← Chapters

အခန်း ၂၈

Vol. 3 Ch. 28

အခန်း ၂၈

Vol. 3 Ch. 28

အပိုင်း ( ၂၈ )

ချန်ကျင်းလန် လန့်နိုးလာချိန်မှာ ချန်လီချီကတော့ အိပ်ရာနိုးနေတာ ကြာခဲ့ပါပြီ။ သူမလေးက မိခင်ဖြစ်သူဘေးမှာ လဲလျောင်းရင်း နတ်သမီးပုံပြင်စာအုပ် တစ်အုပ်ကို တိတ်တိတ်ဆိတ်ဆိတ် ဖတ်နေခဲ့သည်။ သူမအမေ နိုးလာတာကို မြင်တော့ သူမရဲ့ မျက်လုံးလေးတွေက လခြမ်းကွေးလေးတွေအဖြစ် ကွေးညွှတ်သွားကာ မိခင်ဖြစ်သူကို စကားပြောဖို့ ခေါင်းအုံးပေါ်မှာ ပြန်အိပ်လိုက်၏။ “ မေမေ အခု အိပ်နေရင်း ယောင်နေတာလားဟင်။ ”

ချန်ကျင်းလန်က သူမလေးကို ရင်ခွင်ထဲ ဆွဲဖက်ရင်း နှုတ်ခမ်းထောင့်လေးကို နမ်းလိုက်သည်။ “ မေမေ ဘာတွေ ယောင်နေတာလဲ။ ”

“ ဖေဖေ့နာမည်ကို ယောင်ပြီး ခေါ်နေတာ။ ”

ချန်ကျင်းလန် တစ်ယောက် ခဏတာ အေးခဲသွားသည်။

ချန်လီချီက သူမအမေရဲ့ မျက်နှာကို လက် နှစ်ဖက်ဖြင့် ကိုင်ပြီး မေးလိုက်၏။ “ မေမေ ဖေဖေ့ကို လွမ်းနေတာလား။ ”

“ မဟုတ်တာ ၊ မလွမ်းပါဘူးကွယ်။ အဲ့ဒါက ဒီတိုင်း အိပ်မက်ပါပဲ။ ” ချန်ကျင်းလန်က သူမလေးရဲ့ ဆံပင်တွေကို ပွတ်သပ်ပေးလိုက်သည်။

ချန်လီချီ နားမလည်ပါ။ တစ်ယောက်ယောက်အကြောင်း အိပ်မက် မက်တယ် ဆိုတာက ကိုယ် သူတို့အကြောင်းကို တွေးနေလို့ပဲ မဟုတ်လား။ အလုပ်ကိစ္စနှင့် ခရီးတွေ ထွက်နေသော သူမအမေကို လွမ်းတိုင်း အိပ်မက်တွေ မက်လေ့ရှိကာ အိပ်မက်ကနေ နိုးလာတဲ့အချိန်မှာ သူအမေကို တွေ့ရဖို့ မစောင့်နိုင်တော့ပေ။

“ သမီးကတော့ မေမေ ဖေဖေ့ကို လွမ်းနေတယ်လို့ ထင်တာပဲရယ် ၊ အဲ့ဒါကြောင့် ဖေဖေ့ကို ‌ဖုန်းဆက်ခေါ်ထားတယ်။ ”

ဧည့်ခန်းဆီမှ တံခါးဘဲလ်မြည်သံက မနက်ခင်းရဲ့ တိတ်ဆိတ်မှုကို ဖြိုခွဲပစ်လိုက်သည်။

“ ဖေဖေ ရောက်လာပြီ။ ” ချန်လီချီက တံခါးဘဲလ်မြည်သံကို ကြားတော့ အိပ်ရာပေါ်မှာ ခုန်လိုက်သည်။ “ ဖေဖေ့ကို မေမေ ကြိုက်တဲ့ ကြက်စွပ်ပြုတ်နဲ့ ပေါက်စီတွေ ယူလာခိုင်းထားတယ်။ မေမေက ပေါက်စီကို ပူပူနွေးနွေးပဲ စားရတာ ကြိုက်တော့ ဖေဖေ့ကို မြန်မြန် လာခဲ့ဖို့လည်း မှာထားတယ် ၊ ပေါက်စီတွေက အေးသွားရင် စားမကောင်းတော့ဘူးလေ။ ”

မေမေက လတိုင်း သုံး ၊ လေးရက်လောက် ဗိုက်အောင့်လေ့ရှိပြီး အဲ့ဒီလို ဗိုက်အောင့်နေတိုင်း မေပယ်လ်အဘွားရဲ့ အိမ်က ကြက်စွပ်ပြုတ်နှင့် ပေါက်စီတွေ စားရတာကို သဘောကျသည်။ ပါးစပ်ထဲကို တစ်ချက်တည်း ပစ်သွင်းလို့ ရတဲ့ ပေါက်စီ ဖောင်းဖောင်းဖြူဖြူလေးတွေ ၊ ပြီးတော့ ကြက်စွပ်ပြုတ် အရည်လေး တစ်ငုံ သောက်ပြီး ပေါက်စီကို ဗိုက်ထဲ မျှောချလိုက်ခြင်းထက် ဘယ်အရာကမှ ပိုအရသာမရှိ။ ချန်လီချီသည် အရသာအကြောင်း တွေးရင်း တံထွေးမျိုချလိုက်ကာ အိပ်ရာပေါ်က ဆင်းလိုက်၏။ ထို့နောက် တောက်ဆတ် တောက်ဆတ် ပြေးကာ ဖခင်ဖြစ်သူကို တံခါးသွားဖွင့်ပေးလိုက်သည်။

ချန်ကျင်းလန်မှာ သူမလေးကို တားချိန်တောင် မရလိုက်။ အိပ်ရာပေါ်ကနေ ဆင်းလိုက်ပြီးနောက် အပြင်မထွက်သေးဘဲ အခန်းထဲမှာပဲ ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိသည်။ အပြင်မှာ ဘာတွေ ဖြစ်နေမလဲ ဆိုတာကို တွေးပူနေမည့်အစား ၊ ဒါမှမဟုတ် သူ့ကို ချန်လီချီ ဖုန်းထဲမှာ ဘာပြောလိုက်လဲ ဆိုတာကို တွေးပူနေမည့်အစား ဒီတိုင်းလေးပဲ ဘာဖြစ်ဖြစ် ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်သည်။ ထိုအကြောင်းကို ဘာမှ ဆက်မတွေးတော့ဘဲ ရေချိုးခန်းထဲ တန်းတန်းမတ်မတ် ဝင်သွားလိုက်၏။

သူမ ပြန်ထွက်လာချိန်မှာတော့ အိမ်ထဲ ရောက်နှင့်နေပြီဟု ယူဆထားသော လူက တကယ်လည်း ရောက်နေခဲ့ပါပြီ။ ထမင်းစားခန်းထဲက ကော်ဖီသောက်သည့် စားပွဲပေါ်မှာ ခပ်ကြီးကြီး အိတ် နှစ်လုံးကို တွေ့ရသည်။ ချန်လီချီက သူမအမေ ထွက်လာတာကို မြင်တော့ ထိုအိတ်တွေကို ပျော်ရွှင်စွာ လက်ညိုးထိုးပြလိုက်၏။ “ ဟိုအိတ်ထဲမှာ မေမေ ကြိုက်တဲ့ ပေါက်စီတွေရယ် ၊ ဘွားဘွား ကြိုက်တဲ့ နှမ်းနက်နဲ့ ပုဇွန် အသားလုံးကြော်ရယ် ၊ ဘိုးဘိုး ကြိုက်တဲ့ ဖက်ထုပ်ပေါင်းတွေရယ် ၊ အန်တီချောင် ကြိုက်တဲ့ ဆီးသီးနီနဲ့ ကောက်ညှင်းကိတ်ရယ် ၊ ဦးလေး ကြိုက်တဲ့ ပင်လယ်စာ ဆန်ပြုတ်ရယ် ၊ ပြီးတော့ သမီးအကြိုက် ကြက်ဥနို့ ပေါင်မုန့်တွေရယ် ပါတယ်။ သမီး ဖေဖေ့ကို အဲ့ဒါတွေ အကုန်လုံး ဝယ်ခိုင်းထားတာ။ ”

ချန်ကျင်းလန်ရဲ့ မျက်နှာက အနည်းငယ် ဖြူဖတ်ဖြူရော် ဖြစ်နေပုံပေါ်ကာ ‌ဆံပင်တွေကို ကလစ်နှင့် လျော့ရဲရဲ ညှပ်တင်ထားသဖြင့် သူမရဲ့ မျက်နှာလေးက ပိုလို့တောင် သေးသွယ်နေသည်။ ရှောက်ချန်းကျယ်က သူ့ကို ဖုန်းထဲမှာ လီချီလေး ပြောသွားတဲ့ စကားကို ထပ်မပြောဘဲ နူးညံ့စွာ မေးလိုက်၏။ “ ‌နေမကောင်းဘူးလားဟင်။ ”

ချန်ကျင်းလန်က သူမရဲ့ ပိုက်ဆံအိတ်ကို ယူပြီး ငွေစက္ကူ တချို့ကို ထုတ်ယူလိုက်၏။ လီချီလေးက အိတ်ထဲက အစားအသောက်တွေကို ယူရင်း ဒီဘက်ကို အာရုံမစိုက်နိုင်ဘဲ အလုပ်ရှုပ်နေစဉ်မှာ သူမက သူ့လက်ထဲကို ပိုက်ဆံတွေ ထည့်ပေးလိုက်သည်။ “ လီချီ့ကို ရှင့်မှာ လုပ်စရာ အလုပ်တွေ ရှိသေးလို့ ပြန်တော့မယ်လို့ ပြောလိုက်ပါ။ ”

ရှောက်ချန်းကျယ်က လက်ကမ်းပေးသော်လည်း ပိုက်ဆံကိုတော့ မယူပါ။ သူ့လက်ဖျားလေးတွေက သူမရဲ့ လက်ဖမိုးကို စက္ကန့်ပိုင်းလောက် ပွတ်တိုက်သွားကာ ရှောက်ချန်းကျယ်က သူ့လက်ကို ချက်ချင်းပဲ ပြန်ရုတ်သိမ်းလိုက်သည်။ သူမရဲ့ လက်က ရေခဲတမျှ အေးစက်နေပါသည်။

“ ဗိုက်အောင့်နေတာလား။ ”

ခါတိုင်းဆို လူကောင်းပကတိအတိုင်း လက်ဖျားတွေ နွေးနေတတ်ပေမဲ့ လစဉ်လတိုင်း ဒီရက်တွေမှာတော့ သူမ လက်ဖျားတွေ အေးနေတတ်၏။

ချန်ကျင်းလန်က မျက်မှောင်ကြုတ်လိုက်ကာ ပိုက်ဆံတွေကို သူ့အိတ်ကပ်ထဲပဲ တိုက်ရိုက် ထည့်ပေးလိုက်တော့သည်။ ထို့နောက် သူနှင့် နီးနီးကပ်ကပ် မနေချင်၍ ခြေ နှစ်လှမ်း နောက်ဆုတ်လိုက်၏။

“ လီချီ ရှင့်ကို ဘာတွေပဲပြောပြော ၊ အဲ့ဒါက ကလေးအတွေးနဲ့ ပြောတဲ့ စကားတွေပဲ။ ဘာမှ အတည်ယူမနေနဲ့။ ”

ရှောက်ချန်းကျယ်က သူမရဲ့ အိပ်ချင်စိတ် မပြယ်သေးသော မျက်လုံးတွေကို ကြည့်လိုက်သည်။ သူမ သူ့အကြောင်း အိပ်မက် မက်ပြီး သူ့နာမည်ကို အိပ်မက်ထဲမှာ ခေါ်နေသည် ဆိုလျှင်တောင် အဲ့ဒါက လီချီ ပြောတဲ့ စကားတော့ မဖြစ်နိုင်ပေ။ တကယ်လို့ ချန်ကျင်းလန်က သူ့ကို မုန်းတယ် ဆိုရင် အဲ့ဒါက သူ သူမရဲ့ နှလုံးသားကို နောက်တစ်ခေါက် ထပ်ဝင်ရောက်နိုင်သွားပြီ ဆိုတဲ့ အဓိပ္ပာယ်ပဲ မဟုတ်လား။

“ ဒုတိယ အစ်ကိုရေ .. ခြံထဲမှာ ဘယ်သူ့ကား လာရပ်ထားတာလဲ။ ” ‌ဝင်ပေါက်ကနေ ဖေးကျူးဟွေ့ရဲ့ အသံ ထွက်ပေါ်လာသည်။

ချန်ကျင်းလန်ရဲ့ အိမ်က သူမမိဘတွေရဲ့ အိမ်နှင့် ဘေးချင်းကပ်ရပ်။ ပြီးတော့ အိမ် နှစ်လုံးကို ကပ်လျက် ဆက်သွယ်ထားသည့် သူတို့ ၊ အသုံးပြုနေကျ တံခါး တစ်ချပ်လည်း ရှိသည်။ ဖေးကျူးဟွေ့က သူမရဲ့ သမီးလေး ဒီရက်ပိုင်း နေမကောင်းတာကို သတိထားမိသောကြောင့် သမီးဖြစ်သူ ကြိုက်တတ်သော အစားအသောက်တွေကို ယူပြီး ဒီဘက်ခြမ်းကို ကူးလာခဲ့သည်။

အိမ် နှစ်လုံးကို ချိတ်ဆက်ထားသော တံခါးက တစ်ဝက်တစ်ပျက် ပွင့်လာခဲ့သည်။ ဖေးကျူးဟွေ့က ထိုတံခါးကို တွန်းဖွင့်၍ “ မနက် အစောကြီး ဘယ်သူ့ကား ရောက်နေတာလဲ။ ” ဟု လှမ်းမေးလိုက်လေသည်။

ချန်ကျင်းလန်က လျင်မြန်စွာ သတိဝင်လာ၏။ သူမ စားပွဲပေါ်မှာ မေ့ပြီး တင်ထားမိတဲ့ နေကာမျက်မှန်ကို ယူပြီး ရှောက်ချန်းကျယ် မငြင်းဆန်နိုင်သေးခင်မှာပဲ သူ့ကို တပ်ပေးလိုက်သည်။

ဖေးကျူးဟွေ့က တံခါးဝမှာ ရပ်ကာ ဧည့်ခန်းအလယ်မှာ ရပ်နေသည့် ၊ အနက်ရောင် နေကာမျက်မှန် တပ်ထားတဲ့ အရပ်ရှည်ရှည် အမျိုးသားကို ကြည့်နေမိသည်။ သူမ ခဏတာ အံ့ဩသွား၏။ “ ဒါ ဘယ်သူလဲ။ ”

ဘာပဲပြောပြော ဖေးကျူးဟွေ့က အထင်လွဲသွားလောက်မှာ မဟုတ်ပါ။ ချန်ကျင်းလန်က လတ်တလော ကိစ္စကို ဖုံးကွယ်ရန် သူမရဲ့ ဟိုတယ်ဝန်ထမ်း ဟူသော နာမည်ကိုသာ အသုံးပြုလို့ ရသည်။

ဖေးကျူးဟွေ့ ဘာမှ ထပ်မမေးနိုင်သေးခင်မှာပဲ ချန်လီချီက သူမအဘွားရဲ့ မေးခွန်းကို စိတ်ပါလက်ပါ ဖြေလိုက်သည်။ “ ဒီဦးလေးကြီးက ပစ္စည်းလာပို့တဲ့ လူလေ အဘွားရဲ့။ ဒီမနက် အဘွားမေပယ်လ် လုပ်တဲ့ ကြက်ဥနို့ပေါင်မုန့်တွေကို သမီး စားချင်နေလို့ ဒီပစ္စည်းပို့တဲ့ ဦးလေးကြီးက သမီးအတွက် ပေါင်မုန့်တွေ ယူလာတာ။ ပြီးတော့ မေမေ ၊ ဘွားဘွား ၊ ဘိုးဘိုး ၊ အန်တီချောင်နဲ့ ဦးလေး ကြိုက်တဲ့ မုန့်တွေလည်း ပါလာတယ်။ ဒီလောက် ပစ္စည်းတွေ အများကြီးကို သူ တစ်ယောက်တည်း ပို့ပေးနိုင်တာ အရမ်း တော်တာပဲနော်။ ”

ချန်လီချီက အဘွားဖြစ်သူကို ရှင်းပြပြီးနောက် သူမရဲ့ မိဘတွေကို တိတ်တိတ်လေး မျက်လုံးမှိတ်ပြလိုက်သည်။

ရှောက်ချန်းကျယ်က သူမအဖေ ဆိုတာကို အဘွား သိလို့ မဖြစ်သေးဘူးဟု မေမေက ပြောထားသည်။

ဆဖဖေကလည်း ဒီကိစ္စဟာ သူမတို့ သုံးယောက်ကြားက လျှို့ဝှက်ချက်လေးလို့ ပြောထားပါသည်။

သူမလေးဟာ အဘွားဖြစ်သူဆီမှာ လျှို့ဝှက်ချက် ပေါ်မသွားအောင် အဖေဖြစ်သူကို ပစ္စည်းပို့သမားလို ဟန်ဆောင်ခိုင်းတဲ့အထိ ဉာဏ်ကောင်းလွန်းပါသည်။

ရှောက်ချန်းကျယ်က အစတုန်းကတော့ သူ့ကိုယ်သူ မိတ်ဆက်ရန် နေကာမျက်မှန်ကို ချွတ်ဖို့ လက်ပြင်နေပေမဲ့ အခုတော့ ဘယ်လိုမှ မတတ်နိုင်ဘဲ လက်ကို ပြန်ချလိုက်ရလေသည်။ သူ့သမီးလေးရဲ့ ဇာတ်လမ်းကို သူ ဖျက်ဆီးလို့ မဖြစ်။

ချန်ကျင်းလန်က သူတို့ရဲ့ ကမောက်ကမ ဇာတ်လမ်းလေးကို ဝင်ဖာထေးလိုက်သည်။ “ သူက သမီးတို့ ဟိုတယ်က ဝန်ထမ်းသစ်လေ။ သမီးက အလုပ်ကိစ္စတွေကို စစ်ဆေးနေတော့ သူကလည်း လာပြီး အစီရင်ခံစာ တင်ပြတာ။ အဲ့ဒီအချိန်မှာ လီချီလေး‌ကလည်း ကြက်ဥနို့ပေါင်မုန့်တွေ စားချင်နေတာနဲ့ သူကလည်း ဒီကို လာဖို့ ရှိတာနဲ့ တိုက်ဆိုင်သွားပြီး အဘွားမေပယ်လ်ရဲ့ ဆိုင်ကနေ သူ့ကို မုန့်တွေ ဝယ်လာခိုင်းလိုက်တာ။ ”

ဖေးကျူးဟွေ့ကို ရှင်းပြပြီးသွားတော့ ချန်ကျင်းလန်က ရှောက်ချန်းကျယ်ဘက် လှည့်လိုက်သည်။ “ နင် အရင် ပြန်နှင့်လိုက် ၊ ကျန်တဲ့ ကိစ္စတွေကို ငါ ဟိုတယ်ရောက်မှ ဆက်ဆွေးနွေးကြမယ်။ ”

သူမရဲ့ ကြည်လင်ပြတ်သားသော မျက်လုံးထဲမှာ သတိပေးစကားတွေ ပြည့်နှက်နေသည်။

ရှောက်ချန်းကျယ်က သူမရဲ့ သတိပေးနေသော အကြည့်ကြောင့် နာခံမှုရှိတဲ့ ဝန်ထမ်း တစ်ယောက်လို ဟန်ဆောင်လိုက်၏။ “ ဟုတ်ကဲ့ပါ ဘော့စ်ချန်။ ဒါဆို ကျွန်တော် အရင် ပြန်နှင့်ပါမယ်။ ”

ချန်ကျင်းလန်က တည်ငြိမ်သော အမူအရာဖြင့် “ အင်း ” တစ်လုံးတည်းသာ တုံ့ပြန်သည်။

ချန်လီချီက အဖေဖြစ်သူကို ပျော်ရွှင်စွာ လက်ပြ နှုတ်ဆက်လိုက်၏။ သူမ ဒီကစားနည်းကို သဘောကျတယ် ၊ မသိရင် တူတူပုန်းတမ်း ကစားနေရသလိုပဲ။ ဖေဖေ ပုန်းနေတဲ့ နေရာကို သူမနဲ့ မေမေပဲ သိတယ်။

“ မင်္ဂလာပါ သခင်မကြီးချန်။ ” ရှောက်ချန်းကျယ်က လျှောက်ထွက်လာရင်း ဖေးကျူးဟွေ့ရှေ့မှာ ရပ်တန့်နှုတ်ဆက်လိုက်သည်။

“ ‌မင်္ဂလာပါကွယ်။ ” ဖေးကျူးဟွေ့ကလည်း အနည်းငယ် ခေါင်းဆတ်ပြလိုက်သည်။

တစ်ခုခု မှားနေသလို ခံစားရပေမဲ့ ဘာမှားနေလဲ ဆိုတာကို သူမ ထောက်မပြနိုင်ပါ။ ဒီလူငယ်လေးက တော်တော်လေး တက်ကြွပြီး ယဉ်ကျေးတဲ့ပုံပေါ်ပေမဲ့ သူ ဘာလို့ ဒီလို မိုးအုံ့တဲ့နေ့မှာ အိမ်ထဲ ရောက်နေတာတောင် နေကာမျက်မှန်ကြီး တပ်ထားရတာလဲ။

ချန်ကျင်းလန်က အပြင်ထွက်သွားတဲ့ ရှောက်ချန်းကျယ်ကို လှမ်းကြည့်နေသော ဖေးကျူးဟွေ့ကို အာရုံလွှဲရန်အတွက် သူမလက်ထဲမှ ပစ္စည်းတွေကို လှမ်းယူလိုက်သည်။ “ အစ်ကိုရော မနက်စာ စားပြီးပြီလား အမေ။ သမီး သူ့ကို မေးချင်တာလေး ရှိတယ်။ ”

“ မစားရသေးဘူး။ ” ဖေးကျူးဟွေ့က မကြည်မလင် မျက်နှာဖြင့် ပြန်ပြောသည်။ “ အမေ သူ့ကို ဖုန်းဆက်လိုက်ပေမဲ့ ဖုန်းမကိုင်ဘူး။ သူ မနေ့တုန်းက အပြင်မှာ သောက်ရင်းနဲ့ အခုထိ အရှိန်မပြယ်သေးတာ နေမှာပေါ့။ အမေလည်း သူ့ကို ဘာမှ ဆက်ပြီး ပြောဆိုမနေချင်တော့ပါဘူး။ သူ့အသက်လည်း သုံးဆယ်နီးပါး ရှိနေတာတောင်မှ ကလေးလို ပြုမူနေတုန်းပဲ ၊ အမေ သူ့ကို ဘယ်အချိန်ထိ ဆက်ပြီး ထိန်းနေရဦးမှာလဲ။ သူ လုပ်ချင်တာကို လုပ်ခွင့်ပေးထားရင် ခေါင်းကိုက်သက်သာတယ်။ ”

ချန်လီချီက သူမပါးစပ်ထဲမှ ဝါးလက်စ ကြက်ဥနို့ပေါင်မုန့်ကို မျိုချရင်း ဖေးကျူးဟွေ့ကို လှမ်းပြောလိုက်သည်။ “ ဘွားဘွား ဦးလေးကို မျက်စိဒေါက်ထောက် ကြည့်နေမှ ဖြစ်မယ်နော် ၊ မဟုတ်ရင် သူက မားစ်ဂြိုလ်ပေါ်ကို ပျံသွားလိမ့်မယ်။ ”

မြေးမလေးရဲ့ နူးညံ့သော ကလေးသံလေးကို ကြားလျှင် ဖေးကျူးဟွေ့သည် မျက်လုံးတွေ မှေးပိတ်သွားတဲ့ထိ ဟက်ဟက်ပက်ပက် ရယ်မိလေတော့သည်။ “ အမှန်ပဲ ၊ အဘွား သူ့ကို မျက်စိဒေါက်ထောက် ကြည့်နေမှ ဖြစ်မယ်။ မဟုတ်လို့ သူ မားစ်ဂြိုလ်ပေါ်ကို ပျံတက်သွားရင် အဘွားတို့ သူ့ကို ဘယ်တော့မှ ထပ်တွေ့ရတော့မှာ မဟုတ်ဘူး။ ”

ချန်လီချီ ခေါင်းညိတ်ပြလိုက်သည်။ ဟုတ်တယ် ၊ မားဂြိုလ်က သိပ်ဝေးလွန်းတယ်။ သူမက ဦးလေးနှင့် နေ့တိုင်း တွေ့ချင်တာပါ။

ချန်ကျင်းလန်က ပြတင်းပေါက်ဘေးမှာ ရပ်ကာ ခြံထဲမှ မောင်းထွက်သွားသော ကားကို ကြည့်ရင်း ဖေးကျူးဟွေ့ကို ဟန်မပျက် ပြောလိုက်သည်။ “ သမီး မျက်နှာသွားသစ်လိုက်ဦးမယ်နော် အမေ။ ”

ဖေးကျူးဟွေ့ကတော့ ထိုအချိန်မှာ မြေးမလေး တစ်ယောက်တည်းကိုသာ အာရုံစိုက်နေတာမို့ သမီးဖြစ်သူ ဘာပြောသွားလဲ ဆိုတာကိုတောင် မသိလိုက်။

ချန်ကျင်းလန်က မျက်နှာကို ဆပ်ပြာမြုပ်များဖြင့် မျက်နှာသစ်နေရင်း သူမနောက်မှာ ရုတ်တရက် ပေါ်လာသော လူကြောင့် ဒိန်းခနဲ လန့်ကာ ရင်တုန်သွားရသည်။ “ အမေရယ်။ အမေက သမီးကို လန့်ပြီး လိပ်ပြာလွင့်အောင် လုပ်နေတာပဲ။ ”

ဖေးကျူးဟွေ့က ရေချိုးခန်းထဲကို ဝင်လာပြီး သူမနံဘေးရှိ ဗီရိုကို မှီကာ သမီးဖြစ်သူရဲ့ နာမည်ကို ခေါ်လိုက်သည်။ “ ချန်ကျင်းလန် … ”

ချန်ကျင်းလန်သည် သူမအမေရဲ့ မျက်နှာကို ကြည့်ပြီး သူမ ခုနတုန်းက လိမ်ထားတာကိုများ သိသွားတာလားဟု တွေးကာ နှလုံးခုန်မြန်လာမိသည်။ ရှောက်ချန်းကျယ်ကို အမေ မတွေ့ခဲ့သင့်ပါ။ အမေ သူ့ကို ဘယ်လိုလုပ် မှတ်မိသွားတာလဲ ၊ ဒါမှမဟုတ် လီချီလေး တစ်ခုခု စကားပြောမှားသွားလို့ ရိပ်မိသွားတာလား။

“ တစ်ခုခု ဖြစ်ထားလို့လား။ သမီးကို ကြည့်ရတာ အရမ်း မျက်နှာတည်နေသလိုပဲ။ ”

ထိုစကားကို ကြားတော့မှ ချန်ကျင်းလန်က စိတ်အေးလက်အေး မျက်နှာဆက်သစ်နေလိုက်သည်။ အမေ မရိပ်စေဖို့အတွက် မျက်နှာတည်ဖြင့် ဟန်မပျက် ဆက်ဟန်ဆောင်နေမှသာ ရမည်။

“ သမီး ဟိုရက်တုန်းက အမေ့ကို ပြောခဲ့တဲ့ စကားကို မှတ်မိသေးလား ၊ အသက်ငယ်တဲ့ ယောက်ျားလေးတွေကို သဘောမကျလို့ သမီးနဲ့ သက်တူရွယ်တူဝန်းကျင် ယောက်ျားလေးတွေနဲ့ပဲ မိတ်ဆက်ပေးပါ ဆိုတာလေ။ သမီး အဲ့လို ပြောခဲ့တာမို့လား။ ”

“ အင်း။ ”

“ ဟုတ်ပြီ ၊ အမေ အခု သမီးနဲ့ ရွယ်တူလောက်ပဲ ရှိတဲ့ ကောင်လေး တစ်ယောက်ကို ရှာတွေ့ထားတယ်။ သမီး သူနဲ့ တွေ့ချင်လား။ ” ဖေးကျူးဟွေ့က သူမကို ဘာဆင်ခြေမှ မပေးစေချင်ပေ။ “ သမီးကိုယ်တိုင်ပဲ အဲ့လို ပြောခဲ့‌တာနော် ၊ အမေ ဖိအားပေးခဲ့တာ မဟုတ်ဘူး။ အမေ့ကို မျှော်လင့်ချက်တွေ ပေးပြီး သမီးအတွက် သူ့ကို ရှာတွေ့ပြီးမှ ‘ အလုပ် မအားလို့ ’ ဆိုတဲ့ အကြောင်းပြချက်နဲ့ အမေ့ရဲ့ မျှော်လင့်ချက်တွေကို ဖျက်ဆီးပစ်လို့ မရဘူးနော်။ အဲ့ဒါက သမီး အမေ့ရဲ့ ခံစားချက်တွေကို လာကစားနေတာနဲ့ အတူတူပဲ။ ”

ဖေးကျူးဟွေ့ ဆက်ပြောဖို့ ပါးစပ်ပြင်နေစဉ်မှာပဲ ချန်ကျင်းလန်က သူမမျက်နှာပေါ်က ဆပ်ပြာမြုပ်တွေကို ရေနှင့် ဆေးချကာ မျက်နှာသုတ်ပဝါနှင့် ခြောက်အောင် ရေသုတ်ပြီးမှ ပြန်ပြောလိုက်သည်။ “ သမီး သူနဲ့ တွေ့ကြည့်ပါ့မယ်။ ”

ဖေးကျူးဟွေ့ အံ့ဩသွားသည်။ “ တကယ်လား။ ”

“ တကယ်ပါ။ ”

“ ဒါဆို သမီး သူနဲ့ ဘယ်တော့ တွေ့ချင်လဲ။ ”

“ သူ့ကိုသာ ဘယ်အချိန် အားလဲ မေးကြည့်လိုက်ပါ ၊ သမီး ဒီရက်ပိုင်း ညနေဘက်တွေ အားတယ်။ ”

ဖေးကျူးဟွေ့က ဒီကိစ္စကို ဒီလောက် လွယ်ကူချောမွေ့လိမ့်မည်ဟု ထင်မထားပေ။ နောက်ဆုံးတော့ သူမရဲ့ သမီးဘက်က အလျှော့ပေးလာပြီ ဆိုတော့ သူမကလည်း သမီးဖြစ်သူ စိတ်မပြောင်းသေးခင်မှာပဲ အခွင့်အရေးကို မိမိရရ အသုံးချရပါမည်။ “ ဒီည ဆိုရင်ရော ဘယ်လိုလဲ။ ” အဲ့လို ပြောပြီးမှ ချန်ကျင်းလန် နေသိပ်မကောင်းတာကို ပြန်သတိရသွားသည်။ “ ထားလိုက်တော့ ၊ သမီးလည်း လောလောဆယ် နေမကောင်းဘူး ဆိုတော့ သုံး ၊ လေးရက်လောက် နေမှ တွေ့တာ ပိုကောင်းလိမ့်မယ်။ ”

“ ရပါတယ် ၊ ဒီည ဆိုလည်း အဆင်ပြေတယ်။ ညစာ စားရုံလောက်ပါပဲ။ ”

ဖေးကျူးဟွေ့က သူမ အလွယ်တကူ လိုက်လျောနေခြင်းနှင့် ပတ်သက်လို့ တစ်ခုခု မူမမှန်ဘူး ဟူသော ခံစားချက်ဖြင့် သူမကို သံသယမကင်းသလို ကြည့်လိုက်သည်။ “ သမီး မကောင်းတာ တစ်ခုခုတော့ စီစဉ်မထားပါဘူးနော်။ ”

ချန်ကျင်းလန် ရယ်မောလိုက်သည်။ “ သမီးက ဘာမကောင်းတာကို စီစဉ်ထားရမှာလဲ အမေရဲ့။ အမေပဲ သမီးကို ကောင်လေးတွေနဲ့ တွေ့ပြီး ချိန်းတွေ့သင့်တယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ ”

“ သမီးလည်း အဲ့လို မြင်ရင်တော့ ကောင်းတာပေါ့။ ဒါဆို ဒီကိစ္စ အတည် ဖြစ်သွားပြီနော် ၊ ဒီညပဲ တွေ့ဖို့ စီစဉ်လိုက်မယ်။ အမေ သမီးကို သူ့ဖုန်းနံပါတ် ပေးလိုက်မယ် ၊ သူ ရောက်ရင် သမီးကို ဖုန်းလှမ်းဆက်လိမ့်မယ်။ ”

“ ဟုတ်ကဲ့။ ” ချန်ကျင်းလန်က ဖေးကျူးဟွေ့ကို စိတ်ချသွားအောင် ထပ်ပြောလိုက်၏။ “ သမီး သွားပါ့မယ်လို့ ကတိပေးပါတယ် အမေ။ ”

အဲ့ဒီတော့မှ ဖေးကျူးဟွေ့လည်း စိတ်သက်သာရာရသွားသည်။

လန်ချွမ်းဟိုတယ်ကို ချန်ကျင်းလန် ရောက်တော့ ဓာတ်လှေကားထဲက ထွက်လိုက်ချိန်မှာပဲ ကုန်ပစ္စည်း အမှတ်တံဆိပ် တစ်ခုက အချိုပွဲတွေနှင့် ကော်ဖီခွက်တွေ ပြည့်နှက်နေသော မျက်နှာချင်းဆိုင်ရှိ အစည်းအဝေးခန်းကို လှမ်းမြင်လိုက်ရလေသည်။

ထန်ယိချန်းက ချန်ကျင်းလန်ကို မြင်သည်နှင့် အပြေးအလွှား ရောက်လာပြီး အခြေအနေကို လာရှင်းပြသည်။ “ ချင်းမြောင် လုပ်ငန်းစုက ဥက္ကဌရှောက်က ကျွန်တော်တို့ရဲ့ ဧည့်ခံပွဲ စီစဉ်တဲ့ ဝန်ထမ်းအဖွဲ့တွေ အလုပ်ကြိုးစားပေးကြတာကို ကျေးဇူးတင်လို့ ဆိုပြီး အချိုပွဲတွေနဲ့ ကော်ဖီတွေ လာပို့ပေးသွားတာပါ ဘော့စ်ချန်။ ”

ချန်ကျင်းလန်က နားလည်ကြောင်း ခေါင်းညိတ်ပြကာ ထန်ယိချန်းကို ပြောလိုက်သည်။ “ Group Chat ထဲမှာ ဥက္ကဌရှောက်ကို လန်ချွမ်းရဲ့ ဝန်ထမ်းတွေကို ထောက်ပံ့ပေးတဲ့အတွက် ကျေးဇူးတင်စကား ပြောလိုက်ပါ။ ”

“ ကျွန်တော် နားလည်ပါပြီ။ ” ထန်ယိချန်က ဘူး တစ်ဘူးကို လက် နှစ်ဖက်ဖြင့် ကိုင်ထား၏။ “ ဒီတစ်ခုကတော့ ဘော့စ်အတွက်လို့ ပြောသွားတယ် ဘော့စ်ချန်။ ”

ချန်ကျင်းလန်ကတော့ ထိုဘူးကို တစ်ချက်လေးတောင် လှည့်မကြည့်ခဲ့ပေ။ “ ကျွန်မ မယူဘူး ၊ ရှင့်ဘာသာပဲ တခြား လူတွေနဲ့ မျှပြီး စားလိုက်ပါ။ ”

ဓမ္မတာလာနေချိန်မှာ ချိုတဲ့ အစားအစာတွေကို စားခြင်းက နာကျင်မှုကို သက်သာစေပေမဲ့ သူ ပို့လိုက်တဲ့ မုန့်တွေကို သူမ မစားချင်ပါ။

ထန်ယိချန်းက တစ်ခုခု ပြောဖို့ ပါးစပ်ပြင်နေပေမဲ့ ချန်ကျင်းလန်ကတော့ သူမရဲ့ ရုံးခန်းထဲကို ဝင်သွားခဲ့ပါပြီ။

သူ့လက်ထဲက ဘူးကို ကြည့်ကာ ထန်ယိချန်း တစ်ယောက် ရှောက်ချန်းကျယ် ဒီအချိုပွဲတွေကို ပို့ပေးဖို့ အခက်အခဲတွေ အများကြီးကို ဖြတ်ကျော်ခဲ့ရကြောင်း တွေးနေမိသည်။ ဒါပေမဲ့ လက်ရှိ အခြေအမေကို အကဲခတ်ရသလောက် ရှောက်ချန်းကျယ်က ပြန်လည် သင့်မြတ်ချင်နေပေမဲ့ ချန်ကျင်းလန်ကတော့ သူ့ကို အခွင့်အရေးလေးတောင် မပေးပါ။

စကား တစ်ခွန်းကို ပြောပြီးလျှင် ပြောတဲ့အတိုင်း လုပ်တတ်တဲ့ ချန်ကျင်းလန်ရဲ့ စိတ်နေစိတ်ထားကို သူလည်း သိနေတာမို့ သူမ ဆုံးဖြတ်ချက်ချပြီးသည်နှင့် သူမကို စိတ်ပြောင်းအောင် လုပ်ရန် ခက်ခဲပါလိမ့်မည်။ ရှောက်ချန်းကျယ် ရှေ့ဆက် လျှောက်ရမည့် လမ်းက မလွယ်ကူနိုင်ပါ။

***

All Chapters