အခန်း ၅၇
Vol. 6 Ch. 57
အပိုင်း ( ၅၇ )
ရှောက်ချန်းကျယ် မရှိတုန်း ဧည့်ခန်းထဲကို ချန်ကျင်းလန် လျှောက်ကြည့်နေမိသည်။ သူမ ဒီတိုက်ခန်းကို တစ်ချိန်က ရောက်ခဲ့ဖူးသည်။ ပရိဘောဂတွေက အရင်အတိုင်း ဘာမှ သိပ်မပြောင်းလဲ။ သူမ ဝယ်ပေးတဲ့ အလှပန်းအိုးပင်လျှင် စားပွဲပေါ်မှာ နေရာယူထားဆဲ ဖြစ်သည်။
ပြတင်းပေါက်နား သွားပြီး အပြင်ဘက်က မိုးစက်တွေကို ငေးကြည့်ရင်း အတွေးထဲ နစ်မြုပ်နေစဉ်မှာ ရုတ်တရက် ထွက်ပေါ်လာတဲ့ တံခါးဘဲလ်သံက သူမကို သတိပြန်ဝင်လာစေသည်။ လက်ထဲမှာ ပစ္စည်းတွေ အများကြီး သယ်လာရလို့ သူ တံခါးတောင် မဖွင့်နိုင်တော့တာလားဟု တွေးမိတော့ အပြေး သွားဖွင့်ပေးလိုက်၏။
အပြင်မှာ ရပ်နေတဲ့ လူကို မြင်လိုက်ရချိန် သူမ အေးခဲသွားသလို ရှောက်ယွင်ကျန်းကလည်း သူမကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားသည်။ “ မင်းက ဒီမှာ ဘာလာလုပ်နေတာလဲ။ ”
“ လောလောဆယ် ရှောက်ချနန်းကျယ် မရှိပေမဲ့ ခဏနေ ပြန်ရောက်လာပါလိမ့်မယ်။ ”
ရှောက်ယွင်ကျန်းက သူမရဲ့ ပြောပုံဆိုပုံကို မကျေနပ်သလို အမူအရာဖြင့် တုတ်ကောက်ကို ကြမ်းပြင်ပေါ် ဆောင့်ချလိုက်သည်။ “ မင်း ငါ မေးတဲ့ မေးခွန်းကို မဖြေရသေးဘူး။ မင်း ဒီကို ဘာလာလုပ်တာလဲ။ ”
ချန်ကျင်းလန် မျက်နှာကို မော့ချီထားလိုက်သည်။ “ ကျွန်မဘာသာ ဘယ်ကိစ္စနဲ့ပဲ ဒီကို ရောက်ရောက် အဲ့ဒါ ရှင်နဲ့မှ မဆိုင်တာ။ ကျွန်မ သိသလောက်တော့ ဒါ ရှင့်အိမ် မဟုတ်ပါဘူး။ ”
ရှောက်ယွင်ကျန်းရဲ့ မျက်လုံးတွေက ပိုပြီး ကျဉ်းမြောင်းသွားသည်။ “ ချန်မျိုးရိုးတွေ ပျိုးထောင်ထားတဲ့ သမီး ဆိုတော့လည်း ထင်တဲ့အတိုင်းပဲ။ နှစ်တွေသာ အများကြီး ကြာသွားတယ် ၊ မင်းရဲ့ လူကြီးမိဘတွေအပေါ် ရိုသေလေးစားမှုမရှိတဲ့ ပုံစံကတော့ နည်းနည်းလေးတောင် ပြောင်းလဲမသွားဘူး။ ”
“ အဘိုး … ” အခုမှ အိပ်ရာနိုးလာတဲ့ ချန်လီချီလေးက ဧည့်ခန်းထဲ ဝင်လာပြီး အမေဖြစ်သူရဲ့ လက်ကို ဆုပ်ကိုင်လိုက်သည်။ သူမရဲ့ အသံက နူးညံ့ပျော့ပျောင်းသော်လည်း မျက်နှာမှာတော့ တည်ငြိမ်လေးနက်မှု အပြည့်။
“ အဘိုးကတောင် သမီးအမေအပေါ် ယဉ်ကျေးမှုမရှိသေးတာ မေမေက ဘာလို့ အဘိုးကို ယဉ်ကျေးရဦးမှာလဲ။ သမီးရဲ့ ဘိုးဘိုး သင်ပေးထားတဲ့ ‘ အပြန်အလှန် ’ ဆိုတဲ့ စကား တစ်ခွန်း ရှိတယ်။ အဓိပ္ပာယ်က တစ်ဖက်လူက ကိုယ့်အပေါ် ယဉ်ကျေးရင် ကိုယ်ကလည်း သူ့ကို ယဉ်ယဉ်ကျေးကျေး ပြန်ဆက်ဆံလိုက်ပါ ၊ ဒါပေမဲ့ ကိုယ့်အပေါ် ယဉ်ကျေးမှုမရှိတဲ့ လူကိုတော့ ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေစရာ မလိုပါဘူးတဲ့။ သမီးအမေကို အဘိုးအပေါ် ယဉ်ကျေးမှုရှိစေချင်တယ် ဆိုရင် အဘိုးဘက်က အရင် ယဉ်ယဉ်ကျေးကျေး ဆက်ဆံဖို့ လိုတယ်။ ”
ချန်လီချီလေးက ထိုသို့ ပြောပြီးနောက် လက်ညိုးလေးကို ကွေးချည်ဆန့်ချည် လုပ်ကာ အမေဖြစ်သူကို လှည့်ကြည့်လိုက်သည်။ “ သမီး ပြောတာ မှန်တယ်မို့လား မေမေ။ ”
ချန်ကျင်းလန်က သူမလေးရဲ့ ဆံပင်ကို ခပ်ဖွဖွ ပွတ်သပ်ပေးရင်း ပြုံးပြလိုက်သည်။ “ လီချီလေး ပြောတာ လုံးဝ မှန်တယ်။ ”
အမေဖြစ်သူရဲ့ အပြုံးကို မြင်တော့ ချန်လီချီလေးရဲ့ ရှိရင်းစွဲ မျက်လုံးဝိုင်းလေးတွေက အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။
ရှောက်ယွင်ကျန်းက ဒေါသကြောင့် ပေါက်ကွက်တော့မည့်အလား မျက်လုံးများဖြင့် ချန်လီချီကို အစိမ်းလိုက် ဝါးစားချင်သလို စိုက်ကြည့်လိုက်သည်။ ဒါပေမဲ့ အနီးကပ် သေချာ ကြည့်လိုက်မည် ဆိုပါက ဒေါသခိုးတွေ ဝေနေတဲ့ မျက်လုံးတွေထဲမှာ ကြောက်ရွံ့မှု အငွေ့အသက်တွေကိုလည်း မြင်ရပါလိမ့်မည်။ ရှောက်ယွင်ကျန်းရဲ့ နှုတ်ခမ်းထောင့်စွန်းတွေက အနည်းငယ် တွန့်ချိုးနေခဲ့ပေမဲ့ ဘာမှ ပြန်မပြောနိုင်ဘဲ စကားလုံးတွေ အကုန်လုံးက သူ့လည်ချောင်းထဲမှာ တစ်ဆို့နေခဲ့သည်။
ချန်ကျင်းလန်က သူမနောက်က ချန်လီချီလေးကို ကာကွယ်ဖို့ ဘေးကို နည်းနည်းလေး နေရာရွေ့လိုက်ပါသည်။ “ ရှောက်ချန်းကျယ်က အောက်ထပ်က ကုန်တိုက်မှာ ဝယ်စရာရှိတာတွေ သွားဝယ်နေတယ် ၊ ခဏနေရင်တော့ ပြန်ရောက်မယ် ထင်တယ်။ ပိုင်ရှင်က အိမ်မှာ မရှိတော့ ကျွန်မလည်း ရှင့်ကို အထဲဝင်ခိုင်းလို့ မရဘူး။ ရှင့်ကို အပြင်မှာ စောင့်ချင်ရင် စောင့်လို့ ရတယ် ၊ မစောင့်နိုင်ရင်လည်း ဖုန်းခေါ်လိုက်။ ”
ချန်ကျင်းလန်က ပြောစရာရှိတဲ့ စကားကို အပြတ် ပြောပြီး တံခါးကို ပြန်ပိတ်လိုက်သည်။
ချန်လီချီလေးက သူမနောက်ကနေ ခေါင်းလေး ပြူကြည့်ရင်း “ မေမေ .. အဲ့အဘိုးကြီးက ဘယ်သူလဲဟင်။ ” ဟု မေးလိုက်သောကြောင့် ချန်ကျင်းလန်က သူမလေးကို ဧည့်ခန်းထဲ ပွေ့ချီသွားပြီး ဆိုဖာပေါ် တင်ပေးလိုက်သည်။ “ ဒီတိုင်း လူကြီးက လူကြီးလို မနေတဲ့ ရယ်စရာကောင်းတဲ့ လူ တစ်ယောက်ပါပဲ။ ”
ချန်ကျင်းလန်သည် ရှောက်ယွင်ကျန်းကို အတွေးထဲက မောင်းထုတ်ပြီး သမီးဖြစ်သူရဲ့ လက်မောင်းကို ကြည့်လိုက်သည်။ “ သမီးရဲ့ လက်မောင်း နာနေသေးလား။ ”
ချန်လီချီလေးက သူမကို ခေါင်းခါပြသည်။ “ ဟင့်အင်း ၊ မနာတော့ဘူး။ ”
ခါတိုင်းလည်း ဆေးထိုးတိုင်း နာပေမဲ့ ဒီနေ့မှ သူမ အရမ်း နာတယ်လို့ ခံစားနေရတာ ဘာ့ကြောင့်မှန်း မသိပါ။ ဖေဖေရော ၊ မေမေရော ဘေးမှာ ရှိနေလို့ အကဲပို ၊ အချွဲပိုချင်နေတာများလား … ။
“ ဖေဖေ ဘယ်သွားတာလဲ မေမေ။ ” ချန်လီချီက အိမ်ထဲကို ဝေ့ဝဲ ကြည့်လိုက်သည်။
“ သမီး ပီဇာ စားချင်တယ် ဆိုလို့ ကုန်တိုက်မှာ လိုတာတွေ သွားဝယ်နေတယ်။ ”
“ ဪ … ၊ ဒါဆို ဒါ ဖေဖေ့အိမ်လားဟင်။ ”
“ အင်း။ ”
“ ဖေဖေ မရှိတုန်း အိမ်ထဲမှာ လျှောက်ကြည့်လို့ ရလား မေမေ။ ” ချန်လီချီက သူမအဖေရဲ့ အိမ်ကို အလွန် စူးစမ်းချင်နေသည်။
“ လျှောက်ကြည့်လို့တော့ ရတယ် ၊ ဒါပေမဲ့ ဘာကိုမှ မကွဲစေနဲ့နော်။ ”
ချန်လီချီလေးက ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်ပေမဲ့ ချက်ချင်းပဲ သူမရဲ့ ဖိနပ်မပါတဲ့ ခြေထောက်လေးတွေကို ပြန်ငုံ့ကြည့်ကာ နှာခေါင်း တစ်ချက် ရှုံ့လိုက်၏။ “ မေမေ .. သမီး ဖိနပ် မစီးဘဲ လျှောက်ကြည့်လို့ရော ရလားဟင်။ ”
ဖေဖေ့အိမ်ကို ရောက်ဖူးတာ အခုမှ ပထမဆုံးအကြိမ်မို့ ဒီမှာ အိမ်ထဲမှာ စီးတဲ့ ခြေညှပ်ဖိနပ် အပါးလေးတွေလည်း မရှိလောက်။ သူမက ကြမ်းပြင်ပေါ်မှာ ဒီတိုင်း ခြေဗလာနှင့် လျှောက်သွားရတာ ကြိုက်ပေမဲ့ မေမေကတော့ လုံးဝ မကြိုက်ပါ။
“ သမီး ခဏ ထိုင်နေလိုက်ဦး။ မေမေ သမီးအတွက် ဖိနပ်သွားယူပေးမယ်။ ”
ရှောက်ချန်းကျယ်က တိုက်ခန်းထဲကို ဝင်,ဝင်ချင်းမှာ အကန့်လေး နှစ်ကန့်ဖြင့် ဖိနပ်တွေ စီရရီ တင်ထားတဲ့ ဖိနပ်ဗီရိုလေးကို ညွှန်ပြထားခဲ့ပါသည်။ ချန်ကျင်းလန်က အောက်က အတန်းလေးထဲက ပန်းရောင် ခြေညှပ်ဖိနပ် အပါးလေးကို ယူလိုက်၏။ ထို့နောက် သူမ လှည့်ထွက်လာဖို့ လုပ်နေစဉ်မှာပဲ ဖိနပ်ဗီရိုလေးရဲ့ အောက်အကန့် အစွန်ဆုံးက မိန်းကလေးစီး ဖိနပ် အဖြူရောင်လေးထံ အကြည့်ရောက်ကာ ငြိမ်သက်သွားမိလေသည်။
ပန်းရောင် ဖိနပ်လေးတွေကို အမြင်မှာ ချန်လီချီရဲ့ မျက်လုံးတွေ လက်ခနဲ တောက်ပသွားသည်။ “ ဝါး ၊ ဖေဖေက သမီးအတွက် ဖိနပ်လေးတွေပါ ပြင်ပေးထားတာပဲ။ သဘောကျလိုက်တာ။ ”
ချန်ကျင်းလန် သူမလေးကို ဖိနပ်စီးပေးလိုက်ပြီးနောက် ချန်လီချီသည် ဆိုဖာပေါ်ကနေ ဆင်းကာ အမေဖြစ်သူရဲ့ လက်ကို ဆွဲလျက် ဧည့်ခန်းနှင့် စာကြည့်ခန်းထဲကို လျှောက်ကြည့်နေခဲ့သည်။
ဖေဖေက အနက်ရောင်ကို အတော် ကြိုက်ပုံရသည်။ ဆိုဖာကလည်း အနက် ၊ ကြမ်းပြင်ကလည်း အနက် ၊ စာအုပ်စင်ကလည်း အနက် ၊ စာကြည့်စားပွဲကလည်း အနက်။ စာကြည့်ခန်းထဲကို လှည့်ပတ်ကြည့်ရှုပြီးသွား၍ ဘေးအခန်းလေးထဲကို ကူးလာခဲ့လိုက်လျှင် ချန်လီချီရဲ့ မျက်လုံးလေးတွေ ပြူးကျယ်ဝိုင်းစက်သွားရသည်။ ဘာဘီ အရုပ်မလေးတွေ ၊ တခြား ကစားစရာ အရုပ်လေးတွေနှင့် နတ်သမီးပုံပြင်စာအုပ်တွေ ပြည့်နှက်နေတဲ့ ပန်းရောင် အခန်းလေးရဲ့ ထောင့်မှာ ပန်းရောင် စန္ဒရားလေးတောင် ရှိလိုက်သေးသည်။
ချန်လီချီက အမေဖြစ်သူကို လှည့်ကြည့်ပြီး “ ဒါ သမီးအတွက် ဖေဖေ ပြင်ပေးထားတဲ့ အခန်းလားဟင်။ ” ဟု မေးလိုက်တော့ ချန်ကျင်းလန်က သူမရဲ့ နှင်းဆီသွေးရောင် ပါးဖောင်းဖောင်းလေးတွေကို ခပ်ဖွဖွ ဖျစ်ညှစ်လိုက်သည်။ “ သူ ပြန်လာရင် သမီး မေးကြည့်လိုက်ပေါ့။ ”
“ ဖေဖေက ဘယ်တော့ ပြန်လာမှာလဲ။ ”
“ ခဏနေဆို ပြန်ရောက်လောက်ပါပြီ။ ”
ရှောက်ချန်းကျယ်က သူ့ကို ရှောက်ယွင်ကျန်း ဖုန်းလှမ်းဆက်သည်နှင့် တစ်ပြိုင်နက် ကုန်တိုက်ကနေ အပြေး ပြန်လာခဲ့လေသည်။ တကယ်တော့ ပိုင်ဆိုင်မှု စီမံခန့်ခွဲရေး မန်နေဂျာ တစ်ယောက်ကို အလုပ်ခန့်ထားလိုက်လျှင် ဒီလို ကိစ္စတွေကို သူ့အစား အစအဆုံး လုပ်ပေးသွားမှာ ဆိုပေမဲ့ သူကတော့ သူကိုယ်တိုင်ပဲ လုပ်ချင်ခဲ့တာ ဖြစ်သည်။ တိုက်ခန်းမှာ သားအမိ နှစ်ယောက်တည်း ထားခဲ့မိတာကို နောင်တရသွားသလို သူ ဖုန်းပြန်ဆက်ချိန်မှာလည်း ဘယ်သူမှ ဖုန်းမကိုင်တော့ပါ။ သူ ပြန်ရောက်တဲ့အခါ သူမ ရှိပါ့ဦးမလား သိပ်မသေချာ။
ရှောက်ယွင်ကျန်းက မျက်ခုံး နှစ်ခု ထိစပ်တော့မလား ထင်မှတ်ရအောင် မျက်မှောင်ကြုတ်လျက် ၊ တုတ်ကောက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားလျက် အောက်ထပ်မှာ စောင့်နေခဲ့သည်။
တော်တော်လေးကို တူတာ ၊ မျက်လုံး တစ်ခုတည်းတင် မဟုတ်ဘူး .. အဲ့လို မျက်နှာထားတင်းတင်းနဲ့ ကိုယ် သိထားတဲ့ အကြောင်းကို ရဲရဲဝံ့ဝံ့ ပြောနေတဲ့ အမူအရာရော တူတာ။ ပြီးတော့ နှုတ်ခမ်းက ပြုံးလိုက်တဲ့အချိန်မှာ မျက်လုံးတွေပါ ပြုံးရိပ်သမ်းသွားတာရော … ။
ထိုကလေးမလေးက ရှောက်ချန်းကျယ်နှင့် အတော်လေး ရုပ်ချင်း ဆင်သည်ဟု ခံစားရပေမဲ့ ရှောက်ချန်းကျယ်က သူမလေးနှင့် အပေါ်ယံ အသွင်အပြင်လောက်သာ တူကာ သူမလေးရဲ့ စိတ်နေစိတ်ထားကတော့ ချန်ကျင်းလန်နှင့် တစ်ထပ်တည်း ဖြစ်လေ၏။ နှစ်တွေ အများကြီး ကြာသွားခဲ့ပြီမို့ ချန်ကျင်းလန်ရဲ့ မျက်နှာကိုတောင် မမှတ်မိတော့ဘူးလို့ သူကိုယ်သူ ထင်ခဲ့ပေမဲ့ တကယ်တော့ သူ အခုထိ မမေ့သေးပါ။ ဦးနှောက်ထဲမှာ မှတ်မထားရဲတာပဲ ရှိသည်။
ရှောက်ချန်းကျယ်က ကျွီခနဲ မြည်အောင် ဘရိတ်အုပ်၍ လမ်း တစ်ဖက်မှာ ကားရပ်ကာ ကားပေါ်က ခြေလှမ်းကျဲများဖြင့် ထွက်လာပြီး ရှောက်ယွင်ကျန်း ရှေ့မှာ ရပ်လိုက်သည်။ “ အဘိုး ဘာလုပ်ဖို့ ရောက်လာတာလဲ။ ”
ရှောက်ယွင်ကျန်းက နှာခေါင်းက လေထွက်ရုံ လှောင်ရယ် ရယ်လိုက်၏။ “ ဘာလဲ ၊ ငါ လာလို့ မရဘူးလား။ ငါ ဒီကို နောက်တစ်ခေါက် ထပ်မလာရင် မင်းက အဲ့ဒီ အရိုင်းအစိုင်း ကောင်မလေးနဲ့ အိမ်ထောက်ပြုပြီး တစ်အိုးတစ်အိမ်ထူထောင်တော့မလို့လား။ ”
“ အဘိုး အဲ့ဒါကို တွေးပူမနေပါနဲ့ ၊ ကျွန်တော်တို့ အဲ့လောက်ထိ အဆင့်မတက်သေးဘူး။ ကျွန်တော်ကတော့ သူ့ဘက်က လက်ခံတာနဲ့ ချက်ချင်း အိမ်ထောင်စုမှတ်ပုံတင်ချင်နေပေမဲ့ ခက်တာက သူက လက်မခံဘူး။ ”
ရှောက်ယွင်ကျန်းက သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်ပြီး လေသံပြင်းပြင်းဖြင့် စကားလုံး တစ်လုံးချင်းစီကို ဖိပြောလိုက်သည်။ “ ငါ ပြောမယ် ၊ အဲ့ဒီ ချန်မိသားစုက လူတွေက လွဲရင် ကျန်တဲ့ ဘယ်မိန်းကလေးဖြစ်ဖြစ် ငါ သဘောတူတယ်။ ”
ရှောက်ချန်းကျယ်ကတော့ “ ကျွန်တော့်အတွက်တော့ သူက လွဲပြီး ဘယ်သူ့ကိုမှ မချစ်နိုင်ဘူး။ ” ဟု တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြောလိုက်သည်။
“ ကောင်းတယ် ၊ သိပ်ကောင်း … ” ရှောက်ယွင်ကျန်းရဲ့ ရင်ဘတ်က ဒေါသကြောင့် ဖားဖိုကြီး တစ်ခုလို နိမ့်ချည် ၊ မြင့်ချည် ဖြစ်နေခဲ့သည်။ “ ဒါဆိုလည်း ရှောက်ကော်ပိုရေးရှင်းကနေ အခုချက်ချင်း ထွက်သွားတော့။ ”
ရှောက်ချန်းကျယ်က သူ့လက်ကောက်ဝတ်မှာ ပတ်ထားတဲ့ လက်ပတ်နာရီကို တစ်ချက် ငုံ့ကြည့်လိုက်သည်။ “ ရတယ် ၊ ည ( ၈ ) နာရီထိုးတာနဲ့ ဒါရိုက်တာဘုတ်အဖွဲ့ကို ကျွန်တော် နှုတ်ထွက်စာ ပို့လိုက်မယ်။ ”
မခံမရပ်နိုင်အောင် ဒေါသထွက်မှု ၊ လက်မခံနိုင် မယုံကြည်နိုင်မှုတို့ဖြင့် ရှောက်ယွင်ကျန်းရဲ့ မျက်နှာဟာ ပြာနှမ်းသွားခဲ့သည်။
“ ကိစ္စ ထွေထွေထူးထူး မရှိရင် အဘိုး ပြန်ပါတော့။ ခဏနေ မိုးလည်း ပြန်ရွာလာတော့မှာ။ မိုးထဲမှာ အဘိုး အအေးမိရင် အဘိုးရဲ့ မိန်းမက ကျွန်တော့်ကို ထပ်အပြစ်တင်လိမ့်ဦးမယ်။ ကျွန်တော်လည်း အဲ့ဒါကို ခေါင်းမခံနိုင်ဘူး။ ပြီးတော့ ကျွန်တော့်တိုက်ခန်းက သေးတော့ အဘိုးကို အပေါ်ထပ် တက်ခဲ့ဖို့ မဖိတ်တော့ဘူးနော်။ ” ရှောက်ချန်းကျယ်က ထွက်သွားဖို့ လုပ်ပြီးမှ ခြေလှမ်းရပ်လိုက်သည်။ “ ဪ ၊ အဘိုးမှာ ဒီကို လာဖို့လောက်ထိ အချိန်ပိုရှိတယ် ဆိုရင် အဘိုးရဲ့ မိန်းမ အခုတလော ဘာတွေ လုပ်ပြီး အလုပ်ရှုပ်နေလဲ ဆိုတာကို စောင့်ကြည့်နေတာ ပိုကောင်းလိမ့်မယ်။ မကြာခင် အံ့ဩစရာ အဖြစ်အပျက်တွေ ဖြစ်လာနိုင်တယ် ၊ လူတိုင်း အံ့ဩသွားကြမယ့် ကိစ္စမျိုးတွေပေါ့။ ”
ရှောက်ယွင်ကျန်းက သူ့တုတ်ကောက်နှင့် ရှောက်ချန်းကျယ်ကို ပစ်ပေါက်လိုက်တော့ တုတ်ကောက်က သူ့ရင်ဘတ်ကို ထိမှန်ကာ ကြမ်းပြင်ပေါ်ကို ဒေါက်ခနဲ ကျသွားသည်။
ရှောက်ချန်းကျယ်က သူ့အင်္ကျီကို လက်ဖြင့် သုတ်ပြီး တုတ်ကောက်ကို ငုံ့ကောက်လိုက်သည်။ “ အဘိုး ဝန်မခံချင်တာ သိပေမဲ့လည်း တကယ်တော့ အဘိုးက အိုနေပြီ။ အရင်တုန်းကတော့ အဘိုး တုတ်ကောက်နဲ့ ပစ်ပေါက်လိုက်ရင် ကျွန်တော် နှစ်ရက် ၊ သုံးရက်လောက် အညိုအမဲစွဲရင် စွဲနေလိမ့်မယ်။ ဒါပေမဲ့ အခုတော့ ကျွန်တော့်ပေါ်ကို သစ်ရွက်ကြေကျသလိုပဲ ခံစားရတော့တယ်။ ”
“ သခင်ကြီးကို အိမ်ပြန်ပို့ပေးလိုက်ပါ ဦးလေးဝမ်။ ”
ရှောက်ချန်းကျယ်သည် သူပလက်ထဲက တုတ်ကောက်ကို ဘေးမှာ ရပ်နေတဲ့ ဒရိုင်ဘာဆီ ပေးလိုက်ပြီးနောက် မျက်နှာပေါ်က အပြုံးလည်း ပျောက်ကွယ်သွားကာ ခြေလှမ်းကျဲများဖြင့် လျှောက်ထွက်လာခဲ့လိုက်လေသည်။
တံခါးဖွင့်သံကို ကြားတော့ ချန်လီချီလေးက ပြေးလာသည်။ “ ဖေဖေ ပြန်လာပြီပေါ့ … ”
ရှောက်ချန်းကျယ်ရဲ့ မျက်လုံးထဲမှာ နွေးထွေးတဲ့ အပြုံး တစ်ပွင့် ဖြတ်သန်းစီးဆင်းသွားကာ သူမလေးရဲ့ မျက်လုံးလေးတွေကို ငုံ့ကြည့်လိုက်သည်။ “ အင်း ၊ ဖေဖေ ပြန်လာပြီ။ လီချီလေးရော ကောင်းကောင်း အိပ်ပျော်ရဲ့လား။ ”
“ ဟုတ်။ သမီး ကောင်းကောင်း အိပ်ပျော်ပါတယ် ၊ လက်မောင်းလည်း မနာတော့ဘူး။ ဖေဖေ လုပ်ကျွေးမယ့် ပီဇာကို စားဖို့ စောင့်နေတာရယ်။ မေမေကိုတော့ နေလို့ သိပ်မကောင်းဘူး ဆိုလို့ အေးအေးဆေးဆေး နားခိုင်းထားတယ်။ ”
ထိုအချိန်မှာပဲ ရေချိုးခန်းတံခါး ပွင့်သွားကာ ချန်ကျင်းလန် ထွက်လာသည်။ သူမက သူ့ကို ဘာစကားမှ မပြောဘဲ ဖျတ်ခနဲ ကြည့်ရုံသာ ကြည့်ပါသည်။
ရှောက်ချန်းကျယ် သူမရဲ့ မျက်နှာကို သေချာ ကြည့်လိုက်တော့ နည်းနည်းလေး ဖြူဖတ်ဖြူရော်ဖြစ်နေတာက လွဲလို့ ပကတိအတိုင်း တည်ငြိမ်နေတဲ့ မျက်နှာပေါ်မှာ ပုံမှန် မဟုတ်တဲ့ ဘယ်အရိပ်အယောင်ကိုမှ မမြင်ရ။ သူ သူမဆီ လျှောက်သွားကာ “ မင်း နေမကောင်းဘူးလား။ ” လို့ မေးလိုက်တော့ ချန်ကျင်းလန်က သူ့ကို ခေါင်းမညိတ်ချင် ညိတ်ချင်ဖြင့် ညိတ်ပြသည်။ သူမ ခါတိုင်းထက် နှစ်ရက်စောပြီး ဓမ္မတာလာခဲ့တာပင်။
အခြေအနေကို ရှောက်ချန်းကျယ် နားလည်သွား၏။ “ ဒါဆို ကိုယ် မင်းအတွက် ဆေးဝါးတွေ ဘာတွေ သွားဝယ်လိုက်ဦးမယ်။ ”
“ ရတယ် ၊ ကျွန်မမှာ တစ်ခါတည်း ပါလာပြီးသား။ ” ချန်ကျင်းလန်ရဲ့ အိတ်ထဲမှာ အမျိုးသမီးတွေနှင့် ပတ်သက်တဲ့ ဆေးဝါးတွေ ၊ ပစ္စည်းတွေကို လိုရမယ်ရ ဆောင်ထားတတ်တဲ့ အကျင့် ရှိသည်။
“ ရှင် ဟိုလူကိုရော တွေ့လိုက်လား။ ကျွန်မ သူ့ကို အိမ်ထဲ ပေးမဝင်လိုက်ဘူး။ ”
“ သူ အခုတော့ ပြန်သွားပါပြီ။ သူ လာမယ်မှန်း မသိလိုက်တာ ကိုယ် တောင်းပန်ပါတယ်။ ”
ချန်ကျင်းလန်က ကလေးရှေ့မှာ ထိုအကြောင်းတွေကို မပြောချင်သောကြောင့် သူ့ကို စကားဖြတ် ပြောလိုက်သည်။ “ ရှင် ဝယ်လာတဲ့ ပစ္စည်းတွေရော ဘယ်မှာလဲ။ ”
ချန်လီချီလေးက ပါးစပ်လေးကို လက်နှင့် အုပ်၍ တခစ်ခစ် ရယ်လိုက်သည်။ “ ဖေဖေက မေမေနဲ့ တွေ့ချင်ဇောအားကြီးလို့ ပစ္စည်းတွေကို မေ့ပြီး ကားထဲမှာ ထားခဲ့မိတယ် မေမေရဲ့။ ” ထို့နောက် အဖေဖြစ်သူရဲ့ လည်ပင်းကို ပွေ့ဖက်၍ နား,နား ကပ်ကာ တိုးတိုးလေး ပြောလိုက်၏။ “ ခုနတုန်းက မီးဝင်းဝင်းတောက်နေသလို မျက်လုံးတွေနဲ့ ဒေါသကြီးတဲ့ အဘိုးကြီး တစ်ယောက် ရောက်လာတယ် ဖေဖေ ၊ မေမေ့ကိုလည်း ရိုင်းရိုင်းစိုင်းစိုင်း ပြောသွားတယ်။ အဲ့ဒါနဲ့ သမီးက သူ့ဘက်က အရင် မေမေ့ကို ရိုင်းလို့ မေမေကလည်း ပြန်ရိုင်းတာလို့ ပြောလိုက်တယ်။ ”
ရှောက်ချန်းကျယ်ရဲ့ မျက်နှာက ခဏတာ တောင့်တင်းသွားကာ သူမလေးရဲ့ ဆံပင်လေးတွေကို ပွတ်သပ်လိုက်သည်။ “ လီချီလေး အရမ်း တော်တယ်။ အဲ့အဘိုးကြီးကို သမီး ကြောက်ရော ကြောက်သွားသေးလား။ ”
ချန်လီချီက ချက်ချင်း ခေါင်းခါပြလိုက်ပါသည်။ “ ဟင့်အင်း ၊ ဒီမှာ မေမေလည်း ရှိတယ် .. ပြီးတော့ သမီးတို့ ရောက်နေတာ ဖေဖေ့အိမ်မှာလေ။ အဲ့ဒါကြောင့် သမီး ဘာကိုမှ မကြောက်တော့ဘူး။ ” ထိုသို့ တိုးတိုးလေး ပြောနေပုံမှာ ချစ်စဖွယ်အတိ။ ချန်လီချီလေးက ဆက်ပြောသည်။ “ ဖေဖေ ကျန်ခဲ့တဲ့ ပစ္စည်းတွေကို သမီးနဲ့ အတူတူ သွားယူကြမယ်လေ။ မေမေက သမီးအတွက် ပီဇာလုပ်ပေးမှာ ဆိုတော့ သမီးလည်း ကူညီပေးချင်ဘူး။ မေမေကတော့ နေမကောင်းတော့ သူ့ကို တစ်ယောက်တည်း အေးအေးဆေးဆေး နားခိုင်းထားလိုက်မယ်။ ”
“ အင်း ၊ လီချီလေးက ဖေဖေနဲ့ အောက်ကို လိုက်သွားလိုက်နော်။ ”
အဲ့ဒါက ရှောက်ချန်းကျယ် ကြားချင်နေတဲ့ စကားပါပဲ။ သူ အောက်ထပ်ဆင်းပြီး မေ့ကျန်ခဲ့တဲ့ ပစ္စည်းတွေ သွားယူနေတုန်း ချန်ကျင်းလန် တစ်ယောက် လီချီလေးကို ခေါ်ပြီး အိမ်ပြန်သွားမှာကို စိုးရိမ်နေတာပါ။ အခုတော့ သူ စိတ်အေးသွားပြီ ဖြစ်သည်။ လီချီလေးက သူနှင့်အတူ ရှိနေမှာမို့ ချန်ကျင်းလန်က ကလေးကို ထားခဲ့ပြီး သူ့ဘာသာ အိမ်ပြန်သွားမှာ မဟုတ်ပေ။
***