← Chapters

အခန်း ၄၃

Vol. 5 Ch. 43

အခန်း ၄၃

Vol. 5 Ch. 43

အပိုင်း ( ၄၃ )

အိမ်ပြန်ခရီးလမ်းမှာ ရှောက်ချန်းကျယ်က ချန်လီချီလေးကို ပွေ့ချီထားခဲ့သည်။ သူက ကားရပ်ထားတဲ့ နေရာဆီ သွားတဲ့ တစ်လျှောက်လုံး သူမလေးကို ပွေ့ချီထားကာ ကားပါကင်ရောက်တဲ့အထိတောင် ရင်ခွင်ထဲမှ ချမပေးခဲ့ပေ။ ချန်ကျင်းလန်က ကားမောင်းလာခဲ့ပြီး ချန်အိမ်တော်ကို ပြန်ရောက်ချိန်မှာတော့ အိမ်နီးချင်းရဲ့ အိမ် ( ရှောက်ချန်းကျယ်ရဲ့ အိမ် ) အကျော်လေးမှာ ကားရပ်လိုက်သည်။

ရှောက်ချန်းကျယ်ကလည်း သူမကို ကြည့်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။ “ လီချီ အိပ်ပျော်သွားပြီ။ ”

ချန်ကျင်းလန်က ကားကို အိမ်ထဲအထိ မောင်းလာဖို့က လွဲလို့ တခြား ရွေးချယ်စရာ မရှိတော့။ ရှောက်ချန်းကျယ်က ချန်လီချီလေးကို အိမ်ထဲသို့ ပွေ့ခေါ်လာပြီးနောက် ချန်ကျင်းလန် ပြောတဲ့အတိုင်း ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ချပေးလိုက်သည်။

ထို့နောက် ချန်ကျင်းလန် ဘာမှ မပြောနိုင်သေးခင်မှာပဲ အသံ ခပ်တိုးတိုးဖြင့် အရင် ဦးအောင် ပြောလိုက်သည်။ “ ဆရာဝန်က လီချီလေးရဲ့အခြေအနေကို ဒီည မျက်စိဒေါက်ထောက် ကြည့်ရမယ်လို့ ပြောထားတယ်။ ကိုယ် သူ့ကို မင်းနဲ့ အလှည့်ကျ စောင့်ကြည့်ပေးပါ့မယ်။ မနက်ရောက်တဲ့အထိ အဖျားထပ်တက်မလာရင်တော့ ကိုယ် ပြန်သွားပါ့မယ်။ ”

ချန်ကျင်းလန်က သူ့ကို ခဏလောက် စိုက်ကြည့်ပြီးနေပြီးမှ ဘာမှ မပြောဘဲ ထွက်လာခဲ့လိုက်သည်။ ငါးမိနစ်လောက် ကြာတော့ အဝတ်တွေ ထားသည့် အခန်းထဲကနေ ပြန်ထွက်လာကာ လက်ထဲမှာ ကိုင်ထားတဲ့ အဝတ်တွေကို သူ့ဆီ ပစ်ပေးလိုက်သည်။ “ ရေချိုးခန်း ဘယ်မှာလဲ ဆိုတာ ရှင် သိတယ်မို့လား။ ”

ထိုမေးခွန်းက ရှောက်ချန်းကျယ်ကို နေခွင့်ပြုလိုက်တာနှင့် အတူတူပါပဲ။ သူ့မျက်လုံးတွေ နူးညံ့သွားသည်။ “ လီချီလေးကိုရော ဘယ်လို လုပ်မှာလဲ။ ”

“ ကျွန်မ သူ့ကို အရင်ဆုံး အဝတ်လဲပေးပြီးမှ သန့်ရှင်းရေးလုပ်‌လိုက်မယ်။ ”

“ ကိုယ် မင်းကို ကူပေးမယ်။ ” ရှောက်ချန်းကျယ်က သူ့လက်ထဲက အဝတ်အစားတွေကို ပြန်ချလိုက်တော့ ချန်ကျင်းလန်က စိတ်မရှည်သလို ပြောလိုက်ပါသည်။ “ ဘာကို ကူညီမှာလဲ။ ရှင့် တစ်ကိုယ်လုံး အခု နံစော်နေတာပဲ။ လီချီ သက်သာသွားရင်တောင် ရှင့်အနံ့ကြောင့် နေမကောင်းပြန်ဖြစ်သွားလိမ့်မယ်။ ”

ရှောက်ချန်းကျယ်လည်း အခု သူ အနံ့အသက် သိပ်မကောင်းမှန်း သိနေတာမို့ အဝတ်တွေကို ပြန်ကောက်ယူလိုက်သည်။ “ ဒါဆို ကိုယ် မြန်မြန် လုပ်လိုက်ပါ့မယ်။ ”

ချန်လီချီလေးကတော့ ပင်ပန်းထားတာကြောင့် တကယ့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သည်။ အမေဖြစ်သူက သူမကို အဝတ်လဲပေး ၊ မျက်နှာနှင့် ခြေထောက်တွေကို ရေစိုတဘက်နှင့် သုတ်ပေးနေချိန်မှာတောင် လူးလွန့်တာမျိုး မရှိခဲ့ပါ။ တစ်ခါတလေ အိပ်နေရင်း တိုးတိုးလေး ညည်းညူတာမျိုးတော့ ရှိသည်။ ခုနတုန်းက နေမကောင်းဖြစ်ခဲ့ခြင်းရဲ့ ဝေဒနာတွေ မပျောက်ကွယ်သေးလို့လားတော့ မပြောတတ်ပေ။

ကိုယ်လက်သန့်စင်ပြီးသွားသော ရှောက်ချန်းကျယ်သည် အိပ်ခန်းထဲကို ခြေဖျားထောက် ဝင်လာခဲ့သည်။ ချန်ကျင်းလန်က ချန်လီချီကို အင်္ကျီလဲပေးပြီးပါပြီ။ ချန်လီချီလေးက ဝက်ဝံရုပ်လေးကို ဖက်ပြီး ပါးစပ်ကိုတော့ လက်သီးဆုပ်လေးဖြင့် ဖိထားလျက် အသက်ရှူသံ မှန်မှန် ထွက်ကာ အိပ်ပျော်နေခဲ့သည်။

ရှောက်ချန်းကျယ်က “ ကိုယ် သူ့ကို ကြည့်ထားလိုက်မယ်။ မင်း ရေသွားချိုးတော့။ ” ဟု ခပ်တိုးတိုး ပြောလိုက်သည်။

ချန်ကျင်းလန်လည်း ခုနတုန်းက အလောတကြီး အခြေအနေတွေကြောင့် အများကြီး ချွေးထွက်ထားခဲ့သည်။ ချွေးနှင့် စီးကပ်နေသော အဝတ်အစားတွေက သူမကို နေရထိုင်ရ မသက်မသာဖြစ်စေသောကြောင့် ဒီတစ်ခေါက်တော့ သူ့စကားကို လက်ခံပြီး ခေါင်းညိတ်ပြလိုက်သည်။

ချန်ကျင်းလန် တစ်ယောက် ရေချိုးခန်းထဲက ပြန်ထွက်လာသောအခါ ချန်လီချီလေးက အဖေဖြစ်သူရဲ့ ရင်ခွင်ကို မှီရင်း ရေသောက်နေသည်။ အမေ ဝင်လာတာကို မြင်တော့ သူမလေးက လျော့ရဲရဲ ပြုံးပြရှာသည်။ “ မေမေ .. သမီးအိပ်မက်ထဲမှာလေ ၊ ဆက်တိုက် ရေဆာနေတာ သိလား။ အဲ့လိုနဲ့ လန့်နိုးလာတယ်။ သမီး နိုးလာရင် ဖေဖေ မရှိလောက်တော့ဘူးလို့ ထင်ထားပေမဲ့ ဖေဖေက ရှိနေတုန်းပဲ။ ”

ရှောက်ချန်းကျယ်က ရေဖန်ခွက်ကို အိပ်ရာလေးစားပွဲလေးပေါ် တင်ပြီး သူမလေးရဲ့ နှုတ်ခမ်းထောင့်ကို ဂရုတစိုက် သုတ်ပေးလိုက်သည်။ “ ဒီည ဖေဖေက လီချီလေးရဲ့ ဘေးမှာ ရှိနေပေးမှာ။ ”

ရေဖန်ခွက်ကို ချန်ကျင်းလန် သွားကိုင်ကြည့်တော့ ဖန်ခွက်က ပူနွေးနေဆဲ။

“ သမီး သောက်ချင်သေးလား။ မေမေ ထပ်ပြီး သွားခပ်ပေးမယ်လေ။ ”

“ ဟင့်အင်း မေမေ။ သမီး အခု ရေမဆာတော့ပါဘူး။ ”

ချန်ကျင်းလန်က အမေကို တစ်လှည့် ၊ အဖေကို တစ်လှည့် ကြည့်လိုက်သည်။ “ ဖေဖေလည်း ဒီည ဒီမှာ နေမှာ ဆိုတော့ သမီး ဒီည မေမေရယ် ၊ ဖေဖေရယ် ၊ ဝက်ဝံရုပ်လေးရယ်နဲ့ အတူတူ အိပ်လို့ ရလားဟင်။ သမီးရဲ့ အိပ်ရာက ကြီးပါတယ်။ ”

ထိုအကြောင်းကို ချန်လီချီ တွေးလေ ၊ သူမရဲ့ စိတ်ကူးက ကောင်းတယ်လို့ ခံစားရလေပင်။ သူမဘေးက ဘယ်ဘက် နေရာလွတ်လေးကို အရင်ဆုံး ပုတ်ပြပြီး မေမေ့ကို “ မေမေက ဒီမှာ အိပ် ” ဟု ပြောလိုက်ပါသည် ၊ ထို့နောက် ညာဘက် နေရာလွတ်လေးကို ပုတ်ပြကာ “ ဖေဖေကတော့ ဒီမှာ အိပ် ” ဟု ပြောလိုက်သည်။ နောက်ဆုံးမှ သူမရဲ့ ဝက်ဝံရုပ်လေးကို ဖက်ပြီး ချန်ကျင်းလန်ကို လှမ်းပြောလိုက်၏။ “ ဖေဖေ ကလေးချော့တေး ဆိုတာ အရမ်း ကောင်းတယ် မေမေ။ ဖေဖေက သမီးတို့ကို ကလေးချော့တေး ဆိုပြီး ချော့သိပ်ပေးလိမ့်မယ်။ ”

ချန်ကျင်းလန် ရပ်တန့်တုံ့ဆိုင်းသွားသလို ရှောက်ချန်းကျယ်လည်း အေးခဲသွားသည်။

သမီးဖြစ်သူရဲ့ ကြည်လဲ့ဝိုင်းစက်သော မျက်လုံးလေးတွေကို ကြည့်ကာ သူတို့ နှစ်ယောက်လုံး ဘာပြောရမှန်း မသိတော့ချေ။

ချန်လီချီက ဝက်ဝံရုပ်ကလေးကို ပွေ့ဖက်လျက် လဲလျောင်းနေပြီး အိပ်ရာထဲကို သူမရဲ့ မိဘတွေ ဝင်လာမှာကို စောင့်ဆိုင်းနေခဲ့သည်။

ရှောက်ချန်းကျယ်က ချန်ကျင်းလန်ကို တစ်ချက် ကြည့်လိုက်သည်။ ဒီကိစ္စနှင့် ပတ်သက်လို့ သူ့မှာ ဘာမှ ပြောပိုင်ခွင့် မရှိပါ။ ချန်ကျင်းလန် ပြောသမျှကိုသာ သူ လိုက်နာရပါမည်။

ချန်ကျင်းလန်ရဲ့ မျက်လုံးထဲမှာ အရိပ်တွေ ဖြတ်ပြေးသွားသော်လည်း ဘာမှတော့ မပြောခဲ့။

အခန်းထဲမှာ အလွန် တိတ်ဆိတ်သွားသည်။ ချန်လီချီက ပါးစပ်ကို သူမရဲ့ လက်ကလေးဖြင့် အုပ်ပြီး နှစ်ခါ ၊ သုံးခါလောက် ချောင်းဟန့်လိုက်၏။

ချန်ကျင်းလန်က ရှေ့တိုးပြီး သူမလေးကို ငုံ့မေးလိုက်သည်။ “ သမီးရဲ့ လည်ချောင်းထဲမှာ တစ်ခုခု အဆင်မပြေလို့လား။ ”

ချန်လီချီက နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပြီး ပြုံးပြလိုက်၏။ “ သမီးရဲ့ လည်ချောင်းထဲမှာ အဆင်မပြေတာ မဟုတ်ဘူး ၊ သမီးဘာသာ တံထွေးသီးသွားလို့ရယ်။ ”

ချန်ကျင်းလန်ရဲ့ မျက်လုံးတွေထဲမှာ ပြုံးရိပ်သန်းသွားသည်။ သူမလေးရဲ့ နဖူးကို ပွတ်သပ်ပြီး နူးညံ့ညင်သာစွာ ပြောလိုက်၏။ “ သမီး နေလို့ ကောင်းသွားပြီလား။ နေမကောင်းဖြစ်သလို ခံစားနေရသေးလား။ ”

ချန်လီချီက ခပ်သွက်သွက် ခေါင်းခါပြရင်း “ သမီး နေမကောင်းမဖြစ်တော့ပါဘူး။ ” ဟု ပြောကာ အမေဖြစ်သူရဲ့ လက်ကို ဆွဲလိုက်သည်။ “ မြန်မြန် လာအိပ်လေ မေမေ။ မေမေက သမီးကို ဆရာဝန် ဦးလေးကြီးဆီ ခေါ်သွားရတော့ အရမ်း ပင်ပန်းနေမှာ။ မေမေ သေချာ နားဖို့ လိုတယ်။ ”

ချန်ကျင်းလန်သည် ခဏလောက် တုံ့ဆိုင်းနေပြီမှ နောက်ဆုံးမှာ ချန်လီချီရဲ့ ဘယ်ဘက် နေရာလွတ်လေးမှာ ဝင်အိပ်လိုက်တော့သည်။

ချန်လီချီရဲ့ အမေဖြစ်သူ အိပ်ရမည့် ခေါင်းအုံးကို လက်ကလေးနှင့် ဖုန်ခါသလို ဟိုခါ ဒီခါ လုပ်လိုက်ပကီး သူမဘေးမှာ ချန်ကျင်းလန် ဝင်အိပ်တာကို ကြည့်နေခဲ့သည်။ ထို့နောက် ချန်ကျင်းလန်ရဲ့ ရင်ခွင်ထဲကို တိုးဝင်ပြီး အဖေဖြစ်သူကို တစ်လှည့် ၊ အိပ်ရာကို တစ်လှည့် ‌ပြန်ကြည့်လိုက်လေသည်။ အိပ်ရာထဲမှာ ခေါင်းအုံး နှစ်လုံးပဲ ရှိတာပါ။ တစ်လုံးက သူမခေါင်းအုံး ၊ နောက်တစ်လုံးကတော့ သူမအမေရဲ့ ခေါင်းအုံး။ ဖေဖေ့အတွက်တော့ ခေါင်းအုံး မရှိ။ မေမေ့အခန်းထဲကို ဖေဖေ သွားပြီး ခေါင်းအုံး ယူရင်တော့ ရသည်။

ချန်ကျင်းလန်က သူမလေး တွေးနေတဲ့ အတွေးကို သိသောကြောင့် ကြိုပြောလိုက်သည်။ “ ရတယ် ၊ သမီးဖေဖေက ခေါင်းအုံး မပါဘဲလည်း အိပ်တတ်တယ်။ ”

ခေါင်းအုံး မပါဘဲ အိပ်တတ်တယ် .. ဟုတ်လား။ အဲ့ဒါ ဘယ်လိုလုပ် သက်သောင့်သက်သာ ရှိမှာလဲ။ လီချီလေးက အဖေဖြစ်သူကို သံသယအကြည့်ဖြင့် ကြည့်လိုက်သည်။

ရှောက်ချန်းကျယ်အတွက်တော့ ချန်ကျင်းလန်ရဲ့ စကားက သူ့ကို အိပ်ရာပေါ် တက်အိပ်ခွင့်ပြုတယ် ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါသည်။

သူက ယုံကြည်ရလောက်သော တညိတည်ကြည်ကြည် ပုံစံဖြင့် သမီးဖြစ်သူကို ပြောလိုက်၏။ “ ဟုတ်တယ် ၊ ခေါင်းအုံး မပါဘဲလည်း ဖေဖေ အိပ်တတ်တယ်။ ”

သူ ပြောရင်း အိပ်ရာထဲ ဝင်ကာ ချန်လီချီရဲ့ ဘယ်ဘက် နေရာလွတ်လေးမှာ နေရာဝင်ယူလိုက်၏။

ချန်လီချီအတွက်တော့ မိဘ နှစ်ပါးနှင့်အတူ အိပ်ဖူးတာ ဒါ ပထမဆုံးအကြိမ်ပါပဲ။ လူကြီး နှစ်ယောက်ကြားမှ မတူညီတဲ့ အတွေးတွေကိုတော့ သတိမထားမိဘဲ အခုလို အိပ်ရတာ တကယ့်ကို မယုံနိုင်စရာကောင်းသည်ဟုသာ ခံစားနေရသည်။ မေမေ့ဆံနွယ်စလေးတွေကို ခဏလောက် ပွတ်သပ်ကြည့်သည် ၊ အဖေဖြစ်သူရဲ့ လက်ချောင်းတွေနှင့် ခဏလောက် ဆော့သည်။ ခုနတုန်းကတောင် အိပ်ချင်နေသေးပေမဲ့ အခုတော့ အိပ်ချင်စိတ်တွေ အကုန်လုံး အငွေ့ပြယ်သွားပါပြီ။

ချန်ကျင်းလန်က သူမလေးကို ပွေ့ဖက်ပြီး ပြောလိုက်သည်။ “ ခဏနေ အိပ်တော့ ၊ မဟုတ်ရင် သမီး မနက်ဖြန်မနက်ကျ နိုးမှာ မဟုတ်ဘူး။ ”

“ အယ် ၊ ဟုတ် ဟုတ်။ အိပ်ကြမယ်။ သမီးတို့ အားလုံး စောစော အိပ်တဲ့ ငှက်လေးတွေ လုပ်ရအောင်။ ”

‘ စောစော ထတဲ့ ငှက်က ပိုးကောင် စောစော စားရတယ် ’ လို့ မေမေ ပြောတာကို ကြားဖူးပေမဲ့ ထိုစကားပုံကို အစအဆုံးဝောာ့ မမှတ်မိတော့ဘဲ စောစော ထတာရယ် ၊ ပိုးကောင်လေးတွေရယ်ကိုသာ မှတ်မိပါတော့သည်။ သူမက အမေဖြစ်သူရဲ့ ရင်ခွင်ကို မှီလျက် ၊ ဝက်ဝံရုပ်လေးကတော့ သူမရဲ့ ရင်ခွင်ကို မှီလျုက်။ ချန်လီချီလေးက ဝက်ဝံရုပ်လေးရဲ့ နားရွက်တွေကို မြှောက်လိုက် ၊ အောက်ချလိုက်ဖြင်ဘ ဆော့နေပြီးမှ ဖေဖေ့လက်ကို ဆုပ်ကိုင်လိုက်သည်။ “ ကဲ ၊ ဖေဖေ အခု ကလေးချော့တေး ဆိုပြလို့ ရပြီ။ ”

အပြင်ဘက်မှာ လေပြင်းတွေ တိုက်ခတ်နေကာ တစ်နေ့လုံး ပူလောင်အိုက်စပ်နေခဲ့သော အပူရှိန်များသည် အချိန်က ညတာရဲ့ အစောပိုင်း နာရီများထဲကို ချဥ်းကပ်ဝင်ရောက်လာသည်နှင့်အမျှ တဖြည်းဖြည်း အပူချိန် လျော့ကျလာခဲ့သည်။

ချန်ကျင်းလန်က ချန်လီချီရဲ့ ပခုံးကို ဖွဖွလေး ပုတ်ကာ မျက်လုံးမှိတ်ထားရင်း အိပ်ချင်ယောင်ဆောင်နေခဲ့သည်။ ရှောက်ချန်းကျယ်က သီချင်းဆို ရပ်လိုက်သည်။

အပြင်ဘက်မှာ ဝူးဝူးဝါးဝါး တိုက်ခတ်နေသော လေသည် လေလုံအောင် ခပ်တင်းတင်း စေ့ပိတ်ထားတဲ့ ပြတင်းပေါက်နှင့် လိုက်ကာထူထူတွေကို ဖြတ်ကျော်၍ အိမ်ထဲ ဝင်ရောက်လာကာ အချိန်က ရွေ့လျားကုန်ဆုံးနေဆဲ ဖြစ်ကြောင်း သက်သေပြနေ၏။

အခုထိ အိပ်မပျော်သေးသော ချန်လီချီက သူမအဖေ သီချင်းဆို ရပ်သွားတာကို ကြားတော့ မပီဝိုးတဝါး အသံဖြင့် “ သမီး နားထောင်လို့ မဝသေးဘူး ” ဟု အဖေဖြစ်သူကို ပြောလိုက်သည်။

ရှောက်ချန်းကျယ်က သူမလေးရဲ့ လက်ကလေးတွေကို ‌တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ပြီး နူးညံ့စွာ ပြောလိုက်၏။ “ ဟုတ်ပြီ ၊ ဖေဖေ နောက်တစ်ကျော့ ‌ဆိုပြမယ်နော်။ ”

အိပ်ခန်းထဲမှာ သီချင်းဆိုသံ ထပ်မံ ထွက်ပေါ်လာကာ အပြင်ဘက်က မိုးသံလေသံတွေကို မှေးမှိန်တိုးဝင်သွားစေသည်။

ချန်လီချီသည် တဖြည်းဖြည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွး၏။ သူမရဲ့ နှုတ်ခမ်းလေးပေါ်မှာတော့ ချစ်စရာ အပြုံးလေးက တွဲလဲခိုလျက် ရှိ၏။

သီချင်းသံ တိုးတိုးနှင့် သမီးဖြစ်သူရဲ့ အသက်ရှူသံ မှန်မှန်မှာ ဘယ်အသံက သူမစိတ်ကို သက်သောင့်သက်သာ ဖြစ်စေတာလဲ ဆိုတာ ချန်ကျင်းလန် မသိတော့။ နှစ်မျိုးလုံးကပဲ သူမကို စိတ်သက်သောင့်သက်သာ ဖြစ်စေတာများလား … ။ သူမရော ၊ ချန်လီချီလေးရော တူညီသော အိပ်မက်ထဲကို အတူတူ ဝင်ရောက်ခဲ့ကြလေသည်။

မိုးသည်း လေထန်သော ည တစ်ည အလွန်တွင် ကောင်းကင်သည် ကြည်လင်သွား၏။ နေရောင်က လိုက်ကာစတွေမှ တစ်ဆင့် အခန်းထဲကို လင်းဖြာကျနေသည်။ ချန်ကျင်းလန်က ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ပြီး တစ်ဖက်ကို လှည့်လိုက်ဝောာ့ နက်ရှိုင်းသော မျက်လုံး တစ်စုံနှင့် အကြည့်ချင်း ဆုံသွားသည်။

သူမ အိပ်တစ်ဝက် ၊ နိုးတစ်ဝက်ပဲ ရှိသေးဆာမို့ အိပ်မက်ကနေ လက်တွေ့ကမ္ဘာထဲကို အသိစိတ် လုံးလုံးလျားလျား မရောက်သေးပေ။ သူ့ရဲ့ ချိုင့်ခွက်နေသော မျက်ကွင်းများကို ကြည့်ကာ ခပ်တိုးတိုး မေးလိုက်သည်။ “ ရှင် တစ်ညလုံး မအိပ်ရသေးတာလား။ ”

ရှောက်ချန်းကျယ်က သူမရဲ့ မျက်လုံးတွေကို ဖုံးအုပ်ထားတဲ့ ဆံနွယ်မျှင်လေးကို သပ်ဖယ်ပေးလိုက်သည်။ သူ့လက်ချောင်းတွေက သူမရဲ့ ဆံနွယ် တစ်လျှောက် လျှောဆင်းသွားကာ နားရွက်ကို ကျော်ပြီး ပါးမို့လေးတွေနှင့် ခပ်ဖွဖွ ထိတွေ့ပွတ်တိုက်သွား၏။ သူ အိပ်နေရာမှ ကိုယ် တစ်ပိုင်း ထလိုက်ပြီး အိပ်ရာမှ မနိုးသေးသည့် ချန်လီချီလေးကို ကျော်၍ ချန်ကျင်းလန်နှင့် နဖူးချင်း ထိကပ်ကာ သူမရဲ့ နှုတ်ခမ်းထောင့်စွန်းလေးကို နမ်းလိုက်သည်။

“ ကိုယ် တောင်းပန်ပါတယ်။ ”

“ ပြီးတော့ ကျေးဇူးတင်ပါတယ်။ ”

သူ ပြောချင်တဲ့ စကားတွေ အများကြီး ရှိပေမဲ့ အဆုံးသတ်မှာတော့ သု့နှုတ်ကနေ ထိုစကား နှစ်ခွန်းသာ ထွက်လာသည်။

ချန်ကျင်းလန်က သူမအပေါ် စီးမိုးနေသူကို အနီးကပ် စိုက်ကြည့်နေခဲ့ပြီး သူမမျက်လုံးထဲမှာ ကြည်လင်ပြတ်သားမှုတွေ ခပ်ဖြည်းဖြည်း လှိုက်တက်လာခဲ့သည်။ ထို့နောက် ခေါင်းကို နောက်ဆုတ်ပြီး နှုတ်ခမ်း နှစ်ခုကို စည်းခြားထားလိုက်သော်လည်း အကြည့်တော့ မလွှဲခဲ့‌ပါ။ သူတို့ရဲ့ မျက်လုံးတွေက တစ်ယောက်ကို တစ်ယောက် စူးစိုက်စွာ ကြည့်နေသည်။ သူမက သူ့မျက်လုံးတွေကို စက္ကန့်မလပ် စိုက်ကြည့်နေ၏။ သိပ်သည်း‌သွားသော လေထုထဲတွင် စကားလုံးနှင့် ဖော်ပြလို့ မရတဲ့ နူးညံ့မှု တချို့ ပျော်ဝင်နေသည်။

ထိုအခိုက်အတန့်မှာပဲ တိတ်ဆိတ်နေသော အခန်းထဲမှာ ကလေးမလေး တစ်ယောက်ရဲ့ အသံ သေးသေးလေးတွေ ထွက်ပေါ်လာသောကြောင့် သူတို့ နှစ်ယောက်လုံး ပြိုင်တူ အကြည့်လွှဲသွားကာ သူတို့ကြားထဲက ကလေးမလေးကို ကြည့်လိုက်ကြသည်။

ချန်လီချီရဲ့ ခပ်တင်းတင်း စေ့ပိတ်ထားသော မျက်တောင်လေးတွေ ဖျတ်ခနဲ လှုပ်ခါသွားသလို အသက်ရှူသံလည်း အနည်းငယ် မြန်လာသည်။ စက္ကန့် အနည်းငယ်အကြာမှာတော့ သူမက မျက်လုံး တစ်ဖက်ကို အရင်ဆုံး ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီးမှ နောက်တစ်ဖက်ကို ဖွင့်ကြည့်လိုက်၏။ အိပ်ရာနိုးခါစမို့ သူမရဲ့ အသံလေးဟာ နူးညံ့ပျော့ပျောင်းနေသည်။ “ ဖေဖေ မေမေ့ကို နမ်းလို့ ပြီးပြီလား။ သမီး အခု သန့်စင်ခန်းဝင်လို့ ရပြီလားဟင်။ ”

အိပ်ရာနိုးခါစ ဖြစ်သောကြောင့် အပေါ့သွားချင်စိတ်ကို သူမ ဆက်မထိန်းနိုင်တော့ပေ။ အိပ်ရာထဲမှာ သေးပေါက်ချတဲ့ ကလေးမျိုးလည်း မဖြစ်ချင်ပါ။

ရှောက်ချန်းကျယ်က ချက်ချင်းပဲ ကုတင်ပေါ်မှ ဆင်းကာ သမီးဖြစ်သူကို ပွေ့ချီ၍ သန့်စင်ခန်းဆီသို့ ခေါ်သွားလိုက်ပြီးနောက် သန့်စင်ခန်း တံခါးကို ပိတ်ပေးလိုက်ပြီး အပြင်ကနေ ခြေဗလာဖြင့် တံခါးကို မှီရင်း သမီးဖြစ်သူ ပြန်ထွက်အလာကို စောင့်နေခဲ့သည်။

ချန်ကျင်းလန်က တစ်ဖက်ကို လှည့်သွားကာ ခေါင်းအုံးထဲမှာ မျက်နှာကို မြုပ်ထားပြီး အချိန် အတော် ကြာသည်အထိ တုပ်တုပ် မလှုပ်တော့ပေ။ မနက်ခင်း နေရောင်ခြည်အောက်မှာ လူကြီး နှစ်ယောက်ရဲ့ နားရွက်ဖျားတွေက အကြာကြီး နီရဲ‌တက်နေခဲ့လေသည်။

ချန်လီချီရဲ့ အဖျားက မြန်မြန်ဆန်ဆန် ပျောက်ကင်းသက်သာသွား၏။

တစ်ည အိပ်ပြီးနောက်တွင် အားပြည့်ကာ နေပြန်ကောင်းသွားခဲ့သည်။ ချန်ကျင်းလန်က အစတုန်းကတော့ သူမလေးကို အိမ်မှာ ဒီနေ့ တစ်ရက် နားခိုင်းဖို့ တွေးထားပေမဲ့ ချန်လီချီက အဖေဖြစ်သူ ချက်ပေးထားသော ဆန်ပြုတ်ကို နည်းနည်းချင်း သောက်ရင်း ချန်ကျင်းလန်ကို ပြောသည်။ “ သမီး အခု တကယ် သက်သာသွားပါပြီ မေမေရဲ့။ နေမကောင်းမဖြစ်တော့ပါဘူး။ သမီး အခု မူကြိုသွားလို့ ရပြီ။ ”

ချန်ကျင်းလန်က သူမရဲ့ နှင်းဆီသွေးရောင်လွှမ်းနေတဲ့ မျက်နှာလေးကို ကြည့်ပြီး ပြောလိုက်သည်။ “ ဒါဆို သမီး မူကြိုမှာ တစ်ခုခု နေမကောင်းသလို ခံစားရတာနဲ့ မေမေ့ကို ချက်ချင်း ဖုန်းဆက်ပြောရမယ်နော် ၊ ဟုတ်ပြီလား … ”

ချန်လီချီက ခေါင်းညိတ်ပြသည်။ “ ဟုတ် ဟုတ် ၊ သမီး မေမေ့ကို စိတ်ပူအောင် မလုပ်ပါဘူး။ ” ထို့နောက် အမေဖြစ်သူရဲ့ နီရဲနေသော နားရွက်ဖျားလေးတွေကို တစ်လှည့် ကြည့်လိုက်သည်။ “ ‌ရှက်မနေပါနဲ့ မေမေရဲ့။ သမီး ဘာမှ မမြင်လိုက်ပါဘူး။ ”

သူမ ရေချိုးခန်းထဲက ထွက်လာချိန်မှာ သူမအမေရဲ့ နားရွက်နီနီလေးတွေကို မြင်လိုက်ရသည်။ အခုထိလည်း နီနေတုန်းပါပဲ။ ဘွားဘွားကတော့ မေမေဟာ ရှက်နေရင် နားရွက်တွေ နီနေတတ်တယ်လို့ ပြောဖူးပါသည်။

ချန်ကျင်းလန်သည် ပါးစပ်ထဲမှာ သောက်လက်စ ဆန်ပြုတ် သီးတော့မလို ဖြစ်သွားရလေသည်။ ပါးစပ်ကို တစ်သျှူး နှစ်ရွက်နှင့် အုပ်ပြီး ဆန်ပြုတ်ကို မနည်း မျိုချလိုက်ရသည်။ သမီးဖြစ်သူကို တစ်ခုခု ပြန်ပြောချင်ပေမဲ့ ဘာပြောလို့ ပြောရမှန်း မသိပါ။

ချန်လီချီက ပါးစပ်ကို လက်နှင့် အုပ်၍ အမေဖြစ်သူရဲ့ နားရွက်နား ကပ်သွားကာ တိုးတိုးလေး ပြောလိုက်သည်။ “ ဖေဖေ မေမေ့ကို သဘောကျတယ် ဆိုတာ သမီး သိတယ် ၊ မေမေကလည်း ဖေဖေ့ကို သဘောကျတယ်။ အဲ့ဒါကြောင့် ဖေဖေက မေမေ့ကို နမ်းတာပေါ့။ ”

သူမလေးကဝောာ့ ကိုယ့်ကိုယ်ကိုယ် တိုးတိုးလေး ပြောနေသည်ဟု ထင်နေပေမဲ့ တကယ်တမ်းမှာတော့ အဲ့လောက်ကြီး အသံ မတိုးပါ။ ပြီးတော့ သူမ ပြောလိုက်တဲ့ စကား နှစ်ခွန်းကို သူမရဲ့ အဖေပါ ကြားလိုက်တယ် ဆိုတာကို လုံးဝ သတိမပြုမိ။

လတ်လတ်ဆတ်ဆတ် လုပ်ထားတဲ့ ဆန်းဒ်ဝစ်ခ်ျတွေဖြင့် မီးဖိုချောင်ထဲကနေ ထွက်လာသော ရှောက်ချန်းကျယ်က ထိုဆန်းဒ်ဝစ်ခ်ျတွေကို ချန်ကျင်းလန်ရှေ့မှာ တင်ပေးနေခဲ့သည်။ သူ့နှုတ်ခမ်းထောင့်စွန်းတွေက ပြုံးရီလို့ နေကာ သမီးဖြစ်သူရဲ့ ဆံပင်လေးတွေကို ဆွဲဖွလိုက်၏။ “ စား စား ၊ သမီး စားပြီးရင် ဖေဖေနဲ့ မေမေက သမီးကို မူကြို လိုက်ပို့ပေးမယ်။ ”

ချန်လီချီလေးက ရေးခနဲ အော်လိုက်ပြီးနောက် မနက်စာကို စိတ်ပါလက်ပါ စားပါတော့သည်။

***

All Chapters