အခန်း ၂၉
Vol. 3 Ch. 29
အပိုင်း ( ၂၉ )
ချန်ကျင်းလန် ဒီနေ့တော့ နည်းနည်းလေး သက်သာလာသည်။ သူမ နေမကောင်းဖြစ်နေခဲ့တဲ့ အရင် နှစ်ရက်တုန်းက စုပုံနေစော အလုပ် တချို့ကို လုပ်နေစဉ်မှာ တစ်ဖက်လူထံမှ WeChat Friend Request ကို ရလိုက်ပြီး ဒီနေ့ည ညစာ စားမည့် နေရာနှင့် အချိန်ကို အတည်ပြုပေးလိုက်၏။
တစ်ဖက်လူရဲ့ အခြေခံ အချက်အလက်လေးတွေကိုတောင် မမေးဘဲ ဒီတွေ့ဆုံမှုကို သူမ သဘောတူခဲ့တာပါ။ သူမ ဘယ်သူ့ကို ရှင်းထုတ်ပစ်ဖို့ ကြိုးစားနေလဲ ဆိုတာ ကိုယ့်ကိုယ်ကိုယ်တောင် နားမလည်တော့။
နေ့ခင်း ရောက်တော့ ချန်ကျင်းလန်သည် ဟိုတယ်ကနေ စောစေယ ပြန်လာခဲ့ကာ အရင်ဆုံး ချန်လီချီလေးကို မူကြိုသွားကြိုပြီးမှ စားသောက်ဆိုင်ဘက်ကို ထွက်လာခဲ့လိုက်သည်။ ပါပါရာဇီ ဖြစ်ရပ် ဖြစ်ပြီးကတည်းက ဖြစ်နိုင်ရင် လီချီလေးကို သူမကိုယ်တိုင်ပဲ ကျောင်းကြိုဖို့ ကြိုးစားလေ့ ရှိသည်။
ကျောင်းဆင်းချိန် ဆိုလျှင် မူကြိုကျောင်း ဂိတ်ပေါက်မှာ လူတွေ ၊ ကားတွေ အများကြီး စုပြုံနေတတ်သည်။
ချန်လီချီက သူမရဲ့ အမေကို မြင်သည်နှင့် “ မေမေ ” ဟု ပျော်ရွှင်စွာ အော်ခေါ်ကာ ပြေးသွားလိုက်သည်။ ချန်ကျင်းလန်က သူမလေးကို ကြိုဆိုဖို့ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ ထိုအချိန်မှာပဲ အမေဖြစ်သူကို မြင်သွားတဲ့ ဝဝတုတ်တုတ် ကောင်ကလေး တစ်ယောက်ကလည်း လေယာဉ်ပျံ တစ်စင်းလို ဝှီးခနဲ ပြေးထွက်လာရာ ချန်ကျင်းလန်နှင့် မတော်တဆ ဝင်တိုက်မိသွားလေသည်။
ချန်ကျင်းလန်က ဒေါက်မြင့်ဖိနပ်တွေ စီးထားတာမို့ ခပ်သာသာလေး တိုက်မိလျှင်တောင် ဟန်ချက်ပျက်ပြီး ယိုင်သွားဖို့ လွယ်ကူသည်။ သူမ ယိုင်လဲသွားတော့မလို ဖြစ်သွားစဉ်မှာ သူမနောက်က လူက သူမရဲ့ ခါးကို ထိန်းကိုင်ပေးခဲ့သည်။
အဲ့ဒါ ဘယ်သူလဲ ဆိုတာ လှည့်ကြည့်စရာ မလိုဘဲ ချန်ကျင်းလန် သိနေသည်။ တချို့ လူတွေရဲ့ အသက်ရှူသံတွေ ၊ ရနံ့တွေက သူမရဲ့ အရိုးထဲထိ စွဲမြဲနေပါသည်။ မားမတ်တည်ငြိမ်စွာ ရပ်နိုင်ရန် သူ့လက်ကို ကိုင်ထားပြီးမှ သူ့ရင်ခွင်ထဲကနေ ချက်ချင်း ရုန်းထွက်လိုက်သည်။
“ မေမေ တစ်နေရာရာမှာ နာသွားသေးလားဟင်။ ” ချန်လီချီလေးက စိုးရိမ်တကြီး လာမေးသည်။
ချန်ကျင်းလန်က စိတ်အေးသွားအောင် ပြောရသည်။ “ မေမေ အဆင်ပြေပါတယ်ကွယ်။ ဘယ်နေရာမှာမှ မနာပါဘူး။ ”
ချန်ကျင်းလန်ကို ဝင်တိုက်သွားသော ကောင်လေးရဲ့ အမေက တောင်းပန်ဖို့ ရောက်လာသည်။ ချန်ကျင်းလန်ကတော့ လက်ကာပြရင်း ဘာမှ မဖြစ်ကြောင်း ပြောလိုက်၏။ အဲ့ဒါက ကောင်လေးရဲ့ အမှား မဟုတ်ဘဲ သူမဘာသာ ဟန်ချက်ပျက်သွားတာပါ။
အမေဖြစ်သူ အဆင်ပြေတာကို မြင်တော့မှ ချန်လီချီလည်း စိတ်အေးသွားသည်။ သူမလေးကို အမေနှင့် အဖေကို တစ်ယောက် တစ်လက်စီ တွဲထားခဲ့သည်။ ဒီနေ့ သူမရဲ့ မိဘ နှစ်ပါးလုံး သူမကို ကျောင်းလာကြိုတာမို့ ခြေထောက်နှင့် မြေကြီး မကပ်ချင်လောက်အောင် ပျော်နေမိသည်။
“ ဖေဖေက ခုနတုန်းက အရမ်း မိုက်တာပဲနော် မေမေ။ ချက်ချင်းပဲ ပြေးထွက်လာပြီး မေမေ့ကို ဖက်လိုက်တာလေ။ ”
ချန်ကျင်းလန်က သူမလေးရဲ့ ကျစ်ဆံမြီးလေးကို ပွတ်ပေးရင်း ပြုံးရုံသာ ပြုံးပြနေကာ ဘာမှ ပြန်မပြောမိ။
ချန်လီချီသည် ရှောက်ချန်းကျယ်ကို တစ်လှည့် ပြန်ကြည့်လိုက်၏။ “ ဖေဖေ ဒီနေ့ အလုပ်အားလို့ သမီးကို ကျောင်းလာကြိုတာလားဟင်။ ”
ရှောက်ချန်းကျယ်ကလည်း သူမရဲ့ ကျစ်ဆံမြီးလေးကို ပွတ်သပ်ပေးလိုက်၏။ “ အင်း ၊ ဖေဖေ ဒီနေ့ အလုပ်အားနေတာ။ ”
“ ပျော်စရာကြီး။ ” ချန်လီချီက သူမရဲ့ ကျစ်ဆံမြီးလေးကို ပျော်ရွှင်စွာ ခါယမ်းလိုက်သည်။ “ သမီးတို့ ဒီနေ့ ရှော့ပင်းထွက်လို့ ရမလားဟင် မေမေ။ သမီးတို့ကျောင်းပိတ်ရက်လည်း တဖြည်းဖြည်း နီးလာပြီ ၊ ရှန်းချူချီနဲ့ ယွင်ရှီလီအတွက် လက်ဆောင်တွေ ဝယ်ချင်လို့။ ”
ချန်ကျင်းလန်က ပြန်ပြောလိုက်သည်။ “ မေမေ့မှာ ခဏနေ လုပ်စရာလေး တစ်ခု ရှိလို့ သမီးနဲ့ ဒီနေ့ ရှော့ပင်းထွက်လို့ မရဘူးရယ်။ ပိတ်ရက် ဆိုရင်ရော ဘယ်လိုလဲ။ ”
“ ဪ .. ဟုတ် ဟုတ်။ ” ချန်လီချီရဲ့ အသံက အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားပုံပေါ်သည်။
ရှောက်ချန်းကျယ်ကတော့ သူမမှာ တကယ်ပဲ လုပ်စရာ ရှိနေတာလား ၊ ဒါမှမဟုတ် သူ့ကို ရှောင်ဖို့ ဆင်ခြေပေးနေတာလား ဆိုတာ မသိပါ။
သူ ဝင်အကြံပေးလိုက်သည်။ “ မင်း လုပ်စရာရှိတာ လုပ်နေတုန်း ကိုယ် သူ့ကို ရှော့ပင်းခေါ်သွားလိုက်မယ်လေ။ ပြီးမှ မင်းဆီ ပြန်ပို့ပေးမယ်။ ”
ချန်လီချီရဲ့ မျက်လုံးလေးတွေက ထပ်မံ အရောင်တောက်သွားသည်။ “ သမီးတို့ အဲ့လို လုပ်လို့ ရမလားဟင် မေမေ။ ”
ကလေးများနေ့က ကျောင်းပိတ်ရက်အပြီး ဆယ်ရက်အတွင်း ရောက်လာတော့မှာ ဆိုပေမဲ့ သူမကတော့ အခုထိ မေမေ့အတွက် လက်ဆောင် မရွေးရသေးပေ။ တကယ်လို့ ဖေဖေသာ သူမနှင့်အတူ ရှော့ပင်ထွက်ပေးမည် ဆိုလျှင် မေမေ့အတွက် မွေးနေ့လက်ဆောင်ကို ဒီနေ့ ရွေးချယ်နိုင်ပါလိမ့်မည်။
သူမလေးရဲ့ မျက်နှာပေါ်က စိတ်လှုပ်ရှားမှုကို မြင်တော့ ချန်ကျင်းလန်က သဘောတူလိုက်သည်။ “ ကောင်းပြီ။ မေမေ အလုပ်ပြီးတာနဲ့ သမီးကို ဖုန်းဆက်လိုက်မယ်နော်။ ”
“ ဟုတ် မေမေ။ သမီး ဘယ်မှ လျှောက်မသွားဘဲနဲ့ ဖေဖေ့နားမှာပဲ လိလိမ္မာမ္မာလေး နေပါ့မယ်နော်။ မေမေလည်း သမီးကို စိတ်မပူဘဲနဲ့ မေမေ့ရဲ့ အလုပ်ကိစ္စတွေကိုပဲ ဂရုစိုက်ပါ။ ”
ချန်ကျင်းလန်သည် နောက်ဆုံးအချိန်ထိ ရှောက်ချန်းကျယ်ကို စကားလေး တစ်ခွန်းတောင် မပြောခဲ့သလို တစ်ချက်လေးတောင် လှည့်မကြည့်ခဲ့ပေ။ ချန်လီချီက သူမကို အဖေဖြစ်သူရဲ့ ရင်ခွင်ထဲကနေ လက်ဝှေ့ရမ်း နှုတ်ဆက်ရင်း ‘ ကားကို ဖြည်းဖြည်း မောင်းဦးနော် ’ ဟု လှမ်းပြောလိုက်သည်။
မေမေ့ရဲ့ ကားကို အတော် ဝေးဝေးကို ရောက်သွားတော့မှ ချန်လီချီက အဖေဖြစ်သူရဲ့ လည်ပင်းကို ပွေ့ဖက်ပြီး မေးလိုက်သည်။ “ ဖေဖေ အခုထိ မေမေ့ကို ပျော်အောင် ဘယ်လို လုပ်ပေးရမလဲ ဆိုတာ မသိသေးဘူးလား။ ”
“ အင်း ၊ ဖေဖေ မသိသေးဘူး။ ”
“ သမီး နားလည်ပါတယ်။ ” ချန်လီချီက အဖေဖြစ်သူကို နှစ်သိမ့်ပေးလိုက်သည်။ “ စိတ်မပူပါနဲ့ ဖေဖေရယ်။ တကယ်လို့ မေမေ့ကို ဖေဖေ ပျော်အောင် လုပ်မပေးနိုင်ရင်တောင် ဒီကမ္ဘာပေါ်မှာ မေမေ့ကို ပျော်အောင် လုပ်ပေးနိုင်တဲ့ တခြား ယောက်ျားလေးတွေ သေချာပေါက် ရှိမှာပါ။ ”
ရှောက်ချန်းကျယ်ရဲ့ မျက်နှာ အမူအရာက ပြောင်းလဲသွားသည်။
“ သမီးလိုပေါ့ ၊ သမီး ဝမ်းနည်းနေတိုင်း ကျိုးကျားဟန်က လာနှစ်သိမ့်ပေးတတ်ပေမဲ့ သမီး မပျော်ဘူး။ ဒါပေမဲ့ ရှန်းချူချီ လာနှစ်သိမ့်ပေးတာနဲ့ သမီး ချက်ချင်း ပျော်သွားတယ်။ ”
ရှောက်ချန်းကျယ်ရဲ့ အမူအရာက နောက်တစ်ခေါက် ပြောင်းလဲသွားပြန်သည်။
“ အဲ့ဒါက တစ်ယောက်ယောက်ကို သဘောကျတာနဲ့ သဘောမကျတာနဲ့ကြားက ကွာခြားချက် မဟုတ်လား ဖေဖေ။ ”
ရှောက်ချန်းကျယ်ရဲ့ မျက်နှာပေါ်မှာ သွေးရောင်ပင် မရှိတော့ပါ။
ချန်ကျင်းလန်က ချိန်းထားတာ ရှိသောကြောင့် ထုံးစံအတိုင်း ( ၁၀ ) မိနစ် ပိုစောပြီး ရောက်အောင် သွားခဲ့သည်။ သူမ စားသောက်ဆိုင်ကို ရောက်တော့ တစ်ဖက်လူက သူမထက် အရင် ကြိုရောက်နေတာမို့ ပထမဆုံး အမြင်အနေဖြင့် အမှတ်လျှော့ချင်စရာကောင်းမသွားပါ။ အချိန်တိကျတဲ့ လူတွေကို သူမ သဘောကျပြီး အချိန်မတိကျတဲ့ လူတွေကိုတော့ သဘောမကျပါ။
ထိုလူက ကလေးဘဝကတည်းက နိုင်ငံခြားမှာ ကြီးပြင်းလာပြီး မိသားစု စီးပွားရေးလုပ်ငန်းတွေကို ဦးစီးနေတဲ့ တတိယမျိုးဆက် သခင်လေး တစ်ယောက် ဖြစ်ကာ အခုတော့ ပြည်တွင်းမှာပါ စီးပွားရေး တိုးချဲ့ဖို့ ရောက်လာတာ ဖြစ်သည်။ သူ့ကို ဖေးကျူးဟွေ့ ကိုယ်တိုင် ရှာထားတာမို့ ရုပ်ရည်နှင့် ပတ်သက်လို့ ထူးထူးခြားခြား ပြောနေစရာ မလိုပါ။ အတော်လေး လူကြီးလူကောင်းဆန်ပြီး ရည်မွန်ရိုးရှင်းသည်။ ကလေးဘဝကတည်းက နိုင်ငံခြားမှာ ကြီးပြင်းလာခဲ့တာ ဆိုပေမဲ့ သူ့စကားထဲမှာ အင်္ဂလိပ် စာလုံးတွေကို မရေမတွက်နိုင်အောင် ညှပ်သုံးတာမျိုးလည်း မရှိ။ အစားအစာတွေ အကြောင်းနှင့် ဒေသ ဓလေ့ထုံးစံအကြောင်းတွေကို ပြောကာ စကားဝိုင်း စတင်သော သူ့ဟန်ပန်က အလွန် ချောမွေ့နေသည်။
ချန်ကျင်းလန်က သူ့ကို ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်၏။ “ ကျွန်မမှာ ခြောက်နှစ်အရွယ် သမီးလေး တစ်ယောက် ရှိတယ်။ ”
“ သူမက သိပ်ချစ်စရာကောင်းမှာပဲနော်။ ” ဟု သူက ပြန်ပြောသည်။
ဒီအကြောင်းကို သူ ကြိုသိထားပြီးသားမို့သာ အံ့ဩမသွားတာ ဖြစ်လိမ့်မည်။
အတင်းကြီး ဟန်လုပ်ယူပြီး ပြောလိုက်ရတဲ့ တုံ့ပြန်ချက်မျိုး မဟုတ်ဘဲ စိတ်ကျေနပ်စရာ တုံ့ပြန်ချက်မျိုးပါ။
သူ့ကို ကြည့်ရတာ အဘက်ဘက်က ပြည့်စုံနေသလို ခံစားရသော်လည်း ချန်ကျင်းလန်သည် သူ့ကို အာရုံမစိုက်နိုင်ဘဲ တစ်ချက် တစ်ချက် စိတ်က လွင့်ချင်ရာ လွင့်သွားမိသည်။
သူကလည်း အဲ့ဒါကို သတိထားပေမဲ့ စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့ပုံ မပေါ်ပါ။ သူမ အာရုံပျံ့လွင့်သွားတိုင်း သူက ဝိုင်ကို တိတ်တဆိတ် သောက်ရင်း စားစရာရှိတာကိုသာ စားနေတတ်၍ ချန်ကျင်းလန် နည်းနည်းလေး အားနာလာမိသည်။ ဒီညစာကို သူနှင့်အတူ လာစားဖို့ သူမပဲ သဘောတူခဲ့တာမို့ သူ့အပေါ် လေးစားမှု အနည်းအကျဉ်းတော့ ပြသင့်သည်။
“ တောင်းပန်ပါတယ်။ ကျွန်မ ဒီနေ့ သိပ်နေမကောင်းလို့ပါ။ ” ချန်ကျင်းလန်က အားတုံ့အားနာ ပြုံးပြလိုက်သည်။
“ တောင်းပန်စရာ မလိုပါဘူး မိန်းကလေးချန်။ တစ်ခုခု စားတယ် ဆိုတာ သက်သောင့်သက်သာနဲ့ ပေါ့ပေါ့ပါးပါး ရှိသင့်တာပေါ့။ ကျွန်တော်လည်း ပင်ပန်းလာရင် အဝေးကို ငေးပြီး လျှောက်တွေးနေရတာမျိုး သဘောကျတယ်။ ”
သူ့တုံ့ပြန်စကားက သူမကို စိတ်သက်သာရာရစေ၏။
သူမ မေးလိုက်သည်။ “ လူကြီးမင်းဟယ် အခုလို ကြင်ဖက်တွေ့ဖို့ ဘာလို့ သဘောတူလိုက်တာလဲ။ ”
အလုပ်အကိုင် အတည်တကျလည်း ရှိကာ ဘဝမှာ ရင့်ကျက်သင့်သလောက် ရင့်ကျက်သွားပြီ ဖြစ်သော သူမအသက်အရွယ်ဝန်းကျင် လူ အများစုဟာ ကြင်ဖက်တွေ့ပြီး လက်တွဲဖော်ရှာရခြင်းကို သဘောမကျမှန်း ချန်ကျင်းလန် သိသည်။
ဟယ်ကျစ်ချန်းက ပြန်ဖြေသည်။ “ နံပါတ်တစ် အကြောင်းပြချက်ကတော့ ကျွန်တော် မလာရင် ကျွန်တော့်အမေက နောက်လလောက်အထိ နိုင်ငံခြားကနေ နေ့တိုင်း ဖုန်းတွေ ဆက်ပြီး နားပူအောင် လုပ်တော့မှာမို့လို့ပါ။ ကျွန်တော့်ကို အသက် သုံးဆယ်မပြည့်ခင် အတင်း လက်ထပ်ခိုင်းတာလေ ၊ အဲ့ဒါက ဒီနှစ်သစ်အတွက် အမေ သူ့ဘာသာ ချမှတ်ထားတဲ့ ပန်းတိုင်တဲ့လေ။ ”
ချန်ကျင်းလန်က သူ့ရဲ့ ပွင့်လင်းသော စကားကြောင့် ရယ်မောမိသည်။
“ ဒုတိယ အကြောင်းပြချက်ကတော့ … ” ဟယ်ကျစ်ချန်းက သူ့ရှေ့က ဝိုင်ခွက်ကို မြှောက်ကာ ခပ်ဖြည်းဖြည်း ခါယမ်းဝေ့လည်ရင်း ဖန်ခွက်ပေါ်မှာ ထင်ဟပ်နေသည့် တောက်ပသော အလင်းရောင်ကို ကြည့်နေခဲ့သည်။ သူ့အတွေးတွေက တစ်စုံတစ်ရာဆီ ပျံ့လွင့်သွားပုံပေါ်သည်။ “ ကျွန်တော် ကျွန်တော့်ရဲ့ အတိတ်ကို ပြန်မကြည့်ချင်တော့လို့ပါ။ ”
ချန်ကျင်းလန် အံ့ဩသွားသည်။ “ အမ် … ”
“ ကျွန်တော့်စိတ်ထဲမှာ သံသယဖြစ်နေတာလေးတွေတော့ ရှိတယ် ၊ ဒါပေမဲ့ ကျွန်တော် သံသယတွေနဲ့ပဲ နစ်မြုပ်မနေချင်ဘူး။ အဲ့ဒါကြောင့် ခြေ တစ်လှမ်းလောက်ပဲ ဖြစ်ဖြစ် ရှေ့တိုးချင်ခဲ့တာပါ။ ” ချန်ကျင်းလန်ကို ကြည့်နေသော ဟယ်ကျစ်ချန်းရဲ့ မျက်လုံးတွေက သူမရဲ့ စိတ်အတွင်းထဲ ဖောက်ဝင်သွားသည်ဟု ထင်ရလေသည်။ “ မိန်းကလေးချန်ရဲ့ အကြောင်းပြချင်တွေကလည်း ကျွန်တော်နဲ့ တူမယ်လို့ ထင်ပါတယ်။ ”
ဟယ်ကျစ်ချန်းက လူ တစ်ယောက်ကို ကောင်းကောင်း အကဲခတ်နိုင်သည့်အတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိသွားသည်။ ချန်မိသားစုရဲ့ ဒုတိယ သခင်မလေးဟာ သူနှင့် ပုံစံခွက် တစ်ခုတည်းက ထုတ်လုပ်ထားသလို ခံစားရ၏။ မာနကြီးတယ် ၊ ခံစားချက်တွေကို ထိန်းချုပ်နိုင်စွမ်း အားကောင်းတယ် ၊ ပြီးတော့ ဘယ်လို လှည့်စားမှုမျိုး ၊ စော်ကားမှုမျိုးကိုမှ သည်းမခံတတ်။ ယုံကြည်မှု တစ်ကြိမ် ပြိုလဲသွားသည်နှင့် တစ်ပြိုင်နက် သူမရဲ့ ယုံကြည်မှုကို နောက်တစ်ခေါက် ပြန်ရဖို့ မလွယ်ပါ။
ချန်ကျင်းလန်ရဲ့ အပြုံးလေးက တဖြည်းဖြည်း လျော့ရဲပျောက်ကွယ်ကာ နောက်ဆုံးတော့ တိတ်ဆိတ်သွားလေသည်။
ထို့နောက် သူတို့ ဆက်ပြောတဲ့ စကားတွေကတော့ အခု ပြောသွားတဲ့ စကားတွေလောက် လေးနက်မှု မရှိတဲ့ ပေါ့ပေါ့ပါးပါး စကားတွေ ဖြစ်သည်။
ချန်ကျင်းလန်က ကြင်ဖက်တွေ့တာကို စောစောစီးစီး အဆုံးသတ်လိုက်သည်။ မိန်းကလေးဘက်က ပိုက်ဆံရှင်းခြင်းဖြင့် သူမရဲ့ ရည်ရွယ်ချက်တွေကို ထင်ရှားစေလိုက်၏။
ဟယ်ကျစ်ချန်းက သူ့ရဲ့ ပွင့်လင်းစွာ ပြောခဲ့မိသော စကားတွေအတွက် တောင်းပန်နေသည်။ “ မိန်းကလေးချန်ကို စော်ကားမိသလို ဖြစ်သွားရင် ကျွန်တော် တောင်းပန်ပါတယ်။ ” သူ့အမေ ပြောတဲ့ စကားက အမှန်ပါပဲ။ သိသာ သိစေ ၊ မမြင်စေနဲ့ ဆိုတဲ့ စကားပုံအတိုင်း သူ လိုက်နာနိုင်ဖို့ လေ့ကျင့်ရပါဦးမည်။ အထူးသဖြင့် မိန်းကလေးတွေရှေ့မှာပေါ့။
ချန်ကျင်းလန်က ခေါင်းခါပြလိုက်သည်။ ‘’ ဘာမှ စော်ကားသလို မဖြစ်ပါဘူးရှင်။ လူကြီးမင်းဟယ်က အခုမှ ဒီကို ပြန်ရောက်တာ ဆိုတော့ အိမ်ရှင် ဖြစ်တဲ့ ကျွန်မကပဲ ကြိုဆိုတဲ့အနေနဲ့ ဒီညစာကို ဧည့်ခံသင့်တာပေါ့။ ”
ဟယ်ကျစ်ချန်းက နောက်တစ်ခေါက်ကျ သူ တစ်လှည့် ပြန်ဧည့်ခံမည် ဖြစ်ကြောင်း ပြုံး၍ ပြောလာဝောာ့ ချန်ကျင်းလန်ကလည်း ခေါင်းညိတ်ပြရသည်။
သို့သော် အလုပ်ကိစ္စအတွက်က လွဲလို့ သူတို့ နှစ်ယောက် နောက်ထပ် ညစာ စားဖို့ မဖြစ်နိုင်တော့မှန်း နှစ်ယောက်လုံး သိပါသည်။
ချန်ကျင်းလန်က သူမရဲ့ စိတ်ကို တစ်စုံတစ်ယောက်က ထွင်းဖောက် မြင်သွားတဲ့အပေါ် စိတ်အနှောင့်အယှက် မဖြစ်မိပါ။ သူမကိုယ်တိုင်ကလည်း သူတစ်ပါးရဲ့ စိတ်ကို ကိုယ့်ဘာသာ အဖြေရှာချင်သည့် ဆန္ဒ တစ်ခုတည်းဖြင့် အကဲခတ်တာမျိုး မလုပ်ချင်သလို တစ်စုံတစ်ယောက်က သူမကို အဲ့ဒီလိုမျိုး လာလုပ်တာကိုလည်း မခံချင်ရုံလေးပါ။
ချန်ကျင်းလန်က သူမကို အိမ်လိုက်ပို့ပေးဖို့ တောင်းဆိုနေသော ဟယ်ကျစ်ချန်းရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်သည်။ သူမ ဒီည အရက်သောက်မိမှာကို စိုးရိမ်သောကြောင့် ဒရိုင်ဘာကို အစောကြီးကတည်းက လာကြိုခိုင်းပြီးသားပင်။
ချန်ကျင်းလန်သည် ဟယ်ကျစ်ချန်းနှင့် လမ်းခွဲလာပြီးနောက် ချန်လီချီကို ဖုန်းဆက်လိုက်ပေမဲ့ ဖုန်းမကိုင်ပါ။ သူမလေးရဲ့ Smart Watch မှာ အားကုန်သွားတာ ဖြစ်ရမည်။ ထို့ကြောင့် ရှောက်ချန်းကျယ်ရဲ့ ဖုန်းကိုပဲ လှမ်းဆက်လိုက်ရသည်။
တစ်ဖက်က ချက်ချင်း ဖုန်းကိုင်ပေမဲ့ အဲ့ဒါက ချန်လီချီရဲ့ အသံ ဖြစ်နေသည်။ “ မေမေ အလုပ်ပြီးသွားပြီလား။ ”
“ အင်း ၊ သမီးတို့ရော ရှော့ပင်းထွက်လို့ ပြီးပြီလား။ ”
“ ပြီးပြီ မေမေ။ အခု သမီးနဲ့ ဖေဖေ တခြား တစ်ခု လုပ်နေတာရယ်။ ”
ချန်လီချီနှင့် သူမရဲ့ အဖေက ချန်ကျင်းလန်ကို မွေးနေ့လက်ဆောင် ပေးဖို့ အိုး တစ်လုံးကို ကိုယ်တိုင်ကိုယ်ကျ လုပ်နေတာပါ။ ဒီအကြောင်းကို သူမအမေ သိသွားလို့ မဖြစ်သေး။
“ သမီးတို့ ပြီးဖို့ ဘယ်လောက် ကြာဦးမှာလဲ။ ”
ချန်လီချီလေးက အဖေဖြစ်သူကို လှမ်းမေးလိုက်သည်။ “ သမီးတို့ ပြီးဖို့ ဘယ်လောက် ကြာဦးမှာလဲဟင် ဖေဖေ။ ”
ရှောက်ချန်းကျယ်က ချန်လီချီနှင့် ချန်ကျင်းလန်ကို ပြန်ပြောလိုက်၏။ “ နာရီဝက်လောက်ပဲ လိုတော့တာပါ။ ”
ချန်ကျင်းလန်က သူမရဲ့ နားထင်ကို လက်ဖျားလေးတွေဖြင့် ပွတ်သပ်နှိပ်နယ်လိုက်၏။ သူမ ဝိုင်တွေ သောက်လာခဲ့တာမို့ ခေါင်းထဲမှာ နည်းနည်းလေး ရီဝေဝေ ဖြစ်နေသည်။ “ ဒါဆို မေမေ အိမ် အရင် ပြန်နှင့်လိုက်မယ်နော်။ သမီး ပြီးသွားရင် ဖေဖေ့ကို အိမ်ပြန်ပို့ခိုင်းလိုက်နော်။ မနက်ဖြန် ကျောင်းရှိသေးတော့ အရမ်းကြီးတော့ နောက်မကျစေနဲ့။ ”
“ ဟုတ် မေမေ။ ” ချန်လီချီက ဖုန်းလေးကို လက်ထဲမှာ ကိုင်ထားရင်း ခေါင်းညိတ်လိုက်သည်။ “ သမီး လုပ်စရာ ရှိတာ လုပ်ပြီးတာနဲ့ ချက်ချင်း အိမ်ပြန်လာခဲ့မယ်နော်။ သမီးကို အရမ်းကြီးလည်း လွမ်းမနေပါနဲ့နော် မေမေ ၊ သမီးပဲ မေမေ့ကို လွမ်းနေမယ်။ ”
ချန်ကျင်းလန်ရဲ့ မျက်လုံးတွေထဲမှာ အပြုံးရိပ်တို့ ယှက်သန်းသွားသည်။ သူမသမီးလေးရဲ့ ချစ်စရာ စကားတွေက သူမနှလုံးသားထဲက အစိုင်အခဲ တချို့ကို အမြဲတမ်း အရည်ဖျော်ပစ်နိုင်သည်။
ချန်လီချီက အမေဖြစ်သူနှင့် ဖုန်းပြောပြီးနောက် ရှောက်ချန်းကျယ်ကို ပြောလိုက်သည်။ “ မြန်မြန်လေး ပြီးအောင် လုပ်ကြမယ်နော် ဖေဖေ ၊ အဲ့ဒါမှ သမီးတို့ အိမ်ပြန်ပြီး မေမေနဲ့ တွေ့နိုင်မှာ။ ”
ရှောက်ချန်းကျယ်က သူမနှာခေါင်းပေါ်က ရွံ့စက်လေးကို လက်ဖျားလေးဖြင့် သုတ်ပေးလိုက်၏။ တကယ်လို့ သူသာ သူ့သမီးလေးလို ချစ်စရာကောင်းတဲ့ စကားတွေကို ဆယ်ပုံ တစ်ပုံလောက် ပြောတတ်လျှင် သူနှင့် ချန်ကျင်းလန်တို့ကြားက အခြေအနေတွေဟာ အခုလို ဖြစ်နေမှာ မဟုတ်ပါ။ ချန်လီချီလေးကလည်း သူ့ကို အဖေတစ်ယောက်အနေဖြင့် နာကျင်စေသော မေးခွန်းတွေကို မေးမှာ မဟုတ်။
ချန်လီချီလေးက အိုးလုပ်ရတာကို အလွန် စိတ်လှုပ်ရှားနေခဲ့သည်။ အိုးလုပ်ပြီးသွားတော့ ကားထဲ ရောက်သည်နှင့် သူမလေးရဲ့ မျက်ခွံတွေ တဖြည်းဖြည်း လေးလံလာကာ ချန်အိမ်တော်သို့ အပြန်လမ်းမှာပဲ အိပ်ပျော်သွားခဲ့လေသည်။
တံခါးဘဲလ်မြည်သံကို ကြားသည်နှင့် ချန်ကျင်းလန်က ချန်လီချီကို ခေါ်ဖို့ ထွက်လာသည်။ ရှောက်ချန်းကျယ်က ထိုင်ခုံခါးပတ်ကို ဂရုတစိုက် ဖြုတ်ပြီး သမီးဖြစ်သူကို ပွေ့ချီလိုက်၏။ ချန်လီချီလေးရဲ့ မျက်လုံးတွေက အိပ်ချင်မူးတူး တစ်ဝက်တစ်ပျက် ပွင့်လာပြီး သူမကို ပွေ့ချီထားသော အဖေနှင့် သူမတို့ဘေးမှာ ရပ်နေသော အမေ့ကို မြင်သွားသည်။ သူမလေးသည် အိပ်ချင်မူးတူး မျက်လုံးတွေဖြင့်ပင် အမေလို့ တစ်ခါ ၊ အဖေလို့ တစ်ခါ တစ်လှည့်စီ ခေါ်ပြီးနောက် အဖေဖြစ်သူရဲ့ လည်ပင်းကို ဖက်ကာ ပြန်လည် အိပ်ပျော်သွားလေသည်။
“ ဘေးက ထိုင်တဲ့ နေရာမှာ ကိုယ် ဝယ်လာခဲ့တဲ့ ပစ္စည်းတွေ ရှိတယ်။ မင်းက အဲ့ဒါတွေ သယ်ခဲ့လိုက် ၊ ကိုယ် သူ့ကို အထဲထိ ချီသွားလိုက်မယ်။ ”
ရှောက်ချန်းကျယ်သည် ထိုစကားကို ပြောပြီးနောက် သူ့ဘေးက လူကိုပင် မကြည့်ဘဲ ချန်လီချီလေးကို ပွေ့ချီ၍ ကားထဲက ထွက်လာခဲ့လိုက်သည်။ သူ့စိတ်ထဲက မလုံမလဲ စိတ်ကိုတော့ သူ တစ်ယောက်တည်းသာ သိနိုင်ပါလိမ့်မည်။
ချန်ကျင်းလန်က သူ့ကို မျက်လုံးထောင့်ကပ်၍ တစ်ချက် ကြည့်ပြီးနောက် မောင်းသူထိုင်ခုံရဲ့ ဘေးခုံပေါ်က ပစ္စည်းတွေကို ကိုင်ပေးဖို့ ကားတံခါးကို ဖွင့်လိုက်သည်။
ရှောက်ချန်းကျယ်ကတော့ အိမ်တံခါးနားမှာ ချန်လီချီလေးကို ပွေ့ချီထားလျက် တံခါးလာဖွင့်ပေးမည့် ချန်ကျင်းလန်ကို စောင့်နေခဲ့သည်။
လျှို့ဝှက်နံပါတ်ကို ချန်ကျင်းလန် ရိုက်ထည့်နေတုန်း သူက လူကြီးလူကောင်း တစ်ဦး၏ အမူအရာဖြင့် ကျောခိုင်းနေခဲ့သည်။
ချန်ကျင်းလန်က ဧည့်ခန်းထဲက ဆိုဖာနား ရောက်တော့ ရှောက်ချန်းကျယ်ကို ခပ်တင်းတင်း ပြောလိုက်၏။ “ ရှင် သူ့ကို ဆိုဖာပေါ်မှာပဲ ချခဲ့လိုက်လို့ ရတယ်။ ”
“ ဟုတ်ပြီ။ ”
ဆိုဖာနှင့် ကျောပြင် ထိသည်နှင့် တစ်ပြိုင်နက် ချန်လီချီရဲ့ မျက်လုံးလေးတွေ ပွင့်လာသည်။ သူမ ရှောက်ချန်းကျယ်ကို တီးတိုး ပြောလိုက်၏။ “ သမီးတို့ အိမ်ရောက်နေပြီလား ဖေဖေ။ ”
“ ဟုတ်တယ် ၊ ဖေဖေတို့ အိမ်ရောက်နေပြီ။ သမီး အခု အိပ်လို့ ရပြီနော်။ ” ရှောက်ချန်းကျယ်က သူမရဲ့ ပခုံးလေးကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။
***