အခန်း ၅၆
Vol. 6 Ch. 56
အပိုင်း ( ၅၆ )
လွီစစ်ဝေသည် နောက်ဆုံးမှာ ပုံစံအမှန်လေး ပေါ်လာတဲ့ သားဖြစ်သူကို ကြည့်ကာ စချင်စိတ်အား ထိန်းမရတော့ပေ။ “ နောက်ဆုံးတော့ နင် ဗီဒီယိုကောလ် ပြောပြီးသွားပြီပေါ့။ နောက်တစ်နေ့မနက်ထိ ပြောလို့ ပြီးဦးမှာ မဟုတ်ဘူးလို့ အမေ ထင်နေတာ။ ”
ရှောက်ချန်းကျယ်က ခပ်တိုးတိုး ချောင်းဟန့်ပြီး သူ့ရဲ့ မြင်နေကျ မဟုတ်တဲ့ အမူအရာကို ဖုံးကွယ်လိုက်သည်။
သားဖြစ်သူ ရှက်နေတာကို မြင်ရတာ ရှားရှားပါးပါးမို့ လွီစစ်ဝေကတော့ ရယ်ချင်နေလေသည်။ နည်းနည်းပါးပါး ထပ်စပြီးမှ တစ်စုံတစ်ခုကို သူမ ရုတ်တရက် သတိရသွားသည်။ “ ဟုတ်သားပဲ ၊ နင့်အဘိုးရဲ့ နောက်မိန်းမက အမေ ဒီကို ရောက်နေတယ် ဆိုတာ သိသွားပြီး နဂါးလှေလှော်ပွဲတော်ကို လာခဲ့ဖို့ ဖိတ်ထားတယ်။ အမေ ရောက်နေမှန်း သူ ဘယ်လို သိတာလဲတော့ မသိဘူး။ အမေတော့ ချက်ချင်း ငြင်းလိုက်တယ်။ အမေ့ကို သူ့စိတ်နဲ့သူ ဖိတ်တာလား .. ဒါမှမဟုတ် သခင်ကြီး ဖိတ်ခိုင်းတာလားတော့ မသိပါဘူး။ ဒါပေမဲ့ အမေကတော့ ဘွင်းဘွင်းရှင်းရှင်းသမားပဲ ၊ သူ့ကို ဘာအှ အရေးအရာလုပ်မနေနိုင်ပါဘူး။ အမေ ငြင်းလိုက်လို့ သူ စိတ်ဆိုးသွားတယ် ထင်တယ်။ အရင်တုန်းက ရှောက်မိသားစုက သူ့ကို ချွေးမလို့ အသိအမှတ်မပြုလို့ သူကလည်း ရှောက်အိမ်တော်ကို တစ်ခါမှ ခြေမချခဲ့ဘူးလေ။ ရှောက်ကျန်းခယ် မသေခင်တုန်းကတောင် သူက အဲ့မှာ ထမင်း တစ်နပ်မှ စားခဲ့တာ မဟုတ်ဘူး။ အခု ရှောက်ကျန်းခယ်လည်း မရှိတော့ဘူး ဆိုတော့ ရှောက်အိမ်တော်ဘက်ကို ခြေဦးတောင် လှည့်တော့မယ် မထင်ဘူး။ သူတို့ ဘာတွေ ကျိတ်ကြံနေကြလဲ ဆိုတာ ဘယ်သူ သိမှာလဲ။ ”
လွီစစ်ဝေက သားဖြစ်သူကို ကြည့်လိုက်သည်။ “ အမေ သားအတွက် ပြဿနာဖြစ်အောင် မလုပ်မိဘူး မဟုတ်လား။ တကယ်လို့ လုပ်မိတယ် ဆိုလည်း စိတ်ပူမနေနဲ့ကွယ်။ အဲ့ပြဿနာကို သားဘာသာ ဖြေရှင်းလို့ ရတာပဲ။ ”
စီးပွားရေးလောကအကြောင်း သူမ နားမလည်ပေမဲ့ ရှောက်ကျန်းခယ်ရဲ့ ဘဝမှာ အကြီးမားဆုံး နောင်တက သူ့အမေနှင့် သက်ဆိုင်တဲ့ ပစ္စည်းတွေ အကုန်လုံး ထိုမိန်းမရဲ့ လက်ထဲကို ရောက်သွားတာပါပဲ။ အဲ့ဒါက သူ့ဘဝရဲ့ အကြီးမားဆုံး မကျေနပ်ချက် ဆိုလည်း မမှားတာမို့ သားဖြစ်သူ လုပ်စရာရှိတာတွေ လုပ်ခိုင်းရန် ရှောက်မိသားစုဆီ ပြန်ခိုင်းခဲ့ပေမဲ့ အဲ့ဒီလိုဆိုတိုင်း သူမက ဒီလူတွေနှင့် ဟန်ဆောင်ပေါင်းသင်းမှာ မဟုတ်သလို အပေါ်ယံဆန်လွန်းတဲ့ လောကဝတ်တွေကိုလည်း လိုက်နာမှာ မဟုတ်။
ရှောက်ချန်းကျယ်က လွီစစ်ဝေရဲ့ ဘေးမှာ ဝင်ထိုင်ပြီး ဖုန်းကို ယူကာ ထိုဖုန်းနံပါတ်ကို ချက်ချင်း ဘလော့ခ်ပစ်လိုက်သည်။
“ ကျွန်တော့်အတွက် ပြဿနာရှာသလို ဖြစ်သွားလား ဆိုတာကို အမေ မစိုးရိမ်ပါနဲ့။ အဲ့လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ တစ်ခုပဲ မှတ်ထားရမယ် ၊ သူတို့ကို ယဉ်ကျေးနေဖို့ မလိုဘူး ဆိုတာပဲ။ နောက်ပိုင်း အမေ သူ့အသံကို ကြားတာနဲ့ ဖုန်းချပစ်လိုက်။ သူ့ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို အချိန်ကုန်ခံ နားထောင်မနေနဲ့။ ”
လွီစစ်ဝေက သားဖြစ်သူရဲ့ လက်ကို ဆုပ်ကိုင်ရင်း ပွေ့ဖက်လိုက်၏။ “ အမေ့ရဲ့ လူလိမ္မာလေးကို အမေ ပေါ့ပေါ့တန်တန် ပျိုးထောင်ခဲ့တာ မဟုတ်မှန်း အမေ သိတာပေါ့။ ”
စိတ်နှလုံးနွေးထွေးဖွယ် အခိုက်အတန့်လေးထဲကို သူတို့ ဝင်ရောက်ပြီး သိပ်မကြာခင်မှာပဲ လွီစစ်ဝေက အတွေး တစ်ခု တွေးမိသွားကာ သူ့လက်မောင်းကို ရိုက်ပစ်လိုက်သည်။ “ နင် ဘယ်အချိန်မှ ချန်အိမ်တော်ထဲကို ဝင်နိုင်မှာလဲ။ ကလေးမလေးရဲ့ အသံကို ကြားရရုံနဲ့တင် အမေတော့ မစောင့်နိုင်တော့ဘူး။ ”
ရှောက်ချန်းကျယ်က လက် နှစ်ဖက်ကို ဆန့်ထုတ်၍ ရင်ကော့ပေးလိုက်တော့ လွီစစ်ဝေ ကြောင်သွားသည်။ “ ဘာလဲ။ ”
“ ကျွန်တော့်ကို နည်းနည်းလောက် ထပ်ရိုက်လိုက်ပါဦး။ ”
“ ဘာလို့လဲ။ ”
“ ကျွန်တော် ချန်မိသားစုထဲကို ဝင်နိုင်ဖို့ ကြာဦးမှာမို့လို့။ ” အိမ်ချင်းကပ်ရက် နေမည့် အစီအစဉ် ကျရှုံးသွားသလို သူ့ယောက္ခမလောင်းကြီးလည်း ဒေါသထွက်သွားတာမို့ အစကတည်းက မလွယ်တဲ့ သူ့တာဝန်က ပိုပြီးတော့တောင် ခက်ခဲသွားသည်။ အခုဆို သူနှင့် ချန်မိသားစုရဲ့ တံခါးတွေနှင့် အရင်ကထက်တောင် ပိုအလှမ်းဝေးသွားပါပြီ။
လွီစစ်ဝေ : “ ….. ”
ကိုယ့်မိန်းမကို ဘယ်လို ချော့ရမလဲ ဆိုတာတောင် မသိလောက်အောင် အသုံးမကျတဲ့ အရူးလို သားကို သူမ မွေးထားမိတာ မယုံနိုင်တော့။
ထိုအပတ် စနေနေ့တွင် ကောင်းကင်ပေါ်ကနေ စိုမြကြည်အေးသော မိုးစက်ပေါက်လေးတွေ တဖွားဖွား ကျနေခဲ့သည်။ ဒါပေမဲ့လည်း ချန်လီချီအတွက်တော့ အဲ့ဒါက မိုးတွေ သည်းကြီးမည်းကြီး ရွာနေတာပါပဲ။ ဆေးရုံမှာ ကာကွယ်ဆေး သွားထိုးရမည် ဖြစ်၍ မနက် အိပ်ရာနိုးကတည်းက သူမလေး စိတ်ညစ်နေရှာသည်။ ဆေးထိုးရတာကို ချန်လီချီ လုံးဝ မကြိုက်။ နေမကောင်းဖြစ်နေလျှင်တောင် ဆေးထိုးရမှထက် ဆေးခါးကြီးတွေ သောက်ရမှာကိုပဲ ရွေးချယ်လေ့ရှိသည်။ သူနာပြုအန်တီကြီးတွေက ‘ ဆေးထိုးတာ ဘယ်လောက်မှ မနာဘူးနော် ’ လို့ အမြဲတမ်း ပြောပေမဲ့ တကယ်တော့ အရမ်း နာသည်။
ဆေးရုံကို ရောက်တော့ ချန်လီချီက ကားထဲက သူ့ဘာသာ မဆင်းချင်သလို အမေဖြစ်သူ ချီခေါ်တာကိုလည်း အချီမခံပေ။ သူမအမေရဲ့ လက်ပေါ်ကို ကုပ်တွယ်တက်ရင်း ချစ်စရာကောင်းတဲ့ အမူအရာလေး လုပ်နေခဲ့သည်။ “ သမီး ဒီနေ့ တကယ် ဆေးထိုးမှ ရမှာလားဟင် မေမေ။ ဒီနေ့ မိုးရွာနေတယ်လေ ၊ မိုးရွာတဲ့ နေ့မှာ ဆေးထိုးတာက မကောင်းဘူး မဟုတ်ဘူးလား။ ”
ချန်ကျင်းလန်က အပြင်ဘက်ကို လက်ညိုးထိုးပြလိုက်သည်။ “ ဟိုမှာ ဘယ်သူ ရောက်နေလဲ ကြည့်လိုက်။ ”
ရှောက်ချန်းကျယ်က မိုးရေထဲမှာ အနက်ရောင် ထီး တစ်လက်နှင့် လျှောက်လာပြီး ကားမှန်ကို ခေါက်လိုက်သည်။ ချန်လီချီက သူမရဲ့ အဖေကို မြင်တော့ ချက်ချင်းပဲ ဝမ်းသာသွားသည်။ သူမ ဖေဖေနဲ့ မတွေ့ရတာ သုံး ၊ လေးရက် ရှိပါပြီ။
“ ဖေဖေ … ။ ဖေဖေ ထီးဆောင်းထားတာ အရမ်း ကြည့်ကောင်းတာပဲ။ ကောင်းကင်ဘုံက လွှတ်လိုက်တဲ့ နတ်သားစစ်သည်တော်လိုပဲ။ ”
ရှောက်ချန်းကျယ်က ကားမှန်ကို လက်ထောက်ပြီး “ မင်းသမီးလေးက ကားပေါ်ကနေ နတ်သားစစ်သည်တော် ချီခေါ်တာ ခံချင်လား။ ” ဟု မေးလိုက်တော့ ချန်လီချီက လက်ကလေးတွေကို ဆန့်တန်းရင်း “ ဟုတ် ဟုတ်။ ” ဟု ပျော်ရွှင်စွာ ပြောလိုက်၏။
ရှောက်ချန်းကျယ်က ကားတံခါးကို ဖွင့်ပြီး သူမရဲ့ ခါးပတ်ကြိုးကို ဖြုတ်ကာ သူမလေးကို လက် တစ်ဖက်တည်းဖြင့် ပွေ့ချီလိုက်သည်။
ချန်ကျင်းလန်လည်း ကားပေါ်က ဆင်းပြီး သူ့ဆီက ထီးကို ယူလိုက်၏။ ဒါပေမဲ့ ရှောက်ချန်းကျယ်က ထီးကို သူမလက်ထဲ ထည့်မပေးဘဲ သူ့လက်ထဲမှာသာ ကိုင်ထားကာ ထီးအမိုးကို သူမဘက်သို့ ယိမ်းပေးခဲ့သည်။
“ ရတယ်။ ကိုယ့်နားကို နည်းနည်းလေး တိုးလိုက်။ ”
ချန်ကျင်းလန်က သူ့ခြေထောက်ကို တစ်ချက် ကြည့်လိုက်သည်။ သူမအကြည့်ကို သတိထားမိတဲ့ ရှောက်ချန်းကျယ်ရဲ့ မျက်လုံးထဲမှာ အပြုံးစလေးတွေ နက်ဝင်သွားကာ ခြေ နှစ်လှမ်း ရှေ့တိုးပြီး သူ့ခြေထောက် အခြေအနေကို ပြလိုက်တော့ ချန်ကျင်းလန်က သူ့ကို စိတ်ရှုပ်တဲ့ အကြည့်ဖြင့် ပြန်ကြည့်သည်။
ချန်လီချီကတော့ သူမရဲ့ မိဘတွေ အကြည့်ချင်း တိတ်တဆိတ် ဖလှယ်နေကြတာကို သတိမထားမိဘဲ အဖေဖြစ်သူရဲ့ လည်ပင်းကို ပွေ့ဖက်ကာ အမေဖြစ်သူဘက်ကို လှည့်ပြောလိုက်သည်။ “ ဖေဖေနဲ့ ကပ်နေနော် မေမေ ၊ မဟုတ်ရင် မေမေ မိုးစိုသွားလိမ့်မယ်။ မိုးစိုရင် ဖျားမယ်။ ဖျားရင် မေမေလည်း ဆေးထိုးရလိမ့်မယ်။ ”
ပြောရင်း ပြောရင်း သူမအသံလေးက ပိုလို့ နူးညံ့တိုးလျလာသည်။ ဆေးထိုးရမယ့်အကြောင်းကို ခုနတုန်းက ခဏ မေ့သွားပေမဲ့ အခုတော့ ပြန်သတိရသွားပါပြီ။
“ ဖေဖေလည်း ဆေးထိုးရမှာ ကြောက်လားဟင်။ ”
“ ဒါပေါ့ ၊ ဖေဖေလည်း ဆေးထိုးရမှာ ကြောက်တယ်။ ”
ချန်လီချီက မျက်လုံးအဝိုင်းသားဖြင့် အဖေဖြစ်သူကို ကြည့်လိုက်မိသည်။ ရှန်းချူချီနှင့် တခြား ကောင်လေးတွေဆို အသားနာရမှာကို မကြောက်ကြ။ ဒါပေမဲ့ ဖေဖေကတော့ ကြောက်တတ်တယ်တဲ့လား။ ဖေဖေ့မျက်လုံးတွေက သူမကို “ ဖေဖေက အသားနာမှာ အရမ်း ကြောက်တယ်ကွယ်။ ” ဟု ပြောနေခဲ့သည်။
ချန်လီချီက သူမရဲ့ အဖေကို ပခုံးပုတ်ပြီး “ အဆင်ပြေသွားမှာနော် ဖေဖေ။ နောက်တစ်ခေါက် ဖေဖေ ဆေးထိုးရင် ဖေဖေ မကြောက်အောင် ဘေးမှာ မေမေနဲ့ သမီး ရှိနေပေးမယ်။ ” ဟု နှစ်သိမ့်ပေးလိုက်၏။
ရှောက်ချန်းကျယ်က သူမရဲ့ ဆံပင်လေးတွေကို မေးစေ့နှင့် ပွတ်တိုက်ရင်း “ ကျေးဇူးပါ လီချီလေးရယ်။ ” ဟု အရင် ပြောပြီးမှ “ ဒီတစ်ခေါက်တော့ လီချီလေး မကြောက်အောင် ဖေဖေနဲ့ မေမေက လီချီလေးနဲ့အတူ ရှိနေပေးမယ်နော်။ ” ဟု ထပ်ပြောလိုက်သည်။
ချန်လီချီ ခဏ စဉ်းစားပြီး ခေါင်းညိတ်ပြလိုက်ပါသည်။ သူမ မကြောက်တော့။
တဖွဲဖွဲ ကျဆင်းနေတဲ့ မိုးရေစက်တွေအောက်က ထီးတစ်လက်အောက်မှာ သူတို့သုံးယောက်ဟာ ပူးကပ်နေခဲ့ကြသည်။ တစ်ယောက်ကို တစ်ယောက် ခိုလှုံကာကွယ်ပေးထားသလို ကိုယ်ငွေ့နွေးနွေးကိုလည်း အပြန်အလှန် ဖလှယ်နေခဲ့ကြသည်။ လေပြင်း တစ်ချက် ဝေ့ဝဲတိုက်ခတ်သွားသောကြောင့် ရှောက်ချန်းကျယ်က သူ့သမီးနှင့် ဇနီးကို သူ့ရင်ခွင်နှင့် ကွယ်ထားပေးလိုက်သည်။
အဖေနှင့် အမေကြားမှာ နွေးထွေးဇိမ်ကျနေတဲ့ ချန်လီချီလေးက ပျော်ရွှင်စွာ ပြောလိုက်သည်။ “ ဖေဖေ့ရဲ့ ကျောပြင်က အကျယ်ကြီးပဲ။ မိုးစက်တွေ အကုန်လုံးကို ချက်ချင်း ကာပေးနိုင်တယ်။ ဖေဖေက အရမ်း မိုက်တယ်မို့လား မေမေ။ ”
ချန်ကျင်းလန်က သမီးဖြစ်သူရဲ့ လေဖြတ်တိုက်သွားတဲ့ စကတ်လေးကို ဆွဲဆန့်ပေးရင်း သူမရဲ့ စကတ်အဖြူပေါ်က မိုးစက်တွေကိုပါ သုတ်လိုက်သည်။ ထို့နောက် စိတ်မပါလက်မပါ ပြန်ဖြေလိုက်၏။ “ အရမ်း မိုက်တယ်။ ဒါဆို အထဲဝင်ကြမယ်နော် သမီး။ မိုးကလည်း တဖြည်းဖြည်း သည်းလာပြီ။ ”
သူမရဲ့ လက်ဖျားလေးတွေက သူ့ရဲ့ ရှပ်အင်္ကျီပါးပါးကို ယှက်တိုက်သွားကာ သူ့အသားပေါ်မှာ အနွေးဓာတ်လေး ချန်ခဲ့သဖြင့် ရှောက်ချန်းကျယ်ရဲ့ မျက်လုံးတွေ နွေးထွေးသွားရသည်။
ချန်လီချီလေးက ဆေးထိုးရမှာကို မကြောက်တော့ဘူးလို့ ပြောတိုင်း ဆေးထိုးရတာက မနာတော့မှာ မဟုတ်ပါ။ သူနာပြုက သူမကို “ ခဏနေ ပြီးသွားမှာနော် ကလေး။ နာလည် မနာဘူး ၊ ကြာလည်း မကြာဘူး။ ” ဟု ကရားရေလွှတ် တတွတ်တွတ် နှစ်သိမ့်ပေးနေစဉ်မှာ သူမက ဖေဖေ့ရင်ခွင်ကို မှီရင်း မေမေ့လက်ကို တင်းနေအောင် ဆုပ်ကိုင်ထားခဲ့သည်။ ဆေးရုံထဲမှာတောဘ မငိုမိအောင် ထိန်းထားနိုင်ပေမဲ့ ဆေးရုံအပြင်ကို ရောက်သည်နှင့် သူမလေးရဲ့ ပါးပေါ်ကို ပုလဲလုံးလေးတွေ စီးကျလာပါတော့သည်။ ဘာငိုသံမှ မထွက်စေဘဲ မျက်ရည်တွေကို လက်ဖမိုးနှင့် တိတ်တိတ်လေး ပွတ်သုတ်ပစ်လိုက်သည်။
မိုးရွာပြီးစမှာ ထွက်လာတဲ့ သက်တန့်ကတောင် သူမကို အာရုံမလွှဲနိုင်ခဲ့။ သူ့သမီး ဒီလောက် အကြာကြီး ငိုနေတာကို ရှောက်ချန်းကျယ် အခုမှ ပထမဆုံးအကြိမ် မြင်ဖူးတာမို့ ဘယ်လို နှစ်သိမ့်ပေးရမှန်း မသိဘဲ မျက်ရည်စတွေကို သူ့လက်နှင့် သုတ်ပေးပြီး အမေဖြစ်သူထံ အကူအညီ လှည့်တောင်းဖို့သာ တတ်နိုင်လေသည်။
ချန်ကျင်းလန်က နူးညံ့ပျော့ပျောင်းစွာ ပြောလိုက်သည်။ “ လီချီလေးက ဒီနေ့ သိပ်ကို သတ္တိရှိတာပဲ။ ဆုချတဲ့အနေနဲ့ လီချီလေး စားချင်တဲ့ နေ့လယ်စာကို မေမေ ဝယ်ကျွေးမယ်နော်။ ဒါပေမဲ့ သမီး အခုလေးတင် ဆေးထိုးလာတာ ဆိုတော့ ရေခဲမုန့်တော့ စားလို့ မရဘူး။ ရေခဲမုန့် စားချင်ရင် မနက်ဖြန်မှ မေမေ ဝယ်ကျွေးမယ်နော်။ ”
ချန်လီချီလေးရဲ့ မျက်တောင်ဖျားမှာ တွဲလွဲခိုနေတဲ့ မျက်ရည်စလေးတွေက အမေဖြစ်သူရဲ့ စကားကို ကြားချိန်မှာ ကြွေကျတော့မလို ဖြစ်သွားသည်။
“ သမီး ပီဇာ စားချင်လား။ ”
ချန်လီချီက ငိုထားလို့ ရဲနေတဲ့ မျက်လုံးလေးများဖြင့် မေးလိုက်သည်။ “ သမီး အသီးပီဇာ စားလို့ ရလား။ ”
“ ဒါပေါ့ ၊ စားလို့ ရတာပေါ့။ ”
ချန်လီချီလေးရဲ့ မျက်ရည်စတွေ တဖြည်းဖြည်း လျော့နည်းလာပြီ ဆိုပေမဲ့ ရှိုက်သံတော့ မပျောက်သေးပေ။ “ သမီး နောက်ထပ် တစ်မိနစ်လောက် ထပ်ငိုရင်လည်း အသီးပီဇာ စားလို့ ရသေးလားဟင် မေမေ။ ”
ချန်ကျင်းလန်သည် သူမရဲ့ ပါးကလေးကို လိမ်ဆွဲလိုက်၏။ “ ငိုတာက ငိုလို့ ရပါတယ်။ ဒါပေမဲ့ ငါးမိနစ်ထက်တော့ ပိုမငိုနဲ့နော် လီချီလေး ၊ မဟုတ်ရင် နောက်တစ်နေ့ကျ သမီးရဲ့ မျက်လုံးတွေ မို့အစ်နေလိမ့်မယ်။ ”
ချန်လီချီက အိခနဲ ရှိုက်သံ တစ်ဝက်ဖြင့် ခေါင်းညိတ်လိုက်သည်။ “ ဟုတ် ၊ ဒါဆို သမီး နောက်ထပ် သုံးမိနစ်လောက်ပဲ ထပ်ငိုမယ်နော်။ သမီးရဲ့ မျက်လုံးလေးတွေ မလှတော့မှာ စိုးလို့ မို့အစ်သွားတဲ့ထိ မငိုတော့ဘူး။ ”
ရှောက်ချန်းကျယ်က သားအမိ နှစ်ယောက်ရဲ့ ခပ်တိုးတိုး စကားဝိုင်းကို နားထောင်ရင်း သူ့နှလုံးသားထဲမှာ ဆစ်ခနဲ နာကျင်သွားသလို နူးလည်း နူးညံ့သွားမိသည်။ သူ ချန်ပျင်းလန်ရဲ့ လက်ကို ကိုင်ပြီး ချန်လီချီရဲ့ ဆံပင်လေးတွေကို ပွတ်သပ်လိုက်သည်။ “ လီချီလေးက အသီးပီဇာ စားချင်ရင် ဖေဖေ လုပ်ကျွေးလို့ ရတယ်။ ”
အဖေဖြစ်သူရဲ့ စကားကြောင့် ချန်လီချီရဲ့ ရှိုက်သံပါ တစ်ခါတည်း ရပ်တန့်သွားသည်။ “ တကယ်လား ဖေဖေ … ”
“ တကယ်ပေါ့ ၊ လီချီလေးကရော ဖေဖေကိုယ်တိုင် လုပ်တဲ့ ပီဇာ စားချင်လား။ ”
ချန်လီချီလေးရဲ့ မျက်လုံးရဲရဲလေးတွေက မျှော်လင့်ချက်ဖြင့် တလဲ့လဲ့။ “ စားချင်တယ် စားချင်တယ်။ ” ဒါပေမဲ့ သူမအတွေးထဲကို မေးခွန်း တစ်ခု ရောက်လာသည်။ “ ဒါပေမဲ့ ဖေဖေ ဘယ်မှာ ပီဇာ လုပ်မှာလဲဟင်။ ”
သူမရဲ့ ဘိုးဘိုးက ဖေဖေ့ကို နံရံကျော်တက်တဲ့ ကိစ္စအတွက် စိတ်ဆိုးနေဆဲမို့ ဖေဖေ့ကို သေချာပေါက် အိမ်ခေါ်သွားလို့ မရပေ။
ရှောက်ချန်းကျယ်က သူ့နံဘေးက အမျိုးသမီးကို တွန့်ဆုတ်စွာ မရဲတရဲ မေးလိုက်သည်။ “ ကိုယ်တို့ စုန့်လင်အိမ်ရာကို သွားကြမလား။ အခုလောလောဆယ် ကိုယ် အဲ့မှာ နေ,နေတာ။ ကိုယ် တစ်ယောက်တည်းပဲ နေတာနော် ၊ တခြား ဘယ်သူမှ မရှိဘူး။ ” သူ့အမေက မနေ့ကတည်းက ပြန်သွားပြီ ဖြစ်သည်။
ချန်ကျင်းလန်က သူ့ကို တစ်ချက် ကြည့်လိုက်ချိန်မှာ ခဏတာ စဲသွားတဲ့ မိုးက ပြန်သည်းလာခဲ့သည်။ ချန်ကျင်းလန်ရဲ့ အကြည့်က သူတို့ နှစ်ယောက် တွဲထားတဲ့ လက်တွေဆီ အကြည့်ရောက်သွားသည်။ “ ရှင့်အိမ်မှာ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေရော ရှိလို့လား။ လက်လွတ်စပယ် ကတိမပေးနဲ့။ ”
ရှောက်ချန်းကျယ်ရဲ့ မျက်လုံးတွေက အပြုံး တစ်ခုအဖြစ် ကွေးညွှတ်သွားကာ သူမရဲ့ လက်ဖဝါးလေးကို ဖျစ်ညှစ်လိုက်၏။ “ ကိုယ်တို့ လမ်းမှာ ကုန်တိုက် တစ်ခုခုမှာ ဝင်ဝယ်လို့ ရတာပဲ။ ”
မျက်ရည်တွေလည်း ခြောက် ၊ ရှိုက်သံတွေလည်း ပျောက်သွားပြီ ဖြစ်တဲ့ ချန်လီချီထံမှ ရွှင်ပျစွာ အသံလေး ထွက်လာသည်။ “ အဲ့ဒါဆို ကုန်တိုက်မှာ အရင် ရှော့ပင်းထွက်ကြမယ်။ ပြီးမှ ဖေဖေ့အိမ်မှာ ဖေဖေ လုပ်ကျွေးတဲ့ အသီးပီဇာကို စားမယ်။ ”
ဒါပေမဲ့ သူ့မင်းသမီးလေးက ခပ်ကြာကြာ မပျော်လိုက်ရပါ။ ထိုးထားတဲ့ ဆေးရဲ့ သက်ရောက်မှုအပြင် ငိုထားလို့ ပင်ပန်းသွားတာကြောင့် ကုန်တိုက်ကိုတောင် မရောက်သေးခင်မှာပဲ အမေဖြစ်သူရဲ့ ရင်ခွင်ထဲမှာ အိပ်မောကျသွားခဲ့သည်။
ရှောက်ချန်းကျယ်က နောက်ကြည့်မှန်ကနေ တစ်ဆင့် နောက်ခန်းထဲကို ကြည့်လိုက်သည်။ “ အိပ်ပျော်သွားတာလား။ ”
“ အင်း။ ”
“ ဒါဆို ကိုယ် မင်းတို့ကို စုန့်လင်အိမ်ရာမှာ အရင် ချခဲ့လိုက်မယ်။ ပြီးမှ ကိုယ် တစ်ယောက်တည်းပဲ ကုန်တိုက်မှာ လိုတာတွေ သွားဝယ်လိုက်မယ်။ ”
“ လီချီလေးလည်း အိပ်ပျော်သွားပြီ ဆိုတော့ ကျွန်မတို့ ရှင့်တိုက်ခန်းကို မလိုက်တော့ဘူး။ ကားရပ်လိုက် ၊ ကျွန်မ ဒရိုင်ဘာကို ဖုန်းဆက်ပြီး လာခေါ်ခိုင်းလိုက်မယ်။ ”
ဒါပေမဲ့ ရှောက်ချန်းကျယ်က ကားရပ်မပေးပါ။ “ ကိုယ် လီချီလေးကို ကတိပေးပြီးသွားပါပြီ။ သူ နိုးလာလို့ အသီးပီဇာ မစားရရင် ကိုယ် လိမ်တယ်လို့ ထက်သွားလိမ့်မယ်။ ကိုယ် မင်းကို ဘယ်တော့မှ လိမ်မပြောပါဘူးလို့ ကျိန်ခဲ့ပြီးသွားပြီ ၊ အဲ့လိုပဲ .. ကိုယ့်သမီးကိုလည်း မလိမ်နိုင်ဘူး။ ”
ချန်ကျင်းလန်ထံမှ ဘာစကားသံမှ ထွကိမလာဘဲ အသံတိတ်သွားသည်။
တိုက်ခန်းတံခါးဝကို ရောက်တော့ ရှောက်ချန်းကျယ်က ချန်လီချီကို လက် တစ်ဖက်ဖြင့် ပွေ့ချီထားရင်း လျှို့ဝှက်နံပါတ်ကို ချန်ကျင်းလန် မြင်အောင် ကျန်လက် တစ်ဖက်ဖြင့် ရိုက်ထည့်နေခဲ့သည်။ ဒါပေမဲ့ ချန်ကျင်းလန်က တမင် အကြည့်လွှဲနေ၍ သူ ပါးစပ်ကနေ အလွတ်ရွတ်ပြလိုက်သည်။ “ လျှို့ဝှက်နံပါတ်က အခုထိ မင်းမွေးနေ့ပဲ ၊ ဘယ်တုန်းကမှ မပြောင်းခဲ့ဘူး။ ”
ချန်လီချီလေးကို အိပ်ရာပေါ်မှာ ချပေးလိုက်၏။ သူမလေးရဲ့ မျက်ခွံလေးတွေ ၊ နှုတ်ခမ်းလေးတွေ တဖျတ်ဖျတ် လှုပ်ရှားသွားပြီးမှ နှစ်နှစ်ခြိုက်ခြိုက် ပြန်အိပ်ပျော်သွားသည်။ ရှောက်ချန်းကျယ်က သူ့နောက်က အမျိုးသမီးကို အိပ်ခန်းထဲ ခေါ်ခဲ့လိုက်ပါသည်။ “ ကုန်တိုက်က အောက်ထပ်မှာ ဆိုတော့ ကိုယ် အရမ်း ကြာမှာ မဟုတ်ဘူး။ မင်း ပင်ပန်းရင် တစ်ရေးလောက် အိပ်ရင် အိပ်ထားလို့ ရတယ်။ ရေခဲသေတ္တာထဲမှာလည်း ရေဆာရင် သောက်ဖို့ အအေးတွေ ရှိတယ်။ လုပ်စရာ အလုပ်တွေ ရှိရင်လည်း စားပွဲပေါ်က ကွန်ပျူတာကို ယူသုံးလို့ ရတယ်။ လျှို့ဝှက်နံပါတ်က မင်းမွေးနေ့ပဲ။ ဒီအိမ်ထဲမှာ ရှိသမျှ လျှို့ဝှက်နံပါတ်တွေ အကုန်လုံးက မင်းမွေးနေ့တွေချည်းပဲ။ ”
ချန်ကျင်းလန် သူ့ကို မျက်လုံးလှိမ့်ပြီး ကြည့်မိသွားသည်။ “ ရှင် ပြောလို့ ပြီးပြီလား။ ပြောလို့ ပြီးပြီဆိုလည်း မြန်မြန် သွားတော့။ ”
ရှောက်ချန်းကျယ် သူမကို ပြုံးပြလိုက်သည်။ “ ကိုယ် သွားရတော့မှာလား။ ”
“ သွား သွား … ” ဟု ချန်ကျင်းလန်က စိတ်မရှည်သလို ပြောလိုက်သည်။ အောက်ထပ်က ကုန်တိုက်မှာ ဝယ်စရာရှိတာတွေ သွားဝယ်ရုံလေးပဲလေ ၊ နှစ်တွေ ဆယ်ချီ ကြာမယ့် အာကာသခရီးရှည် ထွက်နေတာမှ မဟုတ်တာ။
ရှောက်ချန်းကျယ်က သူမကို ရင်ခွင်ထဲ ဆွဲပွေ့လိုက်သည်။ “ ကိုယ် မသွားခင် တစ်ခါလောပ် ဖက်သွားဦးမယ်။ ” သူက သူမကို ဖျတ်ခနဲ ဆွဲဖက်ပြီး ချက်ချင်း ထွက်သွားသည်။ သူ ထွက်သွားပေမဲ့ သူ့ရဲ့ သင်းပျံ့ကြွပ်ဆတ်တဲ့ ရနံ့က အခန်းထဲမှာ ငြိတွယ်ကျန်ရစ်ခဲ့သည်။
***