← Chapters

အခန်း ၅၄

Vol. 6 Ch. 54

အခန်း ၅၄

Vol. 6 Ch. 54

အပိုင်း ( ၅၄ )

ရှောက်ချန်းကျယ်က မျက်လုံးထဲမှာ အပြုံး တစ်ပွင့်ကို ဖန်တီးလိုက်သလို မျက်နှာကလည်း တည်ကြည်လေးနက်သွားသည်။ လရောင်အောက်မှာ သူ ခါး မတ်မတ် ဆန့်လိုက်ပြီး ဥယျာဉ်နံရံ တစ်ဖက်ကို ခေါင်းငုံ့ကာ “ ဦးလေးချန် ” ဟု ခေါ်လိုက်ပါသည်။

ချန်ရှန်းဟယ်ရဲ့ အသံကြောင့် ခလုတ်တိုက်ကာ လှေကားပေါ်ကနေ ပြုတ်ကျတော့မလိုတောင် ဖြစ်သွားတဲ့ လတ်လတ်ဆတ်ဆတ် ဖြစ်ရပ်ကို မဖြစ်ခဲ့သလို သဘောထားနိုင်သလိုမျိုးပင် သူ့မျက်နှာပေါ်မှာ အခုလို လူမိခံရလို့ အံ့ဩတုန်လှုပ်သွားတဲ့ အရိပ်အယောင်မျိုး တစ်စွန်းတစ်စတောင် မတွေ့ရ။ ချန်ရှန်းဟယ်ဆီမှာ အမိမခံရလျှင် သူ့အမူအရာက ပိုလို့တောင် အေးဆေးတည်ငြိမ်နေလိမ့်ဦးမည်။

ချန်ရှန်းဟယ်ရဲ့ မျက်နှာက ရေခဲတမျှ အေးစက်သွား၏။ “ လူကြီးမင်းရှောက်ရဲ့ ‘ ဦးလေး ’ ဆိုတဲ့ အသုံးအနှုန်းကို ငါ လက်မခံနိုင်ဘူး။ ”

ရှောက်ချန်းကျယ်က ပိုပြီး သူစိမ်းဆန်တဲ့ အခေါ်အဝေါ်ကို ချက်ချင်း ပြောင်းခေါ်လိုပါက်သည်။ “ ဒါရိုက်တာချန် … ”

ချန်ကျင်းလန်ရဲ့ ခန္ဓာကိုယ်က တောင့်တင်းနေကာ အပူရှိန်တွေက သူမမျက်နှာကို ‌တငွေ့ငွေ့ လာရိုက်နေခဲ့သည်။ အခုနေ သူမရဲ့ ခြေထောက်အောက်မှာသာ တွင်း တစ်တွင်း ရှိရင် သူမ ထိုတွင်းထဲကို ချက်ချင်း တိုးဝင်သွားမှာပါ။ ဒါပေမဲ့ အပြင်ပန်းမှာတော့ တည်ငြိမ်ဟန်ဆောင်ပြီး “ အဖေ ” ဟု ခေါ်လိုက်ရသည်။

“ နင် သွားအိပ်တော့ သမီး။ ” ချန်ရှန်းဟယ်က ချန်ကျင်းလန်ကို ခပ်တင်းတင်း ပြောလိုက်သည်။ အမြဲတမ်း နည်းနည်းလေး အေးစက်တတ်တဲ့ သူ့သမီးက အမှား တစ်ခုခု လုပ်မိထားတဲ့ အချိန်မျိုးမှာသာ သူ့ကို “ အဖေ ” လို့ လေသံပျော့ကလေးဖြင့် ခေါ်တတ်တာပင်။

ချန်ကျင်းလန်က ရှောက်ချန်းကျယ်ကို တစ်ချက် ကြည့်ပြီးနောက် ချာခနဲ လှည့်ထွက်ခဲ့လိုက်သည်။ သူမ ဒီမှာ ဆက်နေရင် သူမအဖေ ပိုဒေါသထွက်လာလိမ့်မည် ၊ ပြီးတော့ အခြေအနေကလည်း ပိုဖြေရှင်းရခက်သွားလိမ့်မည်။

သမီးဖြစ်သူ ထွက်သွားတာကို မြင်တော့မှ ချန်ရှန်းဟယ်ရဲ့ မျက်နှာက အနည်းငယ် ပျော့ပျောင်းသွားသည်။ “ မင်းလည်း အိပ်မပျော်ဘူး ဆိုရင် မင်းလိုပဲ အိပ်မပျော်တဲ့ အဘိုးကြီးနဲ့ ရေနွေးကြမ်းလေး ဘာလေး သောက်မလား လူကြီးမင်းရှောက်။ ”

ရှောက်ချန်းကျယ်က “ ဟုတ်ကဲ့ ၊ ကျွန်တော် အခုချက်ချင်း လာခဲ့ပါ့မယ် ဒါရိုက်တာချန်။ ” ဟု ပြန်ပြောလိုက်တော့ ချန်ရှန်းဟယ်က “ ခြံတံခါးကိုတော့ ဖွင့်မပေးနိုင်ဘူးနော် လူကြီးမင်းရှောက်။ မင်း ဒီနံရံပေါ်ကို တက်နိုင်တယ် ဆိုကတည်းက နံရံအောက်ကိုလည်း ခုန်ချနိုင်လိမ့်မယ် ဆိုတာ ငါ သေချာပါတယ်။ ” ဟု အေးစက်စွာ ပြန်ပြော၏။

လှေကားပေါ်မှာ ရပ်နေတဲ့ ရှောက်ချန်းကျယ်က သူ့ရဲ့ အနာဂတ် ယောက္ခမကြီးဟာ သူ့ကို သင်ခန်းစာပေးနေပြီမှန်း ရိပ်စားမိလိုက်သည်။ သူ ဒီနံရံအောက်ကို ခုန်ချလို့ မရပေမဲ့ ခုန်မချလျှင် ချန်အိမ်တော်ထဲကို ဒီည ဝင်နိုင်မှာ မဟုတ်သလို ဒီည‌ ရောက်အောင် မဝင်နိုင်လျှင် နောက်တစ်ခေါက် ဆိုတာလည်း ဘယ်တော့မှ ထပ်မရှိနိုင်လောက်ပေ။

သူ့ရဲ့ မြင့်မားတဲ့ အရပ်ကြောင့် နံရံအောက်ကို ခုန်ချရတာ ပြဿနာ မဟုတ်ပေမဲ့ ချန်ရှန်းဟယ်က အခု သူ့ကို တစ်စစီ အမှုန့်ကြိတ်ပစ်ချင်သလို စိုက်ကြည့်နေတာ ဖြစ်သည်။ သူ တကယ် ခုန်ချလိုက်လျှင် သခင်ကြီးချန်က သူ့ကို ဆီပူထဲ ထည့်ကြော်ပစ်လိမ့်မည် ၊ မကြော်ခင် သူ့ခြေထောက်တွေကို အရင် ချိုးပစ်လိမ့်ဦးမည်။

ဘယ်ရွေးချယ်မှုကို ရွေးရမလဲ ဆိုတာ ဆုံးဖြတ်ပြီးနောက် ရှောက်ချန်းကျယ်သည် နံရံပေါ်ကနေ ခုန်ချလိုက်၏။ မြေပြင်ပေါ်ကို အကျမှာ သူ့ဆီက ခြေကျင်းဝတ်လည်သွားလို့ နာကျင်သွားတဲ့ အသံလိုမျိုး ခပ်အုပ်အုပ် ညည်းညူသံ ထွက်လာသည်။

ညည်းသံကို ကြားချိန်မှာ ချန်ကျင်းလန်ရဲ့ ပခုံးတွေ တောင့်တင်းသော်လည်း လှည့်မကြည့်ဘဲ အိမ်ထဲကိုသာ တန်းတန်းမတ်မတ် ဝင်ခဲ့လိုက်သည်။

ချန်ရှန်းဟယ်က စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ထိုလူရှုပ်လေးရဲ့ အပြုံးမျက်နှာကို မကြည့်တော့ဘဲ အေးစက်စွာ လှောင်ရယ်လိုက်သည်။ သူ လှည့်ထွက်လာပြီး ခြံထဲ ဆက်လမ်းလျှောက်ရင်း လောင်ချွီကို ဖုန်းဆက်လိုက်၏။ “ မနက်ဖြန်ကျ လူလွှတ်ပြီး ဘေးအိမ် ဘယ်ဘက်ခြမ်းက နံရံကို ပိုမြင့်အောင် မြှင့်ခိုင်းထားလိုက် ၊ နံရံပေါ်မှာ ဖန်ကွဲစတွေပါ စိုက်ခိုင်းထား။ သံဆူးလိပ်ပါ တစ်ခါတည်း တပ်ထားလိုက်။ ဘေးအိမ်က ယင်ကောင်ကိုတောင် ငါ့အိမ်ထဲ အဝင်မခံနဲ့။ ”

သူ့ကို ပွင့်ပွင့်လင်းလင်း ထိုးနှက်လိုက်တဲ့ စကားတွေကြောင့် ရှောက်ချန်းကျယ် သက်ပြင်းရှိုက်မိသည်။ ကြည့်ရတာ ချန်မိသားစုရဲ့ စိတ်ကို သူ့ဘက် ပါအောင် သိမ်းသွင်းဖို့ ကြိုးစားနေတာက လုံးဝ အလုပ်မဖြစ်သေးပုံပါပဲ။

ချန်ကျင်းလန်က အိမ်ထဲ ဝင်သွားပြီ ဆိုပေမဲ့ ပြတင်းပေါက်ဘေးမှာ ရပ်ကာ အပြင်က အခြေအနေတွေကို စောင့်ကြည့်နေခဲ့သည်။ ရှောက်ချန်းကျယ်က ထော့နဲ့ထော့နဲ့လေး လျှောက်ရင်း ပြတင်းပေါက်ဘေးမှာ ရပ်နေတဲ့ သူမကို လှမ်းပြုံးပြကာ သူ့ကို မစိုးရိမ်ဘဲ စိတ်ဖြောင့်လက်ဖြောင့် သွားအိပ်ဖို့ လက်ဟန်ခြေဟန်ဖြင့် ပြောနေခဲ့သည်။ သူ ဒီ့ထက် ပိုမြင့်တဲ့ နံရံတွေပေါ်က ခုန်ချတာကိုတောင် သူမ မြင်ဖူးတာမို့ သူ့ခြေထောက် ထိခိုက်သွားတာက ဟန်ဆောင်နေတာလား ၊ တကယ့်အစစ်ပဲလား ဆိုတာ ချန်ကျင်းလန် မပြောတတ်ပါ။

ခဏအကြာမှာပဲ ချန်ကျင်းလန်ရဲ့ ဖုန်းထဲကို သူမအမေထံမှ မက်ဆေ့ခ်ျ နှစ်စောင် ဝင်လာသည်။

ပထမ မက်ဆေ့ခ်ျမှာ [ ကောင်လေးက မဆိုးပါဘူး။ လက်တွေ ခြေထောက်တွေ သိပ်သွက်သွက်လက်လက် ဖျတ်ဖျတ်လတ်လတ် မရှိတာလေးက လွဲရင်ပေါ့။ ] ဟု ပြောထားပြီး ဒုတိယ မက်ဆေ့ခ်ျမှာတော့ [ အရင်တစ်ခေါက်တုန်းက နင့်အိမ်ကို အမေ လာတုန်းက အိမ်ထဲမှာ နေကာမျက်မှန်တပ်ထားတဲ့ နင့်ရဲ့ ဝန်ထမ်း အသစ် ဆိုတဲ့ လူကို တွေ့ကတည်းက ထူးဆန်းတယ်လို့ ထင်နေတာ။ လက်စသတ်တော့ သူ ဖြစ်နေတာပဲ။ လီချီလေးရဲ့ မျက်လုံးတွေက သူနဲ့ တစ်ထပ်တည်းပဲ။ ] ဟု ပြောထားသည်။

ချန်ကျင်းလန်သည် တွင်း တစ်တွင်း တူးပြီး ကိုယ့်ကိုယ်ကိုယ် မြေမြုပ်ပစ်ချင်သွား၏။ သူမက အမေ တစ်ယောက် ဖြစ်နေတာတောင်မှ ဆယ်ကျော်သက်လေး ကောင်မလေး သူ့ချစ်သူနှင့် တိတ်တိတ်လေး ချိန်းတွေ့နေတုန်း မိဘတွေ မိသွားတဲ့ ကိုးရိုးကားရားနိုင်သော ရှက်ဖွယ်ရာ ဖြစ်ရပ်ကို ကြုံတွေ့နေရဆဲ။ ရှက်စရာကောင်းလွန်းလို့ သေပစ်လိုက်ချင်သည်။

ရှောက်ချန်းကျယ်ကို ချန်ရှန်းဟယ်က စာကြည့်ခန်းထဲ ခေါ်သွားပြီး စားပွဲမှာ ထိုင်ကာ ဘာစကားမှ မပြောဘဲ စာရွက်စာတမ်းတွေကို ဖတ်နေခဲ့သည်။ ရှောက်ချန်းကျယ်ကတော့ စာကြည့်ခန်းရဲ့ အလယ်တည့်တည့်မှာ ရပ်လျက်။ သူ စကား တစ်ခွန်း ပြောဖို့ ပါးစပ်ပြင်လိုက်တိုင်း ချန်ရှန်းဟယ်က စာရွက် တစ်ရွက်ကို တဖျတ်ဖျတ် အသံမြည်အောင် လှန်ကာ သူ့စကားလုံးတွေကို တားမြစ်ပိတ်ဆို့နေခဲ့သည်။

အခြေအနေကို ရှောက်ချန်းကျယ် နားလည်သွား၏။ ဒါ သူ့ကို အဖြေစောင့်ခိုင်းထားတာပဲ။

အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားစဉ်မှာ ရှောက်ချန်းကျယ်ကတော့ နာကျင်မှုကြောင့် လက်ဖဝါးမှာ ချွေးတွေ စိမ့်ထွက်လာတာတောင် တစ်လက်မလေးမှ နေရာမရွေ့ဘဲ မတ်တပ်ရပ်နေခဲ့သည်။ သူ အမှန်တကယ်ပဲ ခြေကျင်းဝတ်လည်သွားခဲ့တာပါ။

နံရံပေါ်ကနေ ခုန်ချရင်း သူ့ကိုယ်သူ ထိခိုက်အောင် လုပ်ခဲ့ရသည်။ ဘယ်နေရာမှ မထိခိုက်ဘဲ နံရံအောက်ကို ချောချောမွေ့မွေ့ ခုန်ချနိုင်ပါက သူ ဟိုးအရင်ကတည်းက ဒီခြံထဲကို ညတိုင်း ခိုးပြီး ခုန်ဆင်းနေကျ ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်သွားမှာ မဟုတ်လား။ လှေကားသုံးပြီး နံရံတက်ဖူးတာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပေမဲ့ သူများခြံထဲ ကျူးကျော်ဝင်ရောက်ဖို့ စိတ်ကူးမရှိခဲ့တာတော့ အမှန်ပါ။ သူက ချန်ကျင်းလန်ကို ‘ ကောင်းကောင်း အိပ်ပါ ’ လို့ ပြောချင်ရုံလေးသာ။ ဒါပေမဲ့ သူတို့တွေကတော့ သူ့စကားကို ယုံမှာ မဟုတ်ဘဲ သူ့ပြစ်မှုတွေသာ ထပ်တိုးသွားမည် ဖြစ်ကာ အရှက်မရှိတဲ့ ကောင်လို့ စွပ်စွဲခံရပါလိမ့်မည်။

တစ်နာရီ ကြာ‌တော့မှ ချန်ရှန်းဟယ်က သူ့လက်ထဲက စာရွက်စာတမ်းတွေကို အောက်ချပြီး ရှေ့မှာ ချထားတဲ့ ရေခွက်ထဲမှ ရေ တစ်ငုံကို ခပ်ဖြည်းဖြည်း သောက်လိုက်သည်။ ထို့နောက် အနည်းငယ် အံ့အားသင့်သွားတဲ့ အမူအရာဖြင့် ရှောက်ချန်းကျယ်ကို ကြည့်လိုက်၏။ “ လူကြီးမင်းရှောက် ဘာလို့ မထိုင်တာလဲ။ ”

ရှောက်ချန်းကျယ် ပြန်မဖြေနိုင်သေးခင်မှာပဲ ချန်ရှန်းဟယ်က ခွက်ကို ပြန်ချပြီး သူ့ဘာသာ နားလည်သွားသလို ပြောလိုက်သည်။ “ ငါ သိပြီ။ လူကြီးရှောက်က ထိုင်ခုံမှာ ထိုင်ရတာ မကြိုက်ဘူးပဲ ၊ လှေကားပေါ်မှာ ထိုင်ရတာပဲ ကြိုက်တာကိုး။ ငါ လူကြီးမင်းရှောက် ထိုင်ဖို့ လှေကား သွားယူပေးရဦးမလား။ ”

ထိုထေ့ငေါ့စကားက ရှောက်ချန်းကျယ်အား အဆုံးစွန်ဆုံး ရှက်ဖွယ်ကောင်းခြင်း ဆိုတဲ့ အဓိပ္ပာယ်ကို ဘဝမှာ ပထမဆုံးအကြိမ် နားလည်သွားစေသည်။

သူ အားတင်းပြီး “ ဦးလေး … ” ဟု စကားစလိုက်တော့ ချန်ရှန်းဟယ်ရဲ့ အကြည့်က စူးခနဲ ဖြစ်သွား၍ အမြန် စကားပြင်ပြောလိုက်ရလေသည်။ “ ဒါရိုက်တာချန် ”

ထို့နောက် သူ ခဏ စကားရပ်သွားပြီးမှ ဆက်ပြောလိုက်သည်။ “ ကျွန်တော် ဒီည အလောတကြီးနဲ့ မဆင်မခြင် လုပ်မိသွားပါတယ်။ ကျင်းလန်နဲ့ တွေ့ချင်တဲ့ စိတ် တစ်ခုတည်းကို ရှေ့တန်းတင်ပြီး မသင့်တော်တဲ့ နည်းလမ်းတွေကို သုံးမိသွားတယ်။ ”

“ မင်း ဘေးအိမ်မှာ နေ,နေတာ ဘယ်လောက် ကြာပြီလဲ လူကြီးမင်းရှောက်။ ”

“ လဝက်လောက်တော့ ရှိပါပြီ။ ”

ချန်ရှန်းဟယ်ရဲ့ မျက်ခုံးထူထူတွေ တွန့်ချိုးသွားသည်။ “ ငါ့သမီးကို မနှောင့်ယှက်ပါနဲ့လို့ မင်းကို ပြောခဲ့တာကို ငါတော့ မှတ်မိတုန်းပဲ လူကြီးမင်းရှောက်။ မင်းက မှတ်ဉာဏ်မကောင်းတာလား ၊ ဒါမှမဟုတ် ငါ့စကားတွေကို အလေးမထားတာလား။ ”

“ ဒါရိုက်တာချန်က ဒါရိုက်တာချန်ရဲ့ သမီးကို ကျွန်တော့မိသားစုထဲ ဝင်ခွင့်မပေးနိုင်ဘူးလို့ပဲ ပြောခဲ့တာပါ။ တကယ်လို့ ကျွန်တော်သာ ချန်မိသားစုကနေ ထွက်လာမယ် ဆိုရင် ချန်မိသားစုထဲကို ဝင်လို့ ရမှာလား။ ”

ချန်ရှန်းဟယ် မသိမသာ မျက်ခုံးပင့်သွားသည်။

ချန်ကျင်းလန်ကို ရှောက်ချန်းကျယ် ညစာ အတူ စားဖို့ ဖိတ်‌တုန်းက သူမကနေတစ်ဆင့် သူ့ရည်ရွယ်ချက်တွေကို ချန်ရှန်းဟယ် သိအောင် လုပ်ချင်ခဲ့တာ ဖြစ်သည်။ ဒါပေမဲ့ ချန်ကျင်းလန်က သူ့ထက် ပိုပါးနပ်သည်။ သူမက ရှောက်ချန်းကျယ် စိတ်အားထက်သန်စွာ ပြောတဲ့ စကားတွေကို အဖေဖြစ်သူထံ ပြန်မပြောခဲ့သလို သူမရဲ့ မိဘတွေကိုတောင် ဘေးအိမ်ကို ရှောက်ချန်းကျယ် ပြောင်းလာတဲ့အကြောင်း အသိမပေးခဲ့။ အမှန်တရား ထွက်ပေါ်လာတဲ့အခါ ရှောက်ချန်းကျယ် တစ်ယောက် ပြဿနာတွေ တက်လေ ၊ သူမ အကြိုက်တွေ့လေပါပဲ။

သူမက ရှောက်ချန်းကျယ် ဒုက္ခရောက်တာကို ကျေကျေနပ်နပ်ကြီး ထိုင်ကြည့်ချင်ခဲ့တာ ဖြစ်သည်။ သူ အကျပ်ရိုက်လေ ပိုကောင်းလေပဲ။ ဘာလို့ သူမက သူ့စကားကို အဖေ့ဆီ တစ်ဆင့် ပြန်သယ်သွားပေးရမှာလဲ။

ချန်ရှန်းဟယ်ကို ထိုင်ခုံကို မှီရင်း သူ့မျက်လုံးတွေကို စိုက်ကြည့်လိုက်သည်။ “ ငါ သိသလောက်တော့ မင်း အက်ဆီးဒင့် တစ်ခုခု ဖြစ်ပြီး ကောက်ခါငင်ခါ သေသွားတာမျိုး မဖြစ်ရင် အနာဂတ်မှာ ရှောက်ကော်ပိုရေးရှင်း တစ်ခုလုံးက မင်းအပိုင် ဖြစ်လာမှာနော်။ ”

“ ရှောက်ကော်ပိုရေးရှင်းကို ကျွန်တော် စိတ်မဝင်စားဘူး။ ကျွန်တော်နဲ့ သက်ဆိုင်တာကိုပဲ ကျွန်တော် ယူမှာ။ ကျွန်တော့်အဘွားကလည်း သူ့မျိုးဆက်တွေမှာ ရှောက်မျိုးရိုးနာမည် ပါစေချင်မယ် မထင်ဘူး။ ”

ချန်ရှန်းဟယ်ရဲ့ မျက်လုံးတွေ အရောင်ပြောင်းသွားသည်။ “ မင်း အဘွား ဘယ်လို ဆုံးသွားတာလဲ ဆိုတာ မင်း … သိနေတာလား။ ”

“ ဟုတ်ကဲ့။ ”

“ မင်းကို ဘယ်သူ ပြောတာလဲ။ ”

အပြင်လူတွေကို ထားလိုက်ဦး ၊ ချန်မိသားစုနှင့် ရှောက်မိသားစုထဲမှာပင် လက်ချိုးရေလို့ ရတဲ့ လူနည်းစုလောက်ပဲ ထိုကိစ္စကို သိသည်။ ရှောက်ယွင်ကျန်းမှာ ထိုကိစ္စကို ဖုံးကွယ်ဖို့ အခွင့်အရေးမရခဲ့သောကြောင့် သူ့သားနှင့် မြေးကိုတော့ ပေးသိခဲ့ရလေသည်။

“ ကျွန်တော့်ဘာသာ စုံစမ်းထားတာပါ။ ”

ချန်ရှန်းဟယ်က စားပွဲကို သူ့လက်ဖျားလေးတွေနှင့် နှစ်ကြိမ်တိတိ ခေါက်လိုက်သည်။ “ မင်းလည်း အမှန်တရားကို သိနေမှတော့ ဘယ်သူက ဘယ်မိသားစုထဲကိုပဲ ဝင်ဝင် ၊ ငါ လက်ခံမှာ မဟုတ်ဘူး ဆိုတာ နားလည်သင့်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ မင်းတို့ရှောက်မိသားစုကို ငါ လုံးဝ အယုံအကြည်မရှိဘူး။ မင်းမှာ တခြား အိမ်တွေလည်း အများကြီး ရှိဦးမှာပါ လူကြီးမင်းရှောက်။ အဲ့တော့ မင်း ဘေးအိမ်ကို ရောင်းလိုက်တာပဲဖြစ်ဖြစ် ၊ ဒီတိုင်း ထွက်သွားတာပဲဖြစ်ဖြစ် ကြိုက်တာ လုပ်လို့ ရတယ်။ ငါကတော့ မင်းကို ဘေးအိမ်မှာ ထပ်မမြင်ချင်ဘူး။ ”

ရှောက်ချန်းကျယ်က ရှေ့တိုးလိုက်သည်။ “ ကျွန်တော့်မှာ ဒါရိုက်တာချန် ယုံကြည်လက်ခံနိုင်လောက်တဲ့ အနေအထား မရှိဘူး ဆိုတာ ကိုယ့်ကိုယ်ကိုယ် သိပါတယ်။ ဒါပေမဲ့ ဟိုးအရင်တုန်းကရော ၊ အခုရော ကျွန်တော် ကျင်းလန်အပေါ် စိတ်ရင်းအမှန်နဲ့ ချစ်ခဲ့တယ် ဆိုတာကို သက်သေပြနိုင်ရင် ဒါရိုက်တာချန် ကျွန်တော့်ကို အခွင့်အရေးပေးမှာလား။ ”

ချန်ရှန်းဟယ် သရော်တော်တော် ပြုံးလိုက်သည်။ “ မင်း ဘယ်လိုလုပ် သက်သေပြနိုင်မှာလဲ။ ရှောက်မိသားစုမှာ စိတ်ရင်းအမှန် ဆိုတဲ့ အရာမျိုးမှ မရှိတာ။ ”

“ ဒါရိုက်တာချန် စောင့်ကြည့်လို့ ရပါတယ်။ ”

ချန်ရှန်းဟယ်က သူ့မျက်လုံးတွေကို အကြာကြီး စိုက်ကြည့်နေပြီးမှ လေးနက်စွာ ပြောလိုက်လေသည်။ “ မင်းကိုယ်မင်း သက်သေပြနိုင်ပြီလို့ ခံစားရတဲ့ တစ်နေ့ကျ ငါ့ဆီ ပြန်လာပြီး အဲ့ဒီ အခွင့်အရေးကို တောင်းလို့ ရတယ်။ အဲ့ကျမှ မင်းကို ငါ အခွင့်အရေးပေးလည်း အရမ်း နောက်ကျဦးမှာ မဟုတ်ပါဘူး။ ”

ရှောက်ချန်းကျယ် စိတ်အေးသွား၏။ “ ဟုတ်ကဲ့ ၊ ကျွန်တော် ဒါရိုက်တာချန်ကို အကြာကြီး စောင့်ရအောင် မလုပ်ပါဘူး။ ”

ချန်အိမ်တော်ကနေ ရှောက်ချန်းကျယ် ထွက်လာတော့ ညနက်ပိုင်းထဲကို ရောက်နေပါပြီ။

ဖေးကျူးဟွေ့က ချန်ရှန်းဟယ်ကို မျက်စောင်းထိုးလိုက်သည်။ “ ရှင်ဟာလေ ၊ သူတို့ဘာသာ လရောင်အောက်မှာ ကြည်နူးနေကြတာကို ရှင်နဲ့လည်း မဆိုင်ဘဲနဲ့ သွားနှောင့်ယှက်နေတယ်။ ”

ချန်ရှန်းဟယ် မျက်မှောင်ကြုတ်လိုက်၏။ “ ငါသာ ရောက်မသွားရင် အဲ့ခွေးကောင်မှာ လုံးဝ အဟန့် ရှိတော့မှာ မဟုတ်ဘူး။ သူက ဒီနေ့တောင် နံရံပေါ်ကို လှေကားနဲ့ တက်နေပြီ။ မနက်ဖြန်လောက်ဆို ဒီအိမ်ကို သူ့အိမ်လို့ ထင်ပြီး နံရံကျော်တက်လာပြီးတော့ စိတ်တိုင်းကျ ဝင်ချင်သလိုဝင် ၊ ထွက်ချင်သလိုထွက် လုပ်တော့မယ်။ သူ့ခြေထောက်ကို သူ့ဘာသာ ခြေကျင်းဝတ်လည်အောင် လုပ်ဖို့တော့ သိသေးလို့ ကျေးဇူးတင်ရမယ် ၊ မဟုတ်ရင် ငါကိုယ်တိုင် သူ့ခြေထောက်တွေကို ရိုက်ချိုးပစ်မှာ။ ”

ဖေးကျူးဟွေ့က သူ့လက်ကို ဆုပ်ကိုင်ရင်း ဒေါသတွေကို ဖြေသိမ့်ပေးလိုက်သည်။ “ ရှင် သူ့ကို ဘယ်လို ထင်လဲ။ ”

ချန်ရှန်းဟယ်က အတော်ကြာသည်ထိ နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်ထားပြီးမှ ပြောလိုက်သည်။ “ သူ့အဘွားနဲ့ တော်တော်လေး တူတယ်။ ”

ဖေးကျူးဟွေ့ ရယ်မောလိုက်ပါသည်။ “ အဲ့လို ထင်တာ ကျွန်မ တစ်ယောက်တည်း မဟုတ်ဘူးပဲ။ သူက သူ့အဘွားနဲ့ တော်တော်ကြီးကို တူတာ ၊ ရုပ်ရော .. စိတ်နေစိတ်ထားရော .. ။ ဒါ ရေစက်ပဲ။ ”

ချန်ရှန်းဟယ်ရဲ့ မျက်ခုံးတွေက ပိုလို့တောင် တင်းကျပ်လှုပ်ရှားသွား၏။ “ ဘာရေစက်လဲ။ ငါကတော့ အဲ့ခွေးကောင်လေးက မျက်နှာချောချောနဲ့ စကားပြောကောင်းတဲ့ ပါးစပ်ကို အသုံးချပြီး လူတွေကို ဆောင့်ကြွားဆောင့်ကြွားနဲ့ လိုက်လှည့်စားနေတာပဲ တွေ့တယ်။ လူလစ်တုန်း ငါ့သမီးကို ကောင်းကောင်း အိပ်ပါလို့ ပြောဖို့ လှေကားကြီးနဲ့ နံရံပေါ် တက်လာတဲ့ အဲ့ကောင်ရဲ့ မဟုတ်မဟတ် လုပ်ရပ်ကို မင်း မမြင်လိုက်လို့ ဒီစကားမျိုး ပြောနေတာ။ ”

“ အင်းလေ ၊ ညတိုင်း ကောင်းကောင်း အိပ်ပါလို့ ပြောတာက အရမ်း ရို့မန့်တစ်ဆန်တယ် မဟုတ်ဘူးလား။ ကျွန်မလည်း ကျွန်မကို ကောင်းကောင်း အိပ်နော်လို့ ပြောပေးမယ့် တစ်ယောက်လောက် လိုချင်လိုက်တာ။ ဆိုးတာက ဘယ်သူမှ ပြောမပေးကြတာပဲ။ အမယ်လေး ၊ ကျွန်မရဲ့ ဘဝသက်တမ်း တစ်‌ဝက်လောက်ကို အလဟဿ အကုန်ခံခဲ့မိတာပါလား။ ” ဖေးကျူးဟွေ့က သက်ပြင်းရှိုက်ထုတ်၍ ဝမ်းနည်းစွာ ညည်းညူရင်း အပေါ်ထပ် တက်သွားခဲ့သည်။

ဒီနေ့ညရဲ့ ဒရာမာဇာတ်လမ်းက သူ့ဆီကို တစ်ပတ် ပြန်လာလိမ့်မည်ဟု ထင်မထားသော ချန်ရှန်းဟယ်သည် သူ့မိန်းမနောက် လိုက်တက်သွားပြီး လေသံပျော့ကလေးဖြင့် ပြောလိုက်ရ၏။

“ မင်း ကြားချင်ရင် ငါ အခုက စပြီး ‌နေ့တိုင်း ပြောပေးပါ့မယ်ကွာ။ ကောင်းကောင်း အိပ်ပါတင် မဟုတ်ဘူး ၊ ကောင်းသော မနက်ခင်းပါ .. ကောင်းသော နေ့လယ်ခင်းပါ ဆိုတာတွေပါ မင်း ကြိုက်သလောက် ပြောပေးမယ်။ ”

‘ မင်း ကြိုက်သလောက် ’ ဆိုတဲ့ စကားလုံးက တစ်ကြိမ်တစ်ခါတည်း မဟုတ်ဘူး ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်စေပါသည်။ အဲ့ဒီတော့မှ ဒီစကားကို စိတ်ရင်းနှင့် ပြောတာက ပထမဆုံး ခြေလှမ်းကို စလှမ်းခြင်းနှင့် အတူတူပဲ ဆိုတာ ချန်ရှန်းဟယ် သဘောပေါက်သွားသည်။

နှလုံးသားထဲမှာ ချိုမြိန်ဖွယ် အချစ်စကားတို့ ပြည့်နှက်နေပြီး ပြင်ပ ပတ်ဝန်းကျင်မှာတော့ ညပိုးကောင်လေးတွေရဲ့ တစီစီ အသံလေးတွေ ညံစီနေသည်။

ကျွီခနဲ အသံကို ရုတ်တရက် ကြားလိုက်ရ၍ ရှောက်ချန်းကျယ် ခြေလှမ်းရပ်ပြီး နောက်ပြန်လှည့်ကြည့်လိုက်လျှင် တစ်ဝက်တစ်ပျက် ဖွင့်ထားတဲ့ တံခါးထဲမှ ထွက်လာသော ပုံရိပ်လေးကို မြင်လိုက်ရလေသည်။

ရှောက်ချန်းကျယ်ရဲ့ မျက်လုံးတွေ ပြုံးရီသွားကာ သူမဆီ ဖြည်းဖြာ်းချင်း လျှောက်သွားလိုက်သည်။ “ ကိုယ့်ကို ဒီအချိန်ထိ စောင့်နေတာလား။ ”

ချန်ကျင်းလန်က နံရံကို မှီရင်း နူးညံ့စွာ ပြန်ပြောပါသည်။ “ ကျွန်မအဖေဆီမှာ ရှင် အသေ အထိုးခံခဲ့ရလား ဆိုတာ ကြည့်ချင်လို့လေ။ ”

ရှောက်ချန်းကျယ် ပြုံးလိုက်၏။ “ အထိုးခံရတဲ့ထိတော့ ဖြစ်မသွားပါဘူး ၊ မင်းအဖေက နည်းနည်းတော့ သဘောကောင်းပါသေးတယ်။ နံရံပေါ်က ခုန်ချရင်းနဲ့ ကိုယ့်ခြေထောက် တစ်ဖက်ကို ခြေကျင်းဝတ်လည်သွားအောင် လုပ်လိုက်ရတာတော့ ရှိတာပေါ့လေ။ ”

“ နည်းတောင် နည်းသေးတယ်။ ရှင့်ကို ဘယ်သူက ညဘက်ကြီး မအိပ်ဘဲနဲ့ နံရံပေါ် ကုတ်ကတ်တက်ခိုင်းလို့လဲ။ ရှင့်ခြေထောက် နှစ်ချောင်းလုံး ခြေကျင်းဝတ်မလည်တာနဲ့တင် တော်သေးတယ် ပြောရမယ်။ ”

ရှောက်ချန်းကျယ်ကလည်း သူမစကားကို သဘောတူသည်။ “ ဟုတ်တယ်။ ကိုယ် နည်းလမ်း မှားသွားတာ။ လှေကားနဲ့ နံရံပေါ် တက်ရမှာ မဟုတ်ဘူး ၊ မြေကြီးအောက်ကနေ တူးမြောင်း တစ်ခုနဲ့ ဖောက်လာခဲ့ရမှာ။ အဲ့ဒါဆို အနည်းဆုံးတော့ အဲ့တူးမြောင်းထဲမှာ မင်းနဲ့ တိတ်တိတ်လေး ချိန်းတွေ့လို့ ရတယ်လေ။ အခုလိုမျိုး ယောက္ခမကြီးဆီမှာ အမိခံရမှာကိုလည်း ကြောက်စရာ မလိုဘူး ၊ ယောက္ခကြီး ဟောက်လွှတ်လိုက်မှာကိုလည်း ကြောက်စရာ မလိုဘူး။ ”

ချန်ကျင်းလန် သူ့ကို မျက်စောင်းထိုးပစ်လိုက်သည်။ “ ဘယ်သူက ရှင့်ယောက္ခမလဲ။ ”

ရှောက်ချန်းကျယ်က သူမကို ရင်ခွင်ထဲမှာ ထွေးပွေ့ထားလိုက်ပြီး နားရွက်နား ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။ “ မင်းဘာသာ ခန့်မှန်းကြည့်ပေါ့။ ”

***

All Chapters