အခန်း ၂၆
Vol. 3 Ch. 26
အပိုင်း ( ၂၆ )
“ ဟုတ်တယ် ၊ သမီးမှာ ချစ်စရာကောင်းတဲ့ သမီးလေး တစ်ယောက် ရှိတယ်လေ။ ပြီးတော့ မေမေတို့မှာလည်း အဖိုးတန် မြေးမလေး တစ်ယောက် ရှိတယ်။ ဖြစ်ခဲ့သမျှ ကိစ္စတွေ အကုန်လုံးအတွက် ရှောက်ချန်းကျယ်ကို မေမေ အပြစ်မတင်ပါဘူး။ ချစ်တယ် ၊ အချစ်စိတ်ကုန်သွားတယ် ဆိုတာ သဘာဝပဲလေ။ နောက်ပြီး အတိတ်မှာ ဖြစ်ခဲ့တဲ့ အဲ့ဒီ ကိစ္စက သမီးကို နောက်ပိုင်းမှာ နှလုံးသားရေးရာကိစ္စတွေကို စဉ်းစားတဲ့အခါ ပိုပြီး သတိထားတတ်အောင် သင်ပေးလိမ့်မယ်။ အဲ့ဒါ ကောင်းတယ် ၊ သမီးလည်း အတိတ်မှာပဲ ပိတ်မိမနေသင့်ဘူး။ ဒီစကားကို အမေ ပြောချင်နေတာ ကြာပြီ။ သမီး အပြင်သွားပြီး ကြင်ဖက်တွေ့သင့်တယ် ၊ လူကောင်းလေးတွေနဲ့ တွေ့ ၊ ထမင်း အတူတူ စား ၊ တစ်နေရာရာမှာ ချိန်းတွေ့ပေါ့။ ကိုယ့်ထက် ပိုအသက်ကြီးတဲ့ လူတွေကို သဘောမကျရင် အသက်ငယ်တဲ့ လူတွေကို စမ်းကြည့် ၊ တစ်နေ့ တစ်နေ့ ဟိုတယ်အလုပ်တွေထဲမှာပဲ ခေါင်းစိုက်အနေနဲ့။ ”
ဖေးကျူးဟွေ့က အစတုန်းကတော့ ရှောက်ချွမ်းကို အတော်လေး မျှော်လင့်ကာ မျက်နှာသာပေးခဲ့တာ ဖြစ်သည်။ သူနှင့် ချန်ကျင်းလန်က ကလေးဘဝကတည်းက ရင်းနှီးခဲ့တာပါ။ ရှောက်ချွမ်းအမေဟာ သေခါနီး အချိန်မှာ သားဖြစ်သူရဲ့ အနာဂတ် အိမ်ထောင်ရေးကို ဘယ်လိုမှ စိတ်မချနိုင် ဖြစ်နေခဲ့သည်။ ရှောက်ချွမ်းအဖေက ကွယ်လွန်သွားတာ ကြာခဲ့ပြီမို့ ဖတဆိုး သားလေးကို သူမ တစ်ယောက်တည်း ပျိုးထောင်လာခဲ့တာပင်။ ထို့ကြောင့် သားဖြစ်သူ အိမ်ထောင်ရက်သားကျပြီး ကလေးတွေ မွေးတာက သူမဘဝရဲ့ အဖြစ်ချင်ဆုံး ဆန္ဒ တစ်ခု ဖြစ်ခဲ့သည်။ ဒါပေမဲ့ ကင်ဆာဆဲလ်တွေက အချိန် ခဏလေးအတွင်းမှာ ပြန့်နှံ့သွားသဖြင့် သူမမှာ အချိန်မရှိတော့ပါ။ မြေးလေးတွေကို မြင်ရတဲ့အထိ အသက်မရှင်နိုင်တော့မှာ သေချာသည်။ ချန်ကျင်းလန်က သူမရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးကာ ငြိမ်းငြိမ်းချမ်းချမ်း ဘဝကူးပြောင်းသွားစေခဲ့သည်။
အစတုန်းကတော့ ဖေးကျူးဟွေ့သည် သူတို့တွေ ပေါက်ကရတွေ လျှောက်လုပ်နေကြသည်ဟု တွေးခဲ့ပေမဲ့ ဟန်ဆောင်နေတာတွေ တကယ် ဖြစ်သွားရင်လည်း မဆိုးပါဘူးဟု တဖြည်းဖြည်း တွေးမိခဲ့သည်။ ရှောက်ချွမ်းက သူမမျက်စိရှေ့မှာတင် ကြီးပြင်းလာခဲ့တာမို့ သူ့အကြောင်းကို ခရေစေ့ကွင်းကျ သိသည်။ သူ့ရဲ့ ဦးဆောင်နိုင်တဲ့ အရည်အချင်းတွေ ၊ ရုပ်ရည်တွေ ၊ အရာရာတိုင်းက ထိပ်တန်းအဆင့်။ ချန်လီချီကလည်း သူ့ကို သဘောကျသည်။ သို့သော် ဒီနှစ်တွေ တောက်လျှောက် ကျော်လွန်လာခဲ့တဲ့အထိ သူတို့ နှစ်ယောက်ကြား ဘာတိုးတက်မှုမှ မရှိသောအခါ ဘာမျှော်လင့်ချက်ကိုမှ သူမ ဖမ်းဆုပ်မထားတော့။
“ သမီး သိပါတယ် အမေရယ်။ သမီး အခု ဗိုက်ဆာနေပြီ။ မနက်စာ သွားစားကြမယ်နော်။ ” ချန်ကျင်းလန်က ဖေးကျူးဟွေ့ကို ဖက်ရင်း စာကြည့်ခန်းထဲကနေ ထွက်လာခဲ့လိုက်သည်။ သူမအမေဟာ သူမအား အချစ်သစ် ရှာရန် တိုက်တွန်းချင်တဲ့ စိတ်အား မျိုသိပ်ထားတာ ကြာခဲ့ပြီ ဆိုတာကို ချန်ကျင်းလန် သိသည်။ ဒီနေ့တော့ ဖေကျူးဟွေ့မှာ ထိုစကားကို ပြောဖို့ အခွင့်အရေး ရလာခဲ့ပြီ ဆိုပေမဲ့ ချန်ကျင်းလန်ကတော့ သူမကို ဆက်ပြောခွင့်ပေးမှာ မဟုတ်ပါ။
“ အမေ အတည်ပြောနေတာနော်။ လူငယ်တွေမှာ ကောင်းတဲ့ အချက်တွေ အများကြီး ရှိတယ်။ အစ်မချွင်ရဲ့ မောင်မှာ သား တစ်ယောက် ရှိတယ် ၊ သူက သမီးနဲ့ တစ်ကျောင်းတည်းကနေပဲ ဘွဲ့ရထားတာ။ သူက ရှေ့နေလေ ၊ သမီးထက်လည်း လေးနှစ် ငယ်တယ်။ အမေ ဓာတ်ပုံတွေ ကြည့်ပြီးသွားပြီ။ သူက တကယ့်ကို ချောတာ။ သမီး သူနဲ့ တွေ့ချင်လား။ ”
ချန်ကျင်းလန်က ဟန်ပန်အမူအရာ ပိုပိုသာသာလေး တုံ့ပြန်လိုက်သည်။ “ သမီးထက် လေးနှစ်တောင် ငယ်တယ် .. ဟုတ်လား။ အဲ့လောက် အသက်ကွာနေတာတောင် မေမေက သမီးတို့ နှစ်ယောက်ကို တွေ့ခိုင်းဖို့ တွေးရဲတယ်နော်။ အသက် သုံးနှစ် ကွာတယ် ဆိုရင်တောင် အဲ့ဒါက မျိုးဆက် တစ်ဆက် ကွာတာ ဖြစ်နေပြီ ၊ အခုဟာက လေးနှစ်ကြီးတောင် … ။ မေမေ သမီးကို ချစ်သူ ရှာပေးဖို့ လုပ်နေတာလား ၊ အတူတူ ဆော့ဖို့ ကလေးပေါက်စလေး ရှာပေးဖို့ လုပ်နေတာလား။ သမီး အဲ့ကိစ္စကို တစ်ခါတည်း ရှင်းအောင် ပြောထားမှ ဖြစ်မယ်။ ခွေးပေါက်လေးတွေနဲ့ ဝံပုလွေပေါက်စလေးတွေ ( ကိုယ့်ထက် အသက်ငယ်တဲ့ လူတွေ ) ကို သမီး သဘောမကျဘူး မေမေရဲ့။ အနည်းဆုံးတော့ သူတို့က သမီးရဲ့ ရွယ်တူလောက် ဖြစ်သင့်တယ်။ ”
လှေကားထိပ်မှာ ရပ်နေသော ချန်လီချီက တိုက်ဆိုင်စွာပင် ထိုစကားကို အမှတ်တမဲ့ ကြားသွားသည်။ သူမ မော့ကြည့်ပြီး မေးလိုက်၏။ “ ခွေးပေါက်စလေးတွေနဲ့ ဝံပုလွေပေါက်စလေးတွေက ဘယ်လို ပုံစံမျိုးလဲဟင် မေမေ။ ”
ချန်ကျင်းချွမ် သူ့တူမလေးကို ဉာဏ်အလင်းပွင့်သွားအောင် ရှင်းပြဖို့ ပါးစပ်ပြင်လိုက်ပေမဲ့ ချန်ကျင်းလန်က သူ့ကို မျက်ထောင့်နီကြီးဖြင့် စိုက်ကြည့်နေခဲ့ပါပြီ။ “ နင့်ပါးစပ်ကို ပိတ်ထားလိုက်နော် ချန်ကျင်းချွမ်။ ”
ချန်လီချီက သူမအမေကို “ ဦးလေးက ပါးစပ်ပိတ်ပြီး တိတ်တိတ် နေဖို့က လွဲလို့ ကျန်တာတွေ အကုန်လုံးကို သိတယ်လို့ ဘွားဘွားက ပြောတယ်။ ” ဟု ပြောလိုက်သည်။
ချန်ကျင်းချွမ်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။ “ ဦးလေး နင့်ကို တခြား စကားပုံ တစ်ခု သင်ပေးမယ် လီချီလေး။ ‘ မွေးထားတဲ့ အမေထက် ကိုယ့်သားသမီးအကြောင်းကို ပိုသိတဲ့ လူ ဆိုတာ မရှိဘူး ’ တဲ့။ အဓိပ္ပာယ်ကတော့ ဒီကမ္ဘာပေါ်မှာ နေတဲ့ လူတွေ အကုန်လုံးထဲမှာ အမေတွေကသာ သူတို့သားသမီးရဲ့ စိတ်ကို နားအလည်ဆုံးလို့ ပြောချင်တာ။ ”
ချန်လီချီက ပြန်မေးလိုက်သည်။ “ ဒါဆို သမီးတွေကိုရော ဘယ်သူက နားအလည်ဆုံးလဲ။ ”
ချန်ကျင်းချွမ်က သူမရဲ့ နှာခေါင်းလေးကို ဆွဲညှစ်လိုက်၏။ “ သေချာပေါက် အမေပဲပေါ့။ ”
“ ဟုတ်တယ် ၊ မေမေက သမီး ဘာအစားအသောက်တွေကို သဘောကျလဲ ဆိုတာ အမြဲတမ်း သိတယ်။ ”
သူမဟာ ဒီအသက်အရွယ်လေးမှာကတည်းကပင် အခြေအနေကို ခြုံငုံ၍ ကောက်ချက်ချကာ ဆက်စပ် တွေးခေါ်နေနိုင်ပါပြီ။ “ ဦးလေး .. ‘ မွေးထားတဲ့ အမေထက် သားသမီးအကြောင်းကို ပိုသိတဲ့ လူ မရှိဘူး ’ ဆိုတဲ့ စကားပုံက ဦးလေး ဟိုးအရင်တုန်းက သမီးကို ပြောပြဖူးတဲ့ ‘ ငါ တင်ပါးကို နည်းနည်းလောက် ကြွလိုက်တာနဲ့ နင့်အဘွားက ငါ အီးပေါက်လိုက်မှန်း တန်းသိတယ် ’ ဆိုတဲ့ စကားနဲ့ အဓိပ္ပာယ်တူတူပဲလားဟင်။ ”
ဖေးကျူးဟွေ့သည် ထိုစကားကို ကြားချိန်မှာ ဘယ်လိုမှ ဆက်သည်းမခံနိုင်တော့ဘဲ ကလေးရှေ့မှာ အဲ့လို စကားတွေ ပြောပြီး အကျင့်ဆိုးတွေ သင်ပေးနေသည့် သားဖြစ်သူရဲ့ ခေါင်းကို ပိတ်ရိုက်လိုက်၏။
ထိုမနက်ခင်းတုန်းက ချန်ကျင်းလန်ရဲ့ တည်ငြိမ်လေးနက်သော လျှို့ဝှက်ချက် ဝန်ခံမှုလေးဟာ ခွေးလိုက်ဆွဲလို့ ပတ်ပြေးနေရတဲ့ ကြက်တွေလို ဝရုန်းသုန်းကား ပတ်ပြေးနေတဲ့ ချန်ကျင်းချွမ်နှင့် အဆုံးသတ်သွားခဲ့လေသည်။
ရုံးခန်းတံခါးဝကို ချန်ကျင်းလန် ရောက်သွားတော့ ထန်ယိချန်းက ရုံးခန်းအပြင်မှာ သူမကို ရပ်စောင့်နေခဲ့သည်။ သူ့မျက်နှာအမူအရာက နည်းနည်းလေး ထူးဆန်းနေတာကို သူမ သတိပြုမိလိုက်၏။ ဝမ်းချုပ်နေတဲ့ အမူအရာမျိုးလို့ ပြောရမလား … ။
“ ကိစ္စ တစ်ခုခု ဖြစ်ထားလို့လား။ ” ဟု သူမ မေးလိုက်သည်။
ထန်ယိချန်းက အစည်းအဝေးခန်းဘက်ကို ဂဏှာမငြိမ်သော မျက်လုံးများဖြင့် ကြည့်လျက် ခပ်တိုးတိုး ပြန်ဖြေသည်။ “ ချန်းယွင်က ဥက္ကဌကျိုး ရောက်နေတယ် ဘော့စ်ချန်။ သူ အခု အစည်းအဝေးခန်းထဲမှာ ဘော့စ်ကို စောင့်နေတာ။ ”
ထိုစကားကို ကြားသည်နှင့် ချန်ကျင်းလန်ရဲ့ ခြေလှမ်းတွေက ဦးတည်ရာပြောင်းသွားသည်။ “ ဥက္ကဌကျိုးက ဘာလို့ ဒီအချိန်ကြီး လာတာလဲ။ ဘာအတွက် ရောက်လာတာလဲ ဆိုတာကိုရော သူ ပြောလား။ ”
ချန်းယွင်က လန်ကျိုးရဲ့ အမာခံ ဖောက်သည်တွေထဲက တစ်ယောက် ဖြစ်သည်။ သူတို့က ချန်းယွင်ရဲ့ A အဆင့် ကာစတန်မာတွေနှင့် တွေ့ဆုံပွဲကို လန်ကျိုးမှာပဲ အမြဲတမ်း ကျင်းပလေ့ရှိသည်။ သို့သော်လည်း အလုပ်ကိစ္စတွေကိုတော့ သူတို့လက်အောက်က ဝန်ထမ်းတွေကပဲ ကိုင်တွယ်တာမို့ ကျိုးအန်း ကိုယ်တိုင် လာစရာ အကြောင်း မရှိပါ။ အထူးသဖြင့် ဒီလောက် မနက် အစောကြီးမှာပေါ့။
ထန်ယိချန်းက ချန်ကျင်းလန်နောက်မှ လိုက်လာရင်း အသံတိုးတိုးဖြင့် ထပ်ပြောလိုက်သည်။ “ ချင်းမြောင် လုပ်ငန်းစုက ဥက္ကဌရှောက်လည်း သူနဲ့ ပါလာတယ်။ ”
ထန်းယိချန်းက သူ ကားပါကင်မှာ မြင်ခဲ့တဲ့ ရှောက်ချန်းကျယ် ဆိုတဲ့ လူဟာ ချင်းမြောင် လုပ်ငန်းစုနှင့် ရှောက်မိသားစု စီးပွားရေးလုပ်ငန်းတွေကို ဦးဆောင်နေသူ ဆိုတာ အတည်ပြုပြီးသွားပြီ ဖြစ်သည်။ ပိုလို့တောင် အရေးကြီးတာကတော့ အဲ့ဒီ လူက သူ့ဘော့စ်နှင့် မပြေမလည် ပြဿနာလေးတွေ ရှိနေတာပါ။
ချန်ကျင်းလန်ရဲ့ ခြေလှမ်းတွေ နှေးသွားကာ ခုနတုန်းက နူးညံ့နေခဲ့တဲ့ သူမမျက်နှာပေါ်မှာ အေးစက်မှုတွေက အစားထိုးသွားသည်။ ဒါပေမဲ့ အစည်းအဝေးခန်း တံခါးကို တွန်းဖွင့်လိုက်ချိန်မှာတော့ သူမမျက်လုံးထဲမှာ အပြုံးပန်းလေးတွေ ဖူးပွင့်နေခဲ့ပါသည်။ သူမက ကျိုးအန်းကို နှုတ်ဆက်လိုက်သည်။ “ ဒီကို ဘာလို့ အစောကြီး ရောက်လာတာလဲ အစ်ကိုအန်း။ ”
ကျိုးအန်းက ချန်ကျင်းချွမ်နှင့် ရွယ်တူပဲ ဖြစ်ကာ မူကြိုကတည်းက ခင်လာကြတဲ့ သူငယ်ချင်း အရင်းကြီးတွေ ဖြစ်၏။
ကျိုးအန်းက ပြုံးကာ မတ်တပ်ရပ်ရင်း နောက်တာ တစ်ဝက် ၊ အတည် တစ်ဝက် ပြောလိုက်သည်။ “ ဘော့စ်ချန်အတွက် စီးပွားရေး အခွင့်အလမ်းတွေ ယူလာပေးဖို့ အစောကြီး ရောက်လာခဲ့တာပါဗျာ။ ”
သူက ချန်ကျင်းလန်နှင့် သူ့ဘေးမှာ ရပ်နေသူကို အရင်ဆုံး မိတ်ဆက်ပေးလိုက်သည်။ “ ဒါက ရှောက်ချန်းကျယ် တဲ့။ ” ထို့နောက် ရှောက်ချန်းကျယ်ရဲ့ ပခုံးကို ပုတ်လိုက်၏။ “ ဒါကတော့ လန်ကျိုးရဲ့ အထွေထွေ မန်နေဂျာ ချန်ကျင်းလန်ပဲ။ ”
ရှောက်ချန်းကျယ်က သူတို့ နှစ်ယောက် အခုမှ ပထမဆုံးအကြိမ် တွေ့ဖူးသလို ပုံစံဖြင့် စီးပွားရေးလောကရဲ့ ကျင့်ဝတ်ထုံးတမ်း ဖြစ်တဲ့ လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းပေးလိုက်၏။ “ မင်္ဂလာပါ မိန်းကလေးချန်။ ကျွန်တော်က ရှောက်ချန်းကျယ်ပါ။ ”
ချန်ကျင်းလန်က ခေါင်း တစ်ချက် ဆတ်ရုံသာ ဆတ်ပြပြီး လက်ဆွဲမနှုတ်ဆက်ခဲ့။ ဒါပေမဲ့ သူမရဲ့ မျက်နှာကတော့ အပြုံးမပျက် တည်ငြိမ်နေဆဲပင်။ “ လူကြီးမင်းရှောက်က ဟန်ဆောင်ကောင်းသားပဲနော်။ ”
ကျိုးအန်းက သူတို့ကြားမှာ အစပျိုးလာတဲ့ မုန်တိုင်းကို မြင်တော့ စကားတွေ ရှည်ရှည်ဝေးဝေး ပြောမနေတော့ဘဲ လိုရင်းကိုသာ တန်းပြောလိုက်သည်။ “ ငါတို့ရဲ့ ချန်းယွင်က ဧည့်ခံပွဲ တစ်ပွဲကို ချင်းမြောင်နဲ့ တွဲဖက်ကျင်းပချင်တာပါ။ ဇွန်လ အစပိုင်းလောက်မှာ လုပ်မယ်လို့တော့ အကြမ်းဖျင်း လျာထားတယ် ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေကလည်း တော်တော်လေး အရေးကြီးတဲ့ ဧည့်သည်တွေမို့လို့ ဝန်ဆောင်မှုကလည်း အပျံစား ဖြစ်နေမှ ရမှာ။ ပြီးတော့ အချိန်ကလည်း တအား ကပ်နေပြီ ဆိုတော့ ငါတို့က အဲ့ဒီ ဧည့်ခံပွဲကို လန်ချွမ်းမှာ ကျင်းပချင်လို့ ဘော့စ်ချန်ဘက်က စီစဉ်ပေးနိုင်မလား ဆိုတာ သိချင်လို့ပါ။ ”
အဲ့ဒါက သူဌေးကိုယ်တိုင် လာပြောရလောက်တဲ့ထိ ကြီးမားတဲ့ ကိစ္စမျိုး မဟုတ်ပါ။ သူမဟိုတယ်အတွက် ပိုက်ဆံရမယ့် ကိစ္စမို့ သဘာဝကျစွာပင် ချန်ကျင်းလန်ကလည်း ငြင်းဆန်မှာ မဟုတ်။
“ ရတာပေါ့ အစ်ကိုကျိုးအန်းရဲ့ ၊ ဘာမှ ပြဿနာမရှိဘူး။ ဒါဆို ခဏနေရင် ယိချန်းနဲ့ ဂျွန်ကို အစ်ကို လိုချင်တဲ့ အသေးစိတ် အချက်အလက်တွေ ပြောပြလိုက်နော်။ ”
“ ဂျွန်က တခြား အလုပ်တွေနဲ့ အလုပ်ရှုပ်နေတယ်။ ဒီတစ်ခေါက် ဧည့်ခံပွဲ ကျင်းပမယ့် ကိစ္စမှာ ချင်းမြောင် လုပ်ငန်းစုက ငါတို့ထက် ပိုအဓိကကျတယ်။ ဘော့စ်ချန်ကို လူကြီးမင်းရှောက်ကပဲ အသေးစိတ် အချက်အလက်တွေ ရှင်းပြပါလိမ့်မယ်။ ငါ ဒီနေ့မနက် အိမ်ကနေ လောလော လောလောနဲ့ ထွက်လာရတာ ဆိုတော့ မနက်စာတောင် မစားခဲ့ရဘူး။ အရမ်း ဗိုက်ဆာနေပြီ။ ” ကျိုးအန်းက ထိုစကားကို ပြောပြီးသည်နှင့် ချန်ကျင်းလန်ရဲ့ မျက်နှာကို မကြည့်တော့ဘဲ ထန်ယိချန်းကို အတင်း ခေါ်ထုတ်သွားလိုက်သည်။ “ ငါ့ကို တစ်ခုခု စားလို့ ရတဲ့ နေရာဆီ ခေါ်သွားပေးဖို့ လက်ထောက်ထန်ကိုပဲ အလုပ်ရှုပ်ခိုင်းရဦးမယ်။ ”
သူ့ကို ရှောက်ချန်းကျယ်က မနက် အစောကြီး ဒီလို ကိစ္စမျိုး လုပ်ခိုင်းဖို့ ဘယ်လိုလုပ် လွယ်လွယ်လေး ခေါ်လာနိုင်ရတာလဲ။ ချန်မိသားစုနဲ့ ရှောက်မိသားစုကြားမှာ အတိတ်က ပတ်သက်မှုတွေ ရှိတယ် ဆိုတာကိုရော သူ သိရဲ့လား။ မိသားစု နှစ်စုလုံးက သေတဲ့ အချိန်ထိ အချင်းချင်းရဲ့ မျက်နှာကို မမြင်ချင်ဘူး ဆိုတာကိုရော သူ တွေးမိရဲ့လား။
တကယ်လို့ ရှောက်ချန်းကျယ်နှင့် အလုပ် လုပ်နေတဲ အစ်ကိုကျိုးအန်းအကြောင်းကို ချန်ကျရ်းချွမ် သိသွားလျှင် သူ့ကို အရှင်လတ်လတ် အရေခွံနွှာပစ်မှာ ဖြစ်သည်။ သူ့ကို အကျိုးအမြတ်ရဲ့ ၃ % အား ခွဲပေးမည် ဟူသော ရှောက်မိသားစုရဲ့ ပရောဂျက် အသစ်ကြောင့်သာ မဟုတ်လျှင် ဒီလို ဉာဏ်နီဉာဏ်နက်မျိုးကို သူ ထုတ်သုံးမှာ မဟုတ်ပါ။
အစည်းအဝေးခန်းထဲသာ ကျန်ခဲ့သည်။ ချန်ကျင်းလန်က သူမရဲ့ အိတ်ကို စားပွဲပေါ် ပစ်တင်လိုက်၏။ အိတ်ရဲ့ သတ္ထုကြိုးလေးနှင့် စားပွဲမျက်နှာပြင် ထိခတ်သံက ချွမ်ခနဲ ထွက်ပေါ်လာကာ အိတ်ပိုင်ရှင်းရဲ့ သည်းခံနိုင်မှုက နောက်ဆုံး အတိုင်းအတာကို ရောက်သွားပြီ ဖြစ်ကြောင်း ဖော်ပြနေလေသည်။
“ ရှင် ဘာလုပ်ချင်နေတာလဲ။ ”
ဒီလောက် အလုပ်ရှုပ်ခံပြီး ကျိုးအန်းကိုပါ ခေါ်လာရလောက်တဲ့ထိ သူမတို့ နှစ်ယောက်ကြားမှာ ဘာပြောစရာတွေ ကျန်သေးလို့လဲ ဆိုတာ ချန်ကျင်းလန် နားမလည်ပါ။
ရှောက်ချန်းကျယ် လုပ်ချင်တဲ့ ကိစ္စတွေ အများကြီး ရှိပေမဲ့ လောလောဆယ်မှာတော့ သူ့အပေါ် ချန်ကျင်းလန် မြင်နေတဲ့ အမြင်ကိုပဲ အရင်ဆုံး ဖြေရှင်းရပါမည်။ သူ့စကားတွေက မယုံကြည်နိုင်စရာကောင်းနေလျှင်တောင် မပြောဘဲ ဒီတိုင်း နေလို့ မဖြစ်။
“ ကိုယ် အခု မင်းကို ဘာစကားတွေပဲပြောပြော ၊ မင်း ယုံမှာ မဟုတ်မှန်း သိပါတယ်။ ဒါပေမဲ့ ကိုယ် ဒီနေ့ ဒီအချိန်ထိ ရှင်သန်လာခဲ့တဲ့ နှစ် ( ၃၀ ) နီးပါးမှာ မင်းနဲ့ပဲ အဲ့လို အခိုက်အတန့်မျိုး ရှိခဲ့တာ။ မင်းနဲ့ မတိုင်ခင်တုန်းကရော ၊ မင်းနဲ့ ဝေးသွားတဲ့ နောက်ပိုင်းရော ဘယ်မိန်းကလေးနဲ့မှ နီးစပ်အောင် ကြိုးစားဖို့ ကိုယ် မတွေးဖူးဘူး။ ကိုယ်က ရှောက်မိသားစုကပါလို့ အစကတည်းက မပြောခဲ့ဘူး ဆိုတာကို ဝန်ခံပါတယ် ၊ ဒါပေမဲ့ အဲ့ဒါက မင်းကို လှည့်စားချင်လို့ မဟုတ်ဘဲ ကိုယ့်ဆီမှာ လွဲမှားနေတဲ့ မျှော်လင့်ချက်တွေ ရှိနေလို့ပါ။ ကိုယ်တို့ နှစ်ယောက်ကြားက ဆက်ဆံရေးကို မျိုးရိုးနာမည်လေး တစ်ခုကြောင့်နဲ့ မပြတ်တောက်စေချင်ခဲ့ဘူး။ ”
“ မင်းကို အသုံးချဖို့ ၊ ဒါမှမဟုတ် ကိုယ်တို့ဆက်ဆံရေးကို အသုံးချပြီး တစ်ခုခု လုပ်ဖို့ ကိုယ် ဘယ်တော့မှ မတွေးဖူးတာပါ။ ကိုယ် သခင်ကြီးကို အခုအချိန်ထိ သဘောမကျရင်တောင် ၊ အခုအချိန်ထိ သူနဲ့ ပြဿနာတွေ ရှိနေသေးရင်တောင် သူ့ကို မုန်းတဲ့ စိတ်နဲ့ ကိုယ့်ခံစားချက်တွေကို ဘယ်တော့မှ ချမနင်းတော့ပါဘူး။ သူက အဲ့လောက်ထိ မထိုက်တန်ဘူး ၊ ကိုယ်ကလည်း အဲ့လောက် မတုံးဘူး။ ”
“ တကယ်တော့ ကိုယ့်အတွက် ရှောက်ကော်ပိုရေးရှင်းက အဲ့လောက် အရေးမပါ,ပါဘူး။ တစ်ချိန်တုန်းက ကိုယ့်ရဲ့ ဒုတိယဦးလေးနဲ့ ကိငယ် ဘာလို့ ယှဉ်ပြိုင်ချင်ခဲ့တာလဲ ဆိုရင် ပထမဆုံး အကြောင်းပြချက်ကတော့ ကိုယ့်အဖေ ထားခဲ့တဲ့ သေတမ်းစာကြောင့်ပဲ။ သေတမ်းစာထဲမှာ ရှောက်ကော်ပိုရေးရှင်းကို ကိုယ့်အဘွားနဲ့ သခင်ကြီးက အတူတူ တည်ထောင်ခဲ့တာမို့လို့ တခြား လူတွေလက်ထဲ ရောက်သွားတာမျိုး မဖြစ်သင့်ဘူးလို့ ပြောထားတယ်။ ဒုတိယ အကြောင်းပြချက်ကတော့ ရှောက်မိသားစုမှာ အရေးပါတဲ့ လူ တစ်ယောက် ဖြစ်လာမှသာ မင်းအဖေရှေ့မှာ ရပ်ပြီး ကိုယ်တို့ မိသားစု နှစ်စုကြားက ရန်ငြိုးတွေနဲ့ ကိုယ်တို့ရဲ့ အနာဂတ်အကြောင်းကို ဆွေးနွေးနိုင်မှာမို့လို့။ ”
“ အဲ့နေ့မနက်တုန်းက ကိစ္စကို ရှင်းပြရမယ် ဆိုရင်တော့ ကိုယ့်အတွက် လုံးဝ အရေးမပါတဲ့ လူ တစ်ယောက်အတွက်နဲ့ ကိုယ့်ခံစားချက်တွေကို မျိုသိပ်ပြီး သူ ပြောတဲ့ စကားတွေကို နားထောင်စရာ မလိုဘူးလေ။ သူကလည်း ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး။ ကိုယ် မိန်းကလေး တစ်ယောက်ကို လိုက်တယ် ဆိုရင် အဲ့ဒါက ကိုယ် သူမကို သဘောကျလို့ ၊ ပြီးတော့ သူမရဲ့ အာရုံစိုက်မှုကို လိုချင်လို့။ အောင်မြင်တာတွေ ၊ ကျရှုံးတာတွေနဲ့ ဘာမှ မဆိုင်ဘူး။ ”
လေထုက အပ်ကျသံပင် ကြားရလောက်အောင် သိပ်သည်းတိတ်ဆိတ်သွားသည်။
နှစ်ပေါင်းများစွာ ကြာသည်ထိ သူကပဲ လူတွေကို အမိန့်ပေးလာတာ ဖြစ်ကာ သူ့ဘက်က ရှင်းပြတယ် ဆိုတာ တကယ့်ကို ရှားသည်။ ဒီလိုမျိုး စကားတွေ အများကြီး ပြောပြီး ဝန်ခံဖို့ ဆိုတာကတော့ ဝေလာဝေး။ သို့သော် သူ ပြောနေချိန်မှာတော့ လူ တစ်ယောက်ကို သူ့ဘက်က ရှင်းပြနေတာပါလားလို့ မခံစားရဘဲ ပြောပြီးသွားတော့မှသာ အတော်လေး စိတ်မသက်မသာ ခံစားလိုက်ရလေသည်။ ကုလားထိုင်နောက်မှီကို သူ အလိုလို ဆုပ်ကိုင်လိုက်သည်။
ချန်ကျင်းလန်က တင်းမာသော မျက်နှာသေဖြင့် သူ့ရှေ့မှာ ထိုင်နေခဲ့သည်။
အဲ့ဒါက ကြိုမျှော်လင့်ထားလို့ ရတဲ့ တုံ့ပြန်မှုပါပဲ။
ရှောက်ချန်းကျယ်ကလည်း အရှုပ်အထွေးတွေ ၊ ပြဿနာတွေကို အလောတကြီး ဖြေရှင်းမိသွားသည်။ ဇာတ်လမ်းဟောင်းတွေထဲမှာ အစိုင်အခဲတွေ အများကြီး ရှိနေတာမို့ ဖြည်းဖြည်းချင်း ချေဖျက်သွားမှသာ နေရောင်ခြည်ကို ပြန်နိုင်မှာပင်။
တချို့ ကိစ္စတွေဟာ လောမကြီးဘဲ အချိန်ယူပြီး ဖြည်းဖြည်းချင်း အေးဆေးသေချာစွာ ဖြေရှင်းသွားရတာမျိုး။
***