← Chapters

အခန်း ၃၄

Vol. 4 Ch. 34

အခန်း ၃၄

Vol. 4 Ch. 34

အပိုင်း ( ၃၄ )

သူ ဘာလုပ်ဖို့ ကြံစည်နေတာလဲ ဆိုတာ ချန်ကျင်းလန် ရိပ်မိသွားတော့ သူ့ပခုံးကို လက် တစ်ဖက်ဖြင့် တွန်းရင်း လေသံမာမာဖြင့် သတိပေးလိုက်၏။ “ ရှင် လုပ်ရဲရင် လုပ်ကြည့်လိုက် ရှောက်ချန်းကျယ်။ ”

ရှောက်ချန်းကျယ်က သူမရဲ့ မျက်လုံးတွေထဲကို စိုက်ကြည့်လိုက်သည်။ အရင်တစ်ခေါက် ကားပါကင်မှာတုန်းကလည်း “ ရှင် သတ္တိရှိရင် လုပ်ကြည့်လိုက်ပေါ့ ရှောက်ချန်းကျယ်။ ” ဟု ပြောခဲ့ဖူးသည်။

သူ သတ္တိရှိလား … ။

ဒါပေါ့ ၊ သတ္တိရှိတယ်။ သူက အမြဲတမ်း သတ္တိရှိခဲ့တာပဲ ဥစ္စာ။

အဲ့ဒီနေ့ ကားပါကင်မှာတုန်းက သူမကို အိမ်ထောင်ပြုပြီးပြီဟု သူ ထင်ခဲ့သောကြောင့် သူမသာ လုပ်ရဲရင် သူလည်း မလုပ်ရဲတာ မရှိဘူးလို့ တွေးခဲ့တာ ဖြစ်သည်။

အခု အခြေအနေကိုတော့ ထည့်ပြောမနေနဲ့တော့။

သူမက သူ့ကို ဘယ်မိသားစုကမှန်း သိနေတာတောင်မှ သူမနှင့် နီးစပ်ခွင့်ပေးခဲ့သည်။ အဲ့ဒါ ဘာအဓိပ္ပာယ်လဲ။ ရှောက်ချန်းကျယ်မှာ သံသယ တချို့ ရှိသော်လည်း ဖြည်းဖြည်းချင်း အဖြေရှာသွားဖို့သာ ရည်ရွယ်ထားခဲ့တာပင်။ သူမ သူ့ကို အခုလိုမျိုး ရန်မစသင့်။

ပါးစပ်က လိမ်နိုင်ပေမဲ့ တခြား အစိတ်အပိုင်းတွေကတော့ မလိမ်နိုင်ဘူး မဟုတ်လား။

ရှောက်ချန်းကျယ်က သူမရဲ့ မေးစေ့လေးကို ဆွဲမော့ပြီး နှုတ်ခမ်းတွေကို နမ်းလိုက်၏။ သူမကို နောက်ဆုတ်ခွင့် မပေးတော့ပါ။

ချန်ကျင်းလန်က သူ့ကို ဒူးနှင့် တိုက်ဖို့ ခြေထောက်ကို မြှောက်လိုက်ပေမဲ့ သူက သူ့ခြေထောက်တွေနှင့် သူမခြေထောက်ကို ညှပ်ထားသည်။ ယောက်ျားအားနှင့် မိန်းမအားက ကွာခြားသည့်အပြင် သူက သူမရဲ့ ထိရှလွယ်တဲ့ အစိတ်အပိုင်းလေးတွေကိုလည်း ကောင်းကောင်း သိပါသည်။ သူ့လက်တွေက ပုံမှန်အတိုင်း သူမရဲ့ ခါးကို ခပ်တင်းတင်း ဖက်ထားပေမဲ့ သူ့နှုတ်ခမ်းနှင့် လျှာကတော့ လွတ်လပ်စွာ လှုပ်ရှားနေခဲ့သည်။ ချန်ကျင်းလန်ဟာ အကြောင်းပြချက် တချို့ကြောင့် ပါးစပ်ကို ခပ်တင်းတင်း စေ့ပိတ်ထားသင့်သော်လည်း အခုတော့ သူ့ကို အလိုက်သင့်လေး တုံ့ပြန်လာခဲ့သည်။ သူက အံ့ဩကြောင်အနေပြီး သူမကတော့ အရက်မူးနေခဲ့တဲ့ မနေ့ညတုန်းကလို မဟုတ်ဘဲ လက်ရှိအချိန်မှာ နှစ်ယောက်လုံး လူကောင်းပကတိ ဆိုပေမဲ့လည်း ချန်ကျင်းလန်ရော ၊ ရှောက်ချန်းကျယ်ပါ စိတ်လွတ်သွားကြလေသည်။

သူမလက်ထဲမှ လက်ဆောင်ဘူးလေးက မြေပြင်ပေါ် ဘုတ်ခနဲ ပြုတ်ကျကွားကာ စီးမျောပျော်ဝင်နေကြသူ နှစ်ယောက်ကို သတိပြန်ဝင်လာစေခဲ့သည်။ ချန်ကျင်းလန်က မျက်လုံးဖွင့်လိုက်ပြီး မနေ့ညတုန်းက သူမ ကိုက်ခဲ့တဲ့ ဒဏ်ရာကိုပဲ သွေးတွေ ထပ်ထွက်လာတဲ့အထိ ကိုက်ပစ်လိုက်၏။

“ ကျွန်မကို လွှတ်။ ” ခဏတာ စိတ်လွတ်သွားသည့်အတွက် ရှက်လည်း ရှက် ၊ ဒေါသလည်း ထွက်မိသည်။ သူမရဲ့ လက်တွေကလည်း သူ့ပါးကို ရိုက်ရမည့်အစား သူ့လည်ပင်းကို ပွေ့ဖက်ထားမိခဲ့သည်။

သို့သော်လည်း ရှောက်ချန်းကျယ်က သူမကို လွှတ်မပေးဘဲ နှုတ်ခမ်းတွေကို ဖိကပ်ထားရင်း ခပ်တိုးတိုး မေးလိုက်သည်။ “ ကိုယ့်ရဲ့ အခု ဝန်တောင်မှုကိုရော ဘယ်လောက် တန်တယ်လို့ မင်း ထင်လဲ။ မင်း တတ်နိုင်တယ် ဆိုတဲ့ ဈေးကြီးတဲ့ အကောင်းစား ဝန်ဆောင်မှု ယှဉ်ရင်ပေါ့။ ”

ခပ်ဝေးဝေးက လျှောက်လာတဲ့ အသံတွေကို သဲ့သဲ့ ကြားလိုက်ရသည်။ ညစာ စားပြီးတိုင်း ညနေခင်း ခြံထဲမှာ လမ်းဆင်းလျှောက်ရတာကို သဘောကျတဲ့ သူမရဲ့ မိဘ နှစ်ပါး ဖြစ်သည့် ဖေးကျူးဟွေ့နှင့် ချန်ရှန်းဟယ် ဖြစ်မည် ထင်သည်။ ခါတိုင်းဆို ည ကိုးနာရီထိုးတာနဲ့ သူတို့ အိမ်ထဲ ပြန်ဝင်နေကျပါ ၊ ဘာလို့ ဒီနေ့မှ ဒီအချိန်ကြီး လမ်းလျှောက်နေတာလဲ … ။

ချန်ကျင်းလန်က ထိုအကြောင်းကို ပြောဖို့ ကြိုးစားလိုက်သော်လည်း ရှောက်ချန်းကျယ်ရဲ့ ထွက်သက် နွေးနွေးက သူမရဲ့ နှုတ်ခမ်းထောင့်တွေကို ပွတ်သပ်ရှပ်တိုက်နေခဲ့သည်။ “ မင်း သေချာ စဉ်းစားပြီးမှ ဖြေပါ။ ”

သူမ သေချာ မစဉ်းစားနိုင်လျှင် သူမ စဉ်းစားနိုင်တဲ့ အချိန်ထိ သူက နမ်းနေမှာ ဖြစ်သည်။ ဘာပဲပြောပြော ဒီည အချိန်တွေ အများကြီး ကျန်ပါသေးသည်။

“ တစ်သန်း ၊ တစ်သန်း။ ရှင် ကျေနပ်ပြီလား။ ” ချန်ကျင်းလန်က သူ သူမကို ထပ်နမ်းမှာကို စိုးရိမ်ကာ မခံမရပ်နိုင်အောင် ဒေါသထွက်နေမိသည်။ ခြံတံခါးရှေ့မှာ ယောက်ျား တစ်ယောက်နှင့် နမ်းနေတဲ့ သူမကို သူမမိဘတွေ မြင်သွားမှာကို စိတ်တောင် ကူးမကြည့်ရဲ။ သူမကိုယ်သူမ ဆယ့်ခွန် ၊ ဆယ့်ရှစ် မိန်းမပျိုလေးလို ပြန်ခံစားနေရသည်။

ရှောက်ချန်းကျယ်က သူမအဖြေကို အပြည့်အဝ ကျေနပ်သွားတာတော့ မဟုတ်။

သူက ချန်ကျင်းလန်အား သူက ဈေးကြီးတယ် ဆိုတဲ့ အကြောင်းကို ဒီ့ထက် ပို၍ ပြည့်ပြည့်စုံစုံ ရှင်းရှင်းလင်းလင်း ဝန်ခံစေချင်နေသည်။

သို့သော် ဈေးပေါရတာက ပိုကောင်းပါတယ်ဟု သူ ထပ်တွေးမိသွားသည်။

တစ်သန်းက များလွန်းတယ် ၊ တစ်ဒေါ်လာ အတိအကျ ဆိုရင် ‌အနေတော်ပဲ။ တစ်ကျပ်ထက်လည်း များတယ် ၊ ပြီးတော့ သူ့ရဲ့ ကျန်ရှိနေတဲ့ ဘဝ တစ်လျှောက်လုံးကို သူမဆီမှာ အပ်နှင်းသွားဖို့ လုံလောက်တယ်။

သူမရဲ့ ခါးကို ပွေ့ဖက်ထားသော လက်က အားလျော့သွားသောကြောင့် ချန်ကျင်းလန်သည် ခြံထဲ ဝင်ကာ ရှောက်ချန်းကျယ်ရဲ့ အင်္ကျီကော်လံကို ဆွဲ၍ သူ့ကိုပါ ခြံထဲ ဆွဲခေါ်လိုက်၏။ လူသူကင်းရှင်းသော ခြံပေါက်ဝမှာ ပန်းရောင် လက်ဆောင်ဘူးလေးပဲ ကျန်ခဲ့သည်။ ချန်ကျင်းလန်က ထိုလက်ဆောင်ဘူးကို သွားကောက်ချင်သော်လည်း နောက်ကျလွန်းသွားပြီ ဖြစ်၍ ကံကြမ္မာကို အားကိုးပြီး ထိုဘူးကို သူမအမေ မမြင်ဖို့သာ ဆုတောင်းနိုင်လေတော့သည်။

ဒါပေမဲ့ သူမအမေ မမြင်ဖို့ ဆိုတာ မဖြစ်နိုင်ပါ။ လက်ဆောင်ဘူးရဲ့ ပန်းရောင်က ညအမှောင်ထဲမှာ သတိထားမိချင်စရာ ထင်ထင်ရှားရှားမို့ ချန်လီချီလေးရဲ့ ရယ်စရာ ဇာတ်လမ်းတွေကို ခင်ပွန်းဖြစ်သူအား ပြောရင်း သမီးဖြစ်သူရဲ့ အိမ်ဘက်ကို လှမ်းကြည့်လိုက်သော ဖေးကျူးဟွေ့က လက်ဆောင်ဘူးကို မြင်သွားခဲ့၏။

“ အိုး ၊ သခင်ကြီးချန်ရဲ့ တံခါးဝမှာ ဒီဘူးလေးက ဘယ်လိုလုပ် ရောက်နေတာလဲ။ ”

နံရံ တစ်ဖက်ခြမ်းကနေ ဖေးကျူးဟွေ့ရဲ့ အသံ ထွက်ပေါ်လာသဖြင့် ချန်ကျင်းလန်သည် ရုတ်တရက် အသက်ရှူမြန်လာမိသည်။ လက်ဆောင်ဘူးလေးကို သူမအမေ ရှာတွေ့သွားသောအခါ မြန်နေပြီးသား အသက်ရှူသံသည် ပိုလို့တောင် မြန်သွားသည်။ လသာဆောင်နှင့် ခြံတံခါးမှာ မီးတွေ ဖွင့်ထားဆဲမို့ သူမ မအိပ်သေးဘူး ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်သည်။ သူမအမေက လက်ဆောင်ဘူးကို ယူပြီး လျို့ဝှက်နံပါတ် ရိုက်ထည့်၍ တံခါးဖွင့်ကာ သူမကို လာမေးနိုင်ချေ ရှိသည်။

ချန်ကျင်းလန်က ရှောက်ချန်းကျယ်ကို အသံမထွက်ဖို့ မျက်ရိပ်မျက်ကဲဖြင့် ပြောလိုက်ပြီးမှ ခြံထဲမှာ ရှိတဲ့ ဘယ်နေရာမှာမဆို သူ့ကို ဖွက်ထားဖို့ အဆင်ပြေသည်ဟု တွေးကာ သူ့လက်ကောက်ဝတ်ကို ဆွဲပြီး ခေါ်လိုက်သည်။

သူမက ဆွဲနေပေမဲ့ သူကတော့ တုပ်တုပ် မလှုပ်။

သူမ ထပ်ဆွဲလိုက်ပေမဲ့ သူကတော့ မလှုပ်မယှက် ငြိမ်သက်နေဆဲ။

ချန်ကျင်းလန်က သူ့ကို လှည့်ကြည့်ကာ “ သွားမယ် ” ဟု သွားကြားထဲက ထွက်လာသော အသံဖြင့် အံကြိတ်၍ ပြောလိုက်သည်။ သူ ဘာလို့ ဒီတိုင်း ဆက်နေ,နေတာလဲ။ တံခါးဝမှာ သူမရဲ့ မိဘတွေနဲ့ တည့်တည့် တိုးချင်လို့လား။

သို့သော်လည်း ရှောက်ချန်းကျယ်က နေရာမှာ ရပ်နေဆဲ ဖြစ်ပြီး နားလည်ရခက်၍ လေးနက်သော အကြည့်ဖြင့် သူမကို ကြည့်နေသည်။

သူမက သတိလက်လွတ် နေတာ ရှားတာမို့ သူမရဲ့ မိန်းကလေးဆန်တဲ့ အခြမ်းကို ထုတ်ပြတာ ရှားသည်။

ဖြစ်နိုင်တာကတော့ သူမရဲ့ စိတ်က တင်းမာလွန်းပြီး သူနှင့် နီးကပ်နေတဲ့ အနေအထားကနေ ရုန်းမထွက်ဘဲ သူ့လက်ကောက်ဝတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်မိလို့များလား။

ခုနတုန်းက ရုန်းကန်ထားသောကြောင့် ကလစ်နှင့် ငါးမန်းတောင် ပုံသဏ္ဍာန် ညှပ်တင်ထားသော သူမရဲ့ ဆံပင်ဟာ နည်းနည်းလေး မသပ်မရပ် ဖြစ်နေပြီး ဆံနွယ်မျှင် တချို့က သူမရဲ့ လည်ပင်း ဘေးဘက်ကို ကပိုကရို ပြေကျနေ၏။ ကြွေထည်လို ဖြူဝင်းသော မျက်နှာက ကျောက်စိမ်းလို အေးစက်‌မာကျောနေကာ မျက်လုံး ၊ မျက်ခုံးတွေကတော့ မည်းမည်းနက်နက်။ သူမရဲ့ မျက်လုံးထောင့်မှာ စိတ်အားထက်သန်မှု အငွေ့အသက်တွေကို တွေ့ရကာ နူးညံ့သော နှုတ်ခမ်း ရဲရဲလေးတွေကတော့ သူ့နှုတ်ခမ်းဒဏ်ရာက သွေးတွေကြောင့် ကြက်သွေးရောင် ဖုံးလွှမ်းနေ၏။ ကြည်လင်သော လရောင်အောက်မှာ သူမပုံစံလေးက သူ့စိတ်ကို လှုပ်ခတ်စေသည်။

ရှောက်ချန်းကျယ်ရဲ့ လက်ဖျားလေးတွေက သူမရဲ့ နှုတ်ခမ်း ဖောင်းဖောင်းလေးကို ပွတ်သပ်ရင်း သူ့မျက်လုံးထဲက အလင်းရောင်ဟာလည်း တဖြည်းဖြည်း အရောင်ပိုတောက်လာခဲ့သည်။

သူက … သူ့မျက်လုံးတွေနဲ့ သူမကို နမ်းလိုက်တာ … ။

ချန်ကျင်းလန်သည် ဒေါသထွက်သွားပြီး သူ့လက်‌ချောင်းတွေကို သူမ တတ်နိုင်သလောက် အားနှင့် အစွမ်းကုန် ကိုက်ချပစ်လိုက်သည်။

သူ့လက်ချောင်းပေါ်ကနေ နွေးထွေးစိုစွတ်သော သွေးစက်တွေ စီးကျသွားသည်။ ရှောက်ချန်းကျယ်သည် ထိုအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်ထဲမှာ မီးတောက်တွေ တောက်လောင်လာသလို ခံစားလိုက်ရကာ သူ့မျက်လုံးထဲက သူ့ကို တားဆီးနေတဲ့ လက်ကျန် အကြောင်းပြချက်တွေ အကုန်လုံး လောင်ကျွမ်းသွားသည်။ သူ့ခန္ဓာကိုယ်မှာ ရှိတဲ့ သွေးတွေက နေရာ တစ်ခုဆီသို့ အလျင်အမြန် စီးဆင်းသွားလေသည်။ ဖြစ်နိုင်ရင် သူတို့ရှေ့က တံခါးကို အိပ်ရာအဖြစ် အသုံးပြုပြီး သူမကို လှဲချပစ်လိုက်ချင်သည်။

သူ ချန်ကျင်းလန်ရဲ့ ခါးကို အတင်းကျပ်ဆုံး ထွေးပွေ့ရစ်ပတ်လိုက်၏။ ချန်ကျင်းလန်က သူ့ခန္ဓာကိုယ်နှင့် တိုက်မိတော့မလို ဖြစ်သွားပေမဲ့ သူက သူမရဲ့ ပခုံးကို လက် တစ်ဖက်ဖြင့် အချိန်မီ ထိန်းကိုင်လိုက်သောကြောင့် မတိုက်မိတော့ဘဲ သူတို့ရဲ့ ခန္ဓာကိုယ် နှစ်ခုကြား အကွာအဝေးဟာ ( ၁ ) လက်မလောက်သာ လိုဝောာ့လေသည်။

သူ လူကြီးလူကောင်း တစ်ယောက် ဖြစ်ချင်ပေမဲ့ မဖြစ်နိုင်မှတော့ ဘာတတ်နိုင်မှာလဲ။ သူမ သူ့ကို မျက်နှာပြောင်တိုက်ပြီး အရှက်မရှိဘူးလို့ ပြောတာ အံ့ဩစရာ မရှိပါ။

သူ့လက်က သူမပါးစပ်ထဲမှာ။ ပြီးတော့ သူ့နှုတ်ခမ်းတွေကတော့ သူမလည်ပင်းကို တရှိုက်မတ်မတ် နမ်းရှိုက်နေခဲ့သည်။

သူမရဲ့ ဖြူဝင်းသော လည်တိုင်ရှည်လေးသည် သူ့ရဲ့ ပူနွေးသော နှုတ်ခမ်းတွေအောက်မှာ ဘယ်လိုမှ ရုန်းမထွက်နိုင်ဘဲ ကြွတက်လာသဖြင့် သူ လှုပ်ရှားရ ပိုလွယ်သွားသာ်။ ချန်ကျင်းလန်က ဖိနပ် ပါးပါးပျော့ပျော့လေးကို စီးထားတာမို့ သူ့ရဲ့ သားရေ ရှူးဖိနပ်ပေါ်ကို အားနှင့် တက်နင်းလိုက်လျှင်တောင် ရှောက်ချန်းကျယ် နာမှာ မဟုတ်ပါ။ သူတို့ နှစ်ယောက်သည် ခပ်ကျိတ်ကျိတ်လေး ရုန်းကန်နေခဲ့ကြသည်။

တံခါး အပြင်ဘက်မှာ ဖေးကျူးဟွေ့က လျို့ဝှက် နံပါတ် ရိုက်ထည့်ဖို့ ပြင်နေတုန်း ချန်ရှန်းဟယ်က ဇနီးဖြစ်သူကို တားလိုက်သည်။

ဖေးကျူးဟွေ့က သူ့ကို လှည့်ကြည့်လိုက်၏။ “ ဘာဖြစ်လို့လဲ။ ”

ချန်ရှန်းဟယ်က မလှမ်းကမ်း အမှောင်ထဲမှာ ရပ်ထားတဲ့ ကား တစ်စီးကို လက်ညိုးထိုးပြလိုက်သည်။ “ မဝင်နဲ့ဦး၊ ကြည့်ရတာ အထဲမှာ တစ်ယောက်ယောက် ရောက်နေတယ် ထင်တယ်။ ”

အဲ့ဒီတော့မှ ဖေးကျူးဟွေ့လည်း ည အမှောင်ထုအောက်မှာ မသိမသာ ဖုံးကွယ်ထားတဲ့ ကားကို သတိပြုမိသွားသည်။ လိုင်စင်နံပါတ်ပြားကို သူမ အနီးကပ် သွားကြည့်လိုက်၏။ တော်တော်လေးကို ရှားပါးတဲ့ လိုင်စင်နံပါတ်ပဲ။ ဒီလိုင်စင်နံပါတ်ကို တစ်နေရာရာမှာ မြင်ဖူးသလို ခံစားရသော်လည်း ဘယ်နေရာမှာ မြင်ဖူးမှန်း သူမ ပြန်စဉ်းစားမရပေ။

ဖေးကျူးဟွေ့ရဲ့ စိတ်ထဲမှာ လှိုက်ခနဲ ပျော်သွားကာ အသံ တိုးတိုးဖြင့် ပြောလိုက်သည်။ “ သူမ ကောင်လေး တစ်ယောက်ယောက်နဲ့ ချိန်းတွေ့နေတာများလား။ ကျွန်မ မနေ့က တွေ့ခဲ့တဲ့ ဟယ်မိသားစုက ကောင်လေးလို့တော့ မပြောနဲ့နော်။ သူ့ဓာတ်ပုံကို တစ်ချက် ကြည့်လိုက်တာနဲ့ သူက ကျွန်မသမီး သဘောကျတဲ့ ပုံစံမျိုး ဆိုတာ တန်းသိပေမဲ့ သူတို့အခြေအနေက ဒီလောက်ထိ မြန်မြန်ဆန်ဆန် အဆင့်တက်သွားလိမ့်မယ်လို့တော့ ထင်မထားဘူး။ ”

ဖေးကျူးဟွေ့ တစ်ယောက်ကို အသံကို ဘယ်လောက်ပဲ တိုးထားပါစေ ၊ တံခါးနောက်က လူ နှစ်ယောက်ကတော့ သူမအသံကို သေချာ ကြားနေရသည်။

“ သူမ သဘောကျတဲ့ ပုံစံမျိုး ” ဟူသော အသုံးအနှုန်းကြောင့် ရှောက်ချန်းကျယ်က ချန်ကျင်းလန်ရဲ့ နှုတ်ခမ်းကို ပိုလို့ ကြမ်းကြမ်းတမ်းတမ်း နမ်းရှိုက်လိုက်သည်။

ချန်ကျင်းလန်သည် ယားတာလည်း မဟုတ် ၊ နာတာလည်း မဟုတ်သော ခံစားချက်ဖြင့် နှိပ်စက်ခံနေရသောကြောင့် ညဘက် နံရံနောက်မှာ ပုန်းကွယ်နေသည့် ကြောင် တစ်ကောင်ကဲ့သို့ပင် လည်ချောင်းထဲကနေ အသံလေးတွေ ထွက်လာမိသည်။ သူမရဲ့ ဒေါသတွေ အကုန်လုံးကို သွားဆီ ပို့ကာ ရှောက်ချန်းကျယ်ကို ကိုက်ချလိုက်တော့ သူ့ပါးစပ်ကနေ နာကျင်မှုကြောင့် ဗလုံးဗထွေး အော်သံလေးတွေ ထွက်လာသည်။ ချန်ကျင်းလန်က သူ့ပါးစပ်ကို အမြန် လှမ်းပိတ်လိုက်၏။

“ မင်းက ကိုယ် မွေးထားတဲ့ သမီးအကြောင်း မသိဘူးလား။ သူက ယောက်ျား တစ်ယောက်နဲ့ ညစာ တစ်နပ်လောက် အတူ စားပြီးတာနဲ့ အဲ့ယောက်ျားကို အိမ်ခေါ်လာမယ့် မိန်းကလေးမျိုးမှ မဟုတ်တာ။ ” ချန်ရှန်းဟယ်က သူ့ဇနီးရဲ့ အတွေးပေါ်ကို ရေခဲရေ လောင်းချလိုက်သည်။

ဖေးကျူးဟွေ့ တစ်ယောက် သိချင်စိတ် ပြင်းပြသွားသည်။ “ ဒါဆို ဘယ်သူများလဲ။ ”

ချန်ရှန်းဟယ်က ကားကို ကြည့်ရင်း အတွေးနယ်ကျွံသွားသော်လည်း သူ့အတွေးတွေကို ထုတ်မပြောခဲ့ပေ။ “ အရမ်းကြီးလည်း စိတိပူမနေပါနဲ့။ အိမ်ပဲ ပြန်ကြရအောင်။ အိပ်ရေးပျက်ပြီး အရေးအကြောင်းတွေ ထွက်လာတော့မှ ငါ့ကို အပြစ်မတင်နဲ့။ ”

ဖေးကျူးဟွေ့က သူ့ကို ကြိမ်းမောင်းလိုက်သည်။ “ ရှင် ဘယ်လိုလုပ် အဲ့စကားမျိုး ပြောရက်ရတာလဲ။ ကျွန်မမျက်နှာပေါ်မှာ အရေးအကြောင်းတွေ ရှိလို့လား။ ”

ချန်ရှန်းဟယ်က သူ့ဇနီးကို ချက်ချင်း တောင်းပန်လိုက်သည်။ “ မိန်းမမှာ ဘာအရေးအကြောင်းမှ မရှိပါဘူးကွာ။ အရေးအကြောင်းတွေက မိန်းမကို မြင်တာနဲ့ ရှောင်ကွင်းသွားမှာ။ ”

ဖေးကျူးဟွေ့က သူ့ကို ခပ်ဆတ်ဆတ်လေး လိမ်ဆွဲလိုက်သည်။ “ ဒါဆို ကျွန်မတို့ ဒီလက်ဆောင်ဘူးကို ဘာလုပ်ကြမလဲ။ ”

“ တံခါးဝမှာပဲ ထားခဲ့လိုက်ပါ။ ကြည့်ရတာ အပျောက်ခံမယ့် ပစ္စည်းမျိုးနဲ့ မတူဘူး။ ပစ္စည်းပိုင်ရှင်က လာယူသွားလိမ့်မယ်။ ”

ထိုအသံ နှစ်သံသည် တဖြည်းဖြည်း ဝေးသွားပြီး နောက်ဆုံးတော့ ဘာမှ မကြားရတော့။

ချန်ကျင်းလန်က သူမရဲ့ ခန္ဓာကိုယ်မှာ ရှိသမျှ ခွန်အားတွေကို စုပြီး သူ့ပေါင်ကြားကို ဒူးနှင့် တိုက်ပစ်လိုက်လေသည်။

ရှောက်ချန်းကျယ်သည် အနည်းငယ် မျက်ဖြူလန်သွားကာ ခြေလှမ်း နှစ်လှမ်း ၊ သုံးလှမ်းလောက် နောက်ဆုတ်လိုက်သော်လည်း သူမနားကနေ လုံးဝကြီး ခွာသွားတာတော့ မဟုတ်ဘဲ တစ်ဖက်ကို လှည့်သွားရုံလောက်သာ ရှိသည်။ မျှော်လင့်ထားတဲ့အတိုင်း နာကျင်မှုကြောင့် သူ ခါးကိုင်းသွားပြီး သူမရဲ့ ပခုံးပေါ်မှာ မျက်နှာအပ်၍ ငြိမ်ကျသွားလေသည်။ သူ့မျက်နှာက ခရမ်းရောင် ပြောင်းကာ နဖူးပေါ်မှာ သွေးကြောတွေ အထင်းသား ပေါ်နေ၏။

“ ဒါက ရှင်နဲ့ တန်တဲ့ တုံ့ပြန်မှုမျိုးပဲ။ ” ချန်ကျင်းလန်က လှိုက်မောနေသော အသံဖြင့် ပြောလိုက်ပြီး သူမနှုတ်ခမ်းကို လက်နှင့် ပွတ်သုတ်ပစ်လိုက်သည်။ သူ့မျက်နှာပေါ်က ချွေးသီးချွေးပေါက်တွေကိုသာ မမြင်ခဲ့ရင် သူမ သူ့ကို နောက်တစ်ခေါက် ထပ်ကန်မှာပင်။ နာပြီး သေသွားရင်တော့ အကောင်းဆုံးပဲ။

တိတ်ဆိတ်‌သော ညမှာ သူတို့ နှစ်ယောက်ရဲ့ ဟောဟဲဆိုက်နေသော အသက်ရှူသံတွေက မြန်လိုက် ၊ နှေးလိုက်ဖြင့် ရောယှက်ထွက်ပေါ်နေသည်။

ချန်ကျင်းလန်က သူမရဲ့ ပခုံးပေါ်မှာ မှီနေသူကို တွန်းပစ်လိုက်၏။ “ သေချင်ယောင်ဆောင်မနေနဲ့။ ”

သူမရဲ့ ပခုံးကို မှီနေသူကတော့ မလှုပ်မယှက်နှင့် တုံ့ပြန်မှုမရှိ။ ချန်ကျင်းလန်က သူ့ကို ငုံ့ကြည့်လိုက်တော့ သူ့မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်နေသည်။ တံခါးပေါက်မှ အလင်းရောင်အောက်တွင် သူ့နားထင်မှာ ချွေးသီးချွေးပေါက်တွေ စိုရွဲနေပုံမှာ တကယ့်ကို သိသိသာသာ။ ချန်ကျင်းလန်သည် သူ ရှေ့ဆက် မတိုးစေနိုင်ရန် လုံလောက်တဲ့ အင်အားကို သူမ အသုံးပြုခဲ့ကြောင်း ကိုယ့်ကိုယ်ကိုယ် သေချာ သိသည်။

“ ဆရာဝန် ခေါ်ပေးရဦးမလား။ ” သူမရဲ့ တင်းမာသော အသံထဲမှာ ပုံမှန် မဟုတ်သည့် ခံစားချက် အနည်းငယ် ပါဝင်နေခဲ့သည်။

ရှောက်ချန်းကျယ်က သူမရဲ့ ခါးကို ဖက်လိုက်၏။ သူ့အသက်ရှူသံက မျှင်းမျှင်း တိုးတိုးလေး။ အကြောင်းမရှိတဲ့ လူဆို သူ့ကို သေခါနီး လူမမာလို့ ထင်သွားလောက်သည်။

“ မလိုပါဘူး ၊ ကိုယ့်ကို မင်းပခုံးလေးကို မှီပြီး ခဏလောက် နားခွင့်ပေး။ အဲ့ဒါဆို ကိုယ် သက်သာသွားလိမ့်မယ်။ ”

ချန်ကျင်းလန်က “ မှီတာက မှီလို့ ရတယ် ၊ ဒါပေမဲ့ ရှင့်လက်တွေကို ကျွန်မခါးပေါ်က ဖယ်လိုက် ” ဟု ပြောဖို့ ပြင်လိုက်သော်လည်း စကားလုံးတွေ သူမလည်ချောင်းဝနားကို ရောက်ချိန်မှာ ပြန်မျိုချလိုက်ပြီး တစ်ဖက်ကို မျက်နှာလှည့်ကာ အိမ်တံခါးပေါ်က ပန်းကနုတ်တွေကို ဒီတိုင်း ငေးကြည့်နေလိုက်သည်။ စိတ်မပါဘူး ဆိုတာကို သိသာစေတဲ့ ၊ တင်းမာတဲ့ ပုံစံမျိုး။

ဘေးအိမ်က ခွေးက သူမတို့ကို လှမ်းဟောင်နေကာ လရောင်က တိမ်တွေနောက်မှာ ပုန်းကွယ်နေသလို ညကောင်းကင်ကလည်း မည်းမှောင်နေခဲ့သည်။ အလင်းရောင်က သူတို့ နှစ်ယောက်ရဲ့ တဖျတ်ဖျတ် လှုပ်ရှားနေသော အရိပ်တွေကို တံခါးပေါ်မှာ ထင်ဟပ်စေကာ အတော်လေး ကြာရှည်သော ခံစားချက် တစ်မျိုးကို ခံစားရစေ၏။

ချန်ကျင်းလန်ရဲ့ မျက်တောင်တွေက မသိမသာ လှုပ်ခတ်သွားကာ မျက်လုံးမှိတ်ထားခဲ့သော်လည်း စက္ကန့်ပိုင်းလောက် အကြာမှာ ပြန်ဖွင့်ကြည့်လိုက်၏။ သူမမျက်လုံးထဲက အမျိုးအမည် တပ်ရခက်သော ခံစားချက်တွေ ပျောက်ကွယ်ကာ စိတ်မရှည်မှုတွေက ဝင်နေရာယူသွားသည်။ “ အခုထိ မသက်သာနိုင်သေးဘူးလား။ ဘယ်လောက်တောင် နာသွားတာမို့လို့လဲ။ ”

ရှောက်ချန်းကျယ်က သူမအား ထိုနာကျင်မှုက ဘယ်လို နာကျင်မှုမျိုးလဲ ဆိုတာ ပြောမပြချင်ပေ။ သူ ဖြူဖတ်ဖြူရော် ဖြစ်နေတဲ့ မျက်နှာဖြင့် သူမကို ကြည့်လိုက်၏။

သူ့မျက်လုံးထဲက သနားစရာ အကြည့်က ချန်လီချီလေး မတော်တဆ ထိခိုက်သွားချိန်မှာ နှစ်သိမ့်ပေးခံချင်နေတဲ့ အမူအရာအတိုင်း တစ်ထပ်တည်း။

ချန်ကျင်းလန်သည် ထိုညမှာ အိပ်မက် မမက်သင့်တဲ့ လူ တစ်ယောက်အကြောင်းကို အိပ်မက် မက်ပြီး အလွန် စိတ်မသက်မသာဖြစ်စွာ အိပ်ခဲ့ရသည်။ အိပ်ရာနိုးတော့ သူမရဲ့ ခန္ဓာကိုယ် တစ်ခုလုံး ချွေးစီးတွေဖြင့် စိုရွဲနေ၏။ စောင်ကို ခွာချကာ မျက်နှာကျက်ကို ခဏလောက် ငေးကြည့်နေပြီးမှ သူမရဲ့ သူငယ်ချင်း ပြောတဲ့ စကားတွေရဲ့ လွှမ်းမိုးမှုကြောင့် ဒီအိပ်မက်ကို မက်တာဟု ခံစားရသည်။ ဒီအိပ်မက်က ဘယ်သူ ၊ ဘယ်အရာနှင့်မှ မပတ်သက်။

အိပ်ရာထဲက ထွက်ပြီး ရေချိုးခန်းထဲ ဝင်ကာ ရေ အေးအေးဖြင့် ခန္ဓာကိုယ်ပေါ်က ချွေးတွေကို ရေဆေးချလိုက်သော်လည်း သူမရဲ့ နှလုံးသားထဲမှာ မငြိမ်မသက် လှုပ်ခါနေတဲ့ ခံစားချက်တွေကိုတော့ ရေဆေးမချနိုင်ခဲ့ပေ။ ထိုခံစားချက်က သူမရဲ့ စိုစွတ်နေသော လည်ပင်းကို မှန်ထဲမှာ မြင်ချိန်တွင် ပိုအားကောင်းလာခဲ့သည်။

***

All Chapters