← Chapters

အခန်း ၆၁

Vol. 7 Ch. 61

အခန်း ၆၁

Vol. 7 Ch. 61

အပိုင်း ( ၆၁ )

ချန်ကျင်းလန်က သူ့လက်ကို ခပ်ဆတ်ဆတ်လေး ရိုက်လိုက်သည်။ “ ပေါက်ကရတွေ ပြောနေတာ တော်လိုက်တော့။ ဗိုက်ထဲက ကလေးက နင် ပြောနေတဲ့ ပေါက်ကရစကားတွေကို ကြားသွားဦးမယ်။ ”

ကျန်းမုန့်က အောင်နိုင်သူ တစ်ယောက်လို လက်ခါပြသည်။ “ စိတ်ပူမနေနဲ့ ၊ ငါ့ကလေးလေးက ဗိုက်တင်းသွားလို့ အိပ်နေပြီ။ စကားလမ်းကြောင်း လာမလွှဲနဲ့နော်။ ဒါတွေက ခြင်ကိုက်ရာတွေပါလို့တော့ ငါ့ကို လာမပြောနဲ့။ ငါက လီချီလေး မဟုတ်ဘူး။ ကဲပါ .. ငါ့ကို ပြောပြစမ်းပါ။ ‌ဝံပုလွေပေါက်လေး မဟုတ်ရင် ခွေးပေါက်လေးလား … ။ ဘယ်သူလဲ။ ”

ချန်ကျင်းလန်က စားပွဲပေါ်က ဖန်ခွက်ကို ယူကာ ဖန်ခွက်နှုတ်ခမ်းကို လက်ချောင်းလေးတွေဖြင့် တို့ထိ ဆော့ကစားနေခဲ့ပြီး အတော် ကြာတော့မှ ခပ်တိုးတိုး ‌ပြန်ပြောလိုက်သည်။ “ အတိတ်တုန်းက လူ တစ်ယောက်ပါ။ ”

“ အတိတ်တုန်းက ….. ” ကျန်းမုန့်က စက္ကန့်ပိုင်းလောက် စိတ်ရှုပ်ထွေးသွားပြီးမှ ခေါင်းထဲမှာ ဖျတ်ခနဲ လင်းသွားကာ မရဲတရဲ မေးလိုက်သည်။ “ လီချီလေးရဲ့ … အဖေလား … ”

ခေါင်းငုံ့ပြီး ရေသောက်နေတဲ့ ချန်ကျင်းလန်က ထိုမေးခွန်းကို မငြင်းဆန်ခဲ့ပါ။

ကျန်းမုန့် တစ်ယောက် စိတ်လှုပ်ရှားသွားရပြန်သည်။ “ ဟယ် ၊ ဒီတစ်ခေါက်‌တော့ နင် ငါ့ကို သူနဲ့ သေချာပေါက် ပေးတွေ့ရမယ်နော် ကျင်းလန်။ အချိန်တွေ ဒီလောက် ကြာသွားတာတောင် နင့်ကို သူ့အပေါ် ပြန်တိမ်းညွှတ်အောင် လုပ်နိုင်တယ် ဆိုတော့ သူက အရမ်း ချောမယ် ထင်တယ်။ နင်တို့ လက်ထပ်တော့မယ်လို့တော့ ငါ့ကို မပြောနဲ့နော်။ ”

သူမတို့ ကောလိပ်တက်နေစဉ် ကာလတုန်းက ချန်ကျင်းလန်မှာ သူတို့အဖွဲ့ထဲက တစ်ယောက်မှ မမြင်ဖူးတဲ့ ပဟေဋိဆန်ဆန် အဝေးရောက်ချစ်သူ ရှိခဲ့တယ် ဆိုတာကို ကျန်းမုန့် သိသည်။ ချန်ကျင်းလန်က ဘွဲ့မယူခင် ကျင်းပတဲ့ အဆောင်နှုတ်ဆက်ပွဲကို သူမချစ်သူအား ခေါ်လာဖို့ ရည်ရွယ်ထားပေမဲ့ နှုတ်ဆက်ပွဲ မလုပ်ရသေးခင်မှာပဲ သူတို့ နှစ်ယောက် လမ်းခွဲသွားခဲ့ကြသည်။ အဲ့ဒီနောက်ပိုင်း ချန်ကျင်းလန်မှာ ကိုယ်ဝန်ရလာသည်။ ကျန်းမုန့်က ဘယ်တော့မှ ထုတ်မမေးခဲ့ပေမဲ့ လီချီလေးရဲ့ အဖေက သူ ဆိုတာ ခန့်မှန်းလို့ ရနေသည်။

ဒီနှစ်တွေ တစ်လျှောက်လုံးမှာ ချန်ကျင်းလန်ရဲ့ အနေအထားနှင့်ဆို လိုချင်တဲ့ ယောက်ျားကို အချိန်မရွေး ရနိုင်သလို သူမဆီ ချဉ်းကပ်လာတဲ့ လူတွေလည်း အများကြီး ရှိခဲ့ပေမဲ့ သူမကတော့ အီစီကလီလောက်တောင် မလုပ်ခဲ့ဘဲ ဘယ်သူ့ကိုမှ လက်မခံခဲ့ပါ။ အကြောင်းပြချက်ကတော့ တစ်ခုတည်းသာ ၊ သူမရဲ့ နှလုံးသားထဲမှာ ပြန်မရနိုင်တော့တဲ့ အတိတ်တုန်းက တစ်စုံတစ်ယောက်က နေရာယူထားလို့ … ။

ချန်ကျင်းလန်က သူမကို စိတ်မလှုပ်ရှားဖို့ ပြောလိုက်သည်။ “ သူက ဘာမှ အရမ်း ကြည့်ကောင်းနေတာမျိုး မရှိပါဘူးဟာ ၊ ဒီတိုင်း သာမန် လူ တစ်ယောက်ပါပဲ။ ပြီးတော့ ငါတို့ ဘယ်အချိန် ပြန်ဝေးရမလဲ ဆိုတာ ဘယ်သူ သိမှာလဲ။ ”

ကျန်းမုန့်ကတော့ သူမကို လုံးဝ မယုံပါ။ “ ဘာဖြစ်ဖြစ် ငါကတော့ ဂရုမစိုက်ဘူး။ ကိုယ်ဝန်သည် တစ်ယောက်ရဲ့ ဆန္ဒ ဆိုတာ ဖြည့်ဆည်းပေးကောင်းပါတယ်ဟာ။ နင်တို့ ထပ်မဝေးခင် ငါ့ကို အဲ့ဒီ သာမန်လူ ဆိုတဲ့ လူကြီးနဲ့သာ မိတ်ဆက်ပေး။ ”

ချန်ကျင်းလန် သူမကို လက်မြှောက် အရှုံးပေးလိုက်ရတော့သည်။ “ အေး အေး။ အခွင့်အရေးရရင် မိတ်ဆက်ပေးမယ်။ ရပြီလား။ ”

“ ဒါဆို ငါ့ကလေးလေးရဲ့ တစ်လပြည့် မွေးနေ့ လုပ်တဲ့ အချိန်ထိ နင်တို့ နှစ်ယောက် မဝေးသေးရင် သူ့ကို ငါ့ဆီ ခေါ်လာခဲ့။ ” ကျန်းမုန့်က အခွင့်အရေးကို သူမဘာသာပဲ ဖန်တီးလိုက်သည်။

“ အေးပါ။ ” နောက်ဆုံးတော့ ချန်ကျင်းလန်လည်း ဘယ်လိုမှ မတတ်နိုင်ဘဲ သဘောတူလိုက်ရသည်။

ဘေးမှာ ချထားတဲ့ ချန်ကျင်းလန်ရဲ့ ဖုန်းမျက်နှာပြင်ဟာ အကြိမ်ပေါင်းများစွာ မှိတ်ချည် ၊ လင်းချည် ဖြစ်နေရာမှ ပြန်မှောင်အတိကျသွားတာကိုတော့ ဘယ်သူမှ သတိမထားလိုက်ကြ။

နောက်တစ်နေ့မနက် ရောက်တော့ ထန်ယိချန်းက ဒရိုင်ဘာ တစ်ယောက်နှင့်အတူ မိန်းကလေးချန်ကို လာကြိုခဲ့သည်။ ခဏနေရင် မိန်းကလေးချန်က စင်မြင့်ပေါ်မှာ မိန့်ခွန်းပြောရမှာမို့ ဒီနေ့ အချိန်ဇယားက အရေးကြီးသည်။

ထန်ယိချန်း ဖုန်းဆက်လာသည်နှင့် ချန်ကျင်းလန်က အောက်ထပ်ကို ဆင်းလာခဲ့သည်။ ကျန်းမုန့်ကလည်း သူမကို လိုက်ပို့ရင်း အပြင်မှာ ခဏတဖြုတ် လမ်းလျှောက်ဖို့ နောက်ကနေ တစ်ပါတည်း လိုက်လာ၏။ ချန်ကျင်းလန်က ကျန်းမုန့်နှင့် ရယ်ရယ်မောမော စကားပြောနေစဉ်မှာပဲ ထန်ယိချန်းနှင့် တွဲရပ်နေသူကို မြင်သွားကာ မျက်လုံးပြူးသွားလျက် ပြောလက်စ စကားပါ တစ်ဝက်တစ်ပျက် ရပ်တန့်သွားလေသည်။

ထန်ယိချန်းက သူကိုယ်တိုင်လည်း ဘာတွေ ဖြစ်ကုန်မှန်း မသိသဖြင့် အဟမ်း အဟမ်းဟု လည်ချောင်းရှင်းရင်း လက်ရှိ အခြေအနေကို မိန်းကလေးချန်အား ဘယ်လို ရှင်းပြရပါ့မလဲ ဆိုတာ ဇဝေဇဝါ ဖြစ်နေမိပါသည်။ ကားကို ပွဲကျင်းပသူတွေဘက်က စီစဉ်ပေးထားတာ ဖြစ်ပြီး သူ ဒီကို မလာခင် သူတို့ စီစဉ်‌ပေးထားတယ် ဆိုတဲ့ ကားကို တစ်ချက် သွားကြည့်ရင်း ဒရိုင်ဘာထိုင်ခုံမှာ ထိုင်နေသူကို မြင်တော့ ဆွံ့အသွားခဲ့ရသည်။

ရှောက်ကော်ပိုရေးရှင်းရဲ့ စီအီးအို ရုတ်တရက် နှုတ်ထွက်သွားပြီးနောက် စတော့ရှယ်ယာဈေးတွေ ကြောက်ခမန်းလိလိ ထိုးကျနေတာကို သိပေမဲ့ ရှောက်ကော်ပိုရေးရှင်းရဲ့ စီးအီးအိုက ဒရိုင်ဘာ ပြောင်းလုပ်နေတာကိုတော့ မသိခဲ့ပေ။ ပြီးတော့ ဒရိုင်ဘာ လုပ်တာတောင်မှ မိန်းကလေးချန်ရဲ့ ဒရိုင်ဘာတဲ့လား … ။ ထူးဆန်းလွန်းတယ်လို့ မထင်ဘူးလား။

ထန်ယိချန်းကို မှတ်မိနေတဲ့ ကျန်းမုန့် လှမ်းနှုတ်ဆက်လိုက်သည်။ ထို့နောက် ထန်ယိချန်းရဲ့ဘေးမှာ ရပ်နေသူထံ မျက်လုံးတွေ အလိုလို ရွေ့သွားသည်။ သူ့ရဲ့ ထင်းထွက်နေတဲ့ အသွင်အပြင်ကြောင့် ဘယ်သူမှ သူ့ကို သတိမထားမိဘဲ မနေနိုင်ပါ။ “ သူက နင့်ကုမ္ပဏီက ဝန်ထမ်းလား ကျင်းလန်။ ”

ထန်ယိချန်းက ဘယ်လို ပြန်ဖြေရမှန်း မသိသောကြောင့် ပါးစပ်ပိတ်နေသလို ချန်ကျင်းလန်ကလည်း တစ်ခုခု ပြောဖို့ ပါးစပ်ဟပြီးမှ ပြန်ပိတ်လိုက်သည်။ သူမလည်း သူနှင့် ကျန်းမုန့်ကို ဘယ်လို မိတ်ဆက်ပေးရမလဲ ဝေခွဲမရပါ။

နှစ်ယောက်လုံး အသံတိတ်နေကြတော့ ရှောက်ချန်းကျယ်က ခြေ တစ်လှမ်း ရှေ့တိုးပြီး သူ့ကိုယ်သူ မိတ်ဆက်လိုက်ရသည်။ “ တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က မိန်းကလေးချန်အတွက် ဒီနေ့ရဲ့ ယာယီ ဒရိုင်ဘာပါ။ ”

‘ သူ့ရုပ်ရည် ၊ အသွင်အပြင် ၊ အရှန်အဝါနဲ့ ဆိုရင် ကုမ္ပဏီကြီး တစ်ခုခုရဲ့ စီအီးအိုပါလို့ ပြောရင်တောင် ဘယ်သူမဆို ယုံမှာ ’ လို့ ကျန်းမုန့် တွေးမိသွားသည်။ အတွေးတွေကို နှုတ်ကနေ လွှတ်ခနဲ ထွက်မသွားအောင် တားဖို့ အချိန်မမီလိုက်။ “ ရှင်က ကျွန်မ မြင်ဖူးသမျှ ဒရိုင်ဘာတွေထဲမှာ ရုပ်အချောဆုံးပဲ။ ”

ရှောက်ချန်းကျယ်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ “ မိန်းကလေးက ကျွန်တော့်ကို မြှောက်လွန်းနေပါပြီ။ ကျွန်တော်က သာမန် ဒရိုင်ဘာ တစ်ယောက်ပါပဲ။ ”

ထိုစကားကို ထူးဆန်းစွာ ရင်းနှီးနေသလို ခံစားရပေမဲ့ သူမရဲ့ ရွှေငါးဦးနှောက်က ဘယ်နေရာမှန်း ကြားခဲ့ဖူးမှန်း စဉ်းစားလို့ မရပေ။

ချန်ကျင်းလန်က ကျန်းမုန့်ရဲ့ လက်မောင်းကို ရိုက်လိုက်သည်။ “ ငါ သွားရတော့မယ်။ အစည်းအဝေးက မနက်ပိုင်း လုပ်မှာ ၊ နောက်ကျလို့ မရဘူး။ အစည်းအဝေးပြီးမှ နင့်ကို ဖုန်းဆက်လိုက်မယ်။ ”

ကျန်းမုန့် ခေါင်းညိတ်ပြလိုက်သည်။ “ နင် မပြန်ခင် ငါတို့ ထမင်း တစ်နပ်လောက် အတူတူ ထပ်စားရအောင်လေ။ မဟုတ်ရင် လချီကြာတဲ့ထိ ငါတို့ ထပ်တွေ့ရဦးမှာ မဟုတ်ဘူး။ ”

“ အင်း အင်း ၊ စားကြတာပေါ့။ အခုလောလောဆယ်တော့ ငါ သွားပြီနော်။ ”

ထန်းယိချန်းသည် မိန်းကလေးချန်အတွက် ကားတံခါးဖွင့်ပေးဖို့ ပြင်နေစဉ်မှာပဲ သူ့ဘေးက အမျိုးသားက သူ့ထက်အရင် ရှေ့ထွက်၍ ကားတံခါးကို ဖွင့်ပြီး မိန်းကလေးချန်ရဲ့ ခေါင်းနှင့် ကားအမိုးနှင့် မတိုက်မိအောင် အပေါ်ကနေ လက်နှင့် ကာပေးထားခဲ့သည်။ ဒီယာယီ ဒရိုင်ဘာက သူ့အလုပ်ကို အတော်လေး စေတနာပါလွန်းသည်ဟု ပြောရမည် ထင်သည်။

ကားက တိတ်တိတ်ဆိတ်ဆိတ်ပဲ ထွက်လာခဲ့သည်။ ချန်ကျင်းလန်က နောက်ခန်းမှာ မျက်လုံးမှိတ်လျက် အနားယူရင်း လိုက်ပါလာခဲ့စဉ်မှာ မောင်းသူနေရာက ယာယီ ဒရိုင်ဘာက ကားမောင်းတာကိုပဲ အာရုံစူးစိုက်ထားခဲ့၏။ ထန်ယိချန်းကတော့ သူ့ကိုယ်သူ ကားငှားစီးလာတဲ့ ခရီးသည် တစ်ယောက်လို တဖြည်းဖြည်း ခံစားလာရလေသည်။

မီးပွိုင့်မိနေတုန်း ချန်ကျင်းလန်က ဖျတ်ခနဲ မျက်လုံးဖွင့်လိုက်တော့ သူမကို ကားနောက်ကြည့်မှန်ကနေ တစ်ဆင့် လှမ်းကြည့်နေတဲ့ ဒရိုင်ဘာနှင့် အကြည့်ချင်း ‌သွားဆုံသည်။ သူတို့ရဲ့ မျက်လုံးတွေက စက္ကန့်ပိုင်းလောက် ငြိတွယ်နေပြီးမှ ကိုယ်စီ အကြည့်လွှဲလိုက်ကြပါသည်။

အစည်းအဝေးကျင်းပရာ နေရာကို ရောက်တော့ ပုံမှန်အားဖြင့် ဒရိုင်ဘာတွေက အပြင်မှာ ရပ်စောင့်နေရပေမဲ့ ဒီဒရိုင်ဘာက သာမန် ဒရိုင်ဘာ မဟုတ်တာက တစ်ကြောင်း ၊ ဥက္ကဌတွေက ဘာမှ မပြောထားတာက တစ်ကြောင်းမို့ ထန်ယိချန်းက ပွဲကျင်းပသူတွေဆီ ဖုန်းဆက်ပြီး ဝင်ခွင့်ကတ်ပြားအပို တစ်ခု တောင်းဖို့ သူ့ဖုန်းကို ထုတ်လိုက်သည်။

သို့သော်လည်း သူ့ဘေးက ဒရိုင်ဘာဟာ အိတ်ကပ်ထဲက ဝင်ခွင့်ကတ်ပြားကို ထုတ်ပြီး လည်ပင်းမှာ ချိတ်ဆွဲပြီးနှင့်နေပြီ ဖြစ်သည်။ အဲ့ဒါက ပွဲကျင်းပသူတွေ ထုတ်ပေးထားတဲ့ တရားဝင် ဝင်ခွင့်ကတ်ပြား။

ချန်ကျင်းလန်က သူ့ကို မကြည်မလင် ကြည့်လိုက်တော့ ရှောက်ချန်းကျယ်က သူ့လည်ပင်းက ဝင်ခွင့်ကတ်ပြားကို သူမ မြင်အောင် ထောင်ပြလိုက်သည်။ “ ဘာမေးစရာ ရှိလို့လဲ။ ”

“ ရှင် အရမ်း အားယားနေတာလား။ အခု ရှောက်မိသားစုမှာ ဒီလောက် ပွက်လောရိုက်နေတာကို ရှင်ကတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ ဒီမှာ ဒရိုင်ဘာတောင် လာလုပ်နေလိုက်သေးတယ် ၊ နေပါဦး .. ဒရိုင်ဘာအလုပ် တစ်မျိုးတည်းတင် မဟုတ်ဘူး။ ဒီပွဲအတွက် အကူဝန်ထမ်းပါ လုပ်နေတာပဲ။ ”

ရှောက်ချန်းကျယ်က သူမကို ခေါင်းညိတ်ပြလိုက်သည်။ “ အားတာမှ ရိုးရိုး အားနေတာ မဟုတ်ဘူး ၊ ပိုးစိုးပက်စက်ကို အားနေတာ။ ကိုယ် ကုမ္ပဏီကနေ နှင်ထုတ်ခံလိုက်ရလို့ အခုဆို အလုပ်မရှိတဲ့ တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ် ဖြစ်သွားပြီ။ ကိုယ့်မှာ အချိန်ဖြုန်းရုံက လွဲလို့ တခြား လုပ်စရာ မရှိတော့ဘူး။ ” သူက ထန်ယိချန်းထံမှ ဝင်ခွင့်ကတ်ပြားကို ယူပြီး သူမဆီသို့ လျှောက်သွားကာ လည်ပင်းမှာ ချိတ်ဆွဲပေးလိုက်သည်။ “ ကိုယ် မင်းကို အရှက်ရအောင် လုပ်မိသလို ဖြစ်သွားလား။ ”

ချန်ကျင်းလန် စိတ်ရှုပ်ထွေးသွားသည်။ “ ရှင် ဘာကို ပြောချင်တာလဲ။ ”

ရှောက်ချန်းကျယ်ရဲ့ လက်ဖျားလေးတွေက သူမရဲ့ လည်ပင်းကို နုနုရွရွ ပွတ်တိုက်သွားပြီး သူမရဲ့ ဝင်ခွင့်ကတ်ပြားကြိုးကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ပေးသည်။ “ ကိုယ်က အခု အလုပ်လက်မဲ့ ဖြစ်သွားတော့ မင်း ကိုယ့်ကို မင်းသူငယ်ချင်းတွေနဲ့တောင် မိတ်ဆက်မပေးချင်တော့ဘူးလေ။ ”

ထန်ယိချန်းက နှစ်မိတာ အကွာအဝေးကို နောက်ဆုတ်သွားလိုက်သည်။ သူ့ပါးစပ်ကနေ လွှတ်ခနဲ ထွက်သွားတော့မည့် စကားလုံးတွေကို မနည်း ထိန်းနေရသည်။ ရှောက်ချန်းကျယ်သာ ရှောက်ကော်ပိုရေးရှင်းက ထုတ်ပယ်ခံလိုက်ရပေမဲ့ သူ့မှာ ချင်းမြောင်လုပ်ငန်းစု ရှိသေးတယ် ဆိုတာကို ပြောချင်လွန်းလို့ ပါးစပ်ကို ယားနေ၏။ သူက ချင်းမြောင်လုပ်ငန်းစုရဲ့ စီအီးအို ဖြစ်နေဆဲ။ အဲ့ဒါနဲ့တောင် သူက အချိန်ပိုင်း ဒရိုင်ဘာအဖြစ် အယောင်ဆောင်နေခဲ့သည်။ ဘာတွေ ဘယ်လိုပဲဖြစ်ဖြစ် သူကတော့ ဘယ်တော့မှ အလုပ်လက်မဲ့ ဖြစ်မှာ မဟုတ်ပါ။ သနားချင်စရာကောင်းအောင် သရုပ်ဆောင်နေခြင်းက သူနှင့် လုံးဝ မလိုက်ဖက်။

ချန်ကျင်းလန် မျက်ခုံးပင့်လိုက်သည်။ “ ရှင်က ကျွန်မကို ရှင့်ကို ဘယ်လို မိတ်ဆက်ပေးစေချင်လို့လဲ။ ”

“ ကိုယ် မိတ်ဆက်ပေးစေချင်တဲ့အတိုင်း မိတ်ဆက်တာမျိုးမှ မဖြစ်သင့်တာ။ မင်း မိတ်ဆက်ပေးချင်သလို မိတ်ဆက်တာပဲ ဖြစ်သင့်တာပေါ့။ မင်းစိတ်တိုင်းကျ ကိုယ့်ကို မိတ်ဆက်ပေးလို့ ရပါတယ်။ ”

“ အကုန်လုံးကို ကျွန်မစိတ်တိုင်းကျ ဖြစ်ရမယ် ဆိုရင်လည်း ရှင် ဘာလို့ ကျွန်မကို နားငြီးအောင် လာလုပ်နေသေးလဲ။ ” ချန်ကျင်းလန်က သူမရဲ့ ဝင်ခွင့်ကတ်ပြားကို ဆတ်ခနဲ ပြန်ဆွဲယူပြီး အစည်းအဝေးခန်းမထဲကို လှည့်ဝင်ခဲ့လိုက်သည်။

ထန်ယိချင်းက ဘာကိုမှ မကြားလိုက်ပုံဖြင့် ဥက္ကဌချန်နောက်ကို အမြန် ကပ်လိုက်သွားလိုက်သည်။ ရှောက်ချန်းကျယ်ကတော့ တစ်ယောက်တည်း ပြုံးကာ သူတို့ နှစ်ယောက်ရဲ့ နောက်ကနေ အေးအေးဆေးဆေး လိုက်လာခဲ့လိုက်သည်။ သူ့ရဲ့ လက်မကတော့ သူမရဲ့ အနွေးဓာတ်နှင့် ကိုယ်သင်းနံ့တို့ ငြိတွယ်နေဆဲ ဖြစ်တဲ့ လက်ညိုးကို တို့ထိ‌ထားလျက်။

အစည်းအဝေးတက်ရောက်လာသူတွေက ဟိုတယ်နယ်ပယ်မှာ နေရာ တစ်ခု ရထားတဲ့ ဥက္ကဌတွေပဲ ဖြစ်ကာ ပွဲအစီအစဥ်အရ ချန်ကျင်းလန်က အရင်ဆုံး မိန့်ခွန်းပြောရမှာ ဖြစ်သည်။ သူမရဲ့ အကျင့်က ဇာတ်ညွှန်းကြည့်ပြီး ပြောတဲ့ တခြား လူတွေလို မဟုတ်ဘဲ စိတ်ထဲ ပေါ်လာတဲ့ စကားတွေကိုသာ ပြောတတ်သည်။

ဒူးခေါင်းလောက်ထိ ရှည်သည့် မီးခိုးရောင် စကတ်လေးကို ရိုးရိုးရှင်းရှင်း ဘလောက်စ်အဖြူလေးနှင့် တွဲဖက်ဝတ်ဆင်လျက် ကျော့ရှင်းသော လည်တိုင်အလှကို ပေါ်လွင်စေရန် ဆံပင်ကို အနည်းငယ် ထုံးဖွဲ့ပင့်တင်ထားသည်။ ပုလဲ တစ်လုံးတည်း နားကပ်လေးတွေက သူမရဲ့ နားရွက်ဖျားလေးတွေမှာ ဝင်းလဲ့တောက်ပနေပြီး ပုလဲလုံးတွေထက် သူမရဲ့ နားရွက်ဖျားလေးတွေက ပိုဖြူတာလား ၊ ပုလဲလုံးလေးတွေကပဲ ပိုဖြူတာလား ဆိုတာ ဝေခွဲရခက်ဖွယ်ပင်။

ချန်ကျင်းလန်က သက်သောင့်သက်သာရှိသော ကိုယ်ဟန်ဖြင့် ရပ်နေခဲ့ပြီး သူမရဲ့ အသံကလည်း နူးညံ့ကြည်လင်နေသည်။ သူမက ပရိသတ်တွေဆီကို တစ်ခါတရံ အကြည့်ဖြန့်ကျက်ရင်း လူ တစ်ယောက်ထံမှာ အကြည့်ရပ်သွားပြီးနောက် ဘာမှ မဟုတ်သလိုပင် ပြန်အကြည့်လွှဲပစ်လိုက်သည်။ နားရွက်ဖျားဖြူဖြူလေးတွေမှာ ရှက်ရွံ့မှု၏ သင်္ကေတ ဖြစ်သော အနီရောင် အရိပ်လေး ခပ်ပါးပါး စွန်းထင်းပြီးသောအခါ တဖြည်းဖြည်း ပြန်ပျောက်ကွယ်သွားလေသည်။

ရှောက်ချန်းကျယ်ကတော့ ထိုင်ခုံမှာ ပျင်းရိပျင်းတွဲ ထိုင်ရင်း စင်မြင့်ပေါ်က အမျိုးသမီး တစ်ယောက်တည်းကိုပဲ စူးစိုက် ကြည့်နေခဲ့သည်။ တစ်ချက် တစ်ချက် သူ့နှုတ်ခမ်းတွေကလည်း နှစ်ခြိုက်စွာ ပြုံးသွားတတ်သေးသည်။

ရှောက်ချန်းကျယ်ရဲ့ ဘေးမှာ ထိုင်နေတဲ့ ထန်ယိချန်းက သူ စိတ်ထင်တာ သက်သက်ပဲလားတော့ မသိသော်လည်း ဟောခန်းကျယ်ကြီးထဲမှာ မနာလိုစရာ အချစ်ရနံ့တွေ ပျံ့လွင့်နေသည်ဟု ခံစားရ၏။ ထိုခံစားချက်က ရည်းစားဟောင်းဆီက ဘလော့ခ်ခံထားရပြီး လတ်လတ်ဆတ်ဆတ် အသည်းကွဲနေတဲ့ သူ့ကို မနာလိုဖြစ်စေသည်။

အစည်းအဝေး ပြီးသွားတော့ ကော့တေးလ်ပါတီ ရောက်လာသည်။ မိန်းကလေးချန်ရဲ့ မူလ အနေအထားကပင် လူတွေရဲ့ စိတ်အာရုံကို ဆွဲဆောင်ထားပြီးဖြစ်ရာ ခုနတုန်းက အထင်ကြီးဖွယ် မိန့်ခွန်းနှင့် ပေါင်းစပ်လိုက်တော့ လူတွေက သူမကို စကားပြောဖို့ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်။

ချန်ကျင်းလန်က ဝိုင်ခွက်လေးကို ကိုင်ထားလျက် ပေါ့ပေါ့ပါးပါးပဲ စကားလက်ဆုံ ပြန်ပြောနေခဲ့ပြီး ထန်ယိချန်းကတော့ သူမနောက်ကို လိုက်ကာ နာမည်ကတ်တွေကို လိုက်သိမ်းရသည်။ ဘေးမှာ ရပ်နေတဲ့ ရှောက်ချန်းကျယ်က သူမလက်ထဲမှ ဝိုင်ခွက်ကို ယူပြီး ခွက်အသစ်နှင့် အစားထိုးပေးလိုက်ချိန်မှာ လူတွေရဲ့ စိတ်အာရုံက ရှောက်ချန်းကျယ်ဆီ ရောက်သွားကြလေသည်။

သူ့အပြုအမူတွေက ချန်ကျင်းလန်နှင့် အတော်လေး ရင်းနှီးနေတဲ့အပြင် ချောမောသော ရုပ်ရည် ၊ ထင်းထွက်နေတဲ့ အရှိန်အဝါတို့ကြောင့် လူတိုင်းဟာ မေးခွန်း တစ်ခုကို မမေးဘဲ မနေနိုင်တော့။ “ ဒါနဲ့ ခင်ဗျားက … ”

ရှောက်ချန်းကျယ်က ခပ်ယဲ့ယဲ့ ပြုံးရုံသာ ပြုံးပြီး ဘာမှ ပြန်မဖြေခဲ့ပါ။ ထန်ယိချန်းနှင့် ကျန်တဲ့ စူးစမ်းသူတွေက ချန်ကျင်းလန် ဘယ်လို ပြန်ဖြေမလဲ ဆိုတာကို နားစွင့်နေခဲ့ကြသည်။

ဝိုင်ခွက်အရိုးကို ကိုင်ထားတဲ့ ချန်ကျင်းလန်ရဲ့ လက်က ခဏတာ တုံ့ဆိုင်းသွားပြီးမှ “ ကျွန်မရဲ့ ချစ်သူပါ။ ” ဟု ပြန်ပြောလိုက်သည်။

ထန်ယိချန်း ကြက်သီးထသွား၏။ ပါတီမှာ ရှိနေတဲ့ လူတွေ အကုန်လုံး အံ့ဩသွားကာ တိုးတိုးကျိတ်ကျိတ် စကားသံတွေ ထွက်လာကြသည်။ ဟန်မဆောင်နိုင်လောက်အောင် မျက်နှာပျက်သွားကြတဲ့ အမျိုးသား တချို့လည်း ရှိရဲ့။ သူတို့က ချန်ကျင်းလန်နှင့် စကားစမြည်ပြောရင်း သူမရဲ့ အချစ်ကို ရယူနိုင်ဖို့ မျှော်လင့်ထားခဲ့သော်လည်း သူမမှာ ပိုင်ရှင်ရှိပြီးသား ဆိုတာ သိလိုက်ရသည်။ ကံမကောင်းစွာဖြင့် မိန်းမလှလေးရဲ့ နှလုံးသားထဲမှာ သက်ဆိုင်သူ ရှိနှင့်နေပါပြီ။

ရှောက်ချန်းကျယ်က ခပ်ယဲ့ယဲ့ ပြုံးနေဆဲ ဖြစ်ပြီး သူတို့ နှစ်ယောက် ပခုံးချင်း ထိကပ်သွားတဲ့အထိ မသိမသာ တိုးကပ်သွားလိုက်သည်။ သူကလည်း မီးခိုးရောင်ငြိမ်ငြိမ် ဝတ်စုံပြည့်ကို အောက်ကနေ ရှပ်အင်္ကျီအဖြူ ခံပြီး တွဲဝတ်ထားတာမို့ မရည်ရွယ်ထားဘဲ သူတို့ နှစ်ယောက်က စုံတွဲဝတ်စုံ ဆင်တူ ဝတ်လာသလို ဖြစ်သွားသည်။

မြင့်မားတဲ့ အရပ်အမောင်းကို ပိုင်ဆိုင်ထားတဲ့ လူရည်သန့် တစ်ယောက်ရယ် ၊ နူးညံ့သိမ်မွေ့တဲ့ မိန်းမလှလေး တစ်ယောက်ရယ် ယှဉ်တွဲရပ်လိုက်သောအခါ လူတိုင်းရဲ့ မျက်လုံးထဲမှာ အတွဲညီလွန်းသော စုံတွဲလေး တစ်တွဲ ဖြစ်သွား၏။ လူ တစ်ယောက်က သူတို့ကို လာမိတ်ဆက်ရင်း ရှောက်ချန်းကျယ်ကို လက်ဆွဲနှုတ်ဆက်သွားသည်။

ချန်ကျင်းလန် သူ့ကို တစ်ချက် ကြည့်လိုက်ပါသည်။ ဒီပွဲမှာ ရှိနေကြတဲ့ လူတိုင်း ‘ ရှောက်ချန်းကျယ် ’ ဆိုတဲ့ နာမည်ကို ရင်းနှီးပေမဲ့ သူက လူရှေ့ထွက်ပြတာ ရှားသောကြောင့် လူနည်းစုလောက်ပဲ သူ့မျက်နှာကို မြင်ဖူးသည်။ သူသာ ဒီပွဲမှာသာ သူ့ကို ရှောက်ချန်းကျယ်မှန်း သိသွားလျှင် အခုခေတ်ရဲ့ တစ်ခုခုဆို သတင်းပြန့်တာ မြန်ပုံနှင့်ဆိုလျှင် ချန်ကျင်းလန်ရဲ့ ကောင်လေးက ဘယ်သူလဲ ဆိုတာ နာရီပိုင်းအတွင်း လူတိုင်း သိသွားကာ ရုတ်ရုတ်သဲသဲတွေ ဖြစ်သွားလိမ့်မည်။

***

All Chapters