အခန်း ၅၂
Vol. 6 Ch. 52
အပိုင်း ( ၅၂ )
လွီစစ်ဝေသည် သူမရဲ့ သားကို လှမ်းမခေါ်ရဲပေ။ အဓိက အကြောင်းပြချက်ကတော့ သူမ ရုတ်တရက်ကြီး ပေါ်လာပြီး ကလေးအမေ ကောင်မလေးနှင့် လိမ္မာတဲ့ ချစ်စရာ မြေးမလေးကို လန့်သွားအောင် လုပ်မိမှာကို စိုးရိမ်လို့ ဖြစ်သည်။ ဦးထုပ်ကို ခပ်ငိုက်ငိုက် စောင်း၍ လေဆိပ်ထဲ ထွက်ကာ စူပါမားကတ် တစ်ခုထဲကို ဝင်ခဲ့လိုက်သည်။ ဖုန်သုတ်တဲ့ ကြက်မွှေး သုံးချောင်းနှင့် အဝတ်လျှော်တဲ့ နေရာမှာ သုံးတဲ့ အဝတ်ရိုက်တုတ် နှစ်ချောင်း ဝယ်ပြီးမှ စုန့်လင် တိုက်ခန်းအိမ်ရာကို ပြန်လာခဲ့လိုက်သည်။ သူမရဲ့ သားမှာ ပိုင်ဆိုင်မှုတွေ အများကြီး ရှိတာမို့ ဟိုကလေးမတို့သားအမိကို သူ့အမေ မကြာခဏ ရောက်လာတတ်တဲ့ ဒီတိုက်ခန်းအိမ်ရာမှာ သေချာပေါက် ထားမှာ မဟုတ်ပါ။
ညစာ ပြင်ဆင်ပြီးတဲ့ အချိန်ထိ စောင့်နေပြီးမှ သားဖြစ်သူကို ဖုန်းဆက်ဖို့ သူမ ပြင်ထားသည်။ ကွယ်လွန်သွားပြီ ဖြစ်တဲ့ သူ့အဖေနှင့် ဘိုးဘေးဘီဘင်တွေကိုယ်စား မွေးရကျိုးမနပ်တဲ့ ဒီသားကို သူမ ဒီနေ့ သေချာလေး ဆုံးမရမည်။
လွီစစ်ဝေသည် ဆိုဖာမှာ ထိုင်ကာ အသက်လုရှူနေရင်း သူမ ဒီနေ့ လေဆိပ်မှာ ရိပ်ခနဲ မြင်ခဲ့တဲ့ မြင်ကွင်းကို ပြန်တွေးနေမိသည်။ ခဏလေးပဲ မြင်လိုက်တာ ဆိုပေမဲ့ ထိုအမျိုးသမီးငယ်လေးက တကယ့်ကို လှတာပါ ၊ သူမရဲ့ သားထက်တောင် ပိုကြည့်ကောင်းသေးတယ်။ ပြီးတော့ ကလေးမလေးကလည်း တကယ့်ကို လိမ္မာရေးခြားရှိပုံရပြီး သိပ်ချစ်စရာကောင်းသည်။ ထို့နောက် သူမရဲ့ သားက ကြက်မွှေးနှင့် အရိုက်ခံရခြင်းထက် ပိုခံရသင့်တယ်လို့ အတွေးဝင်လာခဲ့သည်။ ကြက်မွှေး များများ ဝယ်မလာခဲ့မိတာကို နောင်တရမိသည်။ ဆယ်ချောင်း ဝယ်လာလျှင်တောင် သူ့ကို ကောင်းကောင်းလေး ဆုံးမဖို့ မလုံလောက်။
ကားက ဟိုင်းဝေးလမ်း တစ်လျှောက် တရိပ်ရိပ် မောင်းနှင်နေခဲ့သည်။ နောက်ခန်းထဲမှာတော့ ချန်လီချီက သူမအဖေ ဝယ်လာတဲ့ လက်ဆောင်လေးတွေကို တစ်ခုပြီး တစ်ခု ဖောက်ကြည့်နေ၏။ ရှောက်ချန်းကျယ်က ကားမောင်းနေတဲ့ ချန်ကျင်းလန်ကို နောက်ခန်းထဲကနေ လှမ်းမေးလိုက်သည်။ “ မင်း ဘယ်ကို မောင်းနေတာလဲ။ ”
နောက်ကြည့်မှန်မှ တစ်ဆင့် သူတို့ နှစ်ယောက် အကြည့်ချင်း ဆုံသွားသည်။ ချန်ကျင်းလန်ကပဲ အရင်ဆုံး အကြည့်လွှဲလိုက်တာပါ။ လေယာဉ်ပေါ်က ဆင်းကတည်းက ရှောက်ချန်းကျယ်ရဲ့ မျက်လုံးတွေ ပြုံးရီနေခဲ့တာ အခုထိ။
“ ချန်ဥယျာဉ်ကို … ”
ချန်လီချီကတော့ သူမရဲ့ အဖေနှင့် အမေ ပြောနေကြတာကို မကြားပေ။ လက်ဆောင်ဘူးလေးထဲမှာ လက်ကောက်လေးကို မြင်တော့ သူမ မျက်လုံးအပြူးသား ဖြစ်သွားသည်။ “ လှလိုက်တာ ဖေဖေရေ။ ဒီတစ်ခုက မေမေ့အတွက် ၊ ဒီတစ်ခုက သမီးအတွက်မို့လားဟင်။ ဟုတ်တယ်မို့လား။ ”
“ ဟုတ်တယ်။ ” ရှောက်ချန်းကျယ်က လက်ကောက်လေးကို ဘူးထဲကနေ ယူလိုက်သည်။ “ ဖေဖေ သမီးကို ဝတ်ပေးရမလား လီချီလေး။ ”
ချန်လီချီက စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြလိုက်သည်။ လက်ကောက်လေးကို ဝတ်ပြီးသွားသောအခါ လက်ကောက်ဝတ်လေးကို ဟိုဘက် ဒီဘက် အပြန်ပြန် အလှန်လှန် လှည့်၍ တစိမ့်စိမ့် ကြည့်ရင်း သဘောကျနေခဲ့သည်။ တစ်ခါတရံ ထိုင်ခုံကိုလည်း ခြေထောက်လေးတွေနှင့် ကန်နေသည်။ ဖေဖေက ဘယ်လို လက်ဆောင်ရွေးရမလဲ ဆိုတာ ကောင်းကောင်း သိတာပဲ။ လှလိုက်တာ။
“ မေမေ့ကိုလည်း လက်ကောက်လေး ဝတ်ပေးလိုက်ဦးလေ ဖေဖေ။ ” ဟု ချန်လီချီက သူမရဲ့ အဖေကို တိုက်တွန်းလိုက်သည်။
ချန်ကျင်းလန်က သမီးဖြစ်သူကို “ မေမေ အခု ကားမောင်းနေတယ်လေ သမီးရဲ့။ လက်ကောက် ဝတ်လို့ မရသေးဘူး။ ” ဟု ပြန်ပြောလိုက်သည်။
ရှောက်ချန်းကျယ်က လက်ကောက်လေးကို ယူပြီး သားအမိ နှစ်ယောက်လုံးကို “ နောက်မီးပွိုင့်ကျ မေမေ့ကို ဖေဖေ ဝတ်ပေးလိုက်မယ်။ ” ဟု ပြောလိုက်လေသည်။
အဲ့လိုနှင့် နောက်ဆုံးတော့ လက်ကောက်လေးက ချန်ကျင်းလန်ရဲ့ လက်ကောက်ဝတ်ပေါ် ရောက်သွား၏။ ရှောက်ချန်းကျယ်က ဘယ်လို လက်ဆောင်ပေးရမလဲ ဆိုတာ ကျွမ်းကျင်သည်။
ချန်လီချီကတော့ အလွန် ပျော်နေသည်။ သူမလေးက အမေဖြစ်သူနှင့် အဝတ်အစား ဆင်တူ ၊ အသုံးအဆောင်ပစ္စည်း ဆင်တူ သုံးရတာကို သဘောကျသည်လေ။
“ ဖေဖေ သမီးတို့နဲ့ အိမ်ကို လိုက်မလို့လား။ ” ချန်လီချီက ချန်ဥယျာဉ်ထဲ ကား ကွေ့ဝင်လာကို သတိထားမိသွားသည်။ ထို့ကြောင့် သူမကလည်း ဖေဖေ့အိမ်ကို တစ်ခါမှ မရောက်ဖူးသေးတာမို့ မေမေက ဖေဖေ့ကို သူ့အိမ်ရှေ့မှာ ချပေးခဲ့ဖို့ မောင်းနေတာလို့ ထင်သွားသည်။
ရှောက်ချန်းကျယ်က ကားမောင်းနေသူကို တစ်ချက် ကြည့်ပြီးမှ အပြင်ဘက်က အိမ်ကို လက်ညိုးထိုးပြလိုက်ပါသည်။ “ ဖေဖေက အခု အဲ့မှာ နေ,နေတာ။ ”
ချန်လီချီလေး စက္ကန့်ပိုင်းလောက် အူကြောင်ကြောင် ဖြစ်သွား၏။ ဒါဆို ဘေးအိမ်ကို ပြောင်းလာတဲ့ အိမ်နီးချင်း အသစ် ဆိုတာက ဖေဖေ ဖြစ်နေတာလား … ။
သူမ အဖေဖြစ်သူကို တစ်လှည့် ၊ ဘေးအိမ်ကို တစ်လှည့်ကြည့်ပြီး သူမအဖေရဲ့ “ ရုပ်ဖျက်နေထိုင်ခြင်း ” အခြေအနေကို တွေးမိသွားလေသည်။ အကြာကြီး ဆွံ့အနေပြီးမှ သူမဆီက စကားသံ ထွက်လာသည်။ “ ညဆို သမီးနဲ့ မေမေ့ကို လွမ်းရင် ခိုးလာရတာ လွယ်အောင်လို့ ဖေဖေ ဒီအိမ်ကို ပြောင်းလာခဲ့တာလားဟင် … ။ ”
ချန်လီချီက သူမရဲ့ အဖေနှင့် အမေ ဘာမှ မပြောတာကို မြင်တော့ သူမ ထင်တာ မှန်တာပဲဟု ကောက်ချက် ချလိုက်သည်။ သူမ ဖေဖေ့ကို လက်ခါပြလိုက်သည်။ “ ဖေဖေ နံရံပေါ်ကို တွယ်တက်လို့ မရဘူးနော် ၊ အန္တာရာယ်များတယ်။ ခြေထောက်နာသွားလိမ့်မယ်။ ” ထို့နောက် အဖေဖြစ်သူ၏ နား,နား ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ “ ဖေဖေ လှေကား သုံးလို့ ရတယ်။ လှေကားနဲ့ဆို ခြေထောက်နာမှာလည်း စိုးရိမ်စရာ မလိုတော့ဘူး။ ”
ရှောက်ချန်းကျယ်က သူ့ရဲ့ အဖိုးတန် သမီးလေးရဲ့ အံ့ဩဖွယ်ရာ စကားတွေကြောင့် ရယ်ချင်သွားပြီး အသံထွက် ရယ်ချလိုက်လေသည်။ သူမလေးရဲ့ နဖူးပေါ်ကို ခပ်ဖောင်းဖောင်းလေး ဖုံးအုပ်နေတဲ့ ဆံမြိတ်လေးကို သူ ဆွဲဖွလိုက်သည်။ “ ဖေဖေ သိပါတယ်။ ကံကောင်းချင်တော့ အိမ်မှာ လှေကားလည်း ရှိတယ်။ ဖေဖေ လီချီလေးနဲ့ တွေ့ချင်တိုင်း လှေကားနဲ့ ကျော်တက်လာခဲ့မယ်နော်။ ”
ချန်လီချီ ပျော်ရွှင်စွာ ခေါင်းညိတ်ပြလိုက်ပါသည်။ သူမနှင့် တွေ့ရဖို့ ဖေဖေ လှေကားပေါ်ကနေ တစ်ဖက်ခြံထဲကို ကျော်တက်လာမှာကို တွေးကြည့်ရုံဖြင့် ပျော်စရာကောင်းသည်ဟု ထင်မိသည်။
ရှောက်ချန်းကျယ်က လောလောဆယ်မှာ နံရံတွေကို ကျော်တက်စရာ မလိုပေမဲ့ နံရံကျော်တက်ရခြင်းနှင့်လည်း ဘာမှ ထူးမခြားနားပါပဲ။ ညအမှောင်ထဲမှာ ဘယ်သူ့ကိုမှ အမြင်ခံလို့ မရဘဲ သွားလိုက် ၊ လာလိုက် လုပ်ရတာ … ။ သူက နေ့အလင်းရောင် လင်းလင်းထင်းထင်းအောက်မှာ မရပ်တည်နိုင်တဲ့ ယောက်ျား တစ်ယောက် ဖြစ်နေပါသေးသည်။
ဒါပေမဲ့ သူ တစ်ကြိမ်မှာ တစ်ဆင့်ချင်း ရှေ့တိုးသွားရပါမည်။ အနည်းဆုံးတော့ အခု သူ့မှာ သူမနှင့် “ ပတ်သက်မှု ” တချို့ ရှိသည် ၊ ကျိုးကြောင်းဆီလျော်တဲ့ တရားဝင် အကြောင်းပြချက်တွေလည်း ရှိသည်။ သူ ပေးတဲ့ လက်စွပ်ကို သူမ လက်ခံလိုက်လျှင် ပိုလို့တောင် တရားဝင်သွားလိမ့်မည်။
လက်စွပ် သူ့ဆီ ပြန်ရောက်လာတာ … ဆိုးလွန်းတယ် … ။ ဘူးလေးက တစ်ချိန်လုံး ချန်ကျင်းလန်ရဲ့ အိတ်အောက်ခြေမှာ ရှိနေခဲ့ပါသည်။ မနေ့တုန်းက တော်တော်လေး ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့တာမို့ သူ့ကို လက်စွပ်ဘူး ပြန်ပေးဖို့ မေ့သွားပေမဲ့ နံရံကို လက်ဗလာနှင့် တွယ်တက်ခြင်းနှင့် လှေကားသုံးပြီး ကျော်တက်ခြင်းအကြောင်း ပြောနေတဲ့ သားအဖ နှစ်ယောက်ရဲ့ စကားတွေကို ကြားချိန်မှာတော့ ပြန်သတိရသွား၏။
ရှောက်ချန်းကျယ်က သူ့ရှေ့ ရောက်လာတဲ့ လက်စွပ်ဘူးလေးကို မြင်သည်နှင့် အထဲမှာ ဘာပါလဲ ဆိုတာ တန်းသိလိုက်သည်။ မျှော်လင့်ထားတဲ့ ရလဒ်ပါပဲ။ ဒီတစ်ခေါက် အငြင်းခံလိုက်ရပြီ ဆိုတော့ နောက်တစ်ခေါက် ထပ်ပြီး ချစ်ခွင့်ပန်ဖို့ အခွင့်အရေးကို သူ ရှာပါရလိမ့်မည်။ လက်ထပ်ခွင့်တောင်းဖို့အတွက် ဆိုရင်တော့ အနည်းဆုံး ဆယ်ကြိမ်နှင့်အထက် ကြိုးစားရလိမ့်မယ်ဟု ရှောက်ချန်းကျယ် တွေးထားသည်။
ချန်လီချီက လက်စွပ်ဘူးလေးကို မြင်တော့ အဲ့ဒါက မေမေက ဖေဖေ့ကို ပေးတဲ့ လက်ဆောင်လို့ ထင်သွား၏။ သူမ နဖူးလေးကို ကုတ်ရင်း နည်းနည်းလေး အိုးတိုးအမ်းတမ် ခံစားလိုက်ရသည်။ “ သမီး ဖေဖေ့အတွက် ဘာလက်ဆောင်မှ ပြင်မလာမိဘူးရယ်။ ”
သူမ ဖေဖေ့ဆီကနေသာ လက်ဆောင်တွေ အများကြီးကို ယူခဲ့ပေမဲ့ သူမဘက်က ပြန်ပေးဖို့ကိုတော့ ဘာမှ မပြင်ဆင်လာမိခဲ့။
ရှောက်ချန်းကျယ်က သူမရဲ့ လက်ကလေးကို ဖျစ်ညှစ်လိုက်သည်။ “ လီချီလေး လေဆိပ်ကို မေမေနဲ့ လာကြိုတာက ဖေဖေ့အတွက် အကောင်းဆုံး လက်ဆောင် ဖြစ်နေပါပြီကွယ်။ သမီးက ဖေဖေ့ကို ပန်းတွေတောင် ပေးလိုက်သေးတယ်။ ဖေဖေ့ကို တစ်ယောက်ယောက် ပန်းပေးတာ ခံရတာ ဒါ ပထမဆုံးအကြိမ်ပဲ။ ”
ချန်လီချီရဲ့ နှုတ်ခမ်းထောင့်စွန်းလေးတွေ ကော့တက်သွားသည်။ အိုး ၊ ဟုတ်သားပဲ။ သူမ ဖေဖေ့ကို ပန်းလှလှလေးတွေ ပေးထားတယ် … ။ “ ပန်းစည်းကိုတော့ သမီးကိုယ်တိုင် ရွေးထားတာ ၊ မေမေက ပိုက်ဆံရှင်းပေးတယ်။ အဲ့တော့ ဖေဖေ့ကို မေမေနဲ့ သမီး ပေါင်းပြီး ပေးတဲ့ လက်ဆောင်လို့ ပြောလို့ ရတယ်။ ”
ရှောက်ချန်းကျယ်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေက သူမလေးလိုပဲ ကွေးညွှတ်သွားသည်။ “ ဖေဖေ ပန်းစည်းကို တကယ် သဘောကျတယ်။ ”
သူတို့ ညစာကို အတူတူ မစားဖြစ်ပါ။ ရှောက်ချန်းကျယ်က ချန်လီချီလေးကို သူ ဒီည ညစာစားပွဲ တစ်ပွဲ တက်စရာရှိသည်ဟု ပြောပြီး သူ့လက်ဂေ့ဂ်ျကို ကားပေါ်က ချက်ချင်း ချ၍ ထွက်ခဲ့လိုက်သည်။ ကားပေါ်က ဆင်းရင်း ချန်ကျင်းလန်ရဲ့ မျက်နှာလေးကို သေချာ ကြည့်ခွင့် ရလိုက်သည်။ သူမဘက်က ဘာမှ ပြောစရာမလိုအောင် သူ့ဘာသာ ဆင်ခြေ တစ်ခု ဖန်တီးနိုင်တဲ့အထိတော့ သူ စဉ်းစားတတ်သည်။
ရှောက်ချန်းကျယ်လည်း မိသားစု သုံးယောက် ညစာ အတူတူ စားချင်ပေမဲ့ တစ်ခါတလေမှာ နည်းနည်းချင်း ရှေ့တိုးချင်လျှင် နည်းနည်းချင်း နောက်ပြန်ဆုတ်ဖို့ လိုပါသည်။ သူ့ကို လေဆိပ်မှာ လာကြိုဖို့ သူမ လက်ခံလိုက်ခြင်းကပင် မျှော်လင့်မထားတဲ့ ပျော်ရွှင်မှု ဖြစ်နေပါပြီ။ သူ အခု ဇွတ်အတင်း ညစာ အတူ စားချင်နေလျှင် အဲ့ဒါက သူမကို စိတ်ပျက်စေရုံသာ ရှိလိမ့်မည်။
ရှောက်ချန်းကျယ် အိမ်ပြန်ရောက်ပြီး ရေချိုးပြီးခါစမှာပဲ သူ့အမေဆီက ဖုန်းဝင်လာကာ အလုပ်ကိစ္စတွေ ပြီးသည်နှင့် စုန့်လင် တိုက်ခန်းအိမ်ရာကို လာခဲ့ဖို့ လှမ်းပြောသည်။ သူမလည်း သူ့ကို အဲ့ဒီမှာ စောင့်နေပါမည်တဲ့။
သူ့အမေရဲ့ အသံကို နားထောင်ရသလောက် ရှန်းစီဝမ်နှင့် ပတ်သက်တဲ့ ကိစ္စ တစ်ခုခုတော့ ဖြစ်ထားပြီဟု ရှောက်ချန်းကျယ် တွေးလိုက်၏။ သူ ဖိနပ်တောင် မလဲဘဲ တိုက်ခန်းထဲ ဝင်လိုက်တော့ သူ့မျက်နှာကို ကြက်မွှေး တစ်ချောင်းက ဖြန်းခနဲ လာရိုက်သည်။
ရှောက်ချန်းကျယ်သည် လက် တစ်ဖက်ဖြင့် ထိုကြက်မွှေးကို ကာလျက် ၊ ကျန်လက် တစ်ဖက်ဖြင့် သူ့အမေကို ထိန်းကိုင်ထားလျက် သူမ ဘာကို ဒေါသထွက်နေမှန်း မသိတော့ပါ။ “ အမေက သားသမီးကို ရိုက်တဲ့ တခြား အမေတွေလိုတောင် မဟုတ်ဘူးနော် ၊ မျက်နှာကိုမှ ရွေးပြီး ကြက်မွှေးနဲ့ ရိုက်ရတယ်လို့။ ကျွန်တော့်မျက်နှာက အမေ့ကို ဘာလုပ်နေလို့လဲ။ ”
လွီစစ်ဝေက သူ့ကို ထွီခနဲ တံထွေးနှင့် ထွေးလိုက်သည်။ “ နင်က မျက်နှာပြောင်တိုက်ပြီး ငါ့ကို တစ်ပြန်ကြီး ပြန်ခံပြောနိုင်သေးတယ်ပေါ့လေ။ သေသွားတဲ့ နင့်အဖေရဲ့ မျက်နှာကို အိုးမည်းသုတ်တယ် ၊ ငါတို့လွီမိသားစုရဲ့ နာမည်ကိုလည်း ဖျက်ဆီးတယ်။ ”
“ ကျွန်တော် ဘာလုပ်မိလို့လဲ အမေရ။ ” သူ့အမေ ဒီလောက် ဒေါသထွက်နေတာကို ရှောက်ချန်းကျယ် အခုမှ ပထမဆုံးအကြိမ် မြင်ဖူးတာပါ။
လွီစစ်ဝေက သူ့နှာခေါင်းကို ကြက်မွှေးနှင့် ဖြတ်ရိုက်တော့မလို ဟန်ပြင်လိုက်၏။ “ နင့်မှာ သမီး တစ်ယောက် ရှိနေတယ်မို့လား။ ”
ရှောက်ချန်းကျယ် ဆွံ့အသွားရသည်။ “ အမေ့ကို ဘယ်သူ ပြောတာလဲ။ ”
လွီစစ်ဝေက သူ့ကျောပြင်ကို ကြက်မွှေးနှင့် ဗြန်းခနဲ ရိုက်ပစ်လိုက်သည်။ “ ဟုတ်လား ၊ မဟုတ်ဘူးလား ဆိုတာသာ ဖြေစမ်းပါ။ အပိုစကားတွေ မပြောနဲ့။ ”
တကယ်လို့ သူ သူမကို ဆက်ဖုံးကွယ်နေလျှင် ဒီနေ့ သူ့ကို ဝက်ခေါင်း တစ်ခေါင်းအဖြစ် အသွင်ပြောင်းသွားအောင် ရိုက်ပစ်လိုက်မည်။
ရှောက်ချန်းကျယ်က တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေလိုက်ပါသည်။ “ ဟုတ်ပါတယ် ၊ ဒီနှစ်ထဲမှာ သူ့အသက် ခြောက်နှစ် ပြည့်သွားပြီ။ နာမည်က ချန်လီချီတဲ့ … ။ အရမ်း ချစ်စရာကောင်းပြီး အရမ်း လိမ္မာတယ်။ ”
လွီစစ်ဝေသည် ထိုစကားကို ကြားလျှင် လက်တွေ တုန်ရီလာပြီး သူ့ကို ကြက်မွှေးနှင့် ဗြန်းခနဲ ထပ်ရိုက်လိုက်လေသည်။ “ နင့်မှာ ခြောက်နှစ်အရွယ် သမီး တစ်ယောက် ရှိနေတာတောင် ကလေးအမေကို အခုထိ တရားဝင် လက်ထပ်မယူသေးဘူးနော်။ နင့်အဖေ နင့်ကို ဘယ်လိုများ သင်ခဲ့တာလဲ ရှောက်ချန်းကျယ်။ တာဝန်ယူမှု ဆိုတဲ့ စကားလုံးကို ဘယ်လို ရေးရမလဲ ဆိုတာရော နင် သိသေးရဲ့လား။ အဲ့ဒီ လိမ္မာတဲ့ ကောင်မလေးက နင့်ကို အဖေလို့ ခေါ်တိုင်း နင်က အားရဝမ်းသာနဲ့ ပြန်ထူးနေတာပေါ့လေ ၊ နင် မရှက်ဘူးလား .. ဟမ် … ”
“ ကျွန်တော် အရင်တုန်းက အမှားတွေ လုပ်ခဲ့မိလို့ ကျွန်တော်တို့ နှစ်ယောက် ဝေးသွားခဲ့တာ။ ကျွန်တော်လည်း ကျွန်တော့်မှာ သမီး ရှိနေတယ် ဆိုတာကို အမေ့ထက် တစ်လ ၊ နှစ်လလောက်ပဲ စောပြီး သိရတာပါ။ ကျွန်တော် အခု သူတို့ကို တာဝန်ယူဖို့ အတတ်နိုင်ဆုံး ကြိုးစားနေပေမဲ့ ( ၇ ) နှစ်တောင် ဝတ္တရားပျက်ကွက်ခဲ့တော့ သူတို့ ကျွန်တော့်ကို ပြန်လက်ခံပေးဖို့ မလွယ်သေးဘူး။ အဲ့ဒါကြောင့် အမေ လောလောဆယ်တော့ အမေ့မြေးနဲ့ တွေ့လို့ မဖြစ်သေးဘူး။ ”
လေထဲမှာ တရွှမ်းရွှမ်း ဝဲနေတဲ့ ကြက်မွှေး ရပ်တန့်သွားပြီး လွီစစ်ဝေက သူ့ကို ကြည့်လိုက်သည်။ “ ဒါဆို အရင်တုန်းက နင် ငါ့ကို နင့်မှာ သဘောကျတဲ့ ကောင်မလေး ရှိတယ်လို့ ပြောဖူးတာကရော … ”
“ အဲ့ကောင်မလေးက သူပါ။ ” လူကြီးတွေရှေ့မှာ သူ့ခံစားချက်တွေအကြောင်း ပြောပြရခြင်းနှင့် အသားမကျသေးတာမို့ သူ့ နည်းနည်းလေး အနေရခက်လာမိသည်။ ဒ်ပေမဲ့ သူ့အမူအရာကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ “ ဒီနှစ်ပိုင်းတွေမှာ ကျွန်တော် သူမနဲ့ တစ်ခါမှ မဆက်သွယ်ဖြစ်ခဲ့ဘူး။ ”
လွီစစ်ဝေ သူ့ကို ထပ်ရိုက်ချင်သွားသည်။
“ သူမကိုလည်း တစ်ခါမှ မဆက်သွယ်ဘူး ၊ အမှားတွေလည်း လုပ်ထားတယ် ၊ ဒီလောက် နှစ်တွေ အကြာကြီးမှာတောင် နင် သူမကို တစ်ခါလေးတောင် သွားမရှာခဲ့ဘူး။ အမှားလုပ်ထားတယ် ဆိုရင် တောင်းပန်ရမှာပေါ့ ၊ ရှင်းပြရမယ် ၊ ဒူးထောက်သင့်ရင် ဒူးထောက်ရမယ်။ နင် ဘာလုပ်ပြီးပြီလဲ။ နင် သဘောကျတာ ခံရတာ အဲ့ကောင်မလေး ကံဆိုးတယ်။ နင်က အခြေအနေတွေ အကုန်လုံးကို ရှုပ်ထွေးအောင် လုပ်ပစ်တာ။ နင် သူမကို သဘောကျတယ် ဆိုလည်း ဘာလို့ သူမကို ရှင်းမပြချင်ရတာလဲ။ နင် ပြောတဲ့ သဘောကျတယ် ဆိုတာကရော ဘယ်လိုဟာကြီးလဲ ၊ နင် သူ့ကို သဘောကျတယ် ဆိုတာကို ဘယ်သူမှလည်း သိမှာ မဟုတ်ဘူး။ နင့်ရဲ့ ကိုလူအေး အဖေတောင် လူပျိုဘဝတုန်းက ငါ့ကို လိုက်တုန်းက ရည်းစားစကား သုံးခါ ပြောဖူးတယ်။ ”
လွီစစ်ဝေက တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် ကြက်မွှေးကို ပြန်မြှောက်လိုက်သည်။ “ မဟုတ်သေးဘူး ၊ နေဦး။ နင် ဘယ်လို အမှားမျိုး လုပ်ခဲ့တာလဲ။ နင် လူကြားလို့တောင် မကောင်းတဲ့ မကြားဝံ့မနာသာ အမှားမျိုး ကျူးလွန်ခဲ့တာ ဆိုရင်တော့ တာဝန်ယူဖို့ မေ့လိုက်တော့။ နင် သူတို့သားအမိ နှစ်ယောက်နဲ့ အဝေးဆုံးမှာပဲ နေသင့်တယ်။ အဲ့ကလေးမလေးကိုရော ငါက ငါ့မြေးပါလို့ ဘယ်လို သတ်မှတ်ရမှာလဲ။ ”
သူ့အမေရဲ့ စကားကြောင့် ရှောက်ချန်းကျယ်ရဲ့ မျက်နှာက ရေနွေးပူနှင့် ပက်ခံလိုက်ရသလို ပူနွေးသွားသည်။ သူမ ပြောတာ အမှန်ပါပဲ ၊ သူသာ အခြေအနေတွေကို ရှုပ်ထွေးအောင် မလုပ်ခဲ့ရင် နားလည်မှုလွဲတဲ့ ကိစ္စတွေလည်း အများကြီး ရှိမှာ မဟုတ်သလို နှစ်တွေ အများကြီး ကြာအောင် ဝေးကွာခဲ့ရမှာလည်း မဟုတ်။
“ ရှင်းပြရ ခက်တယ် အမေရဲ့။ ဒါပေမဲ့ စိတ်ချပါ ၊ အမေ ထင်သလို မဟုတ်ဘူး။ အကျဉ်းချုံ့ ပြောရရင်တော့ အဲ့ဒါ ကျွန်တော့်အမှားပဲ။ ”
အဲ့ဒီတော့မှ လွီစစ်ဝေလည်း စိတ်သက်သာရာရသွားတဲ့ သက်ပြင်းလေး မှုတ်ထုတ်ပြီး ထိုင်ခုံပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်လေသည်။ “ နင် ငါ့ကို လိမ်နေတာတော့ မဟုတ်ပါဘူးနော်။ ”
“ မဟုတ်ပါဘူး အမေရယ်။ ” ရှောက်ချန်းကျယ်က သူ့အမေဘေးမှာ ဝင်ထိုင်ပြီး စိတ်တည်ငြိမ်သွားစေရန် ကျောလေးကို ပုတ်ပေးလိုက်၏။ “ အမေ ဘယ်လိုလုပ် သိသွားတာလဲ။ ”
ဒေါသအရှိန် မပြယ်သေးတဲ့ လွီစစ်ဝေက သူ့ကို မျက်စောင်းထိုးလိုက်သည်။ “ ဘယ်လို သိသွားရမှယလဲ ၊ လေယာဉ်ပေါ်က ဆင်းတုန်း မြင်လိုက်တာပေါ့။ ဒီကို လာရမလား မလာရဘူးလားနဲ့ ဝေခွဲမရ ဖြစ်နေတာ ၊ ဒါပေမဲ့ လာလိုက်တာ မှန်သွားတယ်။ ” ထို့နောက် သူမရဲ့ အသံ နူးညံ့သွားသည်။ “ အမေ့မြေးမလေးနာမည်က ချန်လီချီတဲ့လား။ ဘယ်အက္ခရာတွေလဲ။ ”
“ အနာဂတ် ဆိုတဲ့ ချန် ၊ ဉာဏ်ကောင်းခြင်း ဆိုတဲ့ လီ ၊ ရေအရင်းအမြစ် ဆိုတဲ့ ချီ။ ”
“ လှလိုက်တဲ့ နာမည်လေးပဲ။ ငါ သူ့ကို ခပ်လှမ်းလှမ်းကနေပဲ မြင်လိုက်တာတောင် သူမက လိမ္မာတဲ့ ကလေးမလေး တစ်ယောက် ဆိုတာ ပြောနိုင်တယ်။ ပြီးတော့ နို့ပေါင်မုန့်တုံးလေးလိုပဲ သွက်သွက်လက်လက်နဲ့ အသားလေးကလည်း ဖြူကြည်နူးညံ့နေတာပဲ။ သူ့အမေကလည်း လှတယ်။ အပေါ်ယံ ကြည့်လိုက်ရုံနဲ့ သူမက မိန်းမကောင်းလေး ဆိုတာ သိသာတယ်။ နားထောင်နော် ရှောက်ချန်းကျယ် … နင် နင့်အမှားကို စိတ်ရင်းအမှန်နဲ့ ဝန်ခံရမယ် ၊ သူမကို မင်းအပေါ် ပြန်အမြင်ကြည်လာအောင် ကြိုးစားရမယ်။ ပေါ့ပေါ့တန်တန်လေး စဉ်းစားပြီး အေးတိအေးစက် လုပ်မနေနဲ့။ အထူးသဖြင့် မကောင်းတဲ့ နည်းလမ်းတွေကို မသုံးရဘူး။ သူမက နင့်ကို လက်ခံနိုင်တယ် ဆိုရင် ကိုယ့်ကိုယ်ကိုယ် ကံကောင်းတဲ့ လူလို့ သတ်မှတ်လိုက် ၊ ဒါပေမဲ့ နင့်ကို သူမဘက်က လက်မခံနိုင်ဘူး ဆိုရင်တော့ အဲ့ဒီ သားအမိ နှစ်ယောက်ရဲ့ ငြိမ်းချမ်းနေတဲ့ ဘဝလေးကို နင် ဆက်နှောင့်ယှက်လို့ မရဘူး။ ပြီးတော့ ပစ္စည်းဥစ္စာပိုင်းအရ နင် သူတို့ကို အတတ်နိုင်ဆုံး လျော်ကြေး ပေးရမယ်။ မဟုတ်ရင် ငါ နင့်အဖေကို မြေကြီးထဲကနေ နှိုးပြီး နင့်ကို လာဆုံးမခိုင်းမယ်။ ”
“ ဟုတ်ပါတယ် ၊ အမေက အဖေ့ကို မြေကြီးထဲက ထွက်လာအောင် နှိုးလို့ ရပေမဲ့ ကျွန်တော် အမေနဲ့ တဖြည်းဖြည်း တူလာတာကို တွေးကြည့်ရုံနဲ့တင် ကျွန်တော့်ကို ဆုံးမနိုင်မှာ မဟုတ်ဘူး။ ”
***