← Chapters

အခန်း ၄၆

Vol. 5 Ch. 46

အခန်း ၄၆

Vol. 5 Ch. 46

အပိုင်း ( ၄၆ )

ရှောက်ချန်းကျယ်သည် သူမရဲ့ ကျောပြင်လေးကို လက်ဖြင့် ထိန်းကိုင်ထားရင်း နူးညံ့စွာ နှိပ်ပေးနေခဲ့သည်။ “ မလောပါနဲ့။ ကိုယ်တို့ ခဏနေ အခန်းထဲ ရောက်တော့မှာပါ။ ”

ချန်ကျင်းလန်က ပိုလို့တောင် အားထည့်ပြီး သူ့ကို ကိုက်ဆွဲလိုက်သည်။ လောနေတဲ့ လူက သူမတဲ့လား ၊ ဘာကိစ္စ လောရမှာလဲ။

မီးရောင်တွေ တောက်ပနေသော အခန်းထဲကို ရောက်သည်နှင့် သူမရဲ့ ခန္ဓာကိုယ်ပေါ်က ချွေးတွေဟာ လေအေးပေးစက်ရဲ့ အေးစိမ့်စိမ့် လေတွအောက်မှာ အငွေ့ပျံသွားလေသည်။ ချန်ကျင်းလန် ပခုံးမတွန့်မိဘဲ မနေနိုင်တော့။

“ အေးလို့လား။ ”

ရှောက်ချန်းကျယ်က သူမတို့ နှစ်ယောက်ကြား ကြားလေပင် သွေးလို့ မရအောင် တင်းတင်းကျပ်ကျပ် ထွေးပွေ့ထားသည်။ လေအေးပေးစက် ရီမုကို ရှာတွေ့သွားတဲ့ ရှောက်ချန်းကျယ်က အခန်းတွင်း အအေးဓာတ် လျှော့သည့် ခလုတ်ကို နှိပ်လိုက်သည်။

“ မီးတွေလည်း မှိတ်လိုက်။ ” သူမ အမိန့်ပေးလိုက်မိတာလား … ။

ရှောက်ချန်းကျယ်က ပင်မ မီးအလင်းရောင်ကို ပိတ်လိုက်ကာ နံရံကပ် မီးအိမ်လေး နှစ်ခု ၊ သုံးခုကိုသာ မပိတ်ဘဲ ချန်ထားခဲ့သည်။ မီးရောင် မှိန်ဖျော့ဖျော့အောက်ဝယ် သူတို့အရိပ်တွေက နံရံပေါ်မှာ ရောထွေးယှက်တင်နေခဲ့သည်။ ချန်ကျင်းလန်က မျက်လုံးမှိတ်ကာ ဆက်အမိန့်ပေးလိုက်သည်။ “ အကုန်လုံး မှိတ်လိုက်။ ”

ရှောက်ချန်းကျယ်က သူမရဲ့ လည်တိုင်သွယ်သွယ်လေးကို လျှာနှင့် လျှက်ရင်း တီးတိုး ပြောလိုက်သည်။ “ မိန်းကလေးချန်ရဲ့ တောင်းဆိုတာတွေက များလိုက်တာ။ ဒီစိတ်ကျေနပ်မှုပေးတဲ့ ဝန်ဆောင်မှုရဲ့ ဈေးကို မြှင့်မှ ဖြစ်တော့မယ် ထင်တယ်။ ”

အမှောင်ထုက ချန်ကျင်းလန်ကို စိတ်လုံခြုံတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်သည်။ သူမရဲ့ တောင့်တင်းနေသော ခန္ဓာကိုယ်လည်း တဖြည်းဖြည်း ပြေလျှော့လာကာ သူ့ပခုံးပေါ်မှာ လျော့တိလျော့ရဲ မေးတင်လိုက်သည်။ “ ရတယ် ၊ ရှင် တောင်းတဲ့ ဈေး ပေးမယ်။ ”

သူမ အိပ်ရာထဲ ရောက်သွားသည်နှင့် သူက သူမကို အပေါ်စီးကနေ အုပ်မိုးထားလိုက်သည်။ အိပ်ရာဘေး စားပွဲပေါ်က လိုအပ်တဲ့ ပစ္စည်းတွေကို လှမ်းယူဖို့လည်း မမေ့လျော့ခဲ့။

“ ရှင် တကယ့်ကို အသေးစိတ် ပြင်ထားတာပဲ။ ” အသက်ရှူသံ တစ်သံနှင့် တစ်သံကြား ခဏ နားတဲ့ အခိုက်အတန့်လေးတွေမှာ သူမ ခပ်အက်အက် လှောင်ရယ်လိုက်သည်။

ရှောက်ချန်းကျယ်ကတော့ ‘ အင်း ’ ဟုသာ ပြန်ပြောပြီး သူ့ရဲ့ လျှို့ဝှက်ထားတဲ့ ရည်ရွယ်ချက်တွေကို မငြင်းဆန်ခဲ့ပေ။ သို့သော် သူ့ကိုယ်သူအတွက်တော့ ခိုင်လုံတဲ့ အကြောင်းပြချက် ပေးလိုက်၏။ “ ဒါတွေ အကုန်လုံး မိန်းကလေးချန်အတွက်ပဲ ပြင်ဆင်ထားတာပါ။ စိတ်ကျေနပ်စရာကောင်းတဲ့ ဝန်ဆောင်မှု တစ်ခု ဖြစ်ဖို့ ဆိုရင် ကျွန်တော် ထောင့်စေ့နေအောင် ပြင်ဆင်ထားရမယ်လေ။ ” ဒီလောက် နှစ်တွေ အများကြီး ကြာသွားပြီးတဲ့နောက်မှာ ဒီလို ညမျိုး ပြန်ရောက်လိမ့်မယ်လို့ ဘယ်သူ ထင်ခဲ့မှာလဲ။

ချန်ကျင်းလန်သည် ပင်လယ်ရေထဲမှာ မျောလွင့်လာသော သစ်ရွက်လေး တစ်ရွက်လိုပင် လှိုင်းအတက်အကျနှင့်အတူ နိမ့်ချည် မြင့်ချည် လှုပ်ရှားနေကာ အိပ်ရာထဲကနေ ရေချိုးခန်းထဲ အိပ်မက်ဆန်စွာ ရောက်သွားသည်။ ပြီးတော့ အိပ်ရာထဲ ပြန်ရောက်လာသည်။

ချန်ကျင်းလန်က သူ နောက်တစ်ခေါက် သူမအနား ထပ်ကပ်မလာစေရန်အတွက် ကိုယ့်ကိုယ်ကိုယ် စောင်နှင့် ရစ်ပတ်လွှမ်းခြုံထားလိုက်သည်။ လက်ရှိ အချိန်မှာတော့ သူမက သစ်ရွက်လေး မဟုတ်တော့ဘဲ ကုန်းပေါ်ကို ပစ်တင်ခံထားရတဲ့ ၊ နောက်ဆုံး ထွက်သက်ကို ပင်ပင်ပန်းပန်း အသက်လုရှူနေရတဲ့ ငါးလေး တစ်ကောင်ပါ။ နောက်တစ်ခေါက် ဆိုလျှင် သူမ သေချာပေါက် သေသွားလိမ့်မည်။

ရှောက်ချန်းကျယ်က သူမနဖူးပေါ်က ချွေးတွေကို သုတ်ပေးပြီး သူမရဲ့ စိုလဲ့နေသော မျက်ဝန်းထဲကို စိုက်ကြည့်ကာ ထိုမေးခွန်းကိုပင် ထပ်မေးလိုက်၏။ “ မိန်းကလေးချန်ရဲ့ စိတ်ထဲမှာ အခု ဘယ်လို ခံစားနေရလဲ။ ”

အသက်ရှူမှားလောက်အောင် မောဟိုက်နေသော ချန်ကျင်းလန်သည် အချိန်မီ အရှုံးပေးလိုက်ရတော့သည်။ “ အရမ်း စိတ်ကျေနပ်တယ်။ ”

ရှောက်ချန်းကျယ်က သူမရဲ့ စကားအတိုင်း သံယောင်လိုက် ရေရွတ်ရင်း စကား အဆုံးသတ်မှာ အသံ အနည်းငယ် မြှင့်သွားသည်။ “ အရမ်း စိတ်ကျေ‌နပ်တယ်ပေါ့ … ”

ချန်ကျင်းလန်က သူ့ကို မျက်စောင်းထိုးလိုက်သည်။

ရှောက်ချန်းကျယ်က ထိုအကြည့်ကို မြင်တော့မှ “ ကိုယ်လည်း မင်းအဖြေကို တော်တော်လေး စိတ်တိုင်းကျပါတယ်။ ” ဟု အမှန်အတိုင်း ပြန်ပြောသည်။

“ ဒါဆို ကိုယ် ဈေးသတ်မှတ်လိုက်မယ်နော်။ ကိုယ်တို့ စိတ်ကျေနပ်ရတာချင်း ညီတူမျှတူပဲ မဟုတ်လား။ ”

ချန်ကျင်းလန်ရဲ့ အကြည့်က ခဏလောက် ဝေ့လည်ကြောင်ပတ် ဖြစ်နေပြီးမှ မျက်လုံးမှိတ်လိုက်ပြီး တည်ငြိမအေးစက်သော အသံဖြင့် ပျင်းရိစွာ ပြောလိုက်သည်။ “ ဆက်ပြော … ”

“ မိန်းကလေးချန်က ချမ်းသာတယ် ဆိုတော့ ကိုယ် ဘယ်ဈေးပဲ သတ်မှတ် သတ်မှတ် ၊ ပေးနိုင်တယ် ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ စိတ်ကျေနပ်မှု ပေးစွမ်းတဲ့ ဝန်ဆောင်မှုက ပိုက်ဆံနဲ့ တန်ဖိုးဖြတ်လို့ ရတဲ့ ဝန်ဆောင်မှုမျိုး မဟုတ်ဘူး။ ”

“ အဲ့တော့ ရှင် လိုချင်တာ ဘာလဲ။ ”

ရှောက်ချန်းကျယ်က တစ်လုံးချင်း ပြောလိုက်သည်။ “ ဒီညက စပြီး ညတိုင်း မင်းဘေးမှာ ကိုယ် အိပ်ချင်တယ်။ ” ထို့နောက် သူ ထပ်လောင်း ဖြည့်စွက် ပြောလိုက်သည်။ “ ဒါမှမဟုတ် … မင်းဆီက အနမ်း တစ်ပွင့် နေ့တိုင်း ရရင်လည်း အဆင်ပြေပါတယ်။ ”

ချန်ကျင်းလန်က တုံ့ဆိုင်းမနေပေ။ သူ့လည်ပင်ကို ဆုပ်ကိုင်ကာ ဆွဲချလိုက်ပြီး ဖျတ်ခနဲ နှုတ်ခမ်းချင်း ထိကပ်၍ ပြီးစလွယ် နမ်းလိုက်သည်။ “ ဒီလောက်ဆို ရပြီလား။ ”

ရှောက်ချန်းကျယ် ပြုံးလိုက်၏။ “ ကိုယ် လိုချင်တာ စိတ်ပါလက်ပါနဲ့ နမ်းတဲ့ အနမ်း ၊ ဖြစ်ကတတ်ဆန်း အနမ်းမျိုး လိုချင်တာ မဟုတ်ဘူး။ ”

“ ဘာကွာလို့လဲ။ နှစ်မျိုးလုံး အတူတူပဲကို … ”

“ ကွာတာပေါ့ ၊ အများကြီး ကွာတယ်။ ”

ချန်ကျင်းလန်က သူ့ကို ဘာမှ ဆက်မပြောဘဲ စိုက်ကြည့်နေသည်။

“ မင်း မသိဘူးမို့လား။ ကိုယ် သင်ပေးမယ်။ ” ရှောက်ချန်းကျယ်ရဲ့ အကြည့်က နူးညံ့သွားသည်။ သူ့ခမျာ သူ သိထားတဲ့ ဒီဗဟုသုတကို ဘာမှ တွန့်ဆုတ်မနေဘဲ စိတ်ပါလက်ပါ ဝမ်းသာအားရ မျှဝေပေးချင်နေရှာသည်။

သူက နှုတ်ခမ်းချင်း ဖျတ်ခနဲ ထိကပ်လိုက်သည်။ “ ဒါက ဖြစ်ကတတ်ဆန်း အနမ်း။ ” အဲ့ဒီနောက် သူမနှုတ်ခမ်းတွေကို စုပ်ငုံလိုက်ပြီး တကယ့်အနမ်းက ဘယ်လို အနမ်းမျိုးလဲ ဆိုတာ လက်တွေ့ သရုပ်ဖော်ပြလိုက်သည်။

လွင့်ပြယ်ခါစ အပူရှိန်တွေ ပြန်လည် ရောက်ရှိလာသည်။ သည်းမခံနိုင်တော့တဲ့ ချန်ကျင်းလန်က ဖြည်းဖြည်းချင်း နောက်ဆုတ်လာခဲ့ပေမဲ့ သူမ ခုတင်ပေါ်မှ ပြုတ်ကျတော့မည့်ဆဲဆဲမှာ သူ့ရင်ခွင်ထဲ ဆွဲထည့်ခံလိုက်ရပြီး သူက နှုတ်ခမ်းချင်း ဖိကပ်နမ်းရှိုက်၍ သူမနာမည်ကို တိုးလျစွာ ခေါ်ခဲ့သည်။ “ မြောင်မြောင် … ”

ဒီတစ်ခေါက်တော့ ရှောက်ချန်းကျယ်သည် သူမဘက်က အရင် စတင် လှုပ်ရှားစေချင်မိသည်။

ချန်ကျင်းလန်ကတော့ မြန်ဆန်လာတဲ့ အသက်ရှူသံတွေကို မထိန်းချုပ်နိုင်ဘဲ ငြိမ်သက်နေမိသည်။ သူမ ငြိမ်နေတော့ ရှောက်ချန်းကျယ်ကလည်း သူတို့ နှစ်ယောက်ရဲ့ နှုတ်ခမ်းတွေကိုသာ ထိကပ်ထားရုံက လွဲလို့ ဘာမှ မလုပ်ဘဲ စိတ်ရှည်စွာ ငြိမ်နေခဲ့သည်။

ပူပြင်းတဲ့ ခံစားချက်လှိုင်းတွေက သူမရဲ့ ခန္ဓာကိုယ်တွင်း ရေဓာတ်ကို ကုန်ဆုံးသွားစေသည်။ ချန်ကျင်းလန်ရဲ့ စိတ်ထဲမှာ ရီဝေမှုန်ဝါးလာလျက် အလွန်အမင်း ရေငတ်သည့် ခံစားချက် တစ်မျိုးတည်းသာ ရှိတော့ကာ ‌သူမကိုယ်တိုင်တောင် ကိုယ်ကိုယ်ကိုယ် သတိမထားမိခင်မှာပဲ အစိုဓာတ် အရင်းအမြစ်ကို ရှာဖွေနေမိပါတော့သည်။

ဒီညဟာ ညတာရှည်သော်လည်း အရမ်းကြီး မကြာလိုက်သလို ခံစားရသည်။

ချန်ကျင်းလန်သည် လေးလံနေတဲ့ မျက်ခွံတွေကို ဖွင့်ရင်း တစ်ခါမှ မမြင်ဖူးသည့် မျက်နှာကို ကြောင်ငေးကြည့်နေမိကာ သူမ ဘယ်ကို ရောက်နေလဲ ဆိုတာ လုံးတ စဉ်းစားလို့ မရပေ။ အိပ်ရာဘေး စားပွဲပေါ်က လက်ပတ်နာရီကို မြင်တော့မှ ခေါင်းထဲမှ လျှပ်ပြက်သလို အလင်းပွင့်သွား၏။ အဲ့ဒီတော့မှ အသိစိတ် ပြန်ဝင်လာကာ မနေ့ညတုန်းက အဖြစ်အပျက်တွေကို ပြန်သတိရသွားသည်။

အခုတော့ သူမဘေးမှာ ဘယ်သူမှ မရှိပါ။ ရေချိုးခန်းထဲက တစ်ယောက်ယောက် ရေချိုးနေသံက လွဲလို့ တခြား ဘာသံကိုမှလည်း မကြားရ။

သူမ အိပ်ရာထဲမှ ထချင်ပေမဲ့ တဆစ်ဆစ် ကိုက်ခဲနေသော ခါးက ခန္ဓာကိုယ်ကို ထိန်းမထားပေးနိုင်ဘဲ အိပ်ရာပေါ်ကို အရုပ်ကြိုးပြတ် ပြန်လဲကျသွားရာ စိတ်ပျက်လက်ပျက် အော်မိတော့မလိုတောင် ဖြစ်သွားသည်။ မနေ့ညတုန်းက သူမ ဝတ်ထားတဲ့ အဝတ်အစားတွေကလည်း မြင်မကောင်းလောက်အောင် တွန့်ကြေစုတ်ပြဲနေလျက်။

အိပ်ရာဘေးမှာ အဝတ်အစား အသစ် တစ်စုံ ရှိနေလို့ တော်သေးရဲ့။ ချန်ကျင်းလန်သည် နာကျင်တုန်ရီနေသော လက်များဖြင့် စကတ်ဝတ်လိုက်ကာ ဖိနပ်ကို လက်က ကိုင်ပြီး အခန်းထဲကနေ သရဲ တစ်ကောင်လို ခြေဖျားထောက်ပြီး တိတ်တိတ်လေး ထွက်လာခဲ့လိုက်သည်။

ရေချိုးပြီးသွားလို့ ရေချိုးခန်းထဲက ထွက်လာတဲ့ ရှောက်ချန်းကျယ်က ပြတင်းပေါက်နား သွားရပ်လိုက်ချိန်မှာ ခြံထဲကို ပြေးဆင်းသွားတဲ့ ပုံရိပ်လေး တစ်ရိပ်ကို မြင်လိုက်ရသောကြောင့် ပြုံးမိသည်။

မနက်ခင်း နေရောင်‌က သူမရဲ့ ပြေလျော့ကျနေတဲ့ ဆံနွယ်တွေနှင့် ဖြူဝင်းသော လက်လေးတွေပေါ်မှာ ဖြာကျနေသည်။ သူမရဲ့ လက်သူကြွယ်ပေါ်က လက်စွပ်လေးကလည်း နေရောင်အောက်မှာ တဖျတ်ဖျတ် တလက်လက်။

ဘေးအိမ်ကနေ တိတ်တိတ်‌လေး ခိုးထွက်လာသော ချန်ကျင်းလန်သည် သူမရဲ့ အိမ်ထဲကို ခြေဖျားထောက် ဝင်ခဲ့ရင်း ဘယ်သူနှင့်မှ မ‌တိုးဖို့ ဆုတောင်းမိသည်။ ဒီအချိန်ဆို ချန်ကျင်းချွမ်လည်း အလုပ်သွားလောက်ပြီ။ ချန်လီချီကတော့ အဘွားဖြစ်သူနှင့် မနက်စာ စားနေလောက်၏။

သို့သော် ကိစ္စတွေ ဆိုတာ ဘယ်တော့မှ အစီအစဉ်အတိုင်း ဖြစ်မလာတတ်ပါ။

ဖေးကျူးဟွေ့က အိမ်အကူတွေကို မနေ့ညတုန်းက မွေးနေ့ပွဲကြောင့် ရှုပ်ပွကျန်ခဲ့တဲ့ အမှိုက်တွေအား သန့်ရှင်းဖို့ ညွှန်ကြားနေသည်။ ချန်လီချီကတော့ ဂါဝန် လှလှလေး တစ်ထည်ကို ဝတ်ထားပြီး ဒီဂါဝန်ကို ကျောင်းမှာ ဝတ်ဖို့ သင့်တော်ရဲ့လားဟု မေးနေခဲ့သည်။ မနေ့ညတုန်းက အရှိန်ကြောင့် အရက်နာကျနေတဲ့ ချန်ကျင်းချွမ်ကတော့ ဆံပင်တွေ ငှက်သိုက်လို ဖွာလန်ကျဲနေပြီး ဧည့်ခန်းထဲကို ဒယိမ်းဒယိုင် ခလုတ်တိုက်နေသည်။

ချန်ကျင်းလန်ဆီကို မျက်လုံးတွေ အကုန်လုံး စုပြုံရောက်လာသည်။ သူမမှာ ခပ်တည်တည် ပုံစံ ဟန်ဆောင်ဖို့က လွဲလို့ တခြား ရွေးချယ်စရာ မရှိတော့။

ဖေးကျူးဟွေ့က သူမကို စုန်ချည် ဆန်ချည် ကြည့်နေသည်။ “ နင် ဒီလောက် အစောကြီး ဖုန်းလည်း မပါဘဲနဲ့ ဘယ်က ပြန်လာတာလဲ။ ”

“ သမီး အပြေးလေ့ကျင့်ပြီး ပြန်လာတာပါ။ ” ချန်ကျင်းလန်က ရုပ်တည်နှင့် လိမ်ပြောလိုက်သည်။ သူမရဲ့ မုသားစကားက သိပ်တော့ ယုံကြည်ချင်စရာမကောင်း။

ဖေးကျူးဟွေ့က သူမကို သံသယအကြည့်ဖြင့် ကြည့်လိုက်သည်။ ဘယ်သူက စကတ်နဲ့ အပြေးလေ့ကျင့်လို့လဲ။

ချမ်ကျင်းချွမ်ကတော့ အခုမှ အမူးပြေခါစမို့ မနေ့ညတုန်းက ကိစ္စ တစ်ခုခု ဖြစ်ခဲ့တယ် ဆိုတာကို သိပေမဲ့ ခေါင်းထဲမှာ ထွေပြားနေကာ ဘာကိုမှ စဉ်းစားလို့ မရ။

ချန်ကျင်းလန်သည် သူမကို သူမရဲ့ အမေ ယုံသည်ဖြစ်စေ ၊ မယုံသည်ဖြစ်စေ ဂရုမစိုက်ပါ။ သူမက အလွန် ပူအိုက်နေသလို ဟန်ဆောင်ပြီး ကိုယ့်ကိုယ်ကိုယ် လက်နှင့် တဖျတ်ဖျတ် ခတ်ကာ အခန်းထဲ အမြန် ပြေးဝင်လာခဲ့လိုက်သည်။ “ ဒီနေ့ အရမ်း ပူတာပဲ။ သမီး ရေ မြန်မြန် ချိုးမှ ဖြစ်မယ်။ ” ထို့နောက် ချန်လီချီဘက်ကို လှည့်ကာ နူးညံ့စွာ ပြောလိုက်လေသည်။ “ သမီးလေး ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား။ ”

ချန်လီချီက အိပ်ခန်းထဲကို အမေဖြစ်သူနောက်မှ လိုက်ဝင်လာခဲ့ကာ အခန်းတံခါးကိုပင် ကူပိတ်ပေးလိုက်သေးသည်။ တံခါး ပိတ်ပြီးသွားတော့မှ အမေဖြစ်သူကို မော့ကြည့်ပြီး တိုးတိုးလေး မေးလိုက်သည်။ “ မေမေ အခုမှ အိမ်ပြန်လာတာ ဆိုတော့ ဖေဖေနဲ့ သွားချိန်းတွေ့နေတာလား။ ”

ချန်ကျင်းလန် တစ်ယောက် ဆွံ့အသွားသော်လည်း ချက်ချင်းပဲ ငြင်းလိုက်သည်။ “ မဟုတ်ပါဘူး သမီးရဲ့ ၊ မေမေ တကယ် အပြေးသွားလေ့ကျင့်‌နေတာပါ။ မေမေ အခုတလော အစားတွေ အများကြီး စားထားတော့ ဝိတ်လျှော့ဖို့ လိုလာပြီ။ ”

ချန်လီချီက ‘ မေမေ လိမ်ပြောနေမှန်း သမီး သိပေမဲ့ အလိမ်မဖော်တော့ပါဘူး ’ ဆိုတဲ့ သဘော ပါဝင်တဲ့ မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်သည်။

ချန်ကျင်းလန်သည် ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲမိတော့မလို ဖြစ်သွား၏။ သမီးဖြစ်သူကို ကျိုကြောင်းဆီလျော်တဲ့ ဖြေရှင်းချက်မျိုး ပေးဖို့ စဉ်းစားမရပါ။ ထိုအခိုက်အတန့်မှာပဲ ချန်လီချီလေးက သူမရဲ့ လက်ကို ဆွဲရင်း အံ့ဩတကြီး ရေရွတ်လိုက်လေသည်။

“ ဒါ မေမေ့ကို ဖေဖေ ပေးထားတဲ့ မွေးနေ့လက်ဆောင်လားဟင်။ စိန်လက်စွပ်လေးက လှလိုက်တာ … ”

ချန်ကျင်းလန်က သူမရဲ့ လက်သူကြွယ်ပေါ်က လက်စွပ်ကို အခုမှ မြင်သွားသည်။ ‌လက်ကို လက်စွပ် စွပ်ပေးလိုက်တာကိုတောင် သတိမထားမိသည့် သူမကိုယ်သူမ စိတ်ထဲက ကျိန်ဆဲလိုက်မိသည်။ “ ဘယ်ကသာ။ ဒီလက်စွပ်ကို သမီးရဲ့ အန်တီကျန်း ပေးထားတာ။ ” ချန်ကျင်းလန် လက်စွပ်ကို ချွတ်ချင်နေပေမဲ့ ဘယ်လိုမှ ချွတ်မရ။

ချန်လီချီက “ ဖေဖေက မေမေ့ကို ဘာမွေးနေ့လက်ဆောင်မှ မပေးဘူးလားဟင်။ ” ဟု မေးလိုက်သည်။

တကယ်လို့ ဖေဖေသာ မေမေ့ကို လက်ဆောင်လေး တစ်ခုတောင် မပေးခဲ့ရင် သူမက ဖေဖေ့ကို သွားဆူမှာပါ။ ဘယ်လိုလုပ် မေမေ့ကို လက်ဆောင်ပေးဖို့ မေ့လျော့နိုင်ရတာလဲ။

ချန်ကျင်းလန်က ဆောင့်ကြောင့်ထိုင်ချပြီး သမီးဖြစ်သူကို ပြောလိုက်သည်။ “ သူ တခြား လက်ဆောင်တွေ ပေးပါတယ်ကွယ် ၊ ဒီလက်စွပ်တော့ မဟုတ်ဘူးပေါ့။ ”

ချန်ကျင်းလန်က မျက်လုံးလှိမ့်လိုက်ပြီး ပါးစပ်ကို လက်နှင့် အုပ်ကာ တခစ်ခစ် ရယ်လိုက်သည်။ ဒါနဲ့တောင် မေမေက ဖေဖေနဲ့ သွားချိန်းတွေ့တာ မဟုတ်ပါဘူးလို့ ပြောနေတုန်းပဲ။ ဖေဖေ ပေးတဲ့ လက်ဆောင်ကို ချိန်းမတွေ့ဘဲနဲ့ ဘယ်လိုလုပ် ရမှာလဲ။

ချန်ကျင်းလန်က စိတ်ပျက်လက်ပျက် သက်ပြင်းရှိုက်ရင်း သမီးဖြစ်သူရဲ့ ဆံပင်လေးတွေကို ဆွဲဖွလိုက်သည်။ အဲ့ဒီနောက် “ ဒါ လျှို့ဝှက်ချက်နော်။ လီချီလေးက တခြား သူတွေကို ပြောပြလို့ မရဘူး ၊ ဟုတ်ပြီလား။ ”

ချန်လီချီက ချစ်စရာကောင်းစွာ ပြုံး၍ နာခံစွာ ခေါင်းညိတ်လိုက်ကာ မေမေနှင့် ဖေဖေ့ကြားက လျှို့ဝှက်ချက်ကို ဘယ်သူ့ကိုမှ မပြောဘဲ ထိန်းသိမ်းထားပါမည်ဟု ကတိပေးလိုက်သည်။

ဘာပဲပြောပြော ဒီအကင်းပါးတဲ့ မင်းသမီးလေးကို သူမ ကိုင်တွယ်နိုင်သွားသဖြင့် စိတ်သက်သာရာရသွားတဲ့ သက်ပြင်းလေး တစ်ချက် မှုတ်ထုတ်လိုက်သည်။

“ မေမေ … ” ချန်လီချီလေးက သူမအနား ကပ်လာပြီး သူမရဲ့ လည်ပင်းကို အနီးကပ် သေချာ ကြည့်နေသည်။ “ မေမေ ခြင်တွေ ထပ်ကိုက်ခံထားရပြန်ပြီ။ ”

ချန်ကျင်းလန်သည် ရှူထုတ်လိုက်တော့မည်ဆဲဆဲ လေကို ရုတ်တရက် ပြန်ရှူသွင်းလိုက်မိ၏။ “ ဟုတ်တယ် ၊ မေမေ ခြင်တွေ ထပ်ကိုက်ခံထားရတယ်။ အခု မေမေ ရေချိုးပြီး ဆေးလိမ်းလိုက်ဦးမယ်နော်။ မေမေ ဒီနေ့ ဘာဝတ်ရမလဲ ဆိုတာ လီချီလေး အင်္ကျီကူရွေးထားပေးလို့ ရမလား။ ”

ချန်လီချီလေးကို အာရုံပြောင်းတာ အောင်မြင်သွားသည်။ သူမလေးက အမေဖြစ်သူအတွက် အင်္ကျီတွေ ရွေးပေးရတာကို အကြိုက်ဆုံးပဲ။

“ ဟုတ် ဟုတ် ၊ သမီး မေမေ့ဖို့ ဂါဝန် လှလှလေး တစ်ထည် ရွေးပေးမယ်။ ” သူမက ပြောရင်း အဝတ်လဲခန်းထဲကို ပြေးဝင်သွားသည်။

ချန်ကျင်းလန်လည်း ရေချိုးခန်းထဲ ပြေးဝင်ခဲ့လိုက်သည်။ ရေပူတွေ သူမခန္ဓာကိုယ်ပေါ်ကို ကျဆင်းလာသည်နှင့် မျက်နှာကို လက် နှစ်ဖက်ဖြင့် အုပ်ရင်း မကျေမချမ်း ညည်းညူလိုက်မိသည်။ သူ့လှည်ကွက်တွေထဲမှာ သူမ တကယ်ပဲ အလှည့်စားခံလိုက်ရတာပါ။

လက်သူကြွယ်က လက်စွပ်ဆီ နောက်တစ်ခေါက် အကြည့်ထပ်ရောက်သွားတော့ ပိုလို့တောင် အော်ငိုချင်သွားသည်။ အကြိမ်ပေါင်းများစွာ ခက်ခက်ခဲခဲ ကြိုးစားအပြီး နောက်ဆုံးမှာတော့ ချောမွေ့စေသော ရေပူရဲ့ အကူအညီဖြင့် ထိုလက်စွပ်ကို ချွတ်နိုင်သွားခဲ့သည်။ လက်စွပ်ချွတ်ဖို့ကလည်း ခက်ပေမဲ့ ထိုလက်စွပ်ကို မူလ ပိုင်ရှင်ဆီ ပြန်ပေးဖို့က ပိုခက်သည်။

အဲ့ဒီနေ့က စလို့ ဘေးအိမ်မှာ မီး တစ်ပွင့်တောင် ဖွင့်ထားတာ မတွေ့ရတော့ဘဲ အစဉ်အမြဲ အမှောင်ကျနေခဲ့လေသည်။ သန့်ရှင်းရေး အဒေါ်ကြီးတောင် ပေါ်မလာခဲ့။ သူမရဲ့ ဖုန်းကောလ်တွေကို မကိုင်သလို မက်ဆေ့ခ်ျတွေကိုလည်း စာမပြန်ပါ။

ချန်ကျင်းလန်သည် စားပွဲ‌ကို တတောက်တောက် ခေါက်နေတဲ့ လက်တွေကို အရှိန်တင်လိုက်၏။ ထန်ယိချန်းက အဟမ်း အဟမ်းဟု ချောင်းဟန့်ပြီး မဒမ်ချန်အား ဟိုတယ်ဌာန မန်နေဂျာက အစီရင်ခံစာ တင်ပြပြီးသွားပြီ ဖြစ်ကြောင်းနှင့် သူမ မှတ်ချက်ပေးရတော့မည် ဖြစ်ကြောင်း ‌သတ်ပေးလိုက်သည်။

ချန်ကျင်းလန်ရဲ့ အတွေးတွေက ပစ္စုပ္ပန်ကို ပြန်ရောက်လာသည်။ သူမ ခပ်တိုတိုနှင့် ထိမိသော မှတ်ချက်ကိုသာ ပေးလိုက်၏။ ဟိုတယ်ဌာန မန်နေဂျာက သခင်မလေးချန်အား သူ တင်ပြနေတဲ့ အစီရင်ခံစာကို နားမထောင်ဘဲ စိတ်ပျံ့လွင့်နေသည်ဟု ထင်ထားပေမဲ့ တကယ်တမ်းမှာ သူမက သူ တင်ပြသွားတဲ့ ဘယ်အချက်ကိုမှ လွတ်မသွားခဲ့ပေ။

သို့သော်လည်း ထန်ယိချန်းကတော့ သခင်မလေးချန် တကယ်ပဲ စိတ်ပျံ့သွားတယ် ဆိုတာကို ကောင်းကောင်း သိသည်။ သူမက တစ်ချိန်တည်းမှာ အလုပ်တွေ အများကြီးကို လုပ်နိုင်လို့သာ မန်နေဂျာ တင်ပြတဲ့ အစီရင်ခံစာကို သေချာ ကြားလိုက်တာပါ။

သခင်မလေးချန် တစ်ယောက် အခုတလော စိတ်မသက်မသာ ဖြစ်ကာ ဂဏှာမငြိမ် ဖြစ်နေသည်။ ဘယ်အရာက သူမကို စိတ်မသက်မသာဖြစ်အောင် လုပ်နေတာလဲ ဆိုတာကို ထန်ယိချန်း အခုထိ အဖြေရှာလို့ မရသေး။ သူ သိတာကတော့ သူ ရုံးခန်းထဲ ဝင်သွားတဲ့ အချိန်တိုင်း သခင်မလေးချန်က မိုးပြာရောင် ကတ္တီပါ ဘူးလေးကို ကိုင်လိုက် ၊ ချလိုက် လုပ်နေတာပါပဲ။

သူ ခန့်မှန်းတာ မလွဲရင်တော့ ထိုဘူးထဲမှာ လက်စွပ် ရှိလိမ့်မည်။ သူ့ခေါင်းထဲမှာ အတွေးစတွေ ချာချာလည်နေသည်။ သူမ လက်ထပ်ခွင့်တောင်းတာကို အငြင်းခံလိုက်ရလို့ မဒမ်ချန် အခုလို စိတ်မသက်မသာ ဖြစ်နေတာများလား။ ဒါပေမဲ့ အဲ့ဒီ အတွေးက အဓိပ္ပာယ်မရှိဘူးလို့လည်း သူ ခံစားရသည်။ ဒီကမ္ဘာပေါ်မှာ ရူးနေတဲ့ လူ မဟုတ်ရင် မဒမ်ချန် လက်ထပ်ခွင့်တောင်းတာကို ငြင်းနိုင်တဲ့ လူ ရှိပါ့မလား။ ဥက္က‌ဌရှောက်ကလည်း ပုံမှန်လူလိုပါပဲ။

ချန်ကျင်းလန်ကတော့ သူမရဲ့ လက်ထောက်မှာ အချိန်တွေ အရမ်း ပိုလျှံလွန်းနေ၍ ပေါက်ကရ အတွေး ပေါင်းစုံ တွေးနေကြောင်း သတိမထားမိပေ။ အစည်းအဝေး ပြီးသွားသည်နှင့် WeChat အဖွဲ့ထဲမှာ ခွေး နှစ်ကောင်ကို ကိုယ်စားပြုထားတဲ့ ရုပ်ပုံလေးကို ရှာတွေ့သွားကာ Friend Request ပို့လိုက်လေသည်။

***

All Chapters