← Chapters

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉

Vol. 4 Ch. 39

အပိုင်း ( ၃၉ )

ချန်ကျင်းလန်သည် ညရဲ့ ပထမ တစ်ဝက်ထိ အိပ်မပျော်နိုင်ဘဲ ဒုတိယ တစ်ဝက် ရောက်တော့ အိပ်မက် တစ်ခု မက်ပြန်သည်။ အိပ်မက်ထဲမှာ ခွေးမည်းကြီး တစ်ကောင်က သူမကို အဆက်မပြတ် ဟောင်နေခဲ့သည်။ နောက်တစ်နေ့မနက် သူမ အိပ်ရာနိုးလာချိန်တွင် မျက်လုံးအောက်မှာ မျက်ကွင်းတွေ ညိုမည်းနေသည်မှာ မိတ်ကပ် ထူထူနှင့်တောင် ဖုံးဖိလို့ မရ။

ချန်လီချီက သူမအမေရဲ့ မျက်နှာကို စူးစမ်းသော အကြည့်ဖြင့် ကြည့်ကာ “ မေမေ ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား။ ” ဟု မေးလိုက်သည်။

ချန်ကျင်းလန်က မျက်နှာပေါ်မှာ အစိုဓာတ်ဖြည့်သည့် ခရင်မ် တချို့ကို ပွတ်လိမ်းပြီးနောက် သမီးဖြစ်သူရဲ့ ပါးလေးတွေကို နှစ်ကြိမ်တိတိ ဖွဖွလေး ပွတ်ပြီးမှ ထိုမေးခွန်းကို ပြန်ဖြေလိုက်သည်။ “ နည်းနည်းပါ။ ”

ချန်လီချီ မျက်လုံးပြူးသွားသည်။ “ မေမေ အိပ်မက်ဆိုးမက်တာလား။ ”

“ အင်း။ ”

“ ဘာအကြောင်း အိပ်မက်ဆိုးမက်တာလဲဟင်။ မေမေ့နောက်ကို ကျားကြီး လိုက်လို့လား။ ”

“ မဟုတ်ဘူး ၊ မေမေ့နောက်ကို ခွေးမည်းကြီး လိုက်နေတာ။ ”

“ အယ် … ” ချန်လီချီက အမေဖြစ်သူရဲ့ ခေါင်းလေးကို ပုတ်ပြီး နှစ်သိမ့်ပေးလိုက်သည်။ “ မကြောက်ပါနဲ့ မေမေရဲ့။ ခွေးတွေက အဲ့လောက် ကြောက်ဖို့ မကောင်းပါဘူး။ မွှေးပွခွေး ဖြူဖြူသေးသေးလေးတွေဆို သိပ်ချစ်စရာကောင်းတာ ၊ ပြီးတော့ ခွေး အကြီးကြီးတွေကလည်း ချစ်စရာကောင်းပါတယ်။ မေမေ့အိပ်မက်ထဲက ခွေးကြီးကလည်း ချစ်စရာကောင်းမှာ သေချာတယ်။ ”

ချန်ကျင်းလန်က ဘီးကို ယူပြီး သူမရဲ့ ဆံပင်လေးတွေကို ဖီးပေးလိုက်သည်။ “ မေမေ့အိပ်မက်ထဲက ခွေးကြီးက ချစ်စရာကောင်းမှန်း လီချီလေးက ဘယ်လိုလုပ် သိတာလဲ။ မေမေ့အိပ်မက်ထဲကို လီချီလေး လာခိုးကြည့်ထားတာလား။ ”

ချန်လီချီက ခေါင်းလေးကို စောင်းကာ ခဏလောက် စဉ်းစားပြီးမှ အမေဖြစ်သူကို ပြန်ပြောလိုက်သည်။ “ မေမေက ကမ္ဘာပေါ်မှာ အလှဆုံး ၊ အတော်ဆုံး ၊ ချစ်စရာအကောင်းဆုံး အမေ ဖြစ်နေလို့ပါ။ အဲ့ဒါကြောင့် မေမေ့နောက်ကို လိုက်လာတဲ့ ခွေးကြီးကလည်း မေမေ့ကို သဘောကျလို့ လိုက်လာတာပဲ ဖြစ်လိမ့်မယ်။ မေမေ့ကို သဘောကျတဲ့ ခွေးကြီးကလည်း သိပ်ကို ချစ်စရာကောင်းမှာ သေချာတယ် ၊ သမီးလိုပေါ့။ ”

အစတုန်းကတော့ ချန်ကျင်းလန်က ညတုန်းက တော်တော်လေး အိပ်ရေးပျက်ခဲ့ရတာမို့ ခေါင်းမကြည် ဖြစ်နေခဲ့သော်လည်း အခုတော့ သမီးဖြစ်သူရဲ့ မျက်နှာ ဖောင်းဖောင်းလေးကို လက် နှစ်ဖက်ဖြင့် ကိုင်ကာ တရစပ် နမ်းလိုက်သည်။ ဒီလို ချစ်စရာကောင်းတဲ့ ကလေးမလေး တစ်ယောက်က သူမရဲ့ သမီးလေး ဖြစ်နေမှတော့ သူမ ဘာတတ်နိုင်တော့မှာလဲ။ သူမလေးက ကိုယ့်အမေရဲ့ နှလုံးသားကို မနက် အစောကြီးကတည်းက အရည်ဖျော်ပစ်ဖို့ စီစဉ်နေတာလား။

“ မေမေ့ရဲ့ အသည်းနှလုံးလေးလောက် ဘယ်သူကမှ ချစ်စရာမကောင်းပါဘူးကွယ်။ သမီးက ချစ်စရာအကောင်းဆုံး ကလေးလေးပဲ။ ”

ချန်လီချီရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ ကော့တက်သွား၏။ “ ဒါဆို မေမေ့ရဲ့ ချစ်စရာ အသည်းနှလုံးလေး ဖြစ်တဲ့ သမီးကို ချစ်စရာအကောင်းဆုံး ကျစ်ဆံမြီးလေးတွေ စီးပေးပါဦး။ ”

ချန်ကျင်းလန်က ကျစ်ဆံမြီးတင် မဟုတ်ဘဲ ဆံပင်တွေ အကုန်လုံးကို စုသိမ်းကာ မို့မို့မောက်မောက် ဆံထုံးလေး ထုံးပေးလိုက်၏။ ချန်လီချီက မှန်ရှေ့မှာ သုံး လေးပတ်လောက် လှည့်နေပြီးမှ အမေဖြစ်သူရဲ့ လက်ကို ဆွဲလျက် အိမ်ထဲမှ ပျော်ရွှင်စွာ ထွက်လာခဲ့လိုက်သည်။

အိမ်တံခါးကို ဖွင့်လိုက်သည်နှင့် တံ‌ခါးရှေ့မှာ နှင်းဆီပန်းစည်းကြီး တစ်စည်းကို မြင်လိုက်ရလေသည်။ “ ဝိုး ၊ ဒီပန်းတွေကို သမီးတို့ အိမ်ရှေ့မှာ ဘယ်သူ လာထားသွားတာလဲ မေမေ။ လှလိုက်တာ။ ”

ထိုပန်းစည်းက ကြီးလွန်းလို့ ချန်လီချီ မကိုင်နိုင်သောကြောင့် ဆောင့်ကြောင့်လေး ထိုင်ပြီး နှင်းဆီပန်းတွေကို နမ်းရှိုက်ကာ အမေဖြစ်သုကို ပြန်မော့ကြည့်လိုက်သည်။ “ မွှေးနေတာပဲ မေမေ။ နတ်သမီးလေး လာပေးသွားတာများလား။ ”

မနေ့ညကတည်းက သူမရဲ့ ကားနောက်ခန်းထဲမှာ ပန်းတွေကို ချန်ကျင်းလန် မြင်ခဲ့ပြီးသားပါ။

ရှောက်ချန်းကျယ်သည် သူမတို့ တွဲခဲ့စဉ် အခါကတည်းက အသစ်စက်စက် လက်ဝတ်ရတနာတွေ ၊ အိတ်တွေ ၊ အဝတ်အစားတွေ စသည်ဖြင့် လက်ဆောင် မျိုးစုံ ပေးလေ့ရှိသည်။ အရမ်းကို ဝယ်ရ လွယ်ပြီး အပေါ်ယံဆန်လွန်းတဲ့ လက်ဆောင်တွေပေါ့။ တစ်ခါတလေတော့ သူ ပေးတဲ့ လက်ဆောက်တွေကို ဖွင့်ကြည့်ဖို့တောင် သူမ ပျင်းလွန်းခဲ့သည်။ ဒါပေမဲ့ သူ အရင်တုန်းက သူမကို တစ်ခါမှ ပန်းစည်း မပေးဖူးသောကြောင့် ပန်းစည်းကို ကိုင်ထားတဲ့ သူ့ပုံစံကို စိတ်ကူးထဲမှာ ပုံဖော်ကြည့်လို့ မရပေ။ သူ့ပါးစပ်ကနေ “ ဝုတ် ” ဆိုတဲ့ အသံ ထွက်လာမယ်လို့ သူမ စိတ်ကူးကြည့်လို့ မရသလိုပဲ ၊ ပန်းပေးတာကလည်း သူ့စတိုင် မဟုတ်ခဲ့။

“ ဝုတ် ဝုတ် ” လို့ ခွေးဟောင်သံလို အသံလုပ်လိုက်တာနဲ့ပဲ ခွေးတွေက သူ့ကို သူတို့ထဲက တစ်ယောက် ဆိုပြီး အသိအမှတ်ပြုမယ်လို့ သူ ထင်နေတာလား။

ချန်ကျင်းလန်က နှင်းဆီပန်း တစ်ပွင့်ကို ခူးကာ ရိုးတံကို ချိုးဖြတ်၍ ချန်လီချီလေးရဲ့ နားရွက်နောက်မှာ ပန်ပေးလိုက်၏။ ထို့နောက် သမီးဖြစ်သူရဲ့ မေးစေ့လေးကို ကိုင်ကာ မျက်နှာကို သေချာ ကြည့်လိုက်သည်။ “ မေမေ အခု နတ်သမီးလေး တစ်ပါးကို ကြည့်နေမိတယ်လို့ ခံစားရတယ်။ ”

ချန်လီချီက နားရွက်ပေါ်က နှင်းဆီပန်းလေးကို ကိုင်ကြည့်ရင်း ပျော်ရွှင်စွာ ခုန်ပေါက်လိုက်သည်။ “ သမီး ပန်းနတ်သမီးလေး ဖြစ်သွားပြီ။ ”

ချန်ကျင်းလန်က သူမလေးကို ပွေ့ချီလိုက်သည်။ “ မေမေ့လီချီလေးက ပန်းနတ်သမီးလေး ဖြစ်သွားပြီပဲ။ သမီး မနက်စာရော စားချင်သေးရဲ့လား။ ”

ချန်လီချီက သူမအမေရဲ့ လည်ပင်းကို ပွေ့ဖက်လိုက်သည်။ “ စားချင်တာပေါ့။ ပန်းနတ်သမီးလေးတွေကလည်း ပိုလှတဲ့ နတ်သမီးလေးတွေအဖြစ် ကြီးပြင်းနိုင်ဖို့ များများ စားရမယ်။ ” သူမလေးက နှာခေါင်းလေးကို ပွတ်သပ်လိုက်သည်။ “ ဘွားဘွားချူ ချက်နေတဲ့ မနက်စာကို အခုကတည်းက အနံ့ရနေပြီ။ ”

ချန်ကျင်းလန်က သူမရဲ့ ပန်းနတ်သမီးလေးအား ပွေ့ချီကာ နံရံနှင့် သွယ်ဆက်သွားသော တံခါးလေးထဲကို ဝင်ခဲ့လိုက်သည်။ လေပြည်က နံရံထိပ်မှာ ဖူးပွင့်နေသည့် နှင်းဆီတွေကို လှုပ်ခါသွားစေကာ ဇွန်လ လေထုထဲမှာ နှင်းဆီရနံ့တွေ ပြည့်နှက်သွားသည်။

နွေဦးက သူတို့ သတိမထားမိခင်မှာပဲ ရောက်ရှိလာခဲ့ပါပြီ။

မနေ့က စနေနေ့မို့ ချန်ကျင်းလန် ဟိုတယ်ကို မသွားဖြစ်ခဲ့၍ ဒီမနက်တော့ အလုပ်ကြွေးတွေကို ဖြိုဖို့ သွားမှ ဖြစ်မည်။ ဟိုတယ်မှာလည်း ဒီတစ်ပတ် ပိတ်ရက်မှာ အရေးကြီးတဲ့ အစည်းအဝေး နှစ်ခုကို လုပ်မှာမို့ သူမ ကြီးကြပ် ကြည့်ရှုချင်ပါသေးသည်။

ကားကို မြေအောက် ကားပါကင်မှာ ပါကင်ထိုးပြီးသွားတော့ လုပ်နေကျအတိုင်း ဖုန်းကို ထုတ်ပြီး မက်ဆေ့ခ်ျတွေကို စစ်လိုက်သည်။ WeChat ပေါ်မှာ အနီရောင် အစက်လေးတွေ အများကြီး ရှိနေသည်။ အများဆုံးကတော့ ချန်ယွင်ချုံးနှင့် မြောင်တို့ ဦးဆောင်ထားတဲ့ ဧည့်ခံပွဲ Group ။ ဧည့်ခံပွဲက မနက်ဖြန်မို့ သူတို့ ဒီနေ့ အကြို လေ့ကျင့်နေကြတာပင်။

ကျိုးအန်းက Group ထဲမှာ ပထမဆုံးအကြိမ်အဖြစ် စကားဝင်ပြောခဲ့သည်။ သူက @ချန်ကျင်းလန်ကို အရင်ဆုံး မန်းရှင်းပြီးမှ @ရှောက်ချန်းကျယ်ကို မန်းရှင်းလိုက်၏။ [ မနက်ဖြန် ဧည့်ခံပွဲ ပြီးသွားတာနဲ့ ငါတို့ ကုမ္ပဏီ သုံးခု တွေ့ဆုံပွဲ လုပ်သင့်တယ်။ ဘာလို့ဆို အခုရက်ပိုင်း ငါတို့တွေ အွန်လိုင်းကပဲ အများဆုံး တွေ့ဖြစ်ကြတယ်လေ ၊ အဲ့တော့ ငါတို့ရဲ့ နောက်ထပ် လက်တွဲ အလုပ် လုပ်မယ့် ပရောဂျက်တွေအတွက် အုတ်မြစ်ကောင်း တစ်ခုကို တည်ဆောက်နိုင်ဖို့ “ သူငယ်ချင်း တွေ့ဆုံပွဲ ” လေး တစ်ပွဲတော့ လုပ်သင့်တယ် ထင်တာပဲ။ ပြီးတော့ ငါတို့ရဲ့ ဧည့်ခံပဲကို အောင်အောင်မြင်မြင် ချောချောမွေ့မွေ့ ကျင်းပနိုင်ဖို့အတွက် ငါ ဒကာခံပြီး လူတိုင်း ခေါင်းမထောင်နိုင်တဲ့အထိ သောက်ကြ ၊ စားကြမယ်။ ဘယ်သူမှ မမူးမချင်း မပြန်ရဘူး။ ဘယ်လို သဘောရကြလဲ။ ]

အောက်မှာတော့ Group ထဲက တခြား လူတွေက ‘ ဘော့စ်ကျိုးရဲ့ စိတ်ကူးက ကောင်းလိုက်တာ ’ ဟု ဆိုကာ တက်ကြွလက်ကြွ သဘောတူနေခဲ့ကြသည်။

သူ မန်းရှင်းထားတဲ့ လူ နှစ်ယောက်ကတော့ အခုထိ စာမပြန်သေး။

ချန်ကျင်းလန်က Chat Box ထဲမှာ စာရိုက်လိုက်သည်။ [ ဘော့စ်ကျိုး ပြောတာ မှန်ပါတယ် ၊ ကျွန်မတို့ တွေ့ဆုံပွဲ လုပ်သင့်တယ်။ ဒါပေမဲ့ ဒကာခံတဲ့ လူက‌ ဘော့စ်ကျိုး မဖြစ်သင့်ဘူး။ ဘော့စ်ကျိုးက မိုင်းရွှီနဲ့ လန်ချန်းရဲ့ စီးပွားရေးလုပ်ငန်းတွေကို အပင်ပန်းခံပြီး ဂရုစိုက်ပေးခဲ့တာပါ။ ကျွန်မတို့ကို တစ်ဝိုင်း ကျွေးဖို့ အတွက် ထပ်ပြီး အပင်ပန်းမခံသင့်ဘူး။ အလုပ်ကြိုးစားခဲ့ကြတဲ့ အကုန်လုံးကိုရော ၊ မိုင်းရွှီရဲ့ အလုပ်မှာ ဂရုတစိုက် ပူပေါင်း ဆောင်ရွက်ပေးခဲ့ကြတဲ့ ဘော့စ်ကျိုးရဲ့ အဖွဲ့နဲ့ ချင်းမြောင်ရဲ့ အဖွဲ့ကိုရော စိတ်ရင်းနဲ့ ကျေးဇူးတင်ကြောင်းဖော်ပြဖို့ ကျွန်မပဲ ဒကာခံပါရစေ။ ]

‘ စာပို့မည် ’ ဟူသော နေရာကို ချန်ကျင်းလန် နှိပ်ပြီးသည်နှင့် တစ်ပြိုင်နက် တစ်ချိန်တည်းမှာပဲ Chat ထဲမှာ နောက်ထပ် မက်ဆေ့ခ်ျ တစ်စောင် တက်လာသည်။ သူမရဲ့ မက်ဆေ့ခ်ျက အပေါ် ၊ ထိုမက်ဆေ့ခ်ျက အောက်။ ထိုမက်ဆေ့ခ်ျကို ပို့သူကတော့ ရှောက်ချန်းကျယ် ဖြစ်လေ၏။

[ ဘော့စ်ကျိုး ပြောတာ မှန်ပါတယ် ၊ ကျွန်တော်တို့ တွေ့ဆုံပွဲ လုပ်သင့်တယ်။ ဒါပေမဲ့ ဒကာခံတဲ့ လူက‌ ဘော့စ်ကျိုး မဖြစ်သင့်ဘူး။ ဘော့စ်ကျိုးက ဒီဧည့်ခံပွဲကို ဦးဆောင်နေရတာပါ ၊ ပြီးတော့ ဘော့စ်ကျိုးနဲ့ သူ့အဖွဲ့က ချင်းမြောင်ကို အများကြီး ကူညီပေးခဲ့ပြီးပြီ။ ကျွန်တော်တို့ကို တစ်ဝိုင်း ကျွေးဖို့ အတွက် ထပ်ပြီး အပင်ပန်းမခံသင့်ဘူး။ အလုပ်ကြိုးစားခဲ့ကြတဲ့ အကုန်လုံးကိုရော ၊ ချင်းမြောင်ရဲ့ အလုပ်မှာ ဂရုတစိုက် ပူပေါင်း ဆောင်ရွက်ပေးခဲ့ကြတဲ့ ဘော့စ်ကျိုးရဲ့ အဖွဲ့နဲ့ ဘော့စ်ချန်ရဲ့ အဖွဲ့ကိုရော စိတ်ရင်းနဲ့ ကျေးဇူးတင်ကြောင်းဖော်ပြဖို့ ကျွန်တော်ကပဲ ဒကာခံပါရစေ။ ]

Group ထဲမှာ တခြား လူတွေက အပေါ်အောက် မက်ဆေ့ခ်ျတွေကို ကြည့်ကာ သူတို့ပဲ အမြင်မှားတာလားဟု ခဏတာ ထင်သွားကြသည်။ ဒီမက်ဆေ့ခ်ျ နှစ်စောင်က ဘယ်လိုလုပ် အရမ်း တူနေရတာလဲ။ မတူညီတဲ့ လူ နှစ်ယောက် ရေးတာရော ဟုတ်ရဲ့လား။

ကျိုးအန်းက [ မင်းတို့ နှစ်ယောက်က အရမ်း လိုက်ဖက်ညီနေတာပဲ။ ] ဟု အရင်ဆုံး စာပြန်ပြီးမှ [ ဘယ်သူပဲ ဒကာခံ,ခံ ညစာစားပွဲက အတည် ဖြစ်သွားပြီနော်။ မနက်ဖြန် ငါ အဲ့မှာ ရှိနေမယ် ၊ ဒကာခံမယ်လို့ ပြောတဲ့ မင်းတို့ နှစ်ယောက် အဲ့ကျမှ ဆင်ခြေပေးပြီး မလာတာမျိုး မလုပ်ရင် ပိုကောင်းမယ်။ ] ဟု စာထပ်ပို့လိုက်သည်။

ဘော့စ်ကျိုးက သူ့မက်ဆေ့ခ်ျကို အမြန် ပြန်ဖျက်သွားပေမဲ့ တချို့က မျက်စိလျင်သည်။

ဝူထုံထုံကလည်း မျက်စိလျင်တဲ့ လူတွေထဲမှာ တစ်ယောက် အပါအဝင် ဖြစ်သည်။ သူမက ဘော့စ်ရှောက်ရဲ့ မက်ဆေ့ခ်ျကို တစ်လှည့် ၊ မိုင်းရွှီမှ ဘော့စ်ချန်ရဲ့ မက်ဆေ့ခ်ျကို တစ်လှည့် ကြည့်ကာ ပါးစပ်ကို လက်ဖြင့် အုပ်လိုက်လေသည်။ သူမကို ဘော့စ်အဲလက်စ် ပြော‌ဖူးတဲ့ ၊ သူမရဲ့ ဘော့စ်ကို ဘဝတစ်သက်တာ ပျော်ရွှင်စေနိုင်တယ် ဆိုတဲ့ လူကို သူမ ရှာတွေ့သွားပြီလို့ ခံစားလိုက်ရသည်။ အဲ့ဒီလူက … မိုင်းရွှီက ဘော့စ်ချန်များလား … ။

ဒါပေမဲ့ ဘယ်တော့မှ Profile Picture မပြောင်းတဲ့ ဘော့စ်ရှောက်က ဘယ်တုန်းက ပြောင်းလိုက်တာလဲ။ ဘော့စ်ရှောက် ပြောင်းလိုက်တဲ့ Profile Picture က German Shepherd အယ်လ်ဇေးရှင်း ခွေးကြီးကို အဖြူရောင် မွှေးပွခွေးလေးက ဘေးကနေ တိုးဝှေ့နေတဲ့ ဓာတ်ပုံ ဖြစ်သည်။ German Shepherd အယ်လ်ဇေးရှင်း ခွေးကြီးက သူမရဲ့ ဘော့စ်နှင့် အတော်လေး တူပေမဲ့ သိပ်ကို ချစ်စရာကောင်းလွန်းတဲ့ ဒီမွှေးပွခွေး အဖြူရောင်လေးကတော့ သူမဘော့စ်ရဲ့ ပုံရိပ်နှင့် လုံးဝ မသက်ဆိုင်ပေ။ ဒီလို ချစ်စရာ အကောင်လေးတွေကို သူမရဲ့ ဘော့စ် ဘယ်တုန်းက သဘောကျသွားတာလဲ။

ဝူထုံထုံသည် ဒီလို ချစ်စရာ တိရစ္ဆာန်လေးတွေကို သူမရဲ့ ဘော့စ် သဘောကျတာကိုပဲ အံ့ဩရမလား ၊ Profile Picture ဘယ်လို ပြောင်းရမလဲ ဆိုတာ တကယ်ပဲ သိနေတဲ့ ဘော့စ်ဖြစ်သူကို အံ့ဩရမလား ၊ ဒါမှမဟုတ် သူမရဲ့ ဘော့စ်နှင့် … မိုင်းရွှီက ဘော့စ်ကြားမှ သိမ်မွေ့တဲ့ ဆက်ဆံရေးကိုပဲ အံ့ဩရမလား မသိတော့ပေ။

ချန်ကျင်းလန်က မက်ဆေ့ခ်ျကို ကြည့်ကာ ဖျက်ပစ်ချင်သွားသော်လည်း အဲ့လို လုပ်လိုက်ရင် အရမ်းကြီး ရှောင်တိမ်းရာကျသွားလိမ့်မည်။ သူမ ဖုန်းကို အိတ်ထဲ ပစ်ထည့်ကာ လိုက်ဖက်ညီနေတဲ့ အကြောင်းကိုရော ၊ သူ့ Profile Picture က ဘာပုံလဲ ဆိုတဲ့ အကြောင်းကိုရော ၊ သူ ခွေးတွေနှင့် ယှဉ်ပြိုင်ဖို့ ကြိုးစားနေတာလား ဆိုတာကိုရော မတွေးမိအောင် နေလိုက်သည်။

ရှောက်ချန်းကျယ်က မက်ဆေ့ခ်ျ နှစ်စောင်ကို ခဏလောက် စိုက်ကြည့်နေရင်း နှုတ်ခမ်းထောင့်စွန်းတွေ အနည်းငယ် ကော့တက်သွားသည်။ ထို့နောက် ထိုမက်ဆေ့ခ်ျ နှစ်စောင်ကို စခရင်ရှော့ ရိုက်ယူလိုက်၏။

လမ်းဖြတ်ကူးလာသော ချန်ကျင်းချွမ်သည် တပ်ထားတဲ့ နေကာမျက်မှန်ကို နှာခေါင်းပေါ် ပင့်တင်လိုက်သည်။ နေ့ခင်းကြောင်တောင်ကြီး သူ သရဲတွေကို မြင်နေရတာပါလား … ။ ဒီလူက ဘယ်လို ပြုံးရမလဲ ဆိုတာ တကယ်ကြီး သိတယ်ပေါ့ … ။ ချန်ကျင်းချွမ်က မြို့‌ထဲမှာ ကျင်းပမည့် လုပ်ငန်းကိစ္စ အစည်းအဝေး တစ်ခုကို တက်ရောက်ဖို့ လာခဲ့ခြင်း ဖြစ်ကာ ထိုအစည်းအဝေးကို ရှောက်ကော်ပိုရေးရှင်းလည်း တက်ရောက်မည် ဆိုတာ သိသည်။ ဒါပေမဲ့ ဝင်ပေါက်မှာကတည်းက သူတို့နှင့် တည့်တည့် တိုးမယ်လို့တော့ ထင်မထားခဲ့။ တကယ့်ကို လောကကြီးက ကျဉ်းကျဉ်းလေးပါပဲ။

ရှောက်ချန်းကျယ်ကလည်း ချန်ကျင်းချွမ်ကို မြင်သည်။

ချန်ကျင်းချွမ်က နေကာမျက်မှန်ကို မျက်လုံးပေါ် ပြန်တင်လိုက်၏။ ဘာပဲပြောပြော ဝင်ပေါက်က အကျယ်ကြီးပဲလေ။ သူ အလျှော့ပေးပြီး လမ်းဖယ်ပေးမှာ မဟုတ်ဘူး။ တခြား ဘယ်သူ့ကိုမဆို အလျှော့ပေးလို့ ရပေမဲ့ ရှောက်မိသားစုရှေ့မှာတော့ ချန်မိသားစုရဲ့ အဘိဓာန်ထဲမှာ ‘ အလျှော့ပေးတယ် ’ ဆိုတဲ့ စကားလုံး မရှိ။ ( ၁ ) မီလီမီတာလေးတောင် အလျှော့ပေးကာ လမ်းဖယ်ပေးမှာ မဟုတ်။ ရှောက်ချန်းကျယ်က နန်ချန်းက မြေကွက်အကြောင်း သူနဲ့ ဆွေးနွေးနိုင်မယ်လို့ ထင်နေတာလား။ ရယ်စရာကောင်းလိုက်တာ။

ရှောက်ချန်းကျယ်က သူ့နောက်က လူတွေကို နောက်ဆုတ်ဖို့ လက်ဟန်ခြေဟန်ဖြင့် ပြောလိုက်ပြီးမှ ချန်ကျင်းချွမ်အား “ ကျေးဇူးပြုပြီး ဘော့စ်ချန် အရင် ဝင်ပါ။ ” ဟု ပြောလိုက်လေသည်။

သူက နှိမ့်ချတဲ့ သဘောကို ပြသလိုက်တာပင်။

ရှောက်ချန်းကျယ်ကို မှတ်မိသွားသော ချန်ကျင်းချွမ်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အကုန်လုံး ထိတ်လန့်သွားကြသည်။ ရှောက်မိသားစုဝင်တွေက ဘယ်တုန်းက ဒီလောက် ယဉ်ကျေးသွားတာလဲ။ အဘိုးကြီးရှောက် မပြောနဲ့ ၊ ရှောက်ကျန်းထင်နဲ့ သူ့သားကတောင်မှ လူတွေကို အမှိုက်လိုမျိုး အထင်သေးကြပါသည်။ ပြီးတော့ သူတို့ ရင်ဆိုင်နေတာက ချန်မိသားစု ဖြစ်သည်။ ရှောက်မိသားစု အိမ်တော်မှာ ကြီးပြင်းလာတာ မဟုတ်တဲ့ ဒီဥက္ကဌ အသစ်အကြောင်း ဘယ်သူမှ ရေရေရာရာ မသိပေမဲ့ ဘာပဲပြောပြော သူ့ကိုယ်ထဲမှာ ရှောက်မိသားစုရဲ့ သွေးတွေ စီးဆင်းနေတာပါပဲ။ ဘယ်လိုလုပ် သူက ကျန်တဲ့ ရှောက်မိသားစုဝင်တွေနဲ့ လုံးဝ မတူရတာလဲ။

ချန်ကျင်းချွမ်လည်း ရှောက်ချန်းကျယ်ရဲ့ နှိမ့်ချသော စကားကြောင့် ‌ဆွံ့အသွားသည်။ သူ အင်္ကျီလက်တွေကို ခါထုတ်လိုက်ပြီးနောက် ဟမ့်ခနဲ အေးစက်စက် လှောင်ရယ်ကာ ခန်းမထဲ အရင် ဝင်ခဲ့လိုက်သည်။

နောက်ပိုင်းမှာ သူ အဲ့အကြောင်း စဉ်းစားလေ ၊ တစ်ခုခု မူမမှန်ဘူးလို့ ခံစားရလေပါပဲ။ ရှောက်ချန်းကျယ် အဲ့ဒီလိုမျိုး နှိမ့်ချတယ် ဆိုကတည်းက သူ တစ်ခုခုကို လိုချင်နေတာ ဖြစ်ရမည်။ သူ လိုချင်နေတဲ့ အရာကလည်း ချန်မိသားစုရဲ့ ရတနာလေး ဖြစ်နေ၏။ ဘာလို့များ သူ အခု ရှောက်ချန်းကျယ်ရဲ့ သူ့ကို အရင် ဝင်ခိုင်းတဲ့ စကားကို လိုက်နာပြီး အဲ့ကောင်ရဲ့ မသမာတဲ့ အကြံအစည်ကို အသာစီးရခွင့်ပေးလိုက်တာပါလိမ့် … ။

ချန်ကျင်းချွမ် အိမ်ပြန်ရောက်သည်နှင့် သူ့ဆီ ပြေးလာတဲ့ တူမလေးကို ချီကာ လှိုက်လှိုက်လှဲလှဲ ပွေ့‌‌ဖက်လိုက်သည်။ “ ဒီနေ့ နင့်ဦးလေး ဂိမ်းထဲမှာ တစ်ကွက် ရှုံးခဲ့တယ် လီချီလေး။ ”

ချန်လီချီက ဦးလေးဖြစ်သူရဲ့ နှာခေါင်းပေါ်က နေကာမျက်မှန်ကို ချွတ်ကာ သူမရဲ့ ခေါင်းပေါ်မှာ တပ်ထားလိုက်သည်။ “ ကိစ္စမရှိပါဘူး ဦးလေးရဲ့။ သမီးတို့ တစ်ကွက် ရှုံးသွားလည်း နောက်ပြန်လှည့်ပြီး ပြန်စလို့ ရတာပဲ။ သမီးတို့ ဒီတစ်ခေါက် ရှုံးတယ် ဆိုရင်တောင် နောက်တစ်ခေါက် ပြန်စလို့ ရပါသေးတယ်။ အဲ့ဒါကို ဘိုးဘိုး ဘယ်လို ပြောတာပါလိမ် … ” သူမလေးက အဟမ်း အဟမ်းဟု ချောင်းဟန့်ပြီးမှ အဘိုးဖြစ်သူရဲ့ အသံဩဩကို အတုခိုးကာ ပြောလိုက်သည်။ “ အရှုံး ဆိုတာလည်း ခဏတာပဲ ၊ အနိုင် ဆိုတာလည်း ခဏတာပဲ။ ထာဝရ တည်မြဲတဲ့ လမ်းကြောင်းကို ရှာဖွေချင်ရင် မာန်မာနတွေ ၊ သည်းမခံချင်စိတ်တွေကို မင်းတို့ ဖြတ်ကျော်ရမယ်။ ”

တစ်နေ့ခင်းလုံး မကြည်မလင် ဖြစ်နေခဲ့တဲ့ ချန်ကျင်းချွမ်ရဲ့ စိတ်ဟာ ချစ်လှစွာသော တူမလေးကြောင့် အငွေ့ပျံသွား၏။ သူမ ပြောတာ မှန်တယ် ၊ ရှောက်ချန်းကျယ်က ဘယ်လောက်က နှိမ့်ချသလို သရုပ်ဆောင်နေပါစေ ၊ သူမရဲ့ စိတ်မာတဲ့ အဘိုး ချန်ရှန်းဟယ်ကိုတော့ ဖြတ်ကျေယ်နိုင်မှာ မဟုတ်ဘူး။ ချန်မိသားစုရဲ့ ရတနာလေးကို ဘယ်သူမှ အလွယ်တကူ ယူလို့ မရဘူး။

“ အဘိုးဟူရဲ့ အိမ်ကို လူ တစ်ယောက် ပြောင်းလာပြီ သိလား ဦးလေး။ ” ချန်လီချီက သူမ သိထားတဲ့ နောက်ဆုံးရ သတင်းတွေကို ပြောပြနေသည်။

ဟူစုံတွဲသည် မနှစ်တုန်းကမှ သားဖြစ်သူနှင့်အတူ နိုင်ငံခြားကို ပြောင်းသွားပေမဲ့ အိမ်ကိုတော့ ဒီတိုင်း ထားခဲ့ပါသည်။

“ နင် ဘယ်လိုလုပ် သိတာလဲ။ ”

“ ဘဲလေးအကသင်တန်းကနေ ပြန်လာတော့ သူတို့အိမ်ထဲကို ပစ္စည်းတွေ ထည့်နေတဲ့ လူတွေကို သမီး မြင်ခဲ့တာ။ ” ဟု ချန်လီချီက ပြန်ပြောလိုက်သည်။

“ အဲ့ဒါ သတင်းကောင်းပဲ။ နင့်မှာ အိမ်နီးချင်း အသစ်တွေ ရလာတော့မယ် ၊ ပြီးတော့ အဲ့အိမ်နီးချင်းတွေမှာ ကလေး ရှိရင် နင်နဲ့ ကစားဖို့ သူငယ်ချင်းလေးတောင် ရနိုင်ချေ ရှိသေးတယ်။ ”

ချန်လီချီ ပျော်ရွှင်စွာ ပြုံးလိုက်သည်။ “ သမီး သူတို့ကို အခုထိ မမြင်ဖူးသေးပေမဲ့ ကလေးရှိလိမ့်မယ်လို့ ခံစားနေရတယ် ၊ အရမ်း ချစ်စရာ ကလေးမလေး တစ်ယောက်ပေါ့။ ”

“ ဝိုး ၊ နင်က တကယ့်ကို ရှေ့ဖြစ်ဟော ဗေဒင်ဆရာမလေးပါလား။ ဦးလေးကို နင် ဘယ်လို သိတာလဲ ပြောပါဦး။ ”

***

All Chapters