အခန်း ၃၈
Vol. 4 Ch. 38
အပိုင်း ( ၃၈ )
ချန်လီချီက အိပ်ရာနိုးခါစမို့ အနည်းငယ် အိပ်ချင်မူးတူး ဖြစ်နေဆဲ ဖြစ်ကာ သူမလေးကို အာရုံပြောင်းရလွယ်သည်။
“ သမီးက အခု ကလေး ပေါက်စနလေး မဟုတ်တော့ပါဘူး မေမေရဲ့။ အဲ့တော့ သတ္တိရှိရမယ်လေ။ ”
ချန်ကျင်းလန်ရဲ့ မျက်လုံးတွေ နူးညံ့သွားကာ သူမရဲ့ ရဲရင့်သော သမီးလေးကို ငုံနမ်းလိုက်လေသည်။
ရှောက်ချန်းကျယ်သည် သူ့လည်ချောင်းထဲမှာ ဖယ်ထုတ်လို့ မရတဲ့ တင်းကျပ်ကျပ် အရာ တစ်ခု တစ်ဆို့နေသလို ခံစားနေရ၏။ နည်းနည်းလောက်ပဲဖြစ်ဖြစ် ဒီညလေး ပိုကြာရှည်ခံနိုင်ဖို့သာ မျှော်လင့်မိသည်။
ချန်လီချီက အမေဖြစ်သူရဲ့ လည်ပင်းကို မှီကာ ကြောင်ကလေး တစ်ကောက်ကဲ့သို့ မျက်လုံးများဖြင့် ပွတ်သပ်နေခဲ့သည်။ ထို့နောက် သူမအမေရဲ့ ဘယ်လက်မှာ ကိုင်ထားတဲ့ ပစ္စည်းလေးကို မြင်သွားသည်။ သူမ အဲ့ဒါကို မနက်ကတည်းက မြင်ခဲ့တာပါ။ ချန်လီချီသည် ခါးလေး မတ်သွားကာ ထိုဘူးလေးကို စိတ်လှုပ်ရှားစွာ လက်ညိုးထိုးပြရင်း မေးလိုက်သည်။ “ မေမေ့ကို ဖေဖေ ပေးထားတဲ့ လက်ဆောင်ပဲ။ အဲ့ဒါ ဘာလေးလဲဟင် မေမေ။ မင်းသမီး သရဖူလေးပဲလား။ ”
ချန်ကျင်းလန်က “ အင်း ” ဟု မသဲမကွဲ ပြန်ပြောကာ ညာလက်ထဲမှာ ကိုင်ထားတဲ့ ပစ္စည်းအား သူမလေးကို ပြလိုက်သည်။ “ ဒါက သမီးအတွက် သမီးအဖေ ဝယ်ထားတာတဲ့။ ”
“ အဲ့ဒါ ဘာလေးလဲဟင် … ” ချန်လီချီက မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ် လုပ်ပြီးမှ ဖျတ်ခနဲ သတိရသွားသောအခါ အဖေဖြစ်သူကို လှည့်ကြည့်လိုက်သည်။ “ ဖေဖေက သမီးအတွက်ရယ် ၊ သူ့အတွက်ရယ် နှစ်ခု ဝယ်လာတာပဲ။ ဖေဖေနဲ့ သမီးက ခြင်တွေကို အတူတူ အပြတ်ရှင်းပြီး မေမေ့ကို ကာကွယ်ပေးမယ်။ ”
“ ဟုတ်တယ် ၊ ဖေဖေတို့ ခြင်တွေကို အပြတ်ရှင်းပြီး မေမေ့ကို ကာကွယ်ပေးကြမယ်။ ”
ဒီကိစ္စက “ သူခိုး သေဖော်ညှိ ” ဆိုတဲ့ စကားပုံလိုပါပဲ။
ချုံပုတ်ထဲမှာ ပုန်းနေသည့် ခြင်လေးတွေက သူတို့နှင့် ဒီကိစ္စ ဘာမှ မသက်ဆိုင်ပါဘူးဟု ပြောနေသည့်အလား တဝီဝီ အသံလေး နှစ်သံ ပြုခဲ့ကြသည်။ ချန်ကျင်းလန်ရဲ့ လည်ပင်းပေါ်က အနီကွက်တွေဟာ သူ့လက်ချက် ဆိုတာ ထင်ရှားသော်လည်း သူကတော့ အပြစ်ကင်းစင်တဲ့ ခြင်လေးတွေကို အပြစ်တင်နေခဲ့ပါသည်။
ချန်ကျင်းလန်က သူမလက်ထဲမှ ပစ္စည်းတွေကို ကားထဲ ထည့်ကာ ချန်လီချီလေးကို ပွေ့ချီလိုက်သည်။ “ ဒီည ခြင် တစ်ကောင်မှ မရှိဘူး။ ခြင်တွေ ရှိနေရင်လည်း သမီး မေမေ့ကို ကာကွယ်ပေးလို့ ရတာပဲကွယ်။ ဖေဖေ့ကို နှုတ်ဆက်ဖို့ အချိန်ကျပြီ။ သမီး ဒီနေ့ တော်တော်လေး ချွေးထွက်ထားတော့ အိမ်ပြန်ပြီး ရေချိုးရမယ် ၊ မဟုတ်ရင် သမီး ထပ်အိပ်ငိုက်လာလိမ့်မယ်။ ”
ချန်လီချီက အခုလေးတင် တစ်ရေး အိပ်ထားတာမို့ အားအင်ပြည့်ဝကာ ခေါင်းထဲမှာ ကြည်လင်နေသည်။ သူမ လုံးဝ မအိပ်ချင်ပါ။ “ သမီး အခုလေးတင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ထားတာပါ မေမေရဲ့ ၊ အခု မအိပ်ချင်ပါဘူး။ သမီး စန္ဒရားတီးနေတဲ့ ဗီဒီယိုကို ဖေဖေ ကြည့်ပြီးပြီလား။ ”
ရှောက်ချန်းကျယ်က သမီးဖြစ်သူကို “ မကြည့်ရသေးဘူး ” ဟု ပြန်ပြောလိုက်သည်။
ချန်လီချီက လက်ခုပ်တီးလိုက်၏။ “ ဒါဆို ဖေဖေရယ် ၊ မေမေရယ် ၊ သမီးရယ် အတူတူ ကြည့်ကြမယ်လေ။ သမီး ဗီဒီယိုကို တီဗီနဲ့ ချိတ်ပြီး ကြည့်လို့ ရတယ်မို့လား မေမေ။ အဲ့ဒါဆို ဗီဒီယိုကလည်း ပိုကြည်လိမ့်မယ်။ ”
ချန်ကျင်းလန်သည် လက်ကောက်ဝတ်မှာ ပတ်ထားတဲ့ နာရီလေးကို ငုံ့ကြည့်လိုက်သည်။ ခဏနေ သူမရဲ့ မိဘတွေ ပြန်ရောက်လာတော့မည်။ သူတို့တွေ တံခါးနားမှာ တဝဲလည်လည် လုပ်နေလို့ မရပါ။ “ ဒါဆို ဗီဒီယို ကြည့်ပြီးတာနဲ့ မေမေတို့ ရေချိုးပြီး အိပ်ကြမယ် ၊ ဟုတ်ပြီလား။ ”
ချန်လီချီ ပျော်ရွှင်စွာ ခေါင်းညိတ်ပြလိုက်သည်။ “ ဖေဖေရယ် ၊ မေမေရယ်နဲ့ ဗီဒီယိုကြည့်ပြီးသွားရင် ရေချိုးပြီး အိပ်မယ်။ အဲ့ဒါဆို သမီးလည်း အိပ်မက် လှလှလေး မက်မှာ။ ”
ရှောက်ချန်းကျယ်သည် သူမလေးရဲ့ ချက်ချက်ချာချာရှိလွန်းသော နှာခေါင်းလေးကို လိမ်ဆွဲချင်စိတ်အား ထိန်းမရတော့ပေ။
ချန်ကျင်းလန်က ရှောက်ချန်းကျယ်ကို “ အရင်ဆုံး ရှင့်ဒရိုင်ဘာကို ကားကို နေရာပြောင်းခိုင်းထားလိုက်။ ” ဟု ပြောလိုက်သည်။
သူ့ကို ကြည့်ရတာ သောက်ထားတဲ့ ပုံမို့ သူ့ကို ဒရိုင်ဘာ လိုက်ပို့ပေးတာပဲ ဖြစ်လိမ့်မည်။ ဒါ့ကြောင့် အနီးအနားမှာ ဒရိုင်ဘာ ရှိနေပါလိမ့်မည်။
ရှောက်ချန်းကျယ်က သူမရဲ့ မျက်လုံးတွေကို စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲမှ ဖြူစင်မှုက ချန်လီချီနှင့် တစ်ထပ်တည်း။ “ ဒရိုင်ဘာက သူ့အိမ်မှာ အရေးကြီးတဲ့ ကိစ္စ ပေါ်လာလို့ ငါ သူ့ကို အရင် ပြန်လွှတ်လိုက်တယ်။ ခဏနေရင် ငါ့ကို လာကြိုဖို့ အငှား ဒရိုင်ဘာကို ဖုန်းဆက်လိုက်မယ်။ ”
ချန်ကျင်းလန်က သူ့ကို မျက်စောင်းထိုးချင်သွားသော်လည်း ချန်လီချီ ရှိနေ၍ စိတ်ထိန်းလိုက်ရ၏။
“ ဖေဖေ့ကို တံခါးလေးကနေ အိမ်ထဲ ခေါ်သွားလိုက်နော် လီချီလေး။ မေမေ ကားကို ပါကင်ထိုးလိုက်ဦးမယ်။ ”
“ ဟုတ် ဟုတ်။ ” ချန်လီချီက သူမအဖေကို ရှေ့ကနေ လမ်းပြကာ ခေါ်သွားသည်။ “ တံခါးနားမှာ မျက်နှာကပ်လိုက်တာနဲ့ တံခါးက သူ့ဘာသာ ပွင့်သွားတယ် သိလား ဖေဖေ။ မှော်တံခါးကြီးလိုပဲ။ ဒါပေမဲ့ ဦးလေးကတော့ အဲ့ဒါ IT နည်းပညာတွေနဲ့ လုပ်ထားတဲ့ တံခါးလို့ ပြောတယ်။ ”
“ အံ့ဩစရာကောင်းလိုက်တာနော်။ ” ရှောက်ချန်းကျယ်က သမီးဖြစ်သူကို ရေလိုက်ငါးလိုက် ပြန်ပြောရင်း ကားသော့ကို ကားသော့ကို သူ့ဘေးမှ လူဆီ ပေးလိုက်သည်။
ချန်ကျင်းလန်က ကားသော့ကို စိတ်မပါလက်မပါ လှမ်းယူလိုက်ရသည်။ ဖြစ်နိုင်လျှင် ဒီကားသော့နှင့် သူ့မျက်နှာကို ပစ်ပေါက်လိုက်ချင်တာပါ။
အရင်ဆုံး သူ့ကားကို ခြံထဲမှာ သွင်းရသည် ၊ ပြီးတော့ သူမရဲ့ ကားအလှည့်ဖြစ်သည်။
ချန်လီချီကတော့ အဖေဖြစ်သူကို အိမ်ထဲ ခေါ်သွားခဲ့ပြီ ဖြစ်သည်။ မေမေ့ဖိနပ်တွေကို အရင်ဆုံး ထုတ်ပြီးမှ မနေ့ညတုန်းက ဖေဖေ စီးသွားခဲ့သည့် ခြေညှပ်ဖိနပ် အပါးလေးကို ထုတ်ကာ ဖေဖေ့ကို ပေးလိုက်သည်။ သူမ စီးတဲ့ ချစ်စရာ ယုန်ရုပ် ခြေညှပ်ဖိနပ် အပါးလေးကိုတော့ နောက်ဆုံးမှ ထုတ်ယူလိုက်၏။
ရှောက်ချန်းကျယ်က သူမလေးအား ရှူးဖိနပ်တွေ ကူချွတ်ပေးချင်ပေမဲ့ ချန်လီချီက သူ့ကို လက်ကာပြသည်။ “ သမီး အခု ကိုယ့်ဘာသာ ဖိနပ်ချွတ်နိုင်နေပါပြီ ဖေဖေရဲ့။ သမီး မငယ်တော့ပါဘူး ၊ တော်တော်များများကို သမီးဘာသာ လုပ်နိုင်ပါတယ်။ ”
ရှောက်ချန်းကျယ်က သူမကို ချန်ကျင်းလန်အတိုင်း ချီးကျူးလိုက်သည်။ “ ဖေဖေတို့ရဲ့ သမီးလေးက တော်လိုက်တာ။ ”
ချန်လီချီက တောက်ပစွာ ပြုံးရင်း ဘေးက တစ်ယောက်ထိုင် ခွေးခြေ ထိုင်ခုံလေးမှာ ထိုင်ပြီး သူမ စီးထားတဲ့ ရှူးဖိနပ်လေးတွေကို သွက်သွက်လက်လက် ချွတ်လိုက်၏။
ရှောက်ချန်းကျယ်က သူမလေးကို ဘေးကနေ ရပ်ကြည့်နေခဲ့သည်။ သူမလေး ဖိနပ်ချွတ်ပြီးသွားတော့မှ သူလည်း သူ့ဖိနပ်တွေကို စတင် ချွတ်လိုက်သည်။
ဖိနပ်ပြောင်းစီးပြီးသွားတော့ ချန်လီချီက အဖေဖြစ်သူကို လက်ဆွဲကာ ရေချိုးခန်းထဲ ခေါ်လာခဲ့လိုက်သည်။ ထို့နောက် သူမ တစ်ဦးတည်းသာ သုံးသည့် ကြွေဘေစင်လေးရှေ့မှာ ရပ်လိုက်၏။ “ အိမ်ပြန်ရောက်ရင် အရင်ဆုံး လုပ်ရမယ့် အရာက လက်ဆေးတာပဲလို့ မေမေက ပြောထားတယ်။ ”
ရှောက်ချန်းကျယ်က သမီးဖြစ်သူနှင့် ပတ်သက်လာလျှင် အမြဲတမ်း အလေးအနက်ထားပြီး သင်ယူချင်စိတ်ရှိသည်။ “ ဖေဖေ မှတ်မိပါတယ်။ ”
ချန်လီချီက သူမအဖေရဲ့ လက်တွေကို တစ်လှည့် ၊ သူမရဲ့ လက်လေးတွေကို တစ်လှည့် ကြည့်လိုက်သည်။ “ ဖေဖေ့လက်တွေက အကြီးကြီးပဲ ၊ သမီးလက်ထက်တောင် အများကြီး ပိုကြီးသေးတယ်။ ဦးလေးရဲ့ လက်တွေထက်လည်း ပိုကြီးမယ် ထင်တယ်။ ”
ရှောက်ချန်းကျယ်က သူ့ရဲ့ ညာလက်ကို ဆန့်ထုတ်ပြီး သူမရဲ့ လက် သေးသေးလေးတွေနှင့် လက်ဖဝါးချင်း ယှဉ်လိုက်တော့ ချန်လီချီလေးထံမှ တအံ့တဩ ရေရွတ်သံ ထွက်လာသည်။ “ ဝါး ၊ ဖေဖေ့လက်တွေက ဘာလို့ ဒီလောက်တောင် ကြီးနေရတာလဲဟင်။ ”
“ ဖြစ်နိုင်တာကတော့ … သမီးနဲ့ သမီးမေမေကို ကာကွယ်ပေးရမှာမို့လို့ နေမှာပေါ့။ ”
ချန်လီချီက ချက်ချင်း သဘောပေါက်သွားပြီး အဖေဖြစ်သူကို အထင်ကြီး လေးစားစွာ ကြည့်လိုက်သည်။ “ သမီး သိတယ်။ ဖေဖေက သမီးနဲ့ မေမေ့ကို သေချာပေါက် ကာကွယ်ပေးမှာပဲ။ ဖေဖေ့လက်တွေက ဒီလောက်တောင် ကြီးတာ ဆိုတော့ ခြင်တွေကို ရိုက်သတ်တဲ့နေရာမှာ လျှပ်စင် ခြင်ရိုက်ဘတ်တံထက်တောင် ပိုတော်ဦးမယ်။ ဟုတိတယ်မို့လား ဖေဖေ။ ”
…
သူမစကားကို မှားတယ်လို့ ရှောက်ချန်းကျယ် ပြောလို့ မရသဖြင့် ခေါင်းညိတ်ပြီး “ ဟုတ်တယ် ၊ ဖေဖေက ခြင်ရိုက်တဲ့ နေရာမှာ လျှပ်စစ် ခြင်ရိုက်ဘတ်တံထက် ပိုတော်တယ်။ ” ဟုသာ ပြောလိုက်ရ၏။
ချန်လီချီလေး စိတ်လှုပ်ရှားသွားကာ ဖေဖေ တစ်ကောင်မကျန် လက်စဖျောက်နိုင်စေရန်အတွက် ခြင်တွေ အများကြီး ရှိပါစေဟု ဆုတောင်းလိုက်သည်။
ချန်ကျင်းလန်က စင်္ကြံမှာ ခဏလောက် ရပ်နေပြီးမှ ရေချိုးခန်းထဲက နှစ်ယောက်ကို လှမ်းခေါ်လိုက်သည်။ “ လက်ဆေးပြီးရင် ထွက်လာခဲ့တော့နော် လီချီလေး။ မေမေ ဗီဒီယိုနဲ့ တီဗီနဲ့ ချိတ်ထားပြီးပြီ။ ”
ချန်လီချီသည် ဗီဒီယိုနှင့် တီဗီကို ချိတ်ထားပြီးပြီ ဆိုတဲ့ စကားကို ကြားသည်နှင့် လက်ကိုတောင် အခြောက်မခံတော့ဘဲ ဖေဖေ့လက်ကို ဆွဲကာ ရေချိုးခန်းထဲကနေ ပြေးထွက်လာခဲ့လိုက်သည်။ “ လာပြီ မေမေရေ။ မြန်မြန်လုပ် ဖေဖေ။ မေမေက ဗီဒီယိုကို တီဗီနဲ့ ချိတ်ပြီးပြီတဲ့။ ”
ချန်လီချီက ဖေဖေ့ကို ဆိုဖာပေါ်မှာ ထိုင်ခိုင်းလိုက်သည်။ ချန်ကျင်းလန်က တီဗီရီမုပေါ်က ‘ စတင် ပြသမည် ’ ဟူသော ခလုတ်ကို နှိပ်ပေးခဲ့ပြီး နေရာမှ ထသွားဖို့ ပြင်နေစဉ်မှာ ချန်လီချီက သူမကို လှမ်းခေါ်ပြီး ဆိုဖာပေါ်က ဘယ်ဘက် ဘေးနေရာလေးကို ပုတ်ပြသည်။ “ မေမေ ဒီမှာ ထိုင်။ ”
ချန်ကျင်းလန်က ဒီတိုင်းလေး ရပ်နေလိုက်သည်။ ဆိုဖာပေါ်မှာ ထိုင်နေတဲ့ သားအဖ နှစ်ယောက်က သူမကို တစ်ထေရာတည်း တူသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ သူမ ခဏလောက် ဆွံအသွားပြီးမှ ဒီအခြေအနေထဲကနေ အမြန် ရုန်းထွက်လိုက်၏။ “ သမီးနဲ့ ဖေဖေပဲ အရင် ကြည့်နှင့်လိုက်ပါ။ မေမေ လက်မဆေးရသေးလို့ သွားဆေးလိုက်ဦးမယ်။ ”
“ ဟုတ် ဟုတ်။ မေမေ ပြန်လာရင် သမီးတို့ နောက်တစ်ခေါက် ထပ်ကြည့်ကြမယ်။ ”
“ အင်း။ ” ချန်ကျင်းလန် အမြန် လှည့်ထွက်လာပြီး ရေချိုးခန်းထဲ ဝင်လိုက်သည်။
ရှောက်ချန်းကျယ်က သူမရဲ့ ထွက်ခွာသွားသော ကျောပြင်လေးကို ကြည့်နေ၏။ သူ့ရဲ့ နက်ရှိုင်းသော မျက်လုံးတွေထဲမှာ အရောင်တောက်သွားသည်။ သူ အချိန် အများကြီး နောက်ကျပြီးမှ တချို့ အခြေအနေတွေကို နားလည်ခဲ့တာမို့ လက်လွှတ်ခဲ့ရတဲ့ အရာတွေလည်း အများကြီးပါပဲ။ အခုအချိန်မှာ အဲ့ဒီအရာတွေကို ဘယ်က ဘယ်လို ပြန်တည်ဆောက်ရမလဲ ဆိုတာတောင် မသိတော့။
ချန်လီချီလေးကတော့ အဖေဖြစ်သူကို မှီရင်း တီဗီမှာ ပြသနေသည့် ဗီဒီယိုထဲမှ စန္ဒရားတီးသံနှင့် စည်းချက်ညီစွာ ခြေထောက်လေးကို တဖျတ်ဖျတ် လှုပ်ခါနေခဲ့သည်။ ရှောက်ချန်းကျယ်က သူမလေးကို ရင်ခွင်ထဲမှာ ထည့်ဖက်ထားပြီး သူ မကြည့်လိုက်ရတဲ့ သမီးဖြစ်သူရဲ့ ဖျော်ဖြေမှုကို တီဗီ ဖန်သားပြင်ကနေ တစ်ဆင့် ကြည့်နေသည်။
ဗီဒီယို ပြီးသွားတော့ ချန်လီချီက အဖေဖြစ်သူကို တောက်ပစွာ မော့ကြည့်လိုက်သည်။
ရှောက်ချန်းကျယ်သည် သူမရဲ့ လက်ကလေးကို ဖျစ်ညှစ်ပြီး စိတ်ပါလက်ပါ ချီးကျူးလိုက်၏။ “ လီချီလေးက အရမ်း တော်တာပဲ။ စန္ဒရားအတီးကောင်းလိုက်တာ ၊ ဖေဖေ့ထက်တောင်မှ တီးတတ်သေးတယ်။ ”
ချန်လီချီရဲ့ မျက်လုံးလေးတွေဟာ ပိုလို့တောင် တောက်ပသွားကာ အဖေဖြစ်သူရဲ့ ရင်ခွင်ထဲကို တွယ်တက်လိုက်သည်။ “ ဖေဖေ စန္ဒရားတီးတာကို သမီး နားမထောင်ဖူးဘူး။ ”
ရှောက်ချန်းကျယ်က သူမလေးရဲ့ ပြေလျော့ကျနေသော ဆံပင်တွေကို နားရွက်နောက်သို့ သပ်တင်ပေးလိုက်သည်။ “ နောက်တစ်ခေါက်ကျ ဖေဖေ စန္ဒရားတီးပြပါ့မယ်။ ဒီနေ့ကတော့ အရမ်း နောက်ကျနေပြီ။ သမီး ရေချိုးရဦးမယ် ၊ မဟုတ်ရင် နောက်တစ်နေ့မနက် နေဖင်ထိုးတဲ့အထိ အိပ်တဲ့ ၊ ပျင်းရိတဲ့ ဝက်ကလေး ဖြစ်သွားလိမ့်မယ်။ ”
ချန်လီချီက တခစ်ခစ် ရယ်မောလိုက်၏။ သူမ အိပ်ရာမထချင်၍ နေဖင်ထိုးတဲ့အထိ အိပ်ရာထဲမှာ အကြိမ်ပေါင်းများစွာ ပျင်းပျင်းရိရိ လူးလှိမ့်နေခဲ့ဖူးသည်။
“ ဒါဆို နောက်တစ်ခေါက်ကျ သမီးနဲ့ မေမေ နားထောင်ဖို့ ဖေဖေ စန္ဒရားတီးပြရမယ်နော်။ ”
“ အင်း။ ” ရှောက်ချန်းကျယ်က မနက်တုန်းက မူကြိုကျောင်း ဂိတ်ပေါက်မှာ သူ မြင်ခဲ့ရတဲ့ မြင်ကွင်းကို ဖျတ်ခနဲ သတိရသွားသည်။ “ ဖေဖေ သမီးနဲ့ လက်သန်းချင်း ချိတ်ပြီး ကတိပေးပါ့မယ်။ ”
ချန်လီချီကလည်း လက်သန်းချင်း ချိတ်ပြီး ကတိကဝတ်ပြုရတာကို သဘောကျသည်။ သူမလေးက လက်ကို ဆန့်ထုတ်ပေးလိုက်ပေမဲ့ ဖေဖေကတော့ လက်သန်းချင်း ဘယ်လို ကတိပေးရမှန်း သိတဲ့ ပုံ မပေါ်ပေ။ “ ဖေဖေ အရင်ဆုံး လက်မထောင်ထားရမယ်။ သမီးတို့ လက်သန်းချင်း ချိတ်ပြီးသွားရင် ကတိကဝတ်ပြုတဲ့အနေနဲ့ လက်မ နှစ်ခုကို ကပ်လိုက်ရမှာ။ ”
ရှောက်ချန်းကျယ်က သူ့သမီး ပြောတဲ့အတိုင်း လိုက်လုပ်လိုက်၏။ အရင်ဆုံး ညာဘက် လက်မကို ထောင်ပြီး လက်သန်းချင်း ချိတ်ပြီးနောက် လက်မ နှစ်ခုကို ဖိကပ်ကာ ကတိပေးလိုက်လေသည်။
ထိုအချိန်မှာ ချန်လီချီသည် ဖေဖေ့ရဲ့ လက်မပေါ်က သွားကိုက်ရာ အကွင်းလိုက်ကြီးကို မြင်သွားသည်။ မေးစရာတောင် မလိုပါ။ သူမ မေးလည်း ဖေဖေကတော့ သူ့ဘာသာ မတော်တဆ ကိုက်မိတာပါ ဟူ၍သာ သေချာပေါက် ပြောလိမ့်မည်။ ဒါပေမဲ့ ဘယ်သူက ကိုယ့်လက်မကိုယ် မတော်တဆ ကိုက်မိမှာလဲ။ ဒါကလည်း ဖေဖေ့ရဲ့ မသမာတဲ့ နောက်ထပ် နည်းလမ်း တစ်ခု ဖြစ်မည်ပင်။ ဒီတစ်ခေါက်တော့ ဖေဖေက ဉာဏ်ကောင်းသွားပြီမို့ လက်မကို အသုံးချကာ မသမာတဲ့ နည်းလမ်းကို သုံးခဲ့သည်။
ရေချိုးခန်းထဲမှ ထွက်လာသော ချန်ကျင်းလန်က ချန်လီချီကို မေးလိုက်သည်။ “ သမီး ဗီဒီယို ကြည့်ပြီးပြီလား။ ”
“ ဟုတ် ၊ ကြည့်ပြီးပြီ မေမေ။ ”
“ ဒါဆို သမီး ရေချိုးချင်လား။ သမီး အခုနေ ရေမချိုးရင် ခဏနေကျ ချွေးတွေနဲ့ တစ်ကိုယ်လုံး စိုရွဲသွားလိမ့်မယ်။ ”
“ သမီး ရေချိုးမယ်။ ” ချန်လီချီက အမြန် ထလိုက်သည်။ သူမ ချွေးတွေဖြင့် ခန္ဓာကိုယ် တစ်ခုလုံး မရွဲစိုချင်သလို ဖေဖေ့လက်မက ဒဏ်ရာကိုလည်း မမေ့လျော့ခဲ့ပေ။ “ ဖေဖေ့လက်က နာနေတယ် မေမေ။ တကယ့်ကို ဆိုးဆိုးဝါးဝါး နာနေတာ။ ” သူမက ဖေဖေ့လက်မကို ကိုင်၍ သွားကိုက်ရာတွေကို မေမေ့အား ပြလိုက်သည်။ “ မေမေ လေမှုတ်ပေးချင်လားဟင်။ မေမေ လေမှုတ်ပေးလိုက်ရင် ဖေဖေ နာတော့မှာ မဟုတ်ဘူးရယ်။ ”
ချန်ကျင်းလန်က သူ့လက်မပေါ်က သွားကိုက်ရာတွေကို ကြည့်ပြီး မနေ့ညတုန်းက ရုန်းရင်းဆန်ခတ် အခြေအနေတွေအကြောင်း ပြန်တွေးမိသွားသည်။ သူမ ဒီ့ထက် ပိုနာအောင် ကိုက်ပစ်ခဲ့ရမှာ ၊ ဘာလို့များ ပြတ်ထွက်သွားအောင် မကိုက်ခဲ့မိတာပါလိမ့် … ။ သမီးဖြစ်သူက သူမကို မျှော်လင့်ချက် အပြည့် ပါသည့် နူးညံ့သော မျက်နှာလေးဖြင့် ကြည့်နေသည်။ “ သမီး ဒီည ဝတ်ချင်တဲ့ ညအိပ်ဝတ်စုံကို သွားရှာလိုက်နော်။ မေမေ ဖေဖေ့လက်ကို ဆေးလိမ်းပေးလိုက်မယ်။ ဆေးလိမ်းပေးတာက လေမှုတ်ပေးတာထက် ပိုထိရောက်တယ်။ ”
ဆေးလိမ်းပေးတာလည်း ကောင်းတာပါပဲ။ ဘိုးဘိုး သူ့လက်ကို နာအောင် လုပ်တိုင်း ဘွားဘွားက ဆေးလိမ်းပေးလေ့ ရှိသည်။
“ ဟုတ် ဟုတ် ၊ အဲ့ဒါဆို သမီး ညအိပ်ဝတ်စုံ သွားရှာလိုက်ဦးမယ်။ မေမေ ဖေဖေ့ကို ဆေးလိမ်းပေးလိုက်ဦး။ ” ချန်လီချီသည် သူမ ကိစ္စကြီး တစ်ခုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သလို ခံစားရသည်။ မေမေ ဖေဖေ့ကို လွတ်လွတ်လပ်လပ် ဆေးလိမ်းပေးနိုင်ဖို့အတွက် ဧည့်ခန်းထဲမှ ထွက်လာကာ အဝတ်တွေ ချိတ်ထားသည့် အခန်းထဲကို အမြန် သွားပြီး ညအိပ်ဝတ်စုံ ရှာလိုက်သည်။ သူမမှာ ညအိပ်ဝတ်စုံတွေ အများကြီး ရှိကာ ဘယ်တစ်ထည်ကို ဝတ်ရမလဲ ဆိုတာ ဝေခွဲမရဖြစ်နေသောကြောင့် ဒီနေ့ ညအိပ်ဝတ်စုံ ရွေးတဲ့ နေရာမှာ နည်းနည်းလေး ပိုအချိန်ယူရမည်ဟု ဆုံးဖြတ်လိုက်လေသည်။
ချန်ကျင်းလန်က ဆေးသေတ္တာထဲမှာ ဆေးဘူးလေးကို ယူပြီး သူ့ကို ပစ်ပေးကာ ကိုယ်တိုင် လိမ်းဖို့ ပြောလိုက်၏။ ထို့နောက် ဆိုဖာပေါ်မှာ တင်ထားတဲ့ သူမရဲ့ ဖုန်းကို ယူပြီး သူမရဲ့ အဖေနှင့် အမေ အိမ်ပြန်ရောက်ပြီလား ဆိုတာ သေချာစေရန် အမေဖြစ်သူကို ဖုန်းဆက်မေးလိုက်သည်။
ဖုန်းပြောပြီးသွားတော့ သူမ သူ့ကို နှင်ထုတ်ဖို့ ပါးစပ်ပြင်နေစဉ်မှာပဲ ရှောက်ချန်းကျယ်ရဲ့ နှုတ်ခမ်းတွေ အနည်းငယ် ပွင့်ဟသွားကာ စကား တစ်ခွန်း လွင့်အန်ကျလာသည်။
ခပ်တိမ်တမ် အသံထဲမှာ ဘာခံစားချက်မှ သိသိသာသာ မပါဝင်ဘဲ တိုးလျခြောက်သွေ့နေ၏။
ပထမတော့ ချန်ကျင်းလန်က သူ ဘာပြောလိုက်တာလဲ ဆိုတာ သေချာ မကြားလိုက်ဘဲ စက္ကန့်ကိုင်းလောက် ကြာတော့မှ သတိပြန်ဝင်လာသည်။
သူမ သူ့ကို သံသယအကြည့်ဖြင့် ကြည့်လိုက်မိသည်။
ရှောက်ချန်းကျယ်ရဲ့ နားရွက်တွေက နည်းနည်းလေး နီနေကာ ပါးစပ်ကို လက်သီးနှင့် အုပ်၍ ခပ်တိုးတိုး ချောင်းဟန့်လိုက်သည်။ “ မင်း ခွေးတွေကို သဘောမကျပါဘူး။ ”
***