အခန်း ၃၀
Vol. 3 Ch. 30
အပိုင်း ( ၃၀ )
ချန်လီချီက အိပ်မှုန်စုံမွှား မျက်နှာလေးဖြင့် မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်နေသည်။ အခုမှ နိုးလာတာမို့ သူမ အနည်းငယ် အိပ်ချင်နေဆဲ။ ဆယ်စက္ကန့်လောက် ကြာတော့မှ ခပ်တိုးတိုး သမ်းဝေလိုက်ရင်း မျက်လုံးဝိုင်းလေးတွေထဲမှာ အိပ်ချင်နေသည့် မျည်ရည်လေးတွေ စိုလဲ့နေသည်။ “ သမီး သွားမတိုက်ရသေးလို့ အခု အိပ်လို့ မရသေးဘူး။ မအိပ်ခင် သွားမတိုက်ရင် သွားပိုးစားသွားလိမ့်မယ်။ ”
ချန်ကျင်းလန်က ချန်လီချီကို နူးညံ့စွာ ပြောလိုက်သည်။ “ လီချီလေးက လိမ္မာပါတယ်။ အရင်ဆုံး ခဏလောက် အိပ်ရာထလိုက်ဦးနော် ၊ မေမေ သမီးကို သွားတိုက်ဖို့ ခေါ်သွားပေးမယ်။ ” ထို့နောက် သူမ ရှောက်ချန်းကျယ်ရဲ့ ခြေထောက်ကို ခပ်ဆတ်ဆတ်လေး လှမ်းကန်ပြီး မြန်မြန် ပြန်ဖို့ အချက်ပေးလိုက်သည်။ “ ဖေဖေက အခု ပြန်ရတော့မယ်တဲ့ ၊ ဖေဖေ့ကို နှုတ်ဆက်လိုက်ပါဦး လီချီလေး။ ”
ချန်လီချီက ဆိုဖာပေါ်မှာ ထထိုင်ပြီး မျက်လုံးလေးတွေကို ပွတ်သပ်လိုက်သည်။ “ ဖေဖေ အစည်းအဝေး ရှိလို့ ပြန်ရမှာလားဟင်။ ”
ရှောက်ချန်းကျယ်ရဲ့ သူမလေးရဲ့ ရှုပ်ပွနေသော ဆံပင်တွေကို သေသေသပ်သပ် ဖြစ်သွားအောင် ပွတ်သပ်ပေးလိုက်သည်။ “ ဖေဖေ့မှာ ဘာအစည်းအဝေးမှ မရှိပါဘူး။ ”
“ ဒါဆို ဖေဖေ သမီးကို သွားကူတိုက်ပေးပြီး အိပ်ရာထဲမှာ ပုံပြောပြရင်းနဲ့ ချော့သိပ်ပါလားဟင်။ မေမေက အခုတလော ဗိုက်အောင့်နေတော့ အရမ်း အပင်ပန်းခံလို့ မရဘူး ၊ စောစော အနားယူရမှာ။ ”
ရှောက်ချန်းကျယ်က ချန်ကျင်းလန်ကို လှမ်းကြည့်လိုက်သည်။ “ ကိုယ် သူ့ကို ချော့သိပ်ပြီးမှ ပြန်လိုက်မယ်နော်။ ”
ချန်ကျင်းလန်သည် ခဏလောက် နှုတ်ဆိတ်နေပြီးမှ သဘောတူလိုက်၏။ “ ကောင်းပြီ။ ”
သူက ဖခင်ကောင်း တစ်ယောက် ဖြစ်ချင်နေမှတော့ ဖြစ်ခွင့်ပေးလိုက်ပါတော့မည်။
ဒါက သမီးဖြစ်သူ ကိုယ်လက်သန့်စင်တာကို ရှောက်ချန်းကျယ် ပထမဆုံးအကြိမ် ကူညီဖူးတာပါ။ သူက သူမလေးကို ကူညီပေးတာထက် သူမလေးက သူ့ကို သင်ပေးနေသလို ဖြစ်နေရဲ့။ သွားတိုက်တံနဲ့ သွားတိုက်ဆေးက ဘယ်မှာ ရှိတယ် ၊ ဘယ်လို မျက်နှာသစ်ဆေးကို သုံးရမယ် ၊ မပူလွန်း မအေးလွန်းတဲ့ ရေကို သုံးရမယ် ၊ သူမမျက်နှာကို ဖွဖွလေး သုတ်ပေးရမယ် ၊ ပြီးတော့ မျက်နှာတင် မဟုတ်ဘဲ လက်လေးတွေ ၊ ခြေထောက်လေးတွေကိုပါ သုတ်ပေးရမယ် ၊ ဒါပေမဲ့ လက်တွေနဲ့ ခြေထောက်တွေကို သုံးတဲ့ ဆပ်ပြာကတော့ နောက်ထပ် အနံ့ တစ်မျိုး စသည်ဖြင့် … ။
ကလေး တစ်ယောက်ကို ရိုးရိုးရှင်းရှင်း သန့်ရှင်းရေးလုပ်ပေးခြင်းကပင် ရှောက်ချန်းကျယ်ကို ချွေးပြိုက်ပြိုက်ကျသွားစေခဲ့သည်။
ချန်လီချီက မျက်နှာသစ် ၊ သွားတိုက်ပြီးသွားတော့ သူမဘာသာ ညအိပ်ဝတ်စုံ လဲကာ အိပ်ရာထဲ ဝင်ပြီး ဝက်ဝံရုပ်လေး နှစ်ရုပ်ကို ဖက်ထားလိုက်သည်။ “ ရပြီ ဖေဖေ။ ဖေဖေ အခု သမီးကို ပုံပြောပြလို့ ရပြီ။ ”
ရှောက်ချန်းကျယ်က အိပ်ရာဘေးမှာ ထိုင်ပြီး အဟမ်း အဟမ်းဟု လည်ချောင်းရှင်းလိုက်၏။ ဒီတစ်ခေါက် မင်းသမီး ပုံပြင်လေးကို သူ ရွေးချယ်ထားသည်။
ချန်လီချီက ဝက်ဝံရုပ်လေးရဲ့ လက်မောင်းကို ဖက်ထားရင်း အဖေဖြစ်သူ ပုံပြောပြနေသည့် ပါးစပ် အဖွင့်အပိတ်ကို ကြည့်ကာ ‘ သူမ ထင်ထားတာ တကယ် မလွဲဘူးပဲ ’ ဟု တွေးလိုက်မိသည်။ ပုံပြောတယ် ဆိုတာ ပါရမီ လိုအပ်သည်။ သူမအဖေက ဘယ်လောက်ပဲ ကြိုးစား လေ့လာပါစေ ၊ အဘိုးလိုပဲ သူလည်း ပုံပြင် ကောင်းကောင်း မပြောတတ်။ ဒါပေမဲ့ ဖေဖေက သီချင်းတော့ ကောင်းကောင်း ဆိုတတ်သည်။ နောက်တစ်ခေါက်ကျ ဖေဖေ့ကို ပုံပြောပြခိုင်းမည့်အစား သီချင်းဆိုခိုင်းရမည်။
ဖေဖေက ပုံပြင်ကို စာရွတ်ပြသလို တစ်ပြေးညီတည်း အသံသေကြီးဖြင့် ပြောသွားပေမဲ့ သူမကတော့ ဖေဖေ ပုံပြောရတာ တက်ကြွလက်ကြွ ရှိစေရန်အတွက် မကြာခဏ မေးခွန်းလေးတွေ မေးပြီး တုံ့ပြန်ရသည်။ စောစောတုန်းက အိပ်ငိုက်မှုတွေလည်း အခုတော့ လုံးဝ ပျောက်ကွယ်ကာ တက်ကြွမှုတွေက ဝင်နေရာယူသွားခဲ့သည်။
ချန်လီချီက ဖေဖေကို ပြောလိုက်သည်။ “ သမီး ရေသောက်ချင်တယ် ဖေဖေ။ ”
“ ဟုတ်ပြီ ၊ ဖေဖေ သမီးအတွက် ရေသွားခပ်ပေးမယ်နော်။ ”
ရှောက်ချန်းကျယ်က သူမလေးကို စောင်ခြုံပေးခဲ့ပြီးမှ အခန်းထဲက ထွက်ခဲ့လိုက်သည်။
ဧည့်ခန်းထဲမှာ ဘယ်သူမှ မရှိ။ ကြမ်းပြင်ကနေ မျက်နှာကျက်ထိ အပြည့် တပ်ဆင်ထားတဲ့ မှန်ပြတင်းတွေက ဟင်းလင်း ပွင့်နေကာ လေအဝှေ့မှာ လိုက်ကာစတွေ ယိမ်းနွဲ့လှုပ်ရှားနေသည်။ လသာဆောင်မှာ ရပ်နေတဲ့ ခပ်သွယ်သွယ် ပုံရိပ်လေးကို ရှောက်ချန်းကျယ် လှမ်းမြင်လိုက်ရသည်။ သူ လျှောက်သွားလိုက်၏။
အသံကြားတော့ ချန်ကျင်းလန်က ဖျတ်ခနဲ လှည့်ကြည့်သည်။ သူမအကြည့်က ဘာ့ကြောင့်ရယ်မသိဘဲ စိတ်နှင့်ကိုယ် မကပ်သလို ငိုင်တွေတွေလေး ဖြစ်နေသည်။
စားပွဲဝိုင်းလေးပေါ်မှာတော့ ဝိုင်ပုလင်း တစ်ပုလင်းနှင့် ဝိုင် အနည်းငယ်သာ ကျန်တော့သော သောက်လက်စ ဝိုင်ခွက် တစ်ခွက်။ သူ ဝိုင်ပုလင်းကို ယူပြီး ဘေးမှာ ထိုင်လိုက်၏။ “ မင်း နေမကောင်းနေတာကို လောလောဆယ် မသောက်သင့်သေးဘူး။ ”
ငူငူငိုင်ငိုင် ဖြစ်နေတဲ့ ချန်ကျင်းလန်က အချိန် အတော် ကြာမှ သတိဝင်လာပြီး ပြန်ပြောသည်။ “ အဲ့ဒါ ရှင့်အပူ မပါ,ပါဘူး။ ”
“ မင်း မူးနေပြီ။ အထဲ ဝင်ပြီး အိပ်လိုက်တော့။ ဟုတ်ပြီလား။ ” ရှောက်ချန်းကျယ်က သူမရဲ့ မျက်လုံး အခြေအနေကို ငုံ့ကြည့်ပြီး ချန်လီချီကို ချော့မော့သလိုပင် ချော့မြော ပြောလိုက်၏။ ချန်ကျင်းလန်ဟာ ဝိုင်ကို တစ်ခွက် ၊ နှစ်ခွက်ထက် ပိုမသောက်နိုင်ပါ။ ဒီည သူမ သောက်တာ တအား များနေပြီ။
ချန်ကျင်းလန်က သူ့မျက်လုံးတွေကို စိုက်ကြည့်နေပြီးမှ သူ့နာမည်ကို တိုးဖွစွာ ခေါ်လိုက်သည်။ “ ရှောက်ချန်းကျယ် … “
“ အင်း ၊ ကိုယ် ဒီမှာ ရှိတယ်။ ”
“ ကျွန်မ အရက်မမူးဘူး။ ရှင်ကမှ မူးနေတာ။ ကျွန်မ မမူးဘူး။ ”
ဒီညမှာ အရက်မူးနေတဲ့ လူက သူ ဖြစ်ပြီး လူကောင်းပကတိအတိုင်း တည်ငြိမ်နေတာကတော့ သူမ ဖြစ်သည်။
ချန်ကျင်းလန်သည် သူမရဲ့ တည်ငြိမ်မှုကိုရော ၊ သူမရဲ့ ပျော့ညံ့တဲ့ နှလုံးသားကိုရော မုန်းသည်။ သူမမှာ အကြောင်းပြချက် များစွာနှင့် သူ့ကို ခွင့်လွှတ်ပေးဖို့ အဆင်သင့် ဖြစ်နေချိန်မှာ သူကတော့ သူမရဲ့ မျှော်လင့်ချက်တွေကို ရက်ရက်စက်စက် ဖျက်တီးပစ်လိုက်တဲ့ တစ်နေ့ မနက်တုန်းက ကိစ္စကိုတော့ ပိုလို့တောင် မုန်းသည်။
“ ရှင် ပြောတဲ့ စကားတွေက လိမ်ပြောနေတာပဲဖြစ်ဖြစ် .. အမှန်အတိုင်းပဲပြောနေတာဖြစ်ဖြစ် ၊ ကျွန်မကတော့ ရှင့်ကို ခွင့်မလွှတ်ဘူး။ ” သူ့မျက်လုံးတွေကို စိုက်ကြည့်ရင်း သူမ ဗလုံးဗထွေး ပြောလိုက်သည်။
သူမ သူ့ကို နောက်တစ်ကြိမ် ခွင့်လွှတ်မှာ မဟုတ်။
“ ဟုတ်ပါပြီ ၊ အဲ့ဒါဆိုလည်း ကိုယ့်ကို ခွင့်မလွှတ်နဲ့။ ”
သူ့တုံ့ပြန်စကားကို ကြားတော့ ချန်ကျင်းလန် ကျေနပ်သွားသည်။ သူမရဲ့ ခေါင်းက သူ့ပခုံးပေါ်ကို တဖြည်းဖြည်း မှီနွဲ့လာကာ စက္ကန့် အနည်းငယ်အကြာတွင်တော့ အရက်မူးပြီး အိပ်ပျော်သွားလေသည်။
ဆံပင်တွေ ဖုံးအုပ်နေတဲ့ သူမရဲ့ ပါးလေးနှင့် ရှောက်ချန်းကျယ်ရဲ့ ပခုံးတို့ ထိစပ်နေသည်။ ဝိုင်နီရနံ့ သင်းသင်းလေး ပါဝင်နေသော သူမ အသက်ရှုထုတ်လိုက်သည့် လေက သူ့လည်ပင်းကို ထပ်ခါတလဲလဲ တိုးဝှေ့ကာ သူ့အာရုံကြောတွေကို ပြင်းဆန်စွာ နှိုးဆွနေသည်။ရှောက်ချန်းကျယ်သည် သူနှင့် အလွန် နီးကပ်နေသည့် အနီရောင် နှုတ်ခမ်းလေးတွေကို ကြည့်ကာ သူတို့ နှစ်ယောက်ကြားက အကွာအဝေးကို ပို၍ နီးကပ်လာချင်မိသည်။
“ ဖေဖေ။ ”
မလှမ်းမကမ်းမှာ ခြေဗလာဖြင့် ရပ်ကာ မျက်လုံးကို လက်လေးတွေဖြင့် အုပ်ထားသည့် ချန်လီချီက ခပ်တိုးတိုး လှမ်းခေါ်လိုက်တာ ဖြစ်သည်။ မျက်လုံးကို လက်နှင့် အုပ်ထားပေမဲ့ သူမရဲ့ လက်ခလယ်နှင့် လက်သူကြွယ်ကြား နေရာလွတ် အကြားအလပ်လေးကနေ နည်းနည်းပါးပါးတော့ မြင်နေရပါသေးသည်။ “ ဖေဖေ အခုထိ မေမေ့ရဲ့ ခွင့်ပြုချက် မရသေးဘူးလေ။ ခွင့်ပြုချက် မရဘဲနဲ့ မေမေ့ကို နမ်းလို့ မရဘူး။ ”
ချန်လီချီသည် ထိုသို့ ပြောပြီးနောက် သူမရဲ့ မျက်လုံးကို အုပ်ထားတဲ့ လက်ချောင်းလေးတွေကို အကြားအလပ်မရှိအောင် ခပ်တင်းတင်း စေ့ပိတ်လိုက်၏။
ရှောက်ချန်းကျယ်က အိုးတိုးအမ်းတမ်း အမူအရာဖြင့် ခြေ တစ်လှမ်း နောက်ဆုတ်လိုက်ရင်း သမီးဖြစ်သူအား အခြေအနေကို အံကြိတ်၍ ရှင်းပြနေရသည်။ “ မေမေက အိပ်ပျော်သွားလို့ ဖေဖေက မေမေ့ကို အိပ်ခန်းထဲ ပွေ့ချီသွားပေးမလို့ပါ။ ”
ချန်လီချီက သူမရဲ့ လက်ချောင်းလေးတွေကြားမှ နေရာလွတ်ကလေးတွေကို နောက်တစ်ကြိမ် ပြန်ဟလိုက်သည်။ အရာရာတိုင်းကို သူမရဲ့ မျက်လုံးဝိုင်းလေးတွေနှင့် ကြည့်ရင်း မျက်တောင်ရှည်တွေ တဖျတ်ဖျတ် လှုပ်ခတ်သွား၏။ သူမက ဖေဖေ့ကို ထောက်ထားညှာတာစွာ သူ့ဇာတ်လမ်းထဲက ဟာကွက်တွေကို ထောက်ပြမနေတော့ဘဲ ရေလိုက်ငါးလိုက်လေး ပြန်ပြောလိုက်သည်။ “ မေမေ့အခန်းက သမီးအခန်းနဲ့ ဘေးချင်းကပ်ရက်ပဲ။ ဖေဖေ မေမေ့ကို ညင်ညင်သာသာလေး ပွေ့သွားရမယ်နော် ၊ အဲ့ဒါမှ မေမေ မနိုးမှာ။ ”
“ ဟုတ်ပြီ ၊ လီချီလေးက ဖေဖေ့ကို လမ်းပြပေးပါလား။ ”
ရှောက်ချန်းကျန်းသည် လက်ရှိ အချိန်မှာ သူ့သမီးနှင့် မျက်လုံးချင်း မရင်ဆိုင်ရဲပေ။ သူ့ဘဝမှာ ဒီလောက်ထိ အိုးတိုးအမ်းတမ်း ခံစားပြီး အနေရခက်မိတာ ဒါ ပထမဆုံးအကြိမ်ပင်။
“ ဟုတ် ဖေဖေ။ ” ချန်လီချီက အရှေ့ကနေ သူမအဖေကို လမ်းပြပြီး ခေါ်သွားလိုက်သည်။
ရှောက်ချန်းကျယ်က ချန်ကျင်းလန်ကို ခါးအောက်ကနေ ထိန်းကိုင်၍ သူ့ရင်ခွင်ထဲမှာ ပွေ့ချီထား၏။
ချန်ကျင်းလန်က မျက်မှောင်ကြုတ်ပြီး သူမရဲ့ မှုန်ဝါးနေသော ရီဝေဝေ မျက်လုံးတွေကို ဖွင့်လိုက်သည်။ သူမရှေ့မှ လူကို မြင်တော့ သူမရဲ့ တင်းမာနေသော မျက်ခုံးတွေ ပြေလျော့သွားကာ လက်ဖျားလေးတွေနှင့် သူ့မေးရိုးကို ခပ်ဖွဖွလေး တို့ထိလိုက်သည်။ ထို့နောက် သူမရဲ့ လက်ဖျားလေးတွေက သူ့မေးရိုးကနေ တစ်ဆင့် နားရွက်အထိ ရောက်သွားသည်။ သူမ တိုးသဲ့သဲ့ မေးလိုက်၏။ “ ရှင် ဘာလို့ နားရွက်တွေ နီနေတာလဲ ရှောက်ချန်းကျယ်။ ”
ရှောက်ချန်းကျယ်ရဲ့ ပခုံးသားတွေ တောင့်တင်းသွားသည်။ သူမရဲ့ အသံက တိုးညှင်းလွန်းသောကြောင့် သူ ‘ မြောင်မြောင် ’ လို့ ပြန်မခေါ်မိဘဲ မနေနိုင်ပေ။
“ အင်း … ” ချန်ကျင်းလန်က မပီမသ ပြန်ပြောသည်။ သူမက သူ့ရင်ခွင်ထဲမှာ လူးလွန့်ရင်း သက်သောင့်သက်သာ နေနိုင်မည့် အနေအထားကို ရှာနေကာ ပြန်လည် အိပ်မောကျသွားသည်။
သူမ တကယ့်ကို အရက်မူးနေတာပါ ၊ မဟုတ်ရင် သူ့ကို သူမနား ဒီလောက်ထိ ကပ်ခွင့်ပေးမှာ မဟုတ်။ ဒီလိုမျိုး သူမဘက်က စပြီး ပွတ်သီးပွတ်သပ် လုပ်ဖို့ဆို ဝေလာဝေး။
ချန်လီချီက ဖေဖေ့ကို မေမေ့အခန်းထဲ ခေါ်သွားလိုက်သည်။ သူမ ခြေဖျားထောက်ပြီး စောင်ကို ဖြန့်ခင်းလိုက်၏။ ထို့နောက် ခေါင်းအုံးကို ပုတ်ကာ ဖေဖေ့ကို လှမ်းပြောလိုက်သည်။ “ မေမေ့ကို အိပ်ရာပေါ်ကို ဖြည်းဖြည်းချင်း ညင်ညင်သာသာလေး ချနော် ဖေဖေ။ ”
“ ဟုတ်ပြီ။ ”
ရှောက်ချန်းကျယ်က သူ့ရင်ခွင်ထဲမှ အမျိုးသမီးလေးကို အိပ်ရာပေါ် ဖြည်းဖြည်းချင်း ချပေးလိုက်၏။ စောင် အပါးလေးကို ယူပြီး သူမရဲ့ ခန္ဓာကိုယ်ပေါ် လွှားခြုံပေးကာ ဘေးနားတွေမှာ စောင်လွတ်မနေတာ သေချာအောင် ကြည့်လိုက်သည်။ ချန်ကျင်းလန်ရဲ့ ကျောပြင်လေးက နူးညံ့သော အိပ်ရာနှင့် ထိကပ်သွားသည်။ အဲ့ဒီနောက် ခြုံထားတဲ့ စောင်လေးကို ဖက်ရင်း သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။
ချန်လီချီက ဘေးမှာ ရပ်ကာ အဖေဖြစ်သူရဲ့ အပြုအမူတွေကို ကြည့်ရင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ “ ရပြီ ဖေဖေ။ အခု မေမေ အိပ်ပျော်နေတာကို မနှောင့်ယှက်ဘဲ နေရအောင်။ ” သူမလေးက အဖေဖြစ်သူရဲ့ လက်ကို ဆွဲကာ ခပ်တိုးတိုး ပြောလိုက်သည်။ “ အခု အပြင်ထွက်ကြမယ်။ ”
ရှောက်ချန်းကျယ်သည် သူ့ရဲ့ သမီးလိမ္မာလေးကို ပွေ့ချီလိုက်ပြီးနောက် မီးပိတ်ကာ အခန်းထဲမှ ထွက်ခဲ့လိုက်သည်။ အခန်းတံခါးကိုတော့ ဟ,ထားခဲ့ပါသည်။
ချန်လီချီက ရေကို ဖန်ခွက် အကြီးကြီး တစ်ခွက်နှင့် သောက်ပြီး အိပ်ရာထဲမှာ ပြန်လဲလျောင်းနေလိုက်သည်။ ဖေဖေ ပုံပြောပြတာကို သူမ ဆက်နားမထောင်ချင်တော့ပါ။ ဦးလေးရဲ့ စကားတွေကို ယူသုံးရလျှင်တော့ အခြေအနေတွေကို ဖေဖေ့အတွက် ခက်ခဲအောင် မလုပ်ချင်သလို သူမကိုယ်တိုင်အတွက်လည်း ခက်ခဲအောင် မလုပ်ချင်ပါ။
“ သမီးကို သီချင်း ဆိုပြပါလားဟင် ဖေဖေ။ ဖေဖေ ဟိုတစ်နေ့တုန်းက ဆိုပြခဲ့တဲ့ ကလေးချော့တေးကို ဆိုပြ။ ဖေဖေ သီချင်းဆိုပြတာက အကောင်းဆုံးပဲ။ ”
“ ဆိုပြရမှာပေါ့။ ” ရှောက်ချန်းကျယ်က သူမလေးရဲ့ ကျောပြင်ကို ခပ်ဖွဖွ ပုတ်ပေးရင်း ကလေးချော့တေးကို စတင် သီဆိုလိုက်သည်။ သူ့ရဲ့ နားဝင်ချိုဖွယ် တိုးလျသာယာသော ကလေးချော့တေးသံက အခန်းလေးထဲမှာ နူးညံ့စွာ ပျံ့လွင့်နေသည်။
ချန်လီချီလေးသည် အဖေဖြစ်သူထံမှာ ကျောပုတ်ပေးတာကို ခံကာ သီချင်းနားထောင်ရင်း ဇိမ်အကျကြီးကျနေမိသည်။ သူမဘေးမှာ ဖေဖေကိုယ်တိုင် သီချင်းဆိုပြနေတာက ဖုန်းထဲမှာ သီချင်းဆိုပြတာထက် ပိုကောင်းသည်။ တဖြည်းဖြည်း လေးလံလာသော အိပ်ငိုက်ခြင်းက သူမရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို ပေါ့ပါးလာစေသည်။ အဲ့ဒီနောက် သူမရဲ့ မျက်ခွံတွေ လေးလံကာ ဖြည်းဖြည်းချင်း ပိတ်ကျလာခဲ့သည်။
ရုတ်တရက်ပဲ အပြင်ဘက်မှာ မိုးခြိမ်းသံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ တစ်နေ့လုံး မှိုင်းညို့နေခဲ့သော ကောင်းကင်ကြီးဟာ နောက်ဆုံးတော့ မိုးစက်မိုးပေါက်တွေကို သည်းသည်းထန်ထန် ရွာသွန်းစေခဲ့သည်။
အိပ်ပျော်တော့မည့် ချန်လီချီသည် မိုးခြိမ်းသံကြောင့် လန့်နိုးလာကာ အိပ်ရာထဲမှာ ကြောက်လန့်တကြား ထထိုင်ရင်း အဖေဖြစ်သူကို လှမ်းကြည့်လိုက်သည်။ “ အပြင်မှာ မိုးရွာနေပြီ ဖေဖေ။ ”
မိုးကြိုးတွေ ပစ် ၊ လျှပ်စီးတွေ လက်တဲ့ မိုးသည်းညတွေကို သူမ အကြောက်ဆုံးပါပဲ။
ရှောက်ချန်းကျယ်က သူမလေးရဲ့ နားတွေကို အုပ်ကာ ရင်ခွင်ထဲမှာ ထွေးပွေ့ရင်း နူးညံ့သော အသံဖြင့် နှစ်သိမ့်ပေးလိုက်သည်။ “ မကြောက်ပါနဲ့ လီချီလေးရယ်။ ဖေဖေ ဒီမှာ ရှိတယ်နော်။ ဖေဖေက သမီးနဲ့အတူ ရှိနေပေးမယ်။ ”
ချန်လီချီက ရှောက်ချန်းကျယ်ကို မေးလိုက်သည်။ ကြောက်ရွံ့မှုကြောင့် သူမအသံလေးက အနည်းငယ် တုန်ရီနေ၏။ “ ဖေဖေ ဒီည အိမ်မပြန်ဘဲ နေလို့ ရလားဟင်။ သမီး ကြောက်တယ်။ ”
“ ဟုတ်ပါပြီ။ ဖေဖေ ဒီည ဒီမှာပဲ အိပ်လိုက်မယ်။ ”
ချန်လီချီက ထိုစကားကို ကြားတော့မှ တဖြည်းဖြည်း စိတ်အေးသွားကာ သူမအဖေကို ပြန်ဖက်လိုက်သည်။ “ ဖေဖေသာ သမီးဘေးမှာ ရှိနေမယ် ဆိုရင် သမီး ဘာကိုမှ မကြောက်တော့ဘူး။ သမီး အိပ်ပျော်သွားရင် ဖေဖေ ဧည့်ခန်းထဲက ဆိုဖာမှာ သွားအိပ်လို့ ရတယ်နော်။ ဆိုဖာက နူးညံ့တော့ အိပ်ရတာ သက်သောင့်သက်သာ ရှိမှာပါ။ ” ထို့နောက် သူမ တခြား အတွေး တစ်ခုကို တွေးမိသွားသည်။ “ ဖေဖေ ဒီည ဒီမှာ အိပ်ရင် မေမေ့ကိုလည်း မနက်ကျ ဂရုစိုက်ပေးလို့ ရတယ်။ မေမေ နေမကောင်းတာ နှစ်ရက်လောက် ရှိပြီရယ်။ ”
ရှောက်ချန်းကျယ်ရဲ့ မျက်တောင်တွေက တဖျတ်ဖျတ် လှုပ်ခတ်သွားသည်။ “ ဖေဖေတို့ရဲ့ လီချီလေးက တော်လိုက်တာ။ ”
ချန်လီချီက ပြုံးလိုက်၏။ သူမက ကြည်လင်သော မျက်လုံးလေးတွေဖြင့် အဖေဖြစ်သူကို လေးလေးနက်နက် ကြည့်လိုက်သည်။ “ ကောင်လေးတွေက ကောင်မလေးတွေကို တိတ်တိတ်လေး နမ်းလို့ မရဘူးနော် ဖေဖေ ၊ အဲ့ဒါ မကောင်းဘူး။ ”
ရှောက်ချန်းကျယ်ရဲ့ အမူအရာက နောက်တစ်ကြိမ် အေးခဲသွားသော်လည်း သူ ဆက်ပြီး ငြင်းဆန်လို့ မရတော့မှန်း သိပါသည်။ သူ့သမီးလေးကို စိတ်ရင်းဖြင့် ကတိပေးလိုက်သည်။ “ ဖေဖေ မှတ်ထားပါ့မယ်။ ”
ဆရာမလေးချန် ခေါင်းညိတ်ပြလိုက်၏။ “ ဖေဖေ မေမေ့ကို တိတ်တိတ်လေး နမ်းချင်နေတယ် ဆိုတာကို မေမေ မသိအောင် သမီးကို လျှို့ဝှက်ပေးထားစေချင်လားဟင်။ ”
ရှောက်ချန်းကျယ်က သူမရဲ့ ဆံပင်လေးတွေကို ပွတ်သပ်လိုက်သည်။ “ လီချီလေးက လျှို့ဝှက်ပေးထားချင်တယ် ဆိုရင်ပေါ့။ ”
ချန်လီချီက တစ်ချက် စဉ်းစားလိုက်သည်။ “ ဖေဖေ့အတွက် ဒီလို လျှို့ဝှက်ချက်မျိုးကို တစ်ခါပဲ လျှို့ဝှက်ပေးထားနိုင်တယ်။ ‘ နောက်တစ်ခေါက် ထပ်မဖြစ်စေရပါဘူး ’ လို့ လူကြီးတွေ ပြောကြတဲ့ စကား ရှိတယ်လေ။ အဓိပ္ပာယ်က ကိုယ်က အမှား တစ်ခု ကျူးလွန်ပြီးသွားရင် တစ်ခါပဲ အခွင့်အရေး ရလိမ့်မယ် တဲ့။ သမီး ဖေဖေ့ကို ဒီတစ်ခေါက်တော့ ခွင့်လွှတ်ပေးလိုက်ပါ့မယ် ၊ ဒါပေမဲ့ နောက်တစ်ခေါက်တော့ ဖေဖေ အဲ့လိုမျိုး ထပ်လုပ်လို့ မရဘူးနော်။ ”
ရှောက်ချန်းကျယ် တစ်ယောက် အကြီးအကျယ် အရှက်ကွဲသွားတာပါ။ “ ဖေဖေ့ကို အခွင့်အရေးပေးလို့ ကျေးဇူးပါနော် လီချီလေး။ ”
“ ရပါတယ် ၊ ကျေးဇူးတင်စရာ မလိုပါဘူး ဖေဖေရဲ့။ ”
ချန်လီချီက သူမရဲ့ ပါးစပ်ကို လက်နှင့် အုပ်ရင်း လေးတွဲ့စွာ သမ်းဝေလိုက်သည်။ သူမ တကယ် ပင်ပန်းနေပါပြီ။ ဒီနေ့က သူမ ခါတိုင်း အိပ်ရာဝင်နေကျ အချိန်ထက် တစ်နာရီတောင် နောက်ကျနေခဲ့ပြီ။ အပြင်မှာ လျှပ်စီးတွေ ဆက်လက် ပြိုးပြက်နေပေမဲ့ မေမေက ဘေးခန်းမှာ အိပ်ပျော်နေကာ ဖေဖေကတော့ သူမဘေးမှာမို့ ဘာကိုမှ ကြောက်စရာ မလိုတော့ပါ။ ခဏအကြာမှပဲ သူမရဲ့ အသက်ရှူသံ မှန်မှန် ထွက်ပေါ်လာလေသည်။
သူ့သမီးလေး အိပ်ပျော်သွားတော့မှသာ ရှောက်ချန်းကျယ်က သူမလေးကို သူ့ရင်ခွင်ထဲကနေ အိပ်ရာပေါ် ဖြည်းဖြည်းချင်း ပြန်ချပေးပြီး မတ်တပ်ရပ်လိုက်သည်။ အကြာကြီး ထိုင်ထားရလို့ သူ့ခြေထောက်တွေ ထုံနေပြီမို့ ပြန်သက်သာစေရန် ခဏလောက် ဒီတိုင်းလေး ရပ်နေရသည်။ အပြင်ဘက်က မိုးခြိမ်းသံတွေကတော့ မိုးပြိုတော့မည်လား ထင်မှတ်ရလောက်အောက်ပင် ကျယ်လောင်သထက် ကျယ်လောင်လာခဲ့သည်။ ချန်ကျင်းလန်ကလည်း မိုးသည်းညတွေကို သဘောမကျပါ။ သူ ချန်လီချီလေးရဲ့ အခန်းထဲကနေ ထွက်လာပြီး ဘေးခန်း အခန်းတံခါးရှေ့မှာ ရပ်ကာ အခန်းထဲက အခြေအနေကို တစ်ချက် ကြည့်လိုက်၏။
ချန်ကျင်းလန်က အိပ်တစ်ဝက် ၊ နိုးတစ်ဝက် ဖြစ်နေသည်။ သူမရဲ့ ခန္ဓာကိုယ်ထဲမှာ စကားနှင့် ဖော်ပြလို့ မရလောက်အောင် မသက်မသာ ခံစားနေရသည်။ အရက်သောက်တာ ( ဝိုင်သောက်တာ ) များသွားလို့ အစာအိမ်ထဲမှာ မအီမသာ ဖြစ်နေကာ ဝမ်းဗိုက် အောက်ပိုင်းကတော့ ဓမ္မတာလာခြင်းကြောင့် ကိုက်ခဲနေခဲ့သည်။ ကျယ်လောင်သော မိုးခြိမ်းသံတွေနှင့်အတူ သူမလည်း ပန်ကိတ်လေး တစ်လုံးလိုပင် အိပ်ရာထဲမှာ ဟိုဘက် လှိမ့်လိုက် ၊ ဒီဘက် လှိမ့်လိုက် ဖြစ်နေခဲ့ရသည်။ သို့သော် သူမ ဘယ်လောက်ပဲ ကြိုးစားပါစေ ၊ ဗိုက်ထဲက နာကျင်မှုဟာ ပျောက်ကွယ်မသွားပေ။
***