အခန်း ၄၈
Vol. 5 Ch. 48
အပိုင်း ( ၄၈ )
ချင်းမြောင် အကြောင်းကို သူ သိနေတာ မဆန်း။ ချင်းမြောင် လုပ်ငန်းစုက ဒီနှစ်ပိုင်းမှာပဲ အာရှပစိဖိတ်ဒေသမှာ အချိန်တိုအတွင်း အောင်မြင်လာခဲ့သည်။ ထိုလုပ်ငန်းစုမှာ ရင်းနှီးမြုပ်နှံထားတဲ့ လုပ်ငန်းရှင် အသစ်တွေလည်း အတော်အသင့် အောင်မြင်မှု ရရှိခဲ့ကြသည်။ လူ တချို့ကတော့ ချင်းမြောင်ဟာ လုပ်ငန်းစုနောက်ကွယ်က ပဟေဋိဆန်သော သူဌေးရဲ့ စီးပွားရေးအကွက်မြင်မှုတွေကြောင့် အခုလို အချိန်တိုအတွင်း စီးပွားရေးလောကမှာ နေရာ တစ်ခု အခိုင်အမာ ယူနိုင်ခဲ့တာလို့ ပြောကြသည်။
တကယ်လည်း ချန်ကျင်းချွမ် သိသလောက် ဆိုရင် စီးပွားရေးလောကမှာ လူသစ်တွေကို ဘယ်သူကမှ အထင်တကြီး စောင့်ကြည့်လေ့မရှိပါ။ ချင်းမြောင်လုပ်ငန်းစုကို အဲ့လောက် အလားအလာကောင်းလိမ့်မည်ဟုလည်း ဘယ်သူကမှ ထင်မထားခဲ့ကြပါ။ စီးပွားရေးလောကထဲမှာ ကျင်လည်နေတာ ကြာပြီ ဖြစ်သည့် လုပ်ငန်းရှင်ကြီးများသည် သူတို့ အမြင်ချော်သွားတာကို နောင်တရနေခဲ့ကြသည်။
ချန်ကျင်းချွမ်သည် ချင်းမြောင်ကို သူ့လုပ်ငန်း ဖြစ်နေလိမ့်မည်ဟု တွေးတောင် တွေးမကြည့်ဖူးခဲ့။
ရှောက်ချန်းကျယ်က နာမည်ကတ်ပြားကို စားပွဲပေါ်မှာ တင်ပြီး ချန်ကျင်းချွမ်ရဲ့ မျက်လုံးတွေထဲကို စိုက်ကြည့်လိုက်သည်။ “ အားကိုးရတဲ့ သားမက် တစ်ယောက် ဖြစ်အောင် ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်။ ”
သူ့ပြောပုံကို ကြည့်ရသလောက် သူ ချန်မိသားစုရဲ့ သားမက် လုပ်ဖို့ ကျိတ်ကြံစည်နေတာ တော်တော် ကြာခဲ့ပြီ ထင်ပါသည်။
ချန်ကျင်းချွမ် ဒီနေရာကို စရောက်ကတည်းကနေ အခုမှ သူ့ကို ပထမဆုံးအကြိမ် တည်ငြိမ်လေးနက်စွာ ကြည့်မိသည်။ သူ့အကြည့်က အစပိုင်း ဒေါသတွေကနေ စိတ်ဝင်စားမှုအဖြစ် ပြောင်းလဲသွား၏။ အမှန်အတိုင်း ဝန်ခံရလျှင်တော့ သူ ရှောက်ချန်းကျယ်အကြောင်း သိပ်မသိသလို သိချင်စိတ်လည်း မရှိပါ။ သူတို့ရှောက်မိသားစုအကြောင်း သိတော့ရော ဘာအကျိုးရှိမှာလဲ။ သူတို့မှာ ကျောထောက်နောက်ခံ မိသားစု ရှိတာနဲ့ပဲ လုပ်ချင်ရာ လုပ်လို့ ရမယ်လို့ ထင်နေကြတာ … ။ သူတို့ကုမ္ပဏီမှာလည်း လူတော်တွေ သိပ်မရှိတော့ဘဲ အရည်အချင်းမရှိတဲ့ လူလိမ် လူကောက်တွေသာ ကျန်တော့တာပါ။
စိတ်ဝင်စားစရာပဲ။ ရှောက်မိသားစုရဲ့ မျိုးရိုးဗီဇကပဲ ပုံမှန် မဟုတ်တာလား ၊ ဒါမှမဟုတ် သူကပဲ ရှောက်မိသားစုရဲ့ သွေးသား အစစ်အမှန် မဟုတ်တာလား။ ရှောက်မိသားစုကနေ ဒီလို စိတ်ဝင်စားစရာ လူ တစ်ယောက်ကို မွေးဖွားနိုင်ဖို့ ဆိုရင် သူတို့ဘိုးဘေးတွေရဲ့ အုတ်ဂူပေါ်မှာ အပင်တွေ အညှောက်ထွက်လာမှပဲ ဖြစ်လိမ့်မည်။
သို့သော် ချန်ကျင်းချွမ်က သူ့ရဲ့ စိတ်ဝင်စားမှုကို ချက်ချင်းပဲ ဖုံးကွယ်ပြီး စိတ်မဝင်စားသလို အေးတိအေးစက် ပြောလိုက်သည်။ “ မင်း တွေးတာ များနေပြီ။ မင်း ဘယ်လို သားမက်မျိုးပဲ ဖြစ်လာ ဖြစ်လာ ၊ ငါ့ညီမက မင်းကို လက်ခံမှာ မဟုတ်ဘူး။ မင်းကို ကြည့်ရတာ သူ့အကြောင်း ကောင်းကောင်း မသိသေးတဲ့ ပုံပဲ။ သူက မစားချင်လို့ ထွေးထုတ်ပြီးသား စားစရာတွေ ပြန်စားရတာကို အမုန်းဆုံးပဲ။ အဲ့ဒါကြောင့် မင်း အမြန်ဆုံး ငါ့တို့ဘေးအိမ်ကနေ ထွက်သွားလိုက် ၊ မဟုတ်ရင်တော့ ဘယ်အချိန် အမှောင်ထဲ ဆွဲခေါ်ပြီး အထိုးခံရမလဲ ဆိုတာ သတိထားနေပေတော့။ ”
မျက်နှာကို တင်းကာ ရှောက်ချန်းကျယ်ကို ခြိမ်းခြောက်ပြီးနောက် ချန်ကျင်းချွမ်သည် သီးသန့် အခန်းထဲက ထွက်လာခဲ့လိုက်၏။ အခန်းအပြင်ဘက်ကို ရောက်တာနှင့် ချန်ကျင်းလန်ကို တန်းဖုန်းဆက်လိုက်သည်။ “ ဟေး .. ညီမလေး ၊ ရှောက်ချန်းကျယ်က ငါတို့မိသားစုရဲ့ သားမက် လုပ်ချင်တယ်လို့ ပြောနေတယ်။ ”
ချန်ကျင်းချွမ်အတွက် ရှောက်ချန်းကျယ်နှင့်အတူ ဒီည ညစာ စားရတဲ့ အကြောင်းအရင်းက သူ့ကို ခြိမ်းခြောက်ပြီး သူ့ညီမအပေါ် ထားတဲ့ ရှောက်ချန်းကျယ်ရဲ့ စိတ်ကို စမ်းသပ်ဖို့ ဖြစ်သည်။ မွေးနေ့ပွဲညတုန်းက ချန်ကျင်းလန် အိမ်ပြန်မလာခဲ့ပါ။ ကိုယ့်ညီမအကြောင်း နောကျေနေတဲ့ အစ်ကို တစ်ယောက် ဖြစ်တဲ့ ချန်ကျင်းချွမ်ဟာ ရှောက်ချန်းကျယ်က လွဲလို့ ဘယ်သူကမှ သူ့ညီမကို အပြင်မှာ တစ်ညလုံး နေအောင် လုပ်နိုင်မှာ မဟုတ်မှန်း သိသည်။
ချန်ကျင်းလန်က ခဏတာ နှုတ်ဆိတ်သွား၏။ “ ဟမ် … ”
“ ငါတို့ချန်မိသားစုရဲ့ သားမက် ဖြစ်ချင်တယ်လို့ အဲ့ကောင် ပြောနေတယ်။ ငါတော့ မဆိုးဘူးလို့ ထင်တာပဲ။ သူက ရှောက်မိသားစုရဲ့ မျိုးဆက် သုံးဆက်မှာ အရည်အချင်းအရှိဆုံး လူ ဖြစ်နိုင်တယ်လေ။ မဟုတ်ရင် ဟိုအဘိုးကြီးက ရှောက်ကော်ပိုရေးရှင်းကို သူ့လက်ထဲ ထည့်ပေးမှာ မဟုတ်ဘူး။ သူသာ ငါတို့ ချန်အိမ်တော်ထဲ ရောက်လာရင် အဘိုးကြီးတော့ နှာနုကို ဖြတ်ရိုက်ခံရသလို ဖြစ်မှာပဲ။ အဲ့မြင်ကွင်းကို တွေးကြည့်ရုံနဲ့တင် ငါ ရယ်ချင်လာတယ်။ ”
ချန်ကျင်းလန်က “ အစ်ကို ဒီည သူနဲ့ တွေ့ခဲ့တာလား။ ” ဟု မေးလိုက်တော့ တစ်ဖက်က “ အေး ၊ ငါ အဲ့ညတုန်းက အမူးလွန်နေတော့ အရေးကြီးတဲ့ တစ်ခုခုကို မေ့သွားတယ်လို့ ခံစားနေရတယ်။ ဒီမနက်မှ ငါ ပြန်မှတ်မိတယ် ၊ အဲ့ညတုန်းက သူ နင့်ဘေးအိမ်ထဲကနေ ထွက်လာတာလေ။ သူက ဘေးတံခါးကနေတောင် နင့်ဆီ ကူးလာသေးတယ်။ ငါသာ ဒီနေ့ သူ့ကို သင်ခန်းစာမပေးရင် ချန်အိမ်တော်မှာ ဘယ်သူမှ မရှိတော့ဘူးလို့ သူ ထင်နေလောက်တယ်။ ” ဟူ၍ ပြန်ပြောသည်။
“ အစ်ကိုက ဘေးအိမ်ကနေ သူ ထွက်လာတာကျ မှတ်မိပေမဲ့ အစ်ကို့ကို သူက မင်းသမီးလေး တစ်ပါးလို ပွေ့ချီသွားတာကျတော့ မမှတ်မိဘူးနော်။ ” ချန်ကျင်းလန်စကားကြောင့် ချန်ကျင်းချွမ် ဆွံ့အသွားလေသည်။ “ ဘာ … ” ရုတ်တရက်ပဲ သူ့ခေါင်းထဲမှာ လျှပ်ပြက်သလို ပုံရိပ်တွေ တဖျတ်ဖျတ် ပေါ်လာသည်။ “ သေစမ်း … ”
ချက်ချင်းပဲ ဖုန်းကောလ်ကျသွားသည်။
ချန်ကျင်းလန်က ဖုန်းမျက်နှာပြင်ကို အကြာကြီး စိုက်ကြည့်နေမိပြီးမှ WeChat မက်ဆေ့ခ်ျ တစ်စောင် လှမ်းပို့လိုက်သည်။ [ ရှင် ပြောတော့ အလုပ်ကိစ္စနဲ့ ခရီးထွက်ရမှာဆို။ ]
သူမ သူ့ကို မယုံကြည်ခဲ့သင့်။ သူ အလုပ်ကိစ္စနဲ့ ခရီးထွက်ရမယ်လို့ ပြောတုန်းက တကယ်ပဲ ခရီးထွက်ရတယ်လို့ ထင်နေခဲ့တာပင်။ သူ့ပါးစပ်က ထွက်သမျှ စကားတွေမှာ ဖြောင့်မတ်မှန်ကန်တဲ့ စကား တစ်လုံးတလေတောင် ရှိမနေပါ။
ရှောက်ချန်းကျယ်က ဗီဒီယိုကောလ် တစ်ခုနှင့် ချက်ချင်း စာပြန်သည်။
ချန်ကျင်းလန်က ထိုဗီဒီယိုကောလ်ကို လက်ခံပြီး ဖုန်းကို စားပွဲပေါ်မှာ တင်ထားလိုက်၏။
ဖန်သားပြင်ပေါ်မှာ ရှောက်ချန်းကျယ်ရဲ့ ပုံရိပ် ပေါ်လာသည်။ သူ့အသံမှာ ရယ်သံစွက်ကာ ကြည်ကြည်လင်လင်။ “ ကိုယ့်ခရီးစဉ်အကြောင်း မင်းကို အသေးစိတ် မပြောမိတာ ကိုယ် လိုသွားတယ် ၊ ကိုယ် ဘယ်အချိန်မှာ ခရီးသွားရမှာလဲ ဆိုတာ မပြောမိတာလည်း လိုသွားတယ်။ ကိုယ် ဒီည တစ်နာရီ လေယာဉ်နဲ့ သွားမှာ ၊ အခုလေးတင် မင်းအစ်ကိုနဲ့ ညစာ စားပြီးတာပါ။ ပြီးတော့ ကိုယ် အခု လေဆိပ်ကို ရောက်ပြီ။ ဟိုကို ရောက်မယ့် အချိန်က … ”
ချန်ကျင်းလန် သူ့ကို ဖြတ်ပြောလိုက်သည်။ “ ရှင် အဲ့လောက် အသေးစိတ် ရှင်းပြနေစရာ မလိုပါဘူး။ ”
“ မဟုတ်တာ ၊ ရှင်းပြသင့်တာပေါ့။ အနာဂတ် ချစ်သူလောင်း တစ်ယောက်က သူ့ခရီးစဉ်အကြောင်းလည်း အသေးစိတ် တင်ပြသင့်တာပေါ့။ နောက်တစ်ခေါက်ကျ ကိုယ် ပိုသတိထားပြီး ဆင်ခြင်ပါ့မယ်။ ”
ချန်ကျင်းလန်သည် သူနှင့် ဒီခေါင်းစဉ်မှာပဲ တဝဲလည်လည် လုပ်မနေချင်ပါ။ ရုတ်တရက် စိတ်ကူးပေါက်လာလို့သာ သူ့ကို ထိုမက်ဆေ့ခ်ျ ပို့လိုက်တာ ဖြစ်ပေမဲ့ သူ့ဘက်က ကြည့်တော့ သူမက သူ့ကို အချိန်ပြည့် စောင့်ကြည့်စစ်ဆေးနေသလို ပုံစံ ဖြစ်သွားသည်။ ထိုအချိန်မှာပဲ အိပ်ခန်းထဲကနေ ထွက်လာတဲ့ ချန်လီချီကို မြင်တော့ ဖုန်းကို သူမလေးရဲ့ လက်ထဲ ပြောင်းထည့်ပေးလိုက်သည်။ “ သမီးအဖေက သမီးနဲ့ ဖုန်းပြောချင်လို့တဲ့။ ”
ချန်လီချီက အဖေဖြစ်သူရဲ့ အသံကို ကြားသည်နှင့် ပြေးထွက်လာသည်။ သူမ ဖုန်းလေးကို ပျော်ရွှင်စွာ ယူပြီး ဒီနေ့ မူကြိုမှာ လုပ်ခဲ့တဲ့ အရာတွေ အကုန်လုံးကို သူမအဖေအား စိတ်ပါလက်ပါ ပြောပြပါတော့သည်။ သူမ ညစာ စားတော့ ထမင်း ဘယ်နှပန်းကန် စားတယ် ၊ စန္ဒရား ဘယ်လောက်ကြာကြာ တီးတယ် စသည်ဖြင့်။ ဖုန်းချခါနီးတော့ ပြတင်းပေါက်ဆီ ပြေးသွားကာ လိုက်ကာစတွေကို ယာယီ အကာအရံအဖြစ် အသုံးချရင်း သူမကိုယ်သူမ ဖုံးကွယ်ကာ ဖေဖေ့ကို တိုးတိုးလေး ပြောလိုက်သည်။ “ ဖေဖေနဲ့ မေမေ ချိန်းတွေ့နေကြတာလားဟင်။ ”
အနာဂတ် ချစ်သူလောင်းလေး ဆိုလား … ၊ ခုနတုန်းက သူမ အဲ့လို စကားလုံးကို နားစွန်နားဖျား ကြားရခဲ့သည်။
ရှောက်ချန်းကျယ်က “ ဖေဖေ သမီးမေမေနဲ့ ချိန်းတွေ့ချင်နေတယ်လို့ ပြောလို့ ရပါတယ်။ ” ဟု ပြန်ပြောလိုက်သည်။
“ အယ် … ” ချန်လီချီက လိုက်ကာစထဲကနေ ခေါင်းလေးပြူပြီး အမေဖြစ်သူကို အော်ပြောလိုက်သည်။ “ မေမေရေ ၊ ဖေဖေက မေမေနဲ့ ချိန်းတွေ့ချင်တယ်လို့ ပြောနေတယ်။ ”
ချန်ကျင်းလန်ကတော့ တည်ငြိမ်သလို ပုံစံဖမ်းကာ ပန်းသီး တစ်လုံးကို ကိုက်စားနေရင်း သမီးဖြစ်သူကို “ မေမေ အဲ့ဒါ သိတယ်။ ” ဟု ပြန်ပြောလိုက်သည်။
ချန်လီချီက မေမေ့ဘေးနား ပြေးသွားကာ တိုးတိုးလေး ပြောလိုက်ပြန်သည်။ “ မေမေ ဖေဖေနဲ့ ချိန်းတွေ့ချင်လားဟင်။ ”
သူမ ဘယ်လောက်ပဲ အသံကို တိုးထားပါစေ ၊ ဖုန်းတစ်ဖက်က လူကတော့ ကြည်ကြည်လင်လင် ပြတ်ပြတ်သားသား ကြားနေရပါသေးသည်။
ဒီမင်းသမီးလေးကို ဘယ်လို အာရုံလွှဲရမလဲ ဆိုတာ ချန်ကျင်းလန် တွေးနေတုန်းမှာပဲ ချန်လီချီက ဖုန်းမျက်နှာပြင်ပေါ်က စာတွေဆီ အာရုံရောက်သွားခဲ့ပြီ ဖြစ်သည်။ သူမက အမေဖြစ်သူကို ပြောနေရင်း လက်က ဖုန်းမျက်နှာပြင်ကို မတော်တဆ နှိပ်မိသွားကာ ဗီဒီယိုကောလ် Window ကို ချုံ့ပစ်သလို ဖြစ်သွားပြီး ထိုအစား WeChat မှာ ပြောထားတဲ့ မက်ဆေ့ခ်ျတွေ ဖန်သားပြင်ပေါ်မှာ ပေါ်လာသည်။
ချန်လီချီက Chat ထဲက နာမည်ကို ဖတ်ကြည့်ရင်း မျက်လုံးပြူးသွားသည်။ “ မေမေ … ဖေဖေ့နာမည်က ဘာလို့ ‘ မကောင်းတဲ့ ကောင် ’ ဖြစ်နေတာလဲဟင် … ”
ချန်ကျင်းလန် : …
“ အိုး ၊ သမီး သိပြီ။ ” ချန်လီချီသည် သူမအမေရဲ့ အဖြေကို မစောင့်လိုက်ရဘဲ ချက်ချင်း နားလည်သွားလေသည်။ “ လူကြီးတွေ ပြောတဲ့ ကလူကျီစယ်တယ် ဆိုတာ ဒါမျိုးကို ပြောတာပဲ ဖြစ်ရမယ်။ ဖေဖေနဲ့ မေမေက တွဲနေကြပြီပဲ။ ”
အဘွားကလည်း အဘိုးကို ‘ လက်ပေါက်ကပ်တဲ့ အဘိုးကြီး ’ လို့ ခေါ်တတ်သည်။ ဦးလေး ပြောတာကတော့ အဲ့ဒါက ချစ်သူရည်းစား ၊ လင်မယားတွေ တစ်ယောက်ကို တစ်ယောက် ကလူကျီစယ်နေကြတာတဲ့။
ရှောက်ချန်းကျယ်က ခပ်တိုးတိုး ရယ်မိသွားသည်။ “ လီချီလေးက တော်လိုက်တာ။ ”
ချန်လီချီက အမေဖြစ်သူရဲ့ လက်ကို စိတ်လှုပ်ရှားစွာ ဆွဲပြီး ခုန်ဆွခုန်ဆွလေး လုပ်နေမိ၏။ ဖေဖေနဲ့ မေမေရဲ့ လျှို့ဝှက်ချက်ကို သူမ ခန့်မှန်းနိုင်သွားပြီ။
“ သမီး တော်တယ်မို့လားဟင် မေမေ … ”
ဖုန်းတစ်ဖက်က ရှောက်ချန်းကျယ်သည် သူ့ကိုယ်သူတောင် သတိမထားမိခင်မှာပဲ အသက်ရှူအောင့်ထားမိသည်။
ချန်ကျင်းလန်က လီချီလေးရဲ့ နှာဖျားမှာ တွဲလဲခိုနေတဲ့ ချွေးစက်လေးကို သုတ်ပေးရင်း “ အင်း ၊ မေမေ့သမီးလေးက တော်လိုက်တာ။ ” ဟု ပြန်ပြောလိုက်လေသည်။
ချန်လီချီ အလွန် စိတ်လှုပ်ရှားနေမိသည်။ မနက်ဖြန် စနေနေ့မို့ သူမ ကျောင်းသွားစရာ မလိုပါ။ ဖေဖေနှင့် ဖုန်းပြောအပြီးမှာ နောက်ကျတဲ့အထိ နေမိသွားပြီမို့ သူမ ပိုလို့တောင် အိပ်ချင်စိတ် လျော့သွား၏။ မေမေ့ရင်ခွင်ထဲ တိုးဝင်ကာ အိပ်ရာ တစ်အိပ်ရာထဲမှာ အတူတူ လဲလျောင်းကာ မျက်နှာကျက်ပေါ်က ကြယ်လေးတွေကို ငေးကြည့်ရင်း “ မေမေ … ” ဟု ခေါ်လိုက်သည်။
ချန်ကျင်းလန်က သူမရဲ့ ဆံပင်ရှည်လေးတွေကို ပွတ်သပ်လိုက်သည်။ “ အင်း ၊ ဘာပြောမလို့လဲ သမီးလေး။ ”
ချန်လီချီက တစ်ဖက်ကို လှိမ့်လာပြီး မေမေ့ပခုံးကို မှီထားလိုက်သည်။ “ သမီး အရမ်း ပျော်နေတယ်။ ”
ချန်ကျင်းလန်က နူးညံ့သော အသံဖြင့် မေးလိုက်သည်။ “ ဘာလို့ အရမ်း ပျော်နေတာလဲ။ ”
“ ဘာလို့လဲ ဆိုတော့ ဖေဖေက အခုဆို မေမေ့ကို ဘယ်လို စိတ်ချမ်းသာအောင် ထားရမလဲ ဆိုတာ သိသွားပြီလေ။ ”
မဟုတ်ရင် မေမေကလည်း ဖေဖေနှင့် ချိန်းတွေ့ချင်မှာ မဟုတ်။ ဖေဖေက မေမေ့ကို စိတ်ချမ်းသာအောင်ထားနည်းအား သင်ယူလေ့လာခဲ့ပြီးပြီ ဖြစ်သည်။ ပြီးတော့ အဲ့ဒါကို သင်ပေးလိုက်တာကလည်း သူမပါ။ သူမက တကယ့်ကို လက်ဖျားခါလောက်တဲ့ ဆရာမလေးပဲ … ။
ချန်လီချီက မေမေ့နားကို လှစ်ခနဲ တိုးကပ်သွားလိုက်သည်။ “ ဖေဖေနဲ့ တူတူ ရှိနေရင် မေမေ ပျော်လားဟင် … ”
ချန်ကျင်းလန်က သမီးဖြစ်သူကို ထွေးပွေ့ထားလိုက်ပြီး သူတို့ နှစ်ယောက်လုံးရဲ့ ခန္ဓာကိုယ်ပေါ် စောင်လေး တစ်ထည်ကို လွှားခြုံလိုက်၏။ “ သမီး မအိပ်ချင်သေးဘူးလား လီချီလေး။ မေမေ အရမ်း ပင်ပန်းနေတယ် ၊ အိပ်ကြမယ်နော်။ ”
ချန်လီချီက မြူမှုန် တစ်မှုန်လောက်တောင် အိပ်ချင်စိတ်မရှိပေမဲ့ ကြည့်ရတာ သူမအမေက ရှက်နေပုံရသည်။ ထို့ကြောင့် သူမလည်း အိပ်ချင်နေသလို ဟန်ဆောင်ရပါမည်။ သူမက အမေဖြစ်သူရဲ့ ရင်ခွင်ထဲမှာ သက်သောင့်သက်သာရှိတဲ့ အနေအထားလေး ဖြစ်အောင် နေပြီး မျက်လုံးလေးတွေကို မှိတ်ထားလိုက်စဉ်မှာပဲ အတွေး တစ်ခုကို တွေးမိသွားလေသည်။ “ ဖေဖေ ခရီးကနေ ပြန်လာရင် သူ့ကို လေဆိပ်မှာ သွားကြိုကြမယ်နော် မေမေ။ ”
ချန်ကျင်းလန်က သူမရဲ့ ကျောပြင်လေးကို နူးညံ့စွာ ပုတ်ပေးရင်း ဟုတ်တယ်လို့လည်း မပြော ၊ မဟုတ်ဘူးလို့လည်း မပြောဘဲ “ အင်း ” ဟူ၍သာ မသဲမကွဲ မပီဝိုးတဝါး ပြန်ပြောခဲ့သည်။
အမေဖြစ်သူရဲ့ စည်းချက်ကျသော ပုတ်ပေးမှုအောက်မှာ ချန်လီချီလေးလည်း အိပ်မက်ကမ္ဘာထဲကို အမြန် ရောက်သွားခဲ့သည်။
အမှောင်ထဲမှာ ဖုန်းမျက်နှာပြင်လေး တစ်ခု လင်းလာသည်။ အတော် ကြာတော့မှ ချန်ကျင်းလန်က ထိုဖုန်းကို လှမ်းယူပြီး ဝင်လာတဲ့ မက်ဆေ့ခ်ျကို ကြည့်လိုက်သည်။
[ ကိုယ် လေယာဉ်ပေါ် တက်နေပြီ။ အိပ်မက်လှလှ မက်ပါစေနော်။ ]
လီချီလေးကို လိမ္မာတယ်လို့ ဘာအဓိပ္ပာယ်နဲ့ ချီးကျူးလိုက်တာလဲ ဆိုတာကို ဆက်တိုက် မမေးတဲ့အတွက် ချန်ကျင်းလန် စိတ်သက်သာရာရသွားတဲ့ သက်ပြင်းလေး မှုတ်ထုတ်လိုက်မိသည်။
ရှောက်ချန်းကျယ်ကလည်း သူမဆီက အတည်ပြုစကားကို တကျီကျီ တောင်းဆိုပြီး ကိုယ့်ဒုက္ခကိုယ် မရှာပါ။
သူက ဘေးကင်းစွာ လေယာဉ်ဆိုက်ကြောင်း သတင်း တင်ပြရင်း ၊ ဟိုတယ်က ဓာတ်ပုံတွေ ပို့ပေးရင်း ၊ မနက်ဆို မင်္ဂလာ မနက်ခင်းပါ ၊ ညဆို အိပ်မက်လှလှ မက်ပါစေ စသည်ဖြင့် အချိန်မှန် ပို့ရင်းဖြင့်သာ သူ့အနေအထားကို ပုံမှန် ထိန်းထားခဲ့သည်။ သူမဘက်က ဘာမှ စာမပြန်လျှင်တောင်မှ တစ်ဖက်လူရဲ့ ခံစားချက်တွေကို ဖြည်းဖြည်းချင်း အကဲခတ်နေတဲ့ ဒီလို အချိန်မျိုးမှာ ဘလော့ခ်မခံထားရတာနဲ့တင် အခြေအနေကောင်းနေပါပြီ။
လေးရက်မြောက်နေ့မှာတော့ ရှောက်ချန်းကျယ်သည် သူ့လုပ်ငန်းကိစ္စတွေအတွက် တခြား နိုင်ငံ တစ်ခုကို လေယာဉ်ပြောင်းစီးလာခဲ့လေသည်။ လေယာဉ်က အရမ်း ကြာမှာ မဟုတ်ပေမဲ့ လေယာဉ်ဆိုက်မည့် ခရီးလမ်းဆုံး မြို့မှာ မိုး အသည်းအသန် ရွာနေတာကြောင့် တခြားမြို့ကို အရေးပေါ် လေယာဉ်ဆိုက်ဖို့ လမ်းကြောင်းပြောင်းလိုက်ရသည်။ နောက်ဆုံး သူတို့ လေယာဉ်ဆိုက်တော့ အချိန်က ည ဆယ်နာရီ ကျော်နေပြီမို့ သူမ အိပ်ရာဝင်သွားလောက်ပါပြီ။
ရှောက်ချန်းကျယ်က မက်ဆေ့ခ်ျပို့ရင် ကောင်းမလား ၊ မပို့ရင် ကောင်းမလားဟု တစ်စက္ကန့်လောက် ဒွိဟဖြစ်နေခဲ့သော်လည်း နောက်ဆုံးမှာတော့ ထိုနေ့က အခြေအနေကို ရှင်းပြဖို့ပဲ ရွေးချယ်လိုက်ပါတော့သည်။ စာပုဒ်ရှည်ကြီး တစ်ပုဒ်ကို ပို့ပြီးနောက်တွင် အံ့ဩစရာကောင်းစွာပင် တစ်ဖက်က သူ့ကို စာပြန်လာခဲ့သည်။ စာကတော့ မရှည်ပါ ၊ တစ်ကြောင်းတည်း။ [ ရှင်က အရမ်း စိတ်ရှုပ်စရာကောင်းတယ် ] တဲ့။
သို့သော် ထိုမက်ဆေ့ခ်ျကို တစ်ဖက်က ချက်ချင်း ပြန်ဖျက်သွားသည်။ ရှောက်ချန်းကျယ်ရဲ့ မျက်ဝန်းနက်တွေထဲမှာ အလင်းတန်း တစ်တန်း ဖြာထွက်သွားကာ နှုတ်ခမ်းထောင့်စွန်းတွေလည်း အနည်းငယ် ကော့တက်သွားသည်။ ဘာစာမှ မပြန်တာကလည်း စာပြန်တာထက် ပိုကောင်းရင် ကောင်းနေနိုင်တာပဲ ၊ အခုလို သူမရဲ့ ခံစားချက်တွေကို ဖြည်းဖြည်းချင်း စမ်းသပ်နေတဲ့ ကာလမှာ အနည်းဆုံးတော့ အဲ့ဒါက တစ်ခုခုကို ပြသနေသည်။
မိနစ် အနည်းငယ် ကြာတော့မှ ချန်ကျင်းလန်ဘက်က [ ဘာမှ မဟုတ်ဘူး။ နံပါတ် မှားပို့တာ။ ] ဟု စာပြန်လာခဲ့သည်။
ရှောက်ချန်းကျယ်ရဲ့ နှုတ်ခမ်းထောင့်စွန်းမှာ အပြုံးတွေ ပိုလို့ နက်ရှိုင်းသွားသည်။ [ မင်း ဘာလို့ အခုထိ မအိပ်သေးတာလဲ။ ]
ချန်ကျင်းလန်လည်း သူမ ဘာလို့ အိပ်မပျော်နိုင်သေးတာလဲ ဆိုတာ စဉ်းစားမရ ဖြစ်နေတာပါ။ သူမ အိပ်ရာထဲမှာ ဟိုဘက်လှိမ့်လိုက် ၊ ဒီဘက်လှိမ့်လိုက်သာ လုပ်နေမိပြီး အိပ်ချင်စိတ်ကို နည်းနည်းလေးတောင် မခံစားရ။ နေ့ခင်းတုန်းက ကော်ထီတွေ အများကြီး သောက်ခဲ့မိတာကို သူမ အိပ်မပျော်ရတဲ့ အကြောင်းပြချက်အဖြစ် သတ်မှတ်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လိုက်မိသည်။ တခြား အကြောင်းပြချက်တွေကြောင့် အိပ်မပျော်တာ မဟုတ်တာတော့ အသေအချာပင်။
ရှောက်ချန်းကျယ်က သူမကို ဗီဒီယိုကောလ်ခေါ်နေသည်။ ခဏအကြာမှာ သူမ ကိုင်လိုက်ပေမဲ့ ချက်ချင်းပဲ အသံကောလ်အဖြစ် ပြောင်းလိုက်ပါသည်။ “ မင်း ဒီနေ့ ကော်ဖီတွေ အများကြီး သောက်ထားလို့ အိပ်မပျော်တာလား။ ” ဟု သူက အရင်ဆုံး မေးသည်။
ဖုန်းထဲမှာ ခဏလောက် တိတ်ဆိတ်သွားပြီးမှ ချန်ကျင်းလန်ဘက်က “ အင်း … ” ဟူ၍ အသံထွက်လာသည်။
“ မင်း အခု အိပ်ရာထဲမှာလား။ ”
ချန်ကျင်းလန်က ဘာမှ ပြန်မဖြေပါ။
ယေဘုယျအားဖြင့် ဟုတ်မှန်ကြောင်း ဝန်ခံရမယ့် မေးခွန်းတွေကို သူမ ပြန်မဖြေတတ်ပါ။ ရှောက်ချန်းကျယ်က ရင်ခုန်စရာကောင်းစွာပင် သူ့အသံကို တိုးချလိုက်သည်။ “ အခု မင်းမျက်လုံးတွေကို မှိတ်ထားလိုက်တော့နော်။ ”
သူ့ရဲ့ တိုးလျဩရှကာ သံလိုက်ဓာတ် အပြည့်ပါသော အသံမှာ ဖန်တီးယူထားတဲ့ ချော့မော့ပြောနေသော အငွေ့အသက်လေးတွေ ပါဝင်နေကာ ထိုအသံက မန္တာန် တစ်ပုဒ်လိုပင် လူတွေကို သူ့စကားအတိုင်း လိုက်နာမိစေချင်သည်။
ချန်ကျင်းလန်က မျက်လုံးတွေကို အတင်း ပြူးထားလိုက်၏။ “ ဘာလို့ ကျွန်မက မျက်လုံးမှိတ်ထားရမှာလဲ။ ”
သူတို့ နှစ်ယောက် အကြာကြီး ဝေးသွားခဲ့လို့ ကြားမှာ ကွက်လပ်တွေ ၊ တံတိုင်းတွေ များလာခဲ့တာလား … ။ သူ ဘာပဲပြောပြော သူမက သူ့နှင့် ဆန့်ကျင်ဖက်ကိုသာ ရွေးချယ်လေ့ရှိသည်။
ကြိုးမဲ့ အချက်ပြ သင်္ကေတတွေကို ဖြတ်ကျော်လာခဲ့သော သူမရဲ့ တေးသီးချင်း တစ်ပုဒ် ညည်းနေသလို အသံက ညအမှောင်ထဲမှာ အလွန် နူးညံ့သိမ်မွေ့သော အသံအဖြစ် ပြောင်းလဲသွားခဲ့သည်။
ချန်ကျင်းလန်သည် ထေ့ငေါ့ မပြောမိဘဲ မနေနိုင်ပေ။ “ ရှင် ဒီသီချင်းကို မသိဘူးလား။ ”
ရှောက်ချန်းကျယ်က ခပ်တိုးတိုး ရယ်လိုက်သည်။ “ မင်း တခြား သီချင်းတွေ နားထောင်ချင်ရင် ကိုယ် ရှာဖတ်ထားပြီး နောက်တစ်ခေါက်ကျ မင်းကို ဆိုပြပါ့မယ်။ ”
ချန်ကျင်းလန် ဘာမှ ဆက်မပြောနိုင်တော့။ သူက ဒီကမ္ဘာပေါ်မှာ ဘယ်လို ကိစ္စမျိုးကိုမဆို သူ့ဘက် ရောက်အောင် ဆွဲခေါ်နိုင်တဲ့ ကိုယ့်ဘက်ကိုယ်အယက်ဆုံး လူမျိုး ဖြစ်လိမ့်မည်။
***