အခန်း ၃၇
Vol. 4 Ch. 37
အပိုင်း ( ၃၇ )
ခုန်ယိချန်ကတော့ ဘော့စ်ရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ အသွင်အပြင်ဟာ ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံ စိတ်အလိုလိုက်ခြင်းနှင့် သက်ဆိုင်လိမ့်မည်ဟု မထင်ပေ။ မိန်းကလေးချန်က သူမကို သူမရဲ့ ကလေးအဖေအဖြစ်သာ လက်ခံပြီး တခြား ကိစ္စတွေကို ဆွေးဆွေးဖို့ ငြင်းဆန်နေလောက်သေး၏။ မဟုတ်ရင် သူ ဒီနေ့ခင်း ကုမ္ပဏီကို မလာဘဲ ရင်ခွင်ထဲမှာ သမီးလေးကို ပွေ့ပိုက်လျက် ၊ ဘေးမှာတော့ ချစ်ဇနီးလေးဖြင့် အားလပ်ရက်ကို ပျော်ရွှင်စွာ ကုန်ဆုံးနေမှာ မဟုတ်လား။
ခုန်ယိချန်သည် ရုံးခန်းထဲကို ဘော့စ်နှင့်အတူ လိုက်ဝင်သွားကာ သူ့မေးခွန်းကို ပြန်ဖြေလိုက်သည်။ “ သူမရဲ့ အဖေက သူမနဲ့ ရှိနေတယ်လေ။ ကျွန်မမှာတော့ လုပ်စရာ အလုပ်လေးတွေ ရှိနေတာနဲ့ ကုမ္ပဏီကို လာခဲ့လိုက်တာ။ ”
ရှောက်ချန်းကျယ်က ခပ်ဆတ်ဆတ် ခေါင်းညိတ်ပြကာ နားလည်ကြောင်း ပြောလိုက်၏။ ထို့နောက် သူ့အပေါ်အင်္ကျီကို ချွတ်ကာ ထိုင်ခုံကျောမှီပေါ်မှာ လွှားခြုံ၍ အင်္ကျီလက်တွေကို တစ်ဝက် အနေအထားထိ ခေါက်တင်ပြီး မေးလိုက်သည်။ “ ငါ့ကို ဘာပြောစရာ ရှိလို့လဲ။ ”
“ ဘော့စ် လက်မှတ်ထိုးပေးရမယ့် စာရွက်စာတမ်းတွေ အများကြီး ရှိနေလို့ပါ။ ”
“ ဟုတ်ပြီ ၊ ဒီမှာပဲ ထားခဲ့လိုက်။ ”
“ ပြီးတော့ လင်းချန်ကော်ပိုရေးရှင်းရဲ့ ဥက္ကဌဖန့်က မနက်ဖြန်ည ညစာစားပဲကို ဒီနေ့ညကို ရွေ့ချင်နေတယ် လူကြီးမင်းရှောက်။ သူ နိုင်ငံခြားကို ခဏ သွားစရာ ရှိလို့တဲ့။ ဒါပေမဲ့ လူကြီးမင်းကလည်း ဒီည သခင်ကြီးရှောက်နဲ့ မိသားစု ညစာစားပွဲ ရှိနေတော့ လူကြီးမင်း ဘယ်လိုလုပ်ချင်လဲလို့ မေးချင်တာပါ။ ”
“ အဲ့လိုဆိုလည်း အဆင်ပြေပါတယ်။ ငါ သခင်ကြီးကို ဒီည ဥက္ကဌဖန့်နဲ့ ညစာ စားစရာ ရှိလို့ သူနဲ့ မိသားစု ညစာစားပွဲ တက်မပေးနိုင်တော့ဘူးလို့ ပြောလိုက်မယ်။ အဲ့ဒါဆို မင်းလည်း နောက်ထပ် ဆင်ခြေပေးစရာ မလိုတော့ဘူး။ ”
သခင်ကြီးရှောက်က လူကြီးမင်းရှောက်အား သောကြာနေ့တိုင်း အိမ်မှာ ညစာ လာစားရမည်ဟု တစ်ချက်လွှတ် အမိန့်ပေးထားသည်။ သို့သော် လူကြီးမင်းရှောက် တစ်လ တစ်ကြိမ် အိမ်ပြန်လျှင်တောင် တော်တော်လေး အခြေအနေကောင်းနေပြီဟု သတ်မှတ်လို့ ရနေပါပြီ။ သူ တစ်ခါ အိမ်မပြန်တိုင်း သခင်ကြီးရှောက်က ခုန်ယိချန်ကို ဖုန်းဆက်လေ့ရှိကာ ခုန်ယိချန်ကလည်း လူကြီးမင်းရှောက်ရဲ့ “ ပျင်းလို့ မသွားဘူး ” ဆိုတဲ့ အကြောင်းပြချက် အစစ်အမှန်ကို သခင်ကြီးရှောက်အား ပြန်ပြောပြလို့ မရသောကြောင့် အပင်ပန်းခံ ၊ ဒုက္ခခံ၍ ဆင်ခြေရှာပြီး သခင်ကြီးရှောက်ကို ပြန်ပြောရသည်။
ခုန်ယိချန်က “ ဟုတ်ကဲ့ပါ လူကြီးမင်းရှောက်။ ” ဟု ပြန်ပြောလိုက်သည်။
သူမ ထွက်သွားဖို့ ပြင်နေစဉ်မှာပဲ ဘော့စ်က သူမကို လှမ်းခေါ်သည်။ “ ဪ ၊ ဟုတ်သားပဲ။ ငါ့ကို လျှပ်စစ် ခြင်ရိုက်ဘတ်တံလေး ကူဝယ်ပေးပါဦး ခုန်ယိချန်။ ”
သူ့ရဲ့ အေးစက်နေတဲ့ လက်ရှိ အမူအရာနှင့် ဆိုလျှင် ခြင်တွေဟာ သူ့ကို မြင်သည်နှင့် ဝေးဝေးကနေ ရှောင်ကွင်းစွားသင့်ပါသည်။
“ လူကြီးမင်း ဘယ်အချိန် လိုချင်တာလဲ မသိဘူး။ ”
“ ဒီနေ့ အလုပ်မဆင်းခင်လောက်ပေါ့။ ” ရှောက်ချန်းကျယ်က သူ့မီးခြစ်ကို ထောက်ခနဲ ခြစ်လိုက်သည်။ “ နှစ်ခု ဝယ်လိုက်ပါ။ ”
“ ဟုတ်ကဲ့ပါ လူကြီးမင်းရှောက်။ ”
ခုန်ယိချန်းက အမြဲတမ်း အလုပ်,လုပ်တာ တော်သည်။ တစ်နာရီတောင် မပြည့်သေးခင်မှာပဲ သူမက လျှပ်စစ် ခြင်ရိုင်ဘတ်တံ နှစ်ခုကို လူကြီးမင်းရှောက်ထံ ပို့ပေးခဲ့ပြီပင်။ လူကြီးမင်းရှောက် ဝယ်တဲ့ နှစ်ခုမှာ တစ်ခုက အိမ်အတွက် ၊ ကျန်တစ်ခုကတော့ ရုံးအတွက် ဖြစ်လိမ့်မည်။ သို့သော် အဆုံးသတ်မှာတော့ လူကြီးမင်းရှောက်က ရုံးဆင်းတော့ နှစ်ခုလုံးကို ယူသွားလေသည်။
လျှပ်စစ် ခြင်ရိုက်ဘတ်တံ ကိုင်ထားတဲ့ ဘော့စ်ကို သူမ မြင်ဖူးတာ ဒါ ပထမဆုံးအကြိမ်ပါပဲ။ လျှပ်စစ် ခြင်ရိုက်ဘတ်တံ ထုတ်လုပ်သည့် ကုမ္ပဏီပိုင်ရှင်သာ ဒီသတင်းကို ကြားလျှင် သူ့အား သူတို့ရဲ့ ထုတ်ကုန်ကို ကြေညာပေးဖို့ ပိုက်ဆံ အများကြီး ပေးလောက်သည်။
လူကြီးမင်းရှောက် ရုံးခန်းထဲမှ ထွက်သွားသည်နှင့် အတွင်းရေးမှူး နှစ်ယောက်ကလည်း သူ့နောက်ကနေ ထပ်ချပ်မကွာ လိုက်လာခဲ့ရသည်။ လူကြီးမင်းရှောက်က ဒီအတွင်းရေးမှူး နှစ်ယောက်ကို ညစာစားပွဲနှင့် အလုပ်ကိစ္စ ပွဲအခမ်းအနား အမျိုးမျိုးကို ခေါ်သွားလေ့ရှိသည်။ ခုန်ယိချန်ရဲ့ အတန်းဖော်တွေကတော့ စားမကောင်းသည့် စိတ်ပျက်စရာ ညစာစားပွဲတွေကို ခေါ်မသွားတဲ့ လူကောင်း ဘော့စ်ကို အလုပ်ရှင်တော်ထားရသော သူမကို မနာလိုနေခဲ့ကြသည်။ သူမလည်း သူမရဲ့ ဘော့စ်ကို မဆိုးဘူးလို့ ခံစားရပါသည်။ ဘော့စ်က အလုပ်တွေ တအား ခိုင်းသလို အပေါက်လည်း ဆိုးပေမဲ့ စိတ်ရင်းကောင်းတယ် ဆိုတာကိုတော့ ငြင်းဆန်လို့ မရပါ။
ဘော့စ် ပြန်သွားတော့ ခုန်ယိချန်လည်း သိမ်းစရာရှိတဲ့ ပစ္စည်းတွေ သိမ်းပြီး အလုပ်ဆင်းခဲ့လိုက်သည်။ ခင်ပွန်းဖြစ်သူကို စိတ်ဆိုးနေဆဲ ဖြစ်ပေမဲ့ သူမတို့ရဲ့ “ ချစ်စရာ သမီးလေး ” အတွက် ညစာ ချက်ဖို့ စောစော အိမ်ပြန်ရပါမည်။ အဲ့ဒါက သူမသမီးလေးအတွက် အကောင်းဆုံး အားလပ်ရက် လက်ဆောင်ပင်။
သူမ ကုမ္ပဏီအောက်ထပ်ကို ရောက်တော့ သမီးလေးကို ပွေ့ချီလျက် ရပ်စောင့်နေသည့် ခင်ပွန်းဖြစ်သူကို မြင်လိုက်ရ၏။ သူမသမီးလေးကလည်း နှင်းဆီပန်းစည်း အကြီးကြီးကို ကိုင်ထားသည်။ သူမလေးက ခုန်ယိချန် ထွက်လာတာကို မြင်တော့ နှင်းဆီပန်းစည်းကို လက်လွှဲပေးရင်း “ ကလေးများနေ့မှာ ဖေဖေက မေမေ့ကို ပေးတဲ့ လက်ဆောင် ” ဟု ပြောခဲ့သည်။
သမီးဖြစ်သူနှင့် နှင်းဆီပန်းစည်ကို မြင်သည်နှင့် ခုန်ယိချန်ရဲ့ လက်ကျန် ဒေါသတွေ အကုန်လုံး ပျောက်ကွယ်သွားသည်။ ခင်ပွန်းကို မျက်စောင်းထိုးလိုက်သော်လည်း သူမမျက်လုံးထဲမှာ အပြုံးတွေသာ ရှိလေသည်။
ကားထဲမှာ ထိုင်နေတဲ့ ရှောက်ချန်းကျယ်က ခုန်ယိချန်ရဲ့ လက်ထဲက နှင်းဆီပန်းတွေကို မြင်တော့ သူ့ဒူးခေါင်းကို တွေးတွေးဆဆ ပုတ်လိုက်၏။
ချန်လီချီက တစ်နေ့ခင်းလုံး ကစားကွင်းထဲမှာ အဘိုး ၊ အဘွား ၊ အမေတို့နှင့် ကစားနေခဲ့သည်။ စားသောက်ဆိုင် တစ်ဆိုင်မှာ ညစား စားပြီးတော့ ရုပ်ရှင်သွားကြည့်ကြသည်။
ချန်ကျင်းလန်က ချန်လီချီကို ကာတွန်းကား ကြည့်စေချင်ပေမဲ့ ချန်ရှန်းဟယ်က ရုပ်ရှင်ရုံမှာ ရုပ်ရှင်လာကြည့်ဖို့လောက်ထိ အချိန်အားတာ ရှားသဖြင့် ချန်ကျင်းလန်သည် မိဘတွေ အတွက် နောက်ထပ် ဇာတ်ကား တစ်ကားကိုပဲ လက်မှတ်ဖြတ်ပေးလိုက်၏။ တစ်နည်းအားဖြင့် ပြောရလျှင်တော့ ကာလရှည်ကြာ စောင့်ဆိုင်းနေရတဲ့ ရုပ်ရှင်ရုံမှာ ချိန်းတွေ့ခြင်းအတွက် မိဘတွေကို ပါရမီဖြည့်ပေးလိုက်ခြင်းဖြစ်သည်။
ဖေးကျူးဟွေ့က ပါးစပ်ကတော့ “ ငါတို့က ချိန်းတွေ့နေရအောင် အဘိုးကြီး ၊ အဘွားကြီးတွေ ဖြစ်နေပါပြီကွယ် ” ဟုသာ ပြောနေသော်လည်း လက်ကတော့ ချန်ရှန်းဟယ်ရဲ့ လက်မောင်းကို ပျော်ရွှင်ကြည်နူးစွာ ပွေ့ဖက်ထားခဲ့ပါပြီ။ ချန်ရှန်းဟယ်က သူ့သမီးရဲ့ အစီအစဉ်ကို အလွန် ကျေနပ်နေသည်။ သူ ဇနီးဖြစ်သူရဲ့ လက်ကလေးကို ခပ်ဖွဖွ ပုတ်၍ ပြောလိုက်သည်။ “ ငါတို့အသက် ၇၀ ၊ ၈၀ ဖြစ်နေရင်တောင် ချိန်းတွေ့လို့ ရပါသေးတယ်။ ”
ချန်လီချီက အဘိုးဖြစ်သူကို အမှားပြင်ပေး၏။ “ ဘွားဘွားက ဘယ်တော့မှ အသက်ကြီးလာမှာ မဟုတ်ဘူး ဘိုးဘိုးရဲ့။ သူမက အမြဲတမ်း ဆယ့်ရှစ်နှစ်ပဲ။ ”
မြေးမလေးရဲ့ စကားကြောင့် ချက်ချင်းပဲ ဆယ်နှစ် ငယ်သွားသလို ဖေးကျူးဟွေ့ရဲ့ မျက်နှာပေါ်မှာ အပြုံးပန်းလေးတွေ ဖူးပွင့်ဝေဆာသွားခဲ့သည်။
ချန်ရှန်းဟယ်က စကားတတ်လွန်းတဲ့ ဒီမြေးမလေးကို လက်မြှောက် အရှုံးပေးလိုက်ပြီ ဖြစ်သည်။ ဒီကလေးမလေး ဘယ်သူနှင့် တူမှန်း သူ မသိ။ စကား နည်းနည်းပဲ ပြောပြီး အလုပ် များများ ပိုလုပ်တတ်တဲ့ အပြင်ပန်းမှာ အေးစက်ကာ အတွင်းထဲမှာ နွေးထွေးသော သူ့သမီးရဲ့ စိတ်နေစိတ်ထားကို သူ ကောင်းကောင်း သိသည်။ ရှောက်ချန်းကျယ်ဟာလည်း အပြောချိုတဲ့ လူမျိုး မဟုတ်မှန်း သူ့ဓာတ်ပုံတွေကို ကြည့်ရုံဖြင့် သိသည်။
ကာတွန်းကားက စောစောစီးစီး ပြီးသွား၏။ ချန်လီချီလေးက ပင်ပန်းနွမ်းနယ်စွာ အိပ်ငိုက်နေတာကို မြင်တော့ ချန်ကျင်းလန်က သူမအမေကို စာပို့ပြီး ချန်လီချီလေးကို အရင် အိမ်ပြန်ပို့လိုက်သည်။ ရုပ်ရှင်ရုံကနေ ထွက်လာပြီး ခဏအကြာမှာပဲ ကလေးမလေးဟာ ကားထဲမှာ အိပ်ပျော်သွားခဲ့သည်။
သူမ အိမ်ရှေ့မှာ ရပ်ထားတဲ့ ကား တစ်စီးကို အမြင်မှာ ချန်ကျင်းလန် ဒေါသထွက်သွားသည်။ ဒါ သူ့အိမ်မှမဟုတ်တာ … ။ သူ နေ့တိုင်း အစီရင်ခံစာ လာတင်ပြဖို့ ကြံစည်နေတာလား။ ပြီးတော့ သူ ကားရပ်ထားပုံက တကယ့်ကို ပြောင်ပြောင်တင်းတင်း ၊ တခြား သူတွေ သူ့ကို မြင်သွားမှာ မစိုးရိမ်ဘူးလား။
ချန်ကျင်းလန်က ကားရပ်ပြီး ကားပေါ်က ဆင်းခဲ့လိုက်သည်။ “ ရှင် နေ့တိုင်း လာနေမယ် ဆိုလည်း ကားကို ခြံနောက်မှာ ရပ်ထားလို့ မရဘူးလား။ ”
ရှောက်ချန်းကျယ်က ပထမတော့ အံ့အားသင့်သွားသော်လည်း ချက်ချင်းပဲ သူ့နှုတ်ခမ်းထောင့်စွန်းတွေ ကော့တက်သွားသည်။ “ အင်းပါ ၊ နောက်ဆို ကိုယ် ခြံနောက်မှာ ကားရပ်ထားလိုက်မယ်။ ”
ချန်ကျင်းလန်က သူမကပဲ သူ လာမှာကို စိတ်အားထက်သန်စွာ မျှော်လင့်နေမိသလို ပုံစံပေါက်အောင် လက်လွတ်စပယ် ပြောမိသွားတဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်သွားသည်။
ရှောက်ချန်းကျယ်က သူ လာရတဲ့ ရည်ရွယ်ချက်ကို အရင် ရှင်းပြ၏။ “ ကိုယ် လျှပ်စစ် ခြင်ရိုက်ဘတ်တံ လာပို့တုပါ။ လီချီလေးက ကိုယ့်ကို ဝယ်ခိုင်းထားတာ။ မေမေ့ကို ခြင်မကိုက်အောင် ကာကွယ်ပေးချင်လို့တဲ့။ ”
ချန်ကျင်းလန် : …
စိတ်ထဲကနေ “ အဲ့ဒါကို ရှင်ကိုယ်တိုင် လာပို့စရာ မလိုပါဘူး။ အဲ့ခြင်ရိုက်ဘတ်တံနဲ့ ရှင့်ကိုယ်ရှင် ပြန်ရိုက်ပစ်လိုက်တာက အကောင်းဆုံးပဲ။ ” ဟု ပြောချင်သွားသည်။
ရှောက်ချန်းကျယ်က ကားနောက်ခန်းတံခါးကို ဖွင့်ကာ လျှပ်စစ် ခြင်ရိုက်ဘတိတံဘေးက ပန်းစည်းကို ဆုပ်ကိုင်လိုက်သော်လည်းအဆုံးသတ်မှာတော့ ခြင်ရိုက်ဘတ်တံကိုပဲ ကားထဲကနေ ထုတ်လိုက်၏။
ချန်ကျင်းလန်ကတော့ အဲ့ဒါကို မယူပါ။ သူမ ဒီမနက်တုန်းက အိတ်ထဲကို ထည့်ထားတဲ့ ပစ္စည်းကို သတိရသွားသောကြောင့် ခရီးသည်ထိုင်ခုံပေါ်ရှိ အိတ်ထဲမှ ဘူးကို ထုတ်ပြီး သူ့ကို ပြန်ပေးလိုက်၏။
ရှောက်ချန်းကျယ်ကလည်း အဲ့ဒါကို မယူပါ။ သူ ပေးထားတဲ့ ဘူးလေးကို သူမ ဖွင့်တောင် ကြည့်မထားဘူး ဆိုတာ အလိုလို သိနေသည်။
“ မင်း ဘာလို့ တစ်ချက်လေးတောင် ဖွင့်မကြည့်တာလဲ။ ”
ချန်ကျင်းလန်က ခပ်တိုးတိုး လှောင်ရယ်လိုက်သည်။ “ ဖွင့်ကြည့်ဖို့မှ မတန်တာ။ ” သူနှင့် အေးအေးဆေးဆေး ဆွေးနွေးဖို့ သူမ ဆုံးဖြတ်လိုက်သည်။ “ ရှင် ချန်လီချီနဲ့ တွေ့ချင်ရင် ကျွန်မတို့ အပတ်တိုင်း အချိန် တစ်ခု သတ်မှတ်လိုက်လို့ ရတယ် ၊ စနေနဲ့ တနင်္ဂနွေ တစ်ရက်ရက်ပေါ့။ ရှင် သူမနဲ့ တစ်နေ့လုံး အတူတူ အချိန်ကုန်လို့ ရတယ်။ အဲ့ဒါဆို ရှင် နေ့တိုင်း အချိန်ကုန်ခံပြီး ဒီကို လာစရာ မလိုတော့ဘူး။ ”
ရှောက်ချန်းကျယ်က သူမရဲ့ မျက်လုံးတွေကို ပြန်စိုက်ကြည့်လိုက်သည်။ “ ဒီကို လာရတာ အချိန်ကုန်တယ်လို့ ကိုယ် မခံစားရပါဘူး။ ကိုယ် သူမနဲ့ပဲ တွေ့ချင်တာမှ မဟုတ်တာ ၊ ကိုယ် မင်းနဲ့လည်း တွေ့ချင် … ”
ချန်ကျင်းလန်က သူ့ကို စကားဖြတ်ပြောလိုက်သည်။ “ အတိတ်အကြောင်း မပြောဘဲ နေရအောင် ရှောက်ချန်းကျယ်။ ( ၇ ) နှစ်နီးပါး ဆိုတဲ့ အချိန်အတွင်းမှာ အဖြစ်အပျက်တွေ အများကြီး ပြောင်းလဲသွားပြီ။ ရှင်လည်း ရှင့်ဘဝနဲ့ရှင် ၊ ကျွန်မလည်း ကျွန်မဘဝနဲ့ကျွန်မ ဖြစ်သွားပြီ။ ကလေး တစ်ယောက် ကောင်းကောင်းမွန်မွန် ကြီးပြင်းသွားနိုင်ဖို့ မိစုံဖစုံ မလိုအပ်ပါဘူး။ ဒါပေမဲ့ ရှင် အဖေကောင်း တစ်ယောက် ဖြစ်ဖို့ ကြိုးစားမယ် ဆိုရင်တော့ ဖြစ်နိုင်မယ်လို့ ကျွန်မ ယုံပါတယ်။ ပြီးတော့ ကျွန်မလည်း မိခင်ကောင်း တစ်ယောက် ဖြစ်အောင် ကြိုးစားမယ်။ ချန်လီချီရှေ့မှာ ကျွန်မတို့ အေးချမ်းတဲ့ ဆက်ဆံရေး တစ်ခုကို ထိန်းသိမ်းထားရမယ် ၊ အဲ့ဒါမှ သူမလည်း အပူအပင်မရှိ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းနိုင်မှာ။ ကျန်တဲ့ ကိစ္စတွေအတွက်ကတော့ ကျွန်မတို့မှာ ဆက်ဆွေးနွေးစရာ မရှိဘူး။ ”
ရှောက်ချန်းကျယ်က သူမအနားသို့ ခြေ တစ်လှမ်း တိုးကပ်သွားလိုက်၏။ “ ဟုတ်ပြီ ၊ အတိတ်အကြောင်း မပြောဘဲ ပစ္စုပ္ပန်အကြောင်းပဲ ပြောရအောင်။ ကိုယ် မင်းကို အခုထိ သဘောကျနေတုန်းပဲ ၊ မဟုတ်ရင် ကိုယ့်အိပ်မက်တွေထဲကို မင်း ခဏ ခဏ ရောက်လာမှာ မဟုတ်ဘူး။ ဒီနှစ်တွေ တစ်လျှောက်လုံး ကိုယ့်အိပ်မက်ထဲမှာ ထည့်မက်တဲ့ လူက မင်း တစ်ယောက်တည်းပဲ ၊ ဘယ်တော့မှလည်း မပြောင်းလဲခဲ့ဘူး။ ”
ချန်ကျင်းလန် အံကြိတ်လိုက်သည်။ သူ မက်တဲ့ အိပ်မက်တွေက အိပ်မက်ကောင်းတွေ မဟုတ်တာ အသေအချာပါပဲ။ “ အဲ့ဒါက ရှင်က နှာဘူး ၊ တဏှာရူး ဆိုတာကို ပြနေတာပဲ။ ”
ရှောက်ချန်းကျယ်က သူမရဲ့ မှတ်ချက်ကို မငြင်းဆန်ဘဲ နူးညံ့သော အသံဖြင့် ပြန်မေးလိုက်၏။ “ မင်းရော … ။ မင်းရော ကိုယ့်ကို တစ်ကြိမ်တစ်ခါလေးတောင် အိပ်မက် မမက်ဘူးလား။ ”
ချန်ကျင်းလန်က ခပ်တိုးတိုး လှောင်ရယ်လိုက်သည်။ “ တစ်ကြိမ်ရဲ့ တစ်ဝက်တောင် အိပ်မက် မမက်ဘူး။ ရှင်ရော ဘယ်လို အိပ်မက်ကောင်းတွေ မက်မှာမို့လို့လဲ။ ” သူမက ဒီရန်ပွဲကို အရှုံးမပေးချင်သလို အမူအရာဖြင့် လက်ပိုက်လိုက်သည်။
“ သဘောကျတယ် ၊ မကျဘူး ဆိုတဲ့ အကြောင်းတွေ ထပ်ပြောမနေပါနဲ့တော့။ လူ တစ်ယောက်ကို သဘောကျရတာ ဘယ်လို ခံစားချက်မျိုးလဲ ဆိုတာ ကျွန်မ သိသားပဲ။ အရင်တုန်းက ရှင် ကျွန်မကို ကြည့်တဲ့ အကြည့်ထဲမှာ အပေါ်ယံဆန်တဲ့ အေးစက်စက် အငွေ့အသက်တွေ အမြဲတမ်း ရှိနေခဲ့တာလေ။ ကျွန်မ အဲ့ဒါကို မခံစားနိုင်ဘူးလို့တော့ မထင်နဲ့။ ”
အဲ့ဒီတုန်းက ပြန်သဘောကျခြင်းကလည်း အပေါ်ယံ ဟန်ဆောင်မှု သက်သက်ပါပဲ။ ( ၇ ) နှစ် ကြာပြီးတဲ့ လက်ရှိ အခြေအနေမှာ ဆိုရင် ပြောမနေပါနဲ့တော့။
ရှောက်ချန်းကျယ်က ပြဿနာရဲ့ ဖြေရှင်းရ ခက်နေသော အချက်ကို နောက်ဆုံးမှာ နားလည်သွားသည်။ “ မင်း ရှစ်ရမ်ကို သဘောကျနေတယ် ထင်လို့ ကိုယ် အေးစက်စက် ပြုမူခဲ့တာပါ ၊ ပြီးတော့ မင်းက အချိန်ကုန်ဆုံးဖို့ တစ်ခုတည်းအတွက်ပဲ ကိုယ်နဲ့ ရှိနေခဲ့တင်တာလေ။ အဲ့ဒါကြောင့် ကိုယ် အမြဲတမ်း ရှေ့တိုးရခက် ၊ နောက်ဆုတ်ရခက်နေခဲ့တာ။ ” သူ ခဏ စကားရပ်လိုက်၏။ နှလုံးသားထဲက မေးခွန်းတွေကို အမြဲတမ်း ဖိနှိပ်ထားခဲ့ရသော သူ့ရဲ့ နက်မှောင်တဲ့ မျက်လုံးတွေထဲမှာ ပထမဆုံးအကြိမ်အဖြစ် မေးခွန်းတွေ ထင်ဟပ်ကာ သူမကို စိုက်ကြည့်နေခဲ့လေသည်။ “ မင်း ရှစ်ရမ်ကို သဘောကျလား။ ”
အချိန်ကုန်ဆုံးဖို့ တစ်ခုတည်းအတွက်ပဲလား။ ရှစ်ရမ်က သူမကို ဘာအတွက် တာဝန်ယူထားတာလဲ။
ချန်ကျင်းလန်ရဲ့ မျက်နှာက တောက်ပသော အပြုံးလေးဖြင့် လင်းလက်သွားသည်။ “ ကျွန်မ သူ့ကို သဘောကျရုံတင် မဟုတ်ဘူး ၊ ရှင် သိထားသလိုပဲ ကျွန်မ သူ့ကို အရမ်း ချစ်တယ် ၊ တကယ့်ကို အရူးအမူး ချစ်တာ။ သူ့နှလုံးသားက တခြား မိန်းကလေး တစ်ယောက်ကို ချစ်နေမှန်း သိရင်တောင် ကျွန်မကတော့ သူ့ကို သေတဲ့အထိ ချစ်သွားမှာ။ ”
ရှောက်ချန်းကျယ်ရဲ့ တင်းမာနေတဲ့ မေးရိုးက ရုတ်တရက် ပြေလျော့သွားကာ တည်ငြိမ်အေးစက်နေသော မျက်လုံးတွေထဲမှာ အလင်းရောင် လက်ဖြာသွား၏။ သူ အခု အဖြေကို သိပြီးပြီမို့ သေချာသွားပါပြီ။ “ မင်းက ကိုယ့်ကို သဘောကျနေတာပဲ။ ”
ခပ်ဝေးဝေးကကနေ ကျယ်လောင်သော ခွေးဟောင်သံကို ကြားရသည်။ တဝုတ်ဝုတ် ခွေးဟောင်သံက တစ်ခေါက်ထက် တစ်ခေါက် ပိုမို ကျယ်လောင်လာသည်။
ချန်ကျင်းလန်သည် လည်ချောင်းထဲကနေ နှလုံးသားထဲထိ တမြေ့မြေ့ ပူလောင်စွာ လောင်ကျွမ်းသွားခြင်းကို ခံစားလိုက်ရသည်။ ထိုမီးတောက်က သူမအား စိတ်ထဲရှိရာ စကားတွေကို ပြောမိတဲ့အထိ လောင်ကျွမ်းစေခဲ့သည်။ “ ကျွန်မ ခွေးတွေကို သဘောကျတယ်။ ”
ခွေးဟောင်သံကြောင့် နိုးလာသော ချန်လီချီက အိပ်မှုန်စုံမွှားဖြင့် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ ကားအပြင်မှာ ရပ်စကားပြောနေကြသော မိဘနှစ်ပါးကို မြင်တော့ “ မေမေ ” ၊ “ ဖေဖေ ” ဟု ခေါ်ပြီး လက် နှစ်ဖက်ကို ဆန့်တန်း၍ သူမကို လာဖက်ခိုင်းလိုက်သည်။
ရှောက်ချန်းကျယ်က လျှပ်စစ် ခြင်ရိုက်ဘတ်တံနှင့် သူ့အပေါ်အင်္ကျီကို ချန်ကျင်းလန်အား ပေးကာ နောက်ခန်းထိုင်ခုံမှာ ထိုင်နေသည့် ချန်လီချီကို သွားပွေ့ချီလိုက်သည်။ ချန်ကျင်းလန်က သူ ပေးတဲ့ ပစ္စည်းတွေကို သတိလက်လွတ် ကြောင်အမ်းစွာ ယူလိုက်ပြီး လက်ထဲ ရောက်လာတော့မှ သတိလက်လွတ် ယူလိုက်မိသည့် ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်သွားလေသည်။ သူ့အပေါ်အင်္ကျီကို ကားခေါင်မိုးပေါ် လွှင့်ပစ်ကာ ချန်လီချီအား နူးညံ့သော အပြုံး တစ်ခုဖြင့် အားယူ ပြုံးပြလိုက်သည်။ “ အမေတို့ စကားပြောနေတာ ကျယ်သွားလို့ သမီး နိုးလာတာလား လီချီလေး။ ”
အဖေဖြစ်သူရဲ့ ရင်ခွင်ထဲမှာ ပွေ့ချီခံထားရသော ချန်လီချီက အမေဖြစ်သူရဲ့ လည်ပင်းကို လက် နှစ်ဖက်ဖြင်ြ လှမ်းဖက်ကာ အိပ်ချင်မူးတူး အခြေအနေမှာပင် အမေဖြစ်သူထံမှ နွေးထွေးစွာ ပွေ့ဖက်မှုကို မျှော်လင့်နေလေသည်။ “ ဝုတ်ဝုတ် ဝုတ်ဝုတ်နဲ့ ခွေးဟောင်သံတွေကြောင့် သမီး နိုးလာတာ မေမေ။ သမီးလည်း ခွေးလေးတွေကို သဘောကျပေမဲ့ ဘွားဘွားရဲ့ မွှေးပွခွေး ပေါက်စလေးကိုပဲ ပိုသဘောကျတာ။ အဲ့ခွေးလေးက အရမ်း ချစ်ဖို့ကောင်းတယ် ၊ အကျယ်ကြီးလည်း မဟောင်ဘူး။ မေမေရော မွှေးပွခွေး ပေါက်စလေးတွေကို သဘောကျတာလားဟင်။ ”
ချန်ကျင်းလန် : “ …… ”
ရှောက်ချန်းကျယ် : “ …… ”
ချန်ကျင်းလန်က ချန်လီချီကို ပွေ့ချီချင်သော်လည်း လက်ထဲမှာ လျှပ်စစ် ခြင်ရိုက်ဘတ်တံကို ကိုင်ထားတာမို့ လက်ရှိ အနေအထားကနေ လက် တစ်ဖက်တည်းနှင့် သူမကို သွားဖက်ဖို့ နည်းနည်းလေး ခက်သည်။ ချန်ကျင်းလန်သည် သူမလေးနှင့် နဖူးချင်း ဖိကပ်လိုက်၏။ “ သမီးက ခွေးဟောင်သံတွေ ကျယ်လို့ ကြောက်နေတာလား။ ”
ချန်လီချီက ခေါင်းခါပြသည်။ “ မေမေနဲ့ ဖေဖေလည်း ဒီမှာ ရှိနေတာပဲ ၊ သမီး မကြောက်ပါဘူး။ ”
“ မေမေတို့ရဲ့ သမီးလေးက သတ္တိရှိလိုက်တာ။ ”
***