အခန်း ၄၇
Vol. 5 Ch. 47
အပိုင်း ( ၄၇ )
ရှောက်ချန်းကျယ်က We Chat ပေါ်က အနီရောင် အလင်းစက်လေးကို မြင်သွားချိန်မှာ နှုတ်ခမ်းထောင့်စွန်းတွေ အနည်းငယ် ကွေးတက်သွားသည်။ သူ ဖုန်းကို ချပြီး ခုန်ယိချန်ကို ဆက်ပြောဖို့ လက်ဟန်ပြလိုက်၏။
ခုန်ယိချန်ကတော့ အခုတလော သူမရဲ့ ဘော့စ် ခါတိုင်းလို မဟုတ်ဘဲ ထူးထူးခြားခြား စိတ်ကြည်နေသည်ဟု ခံစားရသည်။ ဘယ်လောက်တောင် စိတ်ချမ်းသာနေသလဲ ဆိုရင် မန်နေဂျာက အမှား သေးသေးလေး လုပ်မိသွားချိန်မှာတောင် မျက်မှောင်မကြုတ်ဘဲ ထိုအမှားကို ထောက်ပြပြီး နောက်တစ်ခေါက် ထပ်မလုပ်ဖို့သာ သတိပေးခဲ့သည်။ ပြီးတော့ သူ့အသံကလည်း ထူးခြားဆန်းကြယ်စွာပင် ချိုသာနေခဲ့သည်။
ဘော့စ် အခုတလော နတ်ကောင်းနတ်မြတ်တွေ ဝင်ပူးခံရထားရတာလား ၊ ဒါမှမဟုတ် ဘုရားသခင် ကောင်းချီးပေးတာ ခံထားရတာပဲလားဟု လူတိုင်း ခံစားလိုက်ရသည်။ မဟုတ်ရင် တူညီတဲ့ လူ တစ်ယောက်တည်းကပဲ ဘယ်လိုလုပ် တခြား လူ အသစ် တစ်ယောက်လို ပြုမူနိုင်ရတာလဲ။
ခုန်ယိချန်က အလုပ်ကိစ္စတွေ အကုန်လုံးကို အစီရင်ခံပြီးသွားပေမဲ့ အရေးကြီးတဲ့ ကိစ္စ တစ်ခု ကျန်နေပါသေးသည်။
“ လူကြီးမင်းချန်ကျင်းချွမ်က ဥက္ကဌနဲ့ ဖုန်းပြောချင်နေပါတယ် ဥက္ကဌရှောက်။ ”
ချန်ကျင်းချွမ်က မနက်တိုင်း ချန်ကော်ပိုရေးရှင်း အတွင်းရေးမှူး ရုံးကို ဖုန်းဆက်လေ့ရှိသည်။ ဒါပေမဲ့ သူ့ရဲ့ ဖုန်းကောလ်ကို တစ်ဖက်က မကိုင်မှာကိုလည်း ကြိုမျှော်လင့်ထားပြီးသားပင်။ တစ်လနီးပါးအထိ တစ်ရက်ကို နှစ်ကြိမ် ဖုန်းဆက်သည် ၊ ချန်ကော်ပိုရေးရှင်းရဲ့ အတွင်းရေးမှူး ရုံးကလည်း တူညီသော အကြောင်းပြချက် တစ်ခုတည်းဖြင့် အမြဲတမ်း ငြင်းဆန်သည်။ စကားလုံးလေး တစ်လုံးတောင် မပြောင်းလဲ။ နှစ်ဖက်လုံးက အခြေအနေကို ကောင်းကောင်း နားလည်ပေမဲ့ ဆက်လက် ဟန်ဆောင်ထားခဲ့ကြသည်။ ဒါပေမဲ့ ဒီနေ့ သူ ဖုန်းဆက်တော့ တစ်ဖက်က သူ့ကို စောင့်ခိုင်းထား၏။ နောက်ဆုံးတော့ ဥက္ကဌရှောက်နှင့် စကားပြောချင်သည်ဟု ဖုန်းဆက်ပြောနေတဲ့ ချန်ကျင်းချွမ်ရဲ့ ဖုန်းကောလ်ကို ခုန်ယိချန် လက်ခံလိုက်လေသည်။
ဘော့စ် ဒီရက်ပိုင်း ဆေးမှားသောက်ထားတယ်လို့ ခုန်ယိချန် ခံစားနေရသည်။ မဟုတ်ရင် အမြဲတမ်း ရေခဲတုံးလို အေးစက်နေတဲ့ ဘော့စ်က ဘယ်လိုလုပ် တခြား လူ တစ်ယောက်လို ပြုမူနိုင်မှာလဲ။ အမှန်တကယ်ပဲ ချန်ကျင်းချွမ်ဘက်က အရင် ဖုန်းဆက်နေလို့ ဘော့စ် တစ်ယောက် အခုလိုတွေ ဖြစ်နေတာ ဖြစ်လိမ့်မည်။
ရှောက်ချန်းကျယ်က “ ငါ အခု လောလောဆယ် ဖုန်းပြောဖို့ အဆင်မပြေသေးဘူးလို့ သူတို့ကို ပြန်ပြောလိုက်ပါ။ အဲ့ဒါတောင် လူကြီးမင်းချန်ကျင်းချွမ်က ငါ့ကို တွေ့ချင်သေးတယ် ဆိုရင် သူ့ကို ဒီည ချန်းလုံမှာ စားပွဲသောက်ပွဲနဲ့ ဧည့်ခံမယ်လို့ ပြောလိုက်ပါ။ ”
ခုန်ယိချန်က “ ဟုတ်ကဲ့ပါ ဥက္ကဌရှောက်။ ” ဟု ခေါင်းညိတ်လိုက်၏။ မိန်းကလေးတွေအကြောင်းကို ဘာမှ နားမလည်တဲ့ ဘော့စ်ဟာ အစီအစဉ်ကောင်းလေးတွေကိုလည်း စီစဉ်ထားပုံမရ။
ချန်ကျင်းလန်က ဖုန်းကိုပဲ ဆက်တိုက် ကြည့်မနေချင်ပေမဲ့ ဆန္ဒကို မလွန်ဆန်နိုင်ပေ။ သူက ဒါကို သေချာပေါက် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာပါ။ ( ၆ ) နာရီကြာတဲ့အထိ သူမရဲ့ Friend Request ကို သူ မမြင်စရာ အကြောင်းမရှိ။ သူ အစည်းအဝေး အကြာကြီး တက်နေရတယ် ဆိုရင်တောင် အခုလောက်ဆို ပြီးသွားလောက်ပါပြီ။ ချန်ကျင်းလန်သည် ရုံးခန်းထဲမှ ထွက်လာရင်း ရှောက်ကော်ပိုရေးရှင်းကိုပဲ တိုက်ရိုက် သွားပြီး သူမရဲ့ အိတ်ထဲက အရှုပ်ထုပ်ကို ပြန်ပေးရင် ကောင်းမလားဟု စဉ်းစားနေမိသည်။
ထိုအချိန်မှာပဲ သူမရဲ့ ဖုန်းက တုန်ခါလာခဲ့တာ ဖြစ်သည်။ သေချင်ယောင်ဆောင်နေသူဟာ နောက်ဆုံးတော့ သူမရဲ့ ကမ်းလှမ်းချက်ကို လက်ခံပြီး သူမကို ဖုန်းတောင် ဆက်နေခဲ့ပြီ ဖြစ်သည်။
ချန်ကျင်းလန် ဖုန်းကိုင်လိုက်၏။
ရှောက်ချန်းကျယ်က ဘာမှ စကားပလ္လင်ခံမနေဘဲ ပွင့်ပွင့်လင်းလင်း မေးသည်။ “ မင်း ကိုယ့်ကို ရှာနေတာလား။ ”
ချန်ကျင်းလန် အေးစက်စက် ရယ်လိုက်၏။ “ ကျွန်မ မဟုတ်လို့ ဘယ်သူ ဖြစ်မှာလဲ။ သရဲ တစ်ကောင်က ရှင့်ကို လိုက်ရှာနေတာလား။ ”
“ အဲ့ဒါလည်း မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်က သတိကောင်းတော့ သရဲ တစ်ကောင်က ကိုယ့်ကို လာရှာရင်တောင် ကြောက်မှာ မဟုတ်ဘူး။ ”
ချန်ကျင်းလန်က သူနှင့် အလ္လာပသလ္လာပ ပြောရင်း အချိန်ဖြုန်းမနေချင်သောကြောင့် လိုရင်းကိုပဲ မေးလိုက်ပါသည်။ “ ရှင် အခု ဘယ်မှာလဲ။ ”
“ သခင်မလေးချန်က ကိုယ့်ဆီက ဘာလိုချင်လို့လဲ။ ” ဟု ရှောက်ချန်းကျယ်က ပြန်ပြောသည်။
“ ရှင့်ကို ပြန်ပေးစရာ ပစ္စည်းလေး ရှိလို့။ ”
“ ဘာပစ္စည်းလဲ။ ”
သူ တမင်သက်သက်ကို မသိချင်ယောင်ဆောင်နေတာပင်။
“ လက်စွပ်လေ … ” ချန်ကျင်းလန်သည် ထိုစကား နှစ်ခွန်းကို မနည်း ဖျစ်ညှစ် ပြောလိုက်ရသည်။
ရှောက်ချန်းကျယ်က နားမလည်သလို ဆက်ဟန်ဆောင်နေသည်။ “ ဘာလို့ ပြန်ပေးမှာလဲ။ အဲ့လက်စွပ်က အဲ့ဒီ ညတုန်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေအတွက် ကိုယ် တောင်းတဲ့ အဖိုးအခလေ။ ”
“ ကျွန်မတို့ အဲ့ကိစ္စကို ဖြေရှင်းပြီးသွားပြီ မဟုတ်ဘူးလား။ ” ပြောရရင် သူမ သူ့ကို နမ်းပြီးသွားပြီလေ။
ရှောက်ချန်းကျယ်က ပြန်မေးသည်။ “ သေချာလို့လား။ မင်း ကိုယ့်ကို နမ်းတယ် ဆိုရုံလေး တစ်ကြိမ်ပဲ ဖျတ်ခနဲ နမ်းခဲ့တာပါ။ အဲ့ဒါ အနမ်းမှ မဟုတ်တာ။ ကိုယ် မင်းကို သင်ပေးခဲ့တာကို မေ့သွားပြီလား ၊ ဖြစ်ကတတ်ဆန်း အနမ်းနဲ့ တကယ့်အနမ်းက မတူဘူး။ မင်း ကိုယ့်ကို မနမ်းဘူး ဆိုမှတော့ ညတိုင်း မင်းဘေးမှာ ကိုယ့်ကို အိပ်ခွင့်ပြုပါ့မယ် ဆိုတဲ့ ပထမ ရွေးချယ်မှုကို မင်း လက်ခံလိုက်တယ်လို့ ကိုယ် ထင်သွားတာ။ သဘောကတော့ ကိုယ့်ရဲ့ လက်ကျန် ဘဝသက်တမ်းက မင်းနဲ့ သက်ဆိုင်သွားပြီပေါ့။ အဲ့ဒီ လက်စွပ်က ကိုယ်တို့ရဲ့ သဘောတူညီမှုရဲ့ မျက်မြင်သက်သေပဲ ၊ အဲ့ဒါကြောင့် သခင်မလေးချန်က ပြောပြီးသား စကား ၊ ပေးပြီးသား ကတိကို ပြန်ရုတ်သိမ်းလို့ မရဘူး။ ”
...
ချန်ကျင်းလန်က “ ကျွန်မ ဒုတိယ ရွေးချယ်မှုကိုပဲ ရွေးချယ်ခဲ့တာ။ ” ဟု ထပ်တလဲလဲ ပြောနေသည်။
ရှောက်ချန်းကျယ်ကလည်း သူမစကားကို ဘာမှ ငြင်းဆန်မနေဘဲ ရှောရှောရှူရှူ လက်ခံပေးရှာသည်။ “ ဒုတိယ ရွေးချယ်မှု ဆိုရင်လည်း အလုပ်ဖြစ်တာပဲ။ ကိုယ် သေချာ မှတ်မိသလောက် ဆိုရင် ကိုယ်တို့ အဲ့ညတုန်းက ခြောက်ခါ .. ဒါမှမဟုတ် ခုနှစ်ခါ ဖြစ်ခဲ့တာများလား … ”
ဘာကို ခြောက်ခါ ၊ ခုနှစ်ခါလဲ။ ချန်ကျင်းလန် သူ့ကို ချက်ချင်း ဖြတ်ပြောလိုက်သည်။ “ ရှင် ဘာတွေ လာပြောနေတာလဲ။ လေးခါတည်း ဖြစ်ခဲ့တာ။ ”
ချန်ကျင်းလန်သည် ပါးစပ်ကနေ လွှတ်ခနဲ ပြောပြီးမှ သူ ဆင်ထားတဲ့ ထောင်ချောက်မှာ မိပြီး အဲ့ဒီ ညတုန်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက် အကြိမ်ရေကို ပြန်ရေတွက်နေမိကြောင်း သဘောပေါက်သွားလေသည်။
ရှောက်ချန်းကျယ်က ခပ်တိုးတိုး ရယ်လိုက်သည်။ “ သခင်မလေးချန်က တကယ့်ကို သေချာ မှတ်မိနေတာပဲနော် … ”
ချန်ကျင်းလန်ဘက်က ဘာတုံ့ပြန်သံမှ ထွက်မလာ။
“ သခင်မလေးချန်က လေးခါလို့ ပြောတော့လည်း လေးကြိမ်ပေါ့။ အဲ့ဒါဆိုရင် သခင်မလေးချန်က ကိုယ့်ကို အနမ်း လေးခု အကြွေးတင်နေတာပဲ။ ကိုယ် ဒီည အလုပ်ကိစ္စနဲ့ ခရီး တစ်ခု ထွက်ရမှာ ဆိုတော့ တစ်ပတ်ကြာမှ ဒီကို ပြန်ရောက်မှာ။ အဲ့တော့ အကြွေးနှုန်းနဲ့ ဆိုရင် ကိုယ် ပြန်ရောက်တဲ့အချန်ကျ မိန်ကလေးချန်က ကိုယ့်ကို စုစုပေါင်း … အနမ်း ( ၅၁၂ ) ပွင့် အကြွေးတင်နေလိမ့်မယ်။ ”
“ အတိုးနှုန်း ဘယ်လို တွက်တာလဲ ဆိုတာ မေးလို့ ရမလား။ ”
ရှောက်ချန်းကျယ်က စိတ်ရှည်လက်ရှည် ရှင်းပြခဲ့သည်။ “ နေ့တိုင်း နှစ်ဆ တိုးတယ်။ ကိုယ်က အကြွေးရှင် ဆိုတော့ အတိုးနှုန်း ဘယ်လို ယူမလဲ ဆိုတာ ကိုယ်ပဲ ဆုံးဖြတ်ရမှာပေါ့။ ဟုတ်တယ်မို့လား သခင်မလေးချန်။ ”
သူက ဓားပြလား … ။ ဓားပြတွေတောင် အတိုးနှုန်းကို ဒီလောက် မတန်တဆ မယူဘူး … ။
သူမဘက်က ဘာမှ ပြန်မပြောတော့ ရှောက်ချန်းကျယ်က တခြား ရွေးချယ်စရာတွေကို ဆက်အကြံပေးနေ၏။ “ ဒီလို ဆိုရင်ရော ဘယ်လိုလဲ သခင်မလေးချန်။ မင်းရဲ့ လက်ကျန် ဘဝသက်တမ်းကို ကိုယ့်ဆီ မပေးချင်ဘူး ဆိုရင် ၊ ပြီးတော့ ကိုယ့်ကို အများကြီး နမ်းရမှာကိုလည်း နစ်နာတယ်လို့ ခံစားရရင် နှစ်ဦးနှစ်ဖက်လုံးအတွက် အဆင်ပြေတဲ့ နည်းလမ်းကို ညှိညှိနှိုင်းနှိုင်းနဲ့ အဖြေရှာလို့ ရပါတယ်။ ကိုယ် သုံးလတိတိ မင်းရဲ့ ချစ်သူကောင်လေး လုပ်ပေးမယ်လေ။ သုံးလပြည့်သွားရင် မင်း ကိုယ်နဲ့ တရားဝင် ချိန်းတွေ့ချင်လား ဆိုတာ ဆုံးဖြတ်လို့ ရတယ်။ အဲ့သုံးလအတွင်း မင်း ကိုယ့်ကို ဘယ်နှခါ နမ်းနမ်း ၊ ဒါမှမဟုတ် ကိုယ် မင်းကို ဘယ်နှခါ နမ်းနမ်း အဲ့ဒါက မင်းရဲ့ နစ်နာမှုကို ကာမိစေမယ်လို့ ထင်တာပဲ။ ဘယ်လို ထင်ပါလဲ သခင်မလေးချန်။ ”
ချန်ကျင်းလန် : …
ရှောက်ချန်းကျယ်ရဲ့ တိုးလျဩရှသော အသံထဲမှာ ဆွဲငင်သော သံလိုက်ဓာတ်တွေ ပျော်ဝင်နေသည်။ “ ကိုယ် မင်းရဲ့ ကောင်လေး ဖြစ်လို့ ရမလား သခင်မလေးချန် … ”
ချန်ကျင်းလန်က ထိုင်ခုံကို မှီထိုင်ရင်း ကားထဲမှာ ချိတ်ထားတဲ့ ဝက်ဝံရုပ်လေးကို ကစားနေခဲ့သည်။ ဝက်ဝံရုပ်လေးက လေထဲမှာ အရှေ့အနောက် လှုပ်ယမ်းနေပြီးမှ မူလ အနေအထားအတိုင်း ပြန်ငြိမ်သွား၏။
သူမ ဘာမှ မပြောမိသလို သူကလည်း သူမကို ဘာမှ အတင်း မတိုက်တွန်းပါ။
တစ်ယောက်ရဲ့ အသက်ရှူသံကိုသာ အပြန်အလှန် ကြားနေရသည့် ဒီအခြေအနေမှာ ငြိမ်းအေးသော တည်ငြိမ်မှု တစ်မျိုး ပေါက်ဖွားလာခဲ့သည်။
ချန်ကျင်လန်က မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်ပြီး သူမရဲ့ ပျံ့လွင့်နေတဲ့ အတွေးတွေကို ပြန်စုစည်းကာ ဝက်ဝံရုပ်လေးကိုပဲ ပြန်စိုက်ကြည့်နေလိုက်၏။
“ လူကြီးမင်းရှောက်ကို အရှက်မရှိဘူးလို့ပဲ ပြောရမလား ၊ ဒါမှမဟုတ် ဉာဏ်များတယ်လို့ပဲ ပြောရမလား ဆိုတာ ကျွန်မ မသိတော့ဘူး။ ”
ရှောက်ချန်းကျယ် ရယ်မောလိုက်သည်။ “ မင်း နှစ်မျိုးလုံး ပြောလို့ ရပါတယ်။ အရှက်မရှိတာကလည်း မင်းအတွက် ၊ ပြီးတော့ ဉာဏ်များတာကလည်း မင်းအတွက်ပဲ။ ကိုယ် အဖြေပြန်ရဖို့ မလောပါဘူး။ မိန်းကလေးချန် သေချာ စဉ်းစားလို့ ရပါတယ်။ ကိုယ်က အလုပ်ကိစ္စနဲ့ ခရီးသွားနေမှာ ဆိုတော့ ကိုယ် ပြန်ရောက်တဲ့ အပတ်မှာ အကျိုးအကြောင်း ပြန်ပြောရင်လည်း သိပ်နောက်ကျမှာ မဟုတ်ဘူး။ ”
ချန်ကျင်းလန်သည် ဖုန်းချလိုက်ကာ ဖုန်းကို ဘေးထိုင်ခုံပေါ် ပစ်တင်လိုက်ပြီးနောက် ကားစက်နှိုးဖို့ ဟန်ပြင်လိုက်သော်လည်း ရပ်တန့်သွားသည်။ ထို့နောက် ဖုန်းကို ပြန်ယူပြီး ခွေး နှစ်ကောင် ပုံဖြငိ့ တွဲမှတ်ထားတဲ့ နာမည်ကို ‘ မကောင်းတဲ့ ကောင် ’ ဟု ပြန်ပြောင်းလိုက်၏။ အခုမှ သူမ နည်းနည်းလေး စိတ်ချမ်းသာသွားသည်။ သူမက ခွေးတွေကို အရမ်း သဘောကျတယ် ဆိုတော့ ဒီနာမည်က သူနဲ့ အလိုက်ဖက်ဆုံးပဲ။
ချန်းလုံကို ချန်ကျင်းချွမ် ရောက်သွားတော့ ချိန်းထားတဲ့ အချိန်ထက် သုံးနာရီနီးပါးလောက် နောက်ကျနေခဲ့ပြီး ည ဆယ်နာရီတောင် ထိုးလုပါပြီ။ သို့သော် သူက အစကတည်းက ဒီညစာစားပွဲကို သဘောတူထားတာ မဟုတ်တာမို့ နောက်ကျတယ်လို့တော့ ပြောလို့ မရ။ ထို့ကြောင့် သူ လာမှာလား ၊ မလာဘူးလား ဆိုတာက သူ့စိတ်အခြေအနေပေါ်မှာပဲ လုံးလုံးလျားလျား မူတည်နေလေသည်။
“ အာ ၊ လူကြီးမင်းရှောက်က မပြန်သေးဘူးပဲ။ ” ချန်ကျင်းချွမ်က သီးသန့် အခန်းထဲကို ခြေလှမ်းကျဲများဖြင့် လျှောက်ဝင်လာရင်း ပြောလိုက်သည်။ သူက ထိုင်ခုံမှာ ထိုင်ပြီးသွားတော့ လက်ပတ်နာရီကို တစ်ချက် ငုံ့ကြည့်ရင်း သိလျက်နှင့် တမင် မေးလိုက်ပါသည်။ “ မင်း ခုနှစ်နာရီကတည်းကနေ အခုထိ စောင့်နေတာတော့ မဟုတ်ပါဘူးနော် … ”
ရှောက်ချန်းကျယ်က စားပွဲထိုးလေးကို ချန်ကျင်းချွမ်အတွက် ဘာမှ မလုပ်ခိုင်းခဲ့ပါ။ သူ ကိုယ်တိုင် ထပြီး သူ့အတွက် ရေနွေးကြမ်း တစ်ခွက် ငှဲ့ပေးလိုက်သည်။ “ ကျွန်တော် လူကြီးမင်းချန်နဲ့ ညစာစားဖို့ ဒီကို ခြောက်နာရီကတည်းက ရောက်နေတာ။ စိတ်ရင်းအမှန် ဆိုတာကို ဖော်ပြဖို့ တစ်နာရီ ကြိုလာခဲ့တာပါ။ ”
ချန်ကျင်းချွမ် လှောင်ပြုံး ပြုံးလိုက်သည်။ စိတ်ရင်းအမှန်တဲ့လား။ သူ မနက် ခြောက်နာရီကတည်းက ဒီကို ရောက်နေရင်တောင် အဲ့ဒါက စိတ်ရင်းအမှန် ဆိုတဲ့ စကားလုံးနဲ့ ဘာမှ မဆိုင်ဘူး။ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေလို့ ကြက်ကလေးတွေကို နှစ်သစ်ကူးနေ့မှာ သာကြောင်းမာကြောင်း လာမေးတဲ့ ဝံပုလွေနှင့် အတူတူပင်။
ရှောက်ချန်းကျယ်က စားပွဲထိုးလေးကို ဟင်းပွဲတွေ ယူလာဖို့ တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်သည်။
ချန်ကျင်းချွမ်ကတော့ အထက်စီးဆန်သော အမူအရာဖြင့် ခြေချိတ်ထိုင်နေ၏။ “ အလကားပဲ ၊ မင်း ဘာကျွေးကျွေး ငါ မစားဘူးနော်။ မင်း တိုက်တဲ့ ရေနွေးကြမ်းကိုတောင် ငါ တစ်ငုံ မသောက်ရဲဘူး။ ‘ ကိုယ့်ကို အစာကျွေးတဲ့ လက်ကို ပြန်မကိုက်ရဘူး ’ ဆိုတဲ့ စကားပုံ ရှိတယ်။ အနည်းဆုံးတော့ ငါ အဲ့လောက် နားလည်ပါသေးတယ်။ အချိန်မဖြုန်းဘဲ နေရအောင်ပါ လူကြီးမင်းရှောက်။ မင်း ငါနဲ့ တွေ့ဖို့ ချိန်းရတဲ့ အကြောင်းအရင်းကိုသာ ပြောရအောင်။ ”
ရှောက်ချန်းကျယ်က “ လူကြီးမင်းချန်ပဲ ကျွန်တော်နဲ့ စကားပြောချင်တယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ ကျွန်တော်က လူကြီးမင်းချန်မှာ ကျွန်တော်နဲ့ ဆွေးနွေးစရာ တစ်ခုခု ရှိတယ်လို့ ထင်နေတာ။ ” ဟု ပြောလိုက်သည်။
ချန်ကျင်းချွမ်က ခဏလောက် ဆွံ့အသွားသည်။ “ မင်း ဘာလို့ ငါ့ကို လူကြီးမင်းချန်လို့ လာခေါ်နေတာလဲ။ ”
ရှောက်ချန်းကျယ်က သူ့ကို အေးအေးဆေးဆေး ကြည့်ပြီး ပြန်ဖြေသည်။ “ ကျွန်တော် ခင်ဗျားကို လူကြီးမင်းချန်လို့ မခေါ်လို့ အစ်ကိုချွမ်လို့ ခေါ်ရမှာလား။ ”
ချန်ကျင်းချွမ် ခပ်မတ်မတ် ထိုင်လိုက်၏။ နောက်ဆုံးတော့ ဝံပုလွေက သူ့ဇာတိရုပ်ကို ထုတ်ပြပြီ။ သူ ဒီနေ့ အစ်ကို တစ်ယောက်အဖြစ် သတ်မှတ်ခံရဖို့ ရောက်လာတာ ဖြစ်ပါသည်။
သူ ချက်ချင်း စကားလမ်းကြောင်း ပိတ်ထားလိုက်သည်။ “ ငါ မှတ်မိသလောက်တော့ ငါတို့က ရွယ်တူတွေပါပဲ။ ငါ မင်းရဲ့ အစ်ကို လုပ်လို့ မရဘူး လူကြီးမင်းရှောက်။ ”
ရှောက်ချန်းကျယ်က ပြန်ချေပသည်။ “ မွေးလအရ ပိုကြီးတဲ့ လူက အစ်ကိုပါပဲ။ လူကြီးမင်းချန်ရဲ့ မွေးလက ကျွန်တော့်မွေးလထက် နှစ်လ ပိုစောတော့ အစ်ကိုအဖြစ် သတ်မှတ်လို့ ရပါတယ်။ ”
ချန်ကျင်းချွမ် မျက်မှောင်ကြုတ်လိုက်သည်။ “ မင်း ငါ့မွေးနေ့ကိုတောင် သိနေတာလား။ ”
သူ့နောက်ကွယ်မှာ သူ့အကြောင်း လိုက်စုံစမ်းတဲ့ လူတွေကို သူ မုန်းသည်။
ရှောက်ချန်းကျယ်က ရှင်းပြသည်။ “ ကျွန်တော် ကျင်းလန် ပြောတာ ကြားဖူးတာပါ။ သူ ကျွန်တော့်ကို လူကြီးမင်းချန်ရဲ့ အကြောင်း နှစ်ခါ ၊ သုံးခါလောက်ပဲ ပြောဖူးပေမဲ့ သူ့နှလုံးသားထဲမှာတော့ လူကြီးမင်းချန်က ကမ္ဘာပေါ်မှာ အကောင်းဆုံး အစ်ကို ဆိုတာ သိသာပါတယ်။ ”
ချန်ကျင်းချွမ်သည် ခဏလောက် နှုတ်ဆိတ်သွားပြီးမှ သကြားအလွှာ ဖုံးထားတဲ့ အမြောက်ဆံထဲကနေ သူ့ကိုယ်သူ အချိန်မီ ကယ်တင်လိုက်သည်။
“ ငါ့ညီမရဲ့ နှလုံးသားထဲမှာ ငါက ဘယ်လို လူမျိုးလဲ ဆိုတာကို ပြောပြဖို့ အပြင်လူတွေ မလိုပါဘူး။ ပြီးတော့ သူ့ကို ကျင်းလန်လို့ တရင်းတနှီး မခေါ်နဲ့။ မင်းမှာ အဲ့လို ခေါ်ပိုင်ခွင့် မရှိဘူး။ ” ချန်ကျင်းချွမ်က ရှောက်ချန်းကျယ်ကို သူ့စကားနှင့်သူ ပြန်အထိနာအောင် ပြောလိုက်သည်။
ရှောက်ချန်းကျယ်က စိတ်ရင်းနှင့် တောင်းပန်၏။ “ ကျွန်တော် စည်းကျော်သလို ဖြစ်သွားတယ်။ ကျွန်တော့်မှာ အခု လောလောဆယ် အဲ့လို ခေါ်ပိုင်ခွင့် တကယ် မရှိဘူး။ ”
ချန်ကျင်းချွမ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ “ မင်း သိလို့ တော်သေးတာပေါ့။ ” သူက စီးကရက် တစ်လိပ်ကို ထုတ်ပြီး လက်ထဲမှာ ကိုင်ထားလျက် စကာဝိုင်းကို အဓိက အကြောင်းအရာဆီ ပြန်လှည့်လိုက်သည်။ “ ဟူအိမ်တော်ကို ဝယ်လိုက်တာ မင်းလား။ ”
“ ဟုတ်တယ် ၊ ကျွန်တော် ဝယ်လိုက်တာပါ။ ”
“ မင်း ဘာလုပ်ဖို့ ကြံနေတာလဲ။ ”
ရှောက်ချန်းကျယ်က “ ကျွန်တော့်မှာ ဘာအခွင့်အရေးမှ မရှိသေးလို့ အဲ့ဒီ အခွင့်အရေးကို ရအောင် ယူဖို့ နည်းလမ်းရှာကြည့်မလို့ပါ။ ”
ငါ့လခွမ်း … ။ ချန်ကျင်းချွမ် တစ်ယောက် စိတ်ထဲကနေပဲ ကျိန်ဆဲလိုက်မိသည်။
“ မင်း တော်တော်လေး အတင့်ရဲနေတာပဲ။ ဆွဲထိုးခံရမှာ မကြောက်ဘူးလား။ ”
“ တစ်ခါလောက် အထိုးခံရလို့ ဒီပြဿနာတွေ ပြေလည်သွားမယ် ဆိုရင် ကိစ္စတွေက အများကြီး ပိုရိုးရှင်းလာမှာပါ။ ”
ချန်ကျင်းချွမ်သည် ဒေါသထွက်လွန်း၍ ရယ်လိုက်မိသည်။ ဒီကောင့်ကို ချော့ပြောလည်း မရ ၊ ခြောက်ပြောလည်း မရပါလား။
“ အဲ့ဒိ စီးပွားရေးကိစ္စတွေကို လောလောဆယ် ဖယ်ထားကြရအောင်ပါ။ ငါတို့မိသားစုတွေက ဘာလို့ ဟိုးအရင်ကတည်းက ရန်သူတော်ကြီးတွေ ဖြစ်ခဲ့ကြတာလဲ ဆိုတာ မင်း သိလား။ ”
“ ကျွန်တော် သိပါတယ်။ ”
“ အဲ့ဒါဆို ငါ့ညီမက ဘယ်တော့မှ ရှောက်အိမ်တော်ကို ခြေချမှာ မဟုတ်ဘူး ဆိုတာလည်း မင်း သိသင့်တယ်။ ငါ့အဖေက သေချာပေါက် မင်းကို လက်ခံမှာ မဟုတ်ဘူး။ မင်းလည်း ငါ့အဖေကိုတော့ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး။ ”
“ အဲ့ဒါကြောင့်ပဲ ဟူအိမ်တော်ကို ကျွန်တော် ဝယ်လိုက်တာပါ။ ”
“ ဟမ် … ”
“ ချန်အိမ်တော်ထဲကို ကျွန်တော် ဝင်နိုင်အောင်လို့ … ”
ချန်ကျင်းချွမ်သည် ရှိုက်လက်စ ဆေးလိပ်ငွေ့သီးသွားကာ သုံး ၊ လေးခါလောက် ချောင်းဆိုးသွားရလေသည်။ ရှောက်ချန်းကျယ် ကမ်းပေးတဲ့ ရေနွေးခွက်ကို ယူကာ တစ်ငုံ သောက်ပြီးမှ သေချာအောင် ထပ်မေးလိုက်ရသည်။ “ မင်း ပြောနေတဲ့ စကားရဲ့ အဓိပ္ပာယ်ကိုရော သိရဲ့လား။ ”
“ ရှောက်မျိုးနွယ် ဖြစ်တဲ့ ကျွန်တော်က ဝမ်းမြောက်ဝမ်းသာစွာနဲ့ ချန်မိသားစုရဲ့ သားမက် ဖြစ်ချင်တယ်လို့ ပြောနေတာပါ။ ”
ရှောက်ချန်းကျယ်က တစ်လုံးချင်း ပီပီသသ ပြောခဲ့သည်။ သူ ဒီစကားကို ချန်ကျင်းချွမ်ကို ပြောလိုက်တာ ဆိုပေမဲ့ တကယ်တော့ သခင်ကြီးချန်ရဲ့ နားထဲကို ဒီစကား ပြန်ရောက်ဖို့ ပိုမျှော်လင့်နေတာ ဖြစ်သည်။ အဲ့ဒီညတုန်းက သခင်ကြီးသည် သူ အကျိုးအကြောင်း ရှင်းပြတာကို နားမထောင်ဘဲ ဒိုင်းခနဲ တံခါးဆောင့်ပိတ်သွားခဲ့လေသည်။
သူ သခင်ကြီးချန်ရှေ့မှာ ရပ်ပြီး ညိနှိုင်းမဆွေးနွေးနိုင်သေးခင် အချိန်စပ်ကြားမှာ ချန်ကျင်းချွမ်ကနေ တစ်ဆင့် လမ်းကြောင်း တစ်ခု ကြိုဖွင့်ထားရပါမည်။
ချန်ကျင်းချွမ်က နောက်တစ်ကြိမ် ချောင်းဆိုးချင်စိတ်ကို ချုပ်တည်းထားရပြီး မျက်နှာကို တည်တင်းနေအောင် ထိန်းထားလိုက်သည်။
“ ချန်မိသားစုရဲ့ သားမက် ဖြစ်ချင်တယ် ဆိုတဲ့ စိတ်ကူးကို မေ့လိုက်။ မင်းက ငါတို့ချန်မိသားစုနဲ့ အဆက်အသွယ် နည်းနည်းလေး ရှိနေတယ် ဆိုတာနဲ့ မင်းတို့ရှောက်ကော်ပိုရေးရှင်းရဲ့ ဒါရိုက်တာဘုတ်အဖွဲ့က မင်းကို ဒီတိုင်း ထားမယ်လို့ ထင်နေတာလား။ မင်း ဥက္ကဌရှောက်အနေနဲ့ပဲ ငြိမ်ငြိမ်လေး နေပေးလို့ မရဘူးလား။ ငါ့ကို အဓိပ္ပာယ်မရှိတဲ့ စကားတွေ လာမပြောစမ်းနဲ့။ ”
ရှောက်ချန်းကျယ်က နာမည်ကတ်ပြားလေးကို ကမ်းပေးလိုက်သည်။
ချန်ကျင်းချွမ်က ထိုကတ်ပြားလေးကို မယူဘဲ ဖျတ်ခနဲ ကြည့်ရုံသာ ကြည့်လိုက်ပြီးနောက် မသိမသာ မျက်မှောင်ကြုတ်သွားသည်။ “ ချင်းမြောင်ရဲ့ နောက်ကွယ်က ဥက္ကဌက မင်းလား။ ”
***