အခန်း ၄၉
Vol. 5 Ch. 49
အပိုင်း ( ၄၉ )
ရှောက်ချန်းကျယ် သီချင်း တစ်ပုဒ်ထက် ပိုသိတာ သေချာပေမဲ့ ဒီတစ်ပုဒ်က သူမ အကြိုက်ဆုံး ဖြစ်ပုံပေါ်ပါသည်။
သီချင်းညည်းသံ တိုးတိုးက ညကို ပိုလို့တောင် နူးညံ့ အသက်ဝင်စေခဲ့သည်။ ချန်ကျင်းလန်ရဲ့ မျက်ခွံတွေ တဖြည်းဖြည်း မှေးစင်းလာပြီး သက်သောင့်သက်သာရှိသော အိပ်မက်ကမ္ဘာထဲကို ရောက်သွားခဲ့လေသည်။
နောက်တစ်နေ့မနက် ရောက်တော့ သူမ ပျင်းရိစွာ ၊ အိပ်ရေးဝဝ အိပ်ထားရ၍ စိတ်လက်ပေါ့ပါးစွာ အိပ်ရာနိုးလာခဲ့၏။
ခန္ဓာကိုယ်မှာ ခြုံထားတဲ့ ခြုံစောင် အပါးလေးကို ပွေ့ဖက်ရင်း မျက်နှာကျက်ကို မှုန်တိမှုန်ဝါး မျက်လုံးများဖြင့် စိုက်ကြည့်နေမိသည်။ လိုက်ကာစတွေပေါ်မှာ နေရောင်ကျနေတဲ့ အရိပ် လမ်းကြောင်းပြောင်းမသွားခင် အချိန်ထိ သူမ အိပ်ရာမထချင်သလို လှုပ်လည်း မလှုပ်ချင်ပါ။ ချန်ကျင်းလန်သည် အဲ့ဒီတော့မှ စောင်ကို ခြေထောက်နှင့် ဖြည်းဖြည်းချင်း ဖယ်ခွာကာ လက်တွေ ၊ ခြေထောက်တွေ တဖျတ်ဖျတ် ခါလိုက်သည်။ ထို့နောက် ပျင်းရိနေတဲ့ ခါးလေးကို စိတ်ကျေနပ်ဖွယ် အကြောဆန့်လိုက်တော့ ချောမွတ်ဖြူဝင်းသော ပခုံးသားလေးတွေနှင့် လှပသော လိပ်ပြာပုံသဏ္ဍာန် ကျောပြင်လေး လှစ်ခနဲ ပေါ်လာကာ တိုးတိုး ညည်းလိုက်မိသည်။
“ နိုးပြီလား … ” သူမရဲ့ ခေါင်းအုံးဘေးရှိ ဖုန်းကနေ ရုတ်တရက် စကားသံ ထွက်လာသည်။
ချန်ကျင်းလန် အေးခဲသွားပြီး ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်တော့ ဖုန်းမျက်နှာပြင်ပေါ်က အချိန်မှတ်ထားတဲ့ ကိန်းဂဏန်းတွေကို မြင်သွားသည်။ ဒါဆို ဒီတစ်ညလုံး သူ့ဘက်က ဖုန်းမချသေးတာလား။
ချန်ကျင်းလန် ပြန်ပြောလိုက်သည်။ “ အဲ့မှာ ဘယ်အချိန် ရှိပြီလဲ။ ”
သူ ရောက်နေတဲ့ နေရာမှာ အချိန်က အခုလောက်ဆို အရမ်း နောက်ကျနေလောက်ပါပြီ။
“ မိုးလင်းခါနီးပြီ။ ”
“ ရှင် ဘာလို့ ဒီအချိန်ထိ မအိပ်သေးတာလဲ။ ”
ထိုစကားရဲ့ အဓိပ္ပာယ်ကတော့ သူမဘက်က ဖုန်းချပါတော့မည် ဟူ၍။
“ ကိုယ် အခုလေးတင် အစည်းအဝေး လုပ်ပြီးတာ။ အချိန်ကို ကြည့်တော့ ဒီအချိန်လောက်ဆို မင်းလည်း အိပ်ရာနိုးလောက်ပြီမို့လို့ ကိုယ် မအိပ်ခင် ‘ ကောင်းသော မနက်ခင်းပါ ’ လို့ လာပြောချင်လို့။ ကောင်းသော မနက်ခင်းပါ အသည်းနှလုံးလေး … ” သူ့ဘက်က ခဏ တိတ်သွားပြီးမှ စကားသံ နောက်တစ်ခေါက် ထပ်ထွက်လာသည်။ “ ကောင်းသော မနက်ခင်းပါ။ ”
နှစ်ဖက်လုံး တိတ်သွားကြသည်။ ထိုတိတ်ဆိတ်မှု အလယ်မှာ ချန်ကျင်းလန်သည် ရေ တပေါက်ပေါက် ကျသံကို ကြားလိုက်ရ၏။ မိုးရွာတဲ့ အသံမျိုး မဟုတ်ပါ။ ဘာနဲ့ တူသလဲ ဆိုရင် …
သူမ ခပ်ဖြည်းဖြည်း မေးလိုက်သည်။ “ ရှင် ဘာလုပ်နေတာလဲ။ ”
“ ရေချိုးနေတာ။ ” အလင်းမပွင့်သေးသည့် အရုဏ်တက်ခါနီး အချိန်မှာ ကြားရသည့် သူ့အသံက ရင်ခုန် စိတ်လှုပ်ရှားစရာကောင်းစွာ လှိုက်မောဖိုရီနေသည်။ “ ပြီးတော့ … ကိုယ် မင်းအကြောင်း တွေးနေတာ … ။ ”
ချန်ကျင်းလန် တစ်ခုခု ပြောချင်သလို အသက်ပြင်းပြင်း ရှူလိုက်မိသည်။ သူမရဲ့ နှုတ်ခမ်းတွေက အကြိမ် အနည်းငယ် လှုပ်ရှားသွားပေမဲ့ နောက်ဆုံးမှာတော့ ဆုံးဖြတ်ချက်ပြတ်သားစွာ ဖုန်းချပစ်လိုက်ပါတော့သည်။ ရေချိုးနေရင်း သူမအကြောင်း တွေးတဲ့ အတွေးက ဖြူစင်သန့်ရှင်းစရာ အကြောင်း မရှိပေ။
ရှောက်ချန်းကျယ်ရဲ့ ဖုန်းထဲကို မက်ဆေ့ခ်ျ နှစ်ခု ဆက်တိုက် ဝင်လာသည်။ [ ရှင် ကျွန်မအကြောင်း တွေးရဲ တွေးကြည့်။ ] ၊ [ မကောင်းတဲ့ နှာဘူးကောင်။ ]
ရှောက်ချန်းကျယ်က သူ့ရဲ့ ရေစိုဆံပင်တွေကို တဘက်ဖြင့် သုတ်နေရင်း ဖုန်းထဲက မက်ဆေ့ခ်ျ နှစ်စောင်ကို ကြည့်မိချိန်မှာ ရယ်ချင်စိတ်ကို ထိန်းချုပ်မရတော့ပေ။
သူ တကယ်တော့ သူမ အိပ်ရာနိုးတဲ့ အချိန်ကတည်းက ရေချိုးပြီးသွားတာ ကြာလှပါပြီ။ သူမကို သူ သိပ်လွမ်းနေတုန်း ၊ အထူးသဖြင့် သူမ အိပ်ရာနိုးလာတဲ့ ပုံစံလေးကို စိတ်ကူးထဲမှာ ပုံဖော်ကြည့်နေတုန်းမှာပဲ ကြောင်ကလေး တစ်ကောင်လို ညည်းသံလေးကို ကြားလိုက်ရ၍ စိတ်ထဲမှာ လှုပ်ခတ်သွားမိသည်။ သူ့ဘက်က စိတ်ကို တင်းထားဖို့ ဆိုတာ မဖြစ်နိုင်ပါ။ ဒါပေမဲ့ ဖုန်းထဲကနေ ဆန္ဒမဖြေဖျောက်ဖို့တော့ သူ့မှာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ရှိပါသေးသည်။ သူမကို စနောက်ချင်တဲ့ စိတ်ကိုပဲ ထိန်းမရတာပါ။
သူမလေးကတော့ သူ့နှင့် ဖုန်းပြောနေချိန် ၊ သူ့ဘေးမှာ ရှိနေချိန်မျိုးမှာ တဖြည်းဖြည်း ပို,ပိုပြီး စိတ်သက်သောင့်သက်သာရှိလာတာကို သူမကိုယ်သူမ သတိမထားမိလောက်သေး။ ထိုအပြောင်းအလဲက သူ့ကို အလွန် ပျော်ရွှင်စေ၏။
လေယာဉ် ခရီးစဉ်ရဲ့ အသေးစိတ် အချက်အလက်တွေကို သူမဆီ ပို့ပေးလိုက်သည်။ [ မနက်ဖြန် နေ့ခင်းဆို အရှက်မရှိတဲ့ ခွေး + အရှက်မရှိတဲ့ နှာဘူးကောင် ပြန်ရောက်ပြီ။ ကိုယ့်ကို လေဆိပ်မှာ လာကြိုချင်လား။ ]
သူမနှင့် လီချီလေးတို့ ရှစ်ရမ်ကို လေဆိပ်မှာ သွားကြိုတဲ့ မြင်ကွင်းကို သူ မှတ်မိနေဆဲ။ သူလည်း အဲ့ဒီ အချိန်ကတည်းက သူ့ကို သားအမိ နှစ်ယောက် လေဆိပ်မှာ လာကြိုမယ့် မြင်ကွင်းလေးကို စိတ်ကူးယဉ်နေခဲ့တာ ဖြစ်သည်။
ချန်ကျင်းလန်ကတော့ သူ့ရဲ့ စိတ်ကူးယဉ် ပူဖောင်းလေးကို အေးစက်စွာ ဖောက်ပစ်လိုက်သည်။ [ ကျွန်မက ရှင့်ဒရိုင်ဘာ မဟုတ်ဘူး။ ]
ရပါတယ်လေ … ။ သူမဘက်က ဆန္ဒမရှိတာကို ရှောက်ချန်းကျယ် ဇွတ်အတင်း တိုက်တွန်းမနေပါ။ ဒီတစ်ခေါက် မဟုတ်လည်း နောက်တစ်ခေါက် ဆိုတာ ရှိတာပဲ ၊ နောက်တစ်ခေါက်ရဲ့ နောက်တစ်ခေါက်လည်း ရှိသေးတယ်။ အိပ်မက်တွေပဲဖြစ်ဖြစ် ၊ စိတ်ကူးယဥ်မှုတွေပဲဖြစ်ဖြစ် လက်တွေ့ အကောင်အထည်ပေါ်တဲ့ နေ့ တစ်နေ့တော့ ရှိမှာပါပဲ။
ယနေ့ ချန်ကျင်းလန်သည် ချန်လီချီလေးကို ဆံပင်ညှပ်ဖို့ ခေါ်သွားခဲ့သည်။ နွေရာသီ ပူပူက ကလေးမလေးအား အချိန်ပြည့် အိမ်တွင်းအောင်းနေရခြင်းကို မုန်းဆီးစေသည်။ သူမက အပြင်မှာ လျှောက်သွား ၊ လျှောက်စား ၊ လျှောက်ဆော့ရတာကို ကြိုက်ပေမဲ့ အပြင်သွားပြီး ခဏအကြာမှာပဲ သူမရဲ့ ထူထဲသော ဆံပင်တွေက ဦးရေပြားမှာ ပြားကပ်ပြီး ချွေးတွေဖြင့် စိုရွဲနေတတ်သည်။ သမီးဖြစ်သူရဲ့ သဘောထားကို တိုင်ပင်ကြည့်ပြီးနောက်မှာတော့ ချန်ကျင်းလန်က ထိုဆံပင်ကို သေသေသပ်သပ်လေး ဖြစ်သွားစေရန် ဒီ့ထက် တိုအောင် ညှပ်ဖို့ ဆုံးဖြတ်လိုက်လေသည်။
ဆံပင်ညှပ်ဆိုင်ထဲက ထွက်လာချိန်မှာတော့ သားအမိ နှစ်ယောက်လုံးရဲ့ ခါးနားမှာ ဝဲနေခဲ့သည့် ဆံပင်ရှည်တွေက ကုပ်ဝဲဆံပင်လေးတွေ ဖြစ်သွားပြီ ဖြစ်သည်။
ချန်လီချီက အမေဖြစ်သူကို မော့ကြည့်လိုက်သည်။ “ မေမေ အရမ်း လှနေတယ်။ ”
ချန်ကျင်းလန်က သူမလေးကို ပွေ့ချီကာ ကားထဲမှာ ထိုင်ခိုင်းလိုက်သည်။ “ လီချီလေးက ပိုလှပါတယ်ရှင်။ ”
ချန်လီချီရဲ့ လခြမ်းကွေး မျက်လုံးလေးတွေက အပြုံး တစ်ခုအဖြစ် ကွေးညွှတ်သွားကာ ဆံပင်စတိုင်လ် အသစ်လေးကို ခါယမ်းလိုက်လေသည်။ သူမ ဒီဆံပင်စတိုင်လ်ကို တကယ် သဘောကျသည်။ “ သမီးတို့ ဓာတ်ပုံ တစ်ပုံလောက် ရိုက်ပြီး ဖေဖေ့ကို ပို့လိုက်ရင် ကောင်းမလားဟင် မေမေ။ ဖေဖေ သမီးတို့ကို မှတ်မိပါ့ဦးမလား ဆိုတာ သိချင်တယ်။ ”
ချန်ကျင်းလန်က သူမကို ခါးပတ်ကြိုး တပ်ပေးပြီး စကတ်လေးကို သပ်သပ်ရပ်ရပ် ဖြစ်သွားအောင် ပြင်ပေးလိုက်သည်။ “ ဓာတ်ပုံရိုက်စရာ မလိုတော့ဘူး။ သူ မနက်ဖြန် ပြန်လာမှာတဲ့ ၊ အဲ့ကျ မေမေတို့ နှစ်ယောက်လုံးကို သူ မြင်သွားပါလိမ့်မယ်။ ”
ချန်လီချီရဲ့ မျက်လုံးလေးတွေ အရောင်တောက်သွားသည်။ “ ဖေဖေ မနက်ဖြန် ပြန်လာမှာလား။ သမီးတို့ ဖေဖေ့ကို လေဆိပ်မှာ သွားကြိုကြမလားဟင် မေမေ … ”
ချန်ကျင်းလန်က သမီးဖြစ်သူရဲ့ မျှော်လင့်ချက်ဖြင့် တောက်ပနေတဲ့ မျက်လုံးလေးတွေကို မြင်လျှင် တင်းမခံနိုင်တော့ဘဲ ခေါင်းညိတ် သဘောတူလိုက်ရတော့သည်။ အမေဖြစ်သူရဲ့ လည်ပင်းကို သိုင်းဖက်လိုက်သော သူမလေးရဲ့ မျက်လုံးထဲမှာ စနောက်ချင်ဟန်လေးတွေ အတိုင်းသား ပေါ်လွင်နေ၏။ “ မေမေလည်း ဖေဖေ့ကို လွမ်းနေတာမို့လား။ ”
ချန်ကျင်းလန်က သူမရဲ့ နှာခေါင်းလေးကို လိမ်ဆွဲလိုက်သည်။ “ သမီး ဒီနေ့ ရေခဲမုန့် စားချင်လား။ ”
ချန်လီချီ မျက်လုံးပြူးသွားသည်။ “ သမီး ဒီနေ့ စားလို့ ရလို့လား။ ”
“ ရတာပေါ့ ၊ ရေခဲမုန့် တစ်ခု ဝယ်ပြီး မေမေနဲ့ မျှစားမယ် ဆိုရင်တော့ ရတယ်။ ”
ချန်လီချီ ပျော်ရွှင်သွားသည်။ “ ရေး ၊ အဲ့ဒါကြောင့် သမီး မေမေ့ကို ချစ်နေရတာ။ ”
မလှမ်းမကမ်းမှာ ရပ်ထားတဲ့ အနက်ရောင် ကား တစ်စီးထဲမှာတော့ ငွေရောင်ဆံပင်ပိုင်ရှင် အသက်ကြီးကြီး အမျိုးသမီးကြီး တစ်ယောက်နှင့် လူလတ်ပိုင်း အမျိုးသား တစ်ယောက်တို့ ရှိနေကြသည်။
ငွေရောင်ဆံပင်ပိုင်ရှင် အမျိုးသမီးက သခင်ကြီးရှောက်ရဲ့ ဒုတိယ ဇနီး ဝူကျင်းယောင် ဖြစ်၏။ လက်ရှိအချိန်မှာ သူမအသက်က ( ၇၀ ) ကျော်နေပြီ ဆိုပေမဲ့ ကိုယ့်ကိုယ်ကိုယ် အသေးစိတ်ကအစ သေချာ ဂရုစိုက် ထိန်းသိမ်းထားသောကြောင့် ( ၅၀ ) ကျော်ဟုသာ ထင်ရသည်။ အရွယ်တင် နုပျိုသော်လည်း ခံစားချက်မဲ့ အေးစက်နေတဲ့ စူးစူးရဲရဲ မျက်လုံးတွေကြောင့် သူမပုံစံက အလွန် မာကျောတင်းမာပြီး အထက်စီးဆန်တဲ့ပုံပေါက်နေသည်။
လူလတ်ပိုင်း အမျိုးသားကတော့ ရှောက်ချန်းကျယ်ရဲ့ ဒုတိယ ဦးလေး ရှောက်ကျန်းထင် ဖြစ်သည်။ အပေါ်ယံ ကြည့်လိုက်လျှင် သူ့ပုံစံက ရည်မွန်သော လူကြီးလူကောင်း တစ်ယောက်နှင့် တူပေမဲ့ သူ့မျက်လုံးတွေကတော့ အရက်သေစာနှင့် မိန်းကလေးတွေကို အပျော်အပါးလိုက်စားမှုကြောင့် ရွံ့ရေကဲ့သို့ပင် အမြဲတမ်း ကြည်လင်မှု မရှိဘဲ မှုန်မှိုင်းနောက်ကျိနေတတ်သည်။
ရှောက်ကျန်းထင်က မကျေမနပ် ပြောလိုက်သည်။ “ အမေက ကျွန်တော်တို့ကို ဘာမှ မလုပ်ဘဲ ဒီတိုင်း ထိုင်နေခိုင်းနေလို့ ဒီတစ်လျှောက်လုံး ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ထိန်းထိန်းသိမ်းသိမ်း နေခဲ့တယ်။ ဒါပေမဲ့ အဖေက ရှောက်ချန်းကျယ်ရဲ့ လုပ်ရပ်တွေကို ဘာမှ မတုံ့ပြန်ဘဲနဲ့ လက်ပိုက် ကြည့်နေတယ်။ ဒီပုံအတိုင်းသာ ဆက်သွားနေရင် ရှောက်မိသားစုက သူ့အပိုင် ဖြစ်သွားလိမ့်မယ်။ အဘိုးကြီး သေသွားတာနဲ့ သူ့ကို ထိန်းချုပ်နိုင်တဲ့ လူ တစ်ယောက်မှ ရှိမှာ မဟုတ်တော့ဘူး။ ကောက်ကျစ်ယုတ်မာပြီး ကျေးဇူးမသိတတ်တဲ့ အဲ့ကောင်က ကျွန်တော်တို့ကို အိမ်ပေါ်ကနေ ကန်ချမှာ သေချာတယ်။ အမေ တစ်သက်လုံး အဲ့အဘိုးကြီးကို ပြုစုလာခဲ့ပေမဲ့ နောက်ဆုံးကျ အလကားပဲ စွန့်ပစ်ခံလိုက်ရလိမ့်မယ်။ ကျွန်တော်တို့အတွက် လုံးဝ မတရားဘူးဗျ ... ”
ဝူကျင်းယောင်က သူ့ကို ခပ်စိမ်းစိမ်း စိုက်ကြည့်လိုက်သည်။ “ နင့်ပါးစပ်ကို ပိတ်ထားလိုက်စမ်း။ ငါ့မှာလည်း ငါ့အစီအစဉ်နဲ့ငါ ရှိတယ်။ ကျင်းယွင် အပြင်သွားပြီး ပြဿနာတွေ ထပ်မရှာတာ သေချာအောင်သာ နင် လုပ်ပေး။ သူ ငါ့ကို ဘာမှ ပြဿနာ မရှာရင် ဒီအခြေအနေကို ငါ ကောင်းကောင်း ကိုင်တွယ်နိုင်တယ်။ ”
သူမရဲ့ သားရော ၊ မြေးရောက အပြောသာ ရှိပြီး လက်တွေ့ကျ ဘာမှ မလုပ်နိုင်တဲ့ သင်္ကြန်အမြှောက်လို လူစားမျိုးတွေ။ ရှောက်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို လက်ဝါးကြီးအုပ်နိုင်ဖို့ သူမ တစ်ဘဝလုံး ကြိုးစားလာခဲ့တာမို့ ပါးစပ်နား ရောက်ခါနီး ထမင်းလုပ်ကို ပုတ်ချခံရတာမျိုး အဖြစ်မခံနိုင်။ ဒီလို အသုံးမကျတဲ့ သား တစ်ယောက်ကို သူမ ဘယ်လိုတောင် မွေးခဲ့မိတာပါလိမ့် … ။ ပြီးတော့ ဘာလို့ သူမရဲ့ မြေးကပါ ဘာမှ သုံးစားမရ,ရတာလဲ။
ဝူကျင်းယောင်က ထွက်ခွာသွားတဲ့ ချန်ကျင်းလန်ရဲ့ ကားလေးကို ကြည့်ပြီး အေးစက်စက် လှောင်ရယ်လိုက်သည်။ ရှောက်ချန်းကျယ်က သူ့အဖေနှင့် တစ်စက်လေးတောင် မတူပါ။ အပြင်ပန်းမှာ ခံစားချက်မဲ့ အေးစက်စက်နိုင်ပေမဲ့ စိတ်အတွင်းထဲမှာတော့ သူက ပတ်သက်မှုတွေ ၊ ဆက်ဆံရေးတွေကို လူတိုင်းထက် ပိုတန်ဖိုးထားသည်။ မဟုတ်ရင် သူ ရှောက်မိသားစုကို ဘယ်တော့မှ ပြန်လာခဲ့မှာ မဟုတ်။ ဟိုးအရင်တုန်းက သူ့အဖေကို သူမ ဘယ်လို ရှင်းပစ်ခဲ့ရလဲ ဆိုတာ ကောင်းကောင်း မှတ်မိသေးသည်။ အခု သူ့ကိုလည်း သူ့အဖေလိုပဲ တစ်ပုံစံတည်း ရှင်းထုတ်ပစ်ရဦးမည်။ သူမ ရှောက်ချန်းကျယ်အတွက် စိတ်ဝင်စားစရာ လက်ဆောင် တစ်ခု ပြင်ဆင်ထားပြီးပါပြီ။ ထိုလက်ဆောင်ကို သူ့ဆီ အချိန်ကိုက် ပို့ပေးနိုင်ဖို့ပဲ ကျန်တော့သည်။
အဲ့ဒီညမှာ သားအမိ နှစ်ယောက်လုံး ရေချိုးပြီးသွားတော့ ချန်ကျင်းလန်က ချန်လီချီရဲ့ ဆံပင်လေးတွေကို ဒရိုင်ရာဖြင့် ရေခြောက်အောင် မှုတ်ပေးနေခဲ့သည်။ ချန်လီချီလေးကတော့ လက်ချိုး ရေတွက်ရင်း မနက်ဖြန် ဖေဖေ့ကို လေဆိပ်မှာ သွားကြိုရင် ဘာဝတ်သွားရမလဲဟု မေမေ့ကို မေးနေသည်။ သူမ ဂါဝန် အသစ်လေးတွေကို တစ်ညနေလုံး စမ်းဝတ်ကြည့်ရင်း အချိန်ကုန်ခဲ့ ၊ အကြိုက်ဆုံး ဂါဝန် သုံးထည်ကို ရွေးချယ်ပြီးခဲ့ပြီ ဆိုပေမဲ့ မနက်ဖြန် ဘယ်တစ်ထည်ကို ဝတ်သွားရမလဲ ဆိုတာ မဆုံးဖြတ်နိုင်သေးပေ။
ထို့နောက် သူမ မနက်ဖြန် ဝတ်သွားရမယ့် ဝတ်စုံကို မရွေးရသေးခင်မှာပဲ ပန်းစည်း တစ်စည်းလည်း ပြင်ထားဖို့ လိုကြောင်း သတိရသွားပြန်သည်။ သူမလေးဟာ စိတ်လှုပ်ရှားစွာဖြင့် စကားတွေ တတွတ်တွတ် ပြောနေပေဲ့ စကား တစ်ဝက်မှာပဲ အိပ်ငိုက်လာကာ တဖြည်းဖြည်း အသံတိတ်လာခဲ့သည်။ သူမ မနေ့ညတုန်းက နည်းနည်းပဲ အိပ်ခဲ့ရတာမို့ ဒီနေ့ည ခါတိုင်းထက် စောစော အိပ်ငိုက်နေသည်။
ချန်ကျင်းလန်က သမီးဖြစ်သူကို အိပ်ရာထဲ ပွေ့ချီသွားကာ စောင်တွေ ဘာတွေ ခြုံပေးပြီးမှ အခန်းထဲက ပြန်ထွက်လာခဲ့လိုက်သည်။ သူမကတော့ ဒရိုင်ဘာဖြင့် ဆံပင်ကို လေမှုတ် အခြောက်ခံရတာ မကြိုက်သောကြောင့် လေဖြင့် သဘာဝအတိုင်း အခြောက်ခံရန် လသာဆောင်ကို ထွက်လာခဲ့မိသည်။
ည ဆယ်နာရီ အတိအကျမှာ သူမရဲ့ ဖုန်းမျက်နှာပြင်လေး လင်းလာသည်။ သို့သော် မက်ဆေ့ခ်ျ အစား ဖုန်းကောလ် တစ်ခု ဖြစ်နေ၏။ သူ အခုတလော တဖြည်းဖြည်း ပို,ပိုရဲတင်းလာသည်။ သူမ မနေ့ညတုန်းကမှ သူနှင့် ဖုန်းပြောထားပေမဲ့ ဒီနေ့ရောက်တော့ သူက ယုံကြည်မှုရှိစွာပင် သူမကို ဖုန်းထပ်ဆက်လာပြန်သည်။
ချန်ကျင်းလန်က ဖုန်းကိုင်လိုက်ပြီး ထေ့ငေါ့ ပြောမလို့ ပါးစပ်ပြင်လိုက်ပေမဲ့ သူမ ဘာမှ မပြောရသေးခင်မှာပဲ ရှောက်ချန်းကျယ်ရဲ့ အသံက အရင် ထွကိလာသည်။ “ ကိုယ် ပြန်ရောက်ပြီ မြောင်မြောင် .. အခု ကိုယ် မင်းအိမ်ရှေ့မှာ ”
ချန်ကျင်းလန် အေးခဲသွားသည်။
ရှောက်ချန်းကျယ်က တံခါးအပြင်ဘက်မှာ ရပ်ရင်း မီးတွေ လင်းထိန်နေသည့် ခြံထဲကို လှမ်းကြည့်နေမိသည်။ “ မင်း ကိုယ့်ကို အိမ်ထဲ ပေးဝင်မှာလားဟင် … ”
ချန်ကျင်းလန် : ……
သူက သူမ ထင်ထားထက်တောင် ပိုရဲတင်းနေတာပါလား … ။
အနက်ရောင် ကတ္တီပါစလို နက်မှောင်ရေးရီနေသော ကောင်းကင်မှာ လရောင် တောက်ပကာ ကြယ်တွေက ကျိုးတို့ကျဲတဲ။ ညလေညှင်းက တနော့နော့ တိုက်ခတ်နေသည်။
ချန်ကျင်းလန် ခပ်ပြတ်ပြတ် ငြင်းလိုက်သည်။ “ ဟင့်အင်း ၊ မရဘူး။ ”
ရှောက်ချန်းကျယ်က အလွန် အားနည်းနေပုံဖြင့် ခပ်တိုးတိုး ချောင်းဆိုးပြနေသည်။ “ ကိုယ် တစ်ညလုံး မအိပ်ရသေးဘူး ၊ အကြာကြီး လေယာဉ်စီးလာရတော့ မူးပြီး အန်ချင်သလိုလည်း ဖြစ်နေတယ်။ ကိုယ် လေယာဉ်ပေါ်မှာ ဘာမှ စားမဝင်တော့ မင်း ချက်ကျွေးတဲ့ ဆန်ပြုတ်ကိုပဲ ဆက်တိုက် တွေးနေမိတာ။ ”
ချန်ကျင်းလန်က သူ့အလိမ်အညာမှာ ကျရှုံးမသွားပါ။ “ မူးပြီး အန်ချင်နေရင် ဆေးသောက်လိုက်လေ။ ဆန်ပြုတ်သောက်ချင်လည်း ဆိုင် တစ်ဆိုင်ဆိုင်ကနေ မှာသောက်လို့ ရသားပဲ။ ”
ရှောက်ချန်းကျယ်က နူးညံ့စွာ ရယ်မောပြီး သူ့အလိမ်အညာကို သူကိုယ်တိုင်ပဲ ပြန်ဖော်လိုက်လေသည်။ “ အင်း ၊ မင်းက ကိုယ့်အကြောင်းကို နောကျေနေတာပဲ။ ကိုယ် အန်ချင်နေတယ် ဆိုတာက ဆင်ခြေပေးတာ ဆိုတာကိုတော့ ဝန်ခံပါတယိ။ ”
ချန်ကျင်းလန် နှာခေါင်းရှုံ့ လှောင်ရယ်လိုက်သည်။ သူမရဲ့ လှောင်ရယ်သံက သူဟာ မကောင်းတဲ့ လူ တစ်ယောက် ဖြစ်ရုံတင် မဟုတ်ဘဲ လူလိမ် တစ်ယောက်ပါ ဖြစ်သေးသည်ဟု ပြောနေ၏။
“ မြောင်မြောင် … ” သူ တိုးလျစွာ သက်ပြင်းရှိုက်လိုက်သည်။ သူ့ရဲ့ ပင်ပန်းနေတဲ့ အသံထဲမှာ မပြီးပြတ်သေးတဲ့ နူးညံ့ကြင်နာမှုတွေ ထပ်မံ ပေါ်ထွက်လာပါသည်။ “ ကိုယ် မင်းကို လွမ်းတယ်။ မင်းနဲ့ တွေ့ပါရစေ .. နော် … ”
ဖုန်းတစ်ဖက်က အသက်ရှူသံ တိုးတိုးက ခဏလောက် ရပ်သွားခြင်းနှင့်အတူ ဖုန်းချသွားတဲ့ တတူတူ မြည်သံပါ တစ်ပါတည်း ကပ်ပါလာသည်။
ချက်ချင်းပဲ မီးပိတ် မှောင်မည်းသွားတဲ့ ခြံဝန်းထဲကို ရှောက်ချန်းကျယ် ကြည့်နေမိသည်။ ဘယ်လိုမှ မတတ်နိုင်ဘဲ သူ့နှုတ်ခမ်းထောင့်မှာ မချိပြုံးလေး တစ်ခု တွဲလဲခိုလာမိသည်။ သူ အရမ်း လောမိသွားတယ် … ။
တောက်ပသော လရောင်အောက်တွင် လူရိပ်တွေ ထင်ဟပ်နေသည်။ ရှောက်ချန်းကျယ်က ဗိုက်ကို လက်ဖြင့် ဖိ၍ နံရံကို မှီရင်း သူ ဘယ်ကို ဆက်သွားရင် ကောင်းမလဲ ဆိုတာ တွေးနေမိသည်။ သူ့အိမ်က ဘေးတစ်ဖက်မှာ ဆိုပေနဲ့ သူ ပြန်မသွားချင်ပါ။ ဒီလောက်ထိ နီးစပ်လာခဲ့တာတောင် သူဟာ လောဘကြီးစွာဖြင့် နည်းနည်းလေး ပိုနီးစပ်စေချင်နေသေးသည်။
အချိန်တွေ ဘယ်လောက် ကြာသွားလဲ မပြောတတ်ဘဲ တိမ်တွေနောက်မှာ လမင်း ပုန်းကွယ်သွားချိန်မှာ ကျိုးတို့ကျဲတဲ ကြယ်လေးတွေကလည်း အလင်းရောင် သိပ်မဖြန့်ကျက်နိုင်တော့ပါ။ ညကောင်းကင်မှာ မှောင်အတိကျသွားကာ ခပ်လှမ်းလှမ်း တစ်ခါတရံ ကြားရတဲ့ ခွေးဟောင်သံတွေကလွဲလို့ ပတ်ဝန်းကျင်က အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေသည်။
ထိုအချိန်မှာပဲ တံခါးက ကျွီခနဲ တစ်ဝက်တစ်ပျက် ပွင့်လာခဲ့သည်။
ရှောက်ချန်းကျယ် ချက်ချင်း လှည့်ကြည့်လိုက်တော့ တံခါးကို လက် တစ်ဖက်ဖြင့် ထောက်ထားသော ချန်ကျင်းလန်က သူ့ကို နူးညံ့စွာ ကြည့်နေသည်။ “ ရှင် ဘာလို့ မပြန်သေးတာလဲ။ ”
သူ တံခါးဝမှာ အကြာကြီး ရပ်နေတာကို လုံခြုံရေးကင်မရာကနေ တစ်ဆင့် သူမ တောက်လျှောက် ကြည့်နေခဲ့မိသည်။ အသိစိတ်က သူ့ဘာသာ ဘာပဲလုပ်လုပ် ခွေးစားစား ကျီးထိုးထိုး ပစ်ထားဖို့ သူမကို ပြောနေပေမဲ့ အဆုံးသတ်မှာတော့ မသိစိတ်ရဲ့ တွန်းအားကို မတွန်းလှန်နိုင်ဘဲ သူမ ဒီနေရာကို ရောက်လာခဲ့ပါပြီ။
ရှောက်ချန်းကျယ်က သူတို့ နှစ်ယောက်ကြား ကြားလေပင် သွေးလို့ မရအောင် သူမကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ “ မင်းကို မတွေ့ရသေးဘဲနဲ့ ကိုယ် ဘယ်လိုလုပ် ပြန်နိုင်မှာလဲ။ ”
ချန်ကျင်းလန်က သူမရဲ့ လက်တွေကို ခါးနားမှာ လျော့တိလျော့ရဲ ချထားခဲ့ပြီး နှာခေါင်းနားမှာ ရင်းနှီးနေတဲ့ ရနံ့က တဝဲဝဲလည်နေခဲ့သည်။ သူမအကြည့်က အနည်းငယ် ဝေဝါးသွားကာ သူ့နောက်က တစ်နေရာကို စိုက်ကြည့်လိုက်သည်။
“ အခု ရှင် ကျွန်မကို တွေ့ပြီးပြီ ဆိုတော့ ပြန်လို့ ရပြီ။ ”
ရှောက်ချန်းကျယ်က ခေါင်းမော့ပြီး သူမကို လေးလေးနက်နက် ကြည့်နေသည်။ “ မင်းကို တွေ့လိုက်ရတော့ … ကိုယ် ပိုပြီးတော့တောင် ပြန်ချင်စိတ် မရှိတော့ဘူး။ ”
ချန်ကျင်းလန်သည် သူနှင့် အကြည့်ချင်း ဆုံသွားတော့ ချက်ချင်းပဲ အကြည့်လွှဲလိုက်၏။ သူမရဲ့ အေးစက်စက် အသံထဲမှာ ဘာခံစားချက်မှ ပါဝင်မနေပါ။ “ ဒါဆိုလည်း ရှင့်ဘာသာ တစ်ယောက်တည်း ဒီမှာ ရပ်ပြီး ခြံစောင့် လုပ်နေလိုက်။ ကျွန်မတော့ ပြန်ဝင်တော့မယ်။ ”
ရှောက်ချန်းကျယ်က သူမကို ပြန်သွားခွင့်မပေးဘဲ လက်ကို လှမ်းဆွဲပြီး သူ့ခါးပေါ် တင်လိုက်သည်။ ထို့နောက် သူမရဲ့ ဆံပင်တွေဆီ သူ အကြည့်ရောက်သွား၏။ “ မင်း ဆံပင်ညှပ်လိုက်တာလား။ ”
သူ့ခန္ဓာကိုယ်က တကယ့်ကို ပူနေတာပါ။ သူ့အဝတ်အစားတွေဆီကနေ အပူရှိန်တွေ တငွေ့ငွေ့ လာဟပ်နေ၏။
ချန်ကျင်းလန်က မျက်တောင်ရှည်များဖြင့် ဝန်းရံထားတဲ့ မျက်လုံးတွေကို မှေးစင်းပြီး သူမမျက်လုံးထဲက ခံစားချက်တွေကို ဖုံးကွယ်ထားလိုက်သည်။ “ အဲ့ဒါ ရှင်နဲ့ ဘာဆိုင်လို့လဲ။ ”
***