← Chapters

အခန်း ၃၅

Vol. 4 Ch. 35

အခန်း ၃၅

Vol. 4 Ch. 35

အပိုင်း ( ၃၅ )

အိပ်ရာထဲကနေ ဒယိမ်းဒယိုင် ထွက်လာသော ချန်လီချီသည် အမေဖြစ်သူ ဝင်လာတာကို မြင်တော့ လက် နှစ်ဖင်လုံးကို ဆန့်တန်း၍ သူမအား ချီခိုင်းလိုက်သည်။

ချန်ကျင်းလန်က ခုတင် ခေါင်းရင်းမှာ ထိုင်ပြီး သူမလေးကို ပေါင်းပေါ် တင်ကာ ပါး ဖောင်းဖောင်းလေးတွေကို ဆွဲလိမ်လိုက်၏။ “ ပျော်ရွှင်စရာ ပိတ်ရက်ပါ လီချီလေ။ ”

ချန်လီချီက အမေဖြစ်သူရဲ့ လည်ပင်းကို ပွေ့ဖက်ရင်း မျက်လုံးလေးတွေက လခြမ်းကွေးလေးတွေ ဖြစ်သွားတဲ့အထိ ပြုံးနေခဲ့သည်။ “ မေမေက သမီးရဲ့ အကောင်းဆုံး သူငယ်ချင်းပဲ။ ပိတ်ရက်ထဲတွေမှာ ဒီနေ့က ပျော်စရာအကောင်းဆုံးပဲ။ ”

ချန်ကျင်းလန်က သူမရဲ့ နဖူးလေးကို ပုတ်လိုက်သည်။ “ အိပ်ရာထဖို့ အချိန်ရောက်ပြီ ၊ ဧည့်ခန်းထဲမှာ သမီး‌အတွက် လက်ဆောင်တွေ အပြည့်ပဲ။ သမီး လာဖောက်မှာကို စောင့်နေတာ။ ”

ချန်လီချီသည် ပျင်းရိနေတဲ့ ဝက်ပေါက်စလေး တစ်ကောင်လိုပင် အိပ်ရာနိုး,နိုးချင်း အမေဖြစ်သူရဲ့ ရင်ခွင်ထဲကို တိုးဝှေ့ကာ မေမေ့လည်ပင်းနှင့် သူမမျက်နှာကို ပွတ်သပ်ရင်း ချွဲချွဲနွဲ့နွဲ့လေး နေရတာကို သဘောကျသည်။ လက်ဆောင်တွေကတောင် သူမအား မေမေ့ရင်ခွင်ကို စွန့်ခွာသွားအောင် မလုပ်နိုင်ပေ။

ချန်လီချီလေးက မေမေ့ကို နှာခေါင်းဖြင့် ပွတ်သီးပွတ်သပ် လုပ်ရင်း တစ်ခုခု မူမမှန်တာကို ရုတ်တရက် သတိထားမိသွားသည်။ “ မေမေ ၊ မေမေ့လည်ပင်းမှာ အနီကွက်တွေ အများကြီး ရှိနေတယ်နော်။ ”

ချန်ကျင်းလန်သည် သူမလေးရဲ့ နဖူးပေါ်မှာ လျော့ရဲကျနေသော ဆံနွယ်လေးတွေကို သပ်တင်ပေးပြီး အခန်းအပြင်သို့ ပွေ့ချီလာခဲ့လိုက်၏။ “ နွေရာသီ ရောက်ပြီ ဆိုတော့ ခြင်တွေလည်း ထွက်လာပြီလေ။ မေမေ ခြင်ကိုက်ခံလိုက်ရတာပါ။ ”

အမေဖြစ်သူ နာကျင်နေမှာကို စိုးရိမ်သွားသော ချန်လီချီက ထိုအနီမှတ်လေးတွေကို အနာသက်သာသွားအောင် ပါးစပ်နှင့် တဖူးဖူး မှုတ်ပေးနေပါသည်။ “ သမီး ခြင်တွေကို သဘောမကျဘူး မေမေ။ ”

ချန်ကျင်းလန်က “ မေမေလည်း ခြင်တွေကို သဘောမကျဘူး ” ဟု ပြန်ပြောလိုက်သည်။

“ နောက်တစ်ခေါက် ခြင်တွေ ထွက်လာရင် မေမေ့အတွက် သမီး သူတို့ကို ကူရှင်းပေးမယ်။ မေမေ့ကို ကိုက်ခွင့်မပေးဘူး။ ”

ချန်ကျင်းလန် ရယ်မောလိုက်သည်။ “ မေမေ့လီချီလေးက တကယ် အရွယ်ရောက်လာပြီပဲ။ မေမေ့ကိုတောင် ကာကွယ်ပေးနိုင်နေပြီ။ ”

ချန်လီချီ ခေါင်းညိတ်ပြလိုက်သည်။ “ ဟုတ်တယ် ၊ ဆမမေက သမီးကို ကာကွယ်ပေးတယ် ဆိုတော့ သမီးကလည်း မေမေ့ကို ပြန်ကာကွယ်ပေးရမယ်လေ။ ” သူမရဲ့ စကားဆုံးသွားသည်နှင့် ဧည့်ခန်းထဲမှာ စုပုံနေသော လက်ဆောင်ဘူးတွေကို မြင်သွားလျှင် မျက်လုံးတွေ လက်ခနဲ တောက်ပသွားလေသည်။ “ ဝါး ၊ ဒီလက်ဆောင်တွေ အကုန်လုံးက သမီးအတွက်လား မေမေ။ ”

“ အင်း ၊ အကုန်လုံး သမီးအတွက်ပဲ။ ” ချန်ကျင်းလန်က ဘယ်လက်ဆောင်ကိုတော့ ဘယ်သူ ပေးထားတာ ဖြစ်ကြောင်း တစ်ခုချင်း ပြောပြလိုက်သည်။ “ ဒီပန်းရောင် လက်ဆောင်ဘူးလေးကိုတော့ သမီးအဖေ ပေးထားတာ။ ”

ချန်လီချီ ပျော်သွား၏။ သူမအမေအား သူမကို အောက်ချခိုင်းပြီး လက်ဆောင်ဘူးတွေ အလယ်မှာ ထိုင်လိုက်သည်။ မေမေက သူမအတွက် လက်ဆောင်ဘူး တစ်ဘူးကို ဖွင့်ပေးတိုင်း သူမပါးစပ်မှ တဝိုးဝိုး တဝါးဝါး အသံလေးတွေ ထွက်လာသည်။ ဖေဖေ ပို့ပေးထားသော လက်ဆောင်ဘူးကို ဖွင့်လိုက်ချိန်မှာတော့ သူမရဲ့ အာမေဋိတ်သံက ပိုလို့တောင် ကျယ်လောင်သွားခဲ့လေသည်။

“ ဒီမှာ ကြည့်ပါဦး မေမေ။ မင်းသမီး သရဖူလေး … ။ သမီး နတ်သမီးပုံပြင်စာအုပ်ထဲမှာ မြင်ခဲ့တဲ့ သရဖူနဲ့ တစ်ပုံစံတည်းပဲ။ သရဖူပေါ်က ပန်းရောင် စိန်လေးတွေကလည်း တောက်ပနေလိုက်တာ ကြည့်ပါဦး ၊ အရမ်း လှတာပဲ။ မေမေ သမီးကို သရဖူ ကူဆောင်းပေးပါလားဟင်။ ”

ချန်ကျင်းလန်က သမီးဖြစ်သူရဲ့ ခေါင်းပေါ်မှာ သရဖူလေး ဆောင်းပေးလိုက်ပြီး မှန်လေး ယူကာ ပြလိုက်၏။

ချန်လီချီသည် သူမကိုယ်သူမ မှန်ထဲမှာ ကြည့်လေ ၊ ပိုလှလာလေဟု ခံစားမိသည်။ “ ဒီသရဖူလေးကို စင်ပေါ်မှာ ဖျော်ဖြေနေတဲ့ အချိန်မှာ သမီး ဆောင်းထားလို့ ရလားဟင် မေမေ။ ”

“ ရတာပေါ့။ ခဏနေရင် မေမေ သမီးဆံပင်ကို မင်းသမီးလေး တစ်ပါးလို ဖြစ်သွားအောင် ပြင်ပေးမယ်။ ဆံပင်ပြင်ပြီးသွားရင် သမီး သရဖူဆောင်းလို့ ရပြီ။ အခုထက်တောင် ပိုလှသွားမှာ သေချာသေးတယ်။ ”

ချန်လီချီက မတ်တပ်ရပ်ပြီး အမေဖြစ်သူရဲ့ မေးစေ့လေးကို နှစ်ကြိမ်တိတိ ဖျတ်ခနဲ နမ်းလိုက်သည်။ “ အဲ့ဒါကြောင့် သမီးက မေမေ့ကို အချစ်ဆုံး ဖြစ်နေတာ။ ”

မင်းသမီး သရဖူလေးအပြင် ပန်းရောင် ဘူးထဲမှာ နောက်ထပ် ဘူး သေးသေးလေး တစ်ဘူးလည်း ရှိသေးသည်။ ချန်လီချီက ထိုဘူးကို အမြင်မှာ မျက်လုံးလေးတွေ အရောင်ပိုတောက်သွားခဲ့သည်။ “ မေမေ ၊ ဒါက မေမေ့အတွက် ဖေဖေ ထည့်ပေးလိုက်တဲ့ လက်ဆောင်ပဲ။ ”

ဘူးပေါ်မှာ “ မေမေ့အတွက် ” ဟု ရေးထားသည်။ ပြီးတော့ မေမေက သူမရဲ့ အခင်ဆုံး သူငယ်ချင်းမို့ မေမေလည်း လက်ဆောင်ရသင့်ပါသည်။

ချန်လီချီက ထိုဘူးလေးကို ဖွင့်ကြည့်ချင်နေပေမဲ့ ချန်ကျင်းလန်က သူမကို တားလိုက်သည်။ “ ဒီလောက်ဆို ရပါပြီကွယ်။ ဒီလက်ဆောင်ကို မေမေတို့ ခဏနေမှ ကြည့်ကြမယ်နော်။ သမီး အခု သွားပြီး မျက်နှာသစ် ၊ ‌သွားတိုက် ၊ ရေမိုးချိုးတော့။ မဟုတ်ရင် မင်းသမီးလေးနဲ့ တူအောင် ဆံပင်ပြင်ဖို့ အချိန်လောက်မှာ မဟုတ်ဘူး။ ”

အား … ။ ချန်လီချီလေးက ချက်ချင်းပဲ ထပြီး ရေချိုးခန်းထဲကို ပြေးဝင်သွားသည်။ သူမ မင်းသမီးလေး တစ်ပါးလို ဆံပင်ပုံစံမျိုး လိုချင်သည်လေ။

ချန်ကျင်းလန်က စုတ်ဖြဲထားတဲ့ လက်ဆောင်ဘူးတွေ အကုန်လုံးကို စုပြီး အမှိုက်ပုံးထဲ ပစ်လိုက်သည်။ ထို့နောက် လက်ဆောင်တွေ အကုန်လုံးကို ချန်လီချီရဲ့ အခန်းလေးထဲမှာ သီးခြား သိမ်းထားလိုက်သည်။ ရှောက်ချန်းကျယ် သူမအတွက် ပေးထားတဲ့ ဘူးလေးကိုတော့ သူမတို့ နောက်တစ်ခေါက် ထပ်တွေ့ချိန်မှာ သူ့ကို ပြန်ပေးဖို့ အိတ်ထဲ ထည့်သိမ်းထားလိုက်၏။ သူမကို ထပ်အခွင့်ကောင်းယူမှာ စိုး၍ သူ့ဆီက ဘယ်လက်ဆောင်ကိုမှ သူမ လက်မခံနိုင်ပါ။

ရှန်းစီဝမ်က ရှောက်ချန်းကျယ်ကို မနက်စောစောမှာ အရင်ဆုံး ဖုန်းဆက်လိုက်သော်လည်း ဘယ်သူမှ ဖုန်းမကိုင်ပေ။ ထို့ကြောင့် သူမ တခြား ဖုန်းနံပါတ် တစ်ခုကို ဖုန်းဆက်လိုက်လျှင် ဒီတစ်ခေါက်တော့ ချက်ချင်း ဖုန်းကိုင်လေသည်။

“ ဟဲ့ ၊ နင် ဒီနေ့ မူကြို သွားမှာလား။ ရှန်းချူချီနဲ့ လီချီလေးက စုံတွဲ စန္ဒရားတီးမယ်တဲ့။ ”

“ အရေးမကြီးရင် ဒီဖုန်းနံပါတ်ကို မဆက်နဲ့လို့ ငါ နင့်ကို ပြောထားတယ် မဟုတ်ဘူးလား။ ” ရှောက်ချန်းကျယ်ရဲ့ အသံက အခုမှ အိပ်ရာနိုးလာသလို ကြမ်းရှနေသည်။

ရှန်းစီဝမ် အံ့ဩသွားသည်။ “ ဒီနေ့ ဇွန် ( ၁ ) ရက်နေ့။ အနောက်အရပ်က နေထွက်လာပြီ ထင်တယ်။ အမြဲတမ်း အလုပ်ရှုပ်နေတဲ့ ငါတို့ဘော့စ်ရှောက်မှာ တကယ်ကြီး အိပ်ဖို့ အချိန်ရှိသေးတယ်လား။ နင် မကောင်းဖြစ်နေတာလား ၊ ဘာလား။ ”

“ ငါ အိပ်ရာထ နောက်ကျနေတာ။ အဲ့ဒါပဲ။ ”

“ အင်းပေါ့ ၊ ဘော့စ် ဖြစ်ရတဲ့ အခွင့်အရေးက နင် အိပ်ချင်တဲ့ အချိန် အိပ်လို့ ရတယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ။ နင် မူကြိုသွားမှာလား။ နင် သွားရင် ငါ့သား စန္ဒရားတီးတာကို ဗီဒီယိုရိုက်ပေးထားပါလား။ ” ရှန်းစီဝမ်က ရိုက်ကွင်းမှာ ရောက်နေတာမို့ လာလို့ မရ။

“ ငါ့မှာလည်း အစည်းအဝေး ရှိတယ်။ သွားလို့ မရဘူး။ ”

ရှန်းစီဝမ် ကျွတ်ခနဲ စုပ်သတ်လိုက်သည်။ “ အစည်းအဝေးက နင့်သမီး စန္ဒရားတီးတာကို ကြည့်တာလောက် အရေးမကြီးပါဘူး။ ” သူမ ထပ်ပြောဖို့ ပါးစပ်ပြင်နေစဉ်မှာပဲ အစည်းအဝေး ရှိတယ် ဆိုတဲ့ အကြောင်းပြချက်က လိမ်နေတာ ဖြစ်ကြောင်း ရုတ်တရက် နားလည်သွားသည်။ “ မိန်းကလေးချန်က နင့်ကို မလာစေချင်လို့ မဟုတ်လား။ ”

တစ်ခုတည်းသော တုံ့ပြန်မှုကတော့ ကြင်နာမှုမရှိစွာ ဖုန်းချသွားတဲ့ တတူတူ မြည်သံကို သူမ ကြားလိုက်ရတာ ဖြစ်သည်။ ပြီးတော့ ပိုလို့တောင် ကြင်နာမှုမရှိတာကတော့ သူမအထင် မှန်ကန်ကြောင်း သိလိုက်ရတာပင်။

ရှောက်ချန်းကျယ်က သူ့မျက်လုံးကို လက်နှင့် အုပ်လိုက်သည်။

သူ မက်လက်စ အိပ်မက်က ရှေ့ဆက်စရာမရှိတော့မှန်း နားလည်သွားသောကြောင့် အိပ်ရာပေါ်မှ ထပြီး ရေအေးအေးနှင့် ရေသွားချိုးလိုက်သည်။

သူ ရေချိုးခန်းထဲမှ ထွက်လာသောအခါ အိပ်ရာဘေးစားပွဲပေါ်မှာ တင်ထားတဲ့ သူ့ဖုန်းက မြည်နေသည်။ ဖုန်းဆက်တာတော့ မဟုတ် ၊ ဗီဒီယိုကောလ်။ ရှောက်ချန်းကျယ်က တဘက်ကို ဘေးချပြီး ဖုန်းကိုင်လိုက်၏။

ဖုန်း မျက်နှာပြင်ပေါ်မှာ ပုံရိပ်လေး တစ်ခု ပေါ်လာခဲ့သည်။ “ သမီးရဲ့ မင်းသမီး သရဖူလေးကို ကြည့်လိုက်ပါဦး ဖေဖေ။ လှတယ်မို့လားဟင်။ ”

ရှောက်ချန်းကျယ်ရဲ့ မျက်လုံးတွေ နူးညံ့သွားသည်။ “ အရမ်း လှတယ်။ ဖေဖေ့လီချီလေးက နဂိုကတည်းက လှပြီးသားမို့လို့ သရဖူလေးပါ လှသွားတာ။ ”

ချန်လီချီက ပျော်ရွှင်စွာ တခစ်ခစ် ‌ရယ်မောလိုက်သည်။ “ ဖေဖေ ဒီနေ့ သမီး မူကြိုမှာ စန္ဒရားတီးတာကို လာကြည့်လို့ မရဘူးမို့လားဟင်။ မေမေ ပြောတာတော့ ဖေဖေ အလုပ်ရှုပ်နေတယ်တဲ့။ ”

“ ဟုတ်တယ် ၊ ဖေဖေ သမီးကို တောင်းပန်တယ်နော်။ အလုပ်ရှုပ်နေလို့ သမီး စန္ဒရားတီးတာကို လာကြည့်လို့ မရဘူး။ ”

“ ရပါတယ် ဖေဖေရဲ့ ၊ အလုပ်ကလည်း အရေးကြီးတာပဲ။ မေမေ့ကို ဗီဒီယိုရိုက်ခိုင်းပြီး ဖေဖေ့ကို ပြန်ပို့ခိုင်းလိုက်ပါ့မယ်။ အဲ့လိုဆိုလည်း ဖေဖေ ကြည့်လို့ ရပါသေးတယ်။ ”

ရှောက်ချန်းကျယ်ရဲ့ အသံက နူးနူးညံ့ညံ့။ “ နားလည်ပေးလို့ ကျေးဇူးပါ လီချီလေးရယ်။ ”

“ ဖေဖေ လက်ဆောင်ပို့လိုက်လို့ ကျေးဇူးတင်စကားပြောချင်တာနဲ့ သမီး ဖုန်းဆက်လိုက်တာရယ်။ ဖေဖေ့လက်ဆောင်ကို သမီး အရမ်း ကြိုက်တယ်။ ”

“ နောက်ပိုင်းကျ လီချီလေး လိုချင်တဲ့ ၊ သဘောကျတဲ့ ဘယ်ပစ္စည်းကိုမဆို ဖေဖေ့ကို ပြောပြလို့ ရတယ်နော်။ ဖေဖေ သမီးအတွက် အကုန် ဝယ်ပေးမယ်။ ”

“ အင်း … ” ချန်လီချီက သူမ လိုချင်တဲ့ ပစ္စည်းကို စဉ်းစားနေပုံပေါ်သည်။ “ ဒါဆို ဖေဖေ သမီးအတွက် ဟိုဟာ ဝယ်ပေးနိုင်မလား။ ”

“ ဘာလဲ။ ”

ချန်လီချီက လက်ပေါ် မေးတင်ရင်း အသည်းအသန် စဉ်းစားလိုက်ရသည်။ အဲ့ဒါကို ဘယ်လို ခေါ်တာပါလိမ့်။ အိုး ၊ ဟုတ်တယ်။ ချန်လီချီသည် ဖျတ်ခနဲ မှတ်မိသွား‌သဖြင့် လက်ခုပ်တီးလိုက်သည်။ “ လျှပ်စပ် ခြင်ရိုက်ဘတ်တံ။ မေမေ့လည်ပင်းကို ခြင်တွေ ကိုက်သွားတာ အနီကွက်လေးတွေ အများကြီး ကျန်ခဲ့တယ် ဖေဖေ။ အဘွားချူ ပြောတာတော့ လျှပ်စစ် ခြင်ရိုက်ဘတ်တံက ခြင်တွေကို နှိမ်နှင်းနိုင်တယ်တဲ့။ သမီးကို ခြင်ရိုက်ဘတ်တံ တစ်ချောင်းလောက် ဝယ်ပေးပါလား ဖေဖေ။ နောက်တစ်ခါ ခြင်တွေ ထပ်ရောက်လာရင် မေမေ့ကို မကိုက်နိုင်အောင်လို့ သမီး တစ်ကောင်မကျန် ရှင်းပစ်လိုက်မယ်။ ”

ရှောက်ချန်းကျယ် : ……

.......

အခမ်းအနားရဲ့ နောက်ဆုံး ဇာတ်ရှိန် အမြင့်ဆုံး ဖျော်ဖြေမှု ဖြစ်သော ချန်လီချီနှင့် ရှန်းချူချီတို့ရဲ့ စုံတွဲ စန္ဒရားဖျော်ဖြေမှုသည် လက်ခုပ်သံ သောင်းသောင်းဖျဖျကို လက်ခံရရှိခဲ့သည်။ ချန်လီချီက ပရိသတ်တွေကို ကျေးဇူးတင်စကား ပြောပြီးသည်နှင့် ရှန်းချူချီရဲ့ လက်ကို ဆွဲကာ ဂုဏ်ယူဝံ့ကြွားနေသည့် မင်းသမီးလေး တစ်ပါးကဲ့သို့ စင်မြင့်ပေါ်က ဆင်းသွားလိုက်၏။ သူမ စင်နောက်ဘက်ကို ရောက်သည်နှင့် ဂုဏ်ယူဝံ့ကြွားနေတဲ့ မင်းသမီးလေးဟာ တက်ကြွဖျတ်လတ်တဲ့ ကောင်မလေး တစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။ ချန်လီချီသည် စကတ်လေးကို မြှောက်ကာ မြှောက်ကာဖြင့် အမေဖြစ်သူဆီ ပြေးသွားပြီး လည်ပင်းကို ပွေ့ဖက်၍ ချီးကျူးမှုကို တောင်းခံလိုက်၏။ “ သမီးတို့ စန္ဒရားတီးတာ တော်လားဟင် မေမေ။ ”

ချန်ကျင်းလန်က သမီးဖြစ်သူကို ချီးကျူးဖို့ ဘယ်တော့မှ မတွန့်တိုတတ်ပါ။ “ ရိုးရိုး တော်တာ မဟုတ်ဘူး ၊ အရမ်းကို တော်တာ။ မေမေတို့ရဲ့ လီချီလေးနဲ့ ချူချီလေးက တကယ့်ကို တော်လိုက်တာ။ တော်ပြီးရင်း ပို,ပိုတော်လာတယ်။ ”

ရှန်းချူချီက ချန်လီချီရဲ့ အမေ ပြောသော ချီးကျူးစကားတွေကြောင့် အနည်းငယ် ရှက်ရွံ့သွားသည်။ သူ ခေါင်းလေးကို ကုတ်ပြီး ပြောလိုက်၏။ “ သား ကြိုးကြိုးစားစား လေ့ကျင့်ဖို့ လိုပါသေးတယ်ခင်ဗျာ။ သား ဦးလေးရှောက်လိုမျိုး စန္ဒရားတီး ကျွမ်းကျင်သွားမှ ကိုယ့်ကိုယ်ကိုယ် စိတ်ကျေနပ်နိုင်မှာပါ။ ”

ချန်လီချီက ဦးလေးရှောက် စန္ဒရားတီးပြတာ နားထောင်ရတာကို သဘောကျတာမို့ သူလည်း ဦးလေးရှောက်လို အနုပညာမြောက်စွာ ကျွမ်းကျွမ်းကျင်ကျင် တီးနိုင်အောင် ၊ သို့မဟုတ် ဦးလေးရှောက်ထက်ပင် ပိုကျွမ်းကျင်အောင် လေ့ကျင့်ရပါမည်။

ချန်လီချီက ရှန်းချူချီကို “ ငါတို့ အတူတူ ကြိုးစားကြမယ်နော် ချူချီလေး။ ဖေဖေ ပြောတာတော့ ငါတို့ နေ့တိုင်း လေ့ကျင့်သွားရင် အမြန်ဆုံး သူ့လို တော်လာလိမ့်မယ်တဲ့။ ”

အနက်ရောင် အနောက်တိုင်း ဝတ်စုံလေးကို ဖဲပြားပုံ လည်စည်း အမည်းလေးဖြင့် တွဲဖက် ဝတ်ဆင်ကာ ဆံပင်တွေကိုတော့ အပြောင်သိမ်း၍ ဖွဖွဖောင်းဖောင်းလေး သပ်တင်ထားသည်။ ရှန်းချူချီဟာ လူကြီးလူကောင်း မင်းသားလေး တစ်ပါးနှင့် တူနေလေသည်။ သူက ရယ်ချင်စိတ်တွေ ပြည့်နေသော မျက်လုံးများဖြင့် ချန်လီချီကို ကြည့်လိုက်၏။ “ အိုကေ ၊ ငါတို့ အတူတူ ကြိုးစားကြမယ်။ ”

အစတုန်းကတော့ နေ့တိုင်း စန္ဒရားတီး လေ့ကျင့်ရတာက ပျင်းစရာကောင်းသည်ဟု ထင်ထားခဲ့သော်လည်း ချန်လီချီသာ သူနှင့်အတူ ကြိုးကြိုးစားစား လေ့ကျင့်မည် ဆိုလျှင် ပင်ပန်းမည့်ပုံမပေါ်ပေ။

ကလေး နှစ်ယောက်ကြားက စကားဝိုင်းကို ချန်ကျင်းလန် ကြားတော့ တစ်ယောက်တည်း ကျိတ်ရယ်လိုက်သည်။

ချန်လီချီက တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွား၏။ “ ဖေဖေက သူလည်း စန္ဒရား ကောင်းကောင်း တီးတတ်တယ်လို့ ပြောတယ် မေမေ။ ဖေဖေ အရင်တုန်းက စန္ဒရားတီးတာကို သမီး တစ်ခါမှ မကြားဖူးဘူး။ မေမေရော ကြားဖူးလားဟင်။ ”

ချန်ကျင်းလန်ရဲ့ မျက်နှာက မည်းမှောင်သွားသည်။ Concealer နှစ်ထပ်ဖြင့် ခဲရာခဲဆစ် မနည်း ဖုံးထားရတဲ့ လည်ပင်းပေါ်က အနီကွက်လေးတွေက နောက်တစ်ခေါက် ပြန်ယားလာသလို ခံစားလိုက်ရသည်။

ချန်လီချီက အမေဖြစ်သူရဲ့ နားရွက်ကို သေချာ ကြည့်လိုက်သည်။ “ မေမေ ၊ မေမေ့နားရွက်က ရုတ်တရက်ကြီး ရဲလာပြီ။ ခုနတုန်းက နှင်းလို ဖြူစွတ်နေပေမဲ့ အခုကျ ချက်ချင်းကြီး ရဲတက်လာတယ်။ မျက်လှည့်ပြသလိုပဲ အံ့ဩစရာကောင်းလိုက်တာ။ ”

ချန်ကျင်းလန်ရဲ့ နားရွက်တွေ ရဲနေရုံသာမက သူမလည်ပင်း တစ်လျှောက်လည်း အနီရောင်လွှမ်းနေခဲ့သည်။

ချန်ကျင်းလန်သည် ခဏကြာတော့မှ တွန့်ဆုတ်စွာဖြင့် အကြောင်းပြချက် ပေးလိုက်ရသည်။ “ ဒီမှာ အရမ်း ပူတာပဲ။ အဘိုးကို မြန်မြန် သွားရှာကြမယ်နော်။ သမီးအဘိုးလည်း ဒီကို လာတယ်။ ”

“ အဘိုး အလုပ်ပြီးသွားပြီလား။ ” ချန်လီချီ ပျော်သွားသည်။ အဘိုး မလာဘူးလို့ သူမ ထင်ထားခဲ့တာပင်။ ဥက္ကဌ တစ်ယောက် ဖြစ်သော ချန်ရှန်းဟယ်က အလုပ်တွေ အကုန်လုံးကို သူ့သား ချန်ကျင်းချွမ်ဆီ ပစ်ပေးခဲ့ကာ မြေးမလေးရဲ့ ဖျော်ဖြေမှုကို လာကြည့်တာ ဖြစ်သည်။

ချန်ကျင်းလန် ပြန်ပြောလိုက်သည်။ “ သမီးရဲ့ ဦးလေးက အဘိုးရဲ့ အလုပ်ကိစ္စတွေ အကုန်လုံးကို တာဝန်ယူပေးထားတော့ ဦးလေးက မလာနိုင်ပေမဲ့ အဘိုးကတော့ လာနိုင်တယ်။ ”

“ ဝါး ၊ ဒါဆို ဘိုးဘိုးနဲ့ ဘွားဘွားကို အမြန် သွားရှာကြမယ်လေ။ ” ချန်လီချီက ချက်ချင်း အာရုံပြောင်းသွားသည်။ အမေဖြစ်သူအား သူမကို ဆက်ချီမနေစေချင်တော့ဘဲ ရင်ခွင်ထဲမှ လျှောဆင်းကာ ရှန်းချူချီရဲ့ လက်ကို ဆွဲ၍ ပြေးထွက်လာခဲ့လိုက်သည်။ မေမေ့ကို သူမ မေးထားတဲ့ ‘ ဖေဖေ စန္ဒရားတီးတာကို မေမေ ကြားဖူးလား ’ ဆိုတဲ့ မေးခွန်းကိုတောင် သတိမရတော့။

ရှောက်ချန်းကျယ် စန္ဒရားတီးပြတာကို ချန်ကျင်းလန် တစ်ခါ ကြားဖူးပါသည်။

သူတို့ ချစ်သူတွေ ဖြစ်ပြီးတဲ့နောက် ပထမဆုံး မွေးနေ့မှာပေါ့ … ။

မူလအားဖြင့် မွေးနေ့ပွဲတွေနှင့် ပတ်သက်လို့ သူမမှာ အရမ်းကြီး စိတ်လှုပ်ရှားတာမျိုး ၊ ပျော်တာမျိုး မရှိပါ။ နှစ်တိုင်း မွေးနေ့ပွဲ တစ်ကြိမ် ကျင်းပတာက လွဲလို့ ဘာမှ မထူးခြား။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ သူ လာမှာမို့ သူမ ခါတိုင်းထက် စိတ်လှုပ်ရှားနေမိသည်။ သူမတို့ နှစ်ယောက် နေတဲ့ နေရာတွေက တောင်နှင့် မြောက်မို့ တစ်ယောက်နှင့် တစ်ယောက် ခဏ ခဏ မတွေ့ရပေ။ သူတို့ နောက်ဆုံး တွေခဲ့တာ တစ်လ ပြည့်တော့မည် ဖြစ်ကာ မွေးနေ့ပွဲ တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ သူမ နေ့ရက်တွေကို လက်ချိုး ရေတွက်နေခဲ့မိသည်။

အစတုန်းကတော့ သူမ အဲ့ဒီလို လုပ်မိနေတယ် ဆိုတာတောင် ကိုယ့်ကိုယ်ကိုယ် သတိမပြုမိခဲ့ပေ။ ကျန်းမန်က ပြက္ခဒိန်ပေါ်မှာ သူမ ရေးခြစ်မှတ်သားထားတဲ့ အမှတ်အသားတွေကိူ မြင်သွားပြီး သူမမှာ ဒီနှစ် မွေးနေ့အတွက် အထူး အစီအစဉ်တွေ ဘာတွေ ရှိတာလားဟု လာမေးတော့မှ ကိုယ် ဘာလုပ်နေလဲ ဆိုတာ ကိုယ့်ဘာသာ သတိပြုမိသွားခဲ့လေသည်။ ကျန်းမန်ကလည်း အရင်တုန်းက သူမ အရေးကြီးတဲ့ နေ့ရက် တစ်ခု နီးကပ်လာသလိုမျိုး နေ့ရက်တွေကို မှတ်သားနေတာကို တစ်ခါမှ မမြင်ဖူးပါ။

အဲ့ဒီတော့မှ သူမလည်း သူမက မွေးနေ့ပွဲကို မျှော်လင့်နေတာ မဟုတ်ဘဲ သူမရဲ့ မွေးနေ့ပဲကို လာတက်ရောက်မည့် သူ့ကို မျှော်လင့်နေတာ ဖြစ်ကြောင်း နားလည်သွားသည်။

မွေးနေ့ပွဲ မတိုင်ခင် ညတုန်းက သူ သူမကို ဖုန်းလှမ်းဆက်ပြီး ကိစ္စလေး တစ်ခု ပေါ်လာ၍ မွေးနေ့ပွဲကို လူကိုယ်တိုင် တက်ရောက်ပေးနိုင်တော့မှာ မဟုတ်ဘဲ လက်ဆောင်သာ ပို့ပေးနိုင်တော့မည့်အကြောင်း ပြောခဲ့သည်။ ပါးစပ်ကသာ အဆင်ပြေပါတယ်လို့ ပြောခဲ့ပေမဲ့ စိတ်ထဲမှာတော့ နည်းနည်းလေး အလိုမကျ ဖြစ်မိသည်။ သူမမှာ လက်ဆောင်ပေးမယ့် လူတွေ ရှားနေတာ မဟုတ်ရပါ။

တကယ့် မွေးနေ့ပွဲ မနက်ကို ရောက်တော့ ချန်ကျင်းလန်သည် သူ ဖုန်းဆက်တာကို မကိုင်ဘဲ ‘ အတန်းတက်နေတယ် ’ ဟူ၍သာ မက်ဆေ့ခ်ျ ပြန်ပို့လိုက်၏။ သို့သော်လည်း သူမရဲ့ ဒေါသက တာရှည်မခံလိုက်ပါ။ ရှစ်ရမ် ၊ လီဖေးဖန် ၊ ကျန်းကျန်းနှင့် တခြား သူငယ်ချင်းတွေက သူမရဲ့ ကျောင်းကို ဆူဆူညံညံ ရောက်လာပြီး ကျန်းနန်ရဲ့ အထင်ကရ နေရာတွေကို သွားရောက်လည်ပတ်ချင်ကြောင်းနှင့် သူတို့ ကျန်းနန်မှာ ရောက်နေတုန်း သူမရဲ့ မွေးနေ့ကို ကျင်းပကြမည် ဖြစ်ကြောင်း ပြောခဲ့သည်။

သူငယ်ချင်းတွေ ရောက်လာပြီပဲ ၊ ဘယ်သူက ဟိုတစ်ယောက်ကို ဆက်သတိရနေဦးမှာလဲ ... ။

***

All Chapters