← Chapters

အခန်း ၅၅

Vol. 6 Ch. 55

အခန်း ၅၅

Vol. 6 Ch. 55

အပိုင်း( ၅၅ )

ချန်ကျင်းလန်က သူ့ရင်ဘတ်ကို တံတောင်နှင့် ထိုးရင်း “ ကြည့်ရတာတော့ ရှင် နောက်ထပ် ခြေထောက် တစ်ဖက်ပါ ခြေကျင်းဝတ်လည်ချင်နေပြီ ထင်တယ်။ ” ဟု ပြောလိုက်သည်။

“ ရှူး … ” ရှောက်ချန်းကျယ်က သူမရဲ့ နားရွက်ဖျားလေးကို ဖွဖွလေး ပွတ်သပ်လိုက်၏။ “ မင်းကို ခဏလောက်ပဲဖြစ်ဖြစ် ဖက်ထားပါရစေနော်။ ဒီည ပြီးရင် မင်းကို လွယ်လွယ်နဲ့ ဖက်ခွင့်ရတော့မှာ မဟုတ်ဘူး။ ”

ချန်ကျင်းလန်က သူ့ရင်ဘတ်ကို တံထောင်နှင့် ထပ်ထိုးလိုက်ပေမဲ့ မရုန်းတော့ဘဲ သူ့ကို ဖက်ခွင့်ပေးလိုက်တော့သည်။ ခဏကြာတော့ သူ့ပခုံးပေါ် မေးတင်ကာ လမ်းနံဘေးမှ သစ်ပင်အရိပ်တွေကို ကြည့်ရင်း တိုးတိတ်စွာ မေးမိသည်။ “ ရှင့်ခြေထောက်က ဆေးရုံသွားစရာ လိုသေးလား။ ”

“ ရတယ် ၊ ခြေကျင်းဝတ်အရွတ်ကြောမှာ နည်းနည်းလေး ထိခိုက်သွားရုံပါပဲ။ ကိုယ် အိမ်ပြန်ရောက်တာနဲ့ ပတ်တီးစည်းထားလိုက်မယ်။ မင်းအဖေ ဒေါသပြေအောင်လို့ နံရံပေါ်က ခုန်ချရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် နည်းနည်းပါးပါး အထိခိုက်ခံလိုက်တာလေ။ ဘာမှ ကြီးကြီးမားမား မဟုတ်ဘူး ၊ စိတ်မပူနဲ့။ ”

ချန်ကျင်းလန်က သူ့လက်ဖမိုးပေါ်က အရေပြားကို လိမ်ဆွဲလိုက်သည်။ သူက ဘာကိုမဆို အမြဲတမ်း လက်လွတ်စပယ် နေတတ်သည်။

“ မင်း ကိုယ့်ကို စိတ်ပူနေလား။ ”

“ စိတ်မပူဘဲနဲ့ ကိုယ့်ကို တစ်ချိန်လုံး စောင့်နေတာလား။ ”

...

ချန်ကျင်းလန် သူနှင့် ပေါက်ကရ စကားတွေ မပြောချင်သောကြောင့် စကားလမ်းကြောင်း လွှဲလိုက်သည်။ “ ရှင့်ကို … ကျွန်မအဖေ ဘာပြောလဲ။ ”

“ ယောက္ခမကြီး ပြောလိုက်တာတွေကတော့ အများကြီးပဲ။ အချစ်လေး မြောင်မြောင်က ဘယ်အကြောင်းကို နားထောင်ချင်တာလဲ။ ”

ချန်ကျင်းလန် သူ့ညို့သကျည်းကို ဒေါသဖြင့် ပိတ်ကန်ပစ်လိုက်၏။ သူ့ခြေထောက် နှစ်ဖက်လုံး အကောင်းအတိုင်း ရှိနေသေးရင် သူမ အခု သူ့ကို မသန်စွမ်း ဖြစ်အောင် လုပ်ပစ်မှ ငြိမ်သွားမည် ထင်သည်။

ချန်ကျင်းလန်က အလွန် နာကျင်သွားသလို ဟန်ဆောင်လိုက်ပြီး ကုန်းကုန်းကွကွ လုပ်လိုက်လေသည်။ “ သေပါပြီ ၊ မင်း လုပ်လို့ ငါ့ခြေထောက် တကယ် မသန်စွမ်း ဖြစ်သွားပြီ။ ငါ့ရဲ့ လက်ကျန်ဘဝကို မင်းပဲ တာဝန်ယူရတော့မယ်။ ”

ချန်ကျင်းလန်က သူ့ကို သူမအား ဆက်ဖက်ခွင့်မပေးတော့ဘဲ တွန်းထုတ်ပစ်လိုက်တော့ ရှောက်ချန်းကျယ်ကလည်း သူမကို ဆက်မတော့ဘဲ ခပ်တိုးတိုး ရယ်နေသည်။

“ မင်းအဖေက ကိုယ့်ကို နည်းနည်းလေးတော့ သဘောကျတယ် ထင်တယ်။ စာကြည့်ခန်းထဲမှာ သူနဲ့အတူတူ ရေနွေးကြမ်း ထပ်သောက်နိုင်မယ့် အခွင့်အရေးကို ထပ်ရလိမ့်ဦးမယ်လို့ ကိုယ် ခံစားနေရတယ်။ ”

သူ ဘာလို့ ဒီလောက် ယုံကြည်ချက်ရှိနေမှန်း ချန်ကျင်းလန် မသိတော့။

“ ဘယ်မျက်လုံးနဲ့ ကြည့်လိုက်လို့ သူ ရှင့်ကို နည်းနည်းလေးတော့ သဘောကျတယ်လို့ ထင်ရတာလဲ။ အခုလေးတင် သူ ရှင့်ကို အရိုးတခြား အသားတခြား ဖြစ်အောင် လုပ်ပစ်တော့မလို့လေ။ ”

“ အရိုးတခြား အသားတခြား ဖြစ်အောင် လုပ်တာက ကိုယ့်ကို လုံးဝကြီး လျစ်လျူရှုထားတာထက်တော့ သာပါသေးတယ်။ ဘာပဲဖြစ်ဖြစ် သူ ကိုယ့်ကို စာကြည့်ခန်းထဲ ခေါ်စကားပြောတယ် ဆိုကတည်းက အခြေအနေကောင်းသေးတယ် ထင်တာပဲ။ ”

ချန်ကျင်းလန်က သူ့ကို သံသယအကြည့်ဖြင့် ကြည့်လိုက်သည်။ “ ကျွန်မအဖေဆီမှာ အမိခံလိုက်ရတာကို ရှင် အရမ်း ပျော်နေတယ်လို့ ဘာလို့ ခံစားရတာပါလိမ့်။ ”

တကယ်လည်း သူ တော်တော်လေး ပျော်နေတယ် ဆိုတဲ့ အချက်ကို ဟောက်ချန်ဟွမ်း မငြင်းဆန်နိုင်ပါ။ “ ကိုယ့်အတွက်တော့ ဒါက မကောင်းတဲ့ ကိစ္စမှ မဟုတ်တာ။ မဟုတ်ရင် ကိုယ်က မင်း ဘယ်တော့မှ လူကြားထဲ ထုတ်ပြမှာ မဟုတ်တဲ့ လျှို့ဝှက်ချစ်သူပဲ ဖြစ်နေမှာလေ။ အဲ့တော့ ကိုယ်တို့ နှစ်ယောက်အကြောင်းကို လူတွေ သိသွားတာလည်း တစ်မျိုး ကောင်းတယ်။ ”

ချန်ကျင်းလန်ရဲ့ မျက်နှာက တင်းခနဲ ဖြစ်သွားပြီး သူတို့ နှစ်ယောက်ကြားမှာ အကွာအဝေး တစ်ခု ခြားလိုက်သည်။ “ ကျွန်မ ရှင့်ကို ကျွန်မရဲ့ ချစ်သူလို့ ဘယ်တုန်းက ပြောမိလို့လဲ။ ”

ရှောက်ချန်းကျယ်သည် သူမရဲ့ တင်းတင်း စေ့ပိတ်ထားတဲ့ နှုတ်ခမ်းလေးတွေကို နမ်းချင်စိတ်အား ထိန်းမရတော့ပေ။ နှလုံးသားကို ဆန့်ကျင်တဲ့ စကားတွေကိုပဲ အမြဲတမ်း ပြောနေတဲ့ သူမကို သူ ချစ်လိုက်တာ … ။ ရှောက်ချန်းကျယ်ရဲ့ အပြုအမူက သူ့အတွေးနှင့် တစ်ထပ်တည်းပင်။ သူမရဲ့ ခါးလေးကို လှမ်းဆွဲလိုက်ပြီးနောက် အနားကို တိုးကပ်သွားကာ သံမဏိလို ၊ ကျောက်သားကျောက်စိုင်လို တင်းမာနေတဲ့ နှုတ်ခမ်းနှင့် လျှာလေးကို နမ်းစုပ်လိုက်၏။ သူ့မှာ ဒီနေ့ တစ်နေ့တော့ သူမကို နမ်းခွင့်ရှိပါသေးသည်။

“ ဒါဆို ကိုယ်က ဘယ်သူ့ချစ်သူလဲ။ ” အနမ်း တစ်ခုနှင့် တ်စခုကြား မောဟိုက်စွာ အသက်လုရှုရသည့် စက္ကန့် အပိုင်းအခြားလေးမှာ သူက သူမရဲ့ နှုတ်ခမ်းကို ဖိကပ်နမ်းစုပ်နေရင်း မေးလိုက်တော့ ချန်ကျင်းလန်က အမြန် အသက်လုရှူရင်း မောဟိုက်တိုးလျစွာ ပြန်ဖြေသည်။ “ ဘယ်သိမှာလဲ ….. ရှင့်ဘာသာရှင် ဘယ်သူ့ချစ်သူဖြစ်ဖြစ် ….. ”

အနမ်းတို့ တစ်ကျော့ပြန် စတင်လာသည်။ ခဏကြာတော့မှ ရှောက်ချန်းကျယ်က သူမရဲ့ နှုတ်ခမ်းဖောင်းဖောင်းလေးကို တတိတိ ကိုက်ရင်း “ မင်းရဲ့ ချစ်သူက ဘယ်သူလဲ။ ” ဟု နောက်တစ်ခေါက် ထပ်မေးတော့ ချန်ကျင်းလန်က သူ့လည်ပင်းကို လက်သည်းနှင့် ကုတ်ခြစ်ရင်း “ ခွေး … ” ဟု ပြန်ဖြေခဲ့သည်။

ရှောက်ချန်းကျယ်က သူမနှုတ်ခမ်းလေးတွေရဲ့ ချိုမြိန်မှုကို စုပ်ယူရင်း ခပ်တိုးတိုး မေးလိုက်သည်။ “ ခွေးက … ဘယ်သူလဲ။ ”

ချန်ကျင်းလန်က ပွင့်လင်းဗြောင်ကျသော အဖြေကို ပေးခဲ့ပါသည်။ “ ရှင်လေ။ ”

မောဟိုက်စွာ အသက်ရှူသံတွေ ရပ်တန့်သွားသည်။ ရှောက်ချန်းကျယ်သည် သူမနှင့် နှုတ်ခမ်းချင်း ဖိကပ်လျက် ခပ်ဟဟ ရယ်မိလေသည်။ “ ကဲ ၊ မင်းရဲ့ ချစ်သူက ခွေးလို့ မင်းကိုယ်တိုင် ဝန်ခံလိုက်ပြီနော်။ ကိုယ်က ခွေးပဲ ၊ အဲ့တော့ ကိုယ်က မင်းချစ်သူပဲ။ ပြောပြီးသား စကားကို အခု ပြန်ရုတ်သိမ်းလို့ မရတော့ဘူး။ ”

ချန်ကျင်းလန်က သူ့အပေါ်နှုတ်ခမ်းကို အားနှင့် ဖိကိုက်ချပစ်လိုက်သည်။ သူမ ဘာကိုမှ ဝန်ခံခဲ့တာ မဟုတ်ဘဲ သူက သူမ အသက်ရှူမဝဖြစ်နေတာကို အခွင့်ကောင်းယူပြီး ထောင်ချောက်ဆင်ခဲ့တာပါ။

ရှောက်ချန်းကျယ်က သူမရဲ့ ခါးလေးကို တင်းတင်းကျပ်ကျပ် ‌ဆုပ်ကိုင်လိုက်သည်။ “ မကိုက်နဲ့တော့နော်။ မင်း ဆက်ကိုက်နေရင် တစ်ခုခု ဖြစ်သွားလိမ့်မယ်။ ”

သူမရဲ့ ခါးတစ်ဝိုက်ဆီက အပူရှိန်ကို သိသိသာသာ ခံစားလိုက်ရသော ချန်ကျင်းလန်သည် ခဏလောက် ကြောင်အနေပြီးမှ ဒေါသ ၊ ရှက်ရွံ့မှုတို့ဖြင့် မျက်နှာရဲတက်သွားသည်။ “ ရှင် ခဏ ခဏ စိတ်မကြွဘဲ နေလို့ မရဘူးလား ရှောက်ချန်းကျယ်။ ”

စိတ်ကြွတယ် ….. ။

ချန်ကျင်းလန်ရှေ့မှာဆို ရှောက်ချန်းကျယ်က မြို့တော်အုတ်နံရံကြီးထက်တောင် အရေထူ ( မျက်နှာပြောင် ) ပါသေးသည်။ “ မင်း နားလည်ပေးရမယ်လေ။ ဒီ ( ၇ ) နှစ် ဆိုတဲ့ အချိန်မှာ မင်းရဲ့ မွေးနေ့ညတုန်းက တစ်ခေါက်ပဲ ရှိခဲ့တာ။ ကျန်တဲ့ အချိန်တွေမှာ ဘာမှ မလုပ်ဖြစ်တော့ အားတွေ အများကြီး ရှိနေတာ အဆန်း မဟုတ်ပါဘူး။ ”

ချန်ကျင်းလန်သည် သူ့ကို သေတဲ့အထိ ကိုက်ဖို့ ဆုံးဖြတ်ချက်ချလိုက်လေသည်။

အဲ့ဒီည အိပ်မက်ထဲမှာတောင် သူမတစ်ကိုယ်လုံး ချွေးတွေ စိုရွဲလာတဲ့အထိ သူ့ကို အကိုက်မပျက်ခဲ့ပေ။

နောက်တစ်နေ့ မနက် အိပ်ရာနိုးတော့ စိမ်ပြေနပြေ ရေချိုးလိုက်မှ စိတ်ရော ၊ လူရော အေးသွားတော့သည်။ မျက်လုံးလေးတွေကို ပွတ်လျက် ရေချိုးခန်းထဲက ထွက်လာတဲ့ ချန်လီချီက သူမကို မြင်တော့ သူမဆီ ပြေးလာ၏။

ချန်ကျင်းလန်က သူမလေးကို ပွေ့ချီရင်း မသပ်မရပ်ဖြစ်နေတဲ့ ဆံပင်လေးတွေကို သေသေသပ်သပ် ဖြစ်သွားအောင် လက်နှင့် ပွတ်သပ်ပေးလိုက်သည်။ “ လီချီလေး ညတုန်းက ကောင်းကောင်း အိပ်ပျော်ရဲ့လား။ ”

ချန်လီချီလေးက ခေါင်းညိတ်ပြလိုက်တော့ ဆံပင် ဖောင်းဖောင်းဖွာဖွာလေးတွေ ခါယမ်းသွားသည်။ “ ဟုတ် ၊ သမီး ညတုန်းက တကယ့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့တာ။ ”

ထိုအချိန်မှာပဲ ခြံထဲကနေ အသံဗလံတွေ ကြားလိုက်ရတာမို့ ချန်လီချီလေးက မျက်လုံးလေးတွေ တောက်ပသွားကာ နားစွင့်နေခဲ့သည်။ “ ဘယ်သူ လာတာလဲ မေမေ။ ”

“ သမီးရဲ့ အဘိုးချွီ လာတာ နေမှာပေါ့။ ”

မနေ့ညတုန်းက သူမရဲ့အဖေ ဦးလေးချွီကို ဖုန်းဆက်နေတာ ကြားခဲ့သည်။ ဦးလေးချွီရဲ့ ကျွမ်းကျင်မှုနှင့်ဆို တစ်မနက် မကုန်ခင်မှာပဲ နံရံပြင်တာ ပြီးသွားပါလိမ့်မည်။

“ သမီး ထွက်ကြည့်ချင်တယ် မေမေ။ ”

ချန်ကျင်းလန်က သူမလေးကို တံခါးနား ခေါ်သွားလိုက်၏။ ဦးလေးချွီက ခြံထဲမှာ ပစ္စည်းသယ်နေတဲ့ အလုပ်သမားတွေကို ဦးဆောင်ညွှန်ကြားနေသည်။

ချန်လီချီက ချစ်စဖွယ် အသံလေးဖြင့် “ ကောင်းသော မနက်ခင်းပါ အဘိုးချွီ။ ” ဟု အော်ပြောလိုက်တော့ ဦးလေးချွီကလည်း လှည့်ကြည့်ရင်း “ ကောင်းသော မနက်ခင်းပါ လီချီလေးရေ။ သမီးတို့သားအမိ နားနေတာကို အဘိုးတို့ အနှောင့်အယှက်ပေးမိသလို မဖြစ်ဖို့ မျှော်လင့်တယ်ကွယ်။ ” ဟု ပြန်ပြောပါသည်။

“ အနှောင့်အယှက်မဖြစ်ပါဘူး အဘိုးချွီရဲ့ ၊ လီချီနဲ့ ကျွန်မလည်း အခုမှ အိပ်ရာနိုးတာပါ။ ဒါနဲ့ အဘိုးချွီတို့ ဘာလုပ်နေကြတာလဲ။ ”

ဦးလေးချွီက ချန်လီချီလေးကို ပြောပြလိုက်သည်။ “ သမီးအဘိုးက နံရံကို နည်းနည်းလေး ပိုမြင့်အောင် မြှင့်ခိုင်းထားလို့ အဲ့ဒါ လုပ်နေတာ။ ”

အို့အိုး … ။

ချန်လီချီက သူအမေကို ကြည့်လိုက်၏။ “ မနေ့ညတုန်းက ဖေဖေ နံရံပေါ် တက်နေတာကို ဘိုးဘိုး မိသွားလို့လား မေမေ။ ”

ချန်ကျင်းလန်က ထိုမေးခွန်းကို ပြန်မဖြေချင်၍ သူမရဲ့ နှာခေါင်းလေးကို ခပ်ဖွဖွ ပုတ်လိုက်တော့ ချန်လီချီက ခေါင်းလေး စောင်းလိုက်သည်။ “ ဘာမှ မဖြစ်ဘူးနော် မေမေ ၊ သိလား။ နံရံ ပိုမြင့်သွားရင်တောင် ဖေဖေက ဘေးအိမ်ကနေ တူးမြောင်း တူးလာလို့ ရသားပဲ။ သမီးတို့ခြံဘက်မှာက မြက်တွေပဲ ရှိတော့ မြေတူးရတာလည်း လွယ်တယ်။ ”

မြေးဖြစ်သူရဲ့ စကားကို ခပ်လှမ်းလှမ်းကပင် အတိုင်းသား ကြားနေရတဲ့ ချန်ရှန်းဟယ်က အဟမ်းအဟမ်းဟု ခပ်ကျယ်ကျယ် ချောင်းဟန့်လိုက်သည်။

ချန်လီချီလေးက အဘိုးဖြစ်သူကို မြင်သွားတော့မှ ဟိုကြည့်ဒီကြည့် လုပ်လိုက်ပြီး နံရံအောက်ခြေမှာ ရပ်ကာ အလုပ်သမားတွေကို ညွှန်ကြားနေတဲ့ ဦးလေးချွီကို အော်ပြောလိုက်လေသည်။ “ အဘိုးချွီ .. တစ်ယောက်ယောက် တူးမြောင်း တူးချင်ရင်တောင် တူးလို့ မရအောင်လို့ သမီးတို့ခြံထဲက မြက်တွေပေါ်မှာ သမံတလင်း ခင်းသွားလို့ ရတယ်နော်။ ”

ချန်ရှန်းဟယ် တစ်ယောက် သူ့ရဲ့ တစ်ဦးတည်းသော မြေးမလေးရဲ့ စကားကို ကြားသောအခါ အူလှိုက်သည်းလှိုက်ပင် ရယ်မိတော့သည်။

နံရံတစ်ဖက်ခြမ်းမှာ ရှိနေတဲ့ ရှောက်ချန်းကျယ်က ကိုယ့်နဖူးကိုယ် ပြန်ရိုက်လိုက်မိသလို ချန်ကျင်းလန်ကလည်း အိမ်ထဲ ပြန်ဝင်သွားသည်။

နံရံကို မြှင့်ပြီးသွားပေမဲ့ အရမ်း အမြင့်ကြီး မြှင့်လိုက်တာမျိုးတော့ မဟုတ်။ အုတ် နှစ်လွှာကို ပုံဖော်ပြီး တစ်ဆင့် မြှင့်လိုက်ရုံသာပင်။ အပေါ်မှာ ဖန်ကွဲစတွေ စိုက်မထား ၊ သံဆူးလိပ်တွေ တပ်မထားသလို မြက်ခင်းကိုလည်း သမံတလင်း မလောင်းထား။ ဒါပေမဲ့ ထို အုတ် နှစ်လွှာက တကယ်လို့ ရှောက်ချန်းကျယ်သာ နောက်တစ်ခေါက် နံရံကျော်တက်လာရဲမည် ဆိုလျှင် အဲ့ဒါက သူ ချန်ရှန်းဟယ်အပေါ် လုံးဝ လေးစားမှု မရှိပါဘူး ဆိုတဲ့ သဘောသက်ရောက်သွားစေမည့် ချန်ရှန်းဟယ်ရဲ့ စိတ်ကို အပြည့်အဝ ဖော်ပြထား၏။

ဒါ့ကြောင့် နံရံကျော်တက်တာပဲဖြစ်ဖြစ် ၊ တူးမြောင်း တူးပြီး နယ်ကျော်လာတာပဲဖြစ်ဖြစ် ၊ ခြံတံခါးကနေ ညဘက် ဝင်လာတာပဲဖြစ်ဖြစ် ရှောက်ချန်းကျယ်ဟာ အဲ့လို အရာတွေကို ထပ်လုပ်လို့ မရတော့ပါ။ သူက အိမ်နီးချင်း ဆိုတဲ့ နေရာကို နာခံစွာ ပြန်သွားခဲ့ပြီး စုန့်လင်အိမ်ရာရှိ သူ့တိုက်ခန်းမှာ ယာယီ သွားနေ,နေခဲ့သည်။

အဲ့ဒီညမှာ ချန်လီချီက အဖေဖြစ်သူနှင့် ဗီဒီယိုကောလ်ပြောရင်း တအံ့တဩ ပင့်သက်ရှိုက်မိသည်။ “ ဖေဖေက အရမ်း သတိလွတ်တာပဲ။ မဟုတ်တာတွေ လုပ်မယ်ဆို ဘယ်သူမှ မသိအောင် တိတ်တိတ်လေး လုပ်ရတယ် ဖေဖေရဲ့။ ဖေဖေကတော့ ဘယ်လောက်တောင် သတိလွတ်နေလို့ ဘိုးဘိုး မိသွားတာပါလိမ့်။ ”

ရှောက်ချန်းကျယ်က ဖန်သားပြင်ပေါ်က ချစ်စဖွယ် ကလေးမလေးကို ကြည့်ရင်း သူ့မျက်လုံးတွေက ရေပြင်လို ကြည်လင်တောက်ပလာခဲ့သည်။ “ ဟုတ်ပါ့ ၊ ဖေဖေ ပိုပြီး သတိထားခဲ့သင့်တာနော်။ နောက်တစ်ခေါက်ကျရင်တော့ မဟုတ်တာတွေကို ဘယ်လို လုပ်ရမလဲ ဆိုတာ ဖေဖေ သိသွားပါပြီ။ ဖေဖေ့ကို ဘယ်သူမှ မိတော့မှာ မဟုတ်ဘူး။ ”

ချန်လီချီလေးက သူမအဖေကို နှစ်သိမ့်ပေးလိုက်သည်။ “ ဘာမှ မဖြစ်ဘူးနော် ဖေဖေ .. သိလား။ ဘိုးဘိုးကို ချော့ရတာ တအား လွယ်တယ်။ သမီး ဘိုးဘိုးလည်ပင်းကို ဖက်ပြီး သူက ကမ္ဘာပေါ်မှာ အကောင်းဆုံး အဘိုးပါ ၊ သမီးက သူ့ကို အချစ်ဆုံးပါလို့ ပြောလိုက်ရုံပဲ။ အဲ့ဒါဆို ဘိုးဘိုးရဲ့ မျက်နှာက ပြုံးရွှက်သွာရော။ စိတ်မပူနဲ့နော် ဖေဖေ ၊ သမီး ဖေဖေ့အတွက် ဘိုးဘိုးကို ကူချော့ပေးမယ်။ ”

တစ်ယောက်သော သူဟာ ရယ်ချင်စိတ်ကို ထိန်းမရတော့ပေ။

ချန်လီချီက ထိုရယ်သံကို ကြားသွားသည်။ “ ဖေဖေ့ဘေးမှာ တစ်ယောက်ယောက် ရှိနေတာလားဟင်။ ရယ်သံ ကြားလိုက်သလိုပဲ။ ”

တံခါးဝမှာ ရပ်နေတဲ့ လွီစစ်ဝေက ဟောက်ချန်ဟွမ်းကို လက်ဝှေ့ရမ်းပြပြီး စာကြည့်ခန်းထဲ လှည့်ဝင်သွားခဲ့သည်။ သူမက ထိုကလေးမလေးရဲ့ အသံကို ကြားချင်ရုံလေးပါ။ သူမရဲ့ သားကို ချန်မိသားစုက လက်မခံမချင်း ကလေးအမေရှေ့မှာ သူမ လူလုံးထွက်ပြလို့ မရပါ။ အဲ့ဒါက ကလေးအမေကိုရော ၊ သူမတို့ရဲ့ မိသားစုကိုရော လေးစားမှုမရှိရာကျလိမ့်မည်။

သို့သော်လည်း မြေးမလေးရဲ့ အသံကို ဒီလောက် နီးနီးကပ်ကပ် အကွာအဝေးကနေ ကြားရခြင်းက လွီစစ်ဝေကို အလွန် စိတ်လှုပ်ရှားစေ၏။ သူမ ငြိမ်ငြိမ်တောင် မထိုင်နိုင်တော့ဘဲ ဆိုဖာကို ခေါက်တုံ့ခေါက်ပြန် ပတ်လျှောက်နေမိသည်။ သိပ်ကို လိမ္မာလိုက်တဲ့ ကလေးမလေး … ၊ အသံလေးကလည်း ချိုချိုသာသာ။ အနည်းဆုံးတော့ သူမရဲ့ သားမှာ ဒီလို ချစ်စဖွယ် ကောင်မလေး တစ်ယောက်ကို မွေးပေးနိုင်တဲ့ အစွမ်းအစ ရှိလို့ တော်သေးရဲ့။

ရှောက်ချန်းကျယ်က ချန်လီချီကို “ တီဗီက လာတဲ့ အသံပါ သမီးရဲ့။ ဧည့်ခန်းထဲမှာ တီဗီ ဖွင့်ထားတယ်လေ။ ” ဟု ပြန်ပြောလိုက်သည်။

“ ဪ ၊ ဒါနဲ့ ဖေဖေ မေမေနဲ့ စကားပြောချင်သေးလား။ ” ချန်လီချီလေးဟာ သူမရဲ့ အဖေကို စိတ်ထဲ ရှိတဲ့ စကားတွေ အကုန်လုံး ပြောပြီးသွားပါပြီ။ ပြောစရာလည်း မကျန်တော့တာမို့ အခု စန္ဒရားတီး သွားလေ့ကျင့်ရတော့မည်။

“ အင်း ၊ ဖေဖေ မေမေနဲ့‌ ပြောချင်တယ်။ ” သူ့ဘက်က ပြောချင်ပေမဲ့ သူမကတော့ သူနှင့် ပြောချင်ပါ့မလား မသိပါ။

ချန်လီချီလေးက ဖုန်းကို လက်ထဲမှာ ကိုင်ထားလျက် ခုတင်ပေါ်မှ လျှောဆင်းပြီး ဧည့်ခန်းထဲ ပြေးဝင်ကာ အမေဖြစ်သူကို ရှာလိုက်သည်။ “ မေမေရေ ၊ ဖေဖေက မေမေ့ကို လွမ်းလို့ မေမေနဲ့ စကားပြောချင်တယ်တဲ့။ သမီး အခု စန္ဒရားတီး သွားလေ့ကျင့်လိုက်ဦးမယ်နော် ၊ ဖေဖေနဲ့ မေမေရဲ့ လူသိခံလို့ မရတဲ့ စကားတွေကို ခိုးနားမထောင်တော့ဘူး။ ” သူမလေးက ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ အမေဖြစ်သူရဲ့ လက်ထဲကို ဖုန်းထည့်ပေးပြီး စန္ဒရားတီး လေ့ကျင့်သည့် အခန်းထဲ ပြေးထွက်လာခဲ့လိုက်ပါသည်။

ချန်ကျင်းလန်က ဖုန်းမျက်နှာပြင်ကို တစ်ချက် ကြည့်လိုက်သည်။ “ ရှင် ဘာပြောမလို့လဲ။ ”

“ လီချီလေး ပြောသလိုပဲလေ။ ဖေဖေက မေမေ့ကို လွမ်းနေတာ။ ”

“ ပျင်းစရာကောင်းလိုက်တာ။ ”

“ မေမေကရော ဖေဖေ့ကို မလွမ်းဘူးလား။ ”

“ မလွမ်းပါဘူး။ ”

“ ကြည့်ရတာ ကိုယ့်ဘက်ကပဲ ချစ်နေရတဲ့ ရင်နာစရာ တစ်ဖက်သတ် အချစ်ဇာတ်လမ်းလေး ထင်ပါတယ်။ ”

“ ရှင် ဒီလောက်နဲ့ သိသွားလို့ တော်သေးတာပေါ့။ ”

ရှောက်ချန်းကျယ် ပြုံးလိုက်သည်။ “ အချစ်နာကျနေတဲ့ ကိုယ့်ကို ဆေးကုပေးတဲ့အနေနဲ့ မင်းမျက်နှာလေးကို နည်းနည်းလောက် ပြပါလား။ ” ဖန်သားပြင်ပေါ်မှာ မျက်နှာ‌ကျက်ပေါ်က မီးအလင်းရောင်ကိုသာ သူ မြင်နေရသည်။

သူ့စကားကြောင့် ချန်ကျင်းလန်က ကင်မရာကို စာရွက် တစ်ရွက်ဖြင့် အုပ်ပစ်လိုက်သည်။ အခုတော့ မျက်နှာကျက်က မီးအလင်းရောင်ကိုတောင် မမြင်ရတော့ဘဲ ပိတ်ပိတ်ပိန်းတဲ့ အမှောင်သက်သက်ကိုသာ မြင်ရတော့သည်။

“ ကျွန်မ အလုပ်,လုပ်နေတာကို လာမနှောင့်ယှက်နဲ့။ ”

“ ဟုတ်ပြီလေ။ ” ရှောက်ချန်းကျယ်က သူမကို ကန့်လန့်မတိုက်တော့ပါ။ “ ဒါဆိုလည်း မင်း အလုပ်,လုပ်နေတုန်း ကိုယ် အဖော်လုပ်ပေးမယ်လေ။ ”

ဖုန်းလေးက တစ်ချက် တစ်ချက်မှ ကြားရတဲ့ ကီးဘုတ်ရိုက်သံနှင့် စာရွက်လှန်သံတွေမှအပ တဖြည်းဖြည်း တိတ်ဆိတ်လာခဲ့သည်။ ချန်ကျင်းလန်သည် ထိုအသံတိုးတိုးလေးတွေအလယ်မှာ စာရွက်စာတမ်းတွေကို ဖတ်ရင်း အနည်းငယ် အာရုံပျံ့လွင့်သွား၏။ အရင်တုန်းကလည်း ဒီလို အဖြစ်အပျက်မျိုး ရှိခဲ့ဖူးပါသည်။ ဖုန်းဆက်ထားပြီး‌တော့ ဒီဘက်မှာ သူမက အိပ်စာလုပ် ၊ တခြား တစ်ဖက်မှာ သူကတော့ လုပ်စရာရှိတာ လုပ်နေခဲ့သည်။

အရင်တုန်းက ထိုအကြောင်းကို သိပ်မတွေးမိပေမဲ့ အခုနောက်ပိုင်း မကြာခဏ ပြန်တွေးမိနေသည်။

ချန်ကျင်းလန်က လက်ထဲက စာရွက်စာတမ်းတွေကို ချပြီး စာရွက်အုပ်ထားတဲ့ ဖုန်းကင်မရာကို လှမ်းကြည့်လိုက်သည်။ “ ရှင့်ခြေထောက်ရော အခု ဘယ်လို နေသေးလဲ။ ”

ကီးဘုတ်ရိုက်သံ တတောက်တောက် ရပ်တန့်သွားသောကြောင့် ဟောက်ချန်ဟွမ်းက မှောင်အတိကျနေတဲ့ ဖန်သားပြင်ကို ကြည့်ပြီး “ နည်းနည်းလေးတော့ ရောင်နေတုန်းပဲ။ မင်း ကြည့်ချင်လို့လား။ ” ဟု ပြန်ပြောလိုက်သည်။

ချန်ကျင်းလန်က သူ့ရဲ့ စနောက်မှုမှာ ကျရှုံးမသွားပါ။ “ နည်းနည်းလေး ရောင်နေတယ် ဆိုလည်း ဆရာဝန်သွားပြလေ။ ကျွန်မက ဒီက ကြည့်ပြီး ဘာလုပ်ပေးနိုင်မှာမို့လို့လဲ။ ”

ရှောက်ချန်းကျယ်ကတော့ သူ့အကြံပေါ်သွားတဲ့အတွက် ရှက်တဲ့ပုံလည်း မပေါ်ဘဲ ပိုပြီးတော့တောင် မျက်နှာပြောင်တိုက်လာခဲ့သည်။ “ ဆရာဝန်ဆီ သွားတာထက် မင်း ကြည့်ပေးတာကမှ ကိုယ့်အတွက် ပိုသက်သာမယ်လို့ ခံစားရတယ်။ ”

…

ချန်ကျင်းလန် သူ့ကို စကားဆက်ပြောချင်စိတ် မရှိတော့ပါ။ “ ဒါဆိုလည်း အဲ့ဒီ ရောင်နေတဲ့ ခြေထောက်နဲ့ပဲ ဒီတိုင်း ဆက်နေလိုက်။ ဘာပဲဖြစ်ဖြစ် ရှင် နာတာလေ ၊ ကျွန်မ နာတာမှ မဟုတ်တာ။ လီချီလေးကို ရေချိုးပေးရဦးမှာမို့လို့ ဗီဒီယိုကောလ်ချလိုက်တော့မယ်။ ”

“ ကောင်းပါပြီခင်ဗျာ။ ” ရှောက်ချန်းကျယ်က အပြုံးလေးဖြင့် ပြန်ပြောလိုက်ပြီး သူမဘက်က အရင် ချတာကို စောင့်နေခဲ့ပေမဲ့ အတော်ကြာသည်ထိ ဗီဒီယိုကောလ်က ချိတ်ဆက်နေဆဲ။ ခဏကြာတော့မှ ချန်ကျင်းလန်ဘက်က အသံထွက်လာသည်။ “ ဒီတစ်ပတ် စနေနေ့ မနက်ကျ ကျွန်မ လီချီလေးကို ကာကွယ်ဆေး ထိုးပေးဖို့ ဆေးရုံကို ခေါ်သွားမလို့။ ရှင် အားရင် ကျွန်မနဲ့ လိုက်ခဲ့ပေါ့ ၊ မအားရင်လည်း ဘာမှ မဖြစ်ဘူး။ ”

“ ကိုယ် စနေနေ့ အားပါတယ်။ ဘယ်အချိန်ဖြစ်ဖြစ် အဆင်ပြေတယ်။ ” သူမရဲ့ စကားမဆုံးသေးခင်မှာပဲ ရှောက်ချန်းကျယ်က “ ကိုယ် မင်းကို လာကြိုပေးရမလား။ ” ဟု မေးပြီးနေပြီပင်။

“ ရတယ် ၊ ကျွန်မတို့ ဆေးရုံမှာပဲ ဆုံကြတာပေါ့။ ဒါဆို ကျွန်မ အခု ချလိုက်တော့မယ်။ ”

တစ်ဖက်က တုံ့ပြန်စကားကိုတောင် မစောင့်တော့ဘဲ ချန်ကျင်းလန် အမြန် ချပစ်လိုက်ပြီးနောက် ဖုန်းကို ဆိုဖာပေါ် ပစ်တင်ပြီး နေရာမှ ထထွက်လာခဲ့လိုက်သည်။ ဝေးဝေးကို ထွက်လာနိုင်လေ ၊ ကောင်းလေပဲ။

ရှောက်ချန်းကျယ်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေက ဖြည်းဖြည်းချင်း ကော့တက်လာခဲ့ပြီး နက်ရှိုင်းသော မျက်လုံး‌ထဲမှာ နွေးထွေးမှုတို့ ရစ်သိုင်းနေခဲ့သည်။

***

All Chapters