← Chapters

အခန်း ၄၀

Vol. 4 Ch. 40

အခန်း ၄၀

Vol. 4 Ch. 40

အပိုင်း ( ၄၀ )

ချန်လီချီက နေကာမျက်မှန်ကို မျက်လုံးအောက်သို့ ရွေ့ကာ ပဟေဋိဆန်ဆန် အမူအရာလေး လုပ်လိုက်သည်။ “ ဘာလို့ဆို သူတို့ အိမ်ပြောင်းလာတဲ့ ပစ္စည်းတွေ အများစုက သမီးတို့လို ကောင်မလေးတွေ ကြိုက်တဲ့ ပစ္စည်းတွေ ပါနေတယ်လေ။ သမီး ဗေဒင်မဟောတတ်ရင်တောင် အဲ့ဒါကိုတော့ ခန်ပမှန်းလို့ ရတယ်။ ”

ချန်ကျင်းချွမ်က သူ့ရဲ့ အဖိုးတန် တူမလေးကြောင့် အံ့အားသင့်သွားလေသည်။ ဒီလို ချစ်စဖွယ် စိန်တုံးလေးကို သူ ကောင်းကောင်း ကာကွယ်ရမည် ဖြစ်ပြီး မကောင်းတဲ့ ရည်ရွယ်ချက်ရှိသူတွေဆီမှာ သူမလေးကို အလှည့်စားခံလို့ မဖြစ်ပါ။

ချန်ကျင်းလန် အိမ်ပြန်ရောက်သောအခါ ဘေးအိမ်က လှုပ်လှုပ်ရှားရှား အသံတွေကို သူမလည်း သတိပြုမိသွားသည်။ နှစ်သစ်ကူးတုန်းက နှစ်သစ်ကူး နှုတ်ဆက်စကားတွေ ပြောဖို့အတွက် ဦးလေးဟူနှင့် တခြား လူတွေက သူမတို့ကို ဖုန်းဆက်လာချိန်မှာ ဒီအိမ်ကို ရောင်းမှာ မဟုတ်ကြောင်း ပြောသွားခဲ့သည်။ အနာဂတ်မှာ သူတို့ အိမ်ပြန်လာချင်လျှင် ဒီအိမ်က သူတို့အတွက် နေရထိုင်ရ သက်သောင့်သက်သာအရှိဆုံး နေရာ ဖြစ်နေဆဲပင်။ အခုတော့ တစ်ယောက်ယောက် အိမ်ပြောင်းလာပြီမို့ ဆွေမျိုးတွေ ၊ သူငယ်ချင်းတွေပဲ ခဏတဖြုတ် လာနေတာလား ၊ ဒါမှမဟုတ် တကယ်ပဲ အိမ်နီးချင်း အသစ်တွေလား ဆိုတာ မသိတော့ပေ။

ညနေဆည်းဆာ ကောင်းကင်က အနီရောင်တောက်နေပြီး ညခင်း လေပြည်လေညင်းလေးတွေက တိမ်တွေကို ရှင်းလင်းဖယ်ရှားသွားစေခဲ့သည်။ သို့သော် ခဏအကြာမှာပဲ တိမ်စိုင်တိမ်လိပ်တွေ စုဝေးသွားကာ နတ်သမီးကမ္ဘာလေးကဲ့သို့ အိပ်မက်ဆန်ဆန် အသွင်ပြောင်းသွားလေသည်။ ချန်လီချီက ဦးလေးဖြစ်သူ ပေးထားတဲ့ အဲလ်ဆာ ပုံလေး ပါသော စွန်ကို ထုတ်ကာ သူမအမေအား စွန်လွှတ်ရာမှာ ကူညီပေးဖို့ တောင်းဆိုလိုက်သည်။

လေက အရမ်းကြီး မထန်ပေမဲ့ ခြံက လုံလုံလောက်လောက် ကျယ်ဝန်းသောကြောင့် စွန်လေးသည် ချန်ကျင်းလန်ရဲ့ လက်ထဲကနေ ဖြည်းဖြည်းချင်း မြောက်တက်သွား၏။ ချန်လီချီက သူမအမေရဲ့ လက်ထဲမှ စွန်လက်ကိုင်လေးကို လက်လွှဲ ယူလိုက်ပြီး ‌ခြေထောက် သေးသေးလေးများဖြင့် လေလာရာကို ဆန့်ကျင်၍ နောက်ပြန် လျှောက်လာခဲ့လိုက်သည်။ ချန်ကျင်းလန်က သူမလေး ချော်လဲမှာ စိုးရိမ်၍ သူမနောက်ကနေ ခပ်ရွရွ ပြေးလိုက်ကာ ကာကွယ်ပေးနေခဲ့သည်။

ချန်လီချီက စွန်ကို တစ်လှည့် ၊ အမေဖြစ်သူကို တစ်လှည့် ကြည့်ကာ စိတ်လှုပ်ရှားစွာ အော်လိုက်သည်။ “ ကောင်းကင်ပေါ်ကို မင်းသမီးလေး အဲလ်ဆာ ရောက်သွားပြီ မေမေရေ။ ”

“ ဟုတ်တယ် ၊ မင်းသမီးလေး အဲလ်ဆာက တိမ်တိုက်တွေနဲ့ သူငယ်ချင်းဖွဲ့တော့မှာလေ။ လမ်းကိုလည်း ကြည့်ဦးနော် ကလေးလေး ၊ အဲ့လိုကြီး နောက်ပြန်ပြေးနေရင် သမီး ခလုတ်တိုက် လဲလိမ့်မယ်။ ”

သူမ ပြောနေစဉ်မှာပဲ ချန်လီချီရဲ့ ခြေထောက်လေးတွေက အားပျော့ကာ ယိုင်လဲတော့မလို့ ဖြစ်သွားလေသည်။ ချန်ကျင်းလန် သူမလေးရဲ့ ကျောပြင်ကို လက် တစ်ဖက်ဖြင့် အမြန် ထိန်းကိုင်၍ ကျန်လက် တစ်ဖက်ဖြင့် ခါးကို ပွေ့ဖက်ကာ ရင်ခွင်ထဲမှာ ဆွဲဖမ်းထားလိုက်သည်။ ခလုတ်တိုက် လဲမသွားပေမဲ့ ချန်လီချီရဲ့ လက်ကတော့ လက်ချော်သွားကာ လက်ထဲကနေ စွန်လက်ကိုင်လေး လွတ်ထွက်သွားကာ လေနှင့်အတူ ကောင်းကင်မှာ တနော့နော့ လွင့်ပါသွား၏။ မင်းသမီးလေး အဲလ်ဆာက နံရံ တစ်ဖက်ခြမ်းကို ပြေးသွားကာ စွန်လက်ကိုင်က နံရံထိပ်ဖျားမှာ ချိတ်လျက် ပြုတ်ကျတော့မလို ဖြစ်နေခဲ့သည်။

“ သမီး ဘယ်နေရာမှာမှ မနာပါဘူးနော်။ ” ချန်ကျင်းလန်က သူမလေးကို သေချာ စစ်ဆေးလိုက်သည်။

ချန်လီချီက ခေါင်းခါပြပြီး အမေဖြစ်သူကို ပြန်ကြည့်လိုက်သည်။ “ မေမေရော နာသွားသေးလားဟင်။ ”

“ မေမေလည်း မနာပါဘူးကွယ်။ ” ချန်ကျင်းလန်က သူမလေးကို မတ်တပ်ရပ်နိုင်အောင် ထူပေးရင်း စွန်လေးရို လှမ်းကြည့်လိုက်သည်။ နံရံတစ်ဖက်က ဦးလေးဟူရဲ့ ခြံထဲမှာ ပန်းအိနှင်းဆီပင်ကြီး ရှိသည်။ စွန်က ထိုအပင်မှာ သွားငြိတာ ဖြစ်လောက်မည်။

“ မင်းသမီးလေး အဲလ်ဆာ ပြန်လာမှာလားဟင် မေမေ။ ” ချန်လီချီက ငိုမဲ့မဲ့လေး ဖြစ်နေသည်။

ချန်ကျင်းလန်က ဆောင့်ကြောင့် ထိုင်ချပြီး သူမလေးကို ကြည့်ကာ “ မေမေ အိမ်ထဲ ပြန်ဝင်ပြီး သမီးဘွားဘွား အခုလေးတင် ခူးပေးထားတဲ့ စတော်ဘယ်ရီတွေ ယူလိုက်ဦးမယ်။ သူများခြံထဲကို စွန်ကျသွားတာက ကျူးကျော်တာလို့ ပြောလို့ ရတယ်။ သမီးရဲ့ မင်းသမီးလေး အဲလ်ဆာကို ပြန်မယူခင် တောင်းပန်တဲ့အနေနဲ့ လက်ဆောင် တစ်ခုခု ယူသွားမှ ဖြစ်မှာရယ်။ ”

ချန်လီချီ ခေါင်းညိတ်လိုက်သည်။ “ များများလေး ယူခဲ့နော် မေမေ။ သမီးလည်း စားချင်လို့ ပိုယူခဲ့။ စွန်ကို သမီးပဲ နမော်နမဲ့နဲ့ လက်လွှတ်လိုက်တာ။ ”

သားအမိ နှစ်ယောက်သား ခြံပေါက်ဝကို စတော်ဘယ်ရီ တစ်ခြင်းနှင့် လျှောက်သွားစဉ်မှာပဲ တံခါးဘဲလ်မြည်သံ ထွက်ပေါ်လာသည်။

ချန်ကျင်းလန် တံခါးကို ဖွင့်လိုက်တော့ အပြင်မှာ အသက် ငါးဆယ်ဝန်းကျင် ရှိပြီး ဆံပင်ဖြူများနှင့် အမျိုးသမီးကြီး တစ်ယောက် ရပ်နေပြီး ဖော်ရွေချိုသာစွာ ပြုံးပြနေခဲ့သည်။ သူမက လက် တစ်ဖက်နှင့် စွန်ကို ကိုင်ထားပြီး ကျန်လက် တစ်ဖက်နှင့် အစာသွပ်မုန့်ဘူးတွေ အများကြီးကို သယ်ထား၏။

ထိုအမျိုးသမီးကြီးက သူမကိုယ်သူမ အရင်ဆုံး မိတ်ဆက်ပေးသည်။ “ မင်္ဂလာပါကွယ် ၊ ဘွားဘွားက ဘေးအိမ်ကို သန့်ရှင်းရေး လုပ်ပေးဖို့ ငှားထားတဲ့ သန့်ရှင်းရေး ဝန်ထမ်းပါ။ ဒီစွန်လေးက ကလေးရဲ့ စွန်လား။ ”

ချန်လီချီက စွန်ကို လက် နှစ်ဖက်ဖြင့် ရိုရိုသေသေ ယူ၍ ချစ်စရာကောင်းစွာ ပြုံးပြလိုက်သည်။ “ ဟုတ် ၊ သမီးရဲ့ စွန်ပါ။ ကျေးဇူးပါနော် ဘွားဘွား။ ”

“ ရပါတယ်ကွယ်။ ” သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးရဲ့ အပြုံးတွေ နက်ရှိုင်းသွားသည်။ သူမက အစာသွပ်မုန့်ဘူးတွေကို ယူပြီး ချန်ကျင်းလန်အား ပေးလိုက်သည်။ “ အဒေါ့်ရဲ့ အလုပ်ရှင် ပြောတာတော့ ဒီနေ့ခေတ် အိမ်သန့်ရှင်းရေး လုပ်တာ ၊ အိမ်ကို ပြုပြင်ထိန်းသိမ်းတာတွေက ဆူညံလွန်းလို့ ဘေးပတ်ဝန်းကျင်အိမ်တွေကို အနှောင့်အယှက်ဖြစ်စေတယ်တဲ့။ အဲ့ဒါကြောင့် လက်ဆောင်လေး လာပေးတာပါ။ သမီးတို့ လက်မခံလို့ မရဘူးနော်။ ”

“ ရပါတယ်ရှင်။ အိမ်ပြောင်းတာနဲ့ သန်ရှင်းရေးလုပ်ဖို့ကို ရှောင်လွှဲလို့မှ မရတာ။ ကျွန်မတို့အတွက် အနှောင့်အယှက် မဖြစ်ပါဘူး။ ”

ချန်ကျင်းလန်ကလည်း သူများအိမ်ထဲ စွန်ကျသွားသည့်အတွက် တောင်းပန်တဲ့ လက်ဆောင်အဖြစ် စတော်ဘယ်ရီတွေကို ပြန်ပေးလိုက်သည်။ အိမ်နီးချင်း ဆက်ဆံရေးဟာ အဲ့လိုပဲ အကောင်အထည် ပေါ်သွားခဲ့သည်။

ချန်လီချီက သူမအမေလက်ထဲမှ မုန့်တွေကို ကြည့်ကာ ဇဝေဇဝါ ဖြစ်သွားသည်။ “ မေမေ … ခုနတုန်းက သန့်ရှင်းရေးဘွားဘွား ပေးသွားတဲ့ မုန့်တွေထဲမှာ သမီး ကြိုက်တဲ့ မုန့်တွေလည်း ပါတယ် ၊ မေမေ ကြိုက်တဲ့ မုန့်တွေလည်း ပါတယ် ၊ ဘွားဘွား ကြိုက်တဲ့ မုန့်တွေလည်း ပါတယ် ၊ အန်တီချူ ကြိုက်တဲ့ မုန့်တွေတောင် ပါလိုက်သေးတယ်။ သမီးတို့ ဘာမုန့်ကြိုက်မှန်း အိမ်နီးချင်းဘွားဘွားက ဘယ်လိုလုပ် သိနေတာပါလိမ့်။ ”

ချန်ကျင်းလန်လည်း နည်းနည်းလေး စိတ်ထင့်သွားပေမဲ့ မဖြစ်နိုင်ဘူးလို့ ခံစားရပါသည်။ သူက သေသေချာချာ ကျိုးကြောင်းဆက်စပ် စဉ်းစားချင့်ချိန်ပြီးမှသာ ဆုံးဖြတ်ချက်ချတတ်သည့် လူမျိုး ဖြစ်၏။ ဒီလို ရူးမိုက်တဲ့ အလုပ်မျိုးကို သူ လုပ်မှာ မဟုတ်ပေ။ ချန်မိသားစုရဲ့ ဘေးအိမ်မှာ သူ နေ,နေတယ် ဆိုတဲ့ အကြောင်းကို ရှောက်ကော်ပိုရေးရှင်း ဒါရိုက်တာဘုတ်အဖွဲ့ သိသွားလျှင် ဘာတွေ ဖြစ်မလဲ ဆိုတာ ပြောနေစရာတောင် မလိုပါ။ သူမအဖေ သိသွားလျှင်တောင် သူ သေချာပေါက် လွယ်မှာ မဟုတ်။

တနင်္ဂနွေနေ့တွင် ချင်းမြောင်နှင့် ချန်းယွင် လုပ်ငန်းစု နှစ်စု၏ ဧည့်ခံပွဲသည် ချောချော့မွေ့မွေ့ပဲ ပြီးဆုံးသွားခဲ့သည်။ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ အခြေအနေလေးတွေ ရှိပေမဲ့ အဆင်ပြေပြေပဲ ကိုင်တွယ်ဖြေရှင်းသွားနိုင်ခဲ့ပါသည်။ ခြုံကြည့်လျှင် အောင်မြင်တဲ့ ဧည့်ခံပွဲ တစ်ပွဲလို့ ပြောလို့ ရသည်။ အောင်ပွဲခံတဲ့ တွေ့ဆုံပွဲကိုတော့ လန်ကျိုးအနီး စားသောက်ဆိုင် တစ်ဆိုင်မှာ စီစဉ်ထားသည်။ ချန်ကျင်းလန်က ခဏလောက် လူလုံးပြပြီး တန်းပြန်လာဖို့ ဆင်ခြေတွေတောင် ပြင်ပြီးပါပြီ။

သူမ ရောက်သွားတော့ ကျိုးအန်းက ရှောက်ချန်းကျယ်မှာ ကိစ္စလေး တစ်ခု ပေါ်လာလို့ မလာနိုင်တော့ဘူးဟု ပြောသည်။ ချိန်းဆိုမှုကို ဖောက်ဖျက်ခဲ့တာ သူမို့ ဒီနေ့ပွဲကို ဒကာခံရမည့် လူကလည်း အလိုလို သူ ဖြစ်သွားသည်။ ချန်ကျင်းလန်သည် သူမကိုယ်သူမတောင် သတိမထားမိဘဲ စိတ်အေးသွားသည့် သက်ပြင်းလေး ချလိုက်မိသည်။ သူ ဒီမှာ မရှိရင် သူမလည်း သက်သောင့်သက်သာရှိပါသည်။

များစွာ ပင်ပန်းခဲ့ရသော ပရောဂျက်ကြီး ချောချောမွေ့မွေ့ ပြီးဆုံးသွားတာမို့ အကုန်လုံး တက်ကြွပျော်ရွှင်နေကြသည်။ ပရောဂျက် အဖွဲ့ သုံးဖွဲ့ထဲမှာ လူငယ်တွေ အများဆုံး ရှိသဖြင့် သုံးကြိမ်တိတိ သောက်ပြီးနောက်တွင် ဘော့စ်နှင့် ဝန်ထမ်းတွေကြားမှာ မဝံ့မရဲ ရှိန်နေမှုတွေ အကုန်လုံး ပျောက်ကွယ်သွားခဲ့သည်။ သူတို့က ကျိုးအန်းနှင့် ချန်ကျင်းလန်ကိုလည်း အတင်း သောက်ခိုင်းခဲ့သည်။ ဝူထုံထုံက စားနေရင်း စားပွဲထိပ်က လူကို အကဲခတ်နေမိသည်။

ဂုဏ်သိက္ခာရှိတဲ့ မိသားစုက ဒုတိယ မျိုးဆက်နှင့် တတိယ မျိုးဆက်တွေဟာ ယေဘုယျအားဖြင့် ရုပ်မဆိုးကြပါ။ သူတို့မှာ မွေးရာပါအရ ကြည့်မကောင်းတဲ့ မျက်နှာ အစိတ်အပိုင်းတွေ ရှိလျှင်တောင် ပိုက်ဆံအကုန်ခံပြီး ခွဲစိတ်ပြုပြင်လို့ ရသည်။ ဒါပေမဲ့ အရိုး ဖွဲ့စည်းပုံကတော့ ပြောင်းလဲဖို့ ခက်၏။ တချို့ လူတွေက ဖျတ်ခနဲ ကြည့်တော့သာ လှသလို ထင်ရပေမဲ့ ထိုအလှက တစ်ခုခု လိုနေသလို ၊ သို့မဟုတ် လိုတာထက် ပိုနေသလို ခံစားရစေသည်။

ချန်မိသားစုရဲ့ ဤဒုတိယသခင်လေးကတော့ အဲ့လို မဟုတ်။ သူမအလှက ဟိုးအတွင်းထဲကနေ ဖြာထွက်နေကာ လက်ဟန်ခြေဟန်တွေ ၊ ခြေလှမ်းတဲ့ ခြေလှမ်းတွေမှာတောင် အလှတရားတွေ ငြိတွယ်နေသည်။ လက် တစ်ဖဝါးစာ မျက်နှာလေး ၊ မိတ်ကပ် ပါးပါးကြည်ကြည် ၊ နူးညံ့ဖြူကြည်နေတဲ့ အသားအရေ။ မျက်လုံးတွေကတော့ အေးစက်ပေမဲ့ ပြုံးလိုက်သည့်အခါ တောက်ပစွာ ဆွဲဆောင်မှုရှိသွားသော်လည်း မူရင်းဟန်မပျက်သည့် ဆွဲဆောင်မှုမျိုးပါပဲ။

ဆံပင်ရှည်ကို အနည်းငယ် ခပ်မြင့်မြင့်လေး စည်းနှောင်ထားသောကြောင့် သူမရဲ့ လည်တိုင်က ပိုလို့တောင် သေးသွယ်နေခဲ့သည်။ ဘယ်တံဆိပ်ကလဲ မသိတဲ့ အနက်ရောင် ကိုယ်ကျပ်ဝတ်စုံ လက်ပြတ်လေးကို ဝတ်ဆင်ထား၏။ ရိုးရှင်းပေမဲ့ ခန္ဓာကိုယ်လေးနှင့် ကွက်တိကျနေသော ဝတ်စုံက သူမရဲ့ ခန္ဓကိုယ် အလှကို ပေါ်လွင်စေသည်။ လက်ဝတ်လက်စားအနေဖြင့် ပုလဲနားကပ်လေးတွေကိုသာ ရိုးရိုးရှင်းရှင်း ကျော့ကျော့မော့မော့ ဝတ်ဆင်ထားသည်။ တစ်ယောက်ယောက် စကားပြောတာကို နားထောင်နေစဉ်မှာ သူမရဲ့ မျက်လုံးတွေက တစ်ဖက်လူကို အာရုံစူးစိုက်စွာ လေးလေးနက်နက် ကြည့်နေပုံမှာ ကောလဟာလတွေထဲက အထက်စီးဆန်တယ် ဆိုတဲ့ စကားနှင့် လုံးဝ မသက်ဆိုင်ပေ။

ဝူထုံထုံသည် ဥက္ကဌရှောက် မလာသည့်အတွက် နှေမြောသွားမိသည်။ ဥက္ကဌရှောက်သာ လာခဲ့လျှင် သူတို့ နှစ်ယောက်ကြားမှာ ပတ်သက်မှု တစ်ခုခု ရှိနေတာလား ဆိုတဲ့ သဲလွန်စတွေကို သူမရဲ့ စူးရှတဲ့ မျက်လုံးတွေဖြင့် သေချာပေါက် ရှာဖွေနိုင်လိမ့်မည်။

စားသောက်နေရင်း အရှိန်ရလာစဉ်မှာ ချန်ကျင်းလန်သည် သန့်စင်စားသွားလိုက်ဦးမယ်ဟု ပြောခဲ့ပြီး စားသောက်ဆိုင် အပြင်ဘက် ခေါင်မိုးထပ်သို့ ထွက်ခဲ့လိုက်သည်။ ထို့နောက် ချန်လီချီလေးဆီ ဖုန်းဆက်ကာ ဒီည အိမ်ပြန်နောက်ကျမည့်အကြောင်း ပြောလိုက်၏။ ချန်လီချီက သူမအား ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ ၊ ကောင်းကောင်း စားဖို့နှင့် အရက်သောက်ထားလျှင် ဒရိုင်ဘာကို လာကြိုခိုင်းဖို့ မှာနေသည်။

သမီးဖြစ်သူနှင့် ဖုန်းပြောပြီးတော့ ချန်ကျင်းလန်သည် လက်ရန်းပေါ် လက်တင်ကာ ဟိုးအဝေးမှာ မီးရောင်တွေဖြင့် လင်းလက်နေသည့် မြို့ကို ခဏလောက် ငေးစိုက်ကြည့်နေပြီးမှ သတိပြန်ဝင်လာသည်။ သူမ အထဲပြန်ဝင်ဖို့ လုပ်နေချိန်မှာ သူမဘေးမှာ ရပ်နေတဲ့ လူကို မြင်သွားသည်။ သူ အဲ့ဒီမှာ ရပ်နေတာ ဘယ်လောက် ကြာပြီလဲ မပြောတတ်။ သူမ တစ်ယောက်တည်း အတွေးထဲမှာ နစ်မြုပ်နေ၍ သတိမထားမိခဲ့တာပင်။

ညအမှောင်ထုထဲမှာ သူတို့ အကြည့်ချင်းဆုံသွားသည်။

ဒီမြင်ကွင်းက တရုတ်နိုင်ငံကို သူ ပထမဆုံးအကြိမ် ပြန်လာတော့ ပိုင်မိသားစုရဲ့ ဝိုင်ဧည့်ခံပွဲမှာ ပြန်တွေ့ကြတာနှင့် တော်တော်လေး ဆင်တူသည်။

အဲ့ဒီတုန်းကနှင့် အခုနှင့် မတူာကတော့ အဲ့ဒီတုန်းက သူမက အပေါ်ယံမှာသာ တည်ငြိမ်သလို ဟန်ဆောင်နေပေမဲ့ စိတ်ထဲမှာတော့ သူ့ကို နာကြည်းမှုတွေ ၊ ဒေါသတွေ ပြည့်နှက်နေခဲ့တာ ဖြစ်သည်။ သူ့ကို ဒေါသထွက်တယ် ဆိုတာထက် အပြန်အလှန်အားဖြင့် လှည့်စားမှုနှင့် အသုံးချခြင်းကိုသာ ပြန်ရတဲ့ ဆက်ဆံရေးမှာ ခံစားချက်တွေကို အလွယ်တကူ ပေးခဲ့မိတဲ့ အတိတ်က သူမကိုယ်သူမ ပိုဒေါသထွက်တာပါ။

အခုတော့ ဘာမှ အရေးကြီးတဲ့ ပုံ မပေါ်တော့ပေ။ လူတွေဟာ အသက်အရွယ် တစ်ခုထိ ရှင်သန်နေထိုင်လာပြီးလျှင် အလွန် အရေးကြီးတဲ့ စွမ်းရည် တစ်မျိုးကို ကျွမ်းကျင်သွားလေ့ရှိသည်။ ပြန်လည်သင့်မြတ်ခြင်း စွမ်းရည်ပေါ့။

ချန်ကျင်းလန်က အကြည့်လွှဲပြီး ဟိုးအဝေးက ထောင်ပေါင်းများစွာသော အိမ်လေးတွေရဲ့ မီးရောင်တွေကို ကြည့်လိုက်သည်။

“ ရှောက်ချန်းကျယ် … ” ဟု သူ့နာမည်ကို ခေါ်လိုက်၏။ သူမအသံက ခါတိုင်းလို မဟုတ်ဘဲ အချိန် အတော်ကြာသည်ထိ တည်ငြိမ်နေကာ အတိတ်ကို နောက်တစ်ခေါက် ပြန်ရောက်သွားသလို သိမ်မွေ့နူးညံ့တဲ့ ခံစားချက်လည်း ခပ်ပါးပါး ထင်ဟပ်နေခဲ့သည်။ “ ကျွန်မ ရှင့်ကို ဟိုးတုန်းက သဘောကျခဲ့တယ် ဆိုတာ ဝန်ခံပါတယ် ၊ မဟုတ်ရင် ရှင် ဘယ်သူမှန်း သိနေတာတောင် ကျွန်မကို ချဉ်းကပ်ခွင့်ပေးခဲ့မှာ မဟုတ်ဘူး။ ကျွန်မက လူ တစ်ယောက်ကို အပျင်းပြေရုံသက်သက် အသုံးချရလောက်အောင်ထိ အပျင်းကြီးတဲ့ လူမျိုးလည်း မဟုတ်ဘူး။ ”

ရှောက်ချန်းကျယ်က သူမရဲ့ စကားတွေနှင့်အတူ ခြေ တစ်လှမ်း ရှေ့တိုးလိုက်သည်။ သူ့ရဲ့ သားရေဖိနပ်က သူမရဲ့ ဒေါက်ဖိနပ် ထိပ်ဖျားတွေနှင့် ထိတိုက်သွားကာ သူတို့ နှစ်ယောက်ကြား အကွာအဝေးကလည်း တစ်လက်မလောက်သာ ရှိတော့၏။

ချန်ကျင်းလန်က နောက်မဆုတ်ဘဲ သူတို့ရဲ့ ဖိနပ် နှစ်ခုကို အချင်းချင်း ထိတိုက်ခွင့်ပေးထားလိုက်သည်။ အရက်ကြောင့်လား မပြောတတ်ဘဲ သူမရဲ့ ပါးစပ်ကနေ စကားလုံး တချို့ အလိုလို ထွက်လာ၏။ ချန်ကျင်းလန်သည် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သလို ရယ်မောလိုက်သည်။ “ အခုမှ ပြန်စဉ်းစားကြည့်တော့ ကျွန်မ တကယ် ကလေးဆန်ခဲ့မိတာပဲ။ မိသားစုက အလိုလိုက်ထားတော့ တစ်ယောက်ယောက်ကို သဘောကျတာက အဲ့ဒီ လူ နှစ်ယောက်ကြားက ကိစ္စလို့ပဲ အမြဲတမ်း ထင်ခဲ့မိတာ။ ကျွန်မ ရှင့်ကို သဘောကျတယ် ဆိုတာကို ကျွန်မရဲ့ မိဘတွေကလည်း ခွင့်ပြပေးတယ်။ ဒါပေမဲ့ တစ်ယောက်ယောက်ကို သဘောကျတာက ဘယ်တော့မှ အဲ့ဒီ လူ နှစ်ယောက်တည်းနဲ့ပဲ သက်ဆိုင်တဲ့ ကိစ္စမျိုး မဟုတ်ဘူး ၊ အခုထိပေါ့ … ။ ကျွန်မ ရှင့်ကို အရင်က ဘယ်လောက်ပဲ သဘောကျခဲ့ပါစေ ၊ အထင်လွဲမှုတွေ အကုန်လုံး တဖြည်းဖြည်း ပျောက်ကွယ်လာသလို အချိန်တွေလည်း တရွေ့ရွေ့ ကုန်ဆုံးလာတယ်။ ဘာတစ်ခုမှ မကျန်တော့တဲ့ ဒီနေ့လို နေ့ကို ရောက်တဲ့အထိကို ပျောက်ကွယ်သွားခဲ့တာ။ ကျွန်မအတွက်တော့ ရှင်က သာမန် သူစိမ်း တစ်ယောက်နဲ့ ဘာမှ မကွာတော့ဘူး။ တစ်ယောက်နဲ့ တစ်ယောက် လုံးဝ မသိတဲ့ သူစိမ်းတွေ ဆိုတာကတော့ အဓိပ္ပာယ်မရှိဘူးပေါ့လေ။ လောလောဆယ် အခြေအနေမှာ ရှိရင်းစွဲ ခင်မင်မှုကို ဆက်ထိန်းထားတာကပဲ ကျွန်မတို့ နှစ်ယောက်အတွက် အကောင်းဆုံး အဖြေ ဖြစ်မှာပါ။ ”

လေထုက တိတ်ဆိဆ်ငြိမ်ကျသွားသည်။

ရှောက်ချန်းကျယ်က သူမရဲ့ တည်ငြိမ်အေးချမ်းနေသော ဘေးတစောင်း မျက်နှာလေးကို ကြည့်ကာ တိုးလျစွာ ပြောလိုက်သည်။ “ သုံးကြိမ် … ”

ချန်ကျင်းလန်က နားမလည်ဘဲ သူ့ကို လှည့်ကြည့်လိုက်၏။ “ ဘာရယ်။ ”

ရှောက်ချန်းကျယ်က သူမရဲ့ မျက်လုံးတွေကို စိုက်ကြည့်လိုက်ပါသည်။ “ ကိုယ့်ကို သုံးကြိမ် နမ်းပါ။ သုံးကြမ် နမ်းပြီးလို့မှ မင်း ကိုယ့်အပေါ်မှာ ဘာခံစားချက်မှ မခံစားရဘဲနဲ့ သစ်သားရုပ် တစ်ရုပ်ကို နမ်းနေသလိုပဲလို့ ခံစားရတယ် ဆိုရင် အခုက စပြီး ကိုယ် ချန်လီချီလေးအတွက် အဖေကောင်း တစ်ယောက်ဖြစ်ရမယ်လို့ ထင်ယောင်ထင်မှားဖြစ်ပြီး အစွမ်းကုန် ကြိုးစားနေတာကို ရပ်လိုက်မယ်။ ရှေ့ဆက်မတိုးတော့ဘူး။ ”

ချန်ကျင်းလန်က ခဏလောက် ဆွံ့အသွားပြီးမှ သူ့ကို လှပသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ “ ရှင် ဘာတွေ တွေးနေတာလဲ။ ”

အခုလို ညသန်းခေါင် အချိန်ကြီးမှာ သူ့ကို သုံးကြိမ် နမ်းရမယ်တဲ့ … ။ ဘယ်လိုတောင် စိတ်ကူးနဲ့ ရူးနေတာလဲ။

သူတို့ နှစ်ယောက်က အလွန် နီးကပ်နေ၏။ ရှောက်ချန်းကျယ်က သူမကို သူ့ရင်ခွင်ထဲ ဆွဲထည့်လိုက်တော့ ချန်ကျင်းလန်ရဲ့ ခန္ဓာကိုယ်လေးက ယိုင်နဲ့ကာ သူ့ရင်ခွင်ထံ ပြိုလဲကျသွားသည်။ သူမက သူ့ကို တွန်းဖယ်ချင်နေပေမဲ့ သူက သူမရဲ့ ခါးကို ဆုပ်ကိုင်ပြီးပြီ ဖြစ်ကာ နှုတ်ခမ်း နှစ်ခုလည်း ထိကပ်သွားခဲ့ပါပြီ။ နှုတ်ခမ်း နှစ်ခုရဲ့ မတူညီတဲ့ အပူချိန် နှစ်ခုက အချင်းချင်း စီးမြောစိမ့်ဝင်သွားလေသည်။

ချန်ကျင်းလန်က ရုန်းထွက်ချင်ပေမဲ့ သူ့လက်က သူမရဲ့ ခေါင်းကို နောက်ကနေ ထိန်းကိုင်ထားကာ သူ့နှုတ်ခမ်းတွေကတော့ သူမရဲ့ နှုတ်ခမ်း အတွင်းသညးတွေကို ဘယ်မှညာ ၊ ညာမှဘယ် မြဲမြံစွာ နမ်းရှိုက်နေခဲ့သည်။ နှုတ်ခမ်း နှစ်ခုက နူးညံ့စွာ ပွတ်တိုက်လျက် သူ့နှာခေါင်းကလည်း သူမနှာခေါင်းနှင့် ပွတ်ဆိုက်နေသည်။ သူက အသံအက်ကွဲစွာ မေးလိုက်သည်။ “ ဘာမှ မခံစားရဘူးလား။ ”

ချန်ကျင်းလန်က နှလုံးသားထဲမှ မြင့်တက်လာသော ဒေါသနှင့် အပူရှိန်တွေကို ထိန်းချုပ်ပြီး အေးစက်စက် ပြန်ဖြေလိုက်သည်။ “ ဟုတ်တယ် ၊ ဘာမှ မခံစားရဘူး။ ”

သူမရဲ့ စကားဆုံးသည်နှင့် သူ့နှုတ်ခမ်းတွေက သူမနှုတ်ခမ်းပေါ် နောက်တစ်ခေါက် ထပ်မံကျရောက်လာသည်။

***

All Chapters