဲ့ချိန်ထိ ထိုအကြောင်းနှင့် ပတ်သက်လို့ စကား တစ်ခွန်းတောင် မဟခဲ့ပေ။ အဆုံးသတ်မှာတော့ ထိုအကြောင်းကို တခြား လူ တစ်ယောက် ပြောပြမှသာ သူမ သိခဲ့ရတာ ဖြစ်သည်။ လမ်းခွဲရအောင်လို့ သူမဘက်က ပြောခဲ့ချိန်မှာတောင် သူကတော့ တုန်လှုပ်သွားရမည့်အစား “ ကောင်းပြီလေ။ ” ဟူ၍သာ တိုတိုရှင်းရှင်း ပြောပြီး တခြား ဘာမှ မပြောခဲ့။

ကြည့်ရတာ အစောကြီးကတည်းက သူ့စိတ်ထဲမှာ ဒီလိုပဲ အဆုံးသတ်မယ်လို့ ကြိုတွေးထားတဲ့ပုံပါပဲ။ ဒီလို လမ်းခွဲရမယ် ဆိုတာကို ဟိုးအရင်ကတည်းက ကြိုမြင်ထားတာ ဟုတ်ရင် ဟုတ် ၊ မဟုတ်ရင်လည်း ဒီအဆုံးသတ်က သူ့အစီအစဉ်တွေထဲမှာ အစကတည်းက ရှိတာ ဖြစ်လိမ့်မည်။ သူ့ညီမ ခရီးထွက်သွားခြင်းကသာ သူ့အစီအစဉ်တွေကို မနှောင့်ယှက်ခဲ့လျှင် ရှောက်မိသားစုက သူ့လက်ခုပ်ထဲက ရေဖြစ်နေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။

ရှောက်မိသားစုရဲ့ သခင်ကြီးကို လှည့်စားဖို့ သူမကို အသုံးချခဲ့တဲ့ သူ့ရဲ့ ဉာဏ်နီဉာဏ်နက်တွေကို သူမ ချီးကျူးသင့်သည်။ တစ်ဖက်မှာ သခင်ကြီးကို ဒေါသထွက်အောင် လုပ်ဖို့ သူမကို အသုံးချပြီး ကျန်တစ်ဖက်မှာတော့ ဒုတိယ ဦးလေးရှောက်ကို သတိလက်လွတ် ဖြစ်အောင် လုပ်ပြီး သူ့အား အချစ် တစ်ခုတည်းကိုသာ မက်မောပြီး အဏာလုဖို့ စိတ်မဝင်စားတဲ့ ၊ သခင်ကြီးကို စိတ်ချမ်းသာအောင် ဘယ်လို ထားရမလဲ ဆိုတာ မသိတဲ့ ၊ မကျေမနပ် ခံစားချက်ဖြင့် သခင်ကြီးကို ဆန့်ကျင်ချင်ကာ ကိုယ့်သဘောကိုယ်ဆောင်နေတဲ့ သားမိုက် တစ်ယောက်ဟု ထင်သွားအောင် လုပ်ခဲ့လေသည်။ သဘာဝကျစွာပင် သူတို့ကလည်း အဲ့ဒီလောက် ညံ့ဖျင်းမိုက်မဲတဲ့ လူ တစ်ယောက်ဟာ အန္တရာယ်ရှိနေလိမ့်မယ်လို့ မထင်ခဲ့ကြပေ။

သူက အမြဲတမ်း ကျွမ်းကျင်စွာ သရုက်ဆောင်နိုင်သည်။ သူက ရှောက်မိသားစုရဲ့ ဦးဆောင်သူ သခင်ကြီးကို လှည့်ဖြားနိုင်သည် ၊ ရှောက်ကျန်းထင်းတို့သားအဖကို လှည့်ဖြားနိုင်သည် ၊ ပြီးတော့ သူမကိုလည်း လှည့်ဖြားနိုင်ခဲ့သည်။

ချန်ကျင်းလန်သည် ထိုအကြောင်းတွေကို မေးလည်း မမေးချင် ၊ ‌ပြောလည်း မပြောချင်ပါ။ သူမရဲ့ မာနက ခွင့်မပြု။ ဒါပေမဲ့ သူက ဘယ်လို မျက်နှာနဲ့များ သူမကို အသုံးချပြီးတဲ့နောက်မှာတောင် အရူးအမူး ချစ်နေသေးတဲ့ ယောက်ျား တစ်ယောက်လို လာဟန်ဆောင်နေတာလဲ။ တကယ့်ကို သိုးရေခြုံထားတဲ့ ဝံပုလွေ တစ်ကောင်ပါပဲ။

သူမရဲ့ စိတ်ထဲမှာ မကျေမနပ် ခံစားချက်တွေက မပျက်ပြယ်သေးတာမို့ သူ့ဖုန်းနံပါတ်ကို ဘလော့ခ်ပစ်လိုက်၏။

သူမ သဘောထားသေးသိမ်တယ် ဆိုတာကိုတော့ ဝန်ခံပါသည်။ သူမ ဘယ်သူ့ကိုမှ အရင်တုန်းက မဘလော့ခ်ဖူးဘဲ သူက ပထမဆုံးပါ။ ဒါပေမဲ့ သူ့ကို နောက်တစ်‌ခါ ထပ်ဘလော့ခ်ရမည် ဆိုလျှင်တောင် ပျော်ပျော်ကြီး ဘလော့ခ်ပစ်လိုက်ဦးမည်။

နောက်တစ်နေ့မနက် ရောက်တော့ ချန်ကျင်းလန်က သူမရဲ့ မိဘတွေကို ချန်လီချီရဲ့ အဖေက ဘယ်သူလဲ ဆိုတဲ့ အကြောင်း ပြောပြလိုက်သည်။ အရင်တုန်းကတော့ သူမရဲ့ စိတ်ထဲမှာ ဒီအကြောင်းကို ဘယ်လို စကားစရမလဲ ဆိုတာကို အမြဲ ဝေခွဲမရ ဖြစ်ခဲ့ရပါသည်။ ထူးဆန်းစွာပင် မနေ့ညတုန်းက ရှောက်ချန်းကျယ်နှင့် ပြောခဲ့တဲ့ ဖုန်းကောလ်က သူမကို သတ္တိရှိစေခဲ့သည်။ အပြစ်တင်ခံရမယ့် ကိစ္စ တစ်ခုကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်တာက ကိုယ့်ဒုက္ခကိုယ်ရှာတာပဲ ဆိုတာကိုလည်း သူမ နားလည်သည်။

ရှောက်ချန်းကျယ် လှည့်ဖြားခဲ့တဲ့ အကြောင်းကို ချန်ထားပြီး သူမတို့ တစ်ယောက်နှင့် တစ်ယောက် မသင့်တော်သလို ခံစားရလို့ လမ်းခွဲခဲ့တာပါဟု ပြောလိုက်သည်။

ချန်ရှန်ဟဲက ချန်ကျင်းလန် ရှင်းပြတဲ့ အကြောင်းတွေ အကုန်လုံးကို နားထောင်ပြီးနောက် “ လီချီလေးရဲ့ မျိုးရိုးနာမည်က ချန် ပဲ။ သူမက ချန်မိသားစုရဲ့ အဖိုးအတန်ဆုံး မြေးမလေး တစ်ယောက်။ သမီးနဲ့ သမီးရဲ့နောက်မှာ ချန်မိသားစု ရှိတယ်။ သူမအဖေက ဘယ်သူပဲဖြစ်ဖြစ် ၊ သူ့မျိုးရိုးနာမည်က ဘာပဲဖြစ်ဖြစ် အရေးမပါဘူး။ တစ်ယောက်ယောက်က သမီးကို အနိုင်ကျင့်ရဲတယ် ဆိုရင် အဲ့ဒါက ချန်မိသားစု တစ်စုလုံးကို ဆန့်ကျင်တာနဲ့ အတူတူပဲ ဆိုတာကိုပဲ သမီး သိထားဖို့ လိုတယ်။ ”

ချန်ကျင်းလန်ရဲ့ မျက်လုံးတွေ စိုစွတ်လာသည်။

ချန်ရှန်ဟဲ ထွက်သွားတော့ ဖေးကျူးဟွေ့က သူမရှေ့မှာ ဝင်ထိုင်ပြီး ဆူပူသလို ကြည့်လိုက်၏။ “ နင့်တစ်သက်လုံး အဲ့ကိစ္စကို အမေတို့ကို ဘယ်တော့မှ ပြောပြမှာ မဟုတ်ဘူးလို့ အမေက ထင်ထားတာ။ ”

ချန်ကျင်းလန်က အတော်လေး အံ့ဩသွားပြီး ဖေးကျူးဟွေ့ကို ကြည့်လိုက်သည်။ “ အမေတို့ အဲ့အကြောင်းကို အရင်ကတည်းက သိနေတာလား။ ”

သူမ ရှောက်ချန်းကျယ်နှင့် တွဲခဲ့တဲ့ ကိစ္စကို လျှို့ဝှက်ချက်လို့ ပြောလို့ ရသည်။ သူမပတ်ဝန်းကျင်က ဘယ်သူမှ မသိသလို ရှောက်ချန်းကျယ်ကိုလည်း သူမရဲ့ ဘယ်သူငယ်ချင်းနှင့်မှ မိတ်ဆက်မပေးခဲ့ပါ။ နောက်ပိုင်းမှသာ ရှောက်ချွမ်းက သိသွားတာ ဖြစ်သည်။

ဖေးကျူးဟွေ့က သမီးဖြစ်သူရဲ့ နားရွက်နောက်မှာ ပြေလျော့ကျနေသော ဆံပင်လေးကို သပ်တင်ပေးလိုက်သည်။ “ သမီးနဲ့ ပတ်သက်လာရင် သမီးအဖေ သေချာ မစုံစမ်းနိုင်တဲ့ ကိစ္စရယ်လို့ ရှိလို့လား။ ဒီနှစ်တွေအတွင်း ရှောက်မိသားစုမှာ ဖြစ်ခဲ့တဲ့ ကမောက်ကမ အခြေအနေတွေ ၊ ပြီးတော့ ရှောက်မိသားစုကို နှောင့်ယှက်ဖို့ သမီးအစ်ကို လျို့ဝှက်ပြီး စီစဉ်ခဲ့တဲ့ ကိစ္စတွေကို သမီးအဖေရဲ့ ခွင့်ပြုချက် မပါဘဲ လုပ်လို့ ရတယ်လို့ သမီး ထင်နေတာလား။ အဲ့ဒါတွေ အကုန်လုံးကို သမီးအဖေကပဲ စီစဉ်ခဲ့တာ။ ”

ချန်ကျင်းလန်က ဖေးကျူးဟွေ့ရဲ့ လက်မောင်းလေးကို ဖက်ကာ ပခုံးပေါ် မှီလိုက်သည်။ သူစိမ်းတွေရှေ့မှာ သူမက သန်မာပြတ်သားပေမဲ့ မိဘတွေရှေ့မှာ ဆိုရင်တော့ ကလေးစိတ်မကုန်သေးတဲ့ ကောင်မလေး တစ်ယောက်ပါပဲ။ “ မေမေတို့ကို စိတ်ပူအောင် လုပ်ခဲ့မိလို့ သမီး တောင်းပန်ပါတယ်။ ”

“ အရူးမလေး ၊ သမီးက ဘာအမှားလုပ်ထားလို့ တောင်းပန်ရမှာလဲ။ သမီး ချစ်မိသွားတဲ့ ဘယ်သူပဲဖြစ်နေပါစေ ၊ အချစ်က မမှားသလို သမီး ခံစားရတဲ့ ခံစားချက်တွေကလည်း အမှားပါဘူး။ အဲ့ဒီ အချစ်ရဲ့ အကျိုးဆက်တွေနဲ့ ပတ်သက်ပြီး ပြောရမယ် ဆိုရင်တော့ သမီး လီချီလေးကို ရခဲ့လို့ နောင်တရလား။ ”

“ ရစရာ‌လား မေမေရဲ့။ ” ချန်ကျင်းလန်က ချက်ချင်း ထရပ်ပြီး ဖေးကျူးဟွေ့ကို ဖျတ်ခနဲ ကြည့်လိုက်သည်။ သူမအကြည့်က စိတ်ဆုံးဖြတ်ထားသလို တည်ငြိမ်လေးနက်နေ၏။

***

All Chapters