← Chapters

အခန်း ၅၉

Vol. 6 Ch. 59

အခန်း ၅၉

Vol. 6 Ch. 59

အပိုင်း ( ၅၉ )

ရှောက်ချန်းကျယ်က သူမမျက်နှာကို လက် နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ သူမရဲ့ မျက်လုံးတွေထဲကို စိုက်ကြည့်လိုက်ပါသည်။ “ ထပ်ပြုံးပြပါလား။ မင်း ကိုယ့်ကို ပြုံးမပြတာ တော်တော်လေး ကြာပြီ။ တစ်ခါတလေကျ ကိုယ်တောင် တွေးမိတယ် ၊ ကိုယ်သာ လီချီလေး ဆိုရင်ပေါ့လေ … ”

နှစ်ယောက်သား အကြည့်ချင်းဆုံသွားချိန်မှာ ချန်ကျင်းလန်ကပဲ အရင်ဆုံး အကြည့်လွှဲလိုက်ပြီး ခေါင်းအုံးအသေးလေးကို ကြားမှာ နေရာခြားထားလိုက်၏။ သူမရဲ့ မျက်လုံးတွေက တီဗီ ဖန်သားပြင်ပေါ်ကို ပြန်ရောက်သွားသည်။ “ ရှင်က ချစ်စရာလည်း မကောင်းသလို လူတွေကို ရှင့်ကို သဘောကျအောင် ဘယ်လို လုပ်ရမလဲ ဆိုတာလည်း မသိဘူး။ ကျွန်မက ရှင့်ကို ဘာလို့ ပြုံးပြရမှာလဲ။ ”

ရှောက်ချန်းကျယ်က ဆိုဖာကျောမှီပေါ်က သူ့လက်ကို သူမရဲ့ ပခုံးပေါ် ပြောင်းတင်ကာ သူမကို သူ့ရင်ခွင်ထဲ ဆွဲထည့်လိုက်သည်။ “ ကိုယ့်ရဲ့ ဆွဲဆောင်မှုမရှိတဲ့ မျက်နှာက မွေးရာပါ ဆိုတော့ ပြောင်းလို့ မရဘူး။ ဒီတစ်သက်လုံး ချစ်စရာကောင်းအောင် လုပ်နိုင်မယ်လို့လည်း မထင်ဘူး။ အဲ့ဒါကြောင့် မင်း ကိုယ့်ကို သဘောကျလာအောင် ဘယ်လို လုပ်ရမလဲ ဆိုတာ ကိုယ် ကြိုးကြိုးစားစား လေ့လာတော့မယ်။ ”

ချန်ကျင်းလန်က သူ့ကို ဖြတ်ပြောလိုက်သည်။ “ စကားမပြောနဲ့တော့။ ကျွန်မ ရုပ်ရှင် ကြည့်ချင်တယ်။ ”

ချန်ကျင်းလန်က သက်သောင့်သက်သာရှိလွန်းတဲ့ အနေအထား တစ်ခုကို ရှာတွေ့သွားသလိုမျိုး သူ့ပခုံးကို မှီထားခဲ့သည်။ သူမက မျက်လုံးမှိတ်တစ်ဝက် ၊ ဖွင့်တစ်ဝက်ဖြင့် ရုပ်ရှင်ထဲက ဒိုင်ယာလော့ခ်တွေနှင့် ပြတင်းပေါက်မှန်ကို ထိမှန်နေတဲ့ မိုးသံတွေကို နားထောင်ကာ တဖြည်းဖြည်း အိပ်ငိုက်လာခဲ့သည်။

ရှောက်ချန်းကျယ်က သူတို့ နှစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်ကို ခြုံစောင် တစ်ထည် လွှားခြုံလိုက်ပြီး သူမရဲ့ ပခုံးလေးကို ဖွဖွ ပုတ်ပေးကာ အနူးညံ့ဆုံး အပြုံးဖြင့် သူမကို ငုံ့ကြည့်လိုက်သည်။

ချန်ကျင်းလန်သည် အိပ်ငိုက်လျက်ပင် မသဲမကွဲ ပြောလိုက်၏။ “ သူက ရှင့်ကို ဒုက္ခရောက်အောင် လုပ်မှာလား။ ”

‌သူမ ဘာပြောလိုက်လဲ ဆိုတာ သေချာ မကြားလိုက်တဲ့ ရှောက်ချန်းကျယ်က သူမရဲ့ ပါးစပ်နား နားရွက်ကပ်ပြီး မေးလိုက်သည်။ “ ဘာပြောလိုက်တာလဲ။ ”

“ ရှင့်အဘိုးက ရှင့်ကို ဒုက္ခပေးမှာလားလို့ … ”

“ အဲ့ဒါ အရေးမကြီးပါဘူး။ ” ရှောက်ချန်းကျယ်က လက်ရှိအချိန်က အတိတ်အ‌ကြောင်း ပြောဖို့ အချိန်မှန် ဟုတ်ရဲ့လား ဆိုတာ မသေချာဘဲ ခဏ စကားရပ်သွားပြီးမှ ဆက်ပြောလိုက်သည်။ “ အရင်တုန်းက … ”

ချန်ကျင်းလန်က သူ့စကားလုံးတွေကို တားဆီးသည့်အနေဖြင့် သူ့နှုတ်ခမ်းတွေကို လျှပ်တစ်ပြက် နမ်းရှိုက်လိုက်၏။ သူ ဘာပြောတော့မှာလဲ ဆိုတာ သူမ သိသည် ၊ အဲ့ဒီနေ့က အဖြစ်အပျက်တွေအကြောင်း နားမထောင်ချင်ပါ။

နူးညံ့တဲ့ နှုတ်ခမ်း တစ်စုံက သူ့နှုတ်ခမ်းကို စက္ကန့်ပိုင်းလောက် ထိတွေ့ပွတ်သပ်ကာ ပြန်ဆုတ်ခွာသွားသည်။ ရှောက်ချန်းကျယ်က စိတ်ထဲကနေ သက်ပြင်းချလိုက်ပေမဲ့ သူ့မျက်နှာကတော့ ပြုံးစစ ရှိနေခဲ့ပါသည်။ “ ကိုယ် မင်းကို နမ်းတုန်းက ပြီး,ပြီးရော နမ်းခဲ့တာ မဟုတ်ဘူးနော်။ ”

ချန်ကျင်းလန်က သူ့ကို ကြောင်မလေး တစ်ကောင်လို မှီရင်း အိပ်ငိုက်နေတဲ့ မျက်လုံးတွေကို တဖျတ်ဖျတ် မျက်တောင်ခတ်၍ ‌” ကျွန်မ လှုပ်ကို မလှုပ်ချင်ဘူး။ ” ဟု ပြောလိုက်၏။

သူမရဲ့ ခပ်ဟဟ ပွင့်နေတဲ့ စွဲမက်ဖွယ် အနီရောင် နှုတ်ခမ်းလေးတွေက သူ့ကို ဖိတ်ခေါ်နေသလိုပင်။ ရှောက်ချန်းကျယ်ရဲ့ လည်ဇလုပ်က နိမ့်ချည် ၊ မြင့်ချည် လှုပ်ရှားသွားကာ ဖြည်းဖြည်းချင်း ငုံ့ကိုင်းလိုက်သည်။ သူမဘက်က မလှုပ်ချင်ဘူး ဆိုတာမို့ သူ့ဘက်ကပဲ လှုပ်ရှားပေးရပါမည်။

မိုး‌သံ လေသံတွေအောက်မှာ ရေကျသံ တတောက်တောက်က တိုးဝင်တိမ်ဖျော့သွားလေသည်။ မှိုင်းညို့တဲ့ မိုးနေ့တွေက လူတွေကို ပင်ပန်းနွမ်းနယ်စေပါသည်။ အချိန် အတော် ကြာသွားပြီးနောက် ချန်ကျင်းလန်က သူမရဲ့ နှုတ်ခမ်းကို စောင်ဖြင့် အုပ်လျက် မောဟိုက်စွာ အသက်ရှူရင်း သူ့ကို အပြစ်တင်ချင်သလို ရီဝေဝေ မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။

ရှောက်ချန်းကျယ်က သူမရဲ့ အစွန်းအစထွက်ကျနေတဲ့ ဆံခြည်မျှင်လလေးကို သပ်တပ်ပေးရင်း လေးနက်စွာ မေးလိုက်သည်။ “ ကိုယ် မင်းကို … စိတ်ကျေနပ်အောင် လုပ်ပေးနိုင်ရဲ့လား မြောင်မြောင် … ”

ချန်ကျင်းလန်က သူမရဲ့ ကွေးထားတဲ့ ဒူးခေါင်းများဖြင့် သူ့ရင်ဘတ်ကို တိုက်ပစ်လိုက်တော့ ရှောက်ချန်းကျယ်က အလွန် နာကျင်သွားသလို ဟန်ဆောင်ညည်းညူကာ သူမပေါ်ကို လှဲချလိုက်ပြီး သူမကိုပါ ဆိုဖာပေါ် တွန်းလှဲလိုက်သည်။

သူမက အောက်မှာ ဖြစ်ပြီး သူကတော့ သူမကို အုပ်မိုးလျက်။ ရှောက်ချန်းကျယ်က သူ့ရဲ့ ညို့ငင်တတ်သော အသံကို သုံးကာ သူမကို ဆွဲဆောင်လိုက်သည်။ “ နောက်တစ်ပတ် စနေ ၊ ဒါမှမဟုတ် အားတဲ့ တစ်ရက်ရက်လောက် မင်း ဒီကို ထပ်လာဦးမလား။ ကိုယ့်ဟင်းချက်လက်ရာတွေ တိုးတက်လာလား ဆိုတာ မင်းကို ပြလို့ ရတာပေါ့။ ”

ချန်ကျင်းလန်က မြင်,မြင်သမျှ အရာအားလုံးကို မမြင်ချင်၍ မျက်လုံးမှိတ်ထားလိုက်ပြီး အေးစက်စွာ ပြန်ဖြေလိုက်သည်။ “ မလာဘူး။ ”

“ မင်း မလာရင်တော့ ကိုယ် တကယ် ဘေးအိမ်ကနေ ညဘက်ကြီး တူးမြောင်း ခိုးတူးရတော့မှာပဲ။ ”

“ လုပ်ရဲရင် လုပ်ပေါ့။ ရှင့်အတွက် တူးမြောင်းတူးဖို့ မခက်လောက်ပေမဲ့ ကျွန်မအဖေ သိသွားရင်တော့ ရှင့်ခြေထောက် တစ်ဖက် ရိုက်ချိုးခံရရုံလောက်နဲ့ ပြီးသွားမှာ မဟုတ်ဘူး။ ”

ရှောက်ချန်းကျယ်က သူမရဲ့ ဆံခြည်မျှင်လေးကို လက်ညိုးနှင့် ရစ်ပတ်ကစားနေခဲ့သည်။ “ ကျောင်းသားအချစ်ကားတွေထဲကထက်တောင် ကိုယ် ပိုနှိပ်စက်ခံရနေရတယ်လို့ ခံစားနေရတယ်။ အနည်းဆုံးတော့ သူတို့က အတန်းထဲမှာ စာလေးတွေ အပြန်အလှန် ပေးပြီး ဆက်သွယ်လို့ ရတယ် ၊ လူလစ်ရင် လစ်သလို လက်ကိုင်လို့ ရတယ် ၊ ပြီးတော့ ကျောင်းဆင်းရင် ကော်ဖီဆိုင်တို့ .. KFC ကြက်ကြော်ဆိုင်တို့ သွားပြီး အိမ်စာတွေလည်း အတူတူ လုပ်လို့ ရတယ်။ ”

ချန်ကျင်းလန်သည် မျက်ခုံးပင့်ကာ အပြုံးရိပ်စွန်းသော အကြည့်ဖြင့် သူ့ကို ကြည့်လိုက်သည်။ “ ရှင့်ကို ကြည့်ရတာ အဲ့ဒါတွေ အကုန်လုံး လုပ်ဖူးတဲ့ ပုံပဲ။ ကျောင်းသားဘဝတုန်းက ကောင်မလေး တစ်ယောက်ယောက်ကို စာတွေ ပေးဖူးတယ်လား။ လက်ကိုင်ရတာရော ဘယ်လို နေလဲ။ ကျောင်းဆင်းရင် ကော်ဖီဆိုင် အတူတူ သွားပြီး သောက်ခဲ့တဲ့ ကော်ဖီကရော ဘယ်လို အရသာလဲ ၊ ချိုလား .. ခါးလား။ နှမြောစရာပဲ ၊ ကျွန်မကတော့ အဲ့ဒါမျိုးတွေ တစ်ခါမှ မလုပ်ခဲ့ဖူးဘူး။ ”

ရှောက်ချန်းကျယ်က အံ့အားသင့်သွားပြီးမှ ရယ်ချလိုက်ကာ သူမပေါ်ကို ကပ်မှီလိုက်သည်။ “ အဲ့ကော်ဖီက ချိုလည်း မချိုဘူး ၊ ခါးလည်း မခါးဘူး။ ” သူ သူမရဲ့ နားရွက်လေးကို ကိုက်ကာ တိုးလျစွာ ပြောလိုက်၏။ “ ချဉ်တဲ့ အရသာမျိုး ဖြစ်မယ် ထင်တယ် ၊ ရှာလကာရည်ထက်တောင်မှ ချဉ်ဦးမယ်။ မင်း … သဝန်တိုနေတာလား။ ”

ချန်ကျင်းလန်က သူ့ရဲ့ အခြေအမြစ်မရှိတဲ့ ထင်မြင်ချက်ကို ရင်မဆိုင်ချင်တော့၍ မျက်လုံးမှိတ်ထားလိုက်သည်။

ရှောက်ချန်းကျယ်ရဲ့ နှုတ်ခမ်းတွေက သူမရဲ့ တဖျတ်ဖျတ် လှုပ်ရှားနေတဲ့ မျက်ခွံလေးတွေပေါ်မှာ ပွတ်တိုက်သွားသည်။ “ ကိုယ် ဘယ်သူနဲ့မှ အပြန်အလှန် စာမပေးဖူးဘူး ၊ ဘယ်သူ့လက်ကိုမှလည်း မကိုင်ဖူးဘူး ၊ ကျောင်းဆင်းချိန်မှာ သောက်တဲ့ ကော်ဖီ အရသာကိုလည်း မသိဘူး။ ”

ချန်ကျင်းလန်က နှာခေါင်းက လေထွက်ရုံ လှောင်ရယ်လိုက်တော့ ရှောက်ချန်းကျယ်က ပြုံးသည်။ “ ကိုယ် အဲ့ဒါမျိုးတွေ တကယ် မလုပ်ဖူးတာပါ။ ဒါပေမဲ့ သူများတွေ လုပ်တာကိုတော့ ခဏ ခဏ မြင်ဖူးတာပေါ့။ ”

သူ ရှူထုတ်လိုက်တဲ့ လေက သူမရဲ့ တုန်ရီနေတဲ့ မျက်တောင်တွေကို ထိတွေ့သွားသည်။ “ မင်းကိုရော စာလိုက်ပေးဖူးတဲ့ လူတွေ ရှိလား။ ”

သူမက တိတ်ဆိတ်ခြင်းဖြင့် အဖြေပြန်ပေးလိုက်၏။

ရှောက်ချန်းကျယ်ရဲ့ လက်က သူမရဲ့ လက်ကောက်ဝတ်ပေါ်မှာ ၊ အတိအကျ ပြောရလျှင် နည်းနည်းလောက် ထိလိုက်ရုံဖြင့် သူမကို တသိမ့်သိမ့်တုန်သွားအောင် လုပ်နိုင်တဲ့ ၊ သူမရဲ့ ယားတတ်တဲ့ နေရာလေးပေါ်မှာ … ။ ချန်ကျင်းလန်က သူမကို ကလိမထိုးနိုင်စေရန်အတွက် သူ့လက်ကို အတင်း ဖိချုပ်ထားသော်လည်း သူ့ကို နည်းနည်းလေးတောင် မတားနိုင်ခဲ့။ ရှောက်ချန်းကျယ်ရဲ့ လက်က သူမရဲ့ ရှပ်အင်္ကျီအောက်ကို လျှောဝင်သွားပြီး ခါးစည်းနားတစ်ဝိုက်ကို ရောက်သွားချိန်မှာ သူ ထပ်မေးလိုက်သည်။ “ မင်းကို တစ်ယောက်ယောက်က စာပေးဖူးလား မြောင်မြောင်။ ”

ချန်ကျင်းလန် မျက်လုံးပြန်ဖွင့်လိုက်သည်။ သူ့လက်လှုပ်ရှားမှုကြောင့် သူမရဲ့ ပါးလေးတွေက စတော်ဘယ်ရီသီး တစ်လုံးလို နီရဲနေခဲ့ပြီး “ ကျွန်မ နောက်တစ်ပတ်ထဲမှာ အလုပ်ကိစ္စနဲ့ ခရီးထွက်စရာ ရှိတယ်။ ” ဟု ပြောလိုက်သည်။

ရှောက်ချန်းကျယ်ရဲ့ လက်က ရပ်တန့်သွားသလို သူ့အကြည့်လည်း စူးခနဲ ဖြစ်သွားသည်။ “ ဘယ်ကိုလဲ။ ”

ချန်ကျင်းလန်သည် သူ အာရုံလွှဲသွားတဲ့ ထိုအခိုက်အတန့်လေးကို မိမိရရ အသုံးချပြီး သူ့ကို ဆိုဖာအောက် တွန်းချလိုက်၏။ ထို့နောက် ဆိုဖာပေါ်မှ အမြန် ထပြီး တွန့်ကြေနေတဲ့ သူမရဲ့ အင်္ကျီကို ဆွဲဆန့်ကာ ကော်ဇောပေါ်မှာ လဲနေသူကို ငုံ့ကြည့်လိုက်လေသည်။

“ မားစ်ဂြိုလ်ပေါ်ကို … ”

တနင်္လာနေ့ မနက်မှာ ပထမဆုံး ဖြစ်ပျက်သွားတဲ့ အရာကတော့ ရှောက်ကော်ပိုရေးရှင်းမှာ အုတ်အော်သောင်းတင်း ဖြစ်သွားတာပါပဲ။ ဒါရိုက်တာဘုတ်အဖွဲ့ထံကို ရှောက်ချန်းကျယ်ရဲ့ နှုတ်ထွက်စာ ရောက်လာပေမဲ့ သူကတော့ အလုပ်မလာသလို ဖုန်းကိုလည်း ဆက်သွယ်မရပါ။ ဆက်သမျှ ဖုန်းကောလ်တွေ အကုန်လုံးက ခုန်ယိချန်ဆီကိုပဲ တစ်ဆင့် ပြန်ရောက်သွားသည်။

ခုန်ယိချန်က ရေ တစ်ငုံ သောက်လိုက်ပြီးနောက် အသက်ပြင်းပြင်းရှူကာ ဖုန်းတစ်ဖက်က လူကို တူညီတဲ့ ဖြေရှင်းစကားကိုပဲ ( ၁၀၁ ) ကြိမ်မြောက် ရှင်းပြလိုက်ရသည်။ “ ကျွန်မလည်း ဥက္ကဌရှောက်ကို ဆက်သွယ်လို့ မရသေးတော့ အသေးစိတ် တိတိကျကျကိုတော့ မသိသေးပါဘူးရှင့်။ ”

ရှောက်ကျန်းထင်သည် မိန်းမလှလေး တစ်ယောက်ရဲ့ ရင်ခွင်ထဲမှ အိပ်ပျော်နေရာမှ တစ်ကောလ်ပြီး တစ်ကောလ် ဆက်နေတဲ့ ဖုန်းကောလ်တွေ‌ကြောင့် နိုးလာခဲ့သည်။ WeChat ထဲမှာ ဝင်နေတဲ့ မက်ဆေ့ခ်ျတွေကို ကြည့်လိုက်ပြီးနောက် မိန်းမလှလေးရဲ့ ရင်ခွင်ထဲ ပြန်တိုးဝင်ကာ သူ့အမေကို ဖုန်းပြန်ဆက်လိုက်သည်။ “ ဘာတွေ ဖြစ်ကုန်တာလဲ အမေ။ ရှောက်ချန်းကျယ် နှုတ်ထွက်သွားပြီတဲ့လား။ အမေ ဘာအကွက်တွေ ရွေ့လိုက်တာလဲ။ ဝိုး .. ၊ အမေကတော့ လက်ဖျားခါလောက်ပါတယ်။ အမေက ဘာမှ မလုပ်ရင်လည်း မလုပ်ဘူး ၊ လုပ်မယ် လုပ်တော့လည်း တစ်ချက်တည်းနဲ့ အဲ့ခွေးကောင်ကို အပျောက်ဖျောက်ပစ်လိုက်နိုင်တာပဲ။ အခု အမေ့အတွက် ကျွန်တော်နဲ့ ကျင်းယွင် ဘာလုပ်ပေးရဦးမလဲ။ ”

ဝူကျင်းယောင်က စိတ်မရှည်တော့ဘဲ သူ့ကို အမြန် ဖြတ်ပြောလိုက်သည်။ “ သူ့ဘာသာ နှုတ်ထွက်သွားတာဟဲ့။ ငါ ဘာမှ မလုပ်ရသေးဘူး။ ”

“ ဟမ်။ သူက ဘာလို့ သူ့ဘာသာ နှုတ်ထွက်သွားတာလဲ။ သူ နေမကောင်းဖြစ်နေလို့လား။ ” ရှောက်ကျန်းထင်သည် အခုမှ အိပ်ရာနိုးခါစမို့ စိတ်ထဲမှာ မှုန်ဝါးထိုင်းမှိုင်းနေဆဲ ဖြစ်ပြီး စကားလုံးတွေက သူ မတားလိုက်နိုင်ခင်မှာပဲ သူ့ပါးစပ်က ခုန်ထွက်သွားသည်။ သူ့တစ်ဘဝလုံး ဘယ်တော့မှ မရနိုင်တဲ့ နေရာကို ပိုင်ဆိုင်နိုင်ဖို့ အကွက်ကျကျ ကြံစည်နေခဲ့ပေမဲ့ ရှောက်ချန်းကျယ်ကတော့ အဲ့နေရာကို မလိုချင်ဘူးတဲ့လား … ။

ဝူကျင်းယောင်က သူ့ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမထောင်ချင်တော့ပေ။ “ ကျင်းယွင်ကို ကုမ္ပဏီကို ချက်ချင်း သွားခိုင်းလိုက်။ နင့်အဖေလည်း ဘုတ်အဖွဲ့ အစည်းအဝေး လုပ်ဖို့ ကုမ္ပဏီကို သွားတဲ့ လမ်းမှာ ရောက်နေပြီ။ ”

ရှောက်ကျန်းထင်က အင်္ကျီဝတ်နေတုန်း မိန်းမလှလေးက သူ့ဖုန်းကို ကိုင်ပေးထားသည်။ “ ရှောက်ချန်းကျယ်ကရော ဘယ်လိုလဲ အမေ။ သူရော အဲ့အစည်းအဝေးကို တက်မှာလား။ ”

“ ဘယ်သိမလဲ။ သူ့ကို အခု ဘယ်သူမှ ရှာမတွေ့ဘူး။ ဖုန်းဆက်တာလည်း မကိုင်ဘူး ၊ သူ့အိမ်မှာလည်း ဘယ်သူမှ မရှိဘူး။ သူ ဘယ်ကို ထွက်ပြေးသွားတာလဲ မသိပါဘူး။ ကဲပါ .. မြန်မြန် လုပ်ကြ။ နင်နဲ့ ကျင်းယွင်က ဟိုကို နင့်အဖေထက် အရင် ရောက်နေမှ ဖြစ်မယ်။ ” ဝူကျင်းယောင်သည် ထိုစကားကို ပြောပြီးနောက် ဖုန်းချလိုက်ကာ တခြား ဖုန်း တစ်လုံးကို ထုတ်၍ တစ်စုံတစ်ယောက်ထံ ဖုန်းဆက်လိုက်လေသည်။

တချို့ လူတွေ ပွက်လောရိုက်နေစဉ်မှာ တချို့ လူတွေကတော့ ငြိမ်းချမ်းခြင်းရဲ့ အရသာကို အပြည့်အဝ ခံစားနေခဲ့သည်။

အိပ်ခန်းထဲကနေ ခေါင်းမွှေးစုတ်ဖွားဖြင့် ထွက်လာတဲ့ ယွမ်ကျုံးကျိုးက မီးဖိုချောင်ထဲက ပျံ့လွင့်လာတဲ့ မွှေးရနံ့ကို ရသောအခါ “ ငါ့လခွမ်း ” ဟု ရေရွတ်လိုက်လေသည်။ ‘’ ကုမ္ပဏီက လူတွေ အကုန်လုံးက မင်းကို လိုက်ရှာရင်းနဲ့ ပွက်လောရိုက်နေကြတာ။ မင်းကတော့ ဒီမှာ မနက်စာ လာချက်နေတယ်။ ” ထို့နောက် ထမင်းစားပွဲကို တစ်လှည့် ၊ လျှပ်စစ်မီးဖိုပေါ်က ဟင်းအိုးတွေကို တစ်လှည့် ကြည့်ကာ ထပ်မံ ကျိန်ဆဲလိုက်ပြန်သည်။ “ ငါ့ဝအရင်ဘဝတုန်းက ဘာကောင်းမှုတွေ လုပ်ခဲ့လို့ ကြက်စွပ်ပြုတ်ကို မနက်စာ စားရတာပါလိမ့်။ မင်း ဘယ်အချိန်ကတည်းက အိပ်ရာထနေတာလဲ။ ”

ရှောက်ချန်းကျယ်က သူ့ကို အကြည့်လေး တစ်ချက်တောင် မဝဲပါ။ ယွမ်ကျုံးကျိုးက ထိုင်ခုံမှာ ဝင်ထိုင်ပြီး မနက်စာ စားဖို့ စောင့်နေခဲ့သည်။ “ အဲ့တော့ ငါတို့ရဲ့ အခု အစီအစဉ်က ဘာလဲ ဘော့စ်ရှောက်။ ရာသီဥတုက အရမ်း ပူနေတာ ဆိုတော့ တစ်နေရာရာကို အပန်းဖြေခရီးထွက်က်ြလား။ မင်း ကိုယ်ပိုင်ကျွန်း တစ်ကျွန်း ဝယ်ထားတာ မကြာသေးဘူးမို့လား။ အဲ့ကို သွားကြမလား။ ”

ရှောက်ချန်းကျယ်က လျှပ်စစ်မီးဖိုကို ခလုတ်ပိတ်လိုက်သည်။ “ ငါ ဘယ်ကိုပဲ အပန်းဖြေခရီးထွက်,ထွက် အဲ့ဒါ ငါ့ကိစ္စ။ မင်းကိစ္စက မြန်မြန် ရေမိုးချိုးပြီး အလုပ်သွားဖို့ပဲ။ ”

“ လူတိုင်းက ငါ့ကို မင်းရဲ့ လူမှန်း သိနေတဲ့ဟာ ဘာလို့ အလုပ်,လုပ်စရာ လိုဦးမှာလဲ။ မင်းတောင် မရှိတော့ဘဲနဲ့ ငါက ဘာလို့ အဲ့မှာ ဆက်အလုပ်,လုပ်ရဦးမှာလဲ။ ” ဟု ယွမ်ကျုံးကျိုးက မကျေမနပ် ပြန်ပြောလိုက်သည်။

“ ပထမဆုံးအနေနဲ့ ပြောရရင် မင်းက ငါ့လူ မဟုတ်ဘူး။ ပြီးတော့ ငါပဲ နှုတ်ထွက်လိုက်တာ ၊ မင်းက နှုတ်မထွက်ရသေးဘူး။ ”

ယွမ်ကျုံးကျိုးရဲ့ မျက်နှာ ရှုံ့မဲ့သွား၏။ ရာသီဥတုကလည်း အလုပ်,လုပ်ဖို့ အရမ်း ပူနေတာမို့ သူက ဒီအခြေအနေကို အခွင့်အရေးယူပြီး အပန်းဖြေခရီးရှည် တစ်ခု ထွက်ဖို့ တွေးနေခဲ့တာပင်။

“ ဒါဆိုလည်း မင်း ဘာလို့ အစားအသောက်တွေ ထည့်နေတာလဲ။ ငါက စားပြီးတာနဲ့ ကုမ္ပဏီသွားမှာလေ။ ဒီနေ့လို ရုတ်ရုတ်သဲသဲ ဖြစ်နေတာနဲ့ဆိုရင် ငါ စောစော သွားပြီး ဘယ်သူမှ မသိအောင် ပုန်းနေတာ ကောင်းမယ် ထင်တယ်။ ”

ယွမ်ကျုံးကျိုးက ရှောက်ချန်းကျယ် အစားအသောက်တွေကို ထမင်းဘူးတွေထဲ ခွဲထည့်နေခြင်းအား ကြည့်နေခဲ့သည်။

ရှောက်ချန်းကျယ်က သူ့ကို မကြည်မလင် ပြန်ကြည့်ပြီး “ ဒါတွေက မင်းအတွက်လို့ ငါ ပြောမိလို့လား။ မင်း စားချင်ရင် ကုမ္ပဏီအောက်ထပ်မှာ ကော်ဖီဆိုင်ရော ၊ စားသောက်ဆိုင်ရော ရှိတယ်။ ”

ယွမ်ကျုံးကျိုး တစ်ယောက် အူကြောင်ကြောင် ဖြစ်သွားသည်။ ဒါဆို သူ ဘယ်သူ့အတွက် ဒီလောက် အပင်ပန်းခံပြီး ချက်‌ပြုတ်နေတာလဲ။

ချန်ကျင်းလန်က ကော်ဖီ တစ်ခွက် အရင် သောက်ပြီးမှ ရုံးခန်းထဲ ဝင်ခဲ့လိုက်သည်။ ညတုန်းက အိပ်ရေးမဝခဲ့တာမို့ နေလို့ သိပ်မကောင်းသလို တဆစ်ဆစ် ကိုက်နေတဲ့ ဗိုက်ကြောင့် မနက်စာလည်း သိပ်မစားခဲ့ရ။

ချန်ကျင်းလန်သည် ဖုန်းမြည်သံ ကြားပေမဲ့ ဖုန်းကိုင်ဖို့တောင် သူမ အလွန် ပျင်းရိနေပါသည်။ ဒါပေမဲ့ ကုမ္ပဏီကို အလုပ်,လုပ်ဖို့ ရောက်လာတာမို့ ထိုဖုန်းကောလ်ကို မကိုင်ဘဲ နေလို့တော့ မရပါ။ လုပ်စရာရှိတဲ့ အလုပ်တွေကို ပျင်းရိနေလို့ မရတာကြောင့် ချန်ကျင်းလန်သည် ခါးကို မတ်မတ် ဆန့်လိုက်သော်လည်း ဖုန်းမျက်နှာပြင်ပေါ်က နာမည်ကို မြင်ချိန်မှာတော့ သူမရဲ့ အားအင်တွေ အကုန်လုံး အငွေ့ပျံ ပျောက်ကွယ်သွားသည်။

“ ရှင် ဘာလိုချင်လို့လဲ။ ” သူမ စိတ်မပါလက်မပါ ပြောလိုက်တော့ တစ်ဖက်က “ ကိုယ် အခု လန်ချွမ်းတာဝါရဲ့ အောက်ထပ်မှာ။ ” ဆိုတဲ့ အသံ ထွက်လာသည်။

ရှောက်ချန်းကျယ်က ဘောင်းဘီအိတ်ကပ်ထဲကို လက် တစ်ဖက် ထည့်လျက် ကားကို မှီရပ်ကာ အဆောက်အအုံကို မော့ကြည့်နေခဲ့သည်။

ချန်ကျင်းလန်က နေရာမှ ထပြီး ကြမ်းပြင်ကနေ မျက်နှာကျက်ထိ အပြည့် တပ်ဆင်ထားတဲ့ မှန်ပြတင်းပေါက်နား သွားကာ ဟိုးအောက်မှာ မြင်နေရတဲ့ ပုရွက်ဆိတ်အရွယ် လူတွေ ၊ ကားတွေကို ငုံ့ကြည့်လိုက်သည်။ အတော့်ကို သဲသဲကွဲကွဲ မမြင်ရတာတောင် ဘယ်တစ်ယောက်က သူလဲ ဆိုတာ သူမ အလိုလို သိနေပါသည်။

“ ရှင် ဒီအချိန်ကြီး ကိုယ့်ကုမ္ပဏီမှာကိုယ် မရှိဘဲနဲ့ ဒီကို ဘာလာလုပ်နေတာလဲ။ ”

“ မနက်စာနဲ့ နေ့လယ်စာ လာပို့တာလေ။ မင်း အလုပ်ရှုပ်နေတာလား။ ကိုယ် တက်လာပြီး လာပို့ပေးရမလား ၊ ဒါမှမဟုတ် မင်းပဲ ဆင်းယူမလား။ ”

“ ကျွန်မ မနက်စာ စားပြီးပြီ။ ဗိုက်မဆာတော့ဘူး။ ” ချန်ကျင်းလန်က ထိုင်ခုံမှာ ပြန်ထိုင်ပြီး ကွန်ပျူတာ Search Bar မှာ ‘’ ရှောက်ကော်ပိုရေးရှင်း ” ဟု ရိုက်ရှာကြည့်လိုက်တော့ ရှောက်ကော်ပိုရေးရှင်းနှင့် ပတ်သက်သော နောက်ဆုံးရ သတင်းတွေ တက်လာကာ ထိုသတင်းတွေကို ခပ်သွက်သွက်လေး ဖတ်လိုက်သည်။

ရှောက်ချန်းကျယ်ကတော့ ဖုန်း တစ်ဖက်ကနေ ပြောနေဆဲ။ “ ဘာစားစား မင်း ဗိုက်ပြည့်မှာ မဟုတ်ဘူး။ ကိုယ် ကြက်စွပ်ပြုတ်ကို မီးအေးအေးလေးနဲ့ ပြုတ်လာခဲ့တယ်။ မီးအေးအေးလေးနဲ့ ပြုတ်ထားတဲ့ ကြက်စွပ်ပြုတ်က ထိပ်တန်းစာဖိုမှူး တစ်ယောက်ရဲ့ လက်ရာကိုတောင် ယှဉ်နိုင်တယ် ဆိုတဲ့ စကားပုံ ရှိတယ်မို့လား။ ခင်ပွန်းကောင်း တစ်ယောက် ဖြစ်လာအောင်လို့ ကိုယ့်ရဲ့ အချက်အပြုတ်လက်ရာကို တိုးတက်အောင် ကြိုးစားနေတာ။ မင်းကို ကိုယ့်ရဲ့ ကြက်စွပ်ပြုတ်ကို မြည်းကြည့်ပြီး အရသာ ဘယ်လို နေလဲ ဆိုတာ ပြောပြစေချင်တယ်။ ”

“ အဲ့တော့ အခု ရှင်က ခင်ပွန်းကောင်း တစ်ယောက် ဖြစ်ဖို့ ရည်မှန်းချက်ထားနေတယ်ပေါ့။ ” ချန်ကျင်းလန်က ရုံးခန်းထဲမှာ ဖြည်းဖြည်းချင်း ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြီးမှ ထွက်ပေါက်ဘက်ကို ဦးတည်လိုက်သည်။

ရှောက်ချန်းကျယ် ရယ်မောလိုက်၏။ “ အဲ့ဒါ လုပ်သင့်တဲ့ ကိစ္စပဲ မဟုတ်ဘူးလား။ အဲ့လို ဖြစ်အောင်လည်း ကိုယ် အစွမ်းကုန် ကြိုးစားမှာ။ ဒါပေမဲ့ အရေးကြီးတဲ့ မေးခွန်း တစ်ခုတော့ ရှိတယ် ၊ ဘယ်သူက ကိုယ့်ဇနီး လုပ်မှာလဲ ဆိုတာ … ” သူက စကား ခဏ ရပ်ပြီးမှ ဆက်ပြောလိုက်သည်။ “ မင်း ဆိုရင်ရော ဘယ်လိုလဲ။ ”

ချန်ကျင်းလန် သူ့ကို တစ်ခါတည်း ‌အပြတ် ငြင်းသည်။ “ ဟင့်အင်း ၊ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ”

***

All Chapters