အခန်း ၅၁
Vol. 6 Ch. 51
အပိုင်း ( ၅၁ )
“ ဘယ်သူက ရှင့်ကို အစောကြီး ပြန်လာခိုင်းလိုက်တာလဲ။ ” ချန်ကျင်းလန်ရဲ့ ခန္ဓာကိုယ်မှာ ရှိသမျှ အာရုံကြောတွေ အကုန်လုံး တဆတ်ဆတ် တုန်နေတဲ့အထိ ခံစားချက်စိမ့်ဖြာနေတာတောင် သူမက သရော်တော်တော် လေသံကို ဖန်တီးယူနိုင်သေးရဲ့။
ရှောက်ချန်းကျယ်က သူ အခု ကြားလိုက်ရတဲ့ စကားကို မယုံကြည်နိုင်ပုံဖြင့် အံ့ဩသွားသည်။ “ မင်း မနက်ဖြန် ကိုယ့်ကို လေဆိပ်မှာ လာကြိုမလို့လား။ ”
“ ကျွန်မ မဟုတ်ဘူး ၊ ချန်လီချီ လာကြိုမှာ။ ” နဖူးပေါ်မှာ ချွေးတို့ဖြင့် သူမရဲ့ ဆံပင်အဖျားလေးတွေ စိုကပ်နေသည်။ တဖြည်းဖြည်း အနေရခက်လာသော ချန်ကျင်းလန်က သူ့လက်ကို ခြေထောက်နှင့် ကန်လိုက်ပါသည်။ “ ရှင် ထွက်သွားတော့။ ”
သူမအသံထဲမှ မကျေနပ်ချက်ကို ဖုံးကွယ်ထားလို့ မရ။ ရှောက်ချန်းကျယ်က လူလိမ်ပဲ ၊ သူမကို ကူညီပေးမယ်လို့ ပြောထားပေမဲ့ တကယ်တမ်းကျ ဒီလို တစ်ယောက်တည်း ဖြေရှင်းမရတဲ့ အခြေအနေကြီးမှာ သူ့ကို တောင်းတောင်းပန်ပန် ပြောရအောင် ထားခဲ့တယ်။
မျှော်လင့်မထားတဲ့ တုံ့ပြန်စကားက ရှောက်ချန်းကျယ်ကို ခဏတာ အာရုံပျံ့လွင့်သွားစေ၏။ တစ်ညလုံး ဆက်သွားနေရမည့် ကိစ္စကို ခဏ ရပ်ပြီး စကားပြောနေမိတဲ့ သူ့ကိုယ်သူ တော်တော်လေး နောင်တရသွားပြီး ခုနတုန်းက လုပ်လက်စ ကိစ္စကို စိတ်အားထက်သန်စွာ ဆက်လုပ်နေလိုက်၏။ တကယ်လို့ သူသာ ဒီနေ့ မပြန်ဘဲ မနက်ဖြန်မှ ပြန်လာခဲ့ရင် လေဆိပ်မှာ စပရိုက်တိုက်ခံရမှာလား။
ဒါပေမဲ့ လက်ရှိ အချိန်မှာတော့ သူ့ရင်ခွင်ထဲက နုနုထွေးထွေး ခန္ဓာကိုယ်လေးရယ် ၊ ပြီးတော့ သူ့နား,နားမှာ ကပ်ပြီး ကြားလိုက်ရတဲ့ ကယုကယင် အသံလေးရယ်ကို ဘယ်အရာနှင့်မှ အစားထိုးမရ။ အောင်မြင်မှုတွေလည်း ရှိသည် ၊ ဆုံးရှုံးမှုတွေလည်း ရှိသည်။ သူ လက်ရှိ ပိုင်ဆိုင်နေတဲ့ အရာကို ပိုင်ဆိုင်ထားသရွေ့ ဆုံးရှုံးသွားတဲ့ ဘယ်အရာကိုမဆို နောက်ပိုင်းမှာ အချိန်မရွေး ပြန်ယူလို့ ရပါသည်။
နောက်ဆုံးတော့ အားကောင်းလွန်းတဲ့ ဒီရေလှိုင်းတွေအောက်မှာ ချန်ကျင်းလန် အရှုံးပေးလိုက်ရတော့သည်။ သူမရဲ့ ညည်းသံတွေကလည်း တဖြည်းဖြည်း ပိုလို့ ကျယ်လောင်ပြီး အကြိမ်ရေ စိပ်လာခဲ့သည်။
ရေချိုးခန်းထဲကနေ အိပ်ရာထဲ ၊ အိပ်ရာထဲကနေ ရေချိုးခန်းထဲ … ။ သူတို့ အိပ်ခန်းထဲ ပြန်ရောက်ချိန်မှာ အချိန်က ဆယ့်နှစ်နာရီ ထိုးနေပြီ ဖြသည်။
ချန်ကျင်းလန်က သူမကိုယ်သူမ ခြုံစောင် အပါးလေးနှင့် လွှမ်းခြုံထားရင်း အိပ်ရာဘေးမှာ ရပ်နေသူကို ကြည့်လိုက်သည်။ “ ရှင် ပြန်သင့်ပြီ။ ”
ရှောက်ချန်းကျယ်က လိုချင်တာကို ရပြီးနောက်မှာ ကတိဖျက်ဖို့ လုပ်နေတဲ့ အမျိုးသမီးကို ပြန်ကြည့်လိုက်၏။ သူလည်း အိပ်ရာထဲဝင်ပြီး သူမကို ရင်ခွင်ထဲမှာ ထွေးပွေ့ထားလိုက်သည်။ “ ကိုယ်က ဘယ်သွားရမှာလဲ။ ”
လောလောဆယ် ချန်ကျင်းလန်ရဲ့ ခန္ဓာကိုယ်မှာ အားအင် နည်းနည်းလေးတောင် မကျန်တော့ပါ။ သူမ ချက်ချင်း အိပ်ပစ်လိုက်ချင်နေပေမဲ့ မနည်း အားစုစည်းပြီး မျက်လုံးဖွင့်ထားရသည်။ “ ကိုယ့်အိမ်ကိုယ် ပြန်လေ။ ရှင် ဒီမှာ တစ်ညလုံး နေလို့မှ မရတာ။ ”
ဒီနေ့ တစ်နေ့တည်းတင် မဟုတ် ၊ နောင် အနာဂတ်မှာရော ဘယ်တော့မှ နေလို့ မရတာပါ။ သူ့ကို ချန်လီချီဆီမှာ အမြင်ခံလို့ မရ ၊ သူမလေးရဲ့ ဖျတ်ဖျတ်လတ်လတ် ရှိတဲ့ စိတ်နေစိတ်ထားနှင့်ဆို ဖြေရခက်တဲ့ မေးခွန်းတွေ အများကြီးကို သေချာပေါက် မေးလိမ့်မည်။
သူမ ဘာကို စိုးရိမ်နေလဲ ဆိုတာကို နားလည်သော ရှောက်ချန်းကျယ်က သူမရဲ့ ပခုံးလေးကို ခပ်ဖွဖွ ပုတ်ပေးရင်း ချော့သိပ်နေခဲ့သည်။ “ လီချီ မနိုးခင် ကိုယ် ထသွားရင် သူ သိမှာ မဟုတ်ပါဘူး။ ”
ချန်ကျင်းလန်ကတော့ သူမရဲ့ လေးလံနေတဲ့ မျက်ခွံတွေကို ပြန်မဖွင့်နိုင်တော့ပေ။ “ အဲ့ဒါ မဆိုးဘူး။ ” ထို့နောက် သူမ တခြား အတွေး တစ်ခုကို ထပ်တွေးမိသွားသောကြောင့် အတင်း မျက်လုံးပြန်ဖွင့်လိုက်သည်။ “ ရှင် မနက် မိုးမလင်းခင်တော့ သွားရမယ်နော်။ ကျွန်မအဖေက မနက်တိုင်း အပြေးလေ့ကျင့်တယ်။ ရှင် သူနဲ့ တွေ့လို့ မဖြစ်ဘူး။ ”
ရှောက်ချန်းကျယ်က ဘာမှ မတတ်နိုင်ဘဲ ပြုံးပြလိုက်ပြီး သူ့အသံတိုးတိုးထဲမှာ ချန်ကျင်းလန်ကို အလိုလိုက်ခြင်းတွေ ပြည့်နှက်နေသည်။ “ ဟုတ်ပါပြီ၊ ကိုယ်တို့ ဘယ်သူမှ မရှိတဲ့ လျှို့ဝှက် ဝင်ပေါက် ထွက်ပေါက်လေး ဖောက်ထားကြမလား။ အခုလို ရင်ခုန်စရာ ကိစ္စလေးတွေ လုပ်တဲ့အခါ ပိုပြီး လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ ဖြစ်အောင်လေ။ ”
ချန်ကျင်းလန်က သူ့မျက်နှာကို ဘေးက ခေါင်းအုံးနှင့် အုပ်ပြီး ပါးစပ်ပိတ်ထားလိုက်သည်။
ခဏအကြာမှာပဲ သူမ အိပ်ပျော်သွားပြီး အသက်ရှူသံ မှန်မှန် ထွက်လာ၏။ ရှောက်ချန်းကျယ်က သူမရဲ့ ဆံပင်ကို ငုံ့နမ်းလိုက်တဲ့ အခိုက်အတန်းမှာပဲ သူ့နဖူးပေါ်ကို နူးညံ့တဲ့ လက်ချောင်းလေးတွေ ရောက်လာပြီး ချန်ကျင်းလန်က အိပ်ချင်မူးတူး အသံဖြင့် မေးသည်။ “ နာနေသေးလား။ ” ထိုမေးခွန်းက သူ့ဗိုက်ကို ဆိုလိုပါသည်။
ရှောက်ချန်းကျယ်ရဲ့ နှလုံးသားလေး နူးညံ့စွာ အရည်ပျော်ကျသွားပေမဲ့ သူ့ရဲ့ ညစ်ကျယ်ကျယ်နိုင်တဲ့ တစ်စိတ်တစ်ပိုင်းက ထုံးစံအတိုင်းပါပဲ။ သူ သူမရဲ့ လက်ကို သူ့ဗိုက်ပေါ် တင်ပေးပြီး သူမရဲ့ နားရွက်လေးကို ဖြည်းဖြည်းချင်း လျှာနှင့် လျက်လိုက်သည်။ “ အရမ်း နာတယ် ၊ ကိုယ့်ကို ကူညီပေးချင်လားဟင်။ ”
ကြည့်ရတာတော့ မနာတော့တဲ့ ပုံပါပဲ။ ချန်ကျင်းလန်က သူ့ကို ဆောင့်ကန်ချင်ပေမဲ့ ခြေထောက်ကို ကြွလိုက်စဉ်မှာပဲ အိပ်ရာပေါ် ဘုန်းခနဲ ပြန်ကျသွားသည်။ “ မရဘူး ၊ ကျွန်မ အိပ်ချင်နေပြီ။ ” ဆိုတဲ့ ဗလုံးဗထွေး အငြင်းစကားလေးကိုသာ ပြန်ပြောနိုင်သည်။
ရှောက်ချန်းကျယ်က နဖူးချင်း ထိကပ်ရင်း လက်ချင်း ယှက်ထားခဲ့သည်။ “ ဟုတ်ပါပြီ ၊ ကိုယ် မင်းကို ဆက်မစတော့ဘူး။ အိပ်တော့နော်။ ”
နွေရာသီ ညတွေက ညတာတိုသည်။ ငါးနာရီသာ ရှိသေးပေမဲ့ ကောင်းကင်မှာ အလင်းရောင်ပွင့်နေခဲ့ပြီ ဖြစ်သည်။ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်တဲ့ ချန်ကျင်းလန်က ဘေးမှာ ဘယ်သူမှ မရှိတဲ့ နေရာလွတ်ကို မြင်တေယ့မှ စိတ်အေးသွားသည်။ ထို့နောက် သူမ ပြန်အိပ်ပျော်သွားသည်။ ပြန်နိုးလာချိန်မှာတော့ နေက ကောင်းကင် တစ်ခြမ်းမှာ ခပ်စောင်းစောင်း လျှောနေပါပြီ။
ချန်လီချီက အိပ်ရာဘေးမှာ လဲလျောင်းရင်း ဘောပင်နှင့် ပုံဆွဲနေသည်။ အမေဖြစ်သူ နိုးလာတာကို မြင်တော့ သူမလေးက ချက်ချင်း ပြေးလာသည်။ “ မေမေ အိပ်ရာနိုးပြီပဲ။ ”
ချန်ကျင်းလန်က သူမကို ဆွဲပွေ့လိုက်သည်။ “ ဆောရီးပါကွယ် ၊ မေမေ ဒီနေ့ အိပ်ရာထ နောက်ကျသွားတယ်။ သမီး ဗိုက်ဆာနေပြီလား။ ”
ချန်လီချီလေးက ခေါင်းခါပြသည်။ “ သမီး ဗိုက်မဆာသေးပါဘူး မေမေရဲ့။ ပြီးတော့ နောက်လည်း နောက်မကျသေးပါဘူး။ ပိတ်ရက်တွေ ဆိုတာ အိပ်ရေးဝဝ အိပ်ဖို့ပဲလေ။ မေမေ ပင်ပန်းနေရင် နည်းနည်းလောက် ထပ်အိပ်လိုက်ပါဦး။ ”
ချန်ကျင်းလန်က သူမရဲ့ ပါးဖောင်းဖောင်းလေးတွေကို ရွှတ်ခနဲ နမ်းလိုက်သည်။ “ မေမေ အိပ်ရေးဝပါပြီရှင်။ သမီး ဘာပုံတွေ ဆွဲနေတာလဲ။ ”
ချန်လီချီက သူမရဲ့ ပုံဆွဲစာအုပ်လေးကို အမေဖြစ်သူအား စိတ်လှုပ်ရှားစွာ ထောင်ပြလိုက်၏။ “ ဖေဖေ လေယာဉ်ပေါ်က ဆင်းလာရင် သမီးတို့ကို တန်းမြင်အောင်လို့ ‘ ခရီးသည် လာကြိုတာပါ ’ ဆိုတဲ့ အမှတ်အသားလေးကို ဆွဲနေတာရယ်။ ”
ချန်ကျင်းလန် : ……
မင်းသမီးလေးက သူမအဖေ မနေ့ညတုန်းက ပြန်ရောက်လာပြီ ဖြစ်ကြောင်း မသိသေးဘဲ လေဆိပ်ကို သွားဖို့သာ အာရုံရောက်နေခဲ့သည်။
ချန်လီချီက သူမအမေရဲ့ လက်ကို ဖက်လိုက်၏။ “ သမီး ဘယ်ဝတ်စုံ ဝတ်ရမလဲ ဆိုတာ ဆုံးဖြတ်ပြီးသွားပြီ မေမေ။ သမီး ဒီနေ့ ပန်းရောင်ဂါဝန်လေး ဝတ်သွားမယ်။ မေမေလည်း အရောင် တူတူပဲ ဝတ်သွားရမယ်။ မေမေရော ၊ သမီးရော ဆင်တူ ဝတ်စုံလေးတွေ ဝတ်သွားရအောင်လေ .. နော် … ”
ချန်ကျင်းလန်က သူမသမီးလေးရဲ့ အိပ်ရာထခါစ အနည်းငယ် မသပ်မရပ်ဖြစ်နေတဲ့ ဆံပင်လေးတွေကို ပွတ်သပ်ပေးရင်း သူမ ဘယ်လောက်တောင် စိတ်အားထက်သန်နေတယ် ဆိုတာကို မြင်သောအခါ သူမလေးရဲ့ မျှော်လင့်ချက်ကို ဘယ်လို ချိုးဖျက်ရမလဲ မသိတော့ပေ။ ပြောရရင် အစောကြီး ပြန်လာခဲ့တဲ့ သူ့အမှားပဲ။ မင်းသမီးလေးက အများကြီး ပြင်ဆင်ထားတာမို့ သူမလေး သေချာပေါက် စိတ်ပျက်သွားပါလိမ့်မည်။
အိပ်ရာနံဘေးရှိ ချန်ကျင်းလန်ရဲ့ ဖုန်းက တုန်ခါလာသည်။ ဖုန်းဆက်သူ နာမည်ကို မြင်တော့ သူမ စိတ်အေးသွားတဲ့ သက်ပြင်းလေး မှုတ်ထုတ်လိုက်မိသည်။ အချိန်ကိုက် ဝင်လာတဲ့ ဖုန်းကောလ်ကို အတော်လေး ကျေးဇူးတင်သွား၏။
ရှောက်ချန်းကျယ်က သူ့ဖုန်းကောလ်ကို တစ်ဖက်က အမြန် ကိုင်လိုက်သောကြောင့် ဖုန်းမျက်နှာပြင်ကို ပြန်ငုံ့ကြည့်လိုက်မိလေသည်။ သူ ဖုန်းဆက်တာကို သူမဘက်က ချက်ချင်း ကိုင်တာ ဒါ ပထမဆုံးအကြိမ်ပင်။ သူမ အိပ်ချင်မူးတူးဖြစ်နေတုန်းပဲလားဟု သူ အတွေးဝင်သွားသည်။
“ ကိုယ် မင်းကို နှိုးလိုက်မိတာလား။ ” သူ နူးညံ့စွာ မေးလိုက်ပါသည်။
ချန်ကျင်းလန်က အိပ်ရာခေါင်းရင်းကို မှီရင်း “ မဟုတ်ဘူး၊ လီချီကို ရှင့်ကို လေဆိပ်မှာ လာကြိုရမယ့် အကြောင်းသာ မြန်မြန် ရှင်းပြလိုက်။ ” ဟု ပြန်ပြောလိုက်၏။
“ ခဏလေး … ”
“ ဘာဖြစ်လို့လဲ။ ”
“ ကိုယ် အခု ပိုင်လင်မှာ ရောက်နေတာ။ ဒီက စက်ရုံ တစ်ရုံကို လာစစ်တေးတာလေ။ ကိုယ် အဲ့ကို ဒီနေ့ နေ့ခင်းလောက် ပြန်ရောက်လိမ့်မယ်။ လေယာဉ် ဆိုက်ချိန် အသေးစိတ်ကို ကိုယ် WeChat ကနေ ပို့ထားလိုက်မယ်။ ”
ချန်ကျင်းလန် နှုတ်ဆိတ်သွားမိသည်။
ရှောက်ချန်းကျယ်က အဟမ်း အဟမ်းဟု ချောင်းဟန့်ပြီး သူ့ရဲ့ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်လိုက်သည်။ “ ကိုယ့်ကို လေဆိပ်မှာ လာကြိုနော် မြောင်မြောင်။ ”
ချန်ကျင်းလန် သူ့ကို မလှောင်မိဘဲ မနေနိုင်။ “ ရှင်က တကယ့်ကို … ”
ကလေးကလားနဲ့ … ။
“ ဒါက ကြိုပြီး အချိန်ဇယားဆွဲထားတဲ့ ခရီးပါပဲ။ ကိုယ်က တစ်ပတ် စောပြီး လာဖြစ်သွားတာ။ ” ရှောက်ချန်းကျယ်က မျက်ခုံးကို လက်နှင့် ပွတ်သပ်ရင်း သူ ကလေးဆန်မိတယ် ဆိုတာကို ဝန်ခံပေမဲ့ ကျိုးကြောင်းဆီလျော်ပုံပေါက်တဲ့ ဆင်ခြေ တစ်ခုကိုလည်း ပေးပါသေးသည်။ “ ကိုယ် လီချီလေးကို စိတ်ပျက်အောင် လုပ်လို့ မရဘူးလေ။ ဟုတ်တယ်မို့လား။ ”
ဖုန်းထဲကနေ အဖေဖြစ်သူရဲ့ အသံကို မပီမသ ကြားလိုက်သော ချန်လီချီက အမေဖြစ်သူဘေးကို ချက်ချင်း ရောက်လာပြီး “ ဖေဖေ လေယာဉ်ပေါ် ရောက်နေပြီလား။ ” ဟု အကျယ်ကြီး မေးသည်။
ချန်ကျင်းလန်က ဖုန်းကို စပီကာဖွင့်ပြီး သူမလေးရဲ့ လက်ထဲ ထည့်ပေးကာ သားအဖ နှစ်ယောက်ကို တိုက်ရိုက် စကားပြောခွင့် ပေးလိုက်သည်။
သူမကတော့ အိပ်ရာထဲမှ ထွက်ပြီး ခပ်သွက်သွက် ကိုယ်လက်သန့်စင်လိုက်၏။ ပြီးသွားတော့ တစ်ခုခု ချက်စားဖို့ စိတ်ကူးထားပေမဲ့ ထမင်းစားပွဲပေါ်မှာ မနက်စာက အဆင်သင့် ပြင်ပြီးသား ဖြစ်နေသည်။ ကြက်ဥပြုတ် ၊ ဆန်းဒ်ဝစ်ခ်ျ ၊ မီးဖိုပေါ်က မြေအိုးလေးထဲမှာ တပွက်ပွက် ပွက်နေတဲ့ ဆန်ပြုတ်လည်း ရှိသည်။ ရိုးရှင်းပေမဲ့ စေ့စေ့စပ်စပ် ပြင်ဆင်ထားတဲ့ မနက်စာ တစ်နပ်ပါပဲ။ သူက မနက် အစောကြီး ထကာ ချက်ပြုတ်ပြီးနောက် လေယာဉ်မီအောင် အပြေးတစ်ပိုင်း သွားခဲ့ရလိမ့်မည်။ အတော်လေး ပင်ပန်းမှာပဲ။
အဖေဖြစ်သူနှင့် ဖုန်းပြောပြီးသွားလို့ အပြင်ထွက်လာတဲ့ ချန်လီချီက ထမင်းစားပွဲပေါ်က မနက်စာတွေကို မြင်လျှင် “ ဝိုး … ” ဟု တအံ့တဩ ရေရွတ်လိုက်လေသည်။ “ မေမေ ဒီလောက် အချိန်လေးနဲ့ မနက်စာကို အဆင်သင့်ဖြစ်အောင် ပြင်သွားတာ အရမ်း မိုက်တာပဲ။ ”
ချန်ကျင်းလန်က သမီးဖြစ်သူရဲ့ စိတ်ထဲမှာ မနက်စာပြင်ထားတဲ့ လူက သူမပါ ဟူ၍သာ မှတ်ယူခွင့်ပြုထားလိုက်သည်။ ဘာပဲပြောပြော လီချီလေးရဲ့ မျက်လုံးထဲမှာ သူ့အမေ မလုပ်နိုင်တဲ့ အရာ မရှိဘူးလေ။
“ မေမေ .. သမီး ဖေဖေ့ကို ဒီနေ့ သမီးတို့ လာကြိုမယ် ဆိုတဲ့ အကြောင်း မပြောလိုက်ဘူး။ သမီးတို့ သူ့ကို စပရိုက်တိုက်ရမယ်။ ” ချန်လီချီက ကြက်ဥပြုတ် တစ်ခြမ်းကို ဝါးစားပြီးနောက် သူမရဲ့ စပရိုက် အစီအစဉ်အကြောင်း အမေဖြစ်သူအား စိတ်လှုပ်ရှားစွာ ပြောပြနေခဲ့သည်။
ဒီနေ့သာ ပိတ်ရက် မဟုတ်ရင် ချန်ကျင်းလန်သည် သူမလေးနှင့် လိုက်ပြီး ဟန်လုပ် သရုပ်ဆောင်ဖို့ အလွန် စိတ်မပါလက်မပါ ဖြစ်နေမိမှာပင်။
လေဆိပ်မှာ လူတွေ ပြည့်ကျပ်နေသည်။ တချို့က စိတ်မရှည်စွာ ပြေးလွှားလျက် ၊ တချို့က ချစ်ခင်သူတွေနှင့် တွန့်ဆုတ်စွာ နှုတ်ဆက်ခွဲခွာလျက် ၊ တချို့ကတော့ မိသားစုနှင့် ပျော်ရွှင်ဖွယ်ကောင်းစွာ ပြန်လည် တွေ့ဆုံလျက်။
ချန်လီချီက ဂိတ်ပေါက်တွေကနေ ထွက်လာကြတဲ့ လူတွေကို မြင်ချိန်မှာ မျက်လုံးလေးတွေ လက်ခနဲ တောက်ပသွားသည်။ လက်ထဲမှာ ပန်းစည်းကို ဆုပ်ကိုင်ထားလျက် သူမ “ ဖေဖေ ” ဟု အော်ပြီး ပြေးသွားလိုက်၏။
ရှောက်ချန်းကျယ်ကလည်း ခြေလှမ်းကျဲများဖြင့် လျှောက်သွားပြီး သူမလေးရဲ့ လက်ထဲ ပန်းစည်းကို လက်လွှဲယူလိုက်သည်။ ထို့နောက် ကလေးမလေးကို သူ ငုံ့ချီလိုက်သည်။ “ လီချီလေး ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ။ ”
ချန်လီချီ တခစ်ခစ် ရယ်လိုက်သည်။ “ သမီးတို့ ဖေဖေ့ကို လာကြိုတာလေ ဖေဖေရဲ့။ မေမေနဲ့ သမီးကို တွေ့တော့ ဖေဖေ အံ့ဩသွားလားဟင်။ ”
ရှောက်ချန်းကျယ်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ အနည်းငယ် ကော့တက်သွားပါသည်။ “ အရမ်းကို အံ့ဩသွားတာ။ လေဆိပ်ကို လီချီလေးနဲ့ မေမေ ရောက်လာလိမ့်မယ်လို့ ဖေဖေ ထင်မထားဘူး။ ”
အခုတော့ ချန်လီချီလေးဟာ ပိုလို့တောင် ပျော်ရွှင်တက်ကြွသွားပြီ ဖြစ်သည်။ သူမရဲ့ စပရိုက် အစီအစဉ်လေး အောင်မြင်သွားပြီ။
ချန်ကျင်းလန်ကတော့ နေကာမျက်မှန် တပ်လိုက်ပြီး သူမ ယူလာတဲ့ ‘ ခရီးသည် လာကြိုကြောင်း ’ အမှတ်အသား ကတ်ပြားလေးကို ခေါက်ပြီး အိတ်ထဲ ပြန်ထည့်လိုက်သည်။ သူမက ရှောက်ချန်းကျယ်နှင့် ခပ်လှမ်းလှမ်းမှာ လက်ပိုက်၍ ရပ်နေတာ ဖြစ်သည်။
သားအမိ နှစ်ယောက်လုံး ပန်းရောင် ဂါဝန်လေးတွေကို ဆင်တူ ဝတ်ဆင်ထားသည်။ သူတို့ရဲ့ သိမ်မွေ့နူးညံ့တဲ့ ခန္ဓာကိုယ်ဟန်နှင့် လျော့ရဲရဲ စည်းနှောင်ထားသော ကျစ်ဆံမြီးက ထသွားထလာ ပေါ့ပေါ့ပါးပါး စတိုင်လ် ဆိုပေမဲ့ သဘာဝဆန်သော အလှကို ပေးစွမ်းနိုင်သည်။ ချစ်စရာကောင်းလွန်းတဲ့ သမီးလေးရယ် ၊ တည်ငြိမ်ပြီး ကျက်သရေရှိလွန်းတဲ့ အမေရယ်။ ထိုသားအမိ နှစ်ယောက်က အကြည့်ပေါင်းများစွာကို ဆွဲဆောင်ထားခဲ့သည်။ ထို့နောက် အရပ်ရှည်ရှည် ခပ်ချောချော အမျိုးသား တစ်ယောက်က သူတို့ဆီ လျှောက်သွားခဲ့သည်။ ဖြတ်သွားဖြတ်လာတွေက ပန်းချီကားထဲက ထွက်လာသလား ထင်မှတ်မှားရလောက်အောင် ကြည့်ကောင်းလွန်းတဲ့ သူတို့ သုံးယောက်ကို ကြည့်ပြီး ပင့်သက်ရှိုက်ခဲ့ကြရသည်။
ရှောက်ချန်းကျယ်က ချန်လီချီလေးကို ပွေ့ချီလျက် တည်တည်တင်းတင်း မျက်နှာဖြင့် ရပ်နေတဲ့ အမျိုးသမီးဆီသို့ လျှောက်သွားလိုက်သည်။ သူမကို ကြည့်မိချိန်ဝယ် သူ့ရဲ့ နက်ရှိုင်းတဲ့ မျက်လုံးထဲမှာ အပြုံး တစ်ပွင့် ဖြစ်ပေါ်လာခဲ့သည်။
တစ်ည ဆိုတဲ့ အချိန်လေးအတွင်း အခြေအနေတွေ အများကြီး ပြောင်းလဲသွားခဲ့ပုံရသည်။
နေကာမျက်မှန်နောက်မှာ ချန်ကျင်းလန်ရဲ့ မျက်လုံးလေးတွေက မျက်တောင် တဖျတ်ဖျတ် ခတ်နေခဲ့သည်။ သူမပုံစံက ခါတိုင်းထက် ပိုအနေရခက်နေပုံပေါ်သည်။ “ ရှင် ဘာလိုချင်လို့လဲ။ ”
ချန်လီချီက ပါးစပ်ကို လက်နှင့် အုပ်၍ ကျိတ်ရယ်နေသည်။ “ ဖေဖေက မေမေ့လက်ကို ကိုင်ချင်နေတာ မေမေရဲ့။ ”
ချန်ကျင်းလန်က ချက်ချင်းပဲ တစ်ဖက်ကို လှည့်ပြီး အရှေ့က လျှောက်သွားလိုက်သည်။ “ သွားကြမယ် ၊ ခဏနေ မှောင်လာတော့မယ်။ ”
ရှောက်ချန်းကျယ်က သူမနောက်ကို ခြေလှမ်းကျဲများဖြင့် လိုက်သွားပြီး သူမရဲ့ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။
ချန်လီချီလေးက သူမအဖေရဲ့ နား,နားကို ကပ်ပြီး “ မေမေ ရှက်နေတယ် ဖေဖေ။ ” ဟု တိုးတိုးလေး ပြောလိုက်သည်။
ရှောက်ချန်းကျယ်ကလည်း သူ့သမီးကို တိုးတိုးလေး ပြန်ပြောလိုက်၏။ “ အဲ့ဒါကို အကျယ်ကြီး မပြောနဲ့ ၊ မဟုတ်ရင် မေမေ ပိုရှက်သွားလိမ့်မယ်။ ” ချန်လီချီက ဒီကိစ္စကို သူမတို့ သားအဖ နှစ်ယောက်ကြားမှာပဲ လျှို့ဝှက်ထားမည် ဖြစ်ကြောင်း ခေါင်းညိတ် သဘောတူလိုက်၏။
ချန်ကျင်းလန်ကတော့ ထိုသားအဖ နှစ်ယောက်ရဲ့ စကားဝိုင်းကို မကြားချင်ယောင်ဆောင်နေခဲ့သည်။ နေကာမျက်မှန်က သူမရဲ့ မျက်လုံးတွေကို ဖုံးကွယ်ပေးထားနိုင်ပေမဲ့ သူမ ဝတ်ထားတဲ့ ပန်းရောင် ဂါဝန်နှင့် ပနံသင့်စွာ နီရဲတက်လာတဲ့ နားရွက်ဖျားတွေကိုတော့ မဖုံးကွယ်ပေးနိုင်ပေ။
ခပ်လှမ်းလှမ်းကနေ သားဖြစ်သူနောက်ကို လိုက်လာတဲ့ လွီစစ်ဝေက သူမ အမြင်မှားတာ ၊ နားကြားမှားတာ မဟုတ်မှန သေချာသွားသည်။ သူမရဲ့ သား ချီထားတဲ့ ကလေးမလေးက သူ့ကို “ အဖေ ” လို့ ပီပီသသကြီး ခေါ်လိုက်တာပါ။
မကြာခင် နဂါးလှေလှော်ပြိုင်ပွဲ ရောက်လာတော့မည်။
အစတုန်းကတော့ လွီစစ်ဝေက သူ့ရဲ့ အမှိုက်လို ကုမ္ပဏီကိုပဲ အချိန်ပြည့် စိတ်ထဲ ထည့်နေမယ့်အစား သူမရဲ့ သားအတွက် ကောက်ညှင်းထုပ် တချို့ ယူလာပေးရင်း သူ ကောင်းကောင်း စား ၊ ကောင်းကောင်း နားရဲ့လား ဆိုတာ ကြည့်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်သည်။
ဒါပေမဲ့ သူမ လေယာဉ်ပေါ်က ဆင်းသည်နှင့် မမျှော်လင့်ထားတဲ့ ဒီမြင်ကွင်းကို မြင်လိုက်ရသည်။
ဒေါသလည်း ထွက်သည် ၊ ထိတ်လည်း ထိတ်လန့်သည်။ နှလုံးခုန်သံတွေ တဒိန်းဒိန်း အခုန်မြန်နေလိုက်ပုံများ ရင်ဘတ်ထဲက ပေါက်ထွက်တော့မလား ထင်ရကာ လက်တွေလည်း ထိန်းချုပ်စွာ တဆတ်ဆတ် တုန်နေသည်။
သူမမှာ ဒီလိုမျိုး လိမ္မာရေးခြားရှိတဲ့ မြေးမလေး တစ်ယောက် ရှိနေသဖြင့် အလွန့်အလွန် ထိတ်လန့်မိသည်။
ဒါပေမဲ့ မြေးမလေး ဒီအရွယ် ရောက်တဲ့အထိ ရှိလို့ ရှိမှန်းတောင် မသိခဲ့ရတာကို လွီစစ်ဝေ ဒေါသထွက်မိသည်။ သူ့ကို အရင်တုန်းက ရှောက်မိသားစုဆီ ပြန်ခွင့် မပေးသင့်ခဲ့။ တခြား ကိစ္စတွေကို ထားလိုက်ဦး ၊ သူက အဲ့ဒီ သခင်လေးတွေရဲ့ မကောင်းတဲ့ အကျင့်ဆိုးတွေ အကုန်လုံးကို အတုယူခဲ့သည်။ သူ့သမီးက ဒီအရွယ် ရောက်နေတာတောင် သူ့မှာ ကလေးအမေအပေါ် ဘာတာဝန်ယူမှုမှ မရှိ။
သူမကိုတော့ သူ သဘောကျတဲ့ မိန်းကလေး ရှိတယ်လို့ ပြောဖူးသည် ၊ အဲ့ဒီတုန်းက သူမလည်း အရမ်း ဝမ်းသာသွားခဲ့တာပါ။ ဒါပေမဲ့ သူ အဲ့ဒီ မိန်းကလေးကို လှည့်စားချင်တိုင်း လှည့်စားပြီး အဆုံးသတ်မှာ စွန့်ပစ်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ဒါမှမဟုတ် သူ အပြင်မှာ မိန်းမတကာနဲ့ ပွေချင်တိုင်းပွေ ရှုပ်ချင်တိုင်းရှုပ်ဖို့ လုပ်နေတာလား။ သူက ကွယ်လွန်သွားပြီ ဖြစ်တဲ့ သူ့အဖေကို ညလယ်ခေါင်ကြီး အုတ်ဂူထဲကနေ ထလာပြီး သူ့နှင့် စာရင်းရှင်းစေလောက်အောင်ထိ ဒေါသထွက်အောင် လုပ်နေတာပဲဟု သူမ ထင်မိသည်။
***