အခန်း ၅၃
Vol. 6 Ch. 53
အပိုင်း ( ၅၃ )
“ ဒီခွေးကောင်လေးကတော့ … ဒီလို အချိန်မှာတောင် ငါ့ကို စနိုင်သေးတယ်။ ” လွီစစ်ဝေက သူ့ကို ကြက်မွှေးနှင့် နောက်တစ်ချက် ထပ်ရိုက်လိုက်ရင်း သူမရဲ့ သားက အရင်တုန်းက ပုံစံနှင့် မတူတော့သလိုပဲဟု ခံစားလိုက်ရသည်။ အခု သူ့မျက်လုံးတွေက ပိုအသက်ဝင်လာသည် ၊ ပေါက်ကရ ဟာသတွေကိုတောင် ပြောနေသေး၏။ သူမ အဟမ်း အဟမ်းဟု ချောင်းဟန့်လိုက်ပြီး သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။ “ နင့်ပုံစံကို ကြည့်ရတာတော့ အခြေအနေက ဆိုးဆိုးဝါးဝါးကြီး မဟုတ်ဘူးမို့လား။ ”
ရှောက်ချန်းကျယ်က ကြက်မွှေးက အမွှေးလေးတွေကို ဖြုတ်ပြီး သူ့အင်္ကျီထဲ ထိုးစိုက်ထားလိုက်သည်။ “ ပြောရခက်တယ် အမေရယ် ၊ ကျွန်တော် အဲ့ဒီ အခြေအနေကို အကောင်းဘက် ပြန်ရောက်အောင်တော့ ကြိုးစားနေပါတယ်။ ”
“ ကြိုးစားရမှာ မဟုတ်ဘူး ၊ ဒီအခြေအနေကို အကောင်းဘက် ပြန်ရောက်အောင် နင် သေချာပေါက် လုပ်ကို လုပ်ရမှာ။ ”
ရှောက်ချန်းကျယ်ရဲ့ ပင်ကို အေးတိအေးစက် စိတ်ထားကြောင့် အခြေအနေ ပြောင်းလဲမလာပါက သူ တစ်သက်လုံး တစ်ယောက်တည်း အရိုးထုတ်သွားရလိမ့်မည်။ အဓိက အချက်ကတော့ သူကိုယ်တိုင်ကလည်း တစ်ယောက်တည်း အရိုးထုတ်သွားဖို့ကို စိုးရိမ်မနေတာပါ။ ဒါပေမဲ့ သူမကတော့ လိမ္မာရေးခြားရှိတဲ့ ချစ်စရာ ကလေးမလေးနှင့် လေဆိပ်မှာတုန်းက သူမ သေချာ မကြည့်ခဲ့ရတဲ့ နတ်သမီးလေးလို လှပသော မိန်းကလေးကို တွေ့ချင်သေးသည်။
ရှောက်ချန်းကျယ်က “ သူမက ချန်မိသားစုက သခင်မလေးပါ အမေ။ ” ဟု ပြောလိုက်၏။
လွီစစ်ဝေ အံ့ဩသွားသည်။ “ ချန်မိသားစု … ။ ဟို ချန်မိသားစုလား … ”
“ ဟုတ်တယ်။ သူ့အဖေကတော့ ကျန်တာ ဘာမှ သိပ်မပြောပါဘူး ၊ သူ့သမီးကို ရှောက်မိသားစုထဲ ဝင်ခွင့်မပြုနိုင်ဘူးလို့ပဲ ပြောတယ်။ အဲ့ဒါကြောင့် ကျွန်တော်ကပဲ သူတို့မိသားစုထဲ ဝင်လို့ ရမလား အမေ။ ”
လွီစစ်ဝေက သူ့ပခုံးကို ပုတ်လိုက်ပါသည်။ “ ရတာပေါ့ ၊ သားရဲ့ အဖေက ရှောက်မိသားစုကနေ သားအဘွား ရသင့်ရထိုက်တဲ့ အရာကို ပြန်ယူပါလို့ပဲ ပြောသွားတာ ၊ သားရဲ့ တစ်လဝလုံးကို သူတို့ဆီ ရောင်းလိုက်ဖို့ ပြောခဲ့တာ မဟုတ်ဘူး။ သား အမေ့ကို မေးရင်တော့ သားနဲ့ ထိုက်တန်တဲ့ အရာရာတိုင်းကို ပြန်ယူလို့ပဲ ဖြေမှာ။ အဲ့ကောင်မလေးကို ပစ္စည်း အပြည့်အစုံနဲ့ တင်တောင်းပြီး ချန်မိသားစုထဲ ဝင်လိုက်။ အဲ့ဒါဆို သားမှာ မျှော်လင့်ချက် ရှိလာလိမ့်မယ်။ ” အမျိုးသမီးကြီးက သားဖြစ်သူကို မကျေမနပ် ကြည့်လိုက်၏။ “ အဲ့ကလေးမလေးရဲ့ အဖေ ပြောတာလည်း အကျိုးအကြောင်းခိုင်လုံတာပဲ။ သူ နင့်ကို ကျိုးပဲ့သွားတဲ့ထိ ရိုက်မသွားတာ ကံကောင်း။ ”
ရှောက်ချန်းကျယ် ပြုံးပြီး သူ့အမေကို “ အမေ ဓာတ်ပုံတွေ ကြည့်ချင်လား။ ” ဟု မေးလိုက်သည်။
လွီစစ်ဝေ စိတ်လှုပ်ရှားသွား၏။ “ သားမှာ ဓာတ်ပုံတွေ ရှိတယ်လား။ ”
ရှောက်ချန်းကျယ်က ဖုန်းကို ထုတ်လိုက်သည်။ သူ့မှာ ရှိတဲ့ ဓာတ်ပုံတွေက ကလေးများနေ့တုန်းက လီချီလေးရဲ့ ဖျော်ဖြေမှုကို တီဗီမှာ ပြန်ကြည့်ရင်း ရိုက်ယူထားတဲ့ ဓာတ်ပုံတွေပါ။ ဓာတ်ပုံ တချို့မှာ သူမက လီချီလေးကို ချီထားသည်။
“ သူ့နာမည်က ချန်ကျင်းလန်တဲ့ … ”
လွီစစ်ဝေက ဖုန်းကို လက် နှစ်ဖက်ဖြင့် ကိုင်ပြီး ဓာတ်ပုံတွေကို တစ်ပုံပြီး တစ်ပုံ ဆွဲကြည့်နေခဲ့သည်။ နောက်ဆုံး ဓာတ်ပုံကို ကြည့်ပြီးသွားချိန်မှာတော့ သူမ အသက်ပြင်းပြင်း ရှူလိုက်၏။ “ မြန်မြန် လုပ်တော့ ရှောက်ချန်းကျယ်။ အမေ ပြောတာ ကြားလား ၊ မြန်မြန် လုပ်တော့။ ဒီလောက် အဘက်ဘက်က ပြည့်စုံနေတဲ့ မိန်းကလေး တစ်ယောက်ကို နင် မြန်မြန် မလှုပ်ရှားရင် သူမကို လိုက်တဲ့ ယောက်ျားတွေ အများကြီး ရှိလာလိမ့်မယ်။ နင့်မှာ ရှိသမျှ အရည်အချင်းတွေကို အကုန်သာ ထုတ်သုံး ၊ ဘာမှ တုံ့ဆိုင်းမနေနဲ့။ ” သူမ ခဏလောက် တွေးကြည့်လိုက်သည်။ “ ကြည့်ရတာ နင့်မှာ သိပ်အရည်အချင်း မရှိဘူး ထင်တယ်။ မိန်းကလေးလိုက်နည်းနဲ့ ပတ်သက်တဲ့ လမ်းညွှန်စာအုပ်တွေကို အမေ အွန်လိုင်းပေါ်က မှာပေးရမလား။ ”
ရှောက်ချန်းကျယ်က သူ့အမေရဲ့ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်၏။ “ ရတယ် ၊ ဘာလမ်းညွှန်ချက်မှ မလိုဘူး။ အမေလည်း ဒီတစ်ခေါက် ဒီကို ရောကါနေပြီ ဆိုတော့ သုံး ၊ လေးရက်လောက် ထပ်နေလိုက်။ အမေ အချိန်ရရင် သကြားရည်နဲ့ သုတ်ပြီး အအေးခံထားတဲ့ သစ်သီးလေးတွေ လုပ်ပေးပါဦးနော်။ သူက အဲ့ဒါ ကြိုက်တယ် ၊ လီချီလေးလည်း ကြိုက်လောက်တယ်။ ” သူ အရင်တုန်းက ထိုသစ်သီးတွေ ဝယ်ခဲ့ဖူးပြီး သူမကလည်း အမှန်တကယ်ပဲ ကြိုက်သည်။
လွီစစ်ဝေ ပျော်သွား၏။ “ ကောင်းတယ် ၊ အမေ့မှာ အချိန် အများကြီး ရှိတယ်။ မနက်ဖြန်ကျ စူပါမားကတ် သွားပြီး လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်လိုက်မယ်။ အမေ မနက်ဖြန် နေ့ခင်း အပြီး လုပ်ထားလိုက်မယ်။ ” အမျိုးသမီးကြီးက မတ်တပ်ရပ်ရင်း ပြောလိုက်သည် ၊ ထို့နောက် စာကြည့်ခန်းထဲ သွားကာ စာရွက်နှင့် ဘောပင် ယူပြီး မနက်ဖြန် ဝယ်ရမယ့် ပစ္စည်းတွေကို ချရေးထားလိုက်ပါသည်။
ရှောက်ချန်းကျယ်က ချန်ကျင်းလန်ကို [ သကြားရည်သုတ်ထားတဲ့ သစ်သီးတွေ စားချင်လား။ ] ဟု မက်ဆေ့ခ်ျ ပို့လိုက်သည်။
ခဏကြာတော့ ကျင်းလန်က [ ရှင်ကိုယ်တိုင် လုပ်မလို့လား။ ] ဟု စာပြန်ပို့လာသည်။
ရှောက်ချန်းကျယ်ရဲ့ မျက်ခုံးတွေ တွန့်ချိုးသွားသည်။ [ ကိုယ် စမ်းပြီး လုပ်ကြည့်လို့ ရပေမဲ့ အရသာကိုတော့ အာမ,မခံနိုင်ဘူးနော်။ ]
[ ဒါဆိုလည်း ကျွန်မ မစားဘူးပေါ့။ ရှင့်ဘာသာ လုပ်ပြီး ရှင့်ဘာသာ စားလို့ ရတယ်။ ]
သူ့မျက်လုံးထဲမှာ အပြုံးတွေ ပိုလို့ အရောင်တောက်လာသည်။ [ ကိုယ် မင်းကို မနက်ဖြန်ကျ အလုပ်မှာ လာကြိုမယ်နော်။ ]
[ ကျွန်မ မနက်ဖြန်ညကျ ကော့တေးလ်ပါတီ ရှိတယ်။ ဘယ်အချိန်မှ ပြီးမယ်မှန်း မသိဘူး။ ]
[ ဘယ်မှာလဲ။ ]
ချန်ကျင်းလန်က အိပ်ရာမဝင်သေးခင် စာပြန်လိုက်သည်။ [ ကျွန်မကို လာကြိုစရာ မလိုပါဘူး။ ကျွန်မမှာ ဒရိုင်ဘာ ရှိတယ်။ ]
ရှောက်ချန်းကျယ်က သူ့ကိုယ်သူပဲ ပြန်ရယ်မောလိုက်သည်။ ဒါက သူမရဲ့ သူ့ကို အနုနည်းဖြင့် ဆူပူကြိမ်းမောင်းခြင်းလို့ ပြောလို့ ရသည်။ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းကလည်း သူမမှာ ဒရိုင်ဘာ ရှိလို့ လေဆိပ်မှာ တကူးတက လာကြိုစရာ မလိုဘူးလို့ ပြောခဲ့ဖူးသည်။
သူ့ဖုန်းက တုန်ခါလာပြန်သည်။ ယွမ်ကျုံးကျိုး ပို့တဲ့ မက်ဆေ့ခ်ျပါ။ ကျင်းယောင် အခုတလော တွေ့နေတဲ့ လူကို ရိုက်ယူထားတဲ့ ဓာတ်ပုံ တချို့ ဖြစ်သည်။
ရှောက်ချန်းကျယ်ရဲ့ အကြည့်တို့ အေးစက်သွားလေသည်။ သူ့ဦးလေးရဲ့ မိန်းမက သိပ်ပြီး စိတ်ထားမကောင်း။ သူ့မှာ သမီး တစ်ယောက် ရှိတယ် ဆိုတာကို သူမ သိသလို ထိုကိစ္စတွေက ချန်မိသားစုနှင့် ပတ်သက်နေတယ် ဆိုတာကိုလည်း သိပါသည်။ ဒါပေမဲ့ ဘာမှ မလှုပ်ရှားဘဲ ငြိမ်နေခြင်းက ပုံမှန် မဟုတ်။ သူ သူမနှင့် ရှောက်ကျန်းထင်ကို စောင့်ကြည့်ဖို့ လူတွေ လွတ်ထားတာမို့ သူမရဲ့ လတ်တလော လုပ်ရပ်တွေကို သိသည်။ ကြည့်ရတာ ကန်ထဲက ရေတွေ အကုန်လုံးကို ခပ်ထုတ်ပြီး ငါးဖမ်းချင်နေတဲ့ ပုံပါပဲ။ သူမက ဒီဂိမ်းကို ဆော့ချင်နေတယ် ဆိုမှတော့ သူကလည်း သူမကို ဖျော်ဖြေရပါမည်။
ကော့တေးလ်ပါတီ ရှိတယ် ဆိုတဲ့ စကားက ချန်ကျင်းလန် ဆင်ခြေပေးတာ မဟုတ်ပါ ၊ အမှန်အတိုင်း ပြောတာပင်။ မူလတုန်းက သူမရဲ့ အစ်ကိုကျင်းချွမ်က ထိုပါတီပွဲကို တက်ဖို့ လုပ်ထားပေမဲ့ အလုပ်ကိစ္စနှင့် လင်မြို့တော်ကို ခရီးထွက်သွားတာမို့ ထိုတာဝန်က သူမရဲ့ ခေါင်းပေါ် ရောက်လာသည်။ ဘာမှတော့ သိပ်လုပ်စရာ မရှိ။ သူမက ချန်မိသားစုကို ကိုယ်စားပြုသည့်အနေဖြင့် ပွဲတက်ပေးရုံသာ ရှိလေသည်။
ပါတီပွဲမှာ မျှော်လင့်မထားတဲ့ တစ်စုံတစ်ယောက်နှင့် တွေ့ရလိမ့်မည်ဟု သူမ ထင်မထားခဲ့။ ထိုလူက ဟဲကျစ်ကျန်း … ။ သူမတို့ နှစ်ယောက် အရင်တုန်းက ကြင်ဖက်တွေ့ကြည့်ဖူးသည်။
ဟဲကျစ်ကျန်းလည်း သူမကို တွေ့တော့ အံ့ဩသွားပုံရပြီး ဝိုင်ခွက်ကို မြှောက်ကိုင်လျက် လာစကားပြောသည်။ “ မတွေ့တာ ကြာပြီနော် မိန်းကလေးချန်။ ဒီပွဲကို တက်မယ့် လူက မင်းရဲ့ အစ်ကိုလို့ ကျွန်တော် ထင်နေတာ။ ”
ချန်ကျင်းလန်ကတော့ ဟန်မပျက် တည်တည်ငြိမ်ငြိမ်ပါပဲ။ “ ကျွန်မအစ်ကိုက အလုပ်ကိစ္စနဲ့ အဝေးရောက်နေတယ်လေ ၊ အဲ့ဒါကြောင့် ကျွန်မက သူ့ကိုယ်စား ပွဲလာတက်ပေးတာပါ။ ”
ဟဲကျစ်ကျန်းက နားလည်ကြောင်းပြလိုက်သည်။ “ ဪ .. ဒါနဲ့ စကားမစပ် မင်း ပြောတဲ့ စားသောက်ဆိုင်ကို ကျွန်တော် သွားခဲ့တယ်။ တော်တော်လေး စားကောင်းတယ်။ ကျွန်တော် တကယ် သဘောကျတယ်။ ”
သူတို့ အပြင်မှာ တစ်ခုခု ထွက်စားတုန်းက အချိန် အများစုမှာ အစားအသောက်တွေအကြောင်းပဲ ပြောနေခဲ့တာ ဖြစ်သည်။ ဟဲကျစ်ကျန်းက ကန်တုံ ဟင်းလျာ အစစ်အမှန်တွေကို စားချင်သည်ဟု ပြောဖူးသောကြောင့် ချန်ကျင်းလန်က စားသောက်ဆိုင် တစ်ဆိုင်ကို ညွှန်းပေးခဲ့သည်။ သူမကတော့ ဘာရယ်မဟုတ် ညွှန်းလိုက်တာပါ။ သူ ထိုစားသောက်ဆိုင်ကို တကယ်ကြီး သွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့။
“ ရှင် ကြိုက်တယ် ဆိုလို့ တော်သေးတာပေါ့။ ”
“ မိန်းကလေးချန်မှာ တခြား ညွှန်းစရာ စားသောက်ဆိုင်တွေရော ရှိသေးလား။ မိန်းကလေးချန်နဲ့ ကျွန်တော်နဲ့ အကြိုက်ချင်း တော်တော်လေး တူတယ်။ မိန်းကလေးချန် ကြိုက်ရင် ကျွန်တော်လည်း ကြိုက်လောက်တယ်။ ”
ချန်ကျင်းလန် အနည်းငယ် မျက်ခုံးပင့်လိုက်မိသည်။ ဟဲကျစ်ကျန်းရဲ့ အပြုအမူတွေက တကယ့်ကို ထူးဆန်းနေသည်။ သူတို့ တစ်ကြိမ်သာ ညစာ အတူတူ စားဖူးခဲ့ပြီး အဲ့ဒီနောက်ပိုင်း ဘာအဆက်အသွယ်မှ မရှိတော့တာမို့ သူစိမ်းတွေထက် ဘာမှ မပိုပါ။ သို့သော် ကျစ်ကျန်းရဲ့ အကြည့်ရောက်နေရာကို ကြည့်လိုက်တော့ သူမ တစ်စုံတစ်ခုကို နားလည်သွားသလို ရှိလေသည်။ အနား ခပ်ဝဲဝဲ ခပ်တွန့်တွန့် ဂါဝန်လေးကို ဝတ်ထားတဲ့ ဆံပင်တိုတိုနှင့် အမျိုးသမီးလေးက သူ ပြောဖူးတဲ့ သူ့ကို ရင်ခုန်အောင် လုပ်နိုင်တယ် ဆိုတဲ့ တစ်ယောက် ဖြစ်လိမ့်မည်။
ချန်ကျင်းလန်က “ ရှင် ကျွန်မကို ခုတုံး လုပ်နေတာလား လူကြီးမင်းဟဲ။ ” ဟု မေးလိုက်သည်။
သူမ ခုတုံး မဖြစ်ချင်ပေမဲ့ ကိုယ့်ကိုယ်ကိုယ်တောင် မသိလိုက်ဘဲ ခုတုံး ဖြစ်နေတာမျိုးတော့ မဖြစ်ချင်ပေ။
ဟဲကျစ်ကျန်း အံ့ဩသွားပြီး သူမရဲ့ အကြည့်ရောက်နေရာကို မြင်တော့ သူ့ရိုင်းပျမှုအတွက် အားနာသွားမိလေသည်။ “ ဆောရီးပါ ၊ ဒီမှာ ရှိတဲ့ မိန်းကလေးတွေထဲမှာ မင်းကိုပဲ ကျွန်တော် သိလို့။ ”
ချန်ကျင်းလန်က သူနှင့် ဖန်ခွက်ချင်း ထိတိုက်ရင်း သူမ အဆင်ပြေကြောင်း ညွှန်ပြလိုက်သည်။ “ ရှင် ကန်တုံ ဟင်းလျာတွေကို ကြိုက်ရင် အရှေ့ခြမ်းက ကျင်ယွဲ့ကလည်း တော်တော်လေး စားကောင်းတယ်။ ”
ဟဲကျစ်ကျန်းက ပွင့်ပွင့်လင်းလင်းပဲ ရယ်မောလိုက်သည်။ “ မိန်းကလေးချန်က ကောလဟာလတွေထဲကနဲ့ တကယ် မတူဘူးပဲ။ ”
ချန်ကျင်းလန်လည်း ပြုံးလိုက်သည်။ “ ကောလဟာလတွေက မမှန်တာ များပါတယ်။ ”
အဲ့ဒီနောက် အခန်းထောင့်ကနေ သူမကို ဝိုင်ခွက် မြှောက်ပြနေသူကို မြင်ချိန်မှာ သူမရဲ့ အပြုံးမျက်နှာလေး အေးခဲသွားသည်။ သူမရဲ့ ဖုန်းမျက်နှာပြင်လေးလည်း လင်းလာ၏။ ချန်ကျင်းလန်က ဟဲကျစ်ကျန်းကို တောင်းပန်ခဲ့ပြီး လူရှင်းတိတ်ဆိတ်တဲ့ ထောင့် တစ်နေရာကို ထွက်လာကာ ဖုန်းကိုင်လိုက်သည်။
“ ပျော်စရာကောင်းတဲ့ အကြောင်းတွေ ပြောနေကြတာလား။ ” အသံထဲမှာ သဝန်တိုမှုတွေ သိသိသာသာ ပျော်ဝင်နေသည်။ သူမ သူ့ကို ဘယ်တော့မှ ထပ်ပြုံးမပြဖြစ်တာ ကြာခဲ့ပါပြီ။
ချန်ကျင်းလန်က “ ရှင် ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ။ ” ဟု မေးလိုက်သည်။
ချန်မိသားစုနှင့် သက်ဆိုင်တဲ့ ပွဲအခမ်းအနားတွေက အခြေခံအားဖြင့် ရှောက်မျိုးနွယ်တွေကို ဖိတ်ခေါ်မှာ မဟုတ်သလို ရှောက်မျိုးနွယ်တွေနှင့် သက်ဆိုင်တဲ့ ပွဲအခမ်းအနားတွေကလည်း ချန်မျိုးနွယ်တွေကို ဖိတ်ခေါ်မှာ မဟုတ်။ ထို့ကြောင့် ဒီလို ပွဲတွေမှာ သူတို့ တစ်ယောက်နှင့် တစ်ယောက် တွေ့တာ ရှားသည်။
“ ဝိုင် အလကား သောက်ဖို့ လာခဲ့တာလေ ၊ ပြီးတော့ ဒရိုင်ဘာရဲဘ အလုပ်ကို ခိုးပြီး ကိုယ့်ကောင်မလေးကို အိမ်လိုက်ပို့မယ်။ ”
‘ ကောင်မလေး ’ ဆိုတဲ့ စကားလုံးကို သူ အထူးပြု ပြောလိုက်တာပင်။
“ အိုး ၊ ဒါဆိုလည်း သောက်လေ လူကြီးမင်းရှောက်ရဲ့။ ရှင် ဗိုက်နာပြီး အဖျားထပ်ဝင်မှာကို မစိုးရိမ်ရင်ပေါ့ … ” ကျင်းလန်က ‘ ကောင်မလေး ’ ဆိုတဲ့ သူ့ငါးစာကို အမိမခံဘဲ ဖုန်းချဖို့ ဟန်ပြင်လိုက်သည်။
ရှောက်ချန်းကျယ် ခပ်တိုးတိုး ရယ်လိုက်၏။ “ ကိုယ် အရက်မသောက်ပါဘူး ၊ ရေပဲ သောက်မှာ။ ကိုယ် သောက်ထားရင် ဘယ်လိုလုပ် ကားမောင်းနိုင်မှာလဲ။ မင်း ဘယ်အချိန် အိမ်ပြန်မှာလဲ။ ”
“ ကျွန်မဘာသာ ပြန်ချင်တဲ့ အချိန် ပြန်မှာပေါ့။ ”
“ ကိုယ့်ကားနဲ့ ပြန်မှာလား။ ”
“ ကျွန်မရဲ့ ဒရိုင်ဘာက အပြင်မှာ စောင့်နေပြီ။ ”
“ ဒါဆိုလည်း ကိုယ် မင်းကားနဲ့ လိုက်မယ်လေ။ ”
သူတို့ နှစ်ယောက်က ပွဲအခမ်းအနား တစ်ခုထဲဝယ် မတူညီတဲ့ ထောင့် အသီးသီးမှာ ရပ်ရင်း ဖုန်းထဲကနေ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ပြောနေခဲ့ကြသည်။ ထူးဆန်းလွန်းတယ် ၊ ထူးဆန်းလွန်းလို့ သူမ ဒီပျင်းစရာ ပါတီပွဲကနေ ပြန်ပြီး ဒီအဓိပ္ပာယ်မရှိတဲ့ စကားဝိုင်းကို ဆက်ပြောချင်မိတယ်။ ထို့ကြောင့် နောက်တစ်စက္ကန့်မှာပဲ သူမ ဖုန်းချပစ်လိုက်သည်။ ထိုအတွေးကို ခေါင်းထဲမှာ ဆက်ထည့်လို့ မရ။
ပါတီပွဲက ခဏတဖြုတ် နားချိန်ရောက်သောအခါ ချန်ကျင်းလန်က အစီအစဉ်တင်ဆက်သူကို ပြန်ခါနီး နှုတ်ဆက်စကား ပြောလိုက်သည်။ ဟဲကျစ်ကျန်းက သူမနှင့် အဓိပ္ပာယ်မရှိတဲ့ ပေါက်ကရ စကားတွေ နည်းနည်းလောက် ထပ်ပြောပြီးမှ ပြန်ခဲ့လိုက်သည်။ သူမနောက်က လူကိုလည်း လှည့်မကြည့်ခဲ့။ ဓာတ်လှေကားတံခါးတွေ ဖြည်းဖြည်းချင်း ပိတ်နေစဉ်မှာပဲ လူ တစ်ယောက်က လက်လျိုသွင်းပြီး ပိတ်နေတဲ့ တံခါးကို တားလိုက်သည်။
အနက်ရောင် သားရေဖိနပ်ပိုင်ရှင်က ဓာတ်လှေကားထဲ ဝင်လာပြီး သူမနံဘေးမှာ ရပ်၍ လက်ကို ဆုပ်ကိုင်ထားလိုက်သည်။ “ ကိုယ့်ကို စောင့်မနေဘူးပေါ့။ ”
ချန်ကျင်းလန်က လက်ကို နည်းနည်းလေး ရုန်းလိုက်ပေမဲ့ ရှောက်ချန်းကျယ်ကတော့ အားမသုံးဘဲ “ ပထမထပ် ရောက်တဲ့ အထိပဲ လက်ကိုင်ထားမယ်။ ” ဟု ပြန်ပြောခဲ့သည်။
နှင်းစက်လေးလို ဖြူကြည်နုဖတ်နေတဲ့ လက်ကလေးတွေကို ရှည်လျားတောင့်တင်းတဲ့ လက်တွေက ဆုပ်ကိုင်ထားခဲ့သည်။ ချောမွေ့တဲ့ ဓာတ်လှေကားနံရံမှာ အနက်ရောင် ဝတ်စုံနှင့် အဖြူရောင် ပိုးသားဂါဝန်လေး ထင်ဟပ်နေ၏။
သူတို့နောက်မှာ ရပ်နေတဲ့ လူတွေက ရှောက်ချန်းကျယ်နှင့် ချန်ကျင်းလန်ကို မျက်လုံးထောင့်ကနေ ခိုးကြည့်လိုက်ကြသည်။ သူတို့ကြားမှာ ဘာစကားမှ မပြောဖြစ်သော်လည်း ခံစားချက် တစ်စုံတစ်ရာ စီးဆင်းနေပုံပေါ်သည်။
ကားထဲမှာ ထိုင်ချိန်ထိ သူမလက်ထဲက အနွေးဓာတ်တို့ ပျောက်ကွယ်မသွားခဲ့။ ချန်ကျင်းလန်က ချန်ကျင်းလန်က သူမရဲ့ လက်ကို ပွတ်သပ်ရင်း အပြင်ဘက်က မြို့အလင်းရောင်တွေကို ငေးမျှော် ကြည့်မိသည်။
ဒရိုင်ဘာ ရှောင်လျူက နောက်ကြည့်မှန်ကနေ တစ်ဆင့် ကြည့်လိုက်တော့ သူတို့နောက်ကို လိုက်လာတဲ့ ကားက ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက သခင်မချန်ရဲ့ အိမ်ရှေ့မှာ ရပ်ထားတဲ့ ကားပဲ ဆိုတာ သေချာသွားသည်။
ချန်ကျင်းလန် အိမ်ပြန်ရောက်တော့ လီချီက အိပ်ပျော်နေပါပြီ။ လီချီလေးလည်း အိပ်ပျော်နေပြီမို့ ချန်ကျင်းလန်က ဝိုင်နီ ခွက်တစ်ဝက်လောက် ထပ်သောက်ပြီးမှ ရေချိုးခန်းထဲ ဝင်ခဲ့လိုက်သည်။ ရေချိုးပြီးသွားတော့ သူမ သဘာဝအတိုင်း ဆံပင်အခြောက်ခံဖို့ လသာဆောင်ကို ထွက်ခဲ့လိုက်ပါသည်။
လသာဆောင် မီးတွေကို ဖွင့်လိုက်တ စက္ကန့်ပိုင်းပဲ ရှိသေး ၊ ချန်ကျင်းလန်ရဲ့ ဖုန်းထဲကို WeChat မက်ဆေ့ခ်ျ တစ်စောင် ဝင်လာသည်။
[ သကြားရည်သုတ်ထားတဲ့ သစ်သီးတွေ စားချင်လား။ ]
ချန်ကျင်းလန် သူ့ကို စာမပြန်ဖြစ်ပါ။ သူမ စာပြန်လိုက်လျှင် သူက အိမ်တံခါးကို ဖွင့်ဝင်လာခြင်းဖြင့် သူမကို လှည့်စားဖို့သာ ကြိုးစားလိမ့်မည်။ သူ့ရည်ရွယ်ချက်ကလည်း ကောင်းတဲ့ ရည်ရွယ်ချက် မဟုတ်။
ချန်ကျင်းလန်က ကုလားထိုင်ကို မှီလျော့ရင်း ကောင်းကင်က ကြယ်တွေကို ငေးကြည့်ကာ တစ်ယောက်တည်း အတွေးထဲ နစ်မြုပ်နေမိသည်။ ခပ်လှမ်းလှမ်းက ကြားနေရတဲ့ ခပ်တိုးတိုး ကျေးငှက်သံ ကျီကျီကျာကျာ သူမကို စိတ်ရှုပ်ထွေးသွားစေ၏။ ဘယ်က အသံထွက်နေတာလဲ။ ထိုအချိန်မှာပဲ ဘေးအိမ်ရဲ့ နံရံထိပ်မှာ ဘွားခနဲ ပေါ်လာတဲ့ လူရိပ် တစ်ခုကို သူမ သတိပြုမိလိုက်လေသည်။
သူက လှေကားပေါ်မှာ ပျင်းရိပျင်းတွဲ ထိုင်နေခဲ့ပြီး သူ့ဘေးမှာ ပန်းအိနှင်းဆီပန်းတွေက ဝန်းရံလွှမ်းခြုံထားသည်။ လမင်းက သူ့ခေါင်းပေါ်မှာ တွဲလောင်းကျနေပုံရကာ တကယ်လို့ သူ့ကို ဝိုင် တစ်ပုလင်းသာ ပေးလိုက်ပါက သူဟာ ခေါင်မိုးထပ်မှာ ဝိုင်သောက်ရင်း လမင်းကို မျှော်ငေးနေတဲ့ ၊ အပူအပင်ကင်းပြီး လွတ်လပ်တဲ့ စစ်သည်တော် တစ်ယောက်နှင့် တူသွားပါလိမ့်မည်။
ချန်ကျင်းလန်က နံရံအောက်ခြေကို အေးအေးဆေးဆေး လမ်းလျှောက်လာကာ သူ့ကို လည်ဆန့်၍ မော့ကြည့်လိုက်သည်။ သူမနှုတ်ခမ်းမှာ အပြုံးပန်းတွေ မသိမသာ ပွင့်လန်းနေ၏။ “ ရှင် အဲ့မှာ ဘာတက်လုပ်နေတာလဲ။ အဲ့ပေါ်မှာ တက်ထိုင်ပြီး တီဗီထဲ ပါလာချငိလို့လား။ ကျွန်မ အော်ပြီး အကူအညီတောင်းလိုက်တာနဲ့ လူတွေက ရှင့်ကို သူခိုး ဆိုပြီး ဝိုင်းဖမ်းလိမ့်မယ်။ ”
ရှောက်ချန်းကျယ်က သူမရဲ့ မျက်နှာလေးကို နံရံပေါ်ကနေ စီးမိုး ငုံ့ကြည့်နေခဲ့သည်။ “ မင်းမှ ကိုယ် ပို့တဲ့ မက်ဆေ့ခ်ျကို စာမပြန်တာ။ အဲ့တော့ မင်းကို ကောင်းသော ညပါလို့ နှုတ်ဆက်ဖို့ နံရံပေါ် တက်လာခဲ့ရတာပေါ့။ ”
“ လူကြီးမင်းရှောက် တကူးတက အလုပ်ရှုပ်ခံပြီးတော့တောင် ကျွန်မကို လာနှုတ်ဆက်တယ် ဆိုတော့ တော်တော်လေး ကြင်နာတတ်တာပဲနော်။ ”
ချန်ရှန်းဟယ်ကတော့ ခြံထဲကို ဖြတ်သန်းဆောက်လုပ်ထားတဲ့ လမင်းပုံသဏ္ဍာန် ဂိတ်တံခါးကနေ တစ်ဆင့် လှေကားထိပ်မှာ ရောက်နေတဲ့ ရှောက်ချန်းကျယ်ကို လက်နောက်ပစ်၍ နိမိတ်မကောင်းသော အကြည့်နက်နက်ဖြင့် စူးစိုက်ကြည့်နေခဲ့ပါသည်။
***