← Chapters

အခန်း ၄၄

Vol. 5 Ch. 44

အခန်း ၄၄

Vol. 5 Ch. 44

အပိုင်း ( ၄၄ )

တကယ့်ကို ကမောက်ကမနိုင်တဲ့ မနက်ခင်း တစ်ခုပါ။ ချန်ကျင်းလန်က ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်ပြီး အရာ အားလုံးကို မေ့ပစ်ချင်နေပေနဲ့ တချို့ ကိစ္စတွေ ဆိုတာက ကိုယ် မေ့ပစ်ချင်လေ ၊ မေ့လို့ မရနိုင်လေ .. ပြီးတော့ ညတိုင်း အိပ်မက်ထဲကို ဝင်ရောက်လာတတ်တာမျိုး။

ချန်ကျင်းလန်ရဲ့ မွေးနေ့တွင် ကောင်းကင်မှာ တိမ်ရိပ် အနည်းငယ်တောင် မရှိဘဲ လျှော်ဖွပ်ထားတဲ့ ကောင်းကင်လို အပြာရောင်တောက်ပကြည်လင်နေခဲ့သည်။ ကလေးငယ်လေးတွေ ရှိသောကြောင့် မွေးနေ့ပွဲကို အိမ်မှာပဲ ကျင်းပခဲ့၏။ အိမ်မှာ ကျင်းပတဲ့ မွေးနေ့ပွဲမို့ စီးပွားရေးလုပ်ငန်းအရ ခင်မင်သူတွေ မပါဝင်ဘဲ ဆွေမျိုးတွေနှင့် သူငယ်ချင်းတွေလောက်ကိုသာ ဖိတ်ထားတယ် ဆိုပေမဲ့လည်း လူတွေ အများကြီး ရှိနေဆဲပင်။ ခြံဝန်း တစိဝက်လောက်မှာ ကားတွေ အပြည့်။

ချန်လီချီက သူမရဲ့ အမေအတွက် လက်ဆောင် နှစ်ခု ပြင်ဆင်ထားပါသည်။ တစ်ခုကတော့ အရင်တုန်းက သူမတို့ သားအဖ နှစ်ယောက် လုပ်ထားတဲ့ အလှ ကြွေပန်းအိုးလေး ဖြစ်သည်။ ထိုပန်းအိုးလေးကို သူမအမေရဲ့ ရုံးခန်းထဲမှာ အလှဆင်ထားလို့ ရသည်။ ပန်းအိုးလေးကို မေမေ မြင်တိုင်း သူမကို သတိရလိမ့်မည်။ နောက်ထပ် လက်ဆောင် တစ်ခုကတေယ့ သူမကိုယ်တိုင် လုက်ထားတဲ့ ‘ ဆုမွန်ကောင်း တောင်းပေးသည့် ကတ်ပြား ထူထူလေး ' ပါ။ ကတ်ပြားထဲမှာ သူမနှင့် မေမေတို့ အတူတူ ဆွဲထားတဲ့ ပန်းချီလေးတွေကိုလည်း ထည့်သွင်းထား၏။ စာမျက်နှာ တစ်မျက်နှာမှာလည်း တရုတ် ဗျည်းအက္ခရာကိုရော ၊ ဖျင်းယင်းကိုရော သုံးပြီး ရေးထားတဲ့ ပေးစာလေး တစ်စောင် ရှိသည်။ ပေးစာလေးရဲ့ နာမည်ကတော့ “ ဒီကမ္ဘာပေါ်မှာ မေမေ့ကို သမီး အချစ်ဆုံးပဲ ” ဟူ၍။

ပေးစာလေးကို ဖတ်ပြီးသွားတော့ ချန်ကျင်းလန်က ထိုကတ်ပြားလေးကို ပြန်ပိတ်လိုက်သည်။ ကိုယ့်ကိုယ်ကိုယ် ကြိုးစားပြီး ထိန်းထားပေမဲ့ မျက်လုံးတွေ နည်းနည်းလေး ရဲနေဆဲပါပဲ။ သမီးဖြစ်သူရဲ့ မျက်နှာလေးကို ငုံ့နမ်းလိုက်သည်။ “ မွေးနေ့လက်ဆောင်အတွက် ကျေးဇူးပါ ကလေးလေးရယ်။ မေမေ အရမ်း သဘောကျတယ်။ မေမေကလည်း လီချီလေးကို အချစ်ဆုံးပဲ။ ”

ချန်လီချီကလည်း သူမအမေရဲ့ လည်ပင်းကို ပွေ့ဖက်ပြီး တရှုံ့ရှုံ့ နမ်းနေခဲ့သည်။

မွေးနေ့ပွဲကို လာသည့် ဧည့်သည်များက ထိုမြင်ကွင်းကို သဘောကျစွာ ကြည့်နေကာ ချစ်စရာကောင်းရုံသာမက အလွန် သိတတ်လိမ္မာသည့် သမီးလေးကို ပိုင်ဆိုင်ထားရသည့် ချန်ကျင်းလန်ကို အားကျသွားခဲ့ကြသည်။

ညနက်ပိုင်းထဲ ရောက်လာတာနှင့်အမျှ မွေးနေ့ပွဲက ပိုလို့ အသက်ဝင်လာသည်။ ဒီဘက်အိမ်မှာ မီးအလင်းရောင်တွေ တောက်ပ ၊ ပျော်သံရွှင်သံတွေဖြင့် ဆူညံ အသက်ဝင်နေသော်လည်း တစ်ဖက်အိမ်ကတော့ အလင်းရောင် မှိန်ဖျော့စွာ အေးစက်နေသည်။

ချန်လီချီလေးက စိတ်လှုပ်ရှားနေခဲ့သော်လည်း ပုံမှန် အိပ်နေကျ အချိန် ရောက်သည်နှင့် အိပ်ချင်လာခဲ့သည်။ ဖေးကျူးဟွေ့က လူငယ်တွေကို လွတ်လွတ်လပ်လပ် ပျော်ခွင့်ပေးလိုက်ကာ သူမလေးကို ကုန်းပိုးပြီး အိမ်ထဲကို ဝင်လာခဲ့လိုက်၏။ ဒီည မြေးမလေးနှင့် အတူတူ အိပ်မည်။

ချန်ကျင်းလန်က သူငယ်ချင်း တစ်ယောက်နှင့် စကားစမြည် ပြောနေဆဲမှာ ဖုန်းက တုန်ခါလာသောကြောင့် ဖန်သားပြင်ကို တစ်ချက် ကြည့်ပြီး အသံပိတ်ကာ စားပွဲပေါ် တင်၍ သူငယ်ချင်းနှင့် စကားဆက်ပြောနေလိုက်သည်။ သို့သော် ခဏအကြာမှာတော့ မနေနိုင်တော့ဘဲ ဖုန်းကို ကောက်ကိုင်ကာ သူငယ်ချင်းဖြစ်သူအား ‘ ငါ့ကို ခဏလောက် ခွင့်ပြုပါဦး ’ ဟု ပြောလိုက်၏။ “ ဆောရီး ၊ ငါ ဖုန်း ခဏ ပြောလိုက်ဦးမယ်နော်။ ” ထို့နောက် အခန်းထဲမှ ထွက်ခဲ့လိုက်သည်။

ရှစ်ရမ်နှင့် ကျန်းကျန်းက ခြံထောင့် တစ်နေရာမှာ စကားပြောနေကြသည်။ သူတို့ နှစ်ယောက်ကြားမှ အကွာအဝေးက မနီးသော်လည်း မဝေးပါ။ ပြတင်းပေါက်ဘေးမှာ ရပ်ကာ လက်ထဲမှာ ဝိုင်ခွက်ကို ကိုင်၍ အပြင်ကို ငေးရင်း တိတ်တိတ်လေး သက်ပြင်းခိုးချနေသော ချန်ကျင်းချွမ်ကို သူမ တစ်ချက် ကြည့်လိုက်ပြီးနောက် နောက်ထပ် ခြံထောင့်သို့ ထွက်လာကာ ဖုန်းကိုင်လိုက်သည်။

“ ရှင် ဘာလို့ ဖုန်းဆက်နေတာလဲ။ ” ရှောက်ချန်းကျယ်က အလွန် တည်ငြိမ်သော အသံဖြင့် ပြန်ပြောသည်။ “ မွေးနေ့မှာ ပျော်ရွှင်ပါစေနော်။ ”

“ ကျေးဇူးပါ။ ”

ထို့နောက် နှစ်ယောက်လုံး ပြောစရာ စကား မရှိတော့သလို တိတ်ဆိတ်သွားကြသည်။

ခဏကြာတော့မှ ရှောက်ချန်းကျယ်က မရဲတရဲ မေးလိုက်သည်။ “ ဒီည ဆယ့်တစ်နာရီကနေ ဆယ့်နှစ်နာရီလောက်ထိ ကိုယ် မင်းနဲ့ အတူတူ ရှိနေလို့ ရမလားဟင်။ မင်းရဲ့ မွေးနေ့မှာ မင်းနဲ့အတူ ရှိနေချင်တယ်။ ”

ချန်ကျင်းလန်က ဖုန်းကို လက်ထဲမှာ ဆုပ်ကိုင်ထားရင်း အုတ်တံတိုင်းကို ခပ်ဆတ်ဆတ်လေး ကန်လိုက်သည်။ ခေါင်းညိတ်လို့ မရသလို ခေါင်းခါလို့လည်း မရ။

ညကောင်းကင်မှာ ကြယ်လေးတွေ မှိတ်တုတ် မှိတ်တုတ် လင်းလက်ကာ လရောင်က ရေအလျင်လို လင်းလက်ရွှန်းမြနေ၏။

သူတို့ နှစ်ယောက်ကြားမှာ အုတ်တံတိုင်း တစ်ချပ်သာ ခြားသည်။ သူမက ဒီဘက်မှာ ၊ သူကတော့ ဟိုဘက်မှာ …

ခြံဝင်းထဲမှာ မီးရောင်တွေ တောက်ပနေကာ အိမ်ထဲကနေ ဝေါခနဲ လျှံထွက်လာသော ရယ်သံတွေက ချန်ကျင်းလန်ရဲ့ အတွေးစတွေကို ဖြတ်တောက်ပစ်လိုက်သည်။

“ ဟင့်အင်း ၊ ကျွန်မမှာ အချိန်မရှိဘူး။ ” နောက်ဆုံးတော့ ချန်ကျင်းလန်က သူ့မေးခွန်းကို ပြန်ဖြေလိုက်သည်။ ဧည့်သည်တွေ မပြန်သေးတာမို့ သူနှင့် တွေ့ရဖို့ တစ်ခုတည်းအတွက် ဧည့်သည်တွေ ပြည့်နေတဲ့ အခန်းထဲကနေ ထွက်လာလို့ မဖြစ်။

ရှောက်ချန်းကျယ်က တစ်ထစ် လျှော့လိုက်သည်။ “ နာရီဝက်လောက်ပဲ ဆိုရင်ရော … ”

ချန်ကျင်းလန်က ဘာမှ ပြန်မပြော။

ရှောက်ချန်းကျယ်က နောက်တစ်ထစ် ထပ်လျှော့လိုက်၏။ “ ဆယ့်ငါးမိနစ်ပဲ … ”

ချန်ကျင်းလန် တစ်ယောက် ဘာပြန်ပြောရမှန်း မသိတော့ပါ။ ဒီပြဿနာကို ဒီလို ညှိနှိုင်းလို့ ရလို့လား။

“ ဒါမှမဟုတ် ဆယ်မိနစ်ပဲ … ” သူ့ရဲ့ အက်ကွဲခြောက်သွေ့သော အသံထဲမှာ သိသိသာသာ စိတ်ပျက်အားငယ်ခြင်းတွေ ရောယှက်နေသည်။

ချန်ကျင်းလန်က ခဏလောက် နှုတ်ဆိတ်နေပြီးမှ သူ့မေးခွန်းကို ပြန်ဖြေလိုက်သည်။ “ ငါးမိနစ် … ”

အဲ့လို ပြောပြီးမှ ကိုယ့်ကိုယ်ကိုယ် နောင်တရသွားမိသည်။ သူမ သူ့ကို လုံးဝ အလျှော့မပေးဘဲ ငြင်းလိုက်သင့်တာပါ။ ငါးမိနစ် ဆိုတဲ့ အချိန်လေးနဲ့ ဘာများ ထူးခြားသွားမှာမို့လို့လဲ။ သူမမှာ မွေးနေ့ပွဲကို အတူ ကျင်းပစရာ လူတွေ မရှိတာ မဟုတ်။ ရှောက်ချန်းကျယ်က‌တော့ သူမ စိတ်မပြောင်းနိုင်သေးခင်မှာပဲ သူမရဲ့ ကမ်းလှမ်းချက်ကို သဘောတူလိုက်ပါပြီ။ “ ရတယ် ၊ ဒါဆိုလည်း ငါးမိနစ်ပေါ့။ ကိုယ် မင်းကို စောင့်နေမယ်နော်။ ”

နောက်ဆုံး စကားသံက တိုးဖွဖွ။ အဆုံးသတ်မှာ တိမ်ဝင်ပျောက်ကွယ်သွားတဲ့ အသံထဲမှာ မြတ်နိုးတွယ်တာမှု အငွေ့အသက်တွေ ထုံမွှမ်းနေသည်။

ကောင်းကင်ကို ချန်ကျင်းလန် မော့ကြည့်လိုက်တော့ တံတိုင်း တစ်ဖက်ကနေ သူမတို့ခြံထဲကို အုပ်မိုးကျနေသည့် ပန်းရုံလေးကို မြင်ရသည်။ ညလေညှင်း တစ်သုတ် တိုးဝှေ့တိုက်ခတ်သွားသဖြင့် ပန်းရနံ့တွေကို ခပ်သင်းသင်း အနံ့ခံမိလိုက်သည်။ လက်ခံတယ် ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်သည့် “ အင်း ” ဟူ၍ မသဲမကွဲ ပြန်ပြောလိုက်၏။

ခြံဝအထိ ချန်ကျင်းလန်‌ လိုက်ပို့ရင်း နှုတ်ဆက်လိုက်ရတဲ့ နောက်ဆုံး ဧည့်သည်က ကျန်းကျန်း ဖြစ်သည်။ အခန်းထဲ ပြန်ရောက်သည်နှင့် ဆိုဖာကို မှီကာ မျက်လုံးများ မှိတ်ထားသော အမျိုးသားကို သူမ လှမ်းကြည့်လိုက်သည်။ “ ကဲပါ ၊ ဟန်ဆောင်မနေနဲ့တော့။ ဘယ်သူမှ မရှိတော့ဘူး။ ”

ချန်ကျင်းချွမ်က မျက်လုံးဖွင့်လိုက်သည်။ ဘာ့ကြောင့်ရယ်မသိ သူ့အကြည့်က အားမရှိသလို လျော့ရဲနေသေးပေမဲ့ ခုနတုန်းက ဟန်ဆောင်နေသလို မတ်တပ်တောင် မရပ်နိုင်တဲ့ အတိုင်းအတာထိတော့ မဟုတ်။

ချန်ကျင်းလန်က အဟမ်း အဟမ်းဟု ခပ်တိုးတိုး ချောင်းဟန့်လိုက်သည်။ “ အစ်ကိုကြီးကို အဲ့လောက် သူရဲဘောကြောင်လိမ့်မယ်လို့ ညီမ ထင်မထားဘူး။ ”

သူဟာ လူ တစ်ယောက်ကိုတောင် လိုက်မပို့ရဲ။

ချန်ကျင်းချွမ်က စားပွဲပေါ်မှာ တင်ထားတဲ့ ဖန်ခွက်ကို ယူကာ တစ်ထိုင်တည်း မော့ချပြီးမှ ဆိုဖာကို လျော့တိလျော့ရဲ ပြန်မှီလိုက်သည်။ ထို့နောက် မျက်လုံးကို လက်ဖြင့် အုပ်ရင်း “ နင် နားမလည်ပါဘူးဟာ … ” လို့ ပြန်ပြောသည်။

ချန်ကျင်းလန်က “ ဟုတ်တယ် ၊ ညီမ နားမလည်ဘူး ၊ အစ်ကိုတို့ နှစ်ယောက်ကြားမှာ ဘာဖြစ်ခဲ့လဲ ဆိုတာကို နားလည်း နားမလည်ချင်ဘူး။ ဒါပေမဲ့ ဒီလောက် နှစ်တွေ အများကြီး ကြာသွားတာတောင် အစ်ကို့စိတ်ထဲမှာ ရှိနေတာ ဘယ်သူလဲ ဆိုတာ အစ်ကိုလည်း ကောင်းကောင်း သိတာပဲ။ အခု သူ ပြန်လာပြီလေ ၊ အစ်ကို သူ့ကို လက်မလွှတ်နိုင်ဘူး ဆိုလည်း ဘာမှ မကြိုးစားကြည့်ဘဲနဲ့ သူရဲဘောကြောင်ပြီး ရှောင်ပြေးနေတာမျိုး မလုပ်နဲ့။ အစ်ကိုလည်း အရင်တုန်းက သူ့အပေါ် ဘယ်လောက်တောင် မတရားခဲ့လဲ ဆိုတာ ကိုယ့်ကိုယ်ကိုယ် သိတာပဲ။ တခြား အကြောင်းတွေ မပြောရင်တောင် သူ့ကို သေချာလေးတော့ တောင်းပန်သင့်တယ်။ သူ အစ်ကို့ကို ခွင့်လွှတ်ရင်လည်း ခွင့်လွှတ်လိမ့်မယ် ၊ ခွင့်မလွှတ်မှာလည်း ဖြစ်နိုင်တယ်။ ညီမ တစ်ယောက်တည်းအနေနဲ့ကတော့ ခွင့်မလွှတ်ဖို့ပဲ မျှော်လင့်တယ် ၊ အစ်ကို လုပ်ခဲ့တဲ့ ကိစ္စတွေကလည်း ခွင့်လွှတ်ချင်စရာမှ မကောင်းတာ။ ဒါပေမဲ့ အနည်းဆုံးတော့ အစ်ကို သူ့ကို တောင်းပန်လိုက်ရင် သူလည်း အတိတ်တွေ အကုန်လုံးကို မရှိခဲ့သလို မေ့နိုင်သွားလိမ့်မယ်။ အဲ့ဒါ အစ်ကို ကျန်းကျန်းအပေါ် တင်နေတဲ့ အကြွေးပဲ။ ”

ပထမတုန်းကတော့ သူမ ထိုစကားတွေကို ပြောဖို့ ရည်ရွယ်ထားတာ မဟုတ်။ စိတ်ခံစားချက်နှင့် သက်ဆိုင်သော ကိစ္စတွေ ဆိုတာ ဘေးလူတွေ ဝင်စွက်ဖက်လို့ ရတဲ့ ကိစ္စမျိုး မဟုတ်ပါ။ ဒါပေမဲ့ သူမ ခုနတုန်းက ခြံထဲမှာ ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့ပါပြီ။ ကျန်းကျန်းက ရှစ်ရမ်နှင့် စကားပြောနေပေမဲ့ ပြင်သစ်စတိုင် ပြတင်းပေါက်တွေဆီ မကြာခဏ အကြည့်ရောက်သွားတတ်သည်။ သူမ ဘယ်သူ့ကို ကြည့်နေလဲ ဆိုတာ အသိအသာကြီးပင်။

အတိတ်ရဲ့ ကြိုးထုံးတွေကို မဖြည်ဘူး ဆိုရင် သူတို့ သုံးယောက်လုံး ရှေ့ဆက်ဖို့ရာ အလွန် ခဲယဉ်းလိမ့်မည်။

ချန်ကျင်းချွမ်က ဘာမှ မပြောဘဲ ခေါင်းငုံ့ပြီးတော့သာ ဆက်တိုက် သောက်နေခဲ့သည်။ ခဏအကြာမှာ နောက်ထပ် ဖန်ခွက် တစ်ခွက်ကို တစ်ကျိုက်တည်း မော့ချလိုက်ကာ ထိုဖန်ခွက်ကို စားပွဲပေါ်သို့ လေးလံစွာ ပြန်ချထားလိုက်သည်။ ထို့နောက် ဆိုဖာပေါ်မှ ထပြီး ခြေလှမ်းကျဲများဖြင့် တံခါးဆီသို့ လျှောက်သွားလိုက်၏။ တစ်ခုခု မူမမှန်ကြောင်း ချန်ကျင်းလန် နားလည်သွား၍ သူ့နောက်ကို အမြန် ပြေးလိုက်သွားလိုက်သည်။ လုံးဝကြီး အရက်မူးနေတာ မဟုတ်ပေမဲ့ ယိုင်တိယိုင်တိုင်တော့ ဖြစ်နေတာမို့ အခုလို စိတ်အခြေအနေလည်း မကောင်းတဲ့ အချိန်မျိုးမှာ အယ်ကိုဟောလ်ရဲ့ အကျိုးသက်ရောက်မှုက ပိုမြန်လိမ့်မည်။ လောလောဆယ်မှာ သူ့ပုံစံက အရမ်းကြီး မဆိုးသေးတာမို့ သူ ဘယ်လောက် အတိုင်းအတာထိ အသိစိတ်ကပ်သေးလဲ ဆိုတာကို ချန်ကျင်းလန် အတိအကျတော့ မသိပါ။

ချန်ကျင်းချွမ်က နောက်ကျမှ ရောက်လာသောကြောင့် ကားကို အပြင်မှာ ရပ်ထားခဲ့ရသည်။ ချန်ကျင်းလန် သူ့နောက် ပြေးလိုက်သွားချိတ်မှာ သူက ကားကို မှီလျက် ငုတ်တုတ်လေး ထိုင်ကာ ခေါင်းငိုက်စိုက်ချထားခဲ့သည်။ သူ ဘာတွေ တွေးနေတာပါလိမ့် … ။

ကံကောင်းစွာဖြင့် အရက်မူးနေချိန်မှာ ကားမမောင်းသင့်တာကိုတော့ သူ သိပါသေးသည်။

ချန်ကျင်းလန် ခေါ်လိုက်တော့ သူက မော့ကြည့်သည်။ “ ငါ့ကို သူ့ဆီ ခေါ်သွားပေး။ ငါ သူ့ကို ပြောချင်တဲ့ စကားတွေ ရှိတယ်။ ”

ချန်ကျင်းလန်သည် အစ်ကိုဖြစ်သူကို ဖြတ်ရိုက်မိတော့မလို ဖြစ်သွားလေသည်။ ကာယကံရှင် ပြန်သွားတော့မှသာ သူက သူ့မှာ ပြောစရာ ရှိတယ် ဆိုတာကို သတိရတော့သည်။

အရက်မူးနေတဲ့ ချန်လီချီလေးကို ချော့မော့သလိုမျိုး သူ့ကို ချော့မော့ဖို့သာ သူမ တတ်နိုင်သည်။ “ ညီမလည်း သောက်ထားတော့ အစ်ကို့ကို လိုက်ပို့ပေးလို့ မရဘူး။ အစ်ကို့မှာ ပြောစရာ ရှိရင်လည်း မနက်ဖြန် အမူးပြေတဲ့ထိ စောင့် ၊ အမူးပြေသွားမှ သူ့ကို သွားပြော .. ဟုတ်ပြီလား။ အခု အိမ်ထဲ ဝင်ပြီး အိပ်ကြမယ်။ ”

ချန်ကျင်းချွမ်ကတော့ နည်းနည်းလေးတောင် မလှုပ်။

ချန်ကျင်းလန်သည် ဤအမူးသမားကို အလွန် စိတ်ပျက်စွာဖြင့်ပင် သူ့လက်ထဲက ကားသော့ကို ယူပြီး ခြိမ်းခြောက်လိုက်သည်။ “ ကဲ ၊ အဲ့ဒါဆိုလည်း ညီမ အစ်ကို့ကို ဂရုမစိုက်တော့ဘူး။ အစ်ကို့ဘာသာ ဒီမှာ ဒီတိုင်း အိပ်လိုက်လို့ ရတယ်။ ဘာပဲပြောပြော အခု ရာသီဥတုကလည်း အပြင်မှာ အိပ်ဖို့ အတော်ပဲ။ ”

ဘေးအိမ်တံခါးကနေ ထွက်လာတဲ့ ရှောက်ချန်းကျယ်က ဒီမြင်ကွင်းကို မြင်တော့ ချက်ချင်း လာမေးသည်။ “ သူ မူးနေတာလား။ ”

ချန်ကျင်းလန်က သူနှင့် အကြည့်ချင်း ဆုံသွားပြီးမှ အကြည့်လွှဲလိုက်၏။ “ သောက်တာ နည်းနည်းလေး များသွားတာ။ ”

သူတို့ ရောက်နေတဲ့ နေရာမှာ မီးအလင်းရောင် မှုန်တိမှုန်ဝါးသာ ရှိတာမို့ ချန်ကျင်းချွမ်က ရှောက်ချန်းကျယ်ကို သူ့ဒရိုင်ဘာဟု အထင်မှားသွား၏။ သူ့ပုံစံက ကိုယ့်ကိုယ်ကိုယ်တောင် ဟန်ချက်ညီအောင် မထိန်းနိုင်တော့ဘဲ ဒယိမ်းဒယိုင် ဖြစ်နေသည်။ “ ငါ့ကို ယိဖန် ဥယျာဉ်ကို မောင်းပို့ပေး ရှောင်လျူ။ ”

ရှောက်ချန်းကျယ်က သူ့လက်မောင်းကို တွဲကိုင်ပေးရင်း ချန်ကျင်းလန်ကို ကြည့်လိုက်သည်။ “ သူက ယိဖန် ဥယျာဉ်မှာ နေတာလား။ ဒါမှမဟုတ် ငါ သူ့ကို ပြီးရင် ပြန်ခေါ်ခဲ့ရမှာလား။ ”

ကျန်းကျန်းက ယိဖန် ဥယျာဉ်မှာ နေတာ ဖြစ်သည်။ သူမ ပြောမိတဲ့ စကားတွေက ဒီလိုမျိုး ပြဿနာဖန်တီးလိမ့်မယ် ဆိုတာ အစောကြီးကတည်းက ချန်ကျင်းလန် သိထားတာပါ။ သူ အမူးပြေတဲ့အထိ ဘာမှ မပြောဘဲ စောင့်နေတာကမှ ပိုကောင်းဦးမည်။

“ သူ ပြောတိုင်း လိုက်လုပ်ပေးစရာ မလိုပါဘူး ၊ ရှင့်ကို အားတော့ နာပေမဲ့ သူ့ကို အိမ်ထဲကို ကျွန်မနဲ့ ကူတွဲပြီး ခေါ်လာခဲ့ပေးလို့ ရမလား။ ”

ဒီအခြေအမေကို ချန်ကျင်းလန် တစ်ယောက်တည်း မကိုင်တွယ်နိုင်သလို အစ်ကိုဖြစ်သူကိုလည်း ဒီမှာ ခွေးစားစား ကျီးထိုးထိုး ပစ်ထားခဲ့လို့ မဖြစ်။

“ ဟုတ်ပြီ။ ” ရှောက်ချန်းကျယ်က ချန်ကျင်းချွမ်ရဲ့ လက်မောင်းကို သူ့ပခုံးပေါ် တင်လိုက်သည်။ “ သွားရအောင် ၊ ကျွန်တော် ဘော့စ်ကို ယိဖန် ဥယျာဉ်ကို ခေါ်သွားပေးမယ်။ ”

တစ်စုံတစ်ယောက်ဆီမှာ သူ့ခန္ဓာကိုယ် တစ်ပိုင်းကို ထိန်းကိုင်ခံထားရပေမဲ့ အရက်မူးနေသူ တစ်ယောက်အနေဖြင့် ဆိုလျှင် ချန်ကျင်းချွမ်က တော်တော်လေး နာခံမှု ရှိတာပါ။ ဘာပြဿနာမှ ထပ်မရှာဘဲ ရှောက်ချန်းကျယ်ရဲ့ ခြေလှမ်းတွေနောက်ကနေ အိမ်ထဲကို လိုက်ဝင်လာခဲ့သည်။ ချန်ကျင်းလန်လည်း ကူညီချင်ပေမဲ့ ရှောက်ချန်းကျယ်က “ မင်း သူ့ကို မကိုင်နဲ့။ ကိုယ် တစ်ယောက်တည်း ဖြေရှင်းနိုင်တယ်။ ” ဟု ပြန်ပြောခဲ့သည်။

ညလေညှင်းက ချန်ကျင်းချွမ်ကို အနည်းငယ် အမူးပြေသွားစေသည်။ မူမမှန်တဲ့ အသံကို အကြားမှာ သူ ရှောက်ချန်းကျယ်ကို လှည့်ကြည့်ပြီး အနီးကပ် စစ်ဆေးလိုက်၏။ ထို့နောက် သူ့ခြေလှမ်းတွေ ချက်ချင်း ရပ်တန့်သွားသည်။ “ မင်းက ရှောင်လျူမှ မဟုတ်တာ ၊ မင်းက ရှောက်ချန်းကျယ်ပဲ … ”

ရှောက်ချန်းကျယ်သည် အရက်မူးနေတဲ့ ချန်ကျင်းချွမ်ကို အခုလို အကင်းပါးလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူ စိတ်ရှည်လက်ရှည် ပြန်ပြောလိုက်သည်။ “ ကျွန်တော် ရှောင်လျူပါဗျာ။ အခု ကျွန်တော် ဘော့စ်ကို ယိဖန် ဥယျာဉ်ဆီ ခေါ်သွားနေတာလေ။ ”

သူ့ကို မယုံကြည်သော ချန်ကျင်းချွမ်ကတော့ သူ ဘယ်သူလဲ ဆိုတာကို သေချာ ကြည့်ဖို့ သူ့လည်ပင်းနောက်ကို လက်တင်ပြီး ဆွဲခေါ်လိုက်သည်။ သို့သော်လည်း ထိုရုတ်တရက် လှုပ်ရှားမှုကြောင့် ရှောက်ချန်းကျယ်ကို ဘယ်သူမှန်း ကွဲကွဲပြားပြား မသိသေးခင်မှာပဲ ခေါင်းထဲမှာ ယစ်ထွေရီဝေလာပြန်ကာ ရှောင်ချန်းကျယ်ရဲ့ ပခုံးပေါ် ခေါင်းစိုက်သွားလေသည်။ သူ့ဗိုက်ထဲက အယ်လ်ကိုဟောက နောက်ထပ်တစ်ခေါက် တန်ခိုးပြပြန်ပါပြီ။ ရှောက်ချန်းကျယ် အမြန် ရှောင်လိုက်ပေမဲ့ သူ့နောက်ကျောမှာ နည်းနည်းတော့ စင်သွားသေးသည်။ ချန်ကျင်းချွမ် ညစာ အများကြီး စားမထားလို့ တော်သေးရဲ့ ၊ မဟုတ်ရင် ရှောက်ချန်းကျယ်ရဲ့ နောက်ကျော တစ်ခုလုံး မတွေးရဲစရာတွေ ဖြစ်ကုန်လိမ့်မည်။

ရှောက်ချန်းကျယ်က ဒီအမူးသမားကို တွန်းထုတ်ပစ်လိုက်ဖို့ လက်ထဲမှာ အားထည့်ပြီးတော့မှ ထိုဆန္ဒကို မနည်း ထိန်းချုပ်လိုက်ရသည်။ သူ့မျက်ခုံးတွေက တစ်ခုနှင့် တစ်ခု ထိစပ်တော့မလို တွန့်ချိုးနေခဲ့သည်။

သူ သေချာတော့ မပြောတတ်ပေနဲ့ သူ့သမီးကို သူ့ကိုယ်ပေါ်မှာ အန်ချခွင့်ပေးတာနှင့် သူ့သမီးရဲ့ ဦးလေးကို သူ့ကိုယ်ပေါ်မှာ အန်ချခွင့်ပေးတာက လုံးဝ မတူညီတဲ့ အရာ နှစ်ခုပါ။

ချန်ကျင်းလန်က သူတို့ နှစ်ယောက်ကြားမှ အကွာအဝေးကို ထိန်းထားရန်အတွက် ခြေ နှစ်လှမ်း နောက်ဆုတ်လိုက်၏။ ရယ်ချင်လာသော သူမရဲ့ နှုတ်ခမ်းထောငိ့စွန်းတွေကို မရယ်မိအောင် ကြိုးစား ထိန်းချုပ်သည့်အနေဖြင့် တစ်ဖက်ကို မျက်နှာလွှဲလိုက်ပေမဲ့ ရယ်ချင်စိတ်ကို တကယ် ထိန်းချုပ်လို့ မရပါ။ ဒီရက်ပိုင်း သူ တစ်ခုခုအ အမှားကျူးလွန်ထားလို့ သူ့ကိုယ်ပေါ် အန်ချတာတွေနဲ့ချည်း ကြုံနေရတယ် ထင်တယ်။

သူမရဲ့ မနည်း ချုပ်ထိန်းထားရသော အပြုံးကို မြင်ချိန်မှာ ရှောက်ချန်းကျယ်ရဲ့ တွန့်ချိုးနေတဲ့ မျက်ခုံးတွေလည်း ပြေလျော့သွားပြီး ခပ်ဖြည်းဖြည်း ပြောလိုက်သည်။ “ မင်း ရယ်ချင်ရင်လည်း ရယ်ချလိုက်ပါ။ ထိန်းမထားနဲ့။ ”

ချန်ကျင်းလန်က အဟမ်း အဟမ်းဟု ချောင်းဟန့်ကာ လည်ချောင်းရှင်းလိုက်သည်။ “ ကျွန်မကပဲ သူ့ကိုယ်စား တောင်းပန်ပါတယ်။ ခဏနေရင် ဒီအဝတ်တွေကို ကျွန်မ သန့်ရှင်းရေး ပြန်လုပ် … ”

ရှောက်ချန်းကျယ်က သူမကို စကားဖြတ်ပြောလိုက်၏။ “ သူက မင်းအစ်ကို ဆိုပေမဲ့လည်း သူကိုယ်တိုင် တောင်းပန်တာက ပိုကောင်းတယ်။ ”

ချန်ကျင်းချွမ် သူ့ကို တောင်းပန်သည် ဖြစ်စေ ၊ မတောင်းပန်သည် ဖြစ်စေ .. အနည်းဆုံးတော့ သူက ချန်ကျင်းချွမ်ကို တစ်ခုခု လက်တုံ့ပြန်မှာပါ။

အခု လောလောဆယ်မှာတော့ ဟန်ချက်ညီညီ မရပ်နိုင်လောက်အောင်ပင် မူးနေတဲ့ ချန်ကျင်းချွမ်က သူ့ပခုံးပေါ်မှာ အိပ်ပျော်သွားပြီ ဖြစ်သည်။ ရှောက်ချန်းကျယ် မျက်မှောက်ကြုတ်လိုက်မိပြန်သည်။ နှစ်စက္ကန့်လောက် တုံ့ဆိုင်းနေပြီးမှ ထိုလူရဲ့ ဒူးအောက်ကို လက်လျိုသွင်းပြီး ပွေ့ချီကာ အိမ်ထဲကို ခေါ်လာခဲ့လိုက်သည်။

“ သူ ဘယ်အခန်းမှာ အိပ်တာလဲ။ ”

ချန်ကျင်းလန်ကတော့ အတော်လေး အံ့သြမှင်သက်နေမိပါသည်။ ချန်ကျင်းချွမ်ရဲ့ ကိုယ် အလေးချိန် အတိအကျကို သူမ မသိပေမဲ့ ခြောက်ပေနီးပါး အရပ်နှင့် နေ့တိုင်း လေ့ကျင့်ခန်း လုပ်ထားတဲ့ ခန္ဓာကိုယ်ပိုင်ရှင် ယောက်ျား တစ်ယောက်ကို တွဲခေါ်ရတာ ဘယ်လိုမှ ပေါ့ပေါ့လေး နေမှာ မဟုတ်။ ဘယ်လိုလုပ် ရှောက်ချန်းကျယ်က သူ့ကို ငှက်မွှေးလေးလိုမျိုး ပွေ့ချီနိုင်ရတာလဲ … ။

မနက်ဖြန်မနက် ချန်ကျင်းချွမ် အိပ်ရာနိုးလာတဲ့အခါ သူ ညတုန်းက မင်းသမီးလေး တစ်ပါးလို ပွေ့ချီခဲ့ရတယ် ဆိုတဲ့ အကြောင်း သိသွားရင် ဘယ်လို မျက်နှာမျိုး ဖြစ်သွားမလဲ သိချင်မိသည်။

***

All Chapters