အခန်း ၃၂
Vol. 4 Ch. 32
အပိုင်း ( ၃၂ )
“ နင် မနေ့ညတုန်းက ဟယ်ကျစ်ချန်းနဲ့ ညစာ စားခဲ့တယ်လို့ အမေ ပြောတာ ကြားတယ်။ ” ချန်ကျင်းချွမ်က ပြန်ဖို့ ခြေလှမ်းပြင်ပြီးမှ ထိုအကြောင်းကို ရုတ်တရက် သတိရသွားသည်။
“ အင်း။ ” ချန်ကျင်းလန်ကတော့ အဲ့ဒီ အကြောင်းနှင့် ပတ်သက်လို့ ဘာမှ သိပ်မပြောချင်ပေ။
“ ဟယ်ကျစ်ချန်း ဆိုတဲ့ လူက မဆိုးပါဘူး။ သူက ဟယ်မိသားစုရဲ့ တတိယမြောက် သားလေ။ အရင်တုန်းက သူ တက်တဲ့ ကျောင်းက ငါ တက်တဲ့ ကျောင်းနဲ့ ဘေးချင်းကပ်ရက်ပဲ။ သူက ရိုးသာဖြောင့်မတ်တယ် ဆိုပြီး ဒီက အသိုင်းအဝိုင်းကြားမှာ တော်တော်လေး နာမည်ကြီးတယ် ၊ ပေါ့ပေါ့နေ ပေါ့ပေါ့စား လူမျိုး မဟုတ်ဘူး။ သူ့မိသားစုကလည်း နာမည်ကောင်းနဲ့ ကျော်စောတယ် ၊ မကောင်းတဲ့ လုပ်ငန်းမျိုးတွေလည်း ဘာတစ်ခုမှ မလုပ်ဘူး။ သူတို့မိသားစုက ပြည်တွင်း ဈေးကွက်ကို ချဲ့ထွင်ချင်နေတာ ၊ သူကလည်း အဲ့အပိုင်းကို တာဝန်ယူထားတယ်။ နင်သာ သူနဲ့ တကယ် လက်တွဲဖြစ်သွားမယ် ဆိုရင် ကိုယ် ချစ်တဲ့ လူနဲ့ တကွဲတပြားစီ နေရမှာကို စိုးရိမ်စရာ မလိုဘူး။ ”
တကယ်လို့ ဟယ်ကျစ်ချန်းသာ တရုတ်နိုင်ငံမှာ နေဖို့ အစီအစဉ်မရှိလျှင် ချန်ကျင်းချွမ်ကလည်း သူ့ကို သူ့ညီမနှင့် တွေ့ပေးဖို့ သဘောတူခဲ့မှာ မဟုတ်။ သူတို့မိသားစုရဲ့ သမီးလေးဟာ အလှမ်းဝေးလွန်းတဲ့ နိုင်ငံခြားက လူနှင့် လက်ထပ်လို့ မရပါ။ အရမ်း မဝေးတဲ့ နီးနီးနားနား ပြည်တွင်းက လူနှင့် လက်ထပ်တာ အကောင်းဆုံးပါပဲ။
ချန်ကျင်းလန်က သူ့စကားမဆုံးသေးခင်မှာပဲ ဖြတ်ပြောလိုက်သည်။ “ ဒီတိုင်း ညစာလေး တစ်နပ်လောက် အတူတူ စားပါတာ အစ်ကိုရယ်။ ဘာမှ မဖြစ်ခဲ့ပါဘူး။ အစ်ကို တွေးတာက အများကြီး ကျော်နေပြီ။ ”
ချန်ကျင်းချွမ် ကိုယ်တိုင်လည်း သူ အများကြီး တွေးနေမိကြောင်း သိပေမဲ့ သူ့မှာ စိုးရိမ်နေတဲ့ ကိစ္စ တစ်ခု ရှိသည်။ လီချီလေးက ရှောက်ချန်းကျယ်ဟာ သူမအဖေမှန်း သိသွားချိန်ကတည်းက သူ စိုးရိမ်နေခဲ့ရတာပါ။ မမျှော်လင့်ထားတာတွေ ဖြစ်ပျက်လာတော့မယ်လို့ သူ ဆက်တိုက် ခံစားနေရသည်။
“ ဟယ်ကျစ်ချန်းက နင်နဲ့ သင့်တော်ပါတယ်။ ပထမအကြိမ် တွေ့ကြည့်ရသလောက် နင်လည်း သူ့ကို မဆိုးဘူးလို့ မြင်ရင် ခံစားချက်တွေကို ဖြည်းဖြည်းချင်း တည်ဆောက်သွားလို့ ရတာပဲ။ သူက မကောင်းရင်တော့လည်း ငါတို့မှာ တခြား လူတွေ ရှိပါသေးတယ်။ ငါ့ပတ်ဝန်းကျင်မှာ ထက်မြတ်တဲ့ လူငယ်လေးတွေ အများကြီး ရှိတယ် ၊ နင်သာ စိတ်ပါရင် အနာဂတ်မှာ နင့်စိတ်ကြိုက် လက်တွဲဖော် ရွေးဖို့ အဖွဲ့ တစ်ဖွဲ့တောင် ဖွဲ့ပေးနိုင်တယ် ၊ အဲ့အဖွဲ့ထဲက နင် ကြိုက်တဲ့ လူကို ရွေး။ ငါကတော့ စင်းလုံးချော ပြည့်စုံတဲ့ ယောက်ဖကို ရှာမတွေ့နိုင်ဘူး ဆိုတာ မယုံဘူး။ ”
အတိုချုံ့ ပြောရလျှင်တော့ ရှောက်ချန်းကျယ်က လွဲရင် ကျန်တဲ့ လူတွေက လူကောင်းတွေချည်းသာ။ ရှောက်မိသားစုမှာ လူကောင်းရယ်လို့ မရှိ။
ချန်ကျင်းလန်က သူ့ကို မျက်စောင်းထိုးလိုက်သည်။ သူမ ရွေးဖို့ ယောက်ျားတွေ အများကြီး ရှိနေသေးတယ်တဲ့လား … ။ “ အစ်ကို ဘာမှ မပြောဘဲ တိတ်တိတ်လေး နေရင် ပိုကောင်းမယ် သိလား။ အစ်ကိုက စကား အကောင်း ပြောရမယ် ဆိုရင်တော့ သုံး လေးခွန်းလောက်ကိုတောင် ဖြောင့်အောင် မပြောနိုင်ဘူး။ အစ်ကိုက ကိုယ်တိုင်ကျတော့ တစ်ခါမှ လက်မထပ်ဖူးဘဲနဲ့ မှိုတက်နေတဲ့ လူပျိုကြီး ဖြစ်နေပြီးတော့ ဘာလို့ ညီမကို အတင်း လာလက်ထပ်ခိုင်းနေတာလဲ။ ”
ချန်ကျင်းချွမ်သည် သူ့နှလုံးသားတည့်တည့်ကို သေနတ်မှန်ကာ သွေးတွေ ပန်းထွက်လာသည်ဟု ခံစားလိုက်ရလေသည်။ ချန်ကျင်းလန်ရဲ့ အိမ်ထဲကနေအထွက် တံခါးဝမှာ သူ ခလုတ်တိုက်မိသည်။ ပြင်ပမှာ သူကို “ တစ်ကိုယ်တည်းသမား အမျိုးကောင်းသား ” လို့ လူသိများပေမဲ့ သူ့ညီမလေးကတော့ သူ့ကို “ မှိုတက်နေတဲ့ လူပျိုကြီး ” လို့ ခေါ်နေပါရောလား။
ချန်လီချီကတော့ သူမရဲ့ ဦးလေးနှင့် အမေတို့ ပြောနေတဲ့ စကားတွေကို သေချာ မကြားရပေ။ သူမက သွားလေးတွေကို ဖြူဖွေးသွားတဲ့အထိ စိတ်ပါလက်ပါ သေချာလေး သွားတိုက်နေခဲ့သည်။
တစ်ဝက်တစ်ပျက် ပိတ်ထားတဲ့ ရေချိုးခန်းတံခါးရှေ့မှာ ရပ်နေသော ရှောက်ချန်းကျယ်ရဲ့ မျက်နှာ အမူအရာကတော့ မှုန်ကုပ်ကုပ် ဖြစ်နေခဲ့လေသည်။
ချန်ကျင်းချွမ် ထွက်သွားတော့မှ ချန်ကျင်းလန်က ဖေးကျူးဟွေ့ကို ဖုန်းလှမ်းဆက်ပြီး အလုပ်ကိစ္စ တစ်ခု ပေါ်လာလို့ ဟိုတယ်ကို စောစော သွားရမှာမို့ မနက်စာ လာစားတော့မည် မဟုတ်ကြောင်း ပြောလိုက်သည်။ သူမ ချန်လီချီကို ဟိုတယ်ကို ခေါ်သွားပြီး ဟိုတယ် ရောက်မှ မနက်စာ အတူ စားလို့ ရသည်။ ရှောက်ချန်းကျယ်ကို သူမရဲ့ အိမ်ထဲမှာ လှည့်ပတ်နေဖို့ ခွင့်မပြုနိုင်ပါ။ မတော်လို့ တံခါးဝမှာ တစ်ယောက်ယောက်နှင့် တည့်တည့် တိုးလျှင် ပြဿနာတွေ တက်ကုန်မှာမို့ ခဏနေရင် သူ့ကို ကားထဲမှာ ဖွက်ပြီး ခေါ်ထုတ်သွားရပါလိမ့်မည်။
ရှောက်ချန်းကျယ်သည် အွန်လိုင်းပေါ်က ဟင်းချက်နည်းအတိုင်း တရုတ်ဆီးသီးအနီနှင့် ကျောက်ပွင့် စွပ်ပြုတ် တစ်ခွက် ချက်လိုက်သည်။ အရသာက အရမ်း အကောင်းကြီး မဟုတ်ပေမဲ့ ဆိုးဆိုးဝါးဝါးကြီးတော့လည်း မဟုတ်ပါ။ ချန်လီချီကတော့ စွပ်ပြုတ် နှစ်ခွက် သောက်ပြီး သူမရဲ့ အဖေကို အားပေးခဲ့သည်။
ချန်ကျင်းလန်က သမီးဖြစ်သူရဲ့ စောင့်ကြည့်နေသော အကြည့်တွေကြောင့် စွပ်ပြုတ်ကို အရင်ဆုံး နည်းနည်းလေး ခပ်သောက်ကြည့်လိုက်သည်။ ပူနွေးချိုမြသော စွပ်ပြုတ် အရည်က သူမရဲ့ လည်ချောင်း တစ်လျှောက် လျှောဆင်းကာ အရက်နာကျနေသည့် အစာအိမ်ထဲသို့ ဝင်ရောက်သွား၏။ အံ့ဩစရာကောင်းစွာပင် သူမကို ပိုလို့ သက်သောင့်သက်သာ ခံစားရစေသည်။ ပျို့အန်ချင်နေတဲ့ ခံစားချက်တွေလည်း မရှိတော့။ ချန်ကျင်းလန်သည် စွပ်ပြုတ် တစ်ခွက်လုံးကို အေးအေးဆေးဆေး သောက်ပြီး ကုန်သွားတော့ နောက်တစ်ခွက် ထပ်ထည့်လိုက်သည်။
ရှောက်ချန်းကျယ်ရဲ့ မျက်လုံးတွေက အနည်းငယ် နူးညံ့သွားသည်။
ချန်လီချီအတွက် ကျောင်းမသွားခင် အမေရော ၊ အဖေရော နှစ်ယောက်လုံးကို တွဲမြင်ရတာ ဒါ ပထမဆုံးအကြိမ်ပါပဲ။
သူမ တံခါနားမှာ အကြာကြီး အချိန်ဆွဲကာ သူမရဲ့ အဖေအား သူ ချက်ကျွေးသည့် စွပ်ပြုတ်က အရသာရှိကြောင်းနှင့် ထိုစွပ်ပြုတ်ကို သူမ နောက်တစ်ခေါက် ထပ်သောက်ချင်ကြောင်း ပြောလိုက်သည်။ ထို့နောက် သူမအမေဘက် လှည့်ကာ “ မေမေ့ကို စက္ကန့်မလပ် လွမ်းနေမယ်နော် ” ဟု ပြောလိုက်လေသည်။
သူမရဲ့ စကားလေးတွေက ပျားရည် ( ၁၀ ) ခွက် သောက်လိုက်ရတာထက်တောင် ပိုလို့ ချိုမြိန်သည်။ သူမက သူမရဲ့ မိဘတွေ ကားထဲ ဝင်သွားကြတာကို ရပ်ကြည့်နေပြီးမှ ဆရာမနှင့်အတူ ကျောင်းထဲ ဝင်ခဲ့လိုက်သည်။
ချန်ကျင်းလန်က မူကြိုကျောင်းရဲ့ အလွန် အကွေ့ တစ်ကွေ့ကို ရောက်တော့ ကားရပ်ပြီး ဘေးက လူကို ဆင်းခိုင်းလိုက်သည်။ “ ရှင်နဲ့ ကျွန်မ သွားရမယ့် လမ်း မတူဘူး ၊ ရှင့်ဒရိုင်ဘာကိုပဲ လာခေါ်ခိုင်းလိုက်ပါ။ ”
ရှောက်ချန်းကျယ်က ချန်ကျင်းလန်ကို လှည့်ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းပေါ်က ဒဏ်ရာက ထင်းထင်းလင်းလင်း။ “ မင်း ဆေးခန်း တစ်ခုခုရှေ့မှာ ရပ်ပေးလို့ ရမလား။ ကိုယ့်နှုတ်ခမ်းတွေ တော်တော်လေး နာနေလို့ ဆေးလိမ်းမှ ဖြစ်မှာ။ ”
အဲ့လို ဒဏ်ရာ သေးသေးလေး တစ်ခုက ဘယ်လောက်များ နာနိုင်မှာမို့လို့လဲ။
ရှောက်ချန်းကျယ်က သူမရဲ့ အတွေးတွေကို သိနေသည့်အလား ပြောလိုက်သည်။ “ မင်းကတော့ မနေ့ညတုန်းက မူးနေတာ ဆိုတော့ မှတ်မိမှာ မဟုတ်ဘူး။ တကယ်တော့ ကိုယ့်နှုတ်ခမ်းပေါ်က ဒီဒဏ်ရာက ကိုယ့်ဘာသာ ကိုက်မိတာ မဟုတ်ဘူး ၊ မင်း ကိုက်လိုက်တာ။ မနေ့ညတုန်းက မင်း ဗိုက်အောင့်နေလို့ မင်းရဲ့ ဗိုက်ကို နှိပ်ပေးပါ ဆိုပြီး ကိုယ့်လက်ကို လာဆွဲထားတာလေ။ အဲ့လို နှိပ်ပေးနေရင်းနဲ့ ခဏကြာတော့ ရေဆာတယ် ဆိုလို့ မင်းအတွက် ရေသွားယူပေးဖို့ လုပ်ပေမဲ့ မင်းကတော့ ကိုယ့်ကို သွားခွင့်မပေးဘူး။ ဖြစ်နိုင်တာကတော့ မင်း ကိုယ့်နှုတ်ခမ်းတွေကို ရေခွက်နဲ့ အထင်မှားသွားတာ ဖြစ်မယ် ထင်ပါတယ် ၊ အတင်း ဖိချပြီး နမ်းတော့တာ … ။ ကိုယ် ရုန်းပေမဲ့ ဘယ်လိုမှ ရုန်းမရတော့ မင်းစိတ်တိုင်းကျပဲ လုပ်ခွင့် ပေးလိုက်ရတော့တာ။ ”
“ အဓိပ္ပာယ်မရှိတဲ့ စကားတွေ … ” ချန်ကျင်းလန်က ရှက်လည်း ရှက် ၊ ဒေါသလည်း ထွက်သွားသည်။ သူ အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောနေတာပဲ။ သူမကို စိတ်တိုင်းကျ လုပ်ခွင့်ပေးလိုက်ရတယ် ဆိုတာ ဘာစကားလဲ။ “ သေချာတာကတော့ ရှင်ကပဲ … ” သူမ တစ်ဝက်တစ်ပျက် ပြောပြီးမှ အလျင်အမြန် ရပ်တန့်လိုက်ရသည်။ သူမ ထောင်ချောက်မိသွားပါပြီ။
ရှောက်ချန်းကျယ် ပြုံးလိုက်သည်။ “ အခု မှတ်မိသွားပြီလား။ ”
သူမက မမှတ်မိချင်ယောင်ဆောင်နေသလို သူကလည်း သူမကို အလိမ်ဖော်ဖို့ ရည်ရွယ်ချက်မရှိပေမဲ့ စိတ်တော့ ပြောင်းသွားပြီ ဖြစ်သည်။
“ ကားပေါ်က အခု ဆင်းတော့။ ” ချန်ကျင်းလန်ရဲ့ အမူအရာက ဟန်မပျက် တည်ငြိမ်နေဆဲ။ သို့သော် နားရွက်တွေ ၊ လည်ပင်းတွေကတော့ နီရဲနေ၏။
ရှောက်ချန်းကျယ်က ခါးပတ်ကြိုးကို ဖြုတ်လိုက်သော်လည်း ထိုင်ခုံပေါ်ကနေ တစ်လက်မလေးတောင် မရွေ့ဘဲ ကျောက်ချထားတဲ့ သင်္ဘောကြီးလို ငြိမ်နေသည်။ “ မင်း မနေ့ညတုန်းက ကိုယ့်လက်နဲ့ နှုတ်ခမ်းကို အသုံးပြုခဲ့တယ် ၊ ကိုယ့်ကို အမြတ်ထုတ်ပြီးမှ ဒီတိုင်း ထွက်သွားလို့ မရဘူး။ ဒါပေမဲ့ တံတားတွေ ဆိုတာ မြစ်ကို ဖြတ်ပြီးတာနဲ့ အမြန် ဖြိုချပစ်လိုက်လို့ ရတယ် ထင်ပါတယ်။ ”
အံကြိတ်ထားသော ချန်ကျင်းလန်က သွားကြားထဲမှ ထွက်လာသော အသံဖြင့် ပြောလိုက်သည်။ “ ဒါပေါ့ ၊ ဥက္ကဌရှောက်က သိပ်ကို အဖိုးတန်လွန်းတာပါ။ ကျွန်မ ဥက္ကဌရှောက်ကို အလကားသက်သက် အမြတ်မထုတ်ပါဘူး။ ဒါပေမဲ့ ပထမဆုံးအနေနဲ့ ကျွန်မဒီကျေးဇူးကြွေးကို ဥက္ကဌရှောက်ကို ဘယ်လို ပြန်ဆပ်ရမလဲ ဆိုတာ သေချာ စဉ်းစားဖို့တော့ လိုတယ်။ ကျွန်မ ဒီနေ့ အလုပ်မသွားခင် ဥက္ကဌရှောက်ကို စာပြန်လိုက်ပါ့မယ်။ ဥက္ကဌရှောက်က အဲ့လောက်ကြာကြာ စောင့်နိုင်ပါ့မလားတော့ မသိပေမဲ့လို့ပေါ့။ ”
ရှောက်ချန်းကျယ်က သူမ အလွယ်တကူ အံ့ဩသွားကာ မျက်ခုံးပင့်လိုက်မိသည်။ သူ ထိုအစီအစဉ်ကို သဘောတူလိုက်၏။ အနည်းဆုံးတော့ သူမ သူ့အကြောင်းကို ဒီနေ့ တစ်နေ့လုံး တွေးနေလိမ့်မည်။
ကုမ္ပဏီကို ရောက်တော့ ရှောက်ချန်းကျယ် သူ့ရုံးခန်းထဲ ဝင်ခဲ့ချိန်မှာပဲ လန်ချွမ်း ဟိုတယ်မှ အတွင်းရေးမှူး ထန်ယိချန်း ပို့လိုက်သော မက်ဆေ့ခ်ျကြောင့် သူ့ဖုန်းက တုန်ခါသွားသည်။ ရှောက်ချန်းကျယ် ဖွင့်ကြည့်လိုက်သော ( ၀.၀၁ ) ယွမ် ငွေလွှဲလိုက်တာ ဖြစ်နေသည်။ တစ်ကျပ်တောင် မပြည့်တဲ့ ပမာဏ … ။
ထို ငွေလွှဲထားသည့် ဖြတ်ပိုင်းလေးနောက်မှာ မက်ဆေ့ခ်ျ တစ်စောင်လည်း ပါသည်။ [ ကျွန်တော်တို့ရဲ့ ဥက္ကဌချန်က ဒီငွေက ဥက္ကဌရှောက်အတွက် ဝန်ဆောင်ခလို့ ပြောလိုက်ပါတယ်။ ]
ထန်းယိချန်းသည် မက်ဆေ့ခ်ျပို့ရင်း အတွေးနယ်ချဲ့နေမိသည်။ ရှောက်ချန်းကျယ်က ( ၀.၀၁ ) ယွမ်ပဲ တန်ဖိုးရှိတဲ့ ဘယ်လို ဝန်ဆောင်မှုမျိုးကို ပေးလိုက်တာပါလိမ့်။ နည်းနည်းလေး ဈေးပေါလွန်းသလိုပဲ။
ရှောက်ချန်းကျယ်ရဲ့ မျက်နှာကတော့ မီးသွေးတုံးလို မည်းမှောင်သွားလေသည်။
......
မိုးသည်းထန်စွာ ရွာအပြီး နောက်တစ်နေ့တွင် ကောင်းကင်သည် လျှော်ဖွပ်ထားတဲ့ ပိုးထည်ကဲ့သို့ ပြာလွင်ကာ တိမ်တွေကတော့ ဖဲသားကဲ့သို့ ဖြူအိနေခဲ့သည်။ လတ်ဆတ်သော မြေသင်းနံ့တို့ ပျံ့လွင့်နေသည့် လေထုက လူတွေရဲ့ စိတ်နှလုံးကို အေးချမ်းစေသည်။
ထန်ယိချန်းက ဒီနေ့ ဘော့စ်ချန် စိတ်ကြည်နေသည်ဟု ခံစားရသည်။ လွန်ခဲ့တဲ့ ရက် အနည်းငယ်တုန်းက သူ အပေါ်ယံမှာသာ ဘယ်လောက်ပဲ တည်ငြိမ်အေးဆေးတဲ့ ပုံစံပေါက်နေပါစေ ၊ သူ့စိတ်ထဲမှာတော့ စိုးရိမ်စိတ်တွေ ဖိစီးနေကာ ဒေါသကိုလည်း မထိန်းချုပ်နိုင်ဘဲ စိတ်ဆတ်လွယ်နေခဲ့သည်။ ထန်ယိချန်းသည် ဘော့စ်ချန်မှာ အလုပ်ဝင်ချိန်ကတည်းက ဘော့စ်ချတ် အခုလို သိသိသာသာ စိတ်အတက်အကျမြန်နေတာကို သိပ်မမြင်ဖူးပေ။ ဘော့စ်ချန် ဒီနေ့ တက်ကြွရွှင်ပျနေတာကို မြင်သောအခါ သူမ တက်ကြွနေတာက ဥက္ကဌရှောက်ရဲ့ ယွမ် တစ်ကျပ်တောင် မတန်သော လက်ဆောင်နှင့် တစ်ခုခုများ ပတ်သက်နေမလားဟု တွေးနေမိ၏။
ချန်ကျင်းလန်သည် သူမ ဓမ္မတာလာနေတာ ပြီးသွားပြီဟု တွေးကာ ပျော်နေမိသည်။ သေချာတာကတော့ သူမရဲ့ လက်ထောက် ထန်ယိချန်း လွှဲလိုက်သည့် ငွေလွှဲဖြတ်ပိုင်းကို လက်ခံရရှိချိန်မှာ ဖြစ်ပျက်နေမည့် ရှောက်ချန်းကျယ်ရဲ့ မျက်နှာကြီးကို တွေးပြီး ပျော်နေတာ မဟုတ်တာတော့ သေချာပါသည်။ သူမသမီး ချန်လီချီကတောင် အရမ်းကြီး ကလေးမဆန်ပါ ၊ ချန်လီချီရဲ့ အမေ ဖြစ်တဲ့ သူမက ဘယ်လိုလုပ် ကိုယ့်သမီးထက် ပိုကလေးဆန်လို့ ရမှာလဲ။
ရှောက်ကော်ပိုရေးရှင်းရဲ့ အမှုဆောင် ရုံးခန်းထဲမှာတော့ လန်ချွမ်း ဟိုတယ်နှင့် ကွဲပြားခြားနားစွာ ထူးထူးဆန်းဆန်း တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ ခုန်ယိချန်သည် မနက်တုန်းက အလုပ် အစီရင်ခံစာ သွားတင်ပြရင်း ပုံမှန်အားဖြင့် လက်ပံပင် ဆက်ရက်ကျသလို ကျွက်ကျွက်ညံနေတတ်သည့် အတွင်းရေးမှူးအဖွဲ့ကို ဒီနေ့ တိတ်တိတ် နေဖို့ လက်ဟန်ခြေဟန်ပြလိုက်သည်။ ဘော့စ် စိတ်မကြည်ပါ။ မီးသွေးတုံးလို မျက်နှာကြီး မည်းမှောင်နေတဲ့ထိ စိတ်မကြည်တာပါ။ မီးသွေးတုံး ဆိုတဲ့ အသုံးအနှုန်းကတောင် သူမဘော့စ်ရဲ့ မျက်နှာကို တိတိကျကျ မဖော်ပြနိုင်ပါ။ ခုန်ယိချန်က ကျေးလက်ဒေသကနေ လာခဲ့တာမို့ သူမရဲ့ အဘွားအိမ်မှာ အဘွားက အုတ်ခဲတွေကို ထပ်စီထားသည့် မီးဖိုကြီးကို သုံးကာ ဟင်းချက်လေ့ရှိသည်။ အချိန် အကြာကြီး အသုံးပြုထားတဲ့ မီးဖိုကြီးရဲ့ ပတ်ပတ်လည်ဟာ မီးခိုးငွေ့တွေကြောင့် မွဲတေမှုန်မှိုင်းနေသည်။ အရမ်းကြီး မမှုန်မှိုင်းသလို အရမ်းကြီးလည်း မမည်းတဲ့ အမည်းမကျ ခဲရောင်မကျ အရောင်မျိုး။ ထိုမီးဖိုအရောင်က သူမဘော့စ်ရဲ့ ဒီနေ့ မျက်နှာအရောင်နှင့် တစ်ထေရာတည်းပင်။
ရုံးခန်းထဲမှာ တိတ်ဆိတ်နေသော်လည်း Group Chat ထဲမှာတော့ ပွက်လောရိုက်နေသည်။
အခုတလော ဘော့စ်က မျက်နှာမှာ ထုတ်မပြပေမဲ့ သူ အတော်လေး စိတ်ချမ်းသာနေတယ် ဆိုတာ လူတိုင်း သိသည်။ သိုသိုသိပ်သိပ် ပြောရလျှင်တော့ ဘော့စ် စိတ်ကြည်နေပါသည်။ ဘော့စ်ရှောက်နှင့် ချန်မိသားစုရဲ့ ဒုတိယ သခင်မလေးမှာ ဘယ်လို အတိတ်တွေပဲ ရှိခဲ့ ရှိခဲ့ ၊ ကောင်းကင်ဘုံကနေ ရုတ်တရက် ဆင်းသက်လာတဲ့ ချစ်စရာလည်းကောင်း ၊ ဉာဏ်လည်းကောင်းတဲ့ သမီးလေး တစ်ယောက် ရလာရင် ဘယ်သူမဆို ဝမ်းသာပြီး တစ်ရေးနိုး အိပ်မက်တွေထဲမှာတောင် ရယ်မောနေမှာ အမှန်ပါပဲ။
သူတို့ရဲ့ ဘော့စ်ကရေ တစ်ရေးနိုး အိပ်မက်တွေထဲမှာ ရယ်မောနေသလား မသိ။ သို့သော်လည်း ဒီရက်ပိုင်းမှာ ဘော့စ်မျက်လုံးထဲက တင်းမာမှုတွေ နူးညံ့နေတာကိုတော့ လူတိုင်း အသိ။ ဘော့စ် စိတ်ကြည်နေလျှင် သူတို့ရဲ့ နေရက်တွေကလည်း ပိုလို့ လွယ်ကူချောမွေ့လာလိမ့်မည်ဟု ထိုအပြောင်းအလဲက သူတို့ကို အပျော်လွန်သွားစေခဲ့သည်။ ဒီလို စိတ်ချမ်းသာစရာ ဘဝလေးက ဒီပုံအတိုင်း ဆက်သွားနေမည်ဟု ထင်ခဲ့မိသော်လည်း ဒီနေ့တော့ ဘော့စ်က မီးသွေးတုံးလို မျက်နှာကြီး မည်းမှောင်နေခဲ့သည်။
ဂျူနီယာ လက်ထောက်လေးက “ ဒီလိုမျိုး မဖြစ်သင့်ဘူးမို့လား။ ” ဟု မေးလိုက်သည်။ အခုတလော ကုမ္ပဏီမှာ အခြေအနေတွေ တည်ငြိမ်အေးချမ်းနေခဲ့တာပင်။ ရှင်းပစ်ရမယ့် ဝူမိသားစုက ဝန်ထမ်းတွေလည်း ကုန်သလောက် ရှိနေကာ ဥက္ကဌကြီးရှောက်ကလည်း သူ့လုပ်ပိုင်ခွင့်တွေ အကုန်လုံးကို ဘော့စ်ရှောက်ရဲ့ လက်ထဲ လွှဲပြောင်းပေးခဲ့သည်။ အခုဆို ရှောက်မျိုးရိုး တစ်ခုလုံးက ဘော့စ်ရှောက်ရဲ့ စကားကို တစ်သွေမတိမ်း နားထောင်နေခဲ့ပါပြီ။ သူ့မှာ စိတ်မကြည်စရာ ဘာကိစ္စ ရှိသေးလို့လဲ။ သူ ဘာကို စိတ်မကြည် ဖြစ်နေရတာလဲ။
ဒုတိယ လက်ထောက်လေးက “ နန်ချန်းက ဟိုမြေကွက်ဈေးကြောင့် ဘော့စ် စိတ်မကြည် ဖြစ်နေတာလား။ ” ဟု မေးလိုက်သည်။
စီနီယာ လက်ထောက်က ပြန်ပြောလိုက်သည်။ “ မဖြစ်နိုင်ဘူး ၊ နန်ချန်း မြေကွက်ကို ချန်မျိုးရိုးတွေ ဝယ်သွားပြီလေ။ ရှောက်မိသားစုနဲ့ ချန်မိသားစုကြားမှာ ရန်ငြိုးဟောင်းတွေ ရှိပေမဲ့ အဲ့ဒါက အရင် မျိုးဆက်တွေတုန်းက ဖြစ်ခဲ့တာတွေ။ အခု ဘော့စ်ချန်က ဒုတိယ သခင်မလေးချန်အပေါ် ခံစားချက်တွေ ရှိနေတာ သိသာတယ် ၊ ပြီးတော့ သူတို့ရဲ့ သမီးလေးကလည်း အရွယ်ရောက်နေပြီ။ အခု ရှောက်ကော်ပိုရေးရှင်းကို ဘော့စ်ရှောက်ကပဲ တာဝန်ယူနေတာ ဆိုတော့ မိသားစု စည်းမျဉ်းတွေ နောက်ထပ် ဆယ်ခုလောက် ထပ်ရှိရင်တောင် ပြတ်သားပြီး စိတ်မြန်လက်မြန်ရှိတဲ့ ဘော့စ်ရှောက်ရဲ့ စိတ်နဲ့ဆို မိုးနတ်မင်းတောင် ဘော့စ်ရှောက်ကို တားဆီးနိုင်မှာ မဟုတ်ဘူး။ ဒီမိသားစု နှစ်စုက အနှေးနဲ့အမြန် ပေါင်းစည်းသွားမှာပဲ ၊ အဲ့တော့ လောလောဆယ် ဘယ်မိသားစုက ဟိုမြေကွက်ကို ပိုင်ထား,ထား ဘာအရေးလဲ။ ”
ခုန်ယိချန် ခပ်တိုးတိုး ချောင်းဟန့်လိုက်တော့ လက်ထောက် သုံးယောက်လည်း ပြောလက်စ အတင်းအဖျင်းတွေ ၊ ပျင်းရိနေတဲ့ အတွေးတွေကို ချက်ချင်း ဘေးဖယ်ပြီး စိတ်ပါလက်ပါ အလုပ်,လုပ်နေသလို စတင် ဟန်ဆောင်လိုက်ကြသည်။
သူတို့ဘေးကနေ ဘော့စ်ရှောက် ဖြတ်သွားတဲ့ မနက်တုန်းကလည်း လက်ထောက် သုံးယောက်သည် ခေါင်းမမော့ရဲဘဲ စိတ်ပါလက်ပါ အလုပ်,လုပ်နေသလို ဟန်ဆောင်ခဲ့ရသောကြောင့် ဘော့စ်ရှောက်ရဲ့ နှုတ်ခမ်းထောင့်က သိသာတဲ့ ဒဏ်ရာကို သတိမထားမိခဲ့ပေ။ ထိုဒဏ်ရာဟာ သူ့ဘာသာ မတော်တဆ ကိုက်မိရင်း ထိခိုက်သွားတာ မဟုတ်တာတော့ သေချာသည်။ သူမဘော့စ်ကို ကိုက်ရဲသူက ချန်မိသားစုရဲ့ ဒုတိယ သခင်မလေး မိန်းကလေးချန်က လွဲလို့ တခြား မရှိပါ။ အဘွားအိမ်က မီးဖိုကြီးလို မည်းမှောင်နေတဲ့ ဘော့စ်ရှောက်ရဲ့ မျက်နှာအကြောင်းတွေးမိတော့ သူမစိတ်ထဲကို ‘ မကျေနပ်ခြင်း ’ ဆိုတဲ့ စကားလုံး တစ်လုံး ခုန်ပျံဝင်ရောက်လာသည်။ အဲ့ဒါကြောင့် ဘော့စ်ရှောက် ဒီနေ့ စိတ်မကြည်တာ ဖြစ်လိမ့်မည်။
ထိုအချိန်မှာ ရုံးဖုန်း မြည်လာ၍ ခုန်ယိချန်က နံပါတ်ကို ငုံ့ကြည့်လိုက်တော့ အလိုလို ခါးမတ်သွားကာ လည်ချောင်းရှင်းပြီး ဖုန်းကိုင်လိုက်၏။ “ ဘော့စ်ရှောက်။ ”
“ ငါ့ကို ချန်ကျင်းလန်နဲ့ တွေ့ဖို့ အချိန် စီစဉ်ပေးပါ အတွင်းရေးမှူးခုန်။ ”
ခုန်ယိချန်က သူမ နားကြားမှားတာလား ဟူသော အတွေးဖြင့် တစ်စက္ကန့်လောက် တိတ်ဆိတ်သွားပြီးမှ သေချာသွားအောင် ထပ်မေးလိုက်၏။ “ ချန်မိသားစုက ဘော့စ်ချန်ကို ပြောတာလား ”
“ ဟုတ်တယ် ၊ နန်ချန်းက မြေကွက်ကိစ္စအကြောင်း သူနဲ့ ဆွေးနွေးစရာ ရှိတယ်လို့သာ ပြောလိုက်ပါ။ အရမ်းကြီး အလျင်မလိုဘူး။ သူမဘက်က ငါနဲ့ တွေ့ဖို့ လက်ခံတဲ့အထိ မနက်တိုင်း အလုပ်မသွားခင် ဖုန်းဆက်ပြောနေလို့ ရတယ်။ ”
“ ဟုတ်ကဲ့ပါ ဘော့စ်ရှောက်။ ” ဒါက ရှည်လျားတဲ့ စစ်ပွဲ တစ်ပွဲပဲလို့ ခုန်ယိချန် တွေးလိုက်သည်။
“ ပြီးတော့ ငါ မင်းကို နေကာမျက်မှန် တစ်လက်ရဲ့ ဓာတ်ပုံ ပို့ထားတယ်။ ငါ့ကို ဈေးနှုန်း တစ်ချက် ရှာပေးပါ။ ”
“ အိုး ၊ ဟုတ်ကဲ့။ ”
***