အခန်း ၃၆
Vol. 4 Ch. 36
အပိုင်း ( ၃၆ )
အဲ့ဒီနေ့မှာ သူမရဲ့ မွေးနေ့ပွဲကို အလွန် ပျော်ရွှင်စွာ ကျင်းပခဲ့သည်။ လီဖေးဖန်က ဘား တစ်ခုလုံးကို ဘိုကင်တင်ထားကာ ကလေးကတည်းက ခင်ခဲ့ရတဲ့ သူငယ်ချင်းတွေ ၊ ကောလိပ် အတန်းဖော်တွေ ၊ အကုန်လုံး လူစေ့ တက်ရောက်ခဲ့ကြသည်။ လီဖေးဖန်ရဲ့ စီစဉ်မှုအောက်မှာ မွေးနေ့ပွဲ အသက်ဝင်လာပြီးနောက်တွင် မွေးနေ့ရှင် ဖြစ်သော ချန်ကျင်းလန်သည် စင်မြင့်ပေါ်မှာ ကြွကြွရ္ရွရွလေး ရပ်နေခဲ့လေသည်။ သူမရဲ့ တရုတ်စကားပြော စွမ်းရည်က မကောင်းပေမဲ့ တရုတ် သီချင်းတွေကိုတော့ သဘောကျပြီး အဲ့ဒီ အချိန်တုန်းက အေဆွန်ချန်ရဲ့ “ အခြေအနေမရွေး ” ဆိုတဲ့ သီချင်းကို အလွန် သဘောကျနေခဲ့တာပင်။ အထူးသဖြင့် စန္ဒရားသံပါ ပေါင်းစပ်တွဲဖက်ထားတဲ့ ဗားရှင်းကို ပိုသဘောကျသည်။
စင်မြင့်ပေါ်မှာလည်း စန္ဒရား တစ်ခု ရှိနေတာမို့ ရမ်ရှစ်က သူမနှင့်အတူ တွဲဖကမ၍ စန္ဒရားတီးပေးခဲ့သည်။ သူက စန္ဒရားတီး ၊ သူမက သီချင်းဆို။ သီချင်း နောက်ဆုံး စာသားကို ရောက်ချိန်မှာ သူမရဲ့ ဖုန်းကလည်း တုန်ခါလာခဲ့သည်။ အစတုန်းကတော့ ချန်ကျင်းလန်က ဖုန်းမကိုင်ချင်ပေမဲ့ နောက်ဆုံး ဖုန်းမြည်သံ တိတ်မသွားခင်မှာ အချိန် ကွက်တိ ကိုင်လိုက်၏။ သူမ ဖုန်းကို ယူပြီး စင်မြင့်ပေါ်မှ ဆင်းလာခဲ့လိုက်သည်။
လီဖေးဖန်က သူမကို လှမ်းအော်ခေါ်နေသည်။ “ ဟေး ၊ နင် ဘယ်သွားတာလဲ ချန်ကျင်းလန်။ နင့်အသံနဲ့ ရှစ်ရမ်ရဲ့ စန္ဒရား လက်ရည်နဲ့ ပေါင်းလိုက်တော့ တကယ့်ကို အနုပညာမြောက်လွန်းတယ်။ သီချင်း တစ်ပုဒ်တည်းနဲ့ ငါတို့ နားထောင်ရတာ မဝဘူး။ ငါတို့ကို နောက်ထပ် တစ်ပုဒ် ထပ်ဆိုပြ။ ”
ချန်ကျင်းလန်က လှည့်မကြည့်ဘဲ ပြန်ပြောလိုက်သည်။ “ သခင်ကြီး ဖုန်းခေါ်နေလို့ပါ။ နင်တို့ အရင် သီချင်းဆိုနှင့်လိုက်နော်။ ”
“ မင်း အပြင်ရောက်နေတာလား။ ” ဖုန်းတစ်ဖက်က လူက မေးသည်။
ချန်ကျင်းလန်က တံခါးကို တွန်းဖွင့်ပြီး လမ်းဘက်ကို ထွက်လာခဲ့လိုက်၏။ တစ်နေ့တာရဲ့ မွန်းကျပ်မှုတွေ ကင်းစင်နေသော ညလေထုက လတ်ဆတ်အေးမြနေသည်။ သူမက လေကြောင့် ဖွာရာသွားသော ဆံပင်တွေကို သေသပ်အောင် လက်နှင့် ဖိသပ်လိုက်လေသည်။ သူမရဲ့ အသံမှာ ပျော်ရွှင်မှု အပြည့်။ “ အင်း ၊ ကျန်းကျန်းနဲ့ တခြား လူတွေလည်း အပြင်မှာ အတူတူ လျှောက်လည်မယ် ဆိုပြီး ရောက်လာကြတာ။ ”
ငါ့မွေးနေ့ကို နင် မလာလည်း တခြား လာမယ့် လူတွေ အများကြီးပဲ။ အဲ့ဒါကြောင့် ငါ ပျော်နေတုန်းပဲ။
“ ရှစ်ရမ်လည်း ဒီမှာ ရောက်နေတာလား။ ”
“ အင်း ၊ သူလည်း ဒီမှာ ရောက်နေတာ။ အရင်တုန်းကလည်း ငါ မွေးနေ့ဆို အမြဲတမ်း သူတို့တွေနဲ့ပဲ လုပ်တာ။ ”
ရှောက်ချန်းကျယ်ဘက်က အသံတိတ်သွားသည်။
သူ့ဘက်က ဘာမှ မပြောတော့ ချန်ကျင်းလန်သည်လည်း ဘာပြောရမှန်း မသိတော့ပေ။ ဘာမှလည်း ပြောစရာ မရှိဘဲနဲ့ သူမကို ဘာလို့ ဖုန်းဆက်လိုက်တာလဲ။ “ ဘာမှ မဟုတ်ဘူး ဆိုရင် ငါ ဖုန်းချလိုက်တော့မယ်။ သူတို့တွေ ငါ့ကို စောင့်နေကြတုန်းပဲ။ ”
ရှောက်ချန်းကျယ်က “ ကိုယ် မင်းရဲ့ အိမ်အောက်ထပ်မှာ ရောက်နေပြီ။ ” ဟု ပြောလိုက်သည်။
“ ဟမ်။ ”
“ ကိုယ် လာတယ်။ ”
“ အိုး … ” ချန်ကျင်းလန်က ကြမ်းပြင်ပေါ်က ကျောက်တုံး အလှဒီဇိုင်းလေးတွေကို သူမရဲ့ ရှုးဖိနပ်ဖြင့် ဟိုဟိုဒီဒီ ပွတ်တိုက်နေမိသည်။ “ ရှင် ပြောတော့ လာဖို့ မအားဘူးဆို။ ”
“ ကိုယ် အလုပ်တွေ အကုန်လုံး ပြီးတာနဲ့ ချက်ချင်း ပြေးလာခဲ့တာပါ။ ”
“ အိုး … ” ဒါဆို သူ ပြေးလာခဲ့ရတာပေါ့ … ။
“ မင်း အပြင်မှာ ဘယ်နှမိနစ်လောက် နေလို့ ရလဲ။ ”
“ နောက်ထပ် ခဏလောက်ပေါ့။ ”
ရှောက်ချန်းကျယ်က “ မင်း ဘယ်မှာလဲ။ ကိုယ် လာခဲ့မယ်လေ။ ” ဟု မေးတော့ ချန်ကျင်းလန်က “ အပင်ပန်းမခံပါနဲ့။ ” ဟု ချက်ချင်း ပြန်ငြင်းလိုက်သည်။
သူမရဲ့ ကောလိပ် အတန်းဖော်တွေက သဘောကောင်းသလို ရှစ်ရမ်နှင့် ကျန်းကျန်းလည်း နားလည်မှုရှိသည်။ သို့သော် ပါးစပ်ဖွာတတ်တဲ့ လီဖေးဖန် တစ်ယောက် ဒီမှာ ရှိနေတာမို့ သူ ရှောက်ချန်းကျယ်ကို မြင်သည်နှင့် တစ်ပြိုင်နက် ချန်ကျင်းချွမ်နှင့် သူမရဲ့ မိဘတွေလည်း သူမ ရည်းစားထားနေတယ် ဆိုတာကို တစ်စက္ကန့်အတွင်း သိသွားပါလိမ့်မည်။ ရည်းစားထားတယ် ဆိုတာက ပြဿနာကြီး မဟုတ်ဘဲ သူမရဲ့ ရည်းစားက ဘယ်သူလဲ ဆိုတဲ့ အချက်က ပြဿနာဖြစ်နေတာပါ။ ချန်ကျင်းချွမ်ရဲ့ နှိုက်နှိုက်ချွတ်ချွတ် မေးတဲ့ မေးခွန်းတွေအောက်မှာ သူ့သရုပ်မှန်ကို ဖုံးကွယ်ထားနိုင်မှာ မဟုတ်ပေ။
“ နင် ပြေးလာခဲ့ရတာ ဆိုတော့ ပင်ပန်းနေမှာပဲ။ ဆက်ပြီး အပင်ပန်းခံမနေပါနဲ့တော့။ အရင်ဆုံး အပေါ်ထပ် အရင် တက်နှင့်လိုက်နော်။ ငါလည်း ခဏနေ ပြန်လာခဲ့မယ်။ ”
သူမ အဲ့လောက် အချိန် ခဏလေးအတွင်း ပြန်လာမှာ မဟုတ်ပါ။ သူငယ်ချင်းတွေ အကုန်လုံး ရှိနေတဲ့ဥစ္စာ ၊ သူ မလာနိုင်တာလေး တစ်ခုတည်းနဲ့ သူမရဲ့ အစီအစဉ်တွေကို ဘာလို့ ပြောင်းလဲပစ်ရမှာလဲ။
သူမ ကိုယ့်ကိုယ်ကိုယ် ကလေးဆန်နေမိတယ် ၊ ပြီးတော့ ကလေးဆန်စွာ စွန့်စား၍ အကြောင်းမဲ့သက်သက် စွန့်စားကာ “ သူ ထမင်းစားပြီးပြီလား ” လို့ မေးရင် ကောင်းမလားဟု ဖုန်းကို အချိန်နှင့်အမျှ ခိုးကြည့်နေမိသော်လည်း သူက အရွယ်ရောက်ပြီးသား လူ တစ်ယောက်မို့ သူ ဗိုက်ဆာနေလည်း ကိုယ့်ဘာသာ တစ်ခုခု စားမှာပေါ့ဟု အတွေးထပ်ဝင်လာမိသည်။
ဆယ့်တစ်နာရီထိုးတော့ မက်ဆေ့ခ်ျ တစ်စောင် ထပ်ဝင်လာသည်။ [ ပြန်လာခဲ့ပါ။ အနည်းဆုံးတော့ ကိုယ့်ကို မင်းရဲ့ မွေးနေ့လေးကို မင်းနဲ့ သေချာလေး ကျင်းပခွင့်ပေးပါ။ ]
သူ့စကားများကြောင့် ချန်ကျင်းလန်သည် တစ်ညလုံး အပြင်မှာ နေဖို့ စီစဉ်နေသည့် လီဖေးဖန်ရဲ့ ရည်ရွယ်ချက်တွေကို တားဆီးလိုက်သည်။ ပထမဆုံးအနေဖြင့် သူမ ဘိုကင်ယူထားတဲ့ ဟိုတယ် တစ်ခုဆီ သူတို့ကို ပို့လိုက်ကာ ကျန်းမန်နှင့် တခြား လူတွေအား ကျောင်းသို့ ပြန်ပို့လိုက်သည်။ ဆယ့်နှစ်နာရီ ထိုးခါနီးတော့ ချန်ကျင်းလန် အိမ်ပြန်လာခဲ့လိုက်သည်။
သူမ တက္ကသိုလ်စတက်ရတည်းက ဖေးကျူးဟွေ့က အဆောင်နေကျောင်းသူဘဝမှာ သူမ အသားမကျနိုင်မှာကို စိုးရိမ်၍ တက္ကသိုလ်အနီးရှိ တိုက်ခန်း တစ်ခန်းကို ဝယ်ပေးခဲ့သည်။ သူမက တည်မြဲခြင်းကိုသာ သဘောကျပြီး အပြောင်းအလဲတွေကို သဘောမကျမှန်း ဖေးကျူးဟွေ့က သိပါသည်။ မသိရင် ဒီနေရာက သူမရဲ့ အိမ်လေးကို ရွေ့ပြောင်းလာသလိုပဲ။ တိုက်ခန်းထဲမှာ မီးဖွင့်ထားတဲ့ တစ်ခုတည်းသော မီးအလင်းရောင် ဆိုလို့ နံရံကပ် မီးအိမ်လေး တစ်ခုသာ ရှိကာ မီးရောင် မှိန်မှိန် ဖြာကျနေသည်။ ကော်ဖီစားပွဲပေါ်မှာတော့ ကိတ်မုန့်လေး တစ်ခု။ သူက ဆိုဖာကို မှီ၍ တစ်ရေးအိပ်နေခဲ့သည်။
ချန်ကျင်းလန်က သူ့နား ကပ်သွားပြီး သူ့ကို ငုံ့ကြည့်လိုက်၏။ သူမတို့ နှစ်ယောက် မတွေ့ရတာ တစ်လ ကြာခဲ့ပြီ ဖြစ်ကာ သူကလည်း ဝိတ် နည်းနည်း ကျသွားပြီး ပင်ပန်းနွမ်းနယ်နေပုံပေါ်သည်။ သူအိပ်ပျော်နေချိန်မှာတောင် မျက်မှောင်ကြုတ်ထား၏။
သူက အအိပ်ဆတ်တာမို့ လှုပ်ရှားသံ တိုးတိုးလေးကို ကြားလျှင်တောင် နိုးလာတတ်သည်။ သူမကို မြင်တော့ အပြည့်အဝ အိပ်ချင်စိတ်မပြယ်သေးခင်မှာပဲ သူ့မျက်လုံးတွေက ပြုံးနှင့်နေခဲ့ပါပြီ။ ထို့နောက် သူမကို သူ့ရင်ခွင်ထဲ ဆွဲဖက်လိုက်သည်။
ထိုအခိုက်အတန့်မှာ ချန်ကျင်းလန်ရဲ့ မကျေနပ်ချက်တွေ အကုန်လုံး အငွေ့ပျံ ပျောက်ကွယ်သွားသည်။ ဘာကို ဒေါသထွက်နေစရာ ရှိလို့လဲ။ ဘာပဲပြောပြော အဆုံးသတ်မှာ သူ ရောက်လာသေးတာပဲ မဟုတ်လား။
ထိုနေ့ကနေ နောက်တစ်နေ့ မကူးခင် နောက်ဆုံး မိနစ်မှာ သူက သူမနှင့်အတူ ဖယောင်းတိုင်တွေကို အတူတူ မှုတ်ခဲ့သည်။
ဆိုဖာပေါ်မှာ အတူတူ ထိုင်နေစဉ်မှာ သူက သူမရဲ့ ဆံနွယ်တွေကို ပွတ်သပ်ပေးရင်း မေးလာခဲ့သည်။ “ မင်းတို့ ဘာတွေ လုပ်နေကြတာလဲ။ ဖုန်းထဲမှာ ကြားရတာ အသံတွေ ဆူညံနေတာပဲ။ ”
“ တခြား ရှိဦးမလား။ လီဖေးဖန်က ဘား တစ်ခုလုံးကို ဘိုကင်တင်ထားတယ်လေ။ ကျွန်မတို့ ကိတ်မုန့် ခွဲပြီး စားတယ် ၊ ဂိမ်းတွေ ဆော့တယ် ၊ သီချင်းတွေ ဆိုတယ်။ ”
“ မင်း သီချင်းဆိုတာကို ကိုယ် အရင်က တစ်ခါမှ မကြားဖူးဘူး။ ”
ချန်ကျင်းလန်က သူ့ကို လှည့်ကြည့်လိုက်သည်။ “ ဒီနေ့က ကျွန်မမွေးနေ့လေ။ ဘယ်သူမဆို သီချင်းဆိုသင့်တယ် ဆိုရင် ကျွန်မအတွက် သီချင်းဆိုပေးသင့်တဲ့ လူက ရှင်ပဲ။ ” သူမလည်း သူ သီချင်းဆိုတာကို တစ်ခါမှ မကြားဖူးပေ။
ရှောက်ချန်းကျယ်ရဲ့ မျက်လုံးတွေက အခန်းထောင့်ရှိ စန္ဒရားဆီ အကြည့်ရောက်သွားလေသည်။ “ မင်း ဘယ်သီချင်း ကြိုက်လဲ။ ကိုယ် မင်းအတွက် စန္ဒရားတီးပေးမယ်။ ”
ချန်ကျင်းလန်က သိပ်တော့ မယုံခဲ့။ “ နင် ဘယ်သီချင်းမဆို တီးနိုင်လို့လား။ ”
သူမရဲ့ တိုက်ခန်းထဲမှာ စန္ဒရားက အလှဆင် ပစ္စည်း သက်သက်ပင်။ သူမမိသားစုရဲ့ အခန်းတွေထဲမှာ စန္ဒရား တစ်ခု ရှိသောကြောင့် သူမအမေက ဒီမှာလည်း စန္ဒရား တစ်ခုကို ထားရှိထားသည်။ တစ်ခါတလေ စိတ်ကူးပေါက်ရင်တော့ နည်းနည်ပါးပါး တီးတတ်ပေမဲ့ သူမကိုယ်တိုင် စန္ဒရားတီးရတာထက် သူများတွေ တီးတာကို နားထောင်ရတာ ပိုသဘောကျသည်။
ဘာကြောင့်ရယ် မသိသော်လည်း သူဟာ စန္ဒရားတီးတတ်မည့် လူမျိုးဟု သူမ မခံစားရ။ ဖြစ်နိုင်တာကတော့ သူ့မျက်နှာက အမြဲတမ်း ကျောက်တုံးကျောက်ခဲလို မာကျောနေလို့ သူ စန္ဒရားတီးချိန်မှာ ဖြစ်ပေါ်နေမယ့် ပုံစံကို သူမ ပုံဖော်ကြည့်လို့ မရတာကြောင့်ပဲ ဖြစ်လိမ့်မည်။
စန္ဒရားတီးဖို့အတွက် သင့်တော်သည့် သေးသေးသွယ်သွယ် လက်ချောင်းလေးတွေနှင့် ပေါ်လွင်ထင်ရှားတဲ့ လက်ဆစ်တွေ ရှိသော ရှောက်ချန်းကျယ်သည် သူမကို ချက်ချင်းပဲ စန္ဒရားဆီသို့ ပွေ့ချီခေါ်သွားခဲ့သည်။ သူက ထိုင်ခုံမှာ အရင် ထိုင်ကာ သူမကို သူ့ပေါင်ပေါ်မှာ ထိုင်စေပြီးမှ ‘ တိုးသဲ့သဲ့ ဆောင်းဦး ’ သီချင်းရဲ့ အပုဒ် တစ်ပုဒ်ကို ကျွမ်းကျင်စွာ စတင် တီးခတ်လိုက်လေသည်။
ချန်ကျင်းလန်က သူ့ကို တောက်ပသော မျက်လုံးများဖြင့် ကြည့်လိုက်၏။ “ ကောင်းလိုက်တာ။ ”
ရှောက်ချန်းကျယ်က သူမရဲ့ ပြုံးရီနေသော နှုတ်ခမ်းလေးကို နမ်းလိုက်သည်။ “ မင်း ဘာသီချင်း နားထောင်ချင်သေးလဲ။ ”
သူမ နားထောင်ချင်တဲ့ သီချင်းတွေ အများကြီး ရှိပါသည်။ သူက သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ် တီးခတ်ပြနေပြီးနောက် စိတ်ပြောင်းသွားကာ မေးခွန်း တစ်ခုကို မေးလာခဲ့သည်။ သူမက သူ့ပေါင်ပေါ်မှာ မျက်နှာချင်းဆိုင် အနေအထားဖြင့် ထိုင်နေရင်း ခံစားချက်တွေ အတက်အကျ ဖြစ်ကာ နောက်ဆုံးတော့ မြူခိုးမြူငွေ့တွေအဖြစ် ပျော်ဝင်ပျောက်ကွယ်သွား၏။
ရှောက်ချန်းကျယ်က သူမရဲ့ နားရွက်ကို ခပ်ဖွဖွ ကိုက်ပြီး မေးသည်။ “ ကိုယ်နဲ့ ရှစ်ရမ်နဲ့ ဘယ်သူ စန္ဒရားတီးတာ ပိုတော်လဲ။ ”
သူ့မေးခွန်းကို ချန်ကျင်းလန် ပြန်မဖြေနိုင်ပါ။ သူ့လည်ပင်းကို တင်းကျပ်စွာ ပွေ့ဖက်၍ အသက်ရှူသံတွေ မြန်လာပြီး ခပ်တိုးတိုး ညည်းညူဖို့သာ တတ်နိုင်သည်။
အဲ့ဒီနေ့ ပြီးတဲ့နောက် အချိန် အတော် ကြာသည်ထိ ချန်ကျင်းလန်သည် ကျောင်းတွင်းအဆောင်မှာပဲ အမြဲတမ်း အချိန်ကုန်ဖြစ်ခဲ့သည်။ သူမ အိမ်ပြန်လို့ မဖြစ်ပါ။ အိမ်ပြန်ရောက်သည်နှင့် စန္ဒရားကို မြင်လျှင် ဟိုတစ်နေ့ညတုန်းက မြင်ကွင်းကို သူမရဲ့ အတွေးတွေထဲမှာ ရုပ်ရှင်ပြကွက်တွေလို ပြန်မြင်ယောင်မိလိမ့်မည်။
ချန်လီချီ မူကြိုက ပြန်လာချိန်ထိ ချန်ကျင်းလန်ရဲ့ နားရွက်ဖျားက အပူချိန်တွေဟာ ပျောက်ကွယ်မသွားသေးပါ။ မနေ့ညတုန်းက အိပ်မက်နှင့်အတူ ယှဉ်တွဲနေသော ချန်လီချီရဲ့ မေးခွန်းက သူမအား မတွေးမိသင့်သော အတွေးပေါင်းမြောက်များစွာကို တွေးမိစေသည်။
ရှစ်ရမ်က သူမကို နှစ်ကြိမ်တိတိ ခေါ်နေပေမဲ့ ဘာတုံ့ပြန်မှုမှ မရ၍ ပခုံးကို ခပ်ဆတ်ဆတ် ရိုက်လိုက်တော့မှ ချန်ကျင်းလန် ပြန်သတိဝင်လာခဲ့သည်။
“ နင် ဘာတွေ တွေးနေတာလဲ။ နင့်ကို ကြည့်ရတာ လူတခြား ၊ စိတ်တခြား ဖြစ်နေတယ်။ ”
ချန်ကျင်းလန်က အပြုံး တစ်ခုကို ဖန်တီးယူလိုက်သည်။ “ ဘာမှ မဟုတ်ပါဘူး။ ငါ မနေ့ညတုန်းက သိပ်အိပ်မပျော်လို့ပါ။ ငါ့ကို ဘာပြောမလို့လဲ။ ”
“ ဒီနေ့ နေ့ခင်း ကျောင်းမှာ ကိစ္စ တစ်ခု ပေါ်လာတယ်။ အဲ့ဒါကြောင့် ငါ နင်တို့နဲ့ ကစားကွင်းကို လိုက်လို့ မရတော့ဘူး။ ”
ချန်ကျင်းလန်နှင့် ဖေးကျူးဟွေ့က ထိုနေ့ မူကြိုကျောင်းဆင်းသည်နှင့် ချန်လီချီလေးကို ကစားကွင်းခေါ်သွားဖို့ စီစဉ်ထားတာ ဖြစ်သည်။
“ ကိစ္စမရှိပါဘူး။ နင် လုပ်စရာရှိတာတွေကိုပဲ အာရုံစိုက်လိုက်။ လီချီလေးက သူမ ဖျော်ဖြေတာကို နင် လာကြည့်တာနဲ့တင် အရမ်း ပျော်နေပြီ။ ”
ချန်လီချီကို အဘိုးဖြစ်သူက ပွေ့ချီထားတာ ဖြစ်သည်။ “ အဖေရှစ် ပြန်တော့မလို့လား။ ”
“ ဟုတ်တယ် လီချီလေး ၊ အဖေရှစ် တောင်းပန်ပါတယ်နော်။ အဖေရှစ်မှာ ရုတ်တရက် အလုပ်ကိစ္စလေး ပေါ်လာလို့ သမီးနဲ့ ကစားကွင်းကို လိုက်မပေးနိုင်တော့ဘူး။ ”
ချန်လီချီက လက်ခါပြလိုက်၏။ “ ရပါတယ် အဖေရှစ်ရဲ့။ ကစားကွင်းကလည်း ထွက်ပြေးမှာမှ မဟုတ်တာ။ နောက်တစ်ခေါက် အဖေရှစ်မှာ အချိန်ရရင် သမီးတို့ အတူတူ ထပ်သွားလို့ ရတယ်။ ”
လူတိုင်းက သူမရဲ့ လေးလေးနက်နက် အသံလေးကြောင့် ရယ်မိသွားကြသည်။
ရှစ်ရမ်လည်း ရယ်ရင်း ပြောလိုက်၏။ “ ဟုတ်ပါပြီကွယ် ၊ ကစားကွင်းက ဘယ်မှ ထွက်မပြေးပါဘူး။ ပြီးတော့ နောက်တစ်ခေါက်ကျ ကစားကွင်းကို လီချီလေးနဲ့ လိုက်ပေးမယ် ဆိုတဲ့ အဖေရှစ်ရဲ့ ကတိကလည်း ဘယ်မှ ထွက်မပြေးပါဘူး။ နောက်တစ်ခေါက်ကျ အဖေရှစ် လီချီလေးနဲ့ သေချာပေါက် လိုက်ခဲ့်မယ်နော်။ ”
“ ဟုတ် ဟုတ် ၊ ကတိနော်။ ” ချန်လီချီက အဖေရှစ်နှင့် လက်သန်းချင်း ချိတ်ကာ ကတိကဝတ်ပြုလိုက်လေသည်။
ချန်ကျင်းလန်က သူမရဲ့ ပါးလေးကိူ ဆွဲလိမ်လိုက်၏။ ဒီကလေးမလေး အဲ့ဒီလို စကားတတ်ဖို့ ဘယ်နေရာကနေ သင်ယူလာလဲ ဆိုတာ သူမ မသိတော့။ အရမ်းကို စကားတတ်ပြီး လူကြီးလေး တစ်ယောက်လိုပဲ။
ချန်ရှန်းဟယ်လည်း ရယ်မောလိုက်သော်လည်း မူကြိုကျောင်းအနီး သစ်ပင်ရိပ် တစ်ရိပ်အောက်မှာ ရပ်ထားတဲ့ ကားဆီ အကြည့်ရောက်သွားသည်။ မနေ့ညတုန်းက ဒုတိယ ဦးလေးရဲ့ အိမ်အပြင်မှာ ရပ်ထားတဲ့ ကားပါပဲ။
ရှောက်ချန်းကျယ်သည် ပျော်ရွှင်စရာ မိသားစုမြင်ကွင်းလေးကို ကြည့်ရင်း တံခါးလက်ကိုင်ကို ဆုပ်ကိုင်လိုက်၏။
သူ တံခါးဖွင့်လိုက်ပေမဲ့ အပြင်မထွက်ခဲ့ပေ။
အပြင်ထွက်သွားလို့လည်း မရ။
သူ့ရဲ့ လက်ရှိ အခြေအနေက “ လူမသိသူမသိ အဖေ ” ဖြစ်သည်။
“ လူမသိသူမသိ အဖေ ” ဆိုတဲ့ အဖြစ်ကနေ “ လူမသိသူမသိ ချစ်သူ ” ဖြစိအောင် မလုပ်ရသေးတာမို့ ဒီအခြေအနေဟာ အချိန် အတော်ကြာသည်ထိ ဆက်လက် တည်တံ့နေလိမ့်ဦးမည်။
အနည်းဆုံးတော့ ဟိုးအရင်တုန်းက သူ “ လူမသိသူမသိ ချစ်သူ ” ဖြစ်ခဲ့ဖူးပါသည်။
‘ ရှေ့ဆက်ဖို့ ကြိုးစားလေ ၊ အရှုံးတွေနဲ့ ရင်ဆိုင်ရလေ ’ ဆိုတဲ့ စကားပုံ တစ်ခု ရှိသည်။ ထိုစကားပုံက သူ့အခြေအနေနှင့် တစ်ထပ်တည်းပင်။
ရှောက်ချန်းကျယ်သည် ရှောက်ကော်ပိုရေးရှင်းကို နေ့ခင်းဘက်တွင် ပြန်ရောက်လာခဲ့သည်။
ခုန်ယိချန်က သူ ဝင်လာတာကို မြင်တော့ စားပွဲပေါ်မှာ စုပုံနေသည့် ဖိုင် အထပ်လိုက်ကို ယူပြီး ထိုင်ခုံမှ ထကာ လူကြီးမင်းရှောက်ဟု ခေါ်လိုက်၏။ ဘော့စ် ကုမ္ပဏီကို မလာတာ အတော် ကြာပါပြီ။ သူ ရှိမှ ဆက်လုပ်လို့ ရမယ့် အလုပ်တွေက တောင်လို ပုံနေခဲ့ပြီ ဖြစ်သည်။
ရှောက်ချန်းကျယ်က သူမကို ကြည့်ပြီး မေးလိုက်၏။ “ မင်း အလုပ်မဆင်းသေးဘူးလား။ ”
ဇွန်လ တစ်ရက်နေ့ ကလေးများနေ့ မတိုင်ခင် တစ်ပတ်အလိုကတည်းက ရှောက်ကော်ပိုရေးရှင်းသည် ခြောက်တန်းနှင့် ခြောက်တန်းအောက် ကျောင်းတက်နေသည့် ကလေးများ ရှိသော ဝန်ထမ်းများအား သတိပေးစာ တစ်စောင် ပို့ပေးခဲ့၏။ ထိုဝန်ထမ်းများဟာ လစာပြည့် ခွင့်ရက် တစ်ရက် ရရှိမည် ဖြစ်ကာ ထိုခွင့်ရက်ကို နှစ်စဉ် ခွင့်ရက်တွေ ၊ အစားထိုး ခွင့်ရက်တွေထဲမှာလည်း ထည့်တွက်မှာ မဟုတ်ပါ။ ကလေးများနေ့မှာ ခွင့်ပေးခြင်းကို ကုမ္ပဏီရဲ့ ထုံးတမ်းစဉ်လာထဲမှာ ထည့်သွင်းသွားမှာ ဖြစ်သလို ဝန်ထမ်းတွေရဲ့ ရပိုင်ခွင့်ထဲမှာလည်း ထည့်သွင်းသွားပါမည်။
သတိပေးစာကို ဖြန့်ဝေလိုက်သည်နှင့် ကုမ္ပဏီထဲမှာ အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့လေသည်။ ကလေးငယ်များ ရှိသော ဝန်ထမ်းတွေဟာ ကလေးများနေ့မှာ သူတို့ရဲ့ ကလေးတွေနှင့်အတူ အချိန်ကုန်ဆုံးချင်နေခဲ့တာပင်။ ဒါပေမဲ့ ထိုနေ့က စနေနေ့လည်း မဟုတ် ၊ တနင်္ဂနွေနေ့လည်း မဟုတ်သဖြင့် ထိုနေ့မှာ ခွင့်ယူလျှင် လစာထဲက ဖြတ်တောက်ခံပါလိမ့်မည်။ အရေးကြီးဆုံးကတော့ အလုပ်ရှင်ရဲ့ အရိပ်အကဲကိုလည်း ကြည့်ရပါဦးမည်။ ပျော်ရွှင်စရာ နေ့ တစ်နေ့ ဖြစ်ရမယ့် နေ့က မလိုက်လျောပေးတတ်တဲ့ အလုပ်ရှင်ကြောင့် စိတ်ပျက်အားငယ်စရာ နေ့ရက်လေးအဖြစ် ပြောင်းလဲသွားရင် ဘယ့်နှယ့်လုပ်မလဲ။ သူတို့ ခွင့်ရက် ရလျှင်တောင်မှ အပြည့်အဝ ပျော်နိုင်မှာ မဟုတ်။
ရှောက်ချန်းကျယ်ရဲ့ နားလည်ပေးတတ်သော စိတ်က ကုမ္ပဏီရဲ့ မရှိမဖြစ် ကဏ္ဍ တစ်ခုမှာ အလုပ် လုပ်နေကြသော ဝန်ထမ်းတွေရဲ့ နှလုံးသားထဲမှာ နေရာများစွာ ယူသွားခဲ့လေသည်။ လူကြီးမင်းရှောက်က အပြင်ပန်းမှာသာ အေးစက်တင်းမာကာ စည်းကမ်းတင်းကျပ် ရက်စက်တတ်တဲ့ပုံပေါ်ပေမဲ့ သူ့မှာ လူသား တစ်ယောက်ရဲ့ နှလုံးသားတော့ ရှိနေပါသေးသည်။
တချို့က ဒီကိစ္စဟာ လူကြီးမင်းရှောက်ရဲ့ သမီးလေးနှင့် သေချာပေါက် ပတ်သက်နေလိမ့်မည်ဟု ပြောခဲ့ကြသည်။ မဟုတ်ရင် သူတို့ရဲ့ ကြီးမြတ်တဲ့ ဘော့စ်က ဘယ်လိုလုပ် ဒီလောက် ကိုယ်ချင်းစာစိတ်ရှိရှိ တွေးခေါ်ပြီး ဝန်ထမ်းတွေရဲ့ အရေးကိစ္စတွေကို သူ့ကိစ္စလို ခံယူနိုင်မှာတဲ့လဲ။ တချို့ကတော့ “ ဒီကိစ္စက ဘာနဲ့ပဲ ပတ်သက်နေပါစေ ၊ နောက်ဆုံးမှာ အကျိုးအမြတ် ရတာက ငါတို့ပဲ မဟုတ်လား။ ကိုယ့်ကလေးနဲ့ တစ်ရက်တာ လွတ်လွတ်လပ်လပ် အချိန်ဖြုန်းနိုင်တာက ဘာမှားနေလို့လဲ။ အတွေးမလွန်စမ်းပါနဲ့။ ” ဟု ပြောခဲ့ကြသည်။
ခုန်ယိချန်လည်း အဲ့ဒါက ကောင်းတဲ့ ကိစ္စလို့ ခံစားရပါသည်။ ဒီနေ့ကို အစစ အရာရာ ပြီးပြည့်စုံစေရန် စီစဉ်ထားခဲ့သော်လည်း မနေ့ညတုန်းက ခင်ပွန်းဖြစ်သူနှင့် ရန်ဖြစ်ခဲ့သည်။ ထို့ကြောင့် သူမခင်ပွန်းအား လစာမဲ့ ခွင့်ယူပြီး ကလေးကို အချိန်ပေးခိုင်းခဲ့ကာ သူမကတော့ ချက်ချင်းပဒ အလုပ်ကို ထွက်လာခဲ့လိုက်လေသည်။ ကုမ္ပဏီကို လာပြီး လေအေးပေးစက်အောက်မှာ သက်သောင့်သက်သာလေး နေရင်း ၊ ကုမ္ပဏီကန်တင်းက အစားအသောက်တွေကို စားရင်း ဘော့စ်နှင့် ပတ်သက်တဲ့ အတင်းအဖျင်းတွေကို နားထောင်ရတာ သူမ သဘောကျသည်။
ဘော့စ်ရဲ့ နှုတ်ခမ်းက ဒဏ်ရာက အခုထိ မသက်သာသေးဘဲ သူ့လက်ချောင်းတွေမှာ သွားကိုက်ရာ အသစ်တွေတောင် ရှိလာခဲ့သည်။ အတွင်းရေးမှူးလေး သုံးယောက်သည် ဘော့စ် အခုတလော ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံ စိတ်အလိုလိုက်ပြီး ( မိန်းကလေးချန်နှင့် ချစ်တင်းနှီးနှောတာ များပြီး ) အားနည်းကာ မျက်ကွင်းတွေ ချောင်ကျနေတာလားဟု တိုးတိုးကျိတ်ကျိတ် အတင်းပြောနေခဲ့ကြ၏။
***