အခန်း ၂၇
Vol. 3 Ch. 27
အပိုင်း ( ၂၇ )
ထန်ယိချန်းရဲ့ ဘဝဟာ အခုတလော အတော်လေး ကြမ်းတမ်းနေ၏။ အမှန်အတိုင်း ဝန်ခံရလျှင် ကြမ်းတမ်းတာ တစ်မျိုးတည်းတင် မဟုတ်ဘဲ စိတ်ပင်ပန်းစရာကောင်းတာလည်း ပါသည်။
အဓိက အကြောင်းပြချက်ကတော့ ချန်းယွင်ဘက်က စီစဉ်နေတဲ့ ဧည့်ခံပွဲကြောင့်ပါပဲ။
တကယ်တော့ အဲ့ဒါက ပြဿနာကြီး တစ်ခု မဟုတ်ပါ။ အတိုင်းအတာအားဖြင့် ပြောရလျှင် လန်ကျိုးက ဒီပွဲထက်တောင် ပိုကြီးကျယ်တဲ့ အစည်းအဝေးတွေ ၊ ဧည့်ခံပွဲတွေ အများကြီးကို စီစဉ်ပေးခဲ့ဖူးသည်။ အချိန်က အရမ်း ကပ်နေလို့လားဟု ပြောလို့ ရပေမဲ့ ဒီလောက်တောင် ပြင်ဆင်ချိန် မရခဲ့တဲ့ ပွဲတွေ အများကြီး ရှိပါသည်။ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တွေဟာ သူတို့ရဲ့ ကာစတန်မာတွေက ဘယ်လို လိုအပ်ချက်မျိုးကိုပဲ တောင်းဆိုပါစေ ၊ ဝန်ဆောင်မှုကို အပြည့်အဝ အားစိုက်လေ့ ရှိသည်။ အလုပ်ပိတဲ့ ဒဏ်ကို နှစ်ပေါင်းများစွာကြာအောင် ခံပြီးတဲ့နောက်မှာ လန်ကျိုးရဲ့ ပွဲစီစဉ်သည့် ဌာနသည် မုန်တိုင်း မျိုးစုံကို မြင်တွေ့ခဲ့ဖူးပြီမို့ ဧည့်ခံပွဲ အသေးစားလေး တစ်ပွဲလောက်က သူတို့ကို စိတ်ဖိစီးအောင် မလုပ်နိုင်တော့ပါ။
အခုလည်း သူတို့ စိတ်ဖိစီးနေတာ မဟုတ်ပေမဲ့ ယာယီ ဖွဲ့စည်းထားတဲ့ ဝန်ထမ်းအဖွဲ့ထဲကို ရောက်လာပြီး ဘာစကားမှ မပြောဘဲ တိတ်ဆိတ်နေသည့် ဘော့စ် သုံးယောက်ကြောင့် သူတို့ရဲ့ ခေါင်းပေါ်မှာ အချိန်မရွေး ပြုတ်ကျလာနိုင်တဲ့ ဓား တစ်လက်ကို ကြိုးချည်ပြီး ချိတ်ထားသလို ခံစားနေရတာပါ။
ထိုကိစ္စကို ရှင်းပြဖို့ ဆိုလျှင် ချန်းယွင်ရဲ့ ဒါရိုက်တာကျိုးကို ထန်းယိချန်း စားသောက်ဆိုင်ခေါ်သွားကာ သူ့အတွက် အထူး ဝန်ထမ်း တစ်ယောက် စီစဉ်ပေးပြီးမှ အပေါ်ထပ် ရုံးခန်းကို ပြန်သွားခဲ့တဲ့ ၊ လွနဲ့တဲ့ ရက် အနည်းငယ်ဆီ နောက်ကြောင်းပြန်ရလိမ့်မည်။ ဒါရိုက်တာကျိုးက ထန်ယိချန်းကို အစည်းအဝေးခန်းထဲကနေသာ ခေါ်ထုတ်လာချင်တာသာ ဖြစ်ကာ သူနှင့် မနက်စာ အတူ စားဖို့ စိတ်ကူးမရှိပါ။
ထန်းယိချန်း သူ့စားပွဲမှာ ဖင်ပူအောင်ပင် မထိုင်ရသေးခင်မှာပဲ အစည်းအဝေးခန်းတံခါးလေး ပွင့်သွားပြီး ဘော့စ်ချန် ထွက်လာတာကို မြင်လိုက်ရ၏။ သူမရဲ့ ဒေါက်မြင့်ဖိနပ်တွေက အမွှေးပွကော်ဇော ခပ်ထူထူထဲမှာ ဘာသံမှ မထွက်ဘဲ နစ်မြုပ်နေပြီး သူမရဲ့ မျက်နှာကတော့ ထုံးစံအတိုင်း တည်ငြိမ်နေခဲ့သည်။ ထန်ယိချန်းက အဲ့ဒါကို ကြည့်ပြီး သူတို့ နှစ်ယောက် စကားပြောတာ ချောချောမွေ့မွေ့ပဲ ပြီးသွားတာ ဖြစ်ရမည်ဟု တွေးလိုက်လေသည်။
“ ရှောက်ကျုံးနဲ့ သူ လိုချင်တဲ့ ပုံစံကို အသေးစိတ် ဆွေးနွေးခိုင်းဖို့ ဧည့်ခံပွဲဌာနက လူတွေကို ခေါ်လိုက်ပါ။ ” ဟု ချန်ကျင်းလန်က ပြောပြီး သူ့ရှေ့မှာ ရပ်လိုက်သည်။
“ ဟုတ်ကဲ့ပါ ဒါရိုက်တာချန်။ ” ဟု ထန်ယိချန်းက ပြန်ပြောလိုက်၏။ သူ့မျက်လုံးတွေကတော့ ပိုက်ဆံအိတ်ကြိုးကို ခပ်တင်းတင်း ဆုပ်ကိုင်ထားသည့် ဒါရိုက်တာချန်ရဲ့ လက်ချောင်း သွယ်သွယ်ဖြူဖြူလေးတွေကို အမှတ်တမဲ့ မြင်သွားသည်။ ကိစ္စတွေက ချောချောမွေ့မွေ့ ပြီးသွားခဲ့တာ မဟုတ်ကြောင်း ထန်ယိချန်း နားလည်သွား၏။
ဒါရိုက်တာချန်က ဝန်ထမ်းတွေနှင့် အမြဲ ခပ်တန်းတန်း နေတတ်ပေမဲ့ သူမရဲ့ အလုပ် လုပ်တဲ့ အရည်အချင်းတွေကတော့ လက်ဖျားခါလောက်ပါသည်။ ပြီးတော့ သူမက စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်း အလွန် ကောင်းကာ စိတ် တသမတ်တည်း ရှိသော အမျိုးသမီး တစ်ယောက် ဖြစ်သည်။ လူတောထဲ ဝင်ပြီး အလုပ် စလုပ်တော့မှ ဒီလို စိတ် တသမတ်တည်း ရှိတဲ့ အလုပ်ရှင်ကို ရထားတာ ဘယ်လောက် ကံကောင်းလဲ ဆိုတာကို သူ နားလည်သွားခဲ့သည်။
သို့သော်လည်း လူ တစ်ယောက်ဟာ ဘယ်လောက်ပဲ စိတ် တသမတ်တည်း ရှိပါစေ ၊ အပေါ်ယံမှာ သိပ်မသိသာပေမဲဘ စိတ်ထဲမှာ တက်လိုက် ကျလိုက် ဖြစ်နိုင်တဲ့ မတည်မငြိမ် အခိုက်အတန့်တွေ အမြဲတမ်း ရှိတတ်ပါသည်။ ဒါရိုက်တာချန်နှင့် ( ၂ ) နှစ် ၊ ( ၃ ) နှစ်လောက် လက်တွဲ အလုပ် လုပ်ပြီးပြီမို့ သူမရဲ့ အမူအကျင့်လေးတွေနှင့် ထန်ယိချန်း အတော်လေး ကျင့်သားရနေပြီ ဖြစ်သည်။
သူမရဲ့ စိတ်ထဲမှာ တစ်ခုခုကို စိတ်ပျက် ဒေါသထွက်တိုင်း သူမကိုယ်သူမ သတိမထားမိခင်မှာပဲ သူမရဲ့ လက်က စားပွဲကို အလိုလို တဒေါက်ဒေါက် ခေါက်နေတတ်သည်။ အစည်းအဝေး လုပ်နေစဉ် တခြားကို စိတ်ပျံ့လွင့်နေတဲ့အခါမျိုးမှာတော့ ဖန်ခွက်ကို လက်ဖြင့် ပွတ်သပ်နေတတ်ကာ တစ်စုံတစ်ယောက်ကို အလွန် စိတ်ပျက်နေသော်လည်း သည်းခံရမည့် အချိန်မျိုးမှာဆို သူမရဲ့ အပြုံးက ပိုလို့တောင် ချိုမြိန်သွားတတ်လေသည်။ အမြင်အရသာ တစ်ဖက်လူစကားကို သူမ သေချာ နားထောင်နေပုံပါ်ပေမဲ့ တကယ်တမ်းကျ စကားလေး တစ်ခွန်းကိုတောင် နားထောင်မနေပါ။
လက်ရှိ အခြေအနေအရ သူမရဲ့ လက်ချောင်းလေးတွေ ဖြူဆွတ်နေပုံကို ထောက်လျှင် သူမ တကယ့်ကို ဒေါသထွက်နေတာ သေချာသည်။ ထိုအချက်တွေကို အကျဉ်းချုပ်လိုက်တော့ ဖြစ်နိုင်ချေ တစ်မျိုးတည်း ထွက်လာ၏။ သူမ စကားပြောတာ အဆင်မပြေခဲ့ဘူး … ။
ဧည့်ခံပွဲဌာန မန်နေဂျာကို အစည်းအဝေးခန်းထဲသို့ သူ ခေါ်လာခဲ့လိုက်သည်။ ရှောက်ကျိုးက ထိုင်ခုံပေါ်မှာ လက်တင်ထားပြီး ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့်နေသည်။ သူ့မျက်နှာပေါ်မှာ ပုံမှန်မဟုတ်တဲ့ ဘယ်အမူအရာကိုမှ မမြင်ရ။ ထန်ယိချန်းသည် ဒီနှစ်ယောက် တကယ့်ကို ကောင်းကောင်း လိုက်ဖက်တာပဲဟု စိတ်ထဲက တွေးမိသွား၏။ နှစ်ယောက်လုံးက သူတို့ရဲ့ အတွေးတွေကို မခန့်မှန်းနိုင်လောက်တဲ့အထိ ခံစားချက်တွေကို ဖုံးကွယ်တဲ့ နေရာမှာ တော်လွန်းပါသည်။
လန်ကျိုး ဧည့်ခံပွဲဌာနမှ ဝန်ထမ်းတွေနှင့် ချန်းယွင်မှ ပရောဂျက် ခေါင်းဆောင်တွေကတော့ သူတို့ကြားက အရှုပ်အထွေးတွေကို မသိပေ။ သူတို့က ဘော့စ်တွေ ကိုယ်တိုင် လာကြီးကြပ်နေတဲ့ အရေးကြီး ပရောဂျက်ကို စီစဉ်ရန် ဦးနှောက်အငွေ့ထွက်တဲ့ထိ စဉ်းစားနေခဲ့ကြသည်။ အဖွဲ့ထဲမှာ တင်ပြသမျှ အချက်အလက်တိုင်းကိုလည်း အပင်ပန်းခံ စဉ်းစားထားကြတာ ဖြစ်ကာ ဒီပရောဂျက်ထဲမှာ စိတ်ရော ၊ လူရော မြုပ်နှံထားခဲ့ကြ၏။
ချင်းမြောင် လုပ်ငန်းစုရဲ့ တာဝန်ရှိပုဂ္ဂိုလ် ဝူလင်လင်ကလည်း စိုးရိမ်နေခဲ့ပေမဲ့ သူမရဲ့ ဘော့စ် အဲလက်စ်က ဒီအလုပ်ကို သူမအား လွှဲပြောင်းပေးခဲ့တာမို့ စိတ်လှုပ်ရှားတဲ့ ခံစားချက်က ပိုများသည်။ သူမဘော့စ် ပြောလိုက်တဲ့ စကား တစ်ခွန်းလည်း ရှိပါသေးတယ် .. ဘာတဲ့ .. ။ ဒီပရောဂျက်က သူမတို့ဥက္ကဌရဲ့ လက်ကျန် ဘဝသက်တမ်းတစ်ဝက်စာ ပျော်ရွှင်မှုနှင့် သက်ဆိုင်နေတယ် ဆိုပဲ။
ဝူလင်လင်ကတော့ သူမတို့ရဲ့ ဥက္ကဌဟာ ဘယ်သူမှ အနားမကပ်ရဲတဲ့ အေးစက်စက် မျက်နှာကြီးကြောင့် သူ့ရဲ့ ကျန်ရှိနေတဲ့ ဘဝသက်တမ်းမှာလည်း တစ်ယောက်တည်း သေသွားရလိမ့်မည် ဟူ၍သာ ထင်ထားခဲ့တာ ဖြစ်သည်။ အဖွဲ့ထဲမှာ ရှိနေသူတိုင်းရဲ့ မျက်နှာတွေကို သေချာ စူးစမ်းကြည့်ခဲ့ပေမဲ့ ဘယ်သူက သူမရဲ့ ဥက္ကဌအတွက် ပျော်ရွှင်မှုတွေ ယူဆောင်လာပေးမှာလဲ ဆိုတာကို အဖြေမရှာနိုင်သေးပေ။
ချန်ကျင်းလန်က ကုလားထိုင်ကို ခပ်လျော့လျော့ မှီထိုင်ရင်း အတွေးထဲ နစ်မြုပ်နေခဲ့သည်။ မေလရဲ့ ရာသီဥတုက နွေရာသီ အလယ်ပိုင်းလို ဖြစ်နေပါပြီ။ အပြင်ဘက်က နေရောင်က အလွန် ပူပြင်းကာ မျက်စိကျိန်းစဖယ် စူးတောက်နေ၏။ သူမ အခုတလော ကောင်းကောင်း အိပ်မပျော်ပါ။ ညဆို အိပ်မက်တွေ အများကြီး မက်ပေမဲ့ နိုးလာရင်တော့ ဘာမှ မမှတ်မိ။ အိပ်ရေးမဝ၍ ပင်ပန်းနေကာ ကော်ဖီကတောင် သူမကို မတက်ကြွစေနိုင်တော့ပါ။
အဲ့ဒီနေ့တုန်းက သူ ပြောခဲ့တဲ့ စကားတွေကို နားထောင်ပြီး သူ့ရဲ့ မှုန်မှိုင်းဝေသီသော မျက်လုံးတွေထဲကို စိုက်ကြည့်အပြီးတွင်း သူမနှလုံးသားထဲမှာ ဒေါသတွေ ရုတ်တရက် ဆူဝေလာခဲ့သည်။ သုမကိုယ်သူမ အမှန်တရားကို လက်ခံနိုင်ဖို့ အကြာကြီး ကြိုးစားခဲ့ရတာ ၊ သူက အခုမှ လာပြီး သူမ သိထားတဲ့ အမှန်တရားက မှားယွင်းနေတာပါလို့ လာပြောနေတာလေ … ။
သူ့နှုတ်က ထွက်လာတဲ့ စကားလုံးတိုင်းကို သူ့စိတ်ကြိုက် လုပ်ကြံလီဆယ်ပြီး ပြောလို့ ရသည်။ သူ ဒီလောက် စကားပြောကောင်းမှန်း သူမ မသိခဲ့ပေ။ အရင်တုန်းက သူမတို့ တွဲခဲ့တုန်းက သူက အမြဲလိုလို စကားပြောနည်းသည်။
သူမ အစည်းအဝေးခန်းထဲကနေ ထွက်လာပြီး သူ့စကားတွေကို မယုံကြည်ဖို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောနေမိသည်။ သူ လန်ကျိုးမှာ နောက်ထပ် ဧည့်ခံပွဲ ဆယ်ပွဲလောက် လုပ်ဖို့ ရောက်လာလျှင်တောင် ကိစ္စမရှိ။ အလုပ်ကိစ္စကို ဝန်ထမ်းတွေကပဲ ကိုင်တွယ်သွားမှာမို့ သူမ သူနှင့် ဘာမှ ထပ်တွေ့စရာ အကြောင်း မရှိ။
သူမရဲ့ ဖုန်းက စားပွဲပေါ်မှာ တုန်ခါနေပေမဲ့ ချန်ကျင်းလန်သည် ဘယ်သူ ဆက်တာလဲ ဆိုတာကို ယူမကြည့်ဘဲ ဒီတိုင်း ပစ်ထားလိုက်၏။ သူမ နည်းနည်းလေး ပျင်းနေ၍ ဖုန်းမကိုင်ချင်ပါ။ ဒီနေ့က သူမ ဓမ္မတာလာနေတာ ဒုတိယမြောက်နေ့မို့ ဗိုက်ထဲမှာ မအီမသာ ခံစားနေရပြီး ရေနွေးပူနှင့်တောင် ထိုခံစားချက်ကို လျော့ပါးသွားအောင် လုပ်လို့ မရ။ သူမက ဆေးသောက်နေကျလည်း မဟုတ်။
ဖုန်းရဲ့ တုန်ခါမှုက တစ်စက္ကန့်လောက် ရပ်တန့်သွားပြီးနောက် နောက်တစ်ခေါက် ထပ်မံ တုန်ခါလာပြန်သည်။ ချန်လီချီရဲ့ ဆရာမက တစ်ခုခု ပြောချင်တာ ရှိလို့ ဆက်လိုက်တဲ့ ဖုန်းကောလ် ဖြစ်နေမှာ စိုး၍ ဖုန်းကိုင်လိုက်တော့ ကျန်းမန် ဖြစ်နေသည်။
“ မဆိုးပါဘူး ၊ နင် ငါ့ကို ဖုန်းဆက်ဖို့တော့ သတိရသေးသားပဲ။ ငါက နင့်ကို နင့်ယောက်ျား ရဲ့အချစ်နွံထဲကနေ ရုန်းမထွက်နိုင်ဘဲ ပိတ်မိနေပြီလို့ ထင်နေတာ။ ” ဟု ချန်ကျင်းလျန်က ပျင်းရိစွာ ရွတ်နောက်နောက် ပြောလိုက်သည်။
ကျန်းမန်က ချန်ကျင်းလန်နှင့် ကောလိပ်တုန်းက ခင်ခဲ့တဲ့ အတန်းဖော် တစ်ယောက်ပါ။ ချန်ကျင်းလန်က နိုင်ငံခြားထက် တရုတ်နိုင်ငံကိုသာ ပိုသဘောကျ၍ နိုင်ငံခြားမှာ ကျောင်းမတက်ဘဲ ပြည်တွင်း ကောလိပ် တစ်ခုမှာသာ တက်ခဲ့လေသည်။ သူမက တစ်ယောက်တည်း နေရတာကိုပဲ သဘောကျကာ လူသစ်တွေနှင့် သူငယ်ချင်းဖွဲ့ရတာကိုလည်း မကြိုက်ဘဲ အေးစက်စက်နိုင်ပေမဲ့ ကျန်းမန်ရဲ့ နွေးထွေးဖော်ရွေတဲ့ စိတ်ထားကိုတော့ မခုခံနိုင်ခဲ့။ ကျန်းမန်က ချန်ကျင်းလန်နှင့် ကောလိပ်တုန်းက ခင်မင်ရင်းနှီးခဲ့တဲ့ လက်တစ်ဆုပ်စာ သူငယ်ချင်းလေးတွေထဲမှ တစ်ယောက်ပင်။ သူမက ဒီနှစ်စပိုင်းမှာမှ လက်ထပ်ထားတာမို့ လက်တလောမှာ ဟန်နီးမွန်းထွက်နေတုန်းပဲ ရှိသေးသည်။
ကျန်းမန်က ရယ်မောလိုက်သည်။ “ ငါ နင့်ကို လွမ်းလို့ ဖုန်းဆက်လိုက်တာပေါ့။ ငါ့ယောက်ျားက ငါ့ကို ဘယ်လောက်ပဲ ချစ်ပြီး ဂရုစိုက်ပေး,ပေး ၊ ငါ့ညီမလေးလောက်တော့ အရေးပါမလား။ ”
ချန်ကျင်းလန်က သူမရဲ့ ပေါက်ကရ စကားတွေကို နှာခေါင်းရှုံ့လိုက်သည်။ “ ကဲပါ ၊ ဘာပြောစရာ ရှိလို့လဲ။ နင့်မှာ အခုလောလောဆယ် ဘာကိစ္စမှ မရှိရင် ငါ့ကို ဖုန်းဆက်ဖို့ တွေးမှာ မဟုတ်ဘူး။ ”
ကျန်းမန်က ကွေ့ဝိုက်မနေဘဲ တည့်တိုး ပြောလိုက်သည်။ သူမ ကိုယ်ဝန်ရှိနေတာ သုံးပတ် ရှိပြီ ဖြစ်ကြောင်း ဒီနေ့ပဲ သိလာခဲ့ရတာ ဖြစ်သည်။ ဒီသတင်းကောင်းကို မျှဝေဖို့ သုံးလ မစောင့်နိုင်တော့သဖြင့် သူမ အရင်ဆုံး လုပ်တဲ့ အရာက ချန်ကျင်းလန်ကို ဖုန်းဆက်လိုက်တာပါပဲ။
ချန်ကျင်းလန် အလွန် အံ့ဩသွား၏။ ကျန်းမန် ကလေး ဘယ်လောက် ချစ်လဲ ဆိုတာ သူမ သိသည်။ ပြီးတော့ ဒီသတင်းကောင်းကြောင့် သူမရဲ့ ခန္ဓာကိုယ်ထဲမှာ မအီမသာ ဖြစ်နေတာတွေလည်း အတော်လေး လျော့ပါးသက်သာသွား၏။ သူတို့ နှစ်ယောက်သည် နာရီဝက်နီးပါးလောက် ဖုန်းပြောဖြစ်ခဲ့ကြသည်။ ဒီကိစ္စကို အရင်ကတည်းက တွေ့ကြုံဖူးပြီးသား ချန်ကျင်းလန်က ကျန်းမန်ကို ကိုယ်ဝန်ရှိနေစဉ် ဂရုစိုက်ရမည့် ကိစ္စ များစွာကို ပြောပြလိုက်ပြီး ပျို့အန်ချင်တာတို့ ၊ ဘာတို့ ဖြစ်သေးလားဟု မေးလိုက်သည်။
“ ဟင့်အင်း ၊ ဘာမှ ထူးထူးခြားခြား မဖြစ်ပါဘူး။ တစ်ခါတလေ ဆိုရင်တော့ အစားအသောက် တစ်မျိုးမျိုးကို အရမ်း ချဉ်ခြင်းတက်တယ်။ နင် မှတ်မိသေးလား ၊ ငါတို့ ပထမနှစ် ဆောင်းရာသီ ကျောင်းပိတ်ရက်တုန်းက ငါ နင်နဲ့ အိမ်ကို လိုက်သွားတော့ နင်က ငါ့ကို ကိုယ်ပိုင် မီးဖိုချောင် တစ်ခုမှာ မုန့်လိုက်ကျွေးတာလေ ၊ အဲ့ဒီတုန်းက ငါက ရှစ်ရမ်ကို ဖွင့်ပြောဖို့ လုပ်နေပေမဲ့ မအောင်မြင်ခဲ့ဘူးမို့လား။ ငါတို့ အဲ့မှာ ဝက်သား အစပ်ကြော် စားခဲ့ကြတယ်လေ ၊ အခု ငါ အဲ့ဒါကို ရုတ်တရက်ကြီး စားချင်နေတယ်။ ထူးဆန်းလိုက်တာ ၊ နှစ်တွေ အများကြီး ကြာသွားတာတောင် ငါ အဲ့အရသာကို မှတ်မိနေတုန်းပဲ။ ” သူမ အသည်းကွဲချင်ယောင်ဆောင်လိုက်၏။ “ ရှစ်ရမ်က ငါ့နှလုံးသားထဲမှာ ဒဏ်ရာနက်အောင် လုပ်သွားခဲ့လို့ ထင်တယ်နော်။ ”
သူမ နောက်ဆုံး ပြောသွားတဲ့ စကားက နောက်နေတာ ဆိုတာကို ချန်ကျင်းလန် သိသည်။ “ နင် အဲ့စကား ပြောတာကို နင့်ယောက်ျား မကြားစေနဲ့ ၊ ကြားသွားရင် အဝါရောင်မြစ်ကြီး မြစ်ရေတက်လာပြီး တစ်မြို့လုံး ရေလွှမ်းတဲ့အထိ သဝန်တိုသွားလိမ့်မယ်။ ”
“ နင် အဲ့ဟင်းကို စားချင်ရင် လွယ်ပါတယ်။ သူတို့က ကိုယ်တိုင် စိုက်ထားတဲ့ ခြံထွက် ငရုတ်ကောင်းကိုပဲ သုံးတာ ၊ ငါ ဆိုင်ရှင်ဆီက ငရုတ်ကောင်း နည်းနည်းရယ် ၊ ဟင်းချက်နည်းရယ် တောင်းပြီး နင့်ဆီ ပို့လိုက်မယ်။ နင့်ယောက်ျားကို ချက်ခိုင်းပြီး သူ အဲ့အရသာအတိုင်း တစ်ပုံစံတည်း ရအောင် ချက်နိုင်မလား ဆိုတာ ကြည့်ပေါ့။ ”
“ နင် အဲ့လို လုပ်လို့ ရလား။ ” ကျန်းမန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူမ ထိုဟင်းကို ဘယ်လောက်တောင် စားချင်နေတယ် ဆိုတာ အသိအသာပင်။
“ ရတာပေါ့။ အဲ့စားသောက်ဆိုင်ကို ချန်ကျင်းချွမ်လည်း တစ်ဝက် ပိုင်တယ်လေ။ ”
ချန်ကျင်းချွမ်က အစားကောင်း အသောက်ကောင်းတွေကို သဘောကျသည်။ ကိုယ်ပိုင် စားသောက်ဆိုင် ဖွင့်ချင်ပေမဲ့ ပိုက်ဆံမရှိတဲ့ ၊ အရည်အချင်းရှိသော စားဖိုမှူးတွေနှင့် ဆုံတိုင်း သူ ကူညီပေးလေ့ရှိသည်။ ကျန်းမန် ပြောတဲ့ စားသောက်ဆိုင်က သူ အခေါက်ခေါက် အခါခါ သွားထိုင်ဖူးတဲ့ ဆိုင် ဖြစ်သည်။ အခုနောက်ပိုင်း မသွားတော့တာတော့ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။
ကျန်းမန်ရဲ့ ဖုန်းကောလ်ကြောင့်ပဲလား မပြောတတ် ၊ အဲ့ဒီည အိပ်ရာဝင်တော့ စားသောက်ဆိုင်ကို ချန်ကျင်းလန် အိပ်မက် မက်သည်။ ဒါမှမဟုတ် ထိုနေ့တုန်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို အိပ်မက် မက်တာလည်း ဖြစ်နိုင်ပါသည်။
ပထမနှစ် ဆောင်းရာသီ ကျောင်းပိတ်ရက်မှာ သူမနှင့်အတူ အိမ်ကို လိုက်လာသော ကျန်းမန်သည် လက်ဂေ့ဂ်ျကို ကြမ်းပြင်ပေါ် ချပြီးသည်နှင့် ရှစ်ရမ်ကို မြင်သွားလေသည်။ ကျန်းမန်က ရှစ်ရမ်ကို မြင်,မြင်ချင်း ချစ်မိသွားကာ နူးညံ့ပေမဲ့ တစ်ခုခုကို ဝမ်းနည်းနေသလို မှိုင်းညို့တဲ့ အငွေ့အသက်တွေ အနည်းငယ် စွန်းထင်းနေတဲ့ ရှစ်ရမ်လို ယောက်ျားလေးမျိုးဟာ သူမရဲ့ Type ပဲလို့ ချက်ချင်း ပြောခဲ့၏။
ထိုအချိန်မှာ ကျန်းကျန်းနှင့် ချန်ကျင်းချွမ်က ချစ်သူဖြစ်ခါစမို့ သဘာဝကျစွာပင် ရှစ်ရမ်က သိသိသာသာ ဝမ်းနည်းနေခဲ့ပါသည်။ ဝမ်းနည်းမှု ဆိုတာထက် အသည်းကွဲဝေဒနာကို ခံစားနေရသည်ဟု ပြောလျှင် ပိုမှန်လိမ့်မည်။
ကျန်းမန်က ရှစ်ရမ်ရဲ့ နှလုံးသားထဲမှာ တစ်စုံတစ်ယောက် ရှိနေမှန်း သိပေမဲ့ လက်မလျှော့ခဲ့။ သူမအတွက်တော့ ရှစ်ရမ်မှာ ချစ်သူ မရှိသေးသရွေ့ သူ့ကို ဆွဲဆောင်တာက တရားမျှတပါသည်။ သူမက ဒီဆောင်းရာသီ ကျောင်းပိတ်ရက်အတွင်းမှာ သူ့ကို သူမအပိုင် ဖြစ်အောင် လုပ်မည်ဟု ကြွေးကြော်ကာ စကားကြီး စကားကျယ်တွေ ပြောနေခဲ့သည်။
သို့သော်လည်း အမှန်တကယ် ဖွင့်ပြောရမည့် အချိန်ကို ရောက်လာချိန်မှာတော့ ကြောက်စိတ်ဝင်လာကာ စကားတောင် သေချာ မပြောနိုင်တော့ပေ။ ရှစ်ရမ်ကို ကျန်းမန် ပြောချင်တဲ့ စကားတွေ အကုန်လုံးကို ချန်ကျင်းလန်ကပဲ အစီအစဉ်တကျ စာစီကု ဇာတ်ညွှန်းရေးပေးခဲ့တာမို့ တကယ် အချိန်ကျလာတော့ ကျန်းမန်သည် ဘာပြောလို့ ပြောရမှန်း မသိတော့ပေ။
ကျန်းမန် ဖွင့်ပြောဖို့ အရာ အားလုံး အဆင်သင့် ဖြစ်နေခဲ့ပေမဲ့ ရှစ်ရမ်ကတော့ နောက်ဆုံး မိနစ်ကျမှ လုပ်စရာ တစ်ခု ပေါ်လာသည် ဆိုကာ ရောက်မလာခဲ့ပေ။
လုပ်စရာ ပေါ်လာတယ် ဆိုတဲ့ အကြောင်းပြချက်ကလည်း အမှန်တရားကို ဖုံးကွယ်ချင်တဲ့ ဆင်ခြေပါပဲ။ ကျန်းမန်က သူမရဲ့ ဝမ်းနည်းမှုတွေ ၊ ဒေါသတွေ အကုန်လုံးကို အစာစားချင်စိတ်အဖြစ် ပြောင်းလဲကာ ဝက်သား အစပ်ကြော် ပန်းကန်ထဲ စုပုံပစ်လိုက်သည်။ ချန်ကျင်းလန်ကိုလည်း သူမနှင့် အတင်း စားခိုင်းသည်။ ဝက်သား အစပ်ကြော် နှစ်ပန်းကန် ကုန်သွားချိန်မှာတော့ ကျန်းမန်သည် ရှစ်ရမ်ကို သူမရဲ့ စိတ်ထဲကနေ ဖယ်ရှားနိုင်ခဲ့ပြီ ဖြစ်သည်။ အချစ်အပေါ် ထားတဲ့ ကျန်းမန်ရဲ့ အတွေးအခေါ်ကတော့ ‘ ခံစားချက် ဆိုတာ မတည်မြဲတဲ့ သဘောရှိတယ် ၊ အဲ့ဒါကြောင့် ကိုယ့်ကို သဘောမကျတဲ့ လူ တစ်ယောက်ကို ဘာလို့ အသည်းအသန် တွယ်ကပ်နေရမှာလဲ ’ တဲ့။ ကမ္ဘာပေါ်မှာ ယောက်ျားလေးတွေ အများကြီး ရှိသည်။ တစ်ယောက်မကောင်း တစ်ယောက်ပြောင်းလိုက်ရုံပဲ။ အပြန်အလှန် မရှိတဲ့ စိတ်ပင်ပန်းစရာ ဆက်ဆံရေး တစ်ခုကို ဘာမှ မရမက တွယ်ကပ်နေစရာ မလိုဘူး … ။
စားသောက်ဆိုင်ထဲကနေ ထွက်လာခဲ့ချိန်မှာ သူတို့ နှစ်ယောက်လုံးရဲ့ မျက်လုံးတွေ ၊ နှာခေါင်းတွေက ပူပူစပ်စပ် အစားအသောက်တွေကြောင့် နီရဲနေခဲ့ပြီ ဖြစ်သည်။ ကျန်းမန်က အမှိုက်ပုံးရှေ့မှာ ရပ်ပြီး နှာခေါင်းကို တစ်သျှူးနှင့် သုတ်နေစဉ်မှာ ချန်ကျင်းလန်ကတော့ ကားဆီသို့ သွားနေခဲ့သည်။
သူမ အခုတလော အနက်ရောင် Audis ကားတွေကို အတော်လေး သဘောကျနေကာ တိုက်ဆိုင်စွာပင် တူညီတဲ့ ကား တစ်စီးကလည်း သူမရဲ့ ကားဘေးမှာ ရပ်ထား၏။ သူမ နောက်တစ်ခေါက် ထပ်လိုက်ကြည့်တော့ ကားတံခါးကို မှီကာ ဖုန်းပြောနေသော အမျိုးသား တစ်ယောက်ကိူ မြင်လိုက်ရသည်။
သူကလည်း သူမ ကြည့်နေတာကို အာရုံခံမိသည့်အလား လှည့်ကြည့်လာသဖြင့် စက္ကန့်ပိုင်းလောက် အကြည့်ချင်းဆုံသွားကာ ချက်ချင်းပင် ဘာမှ မထူးဆန်းသလို ကိုယ်စီ အကြည့်လွှဲလိုက်ကြသည်။
ချန်ကျင်းလန်က ကားထဲမှာ ဝင်ထိုင်လိုက်ပြီးနောက် ပြတင်းပေါက် အပြင်ဘက်ကို နောက်တစ်ခေါက် ထပ်ကြည့်လိုက်၏။ သူမအဖေရဲ့ စားပွဲပေါ်မှာ သူ့ကိုယ်ရေးရာဇဝင်ကို စုံစမ်းထားတာကို မြင်ဖူးပေမဲ့ သူမတို့ရဲ့ မိသားစု နှစ်စုကြားက ရန်ငြိုးရန်စတွေအကြောင်း ချန်ကျင်းလန် အတိအကျ မသိသလို သူမရဲ့ အဖေက ဘာလို့ သူ့အကြောင်း စုံစမ်းနေတာလဲ ဆိုတာကိုလည်း မသိပါ။ ဒါပေမဲ့ စီးပွားရေးလောကမှာ မိတ်ဆွေလည်း ရှိသည်၊ ရန်သူလည်း ရှိသည်။ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း နားလည်ထားပြီး ကိုယ့်ရန်သူအကြောင်းကို သိထားတာက ဘယ်တော့မှ မကောင်းတဲ့ ကိစ္စ တစ်ခု မဟုတ်ပါ။
ဓာတ်ပုံထဲက သူ့မျက်လုံးတွေကို သိပ်လှသည်ဟု သူမ တွေးထင်ခဲ့ဖူးပေမဲ့ သူ့ကို လူကိုယ်တိုင် မြင်လိုက်ရတော့မှ ဓာတ်ပုံ တစ်ပုံဟာ မျက်လုံး ပုံသဏ္ဍာန်ကိုသာ ဖမ်းယူနိုင်ကာ ထိုမျက်လုံးတွေထဲက စိတ်ခံစားချက်ကိုတော့ မဖမ်းယူနိုင်ကြောင်း နားလည်သွားလေသည်။
သူမတို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည့် မှတ်ဉာဏ်သည် တဖြည်းဖြည်း ဝေဝါးပျောက်ကွယ်သွားလျက် စာရွက်တွေ တဖျတ်ဖျတ် လှန်သလိုပင် မြင်ကွင်းတွေ တစ်ခုပြီး တစ်ခု ပြောင်းလဲသွား၏။ နောက်ဆုံးတော့ သူမရဲ့ စိတ်ထဲမှာ သူ့ကို ရွံရှာမုန်းတီးကြောင့် ထိတ်ခနဲ လန့်နိုးလာခဲ့သည်။
***