အခန်း ၃၃
Vol. 4 Ch. 33
အပိုင်း ( ၃၃ )
ခုန်ယိချန်ရဲ့ ကွန်ပျူတာထဲကို ဓာတ်ပုံ တစ်ပုံ ရောက်နေပြီ ဖြစ်သည်။ မိန်းမမျက်မှန် ဆိုတာ သိသာကာ တံဆိပ်နှင့် အမျိုးအစား နံပါတ်လည်း ပါသည်။ တရားဝင် ဝက်ဘ်ဆိုဒ်ပေါ်မှာ တစ်ချက် ရှာလိုက်ရုံဖြင့် ဈေးနှုန်းကို ရှာတွေ့သွား၏။ သူမရဲ့ တစ်လကို ရတဲ့ လစာ တစ်ဝက်နီးပါး ရှိသည်။ ခုန်ယိချန်က ဘော့စ်ရှောက်ထံ ဈေးနှုန်းပို့ပေးလိုက်၏။ ဘော့စ်ရှောက်က စကားလုံး နှစ်လုံးတည်းသာ စာပြန်သည်။ [ တော်တယ်။ ]
ခုန်ယိချန်သည် ခဏကြာတဲ့ထိ ထို စကားလုံး နှစ်လုံးနောက်ကွယ်က အဓိပ္ပာယ်ကို နားမလည်ပေ။ သူမ အလုပ် လုပ်တာ တော်တယ်လို့ ပြောချင်တာလား ၊ ဒါမှမဟုတ် နေကာမျက်မှန်ဈေးက အရမ်း ကောင်းတယ်လို့ ပြောချင်တာလား။ နောက်ဆုံးတော့ သူမကို အလုပ် လုပ်တာ တော်တယ်လို့ ချီးကျူးတာလို့ပဲ ခုန်ယိချန် ယူဆလိုက်တော့သည်။
ယနေ့ လန်ချွမ်း ဟိုတယ်မှာ ချန်ကျင်းလန်ရဲ့ သူငယ်ချင်း ဆိုလည်း ဟုတ် ၊ ချန်ကျင်းလန် သဘောကျတဲ့ ပန်းချီဆရာ ဆိုလည်း မမှားတဲ့ ပန်းချီဆရာ တစ်ယောက်ရဲ့ ပန်းချီပြပွဲ တစ်ပွဲ ကျင်းပနေသည်။ သူမက ပြပွဲကို သွားဖို့ နေ့ခင်း အချိန်စာရင်းတွေ အကုန်လုံးကို ရှင်းထားခဲ့သည်။ အဖြူ ၊ အမည်း ဆေးရောင်တွေကိုသာ အများဆုံး သုံးထားတဲ့ ပန်းချီကားတွေက စိတ်နှလုံး ညိုးနွမ်းဖွယ် ထိုင်းမှိုင်းနေလျက် အနုပညာရှုထောင့်က ကြည့်လျှင် လက်ရာမြောက်စွာ ကြွရွနေသည်။ ပြပွဲခန်းမထဲ ဖြည်းဖြည်းချင်း လျှောက်ဝင်လာသော ချန်ကျင်းလန်က ပန်းချီကား တစ်ချပ်ရှေ့မှာ ခြေလှမ်းရပ်သွားမိသည်။ ဆီဆေးကို ခပ်ထူထူ သုံးပြီး ဆွဲထားတဲ့ ပန်းချီကားမှာ အရောင်တွေ တောက်ပလက်ဖြာနေသည်။ ပင်လယ်ပြာနဲ့ ပန်းနုရောင် ဆည်းဆာ ၊ ရွှေရောင် နေဝင်ချိန် ၊ ငွေရောင် သဲသောင်ပြင်ပေါ်မှာ လမ်းလျှောက်နေကြတဲ့ စုံတွဲ တစ်တွဲ။ ဤပန်းချီကားကို ကြည့်ရုံဖြင့် ပင်လယ်လေပြည်ရနံ့ကိုပင် သူမ အနံ့ခံလို့ ရသည်။
ထိုအခိုက်အတန့်မှာ သူမရဲ့ ဖုန်းက တုန်ခါလာသည်။ ချန်ကျင်းလန်သည် ဖုန်းမျက်နှာပြင်ပေါ်မှာ ပေါ်နေတဲ့ နံပါတ်ကို ကြည့်ကာ ခဏတာ ကြောင်အငြိမ်သက်သွားမိသည်။ ဒီနံပါတ်ကို သူမရဲ့ Contact ထဲမှာ တစ်ခါမှ မှတ်မထားဖူးပါ။ သူမ သူ့ကို WeChat မှာ ဘလော့ခ်ခဲ့ပေမဲ့ သူ့ဖုန်းနံပါတ်ကိုတော့ မဘလော့ခ်ခဲ့ပါ။ ဘယ်အရာက သူမကို အတင်းအကျပ် စေခိုင်းနေတာလဲ မပြောတတ်။ သို့သော် သူမတို့ နှစ်ယောက် လမ်းခွဲခဲ့ချိန်ကတည်းက စလို့ ထိုဖုန်းနံပါတ်ဟာ သူမကို ဘယ်တော့မှ ထပ်မံ ဆက်သွယ်မလာတော့ပေ။
ဖုန်းအသစ် လဲတာက အတိတ်တုန်းက အဖြစ်အပျက်တွေကိုပါ ပြောင်းလဲလိုက်တာပဲ ဟူသော အတွေးဖြင့် နောက်ပိုင်းကျ သူမ ဖုန်းတွေ လဲ ၊ ဖုန်းနံပါတ်တွေကိုလည်း လဲခဲ့သည်။ ဒါပေမဲ့ အမှတ်တရတွေ ဆိုတာ ပြောင်းလဲလို့ ရတဲ့ အရာမျိုး မဟုတ်ပါ။ နှစ်တွေ အများကြီး ကြာသွားသည့်တိုင် သူ့ဖုန်းနံပ့တ်ကို သူမ အလွတ်ရနေသေးသည်။ ဒီဖုန်းနံပါတ်ကို သူ ဆက်လက် အသုံးပြုနေလိမ့်ဦးမည်ဟု မျှော်လင့်မထားပေ။
ချန်ကျင်းလန်က သူမရဲ့ ဖုန်းကို အသံပိတ်လိုက်သည်။ သူက တစ်ကြိမ်ပဲ ဖုန်းဆက်တတ်တာမို့ သူမ မကိုင်လျှင် နောက်တစ်ခေါက် ထပ်ဆက်တော့မှာ မဟုတ်။
သူမ ပန်းချီကား တချို့ကို ဝယ်ယူနေစဉ် သူငယ်ချင်းဖြစ်သူ ရောက်လာပြီး သူမကို ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်စကား ပြောကာ ဆီဆေးပန်းချီကားကို လက်ညိုးထိုးပြရင်း ပြောသည်။ “ ဒါက နင့်အတွက် ငါ့လက်ဆောင်လေ။ နင့်မှတ်ဉာဏ်တွေထဲက အလှဆုံး နေဝင်ချိန်။ ငါ နင့်အတွက် ဆွဲပေးထားတာ။ ”
ဟိုးအရင်တုန်းက ဒီပန်းချီဆရာ သူငယ်ချင်းနှင့် နေ့လယ်ခင်း ရေနွေးကြမ်းသောက်ရင်း ကော်ဖီဆိုင် ဝရန်တာကနေ နေဝင်ချိန်ကို ငေးကြည့်မိခဲ့သည်။ အဲ့ဒီနေ့ နေဝင်ချိန်က သိပ်ကို လှသည်။ ဆည်းဆာရောင်က ကောင်းကင်မှာ ကျဲဖြန့်လင်းရီကာ လိမ္မော်နီရောင် တောက်နေခဲ့၏။ ပန်းချီဆရာ သူငယ်ချင်းက သဘာဝရဲ့ အလှတရားကို အံ့ဩမှင်သက်နေစဉ်မှာ ချန်ကျင်းလန်ကတော့ ကော်ဖီကို ပိုက်နှင့် မွှေရင်း လက်ပေါ်မှာ မေးထောက်၍ တဖြည်းဖြည်း မှေးမှိန်လာသော နေဝင်ချိန်ကို ကြည့်ကာ သူမ ဒီ့ထက် ပိုလှတဲ့ နေဝင်ချိန်တွေကို မြင်ဖူးကြောင်း ပြောလိုက်သည်။ သူမပါးစပ်ကနေ အဲ့လို ပြောပြီးတော့မှ ကိုယ် ပြောလိုက်တဲ့ စကားကို သတိထားမိသွားကာ ချက်ချင်း စကားလမ်းကြောင်းပြောင်းလိုက်လေသည်။ ထိုရှားပါး အခိုက်အတန့်ကို သူငယ်ချင်းဖြစ်သူ မှတ်မိနေလိမ့်ဦးမည်ဟု ချန်ကျင်းလန် ထင်မထားခဲ့။
ချန်ကျင်းလန်က ပြောလိုက်သည်။ “ ငါ ပြောတဲ့ ပုံက နင့်ပန်းချီကားနဲ့ မတူဘူးရယ်။ ”
သူမ ပြောပြထားတဲ့ နေဝင်ချိန် ရှုခင်းက လူ မပါဘဲ ရှုခင်းချည်း သီးသန့် ဖြစ်သည်။
သူမသူငယ်ချင်းက ပြန်ပြော၏။ “ ဒီလောက် ကြည်နူးစရာကောင်းတဲ့ ရှုခင်းမှာ အချစ် ပါမှ ပြည့်စုံမှာပေါ့။ ပန်းချီကားတွေ ဆိုတာ ပန်းချီဆရာ မြင်တဲ့အတိုင်း ၊ ကြားတဲ့အတိုင်း ၊ ခံစားရတဲ့အတိုင်းသာ ဆွဲသင့်တာလေ။ နင် အဲ့အကြောင်း ပြောနေတဲ့ အချိန်တုန်းက နင့်အမူအရာကနေ တစ်ဆင့် နင့်မျက်လုံးထဲမှာ အချစ်ကို မြင်လိုက်ရတယ်။ ငါ့ရဲ့ အလိုလို သိစိတ်ကလည်း အမြဲတမ်း မှန်တယ်။ ”
ချန်ကျင်းလန် ငြင်းလိုက်သည်။ “ အချစ် ဆိုတဲ့ စကားလုံးက ဆယ်ကျော်သက် ကောင်မလေးတွေကိုပဲ အရူးလုပ်လို့ ရမယ်။ ငါတို့အရွယ်မှာတော့ ခံစားချက်တွေနဲ့ အချစ်အကြောင်း ပြောတာက ရယ်ချင်စရာကောင်းတဲ့ စိတ်ကူးယဉ်မှု ဖြစ်သွားပြီ။ ”
သူမသူငယ်ချင်းက ရယ်မော၏။ “ ဘာလို့ နင့်အသံက ဝမ်းနည်းပြီး လောကကြီးကို စိတ်ကုန်တဲ့ပုံပေါက်နေရတာလဲ။ ဒါဆို ငါ့ကို ပြော ၊ ဒီအရွယ်မှာ ငါတို့က ဘာအကြောင်း ပြောသင့်တာလဲ။ ”
ချန်ကျင်းလန်က ခဏလောက် စဉ်းစားလိုက်၏။ “ ပိုက်ဆံအကြောင်း ၊ အလုပ်အကိုင်တွေအကြောင်း ၊ ပြီးတော့ သားသမီးအကြောင်းပေါ့။ ဒီအရာတွေကမှ အချစ်ထက် ပိုပြီး ယုံကြည်ချင်စရာကောင်းတာ။ ”
သူမရဲ့ သူငယ်ချင်းမှာလည်း ချန်လီချီထက် ( ၂ ) နှစ် ငယ်တဲ့ သမီးလေး တစ်ယောက် ရှိသည်။
သူငယ်ချင်းဖြစ်သူက ချန်ကျင်းလန်ရဲ့ စကားကိုကို ထောက်ခံ၏။ “ နင် ပြောတာ မှန်တယ် ၊ ဒါပေမဲ့ နင် တစ်ခု ကျန်ခဲ့တယ်။ ”
“ ဘာကျန်ခဲ့တာလဲ။ ”
သူမရဲ့ သူငယ်ချင်းက ချန်ကျင်းလန်ရဲ့ ပခုံးပေါ် လက်တင်ကာ နား,နား ကပ်၍ ပြောလိုက်သည်။ “ Sex ကိစ္စလေ။ နင် အချစ် မရှိဘဲ နေလို့ ရပေမဲ့ Sex မလုပ်ဘဲ နေလို့တော့ မရဘူး။ ငါတို့အသက်အရွယ်မှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ပျော်ရွှင်အောင် နေရမလဲ ဆိုတာ သိနေပါပြီ ၊ အဲ့ဒါကြောင့် ငါတို့က အချိန်တွေကို တန်ဖိုးထားရမယ်။ ငါ ဒီလို ပြောတာကို အထင်မလွဲနဲ့နော် ချန် ၊ နင့်ဘဝကြီးကို ကြည့်ရတာ တော်တော်လေး ခြောက်ကပ်ပြီး ပျင်းစရာကောင်းနေတယ်။ နင်နဲ့ ရွယ်တူ ဘယ်လူချမ်းသာ မိသားစုက သခင်မလေးတွေက နင့်လို နေလို့လဲ။ အလုပ်ရယ် ၊ သမီးရယ်ပဲ ခေါင်းထဲ ရှိပြီး တစ်နေ့ တစ်နေ့ အိမ်နဲ့ အလုပ်ကိုပဲ သွားလိုက် ပြန်လိုက်နဲ့ … ။ နင် အချစ် မရှိဘဲ နေလို့ ရပေမဲ့ ယောက်ျားတွေကိုတော့ သေချာပေါက် လိုအပ်တယ်။ တစ်ယောက်ကို စိတ်တိုင်းမကျရင် နောက်တစ်ယောက် ရှာပေါ့။ နွေရာသီမှာ ချွေးထွက်အောင်နဲ့ ဆောင်းရာသီမှာ အိပ်ရာခင်းကို ပူနွေးအောင် လုပ်ပေးဖို့က လွဲလို့ သူတို့မှာ တခြား ထူးထူးခြားခြား တာဝန်တွေလည်း မရှိပါဘူး။ အဲ့နေရာမှာ အရည်အချင်းရှိတဲ့ လူ တစ်ယောက်ကို နင် ရှာတွေ့သွားရင် သူက နင့်ကို မက်မွန်ပန်းတွေ ဖူးပွင့်နေတဲ့ နယ်မြေသစ်ကို ခေါ်သွားပြီး ခံစားချက် အသစ်တွေကို အတူတူ ခံစားလို့ ရတယ်။ တစ်ခါတလေတော့လည်း ဘဝမှာ ပျော်စရာလေးတွေ လိုတယ်လို့ နင် မထင်ဘူးလား။ ”
ချန်ကျင်းလန်က သူငယ်ချင်းဖြစ်သူရဲ့ အရောင်စုံ ဆံပင်ကို ကြည့်ကာ မေးလိုက်သည်။ “ နင့်ကို ဆံပင်ညှပ်ပေးတဲ့ Stylist ရဲ့ ဖုန်းနံပါတ် ငါ့ကို ပေးပါလား။ ချန်လီချီက နင့်ဆံပင်ကို အရမ်း သဘောကျတာ။ ငါလည်း ဘဝမှာ နေရတာ နည်းနည်းလေး စိတ်ဝင်စားစရာကောင်းအောင်လို့ ဆံပင်စတိုင်လ် ပြောင်းမလားလို့ တွေးနေတာ။ ”
သူငယ်ချင်းဖြစ်သူက ချန်ကျင်းလန်ရဲ့ နီရဲနေသော လညပင်းကို မမြင်ချင်ယောင်ဆောင်လိုက်သည်။ ဒီခေါင်းစဉ် ရောင်လာတိုင်း ချန်ကျင်းလန်က စကားလမ်းကြောင်း လွှဲသွားလေ့ရှိကာ အချစ်အကြောင်း ပြောတာက စိတ်ကူးယဉ်မှု သက်သက်ပဲဟု ငြင်းဆန်နေခဲ့သည်။ သေချာတာကတော့ သူမကိုယ်သူမအတွက် နံရံ တစ်ခု တည်ဆောက်ထားပြီး ထိုနံရံပေါ် တက်လည်း မတက်ချင် ၊ တက်ဖို့လ်ုး အစီအစဉ်မရှိတဲ့ သူမကမှ စိတ်ကူးယဉ်နေတဲ့ လူပါ။
အဆုံးသတ်မှာတော့ ချန်ကျင်းလန်သည် ထိုပန်းချီကားကို အိမ်သို့ ယူမသွားခဲ့ပါ။ အဲ့ဒါက သူမ မေ့ပစ်ဖို့ အသည်းအသန် ကြိုးစားနေတဲ့ မှတ်ဉာဏ် တစ်ခုလေ ၊ ဒီပန်းချီကားကို အမှတ်တရ တစ်ခု အဖြစ် ဘယ်လိုလုပ် အိမ်ကို ယူသွားနိုင်မှာလဲ။
သို့သော်လည်း သူမ ချန်လီချီကို ကျောင်းသွားကြိုပြီး အိမ်ပြန်လာခဲ့ချိန်မှာတော့ ပန်းချီကားကလည်း အိမ်ကို ရောက်နှင့်နေပြီ ဖြစ်သည်။ ပန်းချီကားနှင့်အတူ သူငယ်ချင်းဖြစ်သူရဲ့ စာတိုလေး တစ်စောင်လည်း တွဲလျက် ပါသည်။ [ တချို့ ကိစ္စတွေကို ရှောင်လွှဲနေတာက အဓိပ္ပါယ်မရှိဘူး။ နင် လက်မလွှတ်ဘူး ဆိုရင်လည်း သတ္တိရှိရှိ ရင်ဆိုင်သင့်တယ်။ ]
ချန်လီချီက ပန်းချီကားကို လှည့်ပတ် ကြည့်နေသည်။ “ ဝိုး ၊ ဒါ သမီးရဲ့ ကျွန်းလေးကို ဆွဲထားတဲ့ ပန်းချီလား မေမေ။ ”
ထိုသီးခြားကျွန်းလေးကို အစတုန်းကတော့ ချန်ကျင်းလန် ပိုင်ဆိုင်တာပင်။ ဒါပေမဲ့ ချန်လီချီ မွေးဖွားလာပြီးနောက်ပိုင်းမှာ ထိုကျွန်းကို သူမလေးရဲ့ နာမည်အောက်သို့ လွှဲပြောင်းပေးခဲ့သည်။ အဲ့ဒီနောက်ပိုင်း ထိုကျွန်းကို သူမ ဘယ်တော့မှ ပြန်မသွားဖြစ်ပါ။ ပြီးခဲ့တဲ့ နွေရာသီတွေတုန်းကတာ့ ဖေးကျူးဟွေ့က ချန်လီချီလေးကို ထိုကျွန်းပေါ် ခေါ်သွားပြီး ရက် အနည်းငယ်လောက် နေထိုင်လေ့ရှိသည်။
“ အင်း ၊ သမီးရဲ့ ကျွန်းလေးကို ဆွဲထားတာ။ ” ချန်ကျင်းလန်က ချန်လီချီအား ဒီပန်းချီကားကို အနီးကပ် မကြည့်စေချင်သောကြောင့် မြေအောက်ခန်းထဲ ယူသွားလိုက်၏။
ချန်လီချီက နောက်ကနေ စိတ်လှုပ်ရှားစွာ လိုက်လာရင်း မေးနေခဲ့သည်။ “ ပန်းချီကားထဲက နှစ်ယောက်က ဖေဖေနဲ့ မေမေလားဟင်။ ”
ချန်ကျင်းလန်က “ မဟုတ်ဘူး။ ” ဟု ငြင်းလိုက်ပြီးမှ ချန်လီချီ မယုံကြည်မှာကို စိုးရိမ်၍ “ သမီးရဲ့ အဘိုးနဲ့ အဘွား ငယ်ငယ်တုန်းက ပုံပါ။ ” ဟု ထပ်ပြောလိုက်လေသည်။
ချန်လီချီက “ အိုး … ” ဟု သံရှည်ဆွဲ ရေရွတ်လိုက်သည်။ အဘိုး ပြောတာတော့ အဘွား ငယ်စဉ်တုန်းက ဆံပင် အတို ထားခဲ့တာလို့ ပြောပေမဲ့ ပန်းချီကားထဲက အမျိုးသမီးကတော့ သူမအမေလိုပဲ ဆံပင် အရှည်နှင့် ဖြစ်သည်။ ဒါပေမဲ့ မေမေ့ရဲ့ ကျိုးကြောင်းဆီလျော်မှု မရှိသော ဇာတ်လမ်းကို သူမ အမှားထောက်မနေတော့ပါ။
ချန်လီချီသည် အိပ်ရာမဝင်မီ တစ်စုံတစ်ခုကို တွေးမိသွားကာ မေးလိုက်၏။ “ ဖေဖေက မနက်ဖြန် သမီး ဖျော်ဖြေတာကို လာကြည့်မှာလားဟင် မေမေ။ ”
မနက်ဖြန်က ကလေးများနေ့မို့ ချန်လီချီနှင့် ရှန်းချူချီသည် စင်မြင့်ပေါ်မှာ စုံတွဲ စန္ဒရားတီးဖို့ ရှိသည်။ မေမေလည်း အဲ့ဒီမှာ ရှိမည် ၊ အဘွားလည်း ရှိမည် ၊ ဦးလေးထန်ယိချန်းကလည်း သူမ ဖျော်ဖြေတာကို လာမကြည့်ဘူးလို့ အမြဲတမ်း ပြောပေမဲ့ အဆုံးသတ်မှာတော့ အချိန်တိုင်း လာကြည့်နေကျပင်။ ရှောက်ချန်းကျယ်လည်း လာမှာ ဆိုပေမဲ့ အဘိုး ဖေးကျူးဟွေ့ကတော့ အလုပ်မအား၍ အဘွားကတော့ အဘိုး ကြည့်ဖို့ ဗီဒီယို မှတ်တမ်းတင်ထားလိမ့်မည်။
ချန်လီချီသည် မနက်တုန်းက ဖေဖေ့ကို သူမ ဖိတ်ဖို့ မေ့သွားတယ် ဆိုတာကို ဘယ်လို လိမ်ပြောရင် ကောင်းမလဲဟု စဉ်းစားနေမိသည်။
ချန်ကျင်းလန်က သူမရဲ့ နဖူးလေးကို နမ်းပြီး ပြောလိုက်၏။ “ သမီးအဖေက မနက်ဖြန် အလုပ်ရှိတော့ မလာနိုင်လောက်ဘူးကွယ့်။ ဒါပေမဲ့ စိတ်မပူပါနဲ့ ၊ ပြီးသွားရင် သမီး သူ့ကို ပို့ပေးလို့ ရအောင် မေမေ ဗီဒီယို မှတ်တမ်းတင်ပေးထားမယ်။ ဟုတ်ပြီလား။ ”
ချန်လီချီ ခေါင်းညိတ်ပြလိုက်သည်။ “ မေမေ သမီးကို လှလှလေး ရိုက်ထားပေးရမယ်နော်။ ”
“ မေမေ့လီချီလေးက လှပြီးသားပါကွယ်။ မေမေ ဘာမှ အထူးတလည် ရိုက်ပေးနေစရာ မလိုပါဘူး။ ” ချန်ကျင်းလန်က အပြုံးလေးဖြင့် ပြောလိုက်သည်။
“ မေမေက လှနေမှတော့ သမီးလည်း လှမှာ သေချာတယ်။ ” ဟု ချန်လီချီက ဝံ့ဝံ့ကြွားကြွားလေး ပြောလိုက်သည်။
“ ဟုတ်ပါပြီ မေမေ့ရဲ့ အသည်းနှလုံးလေးရယ်။ အခု အိပ်ဖို့ အချိန်ကျပြီ။ ဒီည နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်နော် ၊ မနက်ဖြန်ကျ သမီး ပိုလှနေလိမ့်မယ်။ ”
“ မေမေ ပြောတာ ဟုတ်တယ်။ သမီးရဲ့ အသားအရေ လှနေအောင်လို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် အိပ်မှ ဖြစ်မယ်။ ” ချန်လီချီက သူမရဲ့ စောင်လေးကို ပုတ်ပြလိုက်သည်။ “ မေမေရော ဒီည သမီးနဲ့ အိပ်မလားဟင်။ ”
“ အိပ်မှာပေါ့။ မေမေက လီချီလေးနဲ့ အိပ်ရတာကို အကြိုက်ဆုံးပဲ။ ”
ချန်လီချီက ပျော်ရွှင်စွာ ရယ်မောရင်း အမေဖြစ်သူရဲ့ ရင်ခွင်ထဲကို တိုးဝင်လိုက်သည်။ သူမ ခုနတုန်းက စကားတွေ ရေပက်မဝင်အောင် ပြောနေခဲ့သော်လည်း ကလေးတွေက မြန်မြန် အိပ်ပျော်တတ်တာမို့ နှစ်မိနစ်အတွင်းမှာပဲ အသက်ရှူသံ မှန်မှန် ထွက်ကာ အိပ်မက်ကမ္ဘာထဲ မျောလွင့်သွားပြီ ဖြစ်လေသည်။
ချန်ကျင်းလန်က အိပ်ရာထဲမှာ ခဏလောက် လှဲနေခဲ့သော်လည်း အိပ်မပျော်သဖြင့် ချန်လီချီကို ရင်ခွင်ထဲကနေ ဖြည်းဖြည်းလေး ချကာ သိုးမွှေးရင်ကွဲအင်္ကျီလေးကို ဝတ်၍ လသာဆောင်ဘက် ထွက်ခဲ့လိုက်သည်။
သူမ အိပ်မပျော်ရင် လသာဆောင်မှာ ခဏလောက် ထိုင်နေရတာကို သဘောကျသည်။ နွေညတွေက လေးအေးပေးစက် ဖွင့်ထားတဲ့ အခန်းထဲမှာထက် အပြင်ဘက်မှာ ပိုအေးသည်။ ပြီးတော့ လသာဆောင်မှာ စိုက်ထားတဲ့ နှင်းဆီပန်းတွေကလည်း ဖူးပွင့်နေပါသည်။ ချန်ကျင်းလန်သည် လသာဆောင်ပေါ်က မီးတွေကို အလင်းရောင် လျှော့ပြီး သီချင်း ခပ်တိုးတိုး ဖွင့်ကာ ပက်လက်ကုလားထိုင်ပေါ်မှာ နွမ်းလျစွာ မှီထိုင်လိုက်လေသည်။
စားပွဲပေါ်မှာ တင်ထားတဲ့ သူမရဲ့ ဖုန်းမျက်နှာပြင်က ဖျတ်ခနဲ လင်းလာသောကြောင့် ဖုန်းမကိုင်ခင် နံပါတ်ကို တစ်ချက် ကြည့်လိုက်သည်။ သူမ ဘာမှတော့ မပြောမိ။
ဖုန်း တစ်ဖက်က လူက သူမ ဖုန်းကိုင်၍ အံ့ဩသွားကာ ဘာပြောလို့ ပြောရမှန်းမသိ ဖြစ်သွားပုံပေါ်သည်။ နှစ်ဖက်လုံး တိတ်ဆိတ်သွား၏။
ချန်ကျင်းလန် ဖုန်းချဖို့ လုပ်နေစဉ်မှာပဲ ရှောက်ချန်းကျယ်ဘက်က အသံထွက်လာသည်။ “ အိပ်မပျော်သေးဘူးလား။ ”
“ ကျွန်မ အိပ်ပျော်နေရင် ဘယ်လိုလုပ် ရှင့်ဖုန်းကို ကိုင်နိုင်မှာလဲ။ ”
ရှောက်ချန်းကျယ်က သူ မေးလိုက်တဲ့ မေးခွန်းဟာ ရူးကြောင်ကြောင်နိုင်သော မေးခွန်းဖြစ်ကြောင်း ဝန်ခံသည့်အနေဖြင့် ရယ်မောလိုက်သည်။ “ မင်း ခဏလောက် ထွက်လာခဲ့လို့ ရမလား။ ကိုယ် မင်းရဲ့ ခြံတံခါးဝမှာ ရောက်နေပြီ။ ”
“ ရှင့်မှာ တစ်ခုခု ပြောစရာ ရှိရင် ဖုန်းထဲကနေပဲ ပြောပါ။ မပြောဘူးဆိုလည်း ကျွန်မ ဖုန်းချလိုက်တော့မယ်။ ” ချန်ကျင်းလန်က အပြင်ထွက်လာဖို့ ရည်ရွယ်ချက် မရှိပါ။
“ မနက်ဖြန် ကလေးများနေ့ ဆိုတော့ ကိုယ် လီချီလေးအတွက် လက်ဆောင် နည်းနည်းပါးပါး ပြင်ထားတယ်။ ” ရှောက်ချန်းကျယ်က ကားကို မှီကာ ခြံဝန်းထဲက မီးရောင်တွေကို လှမ်းကြည့်လိုက်သည်။ “ မင်း ကိုယ့်ကို မနက်ဖြန် မူကြိုကို မလာစေချင်လောက်ဘူး ဆိုတာ သိလို့ အဲ့လက်ဆောင်တွေကို ဒီညကတည်းက လာပို့တာပါ။ ”
တကယ်လည်း သူ့ကို မနက်ဖြန် မူကြိုမှာ ပေါ်မလာစေချင်ပါ။ ချန်ကျင်းလန်သည် အကြာကြီး နှုတ်ဆိတ်နေပြီးမှ ထိုင်ခုံက ထကာ အောက်ထပ်ဆင်း၍ ခြံတံခါးလေးကို သွားဖွင့်ပေးလိုက်သည်။
သူ့လက်ဆောင်တွေကို ယူပြီး လှည့်ထွက်လာခဲ့ပေမဲ့ ရှောက်ချန်းကျယ်က သူမကို လှမ်းခေါ်၍ ပြန်လှည့်ကြည့်လိုက်သည်။ သူ့ပုံစံကို ကြည့်ရတာ အလုပ်ကိစ္စနှင့် တက်ရသော ညစာစားပွဲကနေ ပြန်လာပုံရကာ အနောက်တိုင်း ဝတ်စုံကို ပုံစံတကျ ဝတ်ဆင်ထားပြီး နက်ခ်တိုင် လျော့ရဲရဲနှင့် ရှပ်အင်္ကျီ ကြယ်သီး နှစ်လုံးကို ဖြုတ်ထားသည်။ ချန်ကျင်းလန်က သူ့နှုတ်ခမ်းပေါ်က ဒဏ်ရာဆီ ခဏ အကြည့်ရောက်သွားပြီးမှ အမြန် အကြည့်လွှဲလိုက်သည်။ “ ဘာပြောစရာ ကျန်သေးလို့လဲ။ ”
“ ကိုယ် မင်းကို လျော်ကြေးပေးပြီး တောင်းပန်ချင်လို့ပါ။ ”
ချန်ကျင်းလန်က သူ့ကို သံသယမကင်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။ “ ဘာကို တောင်းပန်မှာလဲ။ ”
“ မနေ့တုန်းက မင်း ကိုယ့်မျက်လုံးတွေကို ဖုံးထားဖို့ ငှားလိုက်တဲ့ နေကာမျက်မှန်ကို ဒီနေ့ ပြန်ပေးဖို့ လုပ်ထားပေမဲ့ မတော်တဆ ကျိုးသွားတယ်။ ကိုယ့်အတွင်းရေးမှူးကို အသစ် တစ်လက် ဝယ်ခိုင်းထားပေမဲ့ မင်း ငှားလိုက်တဲ့ နေကာမျက်မှန်က အကန့်အသတ်နဲ့ ထုတ်ထားတာ ဆိုတော့ ဝယ်လို့ မရတော့ဘူး။ ”
“ ကျိုးသွားရင်လည်း ကျိုးတဲ့အတိုင်းပဲ ထားလိုက်ပါတော့။ ဘာမှ အစား ပြန်ပေးစရာ မလိုပါဘူး။ ” ချန်ကျင်းလန်က ထောင်ချောက် အငွေ့အသက်တွေကို အာရုံခံမိနေသည်။
ရှောက်ချန်းကျယ်က ခပ်ဖွဖွ ပြုံးလိုက်သည်။ “ အဲ့လို လုပ်စရာ မလိုပါဘူး။ မင်းလည်း ကိုယ့်လက်နဲ့ နှုတ်ခမ်းကို အလကား သုံးခဲ့တာ မဟုတ်ဘူးလေ ၊ အဲ့တော့ ကိုယ်လည်း မင်းရဲ့ နေကာမျက်မှန်ကို အလကား ယူလို့ မဖြစ်ဘူး။ ကိုယ် မင်းအတွက် တစ်ခုခု လုပ်ပေးမှ ဖြစ်မယ် ၊ ပိုက်ဆံပေးတာကတော့ ရိုင်းပျရာကျလိမ့်မယ်။ ” သူ့ရဲ့ တည်ငြိမ်အေးဆေးသော အသံက နည်းနည်းလေး ဩရှနေသည်။
“ မနေ့ညတုန်းက အဖြစ်အပျက်တွေကို အကဲခတ်ရသလောက် မင်း ကိုယ့်ဝန်ဆောင်မှုကို တော်တော်လေး စိတ်တိုင်းကျတဲ့ ပုံပဲ။ အဲ့ဒီနည်းလမ်းအတိုင်း ဒီတစ်ခေါက် လျော်ကြေးပေးရင် တရားမျှတမယ်လို့ ကိုယ် ထင်တယ်။ ”
ချန်ကျင်းလန်က သူ့ကို ဘာမှ မပြောဘဲ တိတ်တိတ်ဆိတ်ဆိတ် ကြည့်နေသည်။
ရှောက်ချန်းကျယ် ဆက်ပြောလိုက်၏။ “ မင်းရဲ့ နေကာမျက်မှန်က ယွမ် သောင်းချီ တန်ဖိုးရှိတယ်။ ကိုယ့်ရဲ့ ဝန်ဆောင်မှုက တစ်ကျပဲ တန်တယ် ဆိုတော့ အဲ့တန်ဖိုးနဲ့ ညှမျှတဲ့ လျော်ကြေးကို ပေးဖို့ ဆိုရင် က် အကြိမ်ပေါင်း သန်းချီပြီး မင်းကို ဝန်ဆောင်မှုပေးရလိမ့်မယ်။ တစ်ရက် တစ်ကြိမ် ဆိုရင် နှစ်ထောင်ချီတဲ့အထိ ဝန်ဆောင်မှုပေးသွားရမှာပေါ့။ ”
“ လူကြီးမင်းရှောက်က သင်္ချာကျွမ်းလိုက်တာနော်။ ” ချန်ကျင်းလန်ရဲ့ အသံက ခပ်ရွဲ့ရွဲ့။
ရှောက်ချန်းကျယ်က ဖော်ရွေစွာ ပြုံးပြလိုက်သည်။ “ ဒီနေရာမှာ သင်္ချာ မလိုပါဘူး ၊ Calculator ပဲ လိုတာ။ ကိုယ် သက်တမ်းအပြည့် အသက်ရှင်သွားရရင်တောင် နှစ် တစ်ထောင်ပြည့်တဲ့ထိတော့ နေရမှာ မဟုတ်ဘူးလေ။ အဲ့ဒါကြောင့် ကိုယ့်ရဲ့ ကျန်ရှိနေတဲ့ ဘဝ တစ်လျှောက်လုံးကို မင်းဆီမှာပဲ ပုံအပ်ထားချင်တယ်။ မင်း လိုအပ်တဲ့ အချိန်တိုင်း ကိုယ် လာပြီး ဝန်ဆောင်မှုပေးပါ့မယ်။ တော်တော်လေး ကောင်းတဲ့ အပေးအယူမို့လား။ ”
ချန်ကျင်းလန်က သူ့ကို ရယ်ချင်သလို ကြည့်လိုက်သည်။ “ ကျွန်မ ရှင့်ဝန်ဆောင်မှုကို သဘောကျတယ် ဆိုတဲ့ စိတ်ကူးကို လူကြီးမင်းရှောက် ဘယ်က ရလာသလဲ မသိဘူး။ ‘ တန်ရာတန်ကြေး ’ စကား တစ်ခု ရှိတယ်။ ကျွန်မ ရှင့်ကို တစ်ကျပ်ပဲ ပေးတာက ရှင့်ဝန်ဆောင်မှုကလည်း တစ်ကျပ်ပဲ တန်တယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ရှင့်အရည်အချင်းနဲ့ ဆိုရင် ကျွန်မကို ဘယ်နှခေါက် နှိပ်ပေး,ပေး အသုံးဝင်မှာ မဟုတ်ဘူး။ ကျွန်မကလည်း ဆင်းရဲတဲ့ လူမှ မဟုတ်တာ ၊ လိုအပ်လာရင် ရှင့်ရဲ့ အကြိမ် သန်းပေါင်းများစွာသော ဝန်ဆောင်မှုတွေထက် ပိုဈေးကြီးတဲ့ အကောင်းစား ဝန်ဆောင်မှုကို ပိုက်ဆံ အများကြီး ပေးပြီး ယူလို့ ရတာပဲ။ ”
ချန်ကျင်းလန်ရဲ့ စကား မဆုံးသေးခင်မှာပဲ ရှောက်ချန်းကျယ်က သူမကို သူ့ရင်ခွင်ထဲ ဖျတ်ခနဲ ဆွဲထက်လိုက်သည်။ သူမက ပန်းရောင် လက်ဆောင်ဘူးလေးကို ကိုင်ထားတာမို့ သူ့ရင်ဘတ်နှင့် ဝင်မတိုက်မိအောင် ကပ်သီးလေး ရှောင်လိုက်ရသည်။
***