← Chapters

အခန်း ၆၀

Vol. 6 Ch. 60

အခန်း ၆၀

Vol. 6 Ch. 60

အပိုင်း ( ၆၀ )

ရှောက်ချန်းကျယ်ရဲ့ ရယ်သံက ပိုလို့ ပီပြင်လာသည်။ “ အောက်ဆင်းလာပြီလား။ ”

“ မလာပါဘူး ၊ ဘာလို့ ကျွန်မက လာရမှာလဲ။ မနက်စာ စားပြီးပြီလို့ ပြောပြီးသွားပြီလေ။ ”

“ ကိုယ် တံခါးဖွင့်လိုက်တဲ့ အသံ ကြားတယ်။ ” သူက သူမ လိမ်နေတာကို ချက်ချင်းပဲ ထောက်ပြလိုက်သည်။ “ မြင်လား ၊ မင်းက အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် လိမ်နေတာပဲ။ အခုက စပြီး မင်း ပြောတဲ့ စကားတွေရဲ့ ဆန့်ကျင်ဘက်ကိုပဲ ကိုယ် ယူလိုက်ရတော့မလား။ မဟုတ်ဘူး ဆိုတာ ဟုတ်တယ် ဆိုတဲ့ အဓိပ္ပာယ် ၊ မကြိုက်ဘူး ဆိုတာ … ”

ချန်ကျင်းလန်ဘက်က ချက်ချင်း ဖုန်းချသွားသည်။ ရှောက်ချန်းကျယ်သည် သက်ဝင်လှုပ်ရှားမှု မရှိတော့သော တတူတူ မြည်သံကို နားထောင်ကာ တည့်တိုးဆန်လွန်းသွားတဲ့ သူ့ကိုယ်သူ နောင်တရသွားသည်။ သူမ လိမ်နေတာကို ထောက်ပြဖို့ ပိုပြီး ပညာသားပါတဲ့ နည်းလမ်းကို သူ သုံးခဲ့သင့်တာပါ။ ခဏလောက် ကြာအောင် စောင့်နေတဲ့ထိ ဘယ်သူမှ ထွက်မလာပေ။ ဖြစ်နိုင်တာကတော့ သူမ ရှက်ရှက်နှင့် သူ့ကို ထွက်မတွေ့တော့ဘဲ နောက်ကြောင်းပြန်လှည့်သွားတာ ဖြစ်လိမ့်မည်။

လူကို မတွေ့ရလည်း အနည်းဆုံးတော့ စွပ်ပြုတ်ကို ပို့ပေးရပါမည်။ ဖုန်းထဲမှာ ထန်ယိချန်းရဲ့ ဖုန်းနံပါတ်ကို ရှာနေစဉ်မှာပဲ မလှမ်းမကမ်းက ဖျတ်ခနဲ ပွင့်သွားတဲ့ ဓာတ်လှေကားထဲကနေ ထွက်လာသော ပုံရိပ်လေးဆီ အကြည့်ရောက်သွားလျှင် သူ့နှုတ်ခမ်းမှာ အပြုံးတို့ ဖြစ်တည်လာခဲ့သည်။

ချန်ကျင်းလန်က ဒီနေ့ အနက်ရောင်တွေချည်း ဝတ်ထားသည်။ အောက်ဘက်ကို ကားထွက်သွားသည့် ဘောင်းဘီအရှည်လေးကို လီနင်သား ဘလေဇာလေးဖြင့် တွဲဖက်ဝတ်ဆင်ထားပြီး သူမရဲ့ ညို့မှိုင်းသော အသွင်အပြင်ကို ဖုံးကွယ်ရန်အတွက် နှုတ်ခမ်းနီရဲရဲကို ဆိုးထားခဲ့သည်။ ရိုးရိုးရှင်းရှင်းပဲ ဝတ်ဆင်ထားပေမဲ့ သူမရဲ့ အရှိန်အဝါက ခါတိုင်းနေ့တွေထက်တောင် ပိုတောက်ပနေသည်။

ရှောက်ချန်းကျယ်က ဒီတိုင်းပဲ ကားကို မှီရပ်နေခဲ့ပြီး သူမ သူ့ဆီ တစ်လှမ်းချင်း လျှောက်လာမှာကို စောင့်နေခဲ့သည်။ မီတာဝက် အကွာအဝေးတွင် ချန်ကျင်းလန် ရပ်လိုက်ပြီးနောက် သူတို့ နှစ်ယောက် အကြည့်ချင်း ဆုံသွားကြ၏။

ရှောက်ချန်းကျယ်ရဲ့ ကိုယ်ဟန်က ခပ်မတ်မတ် ဖြစ်သွားပြီး သူမထံ ခြေ တစ်လှမ်း တိုးကာ နှုတ်ဆက်လိုက်သည်။ “ ကောင်းသော မနက်ခင်းပါ ဥက္ကဌချန်။ ”

ချန်ကျင်းလန်ရဲ့ ခံစားချက်မဲ့နေတဲ့ မျက်နှာတည်တည်က သူ့စကားကြောင့် အနည်းငယ် နီမြန်းသွားကာ သူ သူမကို အဲ့ဒီလို ခေါ်ဝေါ်ခဲ့တဲ့ အချိန်တွေကို ပြန်သတိရသွားသည်။ အဲ့ဒီတုန်းကတော့ သူ့အသံက ပိုပြီးတော့ ခနဲ့တဲ့တဲ့နိုင်ပြီး အမြင်ကတ်စရာကောင်းခဲ့တာပေါ့။

“ ကျွန်မကို အဲ့လို ဆက်မခေါ်နဲ့တော့။ ” ဘယ်အချိန်မှာပဲဖြစ်ဖြစ် သူ့ဆီက အဲ့ဒီလို အခေါ်အဝေါ်မျိုး ထပ်မကြားချင်တော့ပါ။

“ ဘာလို့လဲ။ ” ရှောက်ချန်းကျယ်က မသိသလို ဟန်ဆောင်နေပေမဲ့ သူ့မျက်လုံးထဲက ရယ်မြူးရိပ်တွေက အကြောင်းပြချက်ကို သူ သိတယ် ဆိုတာ ထုတ်ဖော်ပြသနေသည်။

သူတို့ နှစ်ယောက်လုံးက မျက်စိမလွှဲချင်စရာကောင်းလောက်အောင် ကြည့်ကောင်းတဲ့ လူတွေမို့ ဖြတ်သွားဖြတ်လာတွေ အကုန်လုံးက သူတို့ကို လည်ပြန် ကြည့်သွားကြသည်။ ရှောက်ချန်းကျယ်က ကားတံခါးကို ဖွင့်ပြီး “ ကားထဲမှာ စကားပြောကြရအောင် ချန် ….. ” ဒိုင်းခနဲ ရောက်လာတဲ့ မျက်စောင်းကြောင့် သူ ချက်ချင်း ပြင်ခေါ်လိုက်ရသည်။ “ မြောင်မြောင် … ”

ချန်ကျင်းလန်က သူ့ကို ရေခဲလို အေးစက်နေတဲ့ အကြည့်ဖြင့် ကြည့်လိုက်ပြီး ကားထဲကို ဝင်လိုက်တော့ ရှောက်ချန်းကျယ်ကပါ ခန္ဓာကိုယ်ကို ငုံ့ကိုင်းပြီး ကားထဲကို ကိုယ်တစ်ပိုင်း ဝင်လိုက်၏။ ချန်ကျင်းလန်က ကျောမှီကို သတိအနေအထားဖြင့် မှီထားလျက် သူ့ကို ပြန်ကြည့်သည်။ “ ရှင် ဘာလုပ်ဖို့ ကြံနေတာလဲ။ ”

အစတုန်းကတော့ သူ့မှာ ဘာအစီအစဉ်မှ မရှိခဲ့ပေမဲ့ သူမရဲ့ စကားကြောင့် သူ့မှာ တစ်ခုခု လုပ်ဖို့ တာဝန်ရှိသလို ခံစားလိုက်ရပြီး သူမနား တိုးကပ်သွားလိုက်သည်။ “ မင်း ကိုယ့်ကို ဘာလုပ်စေချင်လို့လဲ။ ”

ချန်ကျင်းလန်က “ ကျွန်မတို့ ရောက်နေတာ ကျွန်မရဲ့ ကုမ္ပဏီအောက်မှာနော်။ ” ဟု ‌သူ့ကို တွန်းထုတ်ရင်း ပြောလိုက်သည်။

ထိုအချိန်မှာပဲ ထိုင်ခုံခါးပတ်တပ်သံ ကလစ်ခနဲ ထွက်ပေါ်လာကာ အဲ့ဒီတော့မှပဲ ချန်ကျင်းလန်လည်း သူ့ကို အထင်လွဲသွားမိတာ ဖြစ်ကြောင်း နားလည်သွားသည်။ ဒါဆိုလည်း ဘာလို့ ကားထဲ ဝင်ရအောင်လို့ ပြောသေးတာလဲ … ။

ရှောက်ချန်းကျယ်က သူမရဲ့ ထုတ်မပြောတဲ့ မေးခွန်းကို ဖြေပေးသည်။ “ ကိုယ် ဘာမှ လုပ်ဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး။ ကိုယ်တို့ မင်းကုမ္ပဏီအောက်မှာ အကြာကြီး ရပ်နေလို့ မရတော့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ စကားပြောလို့ ရမယ့် နေရာ ရှာရမယ်လေ။ ”

ချန်ကျင်းလန်က သူ့ကို ကန်ဖို့ ခြေထောက်မြှောက်လိုက်တော့ ရှောက်ချန်းကျယ်က ထိုခြေထောက်ကို ဖိချထားကာ သူမရဲ့ ဆံပင်လေးတွေကို နူးညံ့စွာ ပွတ်သပ်ရင်း ဒေါသထွက်နေတဲ့ ကလေး တစ်ယောက်ကို ချော့မော့သလို လေချိုအေးဖြင့် ပြောလိုက်သည်။ “ လိမ်လိမ်မာမာ နေရမယ်လေ။ မဆိုးရဘူး။ ” သူ့အပြုအမူက ချန်ကျင်းလန်အား သူ့ကို ပိုလို့တောင် ကန်ချင်စိတ် ပေါက်စေသည်။

သူက သူမရဲ့ ဆုပ်ကိုင်ထားခဲ့ပြီး တစ်ခါတရံ ပြုံး၍ လှည့်ကြည့်တတ်သည်။ မနက်ပိုင်း ကျောင်းသွား ၊ အလုပ်သွားချိန် ကျော်လွန်သွားပြီမို့ လမ်းက သိပ်မကျပ်တော့ဘဲ ကားက ခပ်သွက်သွက် မောင်းလာခဲ့သည်။ ချန်ကျင်းလန်ရဲ့ နှလုံးသားက ရှင်းပြလို့ မရတဲ့ ခံစားချက် တစ်မျိုးဖြင့် ရင်ခုန်သံမြန်လာသလို လက်ဖဝါးတွေမှာတောင် ချွေးစတွေ စိုစွတ်လာကာ သူမတို့ နှစ်ယောက် မကောင်းတဲ့ ကိစ္စ တစ်ခုခု လုပ်ဖို့ ခိုးရာလိုက်ပြေးလာသလို ထင်မှတ်မှားမိစေသည်။

ကားက နောက်ဆုံးတော့ လမ်းကြားလေး တစ်ခုထဲမှာ ရပ်တန့်သွား၏။ လမ်း တစ်ဖက်တစ်ချက်မှာ ရှိတဲ့ သဖန်းပင်အုပ်တွေက လမ်းကြားလေးကို အုပ်မိုးပေးထားပြီး သဘာဝအတိုင်း အရိပ်ကျနေစေသည်။ လမ်းပေါ်မှာ ဘယ်သူမှ မရှိပေမဲ့ ခြံဝန်း တစ်ခုထဲက ခွေးကတော့ ဆက်တိုက် ဟောင်နေခဲ့သည်။ ခွေးဟောင်သံရယ် ၊ သဖန်းပင်တွေကြားထဲက လာတဲ့ ပုစဉ်းရင်ကွဲသံ သဲ့သဲ့ရယ် ပေါင်းစပ်လိုက်သောအခါ စိတ်အေးချမ်းဖွယ် ငြိမ်သက်တိတ်ဆိတ်မှု ဖြစ်ပေါ်လာသည်။

ရှောက်ချန်းကျယ်က ကားနောက်ခန်းထဲက အိတ် တစ်အိတ်ကို လှမ်းယူပြီး လေးနက်စွာ ပြောလိုက်သည်။ “ ကိုယ် ဘာလုပ်တော့မယ်လို့ မင်း ထင်လဲ။ ကိုယ် မင်းကို ကြက်စွပ်ပြုတ် တိုက်မယ်လို့ ပြောခဲ့တယ်မို့လား။ မင်းရဲ့ ဝန်ထမ်းတွေကို အလုပ်ချိန်ကြီးမှာ စိတ်မပါလက်မပါနဲ့ အပြင်ထွက်လာတဲ့ သူတို့ဘော့စ်ကိုလည်း မမြင်စေချင်ဘူး။ အဲ့ဒါက မကောင်းဘူးလေ။ ”

ချန်ကျင်းလန်သည် သူမ လှည့်စားခံရသလို ခံစားလိုက်ရပြီး သူ့ခေါင်းပေါ်ကို ကြက်စွပ်ပြုတ်တွေ လောင်းချပစ်ချင်သွားသည်။ သို့သော်လည်း စွပ်ပြုတ်ရနံ့က စားချင်စရာကောင်းလွန်းသည်။ ချန်ကျင်းလန်က အစတုန်းကတော့ စားချင်စိတ် မရှိပေမဲ့ အပူခံဓာတ်ဘူးလေးကို သူ ဖွင့်လိုက်ချိန်မှာပဲ ‘ တစ်ခွက်လောက် သောက်ကြည့်တာလည်း အရမ်းတော့ မဆိုးပါဘူး ’ ဟု တွေးမိသွားသည်။ ရှောက်ချန်းကျယ်က ပန်းကန်လုံးတွေ ၊ ဇွန်းတွေပါ ယူလာခဲ့တာမို့ ချန်ကျင်းလန်က ဇွန်း တစ်ချောင်း ယူပြီး တစ်ဇွန်း ခပ်သောက်လိုက်သည်။ စွပ်ပြုတ်ရည်နွေးနွေးက လည်ချောင်း တစ်လျှောက် ဖြတ်စီးကာ အစာအိမ်ကို နွေးထွေးသွားစေ၏။ ချန်ကျင်းလန်သည် သူ့ရဲ့ ခုနတုန်းက အပြုအမူတွေကိုတောင် ခဏတာ ခွင့်လွှတ်မိသွားလေသည်။

“ အရသာ ဘယ်လို နေလဲ။ ” ရှောက်ချန်းကျယ်က သူမမျက်နှာကို ကြည့်ရင်း မေးနေသည်။

“ အရမ်း ဆိုးတယ်။ တစ်စက်မှ စားမကောင်းဘူး။ ” ပါးစပ်ကသာ တစ်စက်မှ စားမကောင်းဘူးဟု ပြောနေသော်လည်း လက်ကတော့ အရှိန်မသတ်ဘဲ စွပ်ပြုတ်ကို ခပ်သောက်နေခဲ့သည်။

ရှောက်ချန်းကျယ်က သူမရဲ့ အရှေ့ကို ကျနေတဲ့ ဆံနွယ်စလေးကို သပ်တင်ပေးလိုက်သည်။ “ တစ်စက်မှ စားမကောင်းရင်လည်း မင်းကပဲ ပိုသောက်ပေးနော်။ ဒီလောက် ဆိုးဝါးတဲ့ စွပ်ပြုတ်ကို ကိုယ့်ကို အားနာပါးနာနဲ့ ကျိတ်မှိတ် သောက်ပေးနိုင်မယ့် လူက မင်းက လွဲလို့ မရှိဘူး။ ”

ချန်ကျင်းလန်က သူ့ကို မျက်စောင်းထိုးလိုက်ပြီးနောက် နောက်တစ်ဇွန်း ခပ်သောက်လိုက်သည်။ “ ရှင် ဒါရိုက်တာဘုတ်အဖွဲ့ရှေ့မှာ ရှင့်အဘိုး ကန်တာ ခံခဲ့ရလား။ ”

“ ကိုယ်က ကိုယ့်သဘောနဲ့ကိုယ် နှုတ်ထွက်ခဲ့တာ။ ”

“ အဲ့ဒါ ဘာကွာလို့လဲ။ ”

“ ကိုယ့်သဘောနဲ့ကိုယ် နှုတ်ထွက်တာက ပိုကောင်းတယ်။ ”

ချန်ကျင်းလန် : “ … ”

သူ့ပါးစပ်ကနေ ပွင့်လင်းတဲ့ စကားမျိုး သူမ ဘယ်တော့မှ မကြားဖူးခဲ့။

ရှောက်ချန်းကျယ်က သူမအနားကို တိုးသွားလိုက်သည်။ “ ကိုယ့်ကို စိုးရိမ်နေတာလား။ ”

ချန်ကျင်းလန် မငြင်းမိပါ။ “ ရှင့်အဘွားနဲ့ သက်ဆိုင်တဲ့ အရာကို ပြန်ယူချင်တယ်လို့ ရှင်ပဲ ပြောထားတာ မဟုတ်ဘူးလား။ ဘုတ်အဖွဲ့ထဲကနေ အထုတ်ခံလိုက်ရရင် ရှင် ဘယ်လိုလုပ် အဲ့ဒါကို ဆက်လုပ်နိုင်တော့မှာလဲ။ ”

ရှောက်ချန်းကျယ်က သူတို့ နှစ်ယောက်ကြားက အနေအထားကို ပိုလို့ နီးကပ်စေလိုက်သည်။ “ ကိုယ်က ဘယ်နေရာမှာ အတော်ဆုံး ဖြစ်မလဲ ခန့်မှန်းကြည့်။ ”

ချန်ကျင်းလန်က သူ့မျက်လုံးတွေကို ပြန်စိုက်ကြည့်ပြီး “ ရှင် တော်တဲ့ တစ်ခုတည်းသော အရာက ကလိမ်ကကျစ်ကျတဲ့ နေရာ ထင်တယ်။ ” ဟု ပြောလိုက်တော့ ရှောက်ချန်းကျယ်ရဲ့ နှုတ်ခမ်းထက်မှာ အပြုံး တစ်ပွင့် ပီပြင်သွားပြီး သူမနှင့် နှာခေါင်းချင်း ဖိကပ်ပွတ်တိုက်လိုက်သည်။ “ မင်း အရမ်း တော်တယ် ၊ ခန့်မှန်းတာ ကွက်တိပဲ။ ”

ရှောက်ချန်းကျယ်က သူမရဲ့ မေးစေ့ကို ဆွဲမော့လိုက်ပြီးနောက် သူမရဲ့ နှုတ်ခမ်းပေါ်ကို သူ့နှုတ်ခမ်းတွေ ရောက်လာသည်။ လက်ထဲမှာ စွပ်ပြုတ် ပန်းကန်လုံးကို ကိုင်ထားတဲ့ ချန်ကျင်းလန်က သူ့ကို တွန်းဖယ်ပစ်လိုက်လို့လည်း မရဘဲ ကားထဲမှာ စွပ်ပြုတ်တွေ ဖိတ်ကုန်မှာ ၊ ကားဘေးကို တစ်ယောက်ယောက် ဖြတ်သွားမှာ စိုးရိမ်နေခဲ့သည်။ သို့သော် ခဏအကြာမှာပဲ ထိုစိုးရိမ်မှုတွေ အကုန်လုံး လွင့်ပြယ်ပျောက်ကွယ်သွားကာ သူမရဲ့ အာရုံကြောတွေ ၊ အသိစိတ်တွေ အကုန်လုံးက သူ့လျှာရဲ့ ခြယ်လှယ်မှုမှုအောက်မှာ ကျရှုံးသွားခဲ့သည်။

ရုတ်တရက်ပဲ သူ့လျှာက သူမနှုတ်ခမ်းတွေကြားထဲမှ ဆုတ်ခွာသွားကာ အောက်နှုတ်ခမ်းလေးကိုပဲ စုပ်ယူနမ်းရှိုက်ရင်း အသက်ရှူသွင်း ရှူထုတ်လိုက်သည့် ဝင်သက် ထွက်သက်က့ားမှာ သူမကို “ ချန်မြောင်မြောင် … ” ဟု ထပ်တလဲလဲ ခေါ်နေခဲ့သည်။

ချန်ကျင်းလန်ရဲ့ လည်ချောင်းထဲမှာ ပူလောင်မွတ်သိပ်တဲ့ ဆန္ဒ တစ်ခု လျှံတက်လာသလို ခံစားရသည်။ သူ့လျှာဖျားလေးကို သူမဘက်က အရင် စုပ်ယူလိုက်ပြီးနောက် နူးညံ့မှု နှစ်ခု ပေါင်းဆုံသွားသောအခါ ရှောက်ချန်းကျယ်ရဲ့ မျက်လုံးထဲမှာ တောက်ပသော အလင်းတန်းတွေ ယှက်သန်းလျက် သူမရဲ့ ခေါင်းကို အနောက်ကနေ ထိန်းကိုင်ထားပြီး သူမရဲ့ နှုတ်ခမ်းတွေကို သူ့သဘောကျ သိမ်းပိုက်စိုးမိုးခဲ့သည်။

နောက်ဆုံးတော့ လှိုင်းထန်နေခဲ့တဲ့ ဒီရေလှိုင်းတွေ အကုန်လုံး တည်ငြိမ်သော ရေပြင်အဖြစ်သို့ ပြန်ပြောင်းလဲသွားသည်။

ချန်ကျင်းလန်က သူ့ကို အနည်းငယ် ဖူးရောင်နေသော နှုတ်ခမ်း ၊ အရည်စိုလဲ့နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူက သူမကို ကြက်စွပ်ပြုတ် တစ်ဇွန်း ခွံ့ကျွေးရင်း “ မြင်လား ၊ ကိုယ်က ကလိမ်ကကျစ်ကျတဲ့ နေရာအပြင် စည်းစနစ်ကျကျ ခြေလှမ်းဆုတ်တဲ့ နေရာမှာလည်း တော်သေးတယ်။ သဘောကတော့ ကိုယ် ပိုင်ဆိုင်သင့်တဲ့ အရာကို နောက်ဆုံးမှာ သေချာပေါက် ပိုင်ဆိုင်ရမှာပဲ။ ”

သူ ပိုင်ဆိုင်သင့်တဲ့ အရာကို အဆုံးသတ်မှာ ပိုင်ဆိုင်ရမလား မသေချာပေမဲ့ ချန်ကျင်းလန်ကတော့ သူ့ကို ဒီကြားထဲ သူမအပေါ် အခွင့်အရေးထပ်ယူခွင့်မပေးတော့ပါ။ သူ့ဖုန်းနံပါတ်တွေက သူမရဲ့ ဘလော့ခ်ထားသည့် ဖုန်းနံပါတ်စာရင်းထဲ တန်းတန်းမတ်မတ် ရောက်သွားတာမို့ ရှောက်ချန်းကျယ်သည် သမီးဖြစ်သူကိုပဲ ဖုန်းခေါ်လို့ ရတော့သည်။

ချန်လီချီလေးက သူမရဲ့ Smart watch ဖုန်းလေးကို မြှောက်ကိုင်ထားရင်း မူကြိုမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို သူမအဖေအား စိတ်လှုပ်ရှားစွာ ဖောက်သည်ပြန်ချနေခဲ့သည်။ ရှောက်ချန်းကျယ်က သူ့သမီး ပြောတဲ့ စကားတွေကိုရော ၊ တခြား အသံတွေကိုရော အာရုံစူးစိုက် နားထောင်နေပေမဲ့ ဘာသံကိုမှ မကြားရ၍ မေးလိုက်သည်။

“ သမီးရဲ့ မေမေ ဘယ်ရောက်နေတာလဲ။ ”

“ မေမေက အထုပ်အပိုးတွေ သိမ်းနေတယ် ဖေဖေရဲ့။ သူ မနက်ဖြန်ကျ အလုပ်ကိစ္စနဲ့ ခရီးထွက်ရမယ်တဲ့။ ”

“ သမီးကို သူ ဘယ်သွားမယ်လို့ ပြောလဲ။ ”

ချန်လီချီလေးက မြို့နာမည်ကို ခဏလောက် စဉ်းစားနေပေမဲ့ မမှတ်မိပေ။ “ သမီး ထင်တာတေယ့ မေမေ ကောလိပ်တက်ခဲ့တဲ့ မြို့ ဖြစ်မယ် ထင်တယ်။ မေမေက သမီးအတွက် အရသာရှိတဲ့ မုန့်တွေ ဝယ်လာခဲ့မယ်လို့ ပြောတယ် ၊ လက်ဆောင်တွေလည်း အများကြီး ဝယ်လာခဲ့မယ်တဲ့။ ”

ထိုသို့ ပြောပြီးသည်နှင့် သူမလေးရဲ့ အသံက လေးနက်တည်ငြိမ်သွားသည်။ “ ဖေဖေ မေမေနဲ့ အခုထိ အတည် ချိန်းမတွေ့ရသေးဘူးမို့လား။ ”

“ သမီးက ဘာလို့ အဲ့လို ထင်တာလဲ။ ”

“ မဟုတ်ရင် ဒီလောက် အရေးကြီးတဲ့ ခရီးကို ဖေဖေ မသိဘဲ နေမလား။ ဖေဖေ မေမေ့ကို ဂရုမစိုက်ဘူးမို့လား။ ”

ရှောက်ချန်းကျယ် ပြာပြာသလဲ ရှင်းပြလိုက်၏။ “ ဖေဖေ မေမေနဲ့ တကယ့်ကို အတည် ချိန်းတွေ့နေတာပါ။ ဒါပေမဲ့ ဖေဖေက မေမေ့ကို စိတ်ဆိုးအောင် လုပ်ထားမိတယ်။ အဲ့ဒါကြောင့် သူ ဖေဖေ့ကို ဒီခရီးအကြောင်း ပြောမပြတာ။ ”

ချန်လီချီကတော့ ထိုဖြေရှင်းချက်ကို လက်မခံပါ။ “ ဖေဖေသာ မေမေနဲ့ အတည် ချိန်းတွေ့နေတယ် ဆိုရင် မေမေ့ကို စိတ်ဆိုးအောင် လုပ်မှာ မဟုတ်ဘူး။ ”

ရှောက်ချန်းကျယ် : “ !!! ”

ချန်ကျင်းလန်က ဒီတစ်ခေါက် ဟိုတယ်နယ်ပယ်ထဲမှာ ရှိတဲ့ လုပ်ငန်းသဘော သဘာဝတွေ ၊ လိုအပ်ချက်တွေကို အတွေ့အကြုံမျှဝေသည့် အစည်းအဝေး တစ်ခုအတွက် ခရီးထွက်ရမှာ ဖြစ်ပြီး ထိုခရီးမှာ ကိုယ်ဝန်ကြောင့် ဒုက္ခများနေရတဲ့ ကျန်းမုန့်ဆီကိုပါ တစ်ခါတည်း ဝင်လည်မှာ ဖြစ်သည်။ ကိုယ်ဝန်ဆောင်ချိန်မှာ အားငယ်တတ်တဲ့ အမျိုးသမီးတွေရဲ့ သဘာဝအတိုင်း ကျန်းမုန့်ဟာ သူငယ်ချင်းကောင်း တစ်ယောက်ရဲ့ ဂရုစိုက် နှစ်သိမ့်ပေးမှုကို အရေးပေါ် လိုအပ်နေ၏။

အစည်းအဝေး ပထမဆုံးနေ့မှာ ချန်ကျင်းလန်က ခဏလောက်ပဲ လူလုံးထွက်ပြပြီးနောက် ကျန်တဲ့ ကိစ္စမှန်သမျှကို ထန်ယိချန်းနှင့် လွှဲကာ ကျန်းမုန့်ရဲ့ အိမ်ကို ထွက်လာခဲ့လိုက်သည်။ ချန်ကျင်းလန်ကို မြင်တော့ ကျန်းမုန့်ရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေ အိုင်ထွန်းသွားလျက် သူမကို တင်းကျပ်နေအောင် အကြာကြီး ပွေ့ဖက်ထားခဲ့လေသည်။ ကိုယ်ဝန်မ‌ရခင်ကတည်းက ကိုယ်ဝန်ဆောင်ရတာ ပင်ပန်းမယ်မှန်း သိထားခဲ့ပေမဲ့ တကယ့်လက်တွေ့ ကြုံရတော့မှ ကိုယ်ဝန်ဆောင်ရတာက သူမ ကြိုတွေးထားတဲ့ ပင်ပန်းဆင်းရဲမှုထက် အဆပေါင်းများစွာ ပိုကြောင်း သိလိုက်ရသည်။ ဒီအခြေအနေကို သူမ ဘယ်တော့မှ ဖြတ်ကျော်နိုင်မလဲ မသိပါ။

ချန်ကျင်းလန်က သူမရဲ့ ပခုံးလေးကို ပုတ်ပြီး နှစ်သိမ့်ပေးလိုက်သည်။ “ ငါ နင့်အတွက် အန်တီချွီ ချက်ပေးလိုက်တဲ့ အရသာရှိတဲ့ ဟင်းတွေ ယူလာခဲ့တယ်။ ”

ကျန်းမုန့်ရဲ့ မျက်ရည်နေသော မျက်လုံးလေးတွေက ချက်ချင်းပဲ အရောင်တောက်သွားကာ “ ဘယ်မှာလဲ ဘယ်မှာလဲ။ ငါ့ကို မြန်မြန် ကျွေးတော့ ကျင်းလန်။ နင်က ငါ့ကို ကယ်တင်ဖို့ ဒီကို ရောက်လာတာပဲ။ ငါ အန်တီချွီရဲ့ လက်ရာကို စားချင်လွန်းလို့ အိပ်မက်တွေထဲတောင် ထည့်မက်နေတာ။ ”

ချန်ကျင်းလန်က အပူခံဘူးတွေနှင့် ထည့်လာတဲ့ အစားအသောက်တွေကို တစ်ဘူးချင်း စားပွဲပေါ် တင်လိုက်သောအခါ စားပွဲ တစ်ခုလုံး ဟင်းပွဲတွေ ပြည့်သွားလေသည်။ သူတို့ ညစာအတွက်တောင် ဟင်းထပ်ချက်စရာ မလိုတော့ပါ။ ကျန်းမုန့်ရဲ့ ခင်ပွန်းကလည်း အလုပ်ကိစ္စနှင့် ခရီးသွားနေတော့မှာ ကျန်းမုန့်က ချန်ကျင်းလန်ကို ဒီည သူ့အိမ်မှာပဲ အိပ်ခိုင်းဖို့ စဉ်းစားထားသည်။ သူတို့ တစ်ယောက်နှင့် တစ်ယောက် မတွေ့ရတာလည်း အတော် ကြာပြီမို့ တစ်ညလုံး ကားတွေ ရေပက်မဝင်အောင် ပြောရပါမည်။

ကျန်းမုန့်က နောက်ဆုံး ကျန်တဲ့ ဝက်နံရိုးလေးကို အပြောင်ရှင်းလိုက်ပြီးမှ ဗိုက်လေးကို ပွတ်ကာ ဆိုဖာပေါ်ကို မှီနေလိုက်သည်။ “ နင် ပြန်ရင် နင့်ခရီးဆောင်သေတ္တာထဲမှာ ငါ့ကိုပါ တစ်ခါတည်း ထည့်ခေါ်သွားစမ်းပါ ကျင်းလန်ရယ်။ ငါ့ကို ဘာမှ အများကြီး ဂရုစိုက်ပေးစရာ မလိုဘူး ၊ အန်တီချွီရဲ့ လက်ရာကို တစ်နေ့ သုံးနပ် ကျွေးရင်ပဲ ရပြီ။ ”

ချန်ကျင်းလန်က သူမအတွက် ရေခပ်ပေးရင်း “ ရတယ်လေ ၊ နင် နင့်ယောက်ျားကို တစ်ယောက်တည်း ထားခဲ့နိုင်တယ် ဆိုရင်လည်း ငါ ပြန်ရင် ငါ့ခရီးဆောင်အိတ်ထဲ ဝင်လိုက်ခဲ့။ ” ဟု ပြောလိုက်တော့ ကျန်းမုန့်က ချန်ကျင်းလန်ရဲ့ လည်ပင်းကို ဖက်ရင်း “ ဘာမှ နောက်ဆံတင်းနေစရာ မရှိဘူး။ ဒီအိမ်မှာ သူ့ကို တစ်ယောက်တည်း ထားခဲ့ပြီးတော့ နင်နဲ့ ပျားရည်ဆမ်းခရီး ထွက်ပစ်လိုက်မယ်။ ” ဟု ရွှတ်နောက်နောက်လေး ပြန်ပြောလိုက်၏။

ချန်ကျင်းလန် ရယ်မောမိသည်။ “ အဲ့အကြံ မဆိုးဘူး။ လီချီလေးကလည်း သူ့အန်တီမုန့်ကို အရမ်း လွမ်းတယ်တဲ့ ၊ အန်တီမုန့်ရဲ့ ကလေးလေးနဲ့ ဘယ်တော့ တွေ့ရမှာလဲ ဆိုပြီး ငါ့ကို နေ့တိုင်း မေးနေတာ။ ”

ကျန်းမုန့်က ချန်ကျင်းလန်ရဲ့ လည်ပင်းကို မျက်မှောင်ကြုတ်ကာ စူးစိုက်၍ ကြည့်နေရင်းမှ အားခနဲ ရုတ်တရက် ထအော်တော့ ချန်ကျင်းလန်ပါ လန့်ပြီး ထခုန်မိသည်။ “ ဘာဖြစ်တာလဲ။ နင် ဗိုက်နာလို့လား။ ”

ကျန်းမုန့်က သူမရဲ့ အင်္ကျီကော်လံကို ဆုပ်ကိုင်လိုက်တော့မှ သူ ဘာဖြစ်လို့ ထအော်တာလဲ ဆိုတာကို ချန်ကျင်းလန် နားလည်သွားသည်။ မနေ့တုန်းက သူ့ကားထဲမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကြောင့် သူမရဲ့ လည်ပင်းမှာ အနီမှတ်တွေ အများကြီး ကျန်ခဲ့ပါသည်။ နေ့ဘက်မှာတော့ Concealer ဖြင့် ဖုံးထားခဲ့ပေမဲ့ ညဘက် ရေချိုးပြီးနောက်ပိုင်းမှာ Concealer သုံးဖို့ မေ့သွားခဲ့သည်။ မျက်စိအားကောင်းလွန်းတဲ့ ကျန်းမုန့်က အဲ့ဒါကို သတိထားမိသွားတာပင်။

“ နင့်မှာ ချစ်သူ ရှိနေပြီလား။ ” ကျန်းမုန့်က ချန်ကျင်းလန်ကို လွှတ်မပေးဘဲ သူမရဲ့ လည်ပင်းကို အနီးကပ် ကြည့်ရင်း တကျွတ်ကျွတ် စုပ်သတ်လိုက်သည်။ “ ဒီလောက် ပြင်းအားနဲ့ ဆိုရင်တော့ …. ၊ နင် ဝံပုလွေပေါက်စ တစ်ကောင်နဲ့ တွဲနေတာလို့တော့ ငါ့ကို မပြောနဲ့နော်။ ”

ချန်ကျင်းလန်သည် ကျန်းမုန့်ကို တွန်းထုတ်တာမျိုး မလုပ်ဘဲ သူမလက်ထဲမှ မလွတ်မြောက်နိုင်သောကြောင့် ဆို‌ဖာပေါ်က ကော်ဇောပေါ်မှာ ငြိမ်ငြိမ်လေး ထိုင်နေဖို့သာ တတ်နိုင်လေသည်။ ကြာတော့ စိတ်ရှုပ်လာတာမို့ ကျန်းမုန့်ကို မျက်စောင်းထိုးမိသွားသည်။ “ ဘာကို ဝံပုလွေပေါက်စလဲ။ ငါက ဝံပုလွေ မကြိုက်ဘူး။ ”

“ ဝံပုလွေပေါက်စ မဟုတ်ရင် ဘာလဲ၊ ခွေးပေါက်လေးလား။ ”

***

All Chapters